အပိုင်း၁၈၅
Viewers 32k

🍵Chapter 185



ထုံရွှယ်လူက နောက်တစ်နေ့အလုပ်သွားသောအခါ စားသောက်ဆိုင်မှသူများကို အချက်အပြုတ်ပြိုင်ပွဲတွင် သူမဝင်ပြိုင်မည့်အကြောင်းပြောပြလိုက်သည်။


“မန်နေဂျာထုံ ကျွန်မတို့ဆိုင်က တကယ်ဘဲ ပထမအဆင့်စားသောက်ဆိုင်ဖြစ်လာမှာလား”


ထို့အကြောင်းကိုသိသွားသောအခါ လူတိုင်း၏ပါးစပ်က အံ့ဩတကြီးဟသွားကြသည်။


ထုံရွှယ်လူက တည်ငြိမ်စွာ‌ပြန်ဖြေသည်။

“အချက်အပြုတ်ပြိုင်ပွဲမှာ ပထမရရင်တော့ သေချာပေါက် အဆင့်မြှင့်ခံရမှာပါ”


သူမအဖြေကိုကြားသောအခါ လူတိုင်းက ပိုစိတ်လှုပ်ရှားလာကြသည်။


“မန်နေဂျာထုံရဲ့ အချက်အပြုတ်စွမ်းရည်နဲ့ဆိုရင် ကျွန်မတို့က သေချာပေါက်ပထမဘဲ”


ကောင်းဝေ့ဖျင်ကလည်း ခေါင်းတရဆတ်ငြိမ့်လာသည်။

“ကျွန်တော်လည်း ထောက်ခံတယ်”


ကောင်းချွန်းယွီက စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာတောင်နီရဲလာသည်။

“မန်နေဂျာထုံ ကျွန်မတို့က နောက်တစ်ဆင့်ဘာလုပ်ရမှာလဲ”


ထုံရွှယ်လူက သူမကို အသိအမှတ်ပြုသည့်ပုံစံဖြင့် ကြည့်လိုက်သည်။


“နောက်တစ်ဆင့်ဘာလုပ်ရမလဲဆိုတော့ ကျွန်မရဲ့ အချက်အပြုတ်ကိုလေ့ကျင့်ရမှာ၊ အဲ့ဒါကြောင့် အခုကစပြီး စားသောက်ဆိုင်ကိစ္စကို အစ်မကောင်းတို့တွေကိုဘဲ ပိုဂရုစိုက်ခိုင်းရလိမ့်မယ်”


ကောင်းချွန်းယွီက ခေါင်းညိတ်သည်။

“အဲ့ဒါကတော့ ပြောစရာတောင်မလိုပါဘူး၊ မန်နေဂျာထုံ မစိုးရိမ်ပါနဲ့၊ စားသောက်ဆိုင်ကိစ္စကို ကျွန်မတို့တွေဘဲ ဂရုစိုက်ထားလိုက်မယ်၊ မန်နေဂျာထုံ စိတ်အနှောင့်အယှက်မဖြစ်စေရဘူး”


မုန့်ချင်းချင်းနှင့် ကောင်းဝေ့ဖျင်ကလည်း ခေါင်းညိတ်ထောက်ခံလာသည်။

“ဟုတ်ပါတယ် မန်နေဂျာထုံက ချက်ပြုတ်တာကိုဘဲ အာရုံစိုက်ထားလိုက်ပါ”


ထုံရွှယ်လူက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။


ထုံရွှယ်လူက ကောင်းဝေ့ဖျင်ကို ခေါ်ကာဈေးသွားဝယ်လိုက်ပြီးနောက် စားသောက်ဆိုင်သို့ ပြန်ရောက်သောအခါ အတွင်းရေးမှူးကျိုးက စာရွက်စာတမ်းတစ်ခုကိုကိုင်ပြီး ရောက်နေသည်ကို တွေ့လိုက်ရသည်။


“အတွင်းရေးမှူးကျိုး ဘာကိစ္စများရှိလို့ ရောက်လာတာလဲ”


အတွင်းရေးမှူးကျိုးက ထုံရွှယ်လူကိုမြင်သောအခါ ပြုံးပြလာသည်။

“ဝန်ကြီးလင်းက နင့်ဆီဒါလာပို့ခိုင်းလို့ပါ နင်အချက်အပြုတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရသွားပြီလို့ကြားတယ် ဂုဏ်ယူပါတယ်နော်”


ထုံရွှယ်လူက ပျော်ရွှင်စွာပြုံးလိုက်သည်။

“အကုန်လုံးအတွက် အတွင်းရေးမှူးကျိုးကိုဘဲ ကျေးဇူးတင်ရမှာပါ၊ မနေ့တုန်းကဆိုင်မှာ အမဲသားလုံးတွေလုပ်ထားတယ်၊ အတွင်းရေးမှူးကျိုး နည်းနည်းလောက်မြည်းကြည့်မလား”


အတွင်းရေးမှူးကျိုးက ပြုံးလိုက်သည်။

“အရသာရှိမယ့်ပုံဘဲ၊ အမှန်တော့ ကျွန်မမိသားစုက အိမ်ကို နည်းနည်းလောက် ပြန်ယူလာဖို့ပြောနေတာ”


ထုံရွှယ်လူက ကိုယ်တိုင်ကိုယ်ကျ အသားလုံးများကို အိတ်တစ်အိတ်အပြည့်ထည့်ပေးလိုက်သည်။ သူမက ဈေးနှုန်းကိုလည်း သေချာပေါက်လျှော့ပေးလိုက်သည်။


အိတ်ထဲမှ ပမာဏကိုမြင်သောအခါ အတွင်းရေးမှူးကျိုး၏အပြုံးက နက်ရှိုင်းသွားသည်။


အတွင်းရေးမှူးကျိုးပြန်သွားပြီးနောက်တွင် ထုံရွှယ်လူက သူမပေးခဲ့‌သည့် စာရွက်စာတမ်းများကို အသေးစိတ်ဖတ်ကြည့်လိုက်သည်။


ပြိုင်ပွဲက နောက်လလယ်တွင်ဖြစ်သည်။ ဆိုလိုသည်မှာ သူမဆီတွင် လေ့ကျင့်ချိန်နှစ်ပတ်ကျော်ရှိသေး၏။


ပြိုင်ပွဲဝင်ပြိုင်မည့် စားသောက်ဆိုင်၁၂ဆိုင်ရှိကာ ၎င်းတို့ထဲမှ သုံးဆိုင်သည် အဆင့်မြင့်သည်။

 

ထိုသုံးဆိုင်ကို ဖွင့်လှစ်ခဲ့သည်က ကာလတစ်ခုထိရှိပြီဖြစ်ကာ အစိုးရနှင့် ပုဂ္ဂလိကပါတီများ၏ ‌ပူးတွဲ‌လုပ်ဆောင်မှုများဖြစ်သည်။ ဥပမာဆိုရလျှင် ထိုသုံးဆိုင်ထဲမှ တစ်ခုမှ ကြယ်နီစားသောက်ဆိုင်ဖြစ်သည်။ ထိုဆိုင်သည် ပူးတွဲလုပ်ဆောင်မှုမစခင်ကတည်းက အလွန်ကျော်ကြားသောဆိုင်ဖြစ်ခဲ့သည်။ သူတို့၏ ထောပတ်ဂဏန်းကြော်နှင့် တို့ဟူးအချဉ်ဖောက်ဝက်သားဟင်းသည် အလွန့်အလွန်ကို လူသိများပေသည်။


ဤနှစ်များအတွင်းတွင် မိသားစုစားသောက်ဆိုင်က ပူးတွဲစားသောက်ဆိုင်ဖြစ်လာပြီး နောက်ပိုင်းတွင် ကြယ်နီစားသောက်ဆိုင်ဖြစ်လာခဲ့သည်။ သို့သော် ထိုနေရာမှစားဖိုမှူးများသည် မူလပိုင်ရှင်များ၏ မျိုးဆက်ဖြစ်နေသဖြင့် ချက်ပြုတ်နည်းများကို သေချာပေါက်ထိန်းသိမ်းထားနိုင်ခဲ့ပေသည်။


သူတို့က ထိုဟင်းလျာများကို အချိန်ပြည့်မချက်ပြုတ်သော်လည်း အခုတွင် ပြိုင်ပွဲဝင်မည်ဖြစ်ရာ သူတို့၏အကောင်းဆုံးဟင်းလျာများကို သေချာပေါက် ထုတ်ပြလိမ့်မည်။


အနှစ်ချုပ်ရလျှင် ဤပြိုင်ပွဲ၌ သန်မာသည့်ပြိုင်ပွဲဝင်များပါနေပြီး သူမအနိုင်ရရန်မှာ ရိုးရှင်းသောကိစ္စမဟုတ်ပေ။


မည်သို့ပင်ဖြစ်စေ သူမက ဝင်ပြိုင်ဖို့လျှောက်ထားပြီးပြီဖြစ်သဖြင့် သူမတတ်နိုင်သမျှ အကောင်းဆုံးလုပ်ရလိမ့်မည်။


ထုံရွှယ်လူက သူမ၏ပြိုင်ပွဲအတွက် အသေးစိတ် အစီအစဉ်ချနေချိန်တွင် တစ်ဖက်ရှိဝမ်ရူကွေ့ကလည်း အစိုးရစတိုးဆိုင်သို့ရောက်လာသည်။


သူက ဒီလိုနေရာမျိုးကို သိပ်မရောက်ဖူးသဖြင့် အတော်ကြာပတ်လျှောက်ပြီးမှ အမျိုးသမီးအဝတ်များရောင်းချသည့် နေရာသို့ရောက်လာခဲ့၏။


အရောင်းဝန်ထမ်းသည် ပုံမှန်အားဖြင့် အလွန်မောက်မာသော်လည်း ဝမ်ရူကွေ့ကိုမြင်သောအခါ ရှက်ပြုံးပြုံးပြလာ၏။

“ရဲဘော် ဘာကိုများအလိုရှိပါသလဲ”


ဝမ်ရူကွေ့ :“အမျိုးသမီးသုံး မာဖလာတွေရှိလား”


အရောင်းသမက အနည်းငယ်အံ့ဩသွားသည်။

“ရဲဘော်ရဲ့ အမေအတွက်လား”


ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လာသည်။

“မဟုတ်ပါဘူး ကျွန်တော့်ကောင်မလေးအတွက်ပါ”


အရောင်းသမ၏မျက်နှာပေါ်မှ ရှက်ပြုံးက တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားသည်။

“ဒီမှာ စောင့်ပေးပါ”


ထိုသို့ပြောပြီးနောက် သူမက မာဖလာများကိုထုတ်ပြလာသည်။ တစ်ခုက အနီရောင်ရဲရဲဖြစ်ကာ တစ်ခုကဖြူစွတ်နေ၏။


ဝမ်ရူကွေ့က ထိုနှစ်ခုကို အရောင်းသမအား ပေးလိုက်သည်။

“ဒီနှစ်ခုလုံး ယူမယ်”


အရောင်းသမက လျှို့ဝှက်စွာ သက်ပြင်းချလိုက်မိသည်။ တစ်ဖက်ကောင်မလေးက ဘယ်လိုလုပ်ပြီးများ ဒီလောက်တောင်ခန့်ညားပြီး ကြင်နာတဲ့ကောင်လေးမျိုးကို ပိုင်ဆိုင်ထားတာလဲ။ သူမကို အရမ်းမနာလိုဖြစ်မိတယ်။


‌ဖြောင့်မတ်သည့် ယောက်ျားက မာဖလာဝယ်ပြီးသောအခါ ချက်ချင်းထွက်သွားလေသည်။


ဝမ်ရူကွေ့က သူဝယ်လာပြီးချင်းချင်းမှာပင် ထုံရွှယ်လူဆီသွားပေးချင်လာ၏။


ထို့နောက် အမျိုးသမီးသမီးတစ်‌ယောက်က သူ့နောက်တွင်ရပ်နေကာ သူ့ကိုဝင်တိုက်လုနီးပါးဖြစ်သွားလေသည်။


သူဘာမှမပြောရသေးခင်မှာဘဲ ထိုအမျိုးသမီးက ပြုံးကာပြောလာ၏။

“မင်္ဂလာပါ ရဲဘော်ဝမ် တိုက်ဆိုင်လိုက်တာ ရှင်လည်းဈေးလာဝယ်တာလား”


ဝမ်ရူကွေ့က သူမကိုကြည့်ကာမေးလိုက်သည်။

“မင်းက ဘယ်သူလဲ”


စွင်းမန်ရို့က နောက်တစ်ကြိမ်ဆွံ့အသွားရသည်။

“ကျွန်မ စွင်းမန်ရို့ပါ၊ ရှင်တကယ်ဘဲ ကျွန်မကိုမမှတ်မိတာလား ရဲဘော်ဝမ်”


ဝမ်ရူကွေ့က ခေါင်းခါသည်။

“ဟင့်အင်း ကျွန်တော်မမှတ်မိဘူး၊ ကျွန်တော့်မှာလုပ်စရာလေးရှိသေးလို့ မင်းပြောချင်တာမရှိရင် သွားခွင့်ပြုပါဦး”


စွင်းမန်ရို့က အလျင်အမြန်ပြောလာသည်။

“ကျွန်မ ရှင် အရောင်းသမနဲ့ပြောနေတာကို ကြားလိုက်တယ်၊ ရှင်က ရဲဘော်ထုံဆီသွားမှာ ဟုတ်တယ်မလား၊ ကျွန်မက သူစားသောက်ဆိုင်မှာအလုပ်လုပ်နေတာလို့ ကြားထားတယ် အဲ့ဒါလေ သူ့ဆီမှာသွားစားကြည့်မလို့ ကျွန်မတို့ ဘာလို့အတူတူမသွားကြရမှာလဲ...”


ဝမ်ရူကွေ့က သူမကိုချက်ချင်းငြင်းဆန်လာသည်။

“မသွားဘူး၊ ပြီးတော့ ကျွန်တော်ခင်‌ဗျားကို ကျွန်တော့်ကောင်မလေးနဲ့ ဝေးဝေးမှာနေစေချင်တယ်၊ တစ်နေ့ညက ခင်ဗျားသူ့ကိုစကားပြောတဲ့ပုံစံကို ကျွန်တော်သဘောမကျဘူး”


ထိုသို့ပြောပြီးနောက် သူက သူမကိုရှင်းပြရန်အခွင့်အရေးလေးတောင်မပေးဘဲ ထွက်သွားလေသည်။


“……”


ဝမ်ရူကွေ့ ထွက်သွားသည်ကိုကြည့်ကာ စွင်းမန်ရို့မျက်နှာက နီတစ်လှည့် ဖြူတစ်လှည့်ဖြစ်လာတော့သည်။


🍵

ဝမ်ရူကွေ့က စတိုးဆိုင်မှထွက်လာပြီးနောက် စားသောက်ဆိုင်သို့ စက်ဘီးနင်းသွားလိုက်သည်။


သူ့ကိုမြင်သောအခါ ထုံရွှယ်လူကပြုံးလိုက်သည်။

“ဘယ်လိုဖြစ်လို့ ဒီလောက်အစောကြီးရောက်လာတာလဲ”


ဝမ်ရူကွေ့က သူမနားရောက်လာပြီး မာဖလာအိတ်ကိုထုတ်လိုက်သည်။

“ဒါတွေက မင်းအတွက်”


ထုံရွှယ်လူက အိတ်ကိုဖွင့်ကာ အထဲကိုကြည့်လိုက်သည်။ အထဲတွင် အနီရောင်နှင့် အဖြူရောင်မာဖလာနှစ်ထည်ရှိနေပြီး ကိုင်ရသည်မှာ အလွန်နွေးထွေး၏။


“နှစ်ခုလုံး ကျွန်မအတွက်လား၊ ရှင့်အတွက်တစ်ခုမယူဘူးလား”


ဝမ်ရူကွေ့က ညင်သာစွာခေါင်းခါပြသည်။


ထုံရွှယ်လူက မာဖလာများကို သေချာထပ်ကြည့်လိုက်သည်။ အဖြူရောင်တစ်ခုကအတော်လေးသာမာန်ဆန်ကာ ယောက်ျားရော၊မိန်းမများပါ ဝတ်နိုင်၏။

“ကျွန်မကအနီရောင်ယူမယ် ရှင်ကအဖြူရောင်ယူလိုက်”


ဝမ်ရူကွေ့ ငြင်းတော့မည့်အချိန်တွင် ထုံရွှယ်လူကလျင်မြန်စွာပြောလာ၏။

“နောက်ပိုင်းမှာ ကျွန်မတို့အပြင်သွားရင် ဒီမာဖလာနှစ်ခုကို အတူတူဝတ်ကြမယ်လေ၊ အဲ့ဒါကဘာကိုဆိုလိုလဲ ရှင်သိလား”


ဝမ်ရူကွေ့ : “ကိုယ်မသိဘူး၊ ဘာအဓိပ္ပါယ်လဲ”


“စုံတွဲပစ္စည်းပေါ့၊ ကျွန်မတို့က မာဖလာအတူတူဝတ်ထားတော့ အခြားလူတွေက ကျွန်မတို့နှစ်ယောက်ကို ချစ်သူတွေဆိုပြီး တန်းသိလိမ့်မယ်”


ဝမ်ရူကွေ့က ထိုသို့သောစကားမျိုးကို ပထမဆုံးကြားဖူးခြင်းဖြစ်သည်။


သူကခေါင်းထဲတွင် ပုံဖော်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က လမ်းပေါ်တွင်အတူလမ်းလျှောက်နေပြီး သူမကမာဖလာအနီရောင်ပတ်ကာ သူကအဖြူရောင်ပတ်ထား၏။ မာဖလာနှစ်ခုက တစ်ထပ်တည်းတူနေရာ သူတို့နှစ်ယောက်ကလည်း ချစ်သူနှစ်ယောက်ပုံစံဖြစ်နေလိမ့်မည်။


ဝမ်ရူကွေ့၏နှုတ်ခမ်းများက အနည်းငယ်ကွေးတက်သွားသည်။

“ကောင်းပါပြီ”


စုံတွဲပစ္စည်း။။


ဒီစကားလုံးကို သူသဘောကျတယ်။


🍵

စွင်းမန်ရို့က ပုံနှိပ်တိုက်သို့ ပြန်လာခဲ့သည်။ သူမကပြန်တွေးကြည့်လေလေ ပိုဒေါသထွက်လာလေပင်ဖြစ်သည်။


သူမက ဘယ်နေရာတွင်မဆို ထုံရွှယ်လူထက် အများကြီးသာ၏။ ဝမ်ရူကွေ့က သူမအပေါ်တွင် ဘာလို့စိတ်မဝင်စားတာလဲဆိုသည်ကို နားမလည်တော့ပေ။


ဝမ်ရူကွေ့ကိုယ်တိုင်ကိုက ရူးနေတာ။သူ့မိသားစုနောက်ခံနဲ့ဆို စစ်တပ်ထဲဝင်သင့်တာလေ။ ဘာလို့ သုတေသီဖြစ်လာတာလဲ။


အကယ်၍သူသာ သူမနှင့်တွဲပါက သူ့ကို သုတေသီအလုပ်မှထွက်ပြီး စစ်ထဲဝင်ခိုင်းမှာဖြစ်သည်။


ဝမ်မိသားစု၏ အဆင့်အတန်း၊ အဆက်အသွယ်များနှင့်ဆိုလျှင် သူဗိုလ်မှူးဖြစ်လာရန် အချိန်တစ်ခုသာလို၏။ ထိုသို့ဆိုလျှင် သူမလည်း ဗိုလ်မှူးမိန်းမဖြစ်လာလိမ့်မည်။


ထို့ကြောင့် သူမက ဝမ်ရူကွေ့ကို လုံးဝလက်မလျှော့နိုင်ပေ။


သူမက ခနတွေးလိုက်ပြီးနောက် ဖုန်းကိုယူကာ စစ်တပ်သို့ဖုန်းခေါ်လိုက်သည်။

“မင်္ဂလာပါ ကျွန်မ ဗိုလ်မှူးရှောင်းနဲ့ စကားပြောချင်လို့ပါ”


“ဗိုလ်မှူးရှောင်းက အခုဒီမှာမရှိပါဘူး ဘယ်သူလဲခင်ဗျ”


စွင်းမန်ရို့က အံ့ဩသွားသည်။

“‌ဗိုလ်မှူးရှောင်းက ကျွန်မအဖိုးပါ၊ အဖိုးက အဲ့ဒီမှာမရှိဘူးဆိုတော့ မြို့တော်ကိုလာနေတာလား”


ဖုန်းတစ်ဖက်မှသူက ပြန်‌ဖြေသည်။

“ဗိုလ်မှူးရှောင်းက ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ထွက်သွားတာပါ၊ ဗိုလ်မှူးဘယ်သွားလဲဆိုတာ ကျွန်တော်တို့မသိပါဘူး”


စွင်းမန်ရို့က ဖုန်းချကာ မျက်မှောက်ကြုတ်လိုက်သည်။


မွေးစားအဖိုးက မြို့တော်ကိုလာနေတာလား သူမသိချင်မိသည်။ အခုတွင်မူ သူမက ‌‌မွေးစားအဖိုးဘယ်သွားသည်ကို နည်းနည်းလေးတောင်မသိလိုက်ရပေ။


အခုတစ်လောတွင် သူမက အလွန်ကံဆိုးနေ၏။ နေရာတိုင်းတွင် ကံဆိုးနေပေသည်။


ထိုသို့‌တွေးမိသောအခါ စွင်းမန်ရို့၏မျက်နှာက မဲမှောင်သွားသည်။


ဤအချိန်တွင် ဗိုလ်မှူးရှောင်းက ပေဟယ်သို့သွားသည့် ရထားပေါ်တွင်ရှိနေသည်။


သူက အိတ်ကပ်ထဲမှ ဓာတ်ပုံကိုထုတ်ကြည့်လိုက်သည်။ ဓာတ်ပုံက ဝါညစ်နေရာ အသိအသာပင် အတော်လေးအိုဟောင်းနေပြီဖြစ်သည်။


ပုံက မရှင်းလင်းတော့သော်လည်း အမျိုးသမီးတစ်ယောက်၏ပုံဖြစ်ကြောင်း ပြောနိုင်၏။


ဓာတ်ပုံထဲမှ အမျိုးသမီးကိုကြည့်ပြီး ဗိုလ်မှူးရှောင်းက ချစ်မြတ်နိုးစွာ ပြော၏။


“မန်ကျစ်ရေ ဒီလောက်နှစ်တွေအများကြီးကြာသွားပြီးမှ မင်းနဲ့ကိုယ့်မှာ ကလေးတစ်ယောက်ရှိမှန်းသိခဲ့ရတယ်၊ မင်းကိုယ့်ကို အပြစ်များတင်နေမလား...”


🍵


လဝက်နီးပါးပျောက်သွားသည့် ဖန်ကျင်းယွမ်က နောက်ဆုံးတွင် စားသောက်ဆိုင်သို့ နေ့လယ်စာစားရန်ရောက်လာခဲ့၏။


“ရွှယ်လူရေ ငါ့အတွက် မာလာ့ထန်တစ်ပွဲလောက် မြန်မြန်လုပ်ပေးနော်၊ ပြီးတော့ အမဲလုံးတုတ်ထိုး နှစ်ချောင်း မဟုတ်ဘူး...သုံးချောင်းလိုချင်တယ်”


ထုံရွှယ်လူက သူမရှေ့တွင် လက်ဖြန့်လိုက်သည်။

“ပိုက်ဆံနဲ့ လက်မှတ်တွေပေး”


ဖန်ကျင်းယွမ်က နှုတ်ခမ်းစူလိုက်သည်။

“နင်ကဘာလို့ ကပ်စေးနှဲနေတာလဲ၊ ငါက ပိုက်ဆံမပေးဘူးလို့ မပြောမိပါဘူးနော်”


ထိုသို့ပြောရင်းဖြင့် သူမအိတ်ကပ်ထဲမှ ပိုက်ဆံနှင့် လက်မှတ်များကို ထုတ်လိုက်သည်။ ထုံရွှယ်လူက ယူကာ မုန့်ချင်းချင်းလက်ထဲ လွှဲပေးလိုက်သည်။


ဖန်ကျင်းယွမ်က သူမကိုလက်ယပ်ခေါ်လာသည်။

“ဒီကိုလာဦး ငါနင့်ကိုပြောပြချင်တာရှိတယ်”


ထုံရွှယ်လူက သူမဘေးတွင်ထိုင်လိုက်သည်။

“ဘာကိစ္စလဲ”


ဖန်ကျင်းယွမ်က အလွန်လျှို့ဝှက်သည့် ပုံစံဖြင့် အနားတွင် လူရှိ၊မရှိကြည့်ပြီးမှ အသံတိုးတိုးဖြင့်ပြောပြလာသည်။

“ငါ့အစ်ကိုကြီးကလေ နင့်အပေါ်ခံစားချက်တွေရှိနေသေးတယ်လို့ ငါထင်တယ်”


ထုံရွှယ်လူက မျက်ဆံလှန်လိုက်သည်။

“ငါမျက်စိကန်းနေတုန်းက သူငါ့ကိုဘယ်တုန်းကများ ပြန်ကြည့်ပေးလို့လဲ”


ဖန်ကျင်းယွမ်က သူမပြောသည်ကို တွေးကြည့်လိုက်သည်။

“နင်ပြောတာ ဟုတ်တယ်၊ သူကအခုမှ ဘာထဖြစ်တာလဲ၊ နင်သူ့ကိုသဘောကျနေတုန်းကကျ သူကနင့်ကို ဂရုမစိုက်ဘူးလေ အခုနင်ကောင်လေးရသွားမှ သူက နင့်ကိုပြန်လိုချင်နေတာလား”


“အရင်တစ်ခါ သူအိမ်ထောင်ဖက်သွားတွေ့တုန်းကလည်း တစ်ဖက်ကမိန်းကလေးက နင့်လောက်တောင်မလှဘူးလို့ပြောသေးတယ်၊ ပြီးတော့ နင့်နှလုံးသားက ဘာလို့မြန်မြန်ပြောင်းလဲသွားတာလဲလို့ ငါ့ကိုလာမေးသေးတယ်၊ သူနေမကောင်းဖြစ်တော့လဲ အိပ်မက်ယောင်ရင်း နင့်နာမည်ကိုခေါ်နေတာ”


ထုံရွှယ်လူက ပုခုံးတွန့်လိုက်သည်။

“နင့်အစ်ကိုက ပြသနာရှိနေတာ၊ အနာဂတ်မှ သူ့အကြောင်းကို ငါ့ရှေ့မှာမပြောနဲ့တော့ အဲ့ဒါကရွံဖို့ကောင်းတယ်”