🍵Chapter 186
ဒီနေရာမှာ ဖော်ထုတ်စရာတွေ အများကြီးရှိနေသေးတာဘဲ။
ဖန်ကျင်းယွမ်က သက်ပြင်းချလိုက်သည်။
“နင်ပြောတာဟုတ်တယ်၊ ငါ့အစ်ကိုကြီးအတွက် ခံစားဖို့က ခက်ခဲတာကို ငါသိပါတယ်၊ ဒါနဲ့ နောက်ဆုံးမှာတော့ အာလူးကောင်က ငါနဲ့သူနဲ့က မလိုက်ဖက်ဘူးဆိုပြီး ငါ့အမေကိုပြောလိုက်ပြီ ငါဘယ်လိုလုပ်လိုက်လဲနင်သိလား”
“ဘယ်လိုလုပ်လိုက်လို့လဲ”
ဖန်ကျင်းယွမ်က အသံထပ်တိုးလိုက်သည်။
“ငါသူနဲ့ သွားမတွေ့ခင်မှာ တမင်သက်သက် ဝဥတွေအများကြီးစားလိုက်တာ၊ ငါတို့တွေ့ပြီး သိပ်မကြာဘူး ငါလေလည်ပါရော၊ နင်ပြောကြည့် ငါတော်လား၊မတော်ဘူးလား”
ထုံရွှယ်လူ “……” အမ်းး။သိပ်တော့မဟုတ်ဘူး။
သို့သော်ငြား ဖန်ကျင်းယွမ်ကမူ သူမကိုယ်သူမ အလွန်ဂုဏ်ယူနေ၏။
“အဲ့ဒါက အကြံကောင်းဘဲ၊ နောက်ပိုင်းမှာ ငါမကြိုက်တဲ့သူနဲ့ ထပ်ပြီးအိမ်ထောင်ဖက်တွေ့ရရင် ဒီနည်းကိုဘဲသုံးတော့မယ်”
ထုံရွှယ်လူက ဘာမှမပြောပေ။
“ဧည့်ခံပွဲမှာ ကိုယ့်ကိုကိုယ်အရှက်ကွဲအောင် လုပ်မိသွားတဲ့ ရဲဘော်စွင်းကရောဘယ်လိုလဲ၊ အခုသူမအခြေအနေကောင်းသွားပြီလား”
စွင်းမန်ရို့နာမည်ကိုကြားသောအခါ ဖန်ကျင်းယွမ်က အော်ရယ်လာသည်။
“အခုဆိုရင် သူမက အရမ်းလူသိများနေပြီ၊ ငါတို့အုပ်စုထဲကသူတွေဆို သူမအကြောင်းပြောမိတိုင်း ရယ်ချင်နေတုန်း၊ အစတုန်းက သူမကိုလိုက်ချင်တဲ့ကောင်လေးတွေ အများကြီးရှိပေမယ့် အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ လက်လျှော့လိုက်ကြပြီလို့ကြားတယ် ..."
ထုံရွှယ်လူ:“ ငါတစ်ခုနားမလည်ဘူး၊ သူမက နင်တို့ဌာနကမဟုတ်ဘူးလေ ဘယ်လိုဖြစ်ပြီး စင်ပေါ်ကို ပထမဆုံးတက်ခွင့်ရသွားတာလဲ”
ဖန်ကျင်းယွမ်က နှုတ်ခမ်းစူကာ ပြောပြလာသည်။
“အဲ့ဒါက သူ့မွေးစားအဖိုးကြောင့်လေ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“မွေးစားအဖိုးတဲ့လား ဘယ်သူလဲ အရမ်းရာထူးမြင့်တာလား”
ဖန်ကျင်းယွမ်က ခေါင်းညိတ်သည်။
“အမှန်ဘဲ သူ့မွေးစားအဖိုးက အနောက်မြောက်ဘက်ခရိုင်ရဲ့ ဗိုလ်မှူးလေ၊ စွင်းမျိုးနွယ်က သူ့မွေးစားမြေးဘဲဆိုရင်တောင်မှ ဗိုလ်မှူးရှောင်းက သူ့တစ်သက်လုံးမှာ လက်မထပ်ခဲ့ဘူး၊ အဲ့ဒါကြောင့် စွင်းမျိုးနွယ်ရဲ့အဆင့်အတန်းက အရမ်းမြင့်နေတာ”
ထုံရွှယ်လူက ခေါင်းညိတ်ကာ ဘာမှပြန်မပြောလိုက်ပေ။
သူမရဲ့ကောင်လေးကို ပွင့်ပွင့်လင်းလင်းလုယူချင်နေတာ မအံ့ဩတော့ပါဘူး ၊ နောက်ခံရှိနေတာဘဲ။
ပြောရလျှင် တစ်ခုခုယုတ်မာသည်ကို လုပ်ရာတွင် သူမက အခြားသူများထက် ပိုကောင်းကောင်းလုပ်နိုင်၏။ သို့သော် သူမက သူတို့အားလုံးကို ကော်ဇောအောက် လှည်းထည့်နိုင်မည်မဟုတ်ပေ။
ဖန်ကျင်းယွမ်က နေ့လယ်စာစားပြီး ပြန်သွားသည်။
နေ့လယ်ခင်းတွင် ထုံရွှယ်လူက အချက်အပြုတ်ကိုလေ့ကျင့်နေလိုက်သည်။ ညမှောင်၍ သူမအိမ်သို့ပြန်ရောက်ပြီး အိမ်ထဲဝင်ဝင်ချင်းမှာပင် ထုံကျားရှင်း၏အသံကိုကြားလိုက်ရသည်။
“လမုန့်လေး ဒီမှာအီးပါသေးပေါက်လုပ်လို့မရဘူး အပြင်ဘက်မှာသွားလုပ်ရမှာ မင်းဒီလိုမျိုးဆက်လုပ်နေရင် အစာမကျွေးတော့ဘူးနော်”
လမုန့်လေးက တအီအီအော်လာ၏။ သူ့နားရွက်များက ကုတ်ကျနေရာ သနားစရာကောင်းနေပေသည်။
လမုန့်လေး၏ပုံစံကိုတွေ့သောအခါ ထုံမျန်မျန်က လမုန့်လေးကိုဖက်လိုက်ပြီး ပြောလာသည်။
“တတိယအစ်ကို လမုန့်လေးကိုမဆူပါနဲ့ သူကအခုမှငယ်ငယ်လေးရှိသေးတာ”
ထုံကျားရှင်း :“မငယ်တော့ဘူး မမကြီးပြောတာတော့ ခွေးတွေရဲ့အသက်က လူနဲ့မတူဘူးတဲ့၊ အခုဆိုရင် လမုန့်လေးက ငါနဲ့ အသက်တူတူလောက်ရှိနေပြီ”
ထုံမျန်မျန်က မော့ကြည့်ကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးပြောလာသည်။
“ဒါပေမယ့် တတိယအစ်ကိုလဲ စာမေးပွဲမှာစာခိုးချနေတုန်းဘဲလေ၊ ပြီးတော့ မမကြီးကို တစ်ချိန်လုံးစိတ်ဆိုးအောင်လုပ်နေတာ၊ အစ်ကိုက လမုန့်လေးထက်တောင် ခွေးနဲ့ပိုတူသေးတယ်”
ထုံကျားရှင်း“……”
ထိုစကားကိုကြားသောအခါ ထုံရွှယ်လူကမထိန်းနိုင်ဘဲ ရယ်ချလိုက်သည်။
ထုံမျန်မျန်က သူ့မမကြီးကိုတွေ့သောအခါ ချက်ချင်းပင် လမုန့်လေးကိုအောက်ချပြီး သူမဆီပြေးလာ၏။
“မမကြီး ပြန်ရောက်လာပြီ မျန်မျန်က မမကြီးကိုအရမ်းလွမ်းနေတာ”
ထုံရွှယ်လူက ပေါက်စီလုံးလေးကို ဖက်ကာ ခေါင်းပွတ်ပေးလိုက်သည်။
“ညစာစားပြီးပြီလား”
ထုံမျန်မျန်က မြေကြီးပေါ်မှဆန်စေ့ကောက်နေသော ကြက်လေးလို ခေါင်းညိတ်ပြသည်။
“စားပြီးပြီ တတိယအစ်ကိုချက်တာ၊ မမကြီး ဟင်းတူတူကိုတောင်မှ တတိယအကိုချက်ပေးရင် ဘာလို့အရသာက အရမ်းဆိုးဝါးနေတာလဲ”
ထုံကျားရှင်း “……”
ထုံရွှယ်လူက အထင်သေးခံလိုက်ရသည့် ထုံကျားရှင်းကိုကြည့်လိုက်ပြီးမှ ဧည့်ခန်းထဲတစ်ချက်ကြည့်လိုက်သည်။
“နင်တို့ရဲ့ ဒုတိယအစ်ကိုရော ဘယ်မှာလဲ စာလုပ်နေတာလား”
ထုံမျန်မျန်က ခေါင်းခါပြသည်။
“ဒုတိယအစ်ကိုက ပင်ပန်းတယ်ဆိုပြီး အိပ်ရာဝင်သွားပြီ”
ဒီအချိန်ကြီး အိပ်သွားတာလား။
ထိုစကားကိုကြားသောအခါ ထုံရွှယ်လူရင်ထဲ ထူးဆန်းသလိုခံစားမိသွားသည်။
အခုမှညရှစ်နာရီတောင်မထိုးသေးရာ အစောကြီးအိပ်ရာဝင်သည်မှာ ထုံကျားမင်၏ပုံစံမဟုတ်ပေ။
အထူးသဖြင့် ထုံကျားမင်က ပုံမှန်ဆိုလျှင် သူမအိမ်မပြန်ရောက်ခင်အထိ သူ့ညီနှင့်ညီမကို နှစ်ယောက်တည်းလွှတ်ထားမပေးတတ်ပေ။ထို့အပြင် ဤအချိန်ဆိုလျှင် သူက စာလုပ်နေမှာဖြစ်သည်။
တစ်ခုခုတော့လွဲနေပြီဟု ခံစားမိသဖြင့် သူမက လွယ်အိတ်ကိုချကာ ထုံကျားမင်ဆီသွားလိုက်သည်။
အခန်းထဲတွင် မီးမထွန်းထားသဖြင့် ကိုယ့်လက်ကိုယ်တောင် ပြန်မမြင်ရပေ။ ထုံကျားမင်၏အသက်ရှူသံက ပြင်းနေကာ အမှောင်ခန်းထဲတွင် အလွန်သိသာနေ၏။
ထုံရွှယ်လူက မီးဖွင့်ကာ အိပ်ရာနားသွားလိုက်သည်။
“ဘာဖြစ်တာလဲ ကျားမင်”
ထုံကျားမင်က နံရံဘက်လှည့်အိပ်နေကာ ထုံရွှယ်လူအကြိမ်အနည်းငယ်လောက်ခေါ်နှိုးမှ နိုးလာသည်။
“မမကြီး ကျွန်တော် ....အဟွတ်..အဟွတ်...ကျွန်တော်ဘာမှမဖြစ်ပါဘူး”
သူ့အသံက အက်ကွဲနေကာ စကားပြောရခက်နေသည့်ပုံပေါ်၏။
ဘာကိုအဆင်ပြေတယ်လို့ ပြောနေတာလဲ။
“ဒီဘက်လှည့်လိုက်၊ နင်ဖျားနေတာလားဆိုတာကို စစ်ကြည့်မလို့”
ထုံကျားမင်က ခနရပ်သွားပြီးမှ ဖြေးဖြေးချင်းလှည့်လာသည်။
“ကျွန်တော်ဘာမှမဖြစ်ပါဘူး ဒီအတိုင်းခေါင်းနည်းနည်းကိုက်ပြီး ပင်ပန်းသလိုဖြစ်နေလို့ပါ”
သူလှည့်လာပြီးနောက် ထုံရွှယ်လူကသေချာကြည့်ကြည့်လိုက်သောအခါ ထိတ်လန့်သွားသည်။
သူ့မျက်နှာပေါ်တွင် အနီစက်များရှိနေ၏။ အင်ပျဉ်ထတာ၊သို့မဟုတ် ဓာတ်မတည့်သည့်ပုံစံမျိုးနှင့်တူနေသည်။
ထုံရွှယ်လူက ကြက်သေသေသွားသည်။
“ဒါတွေဘယ်အချိန်ကစဖြစ်တာလဲ”
ထုံကျားမင်က ပြန်တွေးကြည့်လိုက်သည်။
“မနေ့ကစပြီး ခေါင်းကိုက်လာတာ၊ ကျွန်တော်က ဒီအတိုင်းအအေးမိတယ်ဘဲ ထင်လိုက်တာ”
သူ့မျက်နှာကိုကြည့်ကာ သူမက ခံစားချက်မကောင်းဖြစ်လာသည်။
ဤအချိန်တွင် ထုံကျားရှင်းနှင့် ထုံမျန်မျန်တို့က အထဲဝင်လာလေသည်။
ထုံရွှယ်လူက သူတို့ကိုချက်ချင်းတားလိုက်သည်။
“အထဲမဝင်လာနဲ့ ကျားရှင်း မျန်မျန်ကိုငါ့အခန်းထဲခေါ်သွား ထွက်လာဖို့မပြောမချင်း မထွက်လာနဲ့”
ထုံကျားရှင်းရော ထုံမျန်မျန်ပါ ကြက်သေသေသွား၏။
ဒီတစ်ကြိမ်သည် ထုံမျန်မျန်အတွက် သူ့မမကြီးက သူ့ကိုခက်ထန်စွာပြောလာသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ၎င်းက သူမကိုမျက်ရည်ဝဲသွားစေသည်။
“မမကြီး မျန်မျန်ကလိမ္မာတဲ့ကလေးပါ မျန်မျန့်ကို မဆူပါနဲ့”
ထိုအခါမှသာ ထုံရွှယ်လူက သူမလေသံမာသွားသည်ကို သတိထားမိသွားသည်။
“မမကြီးက ဆူနေတာမဟုတ်ပါဘူး၊ ဒုတိယအစ်ကိုက နေမကောင်းဖြစ်နေလို့ မျန်မျန့်ကို အဖျားမကူးစေချင်လို့ပါ၊ ကျားရှင်း မျန်မျန်ကို မြန်မြန်ခေါ်သွားလိုက်၊ ပြီးတော့ နင့်ဒုတိယအစ်ကို ထိထားတဲ့ဟာတွေကို လုံးဝမထိနဲ့နော် အထူးသဖြင့် သူ့ရေဘူးနဲ့ ဖန်ခွက်တွေ”
ထုံကျားရှင်းက အနည်းငယ်ဖြူဖျော့သွားသည်။ သူသတိဝင်ရန် အချိန်အနည်းငယ်ယူလိုက်ရ၏။
“မျန်မျန်ကို အခုဘဲခေါ်သွားလိုက်မယ်၊ ဒုတိယအစ်ကိုက အဆင်ပြေမယ်မလားဟင်”
“သူအဆင်ပြေသွားမှာပါ၊ မြန်မြန်သွား အခု အစ်မကနင့်အစ်ကိုကို ဆေးရုံခေါ်သွားလိုက်ဦးမယ်”
သူမက ထုံကျားမင်သည် ရေကျောက်ဖြစ်နေသည်ဟု ထင်မိသည်။ ၎င်းက ပြင်းထန်သည့်ရောဂါမဟုတ်သော်လည်း ကူးစက်နိုင်စွမ်းအလွန်မြင့်ပေသည်။ အကယ်၍ မောင်နှမသုံးယောက်လုံးသာ တစ်ချိန်တည်းရောဂါကူးသွားပါက သူမလည်း သုံးယောက်လုံးကို ဂရုစိုက်ပေးနေရ၍ အမောဆို့သေသွားနိုင်သည်။
ထုံကျားရှင်းက မျက်ရည်ဝဲနေသော ထုံမျန်မျန်ကိုချီကာ အရှေ့ဘက်အစွန်ဆုံးအခန်းဆီသို့ သွားလိုက်သည်
သူတို့နှစ်ယောက် အခန်းထဲဝင်သွားသောအခါ ထုံရွှယ်လူက ထုံကျားမင်ကိုပြောလိုက်သည်။
“ဒီမှာခနစောင့်နေ အစ်မ အဖွားရှန်ကို အကျိုးအကြောင်းသွားပြောပြလိုက်ဦးမယ်”
ထုံကျားမင်၏ခေါင်းက အတော်လေးနာကျင်နေကာ ဗိုက်ထဲတွင်လည်း မအီမသာဖြစ်နေ၏။သူက ချည့်နဲ့စွာငြီးငြူလိုက်သည်။
ထုံရွှယ်လူက တံခါးပိတ်ကာ ဝေ့အိမ်သို့ အမြန်ပြေးသွားလိုက်သည်။
ရှန်ဝမ်ရုန်နှင့် ဝေ့ကျီကောင်းတို့က ထုံရွှယ်လူတစ်ယောက် တံခါးကိုအလောတကြီးခေါက်ပြီး ဖြူဖျော့နေသောမျက်နှာနှင့်ရပ်နေသည်ကိုမြင်သောအခါ စိုးရိမ်တကြီးမေးမြန်းလာကြသည်။
“ရွှယ်လူဘာဖြစ်တာလဲ တစ်ခုခုဖြစ်သွားလို့လား”
ထုံရွှယ်လူ :“အဖွားရှန်၊ အဖိုးဝေ့ ကျားမင်က နေမကောင်းဖြစ်နေလို့ ကျွန်မကတော့ သူရေကျောက်ပေါက်နေတယ်လို့ထင်မိတယ်”
ရှန်ဝမ်ရုန်ရော ဝေ့ကျီကောင်းပါ အနည်းငယ် ထိတ်လန့်သွားကြသည်။
“ကျားမင်က အဖျားလည်းတက်နေတော့ ကျွန်မသူ့ကိုဆေးရုံခေါ်သွားမလို့၊ အဲ့ဒါ အဖွားရှန်ကို ကျားရှင်းနဲ့ မျန်မျန်ကိုခနလောက်ကြည့်ထားပေးဖို့ လာတောင်းဆိုတာပါ”
ရှန်ဝမ်ရုန်:“ အဲ့ဒါက ဘာမှကြီးကြီးမားမားမဟုတ်ပါဘူး၊ ငါအခုဘဲ သူတို့နှစ်ယောက်ကို သွားခေါ်လိုက်မယ်၊ ကျူးကျူးရဲ့အဖိုး ရှင်ရွှယ်လူနဲ့အတူ ဆေးရုံကိုလိုက်သွားပေးလိုက်ပါလား”
ဝေ့ကျီကောင်းက ဘာမှမပြောနိုင်သေးခင်မှာပင် ထုံရွှယ်လူက ငြင်းဆန်လာ၏။
“အဖွားရှန် ကျားရှင်းနဲ့ မျန်မျန်က ကျားမင်နဲ့ အနီးကပ်ထိတွေ့ထားတော့ သူတို့ကိုပါကူးသွားပြီလားဆိုတာ မသိနိုင်ဘူး သူတို့ကို ဒီကိုမခေါ်လိုက်တာက ပိုကောင်းမယ်”
“အဖွားရှန် အရင်တုန်းက ရေကျောက်ပေါက်ဖူးလားမပေါက်ဖူးရင် အဖွားလည်းမသွားသင့်ဘူး”
ထိုသို့ပြောပြီးနောက် ထုံရွှယ်လူက ပထမဆုံးအကြိမ်အဖြစ် အကူအညီမဲ့မှုကို ခံစားမိသွားသည်။
သူမက ဒီနေရာသို့ပြောင်းလာကတည်းက ဝေ့မိသားစုကိုအကြိမ်ပေါင်းများစွာ အကူအညီတောင်းနေခဲ့ရသည်။ သို့သော် သူမတွင်လည်း ရွေးချယ်စရာမရှိပေ။
မောင်နှမများက ငယ်သေးကာ တစ်ခုခုဖြစ်ပါက သူမကိုလက်တစ်စုံကမ်းပေးနိုင်သောသူမရှိပေ။
ရှန်ဝမ်ရုန်:“ စိတ်မပူနဲ့ ငါကလေးတုန်းက ရေကျောက်ပေါက်ဖူးတယ်၊ ရွှယ်လူ နင်ရောပေါက်ဖူးရဲ့လား”
ထုံရွှယ်လူက ခေါင်းညိတ်သည်။
“ပေါက်ဖူးပါတယ်”
အမှန်တိုင်းပြောရလျှင် ရေကျောက်တစ်ခါပေါက်ဖူးလျှင်တောင်မှ နောက်တစ်ခေါက်ထပ်ပေါက်နိုင်ပေသည်။ ဖြစ်နိုင်ချေက နည်းနေရုံသာဖြစ်သည်။
သို့သော် အခုချိန်တွင် သူမက ထုံကျားမင်ကို ဂရုမစိုက်ဘဲနေလို့မရပေ။
ရှန်ဝမ်ရုန်က သူ့ယောက်ျားကို လှည့်ကြည့်လိုက်သည်။
“အဲ့လိုဆိုရင် ရှင်က ကျူးကျူးနဲ့ ဒီမှာနေခဲ့လိုက်၊ ကျွန်မက ကလေးနှစ်ယောက်ဆီသွားလိုက်မယ်”
ဝေ့ကျီကောင်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီလေ မင်းသွားလိုက်၊ ရွှယ်လူရေ ဆေးရုံသွားတဲ့လမ်းမှာ ဂရုစိုက်ဦးနော်”
ထုံရွှယ်လူက ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ်နော် အဖိုးဝေ့နဲ့ အဖွားရှန်”
“အိုကွယ် မလိုပါဘူး အခုချိန်က ယဉ်ကျေးနေရမယ့်အချိန်မဟုတ်ဘူး မြန်မြန်သွားရအောင်”
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
လမ်းတွင် သူမက ရှန်ဝမ်ရုန်ကို ရေကျောက်ကထပ်ကူးနိုင်သဖြင့် ကျားမင်ထိခဲ့သောဘာပစ္စည်းကိုမှ မထိရန် ပြောလိုက်သည်။
ရှန်ဝမ်ရုန်က လက်ခါပြသည်။
“အိုင်းယား သမီးနားမလည်လို့ပါ ရေကျောက်ဆိုတာက တစ်သက်မှတစ်ခါဘဲပေါက်တာ”
အချိန်အများစုတွင်တော့ ၎င်းကအမှန်ဖြစ်သည်။
သို့သော် လူတစ်ယောက်က ကိုယ်ခံအားကျဆင်းနေရင် ဒုတိယအကြိမ်ကူးစက်ခံရနိုင်သည်။ သို့မဟုတ် ပထမအကြိမ်ရေကျောက်ဖြစ်ရာမှ ရရှိခဲ့သည် ပဋိပစ္စည်းများကို ဆုံးရှူံးသွားလျှင်လည်း ဖြစ်နိုင်သည်။ဖြစ်နိုင်ချေက အလွန်နည်းရုံသာရှိသည်။
သို့သော် အခုချိန်က ထိုသို့အသေးစိတ်စဉ်းစားနေရမည့်အချိန်မဟုတ်ပေ။
ထုံရွှယ်လူက အဖွားရှန်အား ထုံကျားမင်ထိထားသည့်ပစ္စည်းများကို မထိရန် ထပ်သတိပေးလိုက်သည်။ထို့နောက်သူမက အိမ်ထဲဝင်သွားပြီး ထုံကျားမင်ကိုအနွေးထည်ဝတ်ခိုင်းကာ လည်ပင်းနှင့်မျက်နှာကို ပုဝါဖြင့်အုပ်ခိုင်းပြီး မျက်လုံးတစ်ခုသာဖော်လျက် အပြင်ထွက်လာစေသည်။
“သွားကြမယ် အစ်မနင့်ကိုဆေးရုံခေါ်သွားပေးမယ်”
ထုံရွှယ်လူသည်လည်း သူမပါးစပ်နှင့်နှာခေါင်းကို ပုဝါဖြင့်ပတ်ထားပြီး ထုံကျားမင်ကိုစက်ဘီးပေါ်တပ်ရန်ကူညီပေးလာ၏။
ထုံကျားမင်က ဒယိမ်းဒယိုင်ဖြင့် စက်ဘီးပေါ်သို့ရောက်သွားသည်။
“ကိုယ့်ဘာသာ ကောင်းကောင်းထိုင်နိုင်ရဲ့လား မထိုင်နိုင်ရင် ငါ့ခါးကိုကိုင်ထားလိုက်”
ထုံကျားမင်က ခနလောက်တန့်သွားပြီးမှ သူမအင်္ကျီစကို တင်းတင်းဆွဲလိုက်သည်။
“ရပြီ သွားလို့ရပြီ”
ထုံရွှယ်လူက ခြေထောက်ကိုကြွကာ စက်ဘီးကိုရှေ့သို့ဦးတည်လိုက်သည်။
ညဘက်တွင် လေပြင်းသဖြင့် မျက်နှာကိုဓားဖြင့်လှီးခံရသလိုတောင် ခံစားနေမိသည်။ထုံရွှယ်လူက ခိုက်ခိုက်တုန်သွားသည်။
သူမနောက်တွင်ထိုင်နေသည့် ထုံကျားမင်က သူမတုန်သွားသည်ကို ခံစားမိ၏။
ထုံရွှယ်လူက အပြင်မထွက်ခင်တွင် စက်ဘီးရှေ့၌ ဓာတ်မီးတစ်ခုကို ချည်ထားခဲ့သော်လည်း မြင်နိုင်သော အကျယ်အဝန်းမှာ သိပ်မကြီးပေ။
သူမက စက်ဘီးကိုအရမ်းမြန်မြန်မနင်းရဲပေ။ သူမက ချိုင့်ထဲနင်းမိသွားပါက သူတို့နှစ်ယောက်လုံး စက်ဘီးပေါ်မှပြုတ်ကျလိမ့်မည်။
လေထိခြင်းက ရေကျောက်အတွက်မကောင်းသည်ကို သတိရသွားရာ သူမကအနည်းငယ်စိုးရိမ်သွားသည်။
“နင့်မျက်နှာကို ငါနဲ့ကွယ်ထား ကျားမင်၊ အခုချိန်မှာလေထိလို့မရဘူး”
“ဟုတ်ကဲ့”
သူမက သူမအင်အားရှိသလောက် အားကုန်နင်းနေပြီး လေပြင်းထဲတွင် အသံတုန်နေသည်ကို မြင်လိုက်ရသောအခါ ထုံကျားမင်က အလွန်ရှုပ်ထွေးသော ခံစားချက်ရလာသည်။
ပုံမှန်ဆိုလျှင် ထုံအိမ်မှ ဆေးရုံသို့ရောက်ရန် တစ်နာရီသာကြာ၏။ သို့သော် အခုကညအချိန်ဖြစ်သောကြောင့် ထုံရွှယ်လူက ဆေးရုံသို့ရောက်ရန် တစ်နာရီခွဲလောက်ကြာသွားသည်။
ကံကောင်းစွာဖြင့် လမ်းတွင်ဘာမှမဖြစ်ခဲ့ပေ။ သူတို့ကစက်ဘီးမမှောက်ခဲ့ပေ။
ဆေးရုံသို့ရောက်သောအခါ ထုံရွှယ်လူက သူနာပြုအား ထုံကျားမင်၏ရောဂါလက္ခဏာများကိုပြောပြလိုက်သည်။ ထို့နောက် ထုံကျားမင်ကိုစစ်ဆေးရန်အတွက် အရေးပေါ်ခန်းထဲသို့ခေါ်သွားသည်။
ရလဒ်က ထုံရွှယ်လူထင်ထားသလိုထွက်လာ၏။--ထုံကျားမင်က ရေကျောက်ပေါက်ကာ အဖျားလည်းဝင်နေသည်။
ထုံရွှယ်လူက မတုန့်ဆိုင်းနေဘဲ ချက်ချင်းပင် သူ့ကိုဆေးရုံတက်ခိုင်းလိုက်သည်။
အခုချိန်တွင် သူမစိုးရိမ်နေသည်များမှာ ယခုခေတ်ကာလမှ ဆေးပညာများဖြစ်သည်။ ထုံကျားမင်က အခြားနောက်ဆက်တွဲရောဂါများထပ်ဖြစ်လာမည်ကို စိုးရိမ်နေမိသည်။
ရေကျောက်ရောဂါက အန္တာရယ်မများသော်လည်း အဆုတ်ယောင်ရောဂါ၊ ဦးနှောက်ယောင်ရမ်းရောဂါ၊ ဦးနှောက်အမှေးပါးပြည်တည်ခြင်းစသည့် နောက်ဆက်တွဲရောဂါဝေဒနာများ ရှိလာနိုင်ကာ သေသည်အထိဖြစ်နိုင်သည်။
ရေကျောက်ရောဂါက ကူးစက်နိုင်စွမ်းမြင့်သဖြင့် သူတို့က ကိုယ်ပိုင်အခန်းယူရကာ ပုံမှန်ထက်လည်း ငွေပိုကုန်၏။
သို့သော်အခုချိန်က ကပ်စီးကုပ်နေရမည့်အချိန်မဟုတ်ပေ။
ဆရာဝန်က ထုံကျားမင်ကို အဖျားပျောက်ရန်အတွက် အဖျားပျောက်ဆေးထိုးပေးပြီး ဆေးအနည်းငယ်ပေးလာသည်။
ထုံကျားမင်က တစ်ချိန်လုံးအိပ်ပျော်နေပြီး နှစ်ကြိမ်ထပြီး အန်ရန်အတွက်သာ အိပ်ရာနိုးလာသည်။ ရေကျောက်ကလည်း ပြောမပြနိုင်လောက်အောင် ယားယံ၏။
ထုံရွှယ်လူက အရင်တုန်းကဆိုလျှင် ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဘူးပေ။
သို့သော် အခုချိန်တွင် သူမဆီ၌ရွေးချယ်စရာမရှိပေ။
ကံကောင်းစွာဖြင့် ညသန်းခေါင်းအချိန်လောက်တွင် ထုံကျားမင်က အဖျားကျသွားသည်။
ထိုအခါမှ ထုံရွှယ်လူလည်းသက်ပြင်းချနိုင်ကာ ပင်ပန်းသွားလေသည်။
သူမက ထိုင်ခုံပေါ်တွင်အိပ်ပျော်သွားသည်။