🍵Chapter 187
ဒီနေရာမှာ ဖော်ထုတ်စရာတွေ အများကြီးရှိနေသေးတာဘဲ။
ဗိုလ်မှူးရှောင်းက ပေဟယ်ဘူတာရုံသို့ ညလယ်မှရောက်လာသည်။
သူက သူ့တူကိုလာကြိုရန် ကြိုပြောပြီးသားဖြစ်သည်။
ဗိုလ်မှူးရှောင်းရထားပေါ်မှဆင်းလာသည်ကို မြင်သောအခါတွင်မှ ရှောင်းယန်ဟွားနှင့် သူ့သားရှောင်းဝေ့ကောင်းတို့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
ဗိုလ်မှူးရှောင်းက သူပေဟယ်ကိုလာမည့်အကြောင်း သူတို့ကိုဆက်သွယ်လာသောအခါ လန့်သွားခဲ့ရသည်။
ဗိုလ်မှူးက ညလယ်မှရောက်မည့် ရထားကိုစီးလာသည်ကို သိလိုက်ရသောအခါ သူတို့ကပိုစိုးရိမ်သွားသည်။ တစ်ခုခုအရေးကြီးတာဖြစ်သွားမှာ စိတ်ပူနေကြသည်။
ရှောင်းယန်ဟွား:“ ဦးလေး ကျွန်တော် ဌာနကကားငှားလာတယ်၊ အပြင်ဘက်မှာရောက်နေပြီ သွားရအောင်”
ဗိုလ်မှူးရှောင်းက ခေါင်းညိတ်သည်။
“လာကြိုပေးလို့ ကျေးဇူးဘဲ”
ရှောင်းယန်ဟွား :“ဒါက ကျွန်တော်တို့တာဝန်ပါ၊ ဒါပေမယ့် ဦးလေးက ဘာအရေးကြီးကိစ္စများရှိလို့ ဒီကိုရောက်လာတာလဲ၊ တပ်ထဲမှာတစ်ခုခုဖြစ်သွားလို့လား”
ဗိုလ်မှူးရှောင်ူက ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး ငါ့ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ရောက်လာတာပါ”
ထိုစကားကိုကြားသောအခါ ရှောင်းယန်ဟွားတို့သားအဖက အကြည့်ချင်းဆုံသွားကြသည်။
ဗိုလ်မှူးရှောင်း :“လွန်ခဲ့တဲ့ ရက်အနည်းလောက်က ငါ့ဆီကိုဖုန်းရောက်လာတယ် ငါကပေဟယ်မှာသားတစ်ယောက်ရှိခဲ့တယ်တဲ့၊ ငါဒီကိုရောက်လာတာက သူ့ကိုရှာဖို့ဘဲ”
BOOM!
ရှောင်းယန်ဟွားတို့သားအဖက ကြက်သေသေသွားကြသည်။
ဗိုလ်မှူးရှောင်းက တစ်သက်လုံးတစ်ကိုယ်တည်းသမားဖြစ်လာခဲ့တာလေ၊ ဒီသားက ဘယ်ကထွက်လာတာလဲ။
ဗိုလ်မှူးရှောင်းက ရထားနှစ်ရက်စီးလာရသော်လည်း ပင်ပန်းနေသည့်ပုံမပေါ်ပေ။
“အဲ့ဒါကိုပြောရရင် အရှည်ကြီးဘဲ၊ နောက်ပိုင်းကျမှ မင်းတို့ကိုပြောပြမယ် အခုတော့ ငါ့အတွက်တစ်ခုခုကိုရှာပေးဖို့ မင်းတို့အကူအညီကိုလိုတယ်”
သူက သူ့သားကိုရှာချင်သည်မှာ မှန်သည်။သို့သော် သူကအရူးမဟုတ်ပေ။ သူက သူများပြောသည့်စကားတိုင်းကို မျက်စိမှိတ်ယုံနေမှာမဟုတ်ပေ။
ဟိုးအရင်တစ်ခေါက် သူပြန်လာသောအခါ မန်ကျစ်၏ယောင်းမက မန်ကျစ်နောက်အိမ်ထောင်ပြုသွားပြီဟု သူ့ကိုပြောခဲ့သည်။ အခုကျဘယ်လိုဖြစ်လို့ မန်ကျစ်က အိမ်ထောင်မပြုဘဲ ကလေးရနေပြီး ကလေးမွေးနေရင်းဆုံးသွားရတာလဲ။
ဒီနေရာမှာ သူဖော်ထုတ်စရာတွေ အများကြီးရှိနေတာဘဲ။
🍵
ထုံကျားမင်က ရှူးပေါက်ချင်သဖြင့် အိပ်ရာနိုးလာသည်။
သူကထထိုင်လိုက်ကာ အဖြူရောင်အိပ်ရာခင်းကြောင့် ဇဝေဇဝါဖြစ်သွား၏။
ထုံရွှယ်လူက ကုလားထိုင်ပေါ်တွင် ကွေးအိပ်နေသည်ကို မြင်သွားမှ သူကဆေးရုံရောက်နေသည်ကို သတိရသွားသည်။
သူ့မမကြီးက လေပြင်းပြင်းထဲတွင် သူ့ကိုဆေးရုံခေါ်လာပေးပြီး သူ့ကိုတစ်ချိန်လုံးဂရုစိုက်ပေးနေခဲ့၏။
အခုတွင်လည်း သူမက ပိုက်ဆံခြွေတာရန်အတွက်နှင့် အေးစက်နေသောထိုင်ခုံပေါ်တွင် အိပ်နေသည်။
ထိုသည်များကိုတွေးလိုက်မိသောအခါ ထုံကျားမင်၏မျက်လုံးများက စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။
ထုံရွှယ်လူက ဇက်နာလာသဖြင့် မျက်စိပွင့်လာသောအခါ ယုန်မျက်လုံးလိုနီရဲနေသော ထုံကျားမင်၏မျက်လုံးများကိုမြင်လိုက်ရသည်။ သူမက လန့်သွားသည်။
“ကျားမင် အဖျားပြန်တက်လာလို့လား၊ အစ်မဆရာဝန်သွားခေါ်ပေးမယ်”
ထုံကျားမင်က အမြန်တားလိုက်သည်။
“ကျွန်တော်ဘာမှမဖြစ်ပါဘူး သန့်စင်ခန်းသွားချင်လို့ထလာတာ”
သန့်စင်ခန်းသွားချင်လို့ မျက်လုံးတွေတောင် နီရဲနေတာလား။
ထုံရွှယ်လူက နားမလည်နိုင်ပေ။
“ဒါဆိုလည်း မြန်မြန်သွားလေ အစ်မလိုက်ပို့ပေးရမလား”
“မလိုပါဘူး ကျွန်တော့်ဘာသာသွားနိုင်ပါတယ်”
ထုံကျားမင်က သူမကိုမျက်လုံးနီနီများဖြင့် ကြည့်လိုက်သည်။
“မမကြီး ကျေးဇူးတင်ပါတယ်”
သူအရွယ်ရောက်လာရင် သူ့မမကြီးကို ကျေးဇူးပြန်ဆပ်ရမယ်။
အမှန်တိုင်းပြောရလျှင် ဒီနေ့အထိတိုင်အောင် သူ့မမကြီးကို ရင်ထဲအနက်ရှိုင်းဆုံးအထိ အသိအမှတ်မပြုထားခဲ့ပေ။ ဒီနေ့မှသာ သူမက ဒီမိသားစုအတွက် ဘယ်လောက်တောင်လုပ်ပေးထားရသည်ကို သူသဘောပေါက်သွားခဲ့၏။
ထုံရွှယ်လူက လက်ခါလိုက်သည်။
“ပြောစရာမလိုပါဘူးဟယ်၊ သွား သန့်စင်ခန်းကို မြန်မြန်သွားလိုက် ”
ထုံကျားမင်က ခေါင်းညိတ်ကာ ထသွားသည်။
ထုံရွှယ်လူက ထရပ်ကာ အညောင်းဆန့်လိုက်သည်။
ကုလားထိုင်ပေါ်တွင်အိပ်ရသည်မှာ သက်တောင့်သက်သာမရှိသော်လည်း ဆေးရုံမှအိပ်ရာခင်းများက သိပ်သန့်ရှင်းသည့်ပုံမပေါ်ပေ။ သူမက အသန့်ကြိုက်တတ်သောသူဖြစ်ရာ ထိုအိပ်ရာပေါ်မှာအိပ်မည့်အစား ကုလားထိုင်ပေါ်မှာဘဲ အိပ်လိုက်မည်။
သူမလည်း သန့်စင်ခန်းသွားလိုက်သင့်သည်။ထုံကျားမင်လို အောင့်ထားရ၍ မျက်လုံးနီသွားမှာမျိုး မဖြစ်ချင်ပေ။
နောက်နေ့ရောက်သောအခါ ထုံကျားမင်၏အဖျားက လုံးဝသက်သာသွားလေသည်။
သို့သော် သူ့မျက်နှာနှင့် ကိုယ်ပေါ်တွင် ရေကျောက်များပေါက်နေသေး၏။ သူ့နဖူးတွင် မွှေးကျွတ်နာများတောင် ပေါက်လာ၏။ ဤသို့ဖြင့် ခန့်ညားသောကောင်လေးတစ်ယောက်က ရုပ်ဆိုးသွားလေသည်။
သူ့ကိုယ်ပေါ်မှ ရေကျောက်များက သူမ၏trypophobia(အပေါက်၊အစက်များ အများကြီးစုပြုံနေသည်ကို ကြောက်သောရောဂါ)ကို ထလာစေသည်။
“ဆရာဝန်က ဆေးရုံဆင်းလို့ရပြီလို့ပြောတယ်၊ ဒါပေမယ့် ဒီရောဂါက ကူးစက်နိုင်စွမ်းမြင့်လို့ အိမ်ပြန်ရောက်တာနဲ့ အခန်းထဲမှာဘဲ နေနော်၊ ကျားရှင်းနဲ့ မျန်မျန်ကို မထိမိအောင်နေရမယ်”
ထုံကျားရှင်းရော ထုံမျန်မျန်ပါနေမကောင်းဖြစ်သွားပါ သူမတစ်ယောက်တည်း အကုန်လုံးကို ဂရုစိုက်နိုင်မည်မဟုတ်ပေ။
ထို့အပြင် ထုံကျားရှင်းနှင့် ထုံမျန်မျန်က ထုံကျားမင်လောက်မရင့်ကျက်ပေ။ သူတို့သာ ရေကျောက်ပေါက်ပါက သေချာပေါက်ပင် ရေကျောက်ဖုများကိုကုတ်ကာ ဖောက်ပစ်လိမ့်မည်။ ဤသို့ဖြင့် သူတို့က အမည်းစက်များကျန်ခဲ့နိုင်ပေသည်။
ထုံရွှယ်လူ :“ ပြီးတော့ နင်လည်း မပျောက်ခင်အထိ ရေကျောက်ဖုတွေကို မကုတ်ရဘူးနော်၊ အဲ့ဒါတွေပေါက်သွားရင် နင့်မျက်နှာမှာ အမာရွတ်အစက်တွေကျန်ခဲ့မှာ”
ထုံကျားမင်က သည်းမခံနိုင်လောက်အောင် ယားယံနေသော်လည်း လိမ်မာစွာ ခေါင်းညိတ်ပြလိုက်သည်။
“သိပါပြီ ကျွန်တော်မကုတ်ဘူး”
ထုံရွှယ်လူက ဆေးရုံခသွားရှင်းကာ ဆရာဝန်ဆီမှ ဆေးအချို့ယူပြီးနောက် ထုံကျားမင်ကို အိမ်သို့ပြန်ခေါ်သွားသည်။
ထုံရွှယ်လူနှင့် ထုံကျားမင်တို့ပြန်ရောက်လာသောအခါ အဖွားရှန်က အိမ်နောက်ဖေးတွင် အဝတ်လျှော်နေ၏။
သူမက သူတို့ပြန်လာသည်ကိုမြင်သောအခါ ပြုံးပြလာသည်။
“ပြန်လာကြပြီလား၊ ကျားမင် မြန်မြန်အိမ်ထဲဝင်လိုက် လေထိတာက သားအတွက်မကောင်းဘူး”
ထုံကျားမင်က သူမစကားကိုနားထောင်ပြီး သူ့ဘာသာအိမ်ထဲဝင်သွားလိုက်သည်။
“အဖွားရှန် ကျေးဇူးတင်ပါတယ်၊ ပြီးတော့ သမီးတို့အတွက် အိပ်ရာခင်းတွေကိုလည်း လျှော်ထားပေးသေးတယ်”
ရှန်ဝမ်ရုန်က ပြုံးလိုက်သည်။
“ကျေးဇူးတင်စရာမလိုပါဘူးကွယ်၊ မဟုတ်ရင် ငါကဘာလုပ်ရမှန်းကိုမသိတော့ဘူး ကျူးကျူးရဲ့အဖိုးက မနက်စာလုပ်ထားတာ ကျန်နေသေးတယ် နင်မနက်စာစားပြီးပြီလား”
ထုံရွှယ်လူက သူမသယ်လာသော ပစ္စည်းများကိုချကာ လက်ဆေးပြီးနောက် အဖွားရှန်ကိုကူရန်လုပ်လိုက်သည်။
“သမီးတို့စားပြီးပြီ ကျားရှင်းရော ဒီနေ့ကျောင်းသွားလား အဖွား”
ရှန်ဝမ်ရုန်က ခေါင်းခါသည်။
“မသွားဘူး၊ သူရော မျန်မျန်ပါ လန်းဆန်းနေတာ ရေကျောက်ကူးခံရတယ်လို့တော့ မထင်ဘူး၊ ဒါပေမယ့် စိတ်ချရအောင် သူတို့ကိုအိမ်မှာဘဲ ခနနားခိုင်းထားလိုက်တယ်”
ထုံရွှယ်လူက သဘောတူလိုက်သည်။
“သူတို့သာရေကျောက်ကူးနေရင် ကျောင်းသွားပြီး ကျောင်းက ကလေးတွေကို ထပ်ကူးစေမှာမျိုး ဖြစ်လို့မရဘူး”
အဝတ်လျှော်ပြီးနောက် ရှန်ဝမ်ရုန်နှင့် ထုံရွှယ်လူတို့က တစ်အိမ်လုံးကို ရေနွေးဖြင့် သန့်ရှင်းရေးလုပ်လိုက်ကြသည်။
ထုံမျန်မျန်သည် မမကြီးအိမ်ပြန်ရောက်လာကတည်းက သူ့ကိုလာမဖက်သေးသည်ကို သတိပြုမိသွားရာ မျက်ရည်ဝဲလာ၏။
“မျန်မျန်က လိမ္မာမှာပါ မမကြီး မျန်မျန်ကဘာပြသနာမှမရှာတော့ပါဘူး မမကြီးထွက်မသွားပါနဲ့”
သူ့မိဘများက ထွက်သွားပြီး ပြန်မရောက်လာတော့သည်ကို သတိရနေဆဲဖြစ်သည်။ သူ့မမကြီးနှင့် အစ်ကိုကြီးကိုလဲ ထိုသို့ဖြစ်သွားမှာ စိုးရိမ်နေမိသည်။
ထုံကျားရှင်းကလည်း မျက်လုံးပြူးသွားသည်။ မနေ့ညကတည်း သူတော်တော်လေးစိုးရိမ်နေခဲ့၏။
သူ့အစ်ကိုက မသက်သာလာမှာကိုစိုးရိမ်သည်။ သူ့မမကြီးက သူတို့ကိုစွန့်ပစ်သွားမှာ စိုးရိမ်သည်။ ပေါက်ကရအတွေးမျိုးစုံက သူ့ခေါင်းထဲတွင် ရှုပ်ထွေးနေ၏။
ထုံရွှယ်လူက သူတို့နှစ်ယောက်၏ခေါင်းကို ပွတ်ပေးလာသည်။
“စိတ်မပူနဲ့၊ မမကြီးကဘယ်မှမသွားဘူး ဒုတိယအစ်ကိုကလည်း အဆင်ပြေသွားပြီ၊ သူကအခုနေမကောင်းဖြစ်နေတာ အဲ့ဒါကြောင့်မလို့ ဒုတိယအစ်ကိုနဲ့ ဝေးဝေးနေနော် မဟုတ်ရင်အဖျားကူးသွားလိမ့်မယ်”
ထုံမျန်မျန်၏ပါးစပ်က အိုပုံစံဟသွားကာ မျက်ရည်များက စီးကျနေဆဲဖြစ်သည်။
“မျန်မျန်နေမကောင်းမဖြစ်ချင်ဘူး နေမကောင်းဖြစ်ရင် တတိယအစ်ကိုလို ရုပ်ဆိုးသွားလိမ့်မယ်”
“……”
အခုချိန်တွင် ထုံကျားရှင်းက ဝမ်းနည်းနေပြီး သူ့ညီမကို သူ့ကိုထိုသို့ထည့်ပြောလာမည်ဟု မထင်ထားမိပေ။
သူက ကြောင်သွားသည်။
ထုံရွှယ်လူက အော်ရယ်လိုက်မိသည်။
“ဟုတ်ပြီလေ နေမကောင်းမဖြစ်ချင်ရင် ဒုတိယအစ်ကိုရဲ့ အခန်းနား မသွားနဲ့နော် အစ်မပြောတာကြားလား”
ထုံကျားရှင်းရော ထုံမျန်မျန်ပါ ခေါင်းညိတ်ပြလာသည်။
ထုံရွှယ်လူက အလုပ်မသွားခင်တွင် ပေါက်စီနှင့်စားစရာတစ်ချို့လုပ်ပေးခဲ့လိုက်သည်။
🍵
ပေဟယ်စီရင်စု၊ အလံနီကွန်မြူနတီ၏ ရှစ်ခုမြောက်ထုတ်လုပ်ရေးအသင်း။
ကျယ်ကျင်းဟွာက ခန်(အပူပေးကုတင်)ပေါ်တွင် စိတ်မချမ်းမသာဖြင့် လှဲနေ၏။
“တဟူဇီက တပ်ထဲကို ဖုန်းဆက်ပြီးပြီမဟုတ်ဘူးလား၊ ဗိုလ်မှူးရှောင်းက ဘာလို့မလာသေးတာလဲ”
ထုံအာ့ကျူးက နားထဲကို လက်ဖြင့်ကလော်နေသည်။
“အမေ တဟူဇီက တပ်စုခေါင်းဆောင်အဆင့်ဘဲရှိတာလေ အခုပြောနေတာက ဗိုလ်မှူးနော် တဟူဇီက ဗိုလ်မှူးလုပ်ချင်တာကို ထိန်းချုပ်နိုင်မယ်များ ထင်နေတာလား”
သူမ၏ဒုတိယချွေးမ ဖုန်းကျောက်တိကလည်း ဝင်ပြောလာသည်။
“အမေ ဗိုလ်မှူးရှောင်းက ဒေါ်လေးရဲ့ချစ်သူဟောင်းဆိုတာ သေချာရဲ့လား အမေ အမြင်မှားတာတော့ မဟုတ်ပါဘူးနော်”
ကျယ်ကျင်းဟွာ၏ သုံးထောင့်ပုံစံမျက်လုံးများက အရောင်တောက်လာသည်။
“သေချာပေါက်ကို ငါအမြင်မမှားဘူး၊ သူက အရင်တုန်းကနဲ့ တစ်ပုံစံထဲဘဲ နာမည်လည်းတူတယ်၊ ငါကဘယ်လိုလုပ်ပြီးမှားရမှာလဲ ၊ တကယ်လို့ ငါအမြင်မှားတယ်ဆိုရင် သူကဘာလို့လာမှာလဲ”
ဖုန်းကျောက်တိက ခေါင်းညိတ်သည်။
“အဲ့ဒါက အဓိပ္ပါယ်ရှိတယ် ကျွန်မက သူ ကွမ်းထျန်က သူ့သားဆိုတာကို မယုံမှာဘဲ စိုးရိမ်နေတာ”
ထုံအားကျူးက ငြီးငြူသည်။
“အမေ ကျွန်တော်ပြောတာနားထောင်၊ အမေက ကျွန်တော့်ကိုဘဲ သူ့နေရာမှာဟန်ဆောင်ခိုင်းလိုက်သင့်တာ ဒီလိုအခွင့်အရေးမျိုးကို ဘာလို့အမေ့တူဆီပေးလိုက်ရတာလဲ”
ကျယ်ကျင်းဟွာက သူ့ကို စိုက်ကြည့်သည်။
“နင်သာ သေသွားတဲ့နင့်အဒေါ်နဲ့ နည်းနည်းလေးတောင် တူတယ်ဆိုရင် ငါကငါ့တူကိုလုပ်ခိုင်းပါ့မလား”
ဤဗိုလ်မှူးရှောင်း၏ကိစ္စတစ်ခုလုံးက လွန်ခဲ့သည့် နှစ်ပတ်မှစတင်လာခဲ့သည်။
တဟူဇီက တပ်စုခေါင်းဆောင်ဖြစ်လာပြီး သူတို့စစ်တပ်၏ပုံကို အိမ်ပြန်ယူလာခဲ့သည်။ ထုံမိသားစုကလည်း ထိုပုံကိုသွားကြည့်ကြသည်။
ကျယ်ကျင်းဟွာက ပုံထဲမှဗိုလ်မှူးရှောင်းကို မြင်လိုက်ရသောအခါ ကြက်သေသေသွားသည်။
အဲ့ဒါက မန်ကျစ်ရည်းစားဟောင်းမဟုတ်လား၊ သူကမသေဘဲ စစ်ထဲဝင်သွားတာလား။
သူမက တဟူဇီဆီမှ ဗိုလ်မှူးရှောင်းအကြောင်းပိုသိလာသောအခါ သူမကိုပို၍အံ့ဩသွားစေသည်။
အဲ့ဒီရှောင်းမျိုးနွယ်က ဗိုလ်မှူးဖြစ်လာတဲ့အပြင် တစ်ခါမှ လက်မထပ်ရသေးဘူးတဲ့။
သူမအိမ်ပြန်ရောက်သောအခါ ထိုအကြောင်းကိုအကြာကြီးတွေးနေပြီးနောက် ဤအရာက သူတို့ထုံမိသားစုခေါင်းပြန်ထောင်နိုင်မည့် ရွှေရောင်အခွင့်အရေးဟုခံစားမိသွားသည်။