🍵Chapter 188
-သူမက ထိုကိစ္စကို ဘယ်သူ့ကိုမှ ပြောပြမည်မဟုတ်ပေ။
ထုံမန်ကျစ်နှင့် ရှောင်းကျန့်ထင်တို့သည် 1937ခုနှစ်တွင်ဆုံခဲ့ကြကာ တရုတ်က ဂျပန်တို့ကိုတွန်းလှန်နေသောအချိန်ဖြစ်သည်။ ထိုအချိန်တွင် ရှောင်းကျန့်ထင်က ဗိုလ်မှူးမဟုတ်သေးပေ။ သူကတပ်စုခေါင်းဆောင်အဆင့်သာရှိသေးသည်။ စစ်အတွင်းတွင် သူကပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့သဖြင့် သူ့စစ်တပ်နှင့်ခရီးဆက်မည့်အစား ဒဏ်ရာကုရန်အတွက် ရွာတစ်ရွာတွင် ကျန်နေခဲ့သည်။
သူနေသောနေရာက ထုံမိသားစုအိမ်ပင်။ ထုံမန်ကျစ်က သူ့ကိုဂရုစိုက်ပေးခဲ့သည်။ ဤသို့ဖြင့် အချစ်များပေါက်ဖွားလာကာ ထုံမန်ကျစ်က သူ့ကိုဂရုစိုက်ပေးနေရသောကာလအတွင်းတွင် အတူအိပ်သည့်အထိတောင်ဖြစ်သွားခဲ့သည်။
ရှောင်းကျန့်ထင်က သက်သာသွားပြီးနောက် ရွာမှထွက်သွားကာ စစ်တပ်ထဲပြန်ဝင်သွား၏။ သူထွက်သွားပြီး သိပ်မကြာခင်မှာဘဲ ထုံမန်ကျစ်က ကိုယ်ဝန်ရှိနေသည်ကို သိလိုက်ရသည်။ တစ်ချိန်တည်းတွင် ကျယ်ကျင်းဟွာကလည်း ကိုယ်ဝန်ရှိနေကာ သူတို့နှစ်ယောက်လုံးက နောက်ကိုးလကြာပြီးနောက် တစ်ရက်တည်းတွင် ကလေးမွေးကြသည်။
ထုံမန်ကျစ်က သားလေးမွေးကာ ကျယ်ကျင်းဟွာ၏ကလေးက အဖတ်မတင်ပေ။
သို့သော် ထုံမန်ကျစ်က သွေးထွက်လွန်လာခဲ့သည်။ သူမက လက်မထပ်ရသေးဘဲ ကလေးရသည့်အကြောင်းကို လူမသိစေချင်သဖြင့် သူတို့ကဆေးရုံခေါ်သွားဖို့ကိုအသာထား၊ လက်သည်တောင် မခေါ်ရဲခဲ့ပေ။ ကျယ်ကျင်းဟွာ၏ခင်ပွန်းက သူ့ညီမလေးအတွက် ကလေးကိုယူကာ သူတို့၏ကလေးအဖြစ် လူသိစေလိုက်သည်။
အခုတွင် ထုံမန်ကျစ်၊ ထုံကန်းလိုင်နှင့် ထုံတကျွင်းတို့က သေသွားပြီဖြစ်ရာ အမှန်တရားကိုသိသောသူဟူ၍ ကျယ်ကျင်းဟွာသာကျန်တော့သည်။
အနှစ်ချုပ်ရလျှင် ရှောင်းကျန့်ထင်က ရွေးစရာမရှိဘဲ သူမပြောသည့်သူကိုသာ သူ့သားအဖြစ်ယုံကြည်ရလိမ့်မည်။
အစပိုင်းတွင် သူမက သူမ၏သားအရင်းကို ထုံတကျွင်းအဖြစ် ဟန်ဆောင်စေချင်ခဲ့သည်။ သို့သော် ထုံအာ့ကျူက ထုံတကျွင်းထက် အသက်သုံးနှစ်ငယ်နေတာက လွဲလျှင် ထုံမန်ကျစ်နှင့် နည်းနည်းလေးတောင်မတူပေ။
ထို့ကြောင့် သူမက မိဘအိမ်သို့ပြန်သွားပြီး ဤအခွင့်အရေးကို သူမ၏တူ ကျယ်ကွမ်းထျန်ကို ပေးလိုက်ရခြင်းဖြစ်သည်။
ကျယ်ကွမ်းထျန်က ထုံမန်ကျစ်နှင့် တူသည်ဟုမဆိုနိုင်သော်လည်း သူက ရှောင်းကျန့်ထင်းငယ်ငယ်ကပုံစံနှင့် အနည်းငယ်တူ၏။
မိုးကောင်းကင်က သူမဘက်တွင်ရှိနေသည်ဟု ခံစားမိသွားသည်။ ဗိုလ်မှူးရှောင်းက သူမ၏တူကို အသိအမှတ်ပြုလိုက်သည်နှင့် သေချာပေါက် ထုံရွှယ်လူတို့မောင်နှမတစ်အုပ်ကို နေ့အလင်းရောင်ထပ်မမြင်နိုင်အောင် လုပ်ပစ်မည်။
ကျယ်ကျင်းဟွာ တွေးလေတွေးလေ၊ ပိုပျော်လေလေပင်ဖြစ်သည်။ သူမက ဗိုလ်မှူးရှောင်းရောက်လာမည်ကို မစောင့်နိုင်တော့ပေ။
သို့သော်ငြား ဗိုလ်မှူးရှောင်းကမူ ပေဟယ်သို့ရောက်လာသောအခါ ထုတ်လုပ်ရေးအသင်းသို့တန်းမလာခဲ့ပေ။
သူက သူ့တူတို့သားအဖကို ထုံမိသားစုအကြောင်းသေချာ စုံစမ်းခိုင်းလိုက်သည်။
သူ့တူက အခုလေးတင် ပြန်ရောက်လာ၏။
ရှောင်းယန်ဟွာက သူ့ကိုပြောပြလာသည်။
“ဦးလေး ထုံမိသားစုမှာ သားသုံးယောက်ရှိတယ် ထုံတကျွင်း၊ ထုံအာ့ကျူနဲ့ ထုံစန်းကျွမ်တဲ့၊ သူတို့သုံးယောက်ထဲမှာမှ ထုံတကျွင်းရဲ့အသက်က အကိုက်ညီဆုံးပါ သူက 1938ခုနှစ် နှစ်သစ်ကူးနေ့မှာမွေးခဲ့ပါတယ်”
1938ခုနစ်။။
ဗိုလ်မှူးရှောင်းက တုန်လှုပ်လာသည်။ သူက ထိုရွာမှ 1937၊မေလတွင် ထွက်သွားခဲ့သည်။ မန်ကျစ်က ထိုအချိန်တွင် ကိုယ်ဝန်ရခဲ့မည်ဆိုလျှင် ဤအသက်နှင့် ကိုက်ညီနေ၏။
ဗိုလ်မှူးရှောင်း၏လက်များက တုန်ရီလာသည်။
“သူက အခုဘယ်မှာလဲ ထုတ်လုပ်ရေးအသင်းမှာလား”
ရှောင်းယန်ဟွာက ခေါင်းခါပြသည်။
“မဟုတ်ပါဘူး သူနဲ့သူ့ဇနီးက လွန်ခဲ့တဲ့ခြောက်လကဘဲ မြို့တော်မှာ ကားမတော်မဆဖြစ်ပြီး ဆုံးသွားကြပြီ”
ဗိုလ်မှူးရှောင်းက အသက်ရှူရပ်မတတ်ဖြစ်လာပြီး
သူ့ပုံစံက ဖြူဖျော့နေ၏။
“အဲ့ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သူတို့ဆီမှာကလေးရှိလား”
ရှောင်းယန်ဟွာက ခေါင်းညိတ်ပြသည်။
“ရှိပါတယ် ထုံတကျွင်းဆီမှာ သားနှစ်ယောက်နဲ့သမီးနှစ်ယောက်ရှိတယ်၊ ထူးဆန်းတာက သူတို့ကဒီကိုတစ်ခါမှ အလည်ပြန်မလာဖူးပါဘူး၊ ထုံမိသားစုက ထုတ်လုပ်ရေးအသင်းမှာ သူတို့က(ထုံရွှယ်လူတို့က)ဘယ်လို ဝတ္တရားမသိတတ်တာ၊ ကပ်ဆိုးတွေဘဲဆိုပြီး အမြဲပြောလေ့ရှိတယ်”
တစ်ခုခုကိုနားလည်သွားသည့် ဉာဏ်အလင်းရောင်တစ်ခုက ဗိုလ်မှူးရှောင်းမျက်လုံးထဲဖြတ်ပြေးသွားသည်။
“မင်းပြောသလိုဆိုရင် ကျယ်ကျင်းဟွာက သူ့ရဲ့သားအကြီးဆုံးကိုဂရုမစိုက်သလို သူ့မြေးတွေကိုလည်း ဂရုမစိုက်ဘူးပေါ့ ဟုတ်လား”
ရှောင်းယန်ဟွာက ခေါင်းညိတ်သည်။
“ထုတ်လုပ်ရေးအသင်းထဲမှာ ကျွန်တော်ကြားခဲ့တာကတော့ ကျယ်ကျင်းဟွာက သူ့သားကြီးထုံတကျွင်းကို လုံးဝသဘောမကျဘူးတဲ့၊ မိသားစုထဲမှာဆိုရင် ထုံတကျွင်းကဘဲ လေးလံတဲ့အလုပ်တွေကိုလုပ်ရတာ။ အရင်တုန်းက သူလူတစ်ယောက်ကိုကယ်လိုက်တော့ အဲ့ဒီလူကသူ့ကို မြို့တော်မှာ အလုပ်တစ်ခုရှာပေးလာတယ်၊ သူက လစာအများစုကို ဒီပြန်ပို့ပေးတာတောင်မှ ကျယ်ကျင်းဟွာက သူ့ကိုသဘောမကျဖြစ်နေတုန်းဘဲ၊ ထုံတကျွင်းတို့လင်မယားက သားသမီးဝတ္တရားမသိတတ်ဘူးလို့ အမြဲလျှောက်ပြောနေတာ”
မိဘများက ကလေးတစ်ယောက်ကို အခြားကလေးများထက် ပိုချစ်တတ်သည်မှာ ပုံမှန်ဖြစ်၏။ သို့သော် ဤမျှထိအလွန်အကျွံမုန်းတီးနေခြင်းက ထူးဆန်းပေသည်။
ဗိုလ်မှူးရှောင်းက သေချာတွေးကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“ကားအသင့်ပြင်ထားလိုက် ငါတို့တွေ ဒီနေ့ သူတို့ကို ထုတ်လုပ်ရေးအသင်းမှာ သွားတွေ့ကြမယ်”
ရှောင်းယန်ဟွာက ခေါင်းညိတ်ကာ ကားသွားရှာလိုက်သည်။ တစ်နာရီလောက်ကြာပြီးနောက်တွင် သူတို့က ထုတ်လုပ်ရေးအသင်းသို့ဦးတည်လိုက်ကြသည်။
ဘာသတင်းမှမကြားရဘဲ ရက်အနည်းငယ်လောက်စောင့်နေရသော ကျယ်ကျင်းဟွာတို့မိသားစုသည် အလွန်စိတ်မရှည်တော့ပေ။
သူတို့က လက်လျှော့တော့မည့်အချိန်တွင် ကားတစ်စီးက သူတို့အိမ်ရှေ့၌ရပ်လာသည်။
ထုတ်လုပ်ရေးအသင်းမှလူတိုင်းက အံ့ဩသွားပြီး အမြန်ပင် လူစုကြီးဖြစ်လာသည်။
ထုံအာ့ကျူးက တုန်တုန်ရီရီဖြင့် အိမ်ထဲသို့ပြေးဝင်သွားသည်။
“အမေ အမေရေ ဗိုလ်မှူးရှောင်းရောက်လာပြီ”
ထိုစကားကိုကြားလိုက်သောအချိန်တွင် ကျယ်ကျင်းဟွာက ကြက်ဥပြုတ်စားနေခြင်းဖြစ်ရာ ကြက်ဥက လည်ပင်းထဲအလုံးလိုက်ဝင်သွားပြီး နင်သွားလေသည်။
ထုံအာ့ကျူက အမြန်ပြေးလာပြီး သူ့အမေ၏နောက်ကျောကို ပုတ်လိုက်သည်။
သူခနလောက် ပုတ်ပေးပြီးနောက် ကျယ်ကျင်းဟွာက ကြက်ဥကိုမြိုချနိုင်သွားသည်။သူမလည်ချောင်းရော နောက်ကျောကပါ စူးရှရှနာကျင်နေ၏။
“နင်ငါ့ကို သတ်နေတာလား”
“အမေရေ ဗိုလ်မှူးရှောင်းရဲ့ကားက အခု အိမ်အပြင်မှာရောက်နေတယ်”
ကျယ်ကျင်းဟွာက ရင်တုန်သွားသည်။
“ဟုတ်လား မြန်မြန်လေး သူတို့ကိုအထဲဝင်ခိုင်းလိုက်”
သူမပြောမပြီးသေးခင်မှာပင် အရပ်ရှည်ပြီး ကိုယ်ထွားသည့် ယောက်ျားနှစ်ယောက်က အိမ်ထဲသို့ဝင်လာသည်။
အရှေ့မှတစ်ယောက်က အသက်၅၀နီးပါးလောက်ရှိပြီဖြစ်သည်။သူက ဖြောင့်မတ်စွာရပ်နေပြီး သူ့အသွင်အပြင်က ခက်ထန်နေ၏။ ဓားသွားလိုမျက်ခုံးများအောက် သူ့မျက်လုံးများက သိမ်းငှက်တစ်ကောင်လို စူးရှနေ၏။ ၎င်းက လူတစ်ယောက်ကိုကြည့်လိုက်ရုံဖြင့်တင် တုန်ယင်သွားစေနိုင်သည်။
သူ့မျက်နှာက ကျယ်ကျင်းဟွာကို ချက်ချင်းပင် ထုံတကျွင်းအား အမှတ်ရသွားစေသည်။
ကံကောင်းစွာဖြင့် ထုံတကျွင်းက မရှိတော့ပေ။ မဟုတ်ပါက သူတို့နှစ်ယောက်၏အသွင်အပြင်တူပုံနှင့်ဆို သူမဘာဘဲပြောပြော အသုံးဝင်မည်မဟုတ်ပေ။
ဗိုလ်မှူးရှောင်းက ကျယ်ကျင်းဟွာကို သိမ်းငှက်မျက်လုံးများဖြင့် ကြည့်လာသည်။
“မင်္ဂလာပါ အစ်မထုံ မတွေ့တာကြာပြီ”
ကျယ်ကျင်းဟွာက အလိုလိုတုန်ယင်သွားသည်။
“မင်္ဂလာပါ ဗိုလ်မှူးရှောင်း၊ ကျွန်မတို့အချင်းချင်း မတွေ့ရတာ နှစ်အတော်တောင် ကြာသွားခဲ့ပြီ၊ ရှင်ဗိုလ်မှူးဖြစ်သွားတာ ကျွန်မယုံတောင် မယုံနိုင်ဘူး၊ မန်ကျစ် ဒါကိုမမြင်နိုင်တော့တာ ဝမ်းနည်းစရာဘဲ.....”
ဗိုလ်မှူးရှောင်း၏မျက်လုံးထဲတွင် ဝမ်းနည်းရိပ်များသန်းသွားပြီး သူမကိုဖြတ်ပြောလိုက်သည်။
“အရင်တစ်ခေါက် ကျွန်တော်ပြန်လာတုန်းကကျ မန်ကျစ်က ကလေးရှိနေတာကို မပြောဘဲ ဘာလို့ အိမ်ထောင်ပြုသွားပြီလို့ပြောတာလဲ”
သူထွက်သွားပြီးမှ စစ်ထဲပြန်ဝင်သွားသည်မှာ ထိုသတင်းကြောင့် အသည်းခွဲသွား၍ဖြစ်သည်။
ကျယ်ကျင်းဟွာက ရင်တုန်သွားသည်။
“မန်ကျစ် မပြောခိုင်းလို့ပါ၊ သူက ရှင့်ကိုတာဝန်မသိတတ်တဲ့သူတဲ့ ပြီးတော့ ရှင်က စစ်တပ်ထဲကသူလေ၊ အဲ့ဒါကအရမ်းအန္တရာယ်များတယ် သူမက ဘဝကို ပိုစိတ်ချရတဲ့ယောက်ျားနဲ့ဘဲ ဖြတ်သန်းချင်တာ”
“ကျွန်မတို့က တင်တောင်းငွေကို လက်ခံပြီးသားဖြစ်နေပြီ၊ ကိုယ်ဝန်ရှိနေမှန်းသာ မသိလိုက်ရင် သူကလက်ထပ်ပြီးနေလောက်ပြီ၊ ကျွန်မပြောတာက အမှန်ပါဘဲ”
ဗိုလ်မှူးရှောင်းက သူမကိုကြည့်ကာ ဘာမှမပြောလာပေ။
ဤအရာကသူသိထားသည်များနှင့် ကိုက်ညီ၏။
ထိုအချိန်တွင် မန်ကျစ်က လက်ထပ်ရမည့်သူရှိကာ တစ်ဖက်မိသားစုကလည်း တင်တောင်းငွေပေးပြီးသားဖြစ်သည်။
မန်ကျစ်က လက်မထပ်ခဲ့ဘဲ သူ့ကလေးကိုလွယ်ထားရသည်ကို သူမသိခဲ့ပေ။
ဗိုလ်မှူးရှောင်းက သူမစကားများကို ယုံသည့်ပုံစံကိုမြင်သောအခါ ကျယ်ကျင်းဟွာက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
အမှန်တွင် ထုံမန်ကျစ်က လက်မထပ်ချင်ခဲ့ပေ။ကျယ်ကျင်းဟွာက သူမကိုဖိအားပေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မှ ထုံမန်ကျစ်တွင်ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရသည်။ ထုံမန်ကျစ်က ကိုယ့်ကိုကိုယ်သတ်သေမည်ဟု ခြိမ်းခြောက်သဖြင့် လက်ထပ်ပွဲကိုဖျက်လိုက်ရသည်။
ထုံမိသားစုက တစ်ဖက်မိသားစုကို ဆန်အိတ်ကြီးတစ်ခုပေးခဲ့ရလေသည်။ ကျယ်ကျင်းဟွာက ထိုကိစ္စကြောင့် အတော်လေးဝမ်းနည်းခဲ့ရသည်။
ထုံမန်ကျစ် လက်တုံ့ပြန်မည်ကိုစိုးရိမ်သဖြင့် ကျယ်ကျင်းဟွာက ရှောင်းကျန့်ထင် သူမကိုပြန်လာရှာသည့်အကြောင်းကို မပြောပြခဲ့ပေ။ ထုံမန်ကျစ်တစ်ယောက် မီးဖွားရင်းသေဆုံးခဲ့ရသည်မှာ စိတ်ဓာတ်ကျနေမှုများဖြင့်လည်း ဆိုင်၏။
ထိုအကြောင်းကို သူမက ဘယ်သူ့ကိုမှ မပြောပြပေ။ သူမ၏သားနှင့် ချွေးမကိုတောင်မှ မပြောပြခဲ့ပေ။
ဗိုလ်မှူးရှောင်း :“မန်ကျစ်ရဲ့သင်္ချိုင်းကဘယ်မှာလဲ ငါ့ကိုတစ်ယောက်ယောက်ခေါ်သွားပေး”
ကျယ်ကျင်းဟွာက အနည်းငယ်လန့်သွားသည်။
“ရှင်က အခုဘဲ သင်္ချိုင်းကိုသွားမလို့လား ရှင့်သားကိုအရင်မတွေ့တော့ဘူးလား”
ဗိုလ်မှူးရှောင်း :“သင်္ချိုင်းကိုသွားမယ်”
သူ၏ခက်ထန်သော အကြည့်ကိုမြင်လိုက်ရသဖြင့် ကျယ်ကျင်းဟွာက ဘာမှထပ်မပြောရဲတော့ပေ။
သူမက ထုံအာ့ကျူကို ကျယ်ကွမ်းထျန်အား သွားခေါ်ခိုင်းလိုက်ပြီး ဗိုလ်မှူးရှောင်းကို သင်္ချိုင်းသို့ခေါ်သွားလိုက်သည်။