အပိုင်း ၃၀၄
Viewers 87k

Chapter 304




ချင်ဝူ၏ ဤဆုလက်ခံမိန့်ခွန်းသည် အလွန်ရင်ထဲရောက်စေခဲ့သည်။ဗီဒီယိုကို ကြည့်ရှုသူတိုင်းသည် ၎င်းကို ကိုယ်တိုင် သူမနေရာမှာအစားထိုး၍ ခံစားမိခဲ့ကြပြီး ခံစားချက်များ ရောထွေးနေခဲ့ကြသည်။


[ငါကြားတော့ ငိုမိတယ်...ငါလည်း အလုပ်မှာ တောင်းပန်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် သံသယစိတ်နဲ့ အရမ်းညံ့ဖျင်းတယ်လို့ ထင်မိတယ်...ငါလည်း ငါက အရမ်းတော်တယ်လို့ ပြောပေးပြီး ငါ့ကို ယုံကြည်မှုပိုရှိစေတဲ့လူနဲ့တွေ့ချင်တယ်]


[အားးး မသင့်တော်ဘူး ဒါပေမဲ့ထွက်သွားလို့မရဘူးဆိုတဲ့ ခံစားချက်ကို ငါနားလည်တယ်...နေ့တိုင်း ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ခံစားရတယ်...အဲဒီတုန်းက ငါလည်းပဲ နာကျင်နေပေမဲ့ ငါ့ဘက်ကနေရပ်တည်ပေးတဲ့သူနဲ့ မတွေ့ခဲ့ရဘူး]


[ဝူးဝူးဝူး... လင်းလော့ချင်း ကျေးဇူးတင်ပါတယ်...လင်းလော့ချင်းကြောင့်သာမဟုတ်ရင်၊ဝူကျဲ အခုထိ သူ့ကိုယ်သူ သံသယရှိနေတုန်းဖြစ်နေမှာပဲ]


[လင်းလော့ချင်းက တကယ်ကိုစိတ်ထား နူးညံ့တယ်...အရင်တုန်းက ယောင်မော့မော့က သူက သူ(မ)ရဲ့သရုပ်ဆောင်စွမ်းရည်ကို မကြိုက်လို့ ဇာတ်ကောင်တွေရဲ့ ခံစားချက်ကိုဘယ်လိုပိုပြီးကောင်းကောင်း ဆုပ်ကိုင်ရမလဲဆိုတာအမြဲသင်ပေးတယ်လို့ပြောတယ်...အခုကျ ချင်ဝူကလည်း သူက သူ(မ)ဘ၀ကို ပြောင်းလဲစေခဲ့တယ်လို့ပြောပြန်ပြီ...ကောင်းလိုက်တာ]


[အမျိုးသမီးများ၏သူငယ်ချင်း—လင်းလော့ချင်း]


[ဟားဟားဟား၊အမျိုးသမီးတွေရဲ့ သူငယ်ချင်းလို့ သတ်မှတ်လို့မရဘူး...လင်းလော့ချင်းက ယောက်ျားလေးတွေအပေါ်လည်း အရမ်းကောင်းတာ]


[စကားပြောတာရပ်...ရှောင်လင်းလောင်ရှီး စိတ်မပူပါနဲ့... 'အနောက်အရပ်သို့ခရီး' အတွက် ငါ ရုံတစ်ခုသီးသန့်ငှားထားတယ်...ငါတို့ရဲ့ဝူကျဲကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်]


[မှန်တယ်...ရှောင်လင်းလောင်ရှီး ရဲရင့်စွာ ပျံသန်းလိုက်ပါ...ငါတို့နင်နဲ့အမြဲအတူရှိနေမှာပါ!]


လင်းလော့ချင်း ၎င်းကိုကြည့်ကာ ချင်ဝူက အနည်းငယ် နည်းလမ်းတကျဖြစ်လွန်းသည်ဟု ခံစားရသည်။ ဤအခါသမယတွင် ချင်ဝူက သူ့ကို လူသိရှင်ကြား ကျေးဇူးတင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ယနေ့ရောက်နေသည့်နေရာကို ရောက်နိုင်သည်ဆိုသည့်အချက်က သူမကိုယ်ပိုင် ထူးချွန်ပြောင်မြောက်သောအရည်အချင်းနှင့် ပို၍သက်ဆိုင်၏။ မဟုတ်ပါက၊ သူမသည် အတားအဆီးကို ဖြတ်ကျော်ပြီး နှေးကွေးလေးလံသော ဂီတလောကကို နိုးထလာစေရန် ကြားကာလတစ်ခုတည်းကို အားကိုးနိုင်မည်မဟုတ်ပေ။


သူလုပ်ခဲ့သည်က သူမကို အခွင့်အရေးပေးခဲ့ခြင်းသာဖြစ်၏။


လင်းလော့ချင်း အကောင့်ပြောင်းပြီး ချင်ဝူဆုရကြောင့် Weiboပို့စ်ကို ပြန်လည်ဝေမျှလိုက်သည်။ သူ သူမအား ပြန်ပြောခဲ့သည်။

[ကျဲက ထူးချွန်ပြီးသားပါ...ဒါကြောင့် ကျေးဇူးအတင်သင့်ဆုံးက ထူးချွန်ထက်မြက်တဲ့ ကျဲကိုယ်ကျဲပါပဲ]


ချက်ချင်းမှာပဲ၊ ဤပြန်ကြားချက်ကို မြင်သူတိုင်း ရင်ထဲထိရှသွားသကဲ့သို့ လင်းလော့ချင်း၏ Weibo ပို့စ်ကို ရောက်လာခဲ့ကြသည်။၎င်းတို့သည် အဆက်မပြတ် မှတ်ချက်ပေးကြပြီး သီးသန့်စာတိုများ ပေးပို့ကြသည်။


[အားးး ကောကောက နူးညံ့လွန်းတယ်]


[ကောကောက အရမ်းကောင်းတာပဲ... ကောကော.. ကောကောအတွက် ကမ္ဘာမြေပေါ်ကို ဆင်းဖို့ အရမ်းခက်ခဲခဲ့မှာပဲနော်]


[ဖျော်ဖြေရေးနယ်ပယ်ကလူတွေက အတုအယောင်တွေလို့ အမြဲထင်ခဲ့ပေမဲ့ လင်းလော့ချင်းက ငါ့ကို အစစ်အမှန်လို့ တကယ်ခံစားရစေတယ်]


[ဝူးဝူးဝူး နည်းပြ...ငါလည်း သီချင်းဆိုချင်တယ်လို့]


[နည်းပြ...ငါလည်း ပုံဆွဲသင်ချင်တယ်]


[ရှောင်လင်းလောင်ရှီး အမေ့ကို ပြောပေးနိုင်မလား... ကျွန်မကို အတည်ပြုပေးဖို့လည်း တစ်ယောက်ယောက်လိုနေတယ်...ကျေးဇူးတင်ပါတယ်]


မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ဤမှတ်ချက်ကို စာပြန်ခဲ့သည်။

[ကျယ်မေ့ နင်က အရမ်းတော်တယ်... ငါနင့်ကိုအတည်ပြုပေးမယ်]


[နင့်ကို အားပေးဖို့ ငါရောက်လာပြီ ...နတ်ဘုရားမချင်ဝူကိုတွေ့ဖူးလား... သူက အခြားသူတွေရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရပြီး သူကိုယ်သူ ဝန်ထုပ်ဝန်ပိုးလို့ ခံစားခဲ့ရတယ်...ဒါကြောင့် ကျယ်မေ့ နင်က နင်နဲ့ လိုက်ဖက်တဲ့လမ်းကို ရှာမတွေ့သေးရုံပါ]


လင်းလော့ချင်း၏ ဖန်အရေအတွက်သည် အတိုင်းအတာတစ်ခုအထိ တိုးပွားလာပြီး 'အနောက်အရပ်သို့ခရီး' ကို ကြည့်ရှုလိုသူ အရေအတွက်မှာ ဆက်လက်တိုးလာခဲ့သည်။ 'ချင်ဝူကလင်းလော့ချင်းကိုကျေးဇူးတင်' ၏ အပူတပြင်း ရှာဖွေမှုတွင်ပင် 'အနောက်အရပ်သို့ခရီး' ရုပ်ရှင်ကို ကြည့်ရှုရန် လူတိုင်းကို အဆက်မပြတ် အော်ဟစ်အကြုံပြုနေသူများ ရှိခဲ့သည်။


ဒါရိုက်တာလီက ၎င်းကို မြင်ပြီး အကြာကြီး ရယ်နေသည်။

"ကောင်းပြီ...မင်းက မျှော်လင့်ထားတဲ့အတိုင်းပဲလော့ချင်းရေ"


သူဘာမှမလုပ်ခဲ့ဘူးဟု ခံစားနေရသည့်လင်းလော့ချင်း: 'အာ...'


နေပါစေလေ... အကုန်လုံးပျော်နေရင်ပြီးတာပဲ...


လင်းလော့ချင်း ပြုံးပြီး ကျိယွီရှောင်၏ WeChat မက်ဆေ့ချ်ကို အကြောင်းပြန်ရန် ခေါင်းငုံ့လိုက်သည်။


သူ မသိသည့်နေရာတွင် ဗာဒံစေ့မျက်လုံးတစ်စုံနှင့် လှပပြီး ချစ်စရာကောင်းသည့် မိန်းကလေးတစ်ဦးက ချင်ဝူ၏ ဆုရဗီဒီယိုကို ဖုန်းဖြင့်ကြည့်နေသည်။


 သူမ၏ကျဲကျဲကို သူများတွေက မကြိုက်၍ ကျဲကျဲတိတ်တိတ်လေး ဝမ်းနည်းအဆင်မပြေဖြစ်နေခဲ့ရသည်ကို သူမဘယ်တုန်းကမှ မသိခဲ့ပေ။


ယင်းက အကုန်လုံး သူမက သူမအစ်မကို ကာကွယ်ရန် ငယ်လွန်းနေသောကြောင့်ဖြစ်၏။သူမကြီးလာလျှင် ကျဲကျဲနှင့် အလုပ်တွဲလုပ်၍ရပြီဖြစ်သည်။ထိုနည်းဖြင့်ဆိုလျှင် ကျဲကျဲကို ဘယ်သူမှ အနိုင်ကျင့်နိုင်တော့မှာ မဟုတ်ပေ။


ရှောင်လင်းလောင်ရှီး... ကောင်မလေးက ခေါင်းလေးစောင်းကာတွေးလိုက်သည်။ရှောင်လင်းလောင်ရှီးကလည်း ဆရာလား... သူက ဘာသင်တာလဲ...


သူမ၏ကျဲကျဲကို သင်ပေးနိုင်သည်ဆိုမှတော့ ဂီတဆရာပဲဖြစ်ရမည်။


နောင်တွင် သူမကြီးလာသောအခါတွင် ရှောင်လင်းလောင်ရှီးထံ သွားပြီး သီချင်းဆိုသင်မည်။ထိုသို့ဆိုလျှင် သူမကျဲကျဲနှင့်အတူ သီချင်းဆို၍ရပြီဖြစ်၏။


ကောင်မလေးက ဝမ်းသာအားရ တွေးပြီး ခြေထောက်ပုတိုလေးများကို ခါယမ်းလိုက်သည်။ သူမ မြန်မြန်ကြီးပြင်းလာချင်သည်။


လင်းလော့ချင်း 13 ရက်နေ့အထိ လမ်းပေါ်ရှိုးများတွင် ပါဝင်ခဲ့သည်။၎င်းနောက်မှာကား သူ မသွားတော့ပေ။ ယင်းအစား လင်းဖေးနှင့် ကျိလဲ့ယွီတို့နှင့်အတူ အိမ်တွင်သာ နေခဲ့ကာ နောက်ဆုံးစာမေးပွဲကို စောင့်နေသည်။


သူကလေးနှစ်ယောက်ကို အလွန်ကြိး ဖိအားမပေးဝံ့ဘဲ အချိုပွဲ၊ အဆာပြေမုန့်နှင့်သစ်သီးတွေကိုပဲ နည်းလမ်းအမျိုးမျိုးနှင့် ယူသွားပေးခဲ့သည်။


ကျိယွီရှောင်က သူ၏ရင်တထိတ်ထိတ်ဖြစ်နေသော ပုံစံကို မြင်ပြီး သူ့ကို နောက်ပြောင်ခဲ့သည်။ 

"ယုံချင်ယုံ မယုံချင်နေ... မင်းရဲ့သားတွေမှာ စိတ်လှုပ်ရှားမှုလို့ ခေါ်တဲ့ဟာမျိုး လုံးဝမရှိဘူး"


လင်းလော့ချင်း:"……"


လင်းလော့ချင်း ယခင်အတိုင်း အေးဆေးတည်ငြိမ်စွာ သင်ရိုးပြင်ပမေးခွန်းများဖတ်နေသော လင်းဖေးနှင့် လင်းဖေးက တာဝန်ပေးထားသော မေးခွန်းများကို ရေးခိုင်းထားခံနေရသည့် ကျိလဲ့ယွီကို ကြည့်လိုက်သည်။ ဟုတ်သည်၊ သူ့သားပေါက်လေးနှစ်ယောက်က တကယ်ကို ဂရုမစိုက်သလိုပင်။အဖေဖြစ်သူ နစ်ယောက်တည်းကသာ သူတို့အတွက် စိတ်လှုပ်ရှားနေရသည်။



တကယ်တမ်းတွင် လင်းဖေးနှင့် ကျိလဲ့ယွီတို့၏ ပုံမှန် စွမ်းဆောင်ရည်တွေအရ အဆင့်တွေက ညံ့မှာမဟုတ်ဘူးဆိုသည်ကို သူသိသည်။သို့တိုင် မိဘတစ်ယောက်အနေဖြင့် ယခုလိုဖြစ်နေခြင်းကို ရှောင်လွှဲ၍မရပါချေ၊


အထူးသဖြင့် စာမေးပွဲတွေဖြေသည့်အခါဖြစ်၏။ဘယ်မိဘက သာမာန်လူတစ်ယောက်လို ဖြစ်နိုင်မလဲ...


15 ရက်နေ့ မနက်မှာ လင်းလော့ချင်း သူတို့ကို ကျောင်းလိုက်ပို့လိုက်သည်။


ကလေးနှစ်ယောက်ကို "စာမေးပွဲအတွက်ပါးပါးအားပေးနေတယ်နော်"ဟု ပြောခဲ့သည်။


လင်းဖေးက တည်ငြိမ်ဟန်ရှိနေဆဲဖြစ်သည်။ 

"အိုး"


ကျိလဲ့ယွီက ပြုံးလိုက်သည်။ 

"ဟုတ်ကဲ့"


လင်းလော့ချင်း တိတ်တဆိတ် ကြည့်နေပြီး သူ့နှလုံးသားထဲမှာ သူတို့ကို အားပေးနေခဲ့သည်။


လင်းဖေး နှင့် ကျိလဲ့ယွီ တို့၏ ရလဒ်များသည် ရက်အနည်းငယ်အတွင်း ထွက်ပေါ်လာသည်။လင်းလော့ချင်း၏ လက်ရှိကျော်ကြားမှုအရ ကျောင်းမှာထပ်ပေါ်လာပါက မလိုလားအပ်သောပြဿနာများဖြစ်လာနိုင်သောကြောင့် ဆရာမကျန်းက အောင်စာရင်းထွက်ပြီးနောက် မိဘဆရာတွေ့ဆုံပွဲမတိုင်မီတွက် လင်းလော့ချင်း၏အိမ်သို့ အထူးလာရောက်ခဲ့သည်။


"ဒါက ဒီတစ်ခေါက်အတွက် ကလေးနှစ်ယောက်ရဲ့ ရမှတ် မှတ်တမ်းပါ...ဖေးဖေးက အမှတ်ပြည့်ရနေတုန်းပဲ...ဒါပေမဲ့ရှောင်ယွီက ပိုလျမ်းပြီး သူ့အစ်ကိုထက် သုံးမှတ်နည်းတယ်... ကလေးနှစ်ယောက်က ပထမနဲ့ ဒုတိယဖြစ်နေတုန်းပါပဲ"


လင်းလော့ချင်းက ပြုံးပြီး လင်းဖေးနှင့် ကျိလဲ့ယွီ၏ ရမှတ် မှတ်တမ်းကတ်များကို ယူလိုက်သည်။ သူက ဆရာမကျန်းကို ထပ်ခါထပ်ခါ ကျေးဇူးတင်၏။ 


"ဆရာမရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်"


ဆရာမကျန်း၏ လေသံက နူးညံ့နေသည်။ 

"ရပါတယ်...အခုတလော ရှင်က အရမ်းနာမည်ကြီးနေတာ...ရှင်သာ ကျောင်းလာရင် ကျောင်းက ပြန်မထွက်နိုင်မှာ ကြောက်မိတယ်...ပြီးတော့ ရှင်က ကလေးနှစ်ယောက်ကို အရမ်းကိုကောင်းကောင်း သွန်သင်ထားတာပဲ... ကျွန်မတို့ရုံးက ဆရာဆရာမတွေက ဖေးဖေး နဲ့ ရှောင်ယွီကို အရမ်းသဘောကျကြတာ"



"ကျေးဇူးတင်ပါတယ်"


"ဒါက သူတို့နှစ်ယောက်အတွက် ဆုပါ" ဆရာကျန်းက ပြောပြီး ဘောပင်နှစ်ချောင်းကို ထုတ်ယူလိုက်သည်။ 

"သူတို့နှစ်ယောက် ဆက်လက်ကြိုးစားနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်"


လင်းလော့ချင်းက ပြုံးပြုံးရွှင်ရွှင်နှင့် ယူပြီး သူမကို ကျေးဇူးတင်စကားပြောလိုက်သည်။


ဆရာမကျန်း ထွက်ခွာခါနီးတွင် လင်းလော့ချင်းက အန်တီကျန်းကို လင်းဖေး နှင့် ကျိလဲ့ယွီ တို့ကို ခေါ်ခိုင်းလိုက်သည်။ ကလေးနှစ်ယောက်က ဆရာမကျန်းကိုတွေ့ရန် အောက်ထပ်ကို ဆင်းလာကြသည်။


သူမကို အိမ်အပြင်လိုက်ပို့ပြီးသည်အထိစောင့်ပြီးမှ ကျိလဲ့ယွီက သိလိုစွာဖြင့်မေးသည်။

"ပါးပါး...သား စာမေးပွဲအတွက် ဘယ်အဆင့်ရခဲ့တာလဲ" 


"ဒုတိယ"

လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်လိုက်ပြီး လင်းဖေးကို ကြည့်လိုက်သည်။ 

"ဖေးဖေးက အရမ်းတော်တာပဲ... သားက ပထမထပ်ရပြန်ပြီ... အမှတ်ကလည်းအပြည့်နဲ့"


ယင်းက အကြိမ်များစွာဖြစ်ခဲ့သည်။ ပထမနေရာကိုရရန် သို့မဟုတ် ရမှတ်အပြည့်ရရန် မခက်ခဲပါချေ။ခက်ခဲသည်က အခေါက်တိုင်း အမှတ်ပြည့်ရရန်ဖြစ်၏။ ၎င်းသည် ခိုင်မာသောသင်ယူနိုင်စွမ်းရှိရုံသာမက ကျောင်းသားက လုံလုံလောက်လောက်သတိထားရန်လည်း လိုအပ်လေသည်။


လင်းဖေးက ထိုသို့သောလူတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။


သူ့ကမ္ဘာကြီးက အလွန်အင်မတန် သန့်ရှင်းသည်။ သူက ကိစ္စအများကြီး ဂရုမစိုက်ဘဲ အာရုံထွေပြားသည့် အတွေးတွေလည်း မရှိသလောက်ပါပင်။ထို့ကြောင့် သူက သာမန်လူများအတွက် ရရှိရန် ခက်ခဲသော ရည်မှန်းချက်အမြင့်များကို ရရှိရန် ကံပါပြီးသားဖြစ်လေသည်။


ယင်းက သူငယ်စဉ်ကတည်းက သိသာထင်ရှားခဲ့၏။


လင်းလော့ချင်း အခန်းထဲသို့ ပြန်သွားပြီး လင်းဖေး နှင့် ကျိလဲ့ယွီအတွက် ဆရာမကျန်းပေးထားသည့် ဘောပင်များနှင့်အတူ ၎င်းတို့၏ ရမှတ်မှတ်တမ်းများကို လင်းဖေးကို ပေးလိုက်သည်။


လင်းဖေးက သူ့လက်ထဲက ဘောပင်ကို ကြည့်ပြီး ကျိယွီရှောင်ကို ရုတ်တရက် တွေးလိုက်မိသည်။


အချိန်အများစုတွင် ကျိယွီရှောင်က စာကြည့်ခန်းထဲမှာရှိနေတတ်သည်။သူလည်း ကျိယွီရှောင်ကိုရှာချင်လျှင် စာကြည့်ခန်းထဲသွားရသည်။


ကျိယွီရှောင်က အလုပ်လုပ်နေချိန်တွင် ဖောင်တိန်ကို အသုံးပြုသည်။လင်းဖေး သူကို စကားသွားပြောတိုင်း၊ ကျိယွီရှောင် သူ၏ ဘောပင်ကို ချကာ သူ့ဆီသို့ လျှောက်လာပြီး သူ့ကို့ပွေ့ချီ၍ သူပြောသည်ကို နားထောင်လေ့ရှိသည်။


သူက ဘောပင်သုံးရသည်ကိုအလွန်ကြိုက်သည်။လင်းဖေး သူ့ကို ဤဘောပင် ပေး၍ရသည်တွေးလိုက်မိသည်။


သို့ပေမဲ့ သူ့နှလုံးသားက လင်းလော့ချင်းကို ဘက်လိုက်ပြီး ဤဘောပင်ကို လင်းလော့ချင်းကိုပေးချင်နေသည်။


ဘောပင်နှစ်ချောင်းသာရှိလျှင်ကောင်းမည်။လင်းဖေးက ချီတုံချတုံဖြစ်၍နေသည်။


သူဤသို့တွေးနေမိချိန်မှာ ကျိလဲ့ယွီ၏လက်ထဲက ဘောပင်ကို ရုတ်တရက်တွေ့လိုက်ရသည်။အိုး၊ သူ့မှာ ဘောပင်နှစ်ချောင်းရှိတာပဲ...


"မင်း မင်းဘောပင်ကိုသုံးချင်လား"


ကျိလဲ့ယွီ သူ့အိပ်ခန်းသို့ ပြန်သွားသောအခါ လင်းဖေးက သူ့နောက်သို့ လိုက်လာပြီး မေးသည်။


ကျိလဲ့ယွီက ခေါင်းခါပြီး "ကိုကို လိုချင်ရင် သားပေးမယ်လေ" ဟု ရက်ရက်ရောရော ပြောလိုက်၏။


"မဟုတ်ဘူး" 

လင်းဖေးက ပြောသည်။ 

"မင်းရှုရှုကို ပေးလိုက်...သူက ဘောပင် သုံးရတာ ကြိုက်တယ်"


ကျိလဲ့ယွီက ယခုလိုကိစ္စများတွင် လင်းဖေးထက်အမြဲအာရုံစိုက်မှုနည်းသော်လည်း သူကကျိယွီရှောင်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အမြဲဆန္ဒရှိနေသည်။ထိုကြောင့် လင်းဖေးက ယခုလို အကြံပြုလိုက်သည်နှင့် သူကတန်းပြီး သဘောတူလိုက်၏။ 

"အိုကေ"


လင်းဖေး ကျေနပ်သွားသည်။ လင်းလော့ချင်း ညဘက် ကျိယွီရှောင်၏ စာကြည့်ခန်းသို့ သွားနေချိန်မှာ သူ လင်းလော့ချင်း၏ အိပ်ခန်းရှိ ကုတင်ဘေးက စားပွဲပေါ်တွင် ဘောပင်ကို ချထားလိုက်သည်။လင်းလော့ချင်း နှင့် ကျိယွီရှောင် ၎င်းကို မည်သူ့ဟာဖြစ်သည်ကို မပြောနိုင်မည်ကို စိုးရိမ်သောကြောင့် စာရွက်တစ်ရွက်မှာရေးပြီး ၎င်းအောက်မှာဖိထားခဲ့သည်။ 

[ပါးပါး အလုပ်အဆင်ပြေပါစေ]


ဤအခေါ်အဝေါ်ဖြင့်ဆိုလျှင် ကျိယွီရှောင် နှင့် လင်းလော့ချင်း နှစ်ဦးစလုံး တစ်ချိန်တည်းတွင် ရှိနေပါက လင်းလော့ချင်းကို ရည်ညွှန်းမှန်း ထင်ရှားသည်။


လင်းဖေး သူ့စာကြည့်ခန်းလေးသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ ခေါင်မိုးပေါ်မှ ကြယ်ရောင်စုံ ကောင်းကင်ကြီးကို မော့ကြည့်ရင်း သူ့ရင်ထဲမှာ ကြည်နူးမှု အနည်းငယ် ခံစားလိုက်ရသည်။


ခဏကြာသောအခါ ကျိလဲ့ယွီ ရောက်လာ၏။


"သား ဘောပင်ကို ရှုရှုကို ပေးလိုက်တယ်"

သူက ဝမ်းသာအားရ ပြောလေသည်။

"ရှုရှု အရမ်းပျော်ပြီး သားကို နမ်းတယ်"


လင်းဖေးသည် တည်ငြိမ်သော မျက်နှာထားဖြင့် နားထောင်နေသော်လည်း သူ့စိတ်ထဲတွင် ပျော်ရွှင်မှု အနည်းငယ် တိုးလာသည်။


ကျိလဲ့ယွီက ချီးကျူးခံရသည့်အတွက် သူကျိလဲ့ယွီကို မနာလိုဖြစ်မှာ မဟုတ်သလို သူလုပ်ချင်သည့်အရာကို ကျိလဲ့ယွီကို မလုပ်စေချင်သည်မျိုးလည်းဖြစ်မှာမဟုတ်ပေ။(သူဘောပင်ပေးချင်တာကို ကျိလဲ့ယွီက အနောက်က လိုက်လုပ်လဲ ရတယ်လို့ပြောချင်တာ 🥺ရှင်းမှ ပိုရှုပ်သွားလား)


ကျိယွီရှောင်ရော ကျိလဲ့ယွီပါ ပျော်နေသောကြောင့် သူပျော်နေမှာပါပင်။


ကျိလဲ့ယွီက သူ့ဘေးမှာ ကပ်ပြီး "ကျေးဇူးတင်ပါတယ် ကိုကို"ဟု ချိုချိုသာသာ ပြောလာသည်။


"ရပါတယ်" 

လင်းဖေးက ပြော၏။


သူ လှည့်ပြီး စာအုပ်စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ယူလိုက်သည်။သူက ကျိလဲ့ယွိအတွက်လည်း တစ်အုပ်ဆွဲယူပြီး သူနှင့်အတူ ဖတ်ခိုင်းလိုက်သည်။


လင်းလော့ချင်း သူ့အိပ်ခန်းသို့ ပြန်လာပြီးနောက် ကုတင်ဘေး စားပွဲပေါ်မှ ဘောပင်ကို တွေ့သည်။


သူ ကောက်ကိုင်လိုက်သည်နှင့် လင်းဖေး၏ မရင့်ကျက်သော လက်ရေးကို တွေ့လိုက်ရသည်။


လင်းလော့ချင်း မပြုံးနိုင်ဘဲမနေနိုင်ပဲ စာရွက်ကို ကောက်ကိုင်လိုက်ပြီး သေသေချာချာကြည့်သည်။


"ဘယ်လိုလဲ...ဖေးဖေးက မင်းကို ဘောပင်ပေးလိမ့်မယ်လို့ ငါပြောသားပဲ" 


ကျိယွီရှောင် သူ့နောက်ကနေ ပြောလိုက်သည်။ 

"သူတို့ နှစ်ယောက်က အမြဲတမ်း တစ်ပုံစံတည်း လိုက်လုပ်ကြတာ...ဒါကို ရှောင်ယွီက ဘယ်လိုလုပ်သတိထားမိမှာလဲ...သူက အရမ်းအလိုလိုက်ခံထားရတာ... ငယ်ငယ်လေးကတည်းက တခြားလူတွေကပဲ သူ့ကို ပစ္စည်းတွေ ပေးကြတယ်...လူတွေကို လက်ဆောင်တွေပေးရမယ်ဆိုတဲ့ သဘောတရားကို ဘယ်မှာသွားသိနိုင်မလဲ...ဖေးဖေးက မင်းကို ပေးချင်တယ်၊ အဲ့တော့ ရှောင်ယွီက သူ့ဆီကနေသင်ယူပြီးငါ့ကိုလည်းပေးခဲ့တာဖြစ်မယ်"


'ပါးပါး အလုပ်အဆင်ပြေပါစေ' ဟူသော စကားလုံးများကို ကြည့်လိုက်သောအခါ လင်းလော့ချင်း၏ မျက်လုံးများမှာ နူးညံ့မှုအပြည့်နှင့်ဖြစ်၏။သူ့နှလုံးသားထဲမှာ လေနွေးနွေးလေး တိုက်ခတ်နေသလို ခံစားရသည်။


ကျိယွီရှောင်က သူ့အနားကို ကပ်လာပြီး သူ့ပုခုံးကို သိုင်းဖက်လိုက်သည်။ 

"ငါတို့ပေါင်ပေါင်းတွေက သိတတ်လွန်းနေတယ်... ဒါက တကယ့်ကို ရင်နာရတယ်"

(သိတတ်လွန်းတော့ စိတ်မကောင်းဖြစ်ရတယ်)


"ဟုတ်တယ်"

လင်းလော့ချင်းကတိုးညှင်းသော အသံဖြင့် ပြန်ဖြေသည်။


သူ့ပေါင်ပေ့နှစ်ယောက်က တကယ် ချစ်စရာကောင်းသည်။


လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့သည် နောက်တစ်နေ့တွင် မီးရှူးမီးပန်းများ အတူတူဝယ်သောအခါတွင် ကလေးနှစ်ဦးအတွက် ပုံစံတူ မီးရှူးမီးပန်းများစွာကို ဝယ်ယူခဲ့ကြသည်။


နဂါးမီးရှူးမီးပန်း၊ ကျားမီးရှူးမီးပန်း နှင့် KOI ငါးလေးမီးရှူးမီးပန်းတို့ကိုပင် တွေ့ရှိခဲ့သည်။ သူ ကလေးနှစ်ယောက်ကို အံ့အားသင့်စေရန် ရည်ရွယ်ထားသည်။


မီးရှူးမီးပန်းတွေဝယ်ပြီးနောက် နှစ်သစ်ရောက်ခါနီးပြီဖြစ်သ

ည်။လမ်းနှစ်ဘက်ရှိ သစ်ကိုင်းများတွင် အနီရောင် မီးပုံးငယ်များနှင့် အဖြူရောင် တံခွန်များ ချိတ်ဆွဲထားသည်။ ဤအရာက နီနီရဲရဲမီးရှုးမီးပန်းများနှင့်ဖြာထွက်လာသော ငွေရောင်ပန်းပွင့်များကဲ့သို့သော ခံစားချက်ကို ဖန်တီးပေးနေကြသည်။