အပိုင်း ၃၀၅
Viewers 87k

Chapter 305



လင်းလော့ချင်း နှစ်သစ်၏ အငွေ့အသက်ကို ခံစားရပြီး မီးသွေးမီးကင်ထားသလိုမျိုး သူ့နှလုံးသား နွေးထွေးသွားသလို ခံစားရသည်။



သူ သူ့ပေါင်ပေ့နှစ်ယောက်နှင့် ကျိယွီရှောင်ကို စူပါမားကတ်မှာ ပစ္စည်းဝယ်ရန် ခေါ်သွားခဲ့သည်။


လင်းဖေးက ဣန္ဒြေရှိရှိဖြင့် ခေါင်းလေးတမော့မော့နှင့် ကြည့်နေချိန်မှာ ကျိလဲ့ယွီက သူကြိုက်သည့်အရာမှန်သမျှကို လှည်းထဲအကုန်ထည့်နေ၏။


မကြာခင်မှာ သူတို့မှာ စျေးဝယ်လှည်းကြီး နှစ်ခု အပြည့်ဖြစ်သွားသည်။အမောက်အလျှံမဖြစ်ခင်မှာ

လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ ခြင်းတောင်းတစ်ခုစီ သယ်ကာပိုက်ဆံရှင်းလိုက်ကြသည်။


သူတို့ အိမ်ပြန်ရန် အလျင်မလိုခဲ့ကြပေ။နှစ်သစ်ကူးပစ္စည်းတွေ ဝယ်ပြီးနောက် အနီးအနားမှာ ရှော့ပင်ထွက်ကြသည်။


ကျိလဲ့ယွီက နှစ်သစ်၏ ပျော်ရွှင်မှုကို ခံစားရပြီး လင်းလော့ချင်း၏လက်ကို ကိုင်ကာ လမ်းမပေါ်မှာ ခုန်ပေါက်နေခဲ့သည်။ရုပ်ရှင်ရုံကို ဖြတ်သွားစဉ်တွင် နံရံပေါ်တွင် တင်ထားသော 'အနောက်အရပ်သို့ ခရီး' ဟူသော ပိုစတာကို သူမြင်လိုက်ရသည်။


 ပိုစတာတွင် လင်းလော့ချင်းက သူ၏ချောမောသောမျက်နှာဖြင့် အကူအညီမဲ့နေဟန်ဖြစ်နေသည်။


"ပါးပါး...ဟိုမှာပါးပါး" 

ကျိလဲ့ယွီက ပိုစတာကို ညွှန်ပြသည်။


သူက လင်းလော့ချင်းကို ဆွဲခေါ်သွားပြီး ပိုစတာကို ဂရုတစိုက် စိုက်ကြည့်နေသည်။


လင်းလော့ချင်းက ဦးထုပ်၊ မျက်မှန်၊ maskနှင့် ပဝါထူထူကို ၀တ်ထားသည်။ သူက အလွန်ကိုပိရိသေသပ်စွာ ၀တ်ဆင်ထားသည်။


ကျိလဲ့ယွီက ပိုစတာပေါ်ရှိ စကားလုံးများကို ညွှန်ပြပြီး ၎င်းတို့ကို စကားလုံးတစ်လုံးချင်း ဖတ်ပြသည်။ 

"နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ အတူတူပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်"


"ဟုတ်တယ်"

လင်းလော့ချင်းက ပြုံးလိုက်သည်။ "နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ရုပ်ရှင်ကြည့်ဖို့ ရုပ်ရှင်ရုံကို သွားကြမယ်...

ပြီးရင် သားနဲ့ သားကိုကိုကို မြင်ရမှာ"


ကျိလဲ့ယွီ စခရင်အကြီးကြီးပေါ်တွင် ပေါ်လာရခြင့းကို အလွန်စိတ်ဝင်စားပြီး "အိုကေ" ဟု စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။


လင်းလော့ချင်း သူ့ခေါင်းကို ပွတ်လိုက်ပြီး ဒါရိုက်တာလီက သူတို့ကို ရုပ်ရှင်ထဲမှာပါဝင်ချိန် နောက်ထပ် စက္ကန့်အနည်းငယ်လောက် ပိုပေးရန် မျှော်လင့်လိုက်၏။


နှစ်သစ်ကူးအကြိုကာလ နီးကပ်လာသည်နှင့်အမျှ နှစ်သစ်၏ခံစားချက်က ပိုမိုအားကောင်းလာသည်။


အဖေလင်းက နောက်ဆုံးတွင် လင်းလော့ချင်းကို ဖုန်းဆက်ပြီး ယခုနှစ် နှစ်သစ်အတွက် အိမ်ပြန်လာခိုင်းလေသည်။လင်းလော့ချင်းက ငြင်းဆန်ခဲ့ပြီး သူ့စကားများက အလွန်အေးစက်၍နေသည်။ 

"ဒါပေါ့...ကျွန်တော်က အိမ်မှာ နှစ်သစ်ကူးကို ဆင်နွှဲမှာပါ...ဒါပေမဲ့ ကျွန်တော့်အိမ်က ခင်ဗျားနဲ့ဘာဆိုင်လဲ"


သူ ဖုန်းချလိုက်သည်။အဖေလင်းတစ်ယောက် သူ၏ အေးစက်မှုနှင့် ဗလာကျင်းနေသော အိမ်ကြီးကို ကြည့်ကာ နောင်တကြီးစွာဖြင့် ခေါင်းငိုက်စိုက်ကျသွားလေသည်။


****

ကျိယွီရှောင် အခုတလော ကျိလဲ့ယွီကို စောင့်ကြည့်နေခဲ့သည်။သူတို့က နှစ်သစ်ကူးပွဲကျင်းပတိုင်း အဖေကျိအိမ်သို့ သွားလေ့ရှိသည်။ ဤတစ်ကြိမ်မှာ ကျိလဲ့ယွီက သူ့အဘိုးကို သွားတွေ့ရန် တောင်းဆိုမှာကို သူစိုးရိမ်နေခဲ့သည်။


သို့သော် ကလေးများက မေ့တတ်၍ဖြစ်မည်။ဤနှစ်မှာ ကျိလဲ့ယွီက သူ့အဘိုးကို သိပ်မတွေ့ဖြစ်သဖြင့် ထိုအကြောင်းကိုသတိမရသေး၍ထင်၊သူ့အဘိုးအကြောင်းကို အခုအချိန်အထိ မပြောသေးပါချေ။


ကျိယွီရှောင် ထိုအကြောင်းကို တွေးထားပြီးသားဖြစ်သည်။ကျိလဲ့ယွီက မေးလျှင် အဖေကျိ နိုင်ငံခြားမှာ အပန်းဖြေခရီးထွက်နေ၍ နှစ်သစ်မကျင်းပနိုင်ဘူးဟု ပြောလိုက်မည်။


အဖေကျိကို သူ ဂရုမစိုက်ပေ။ကျိလဲ့ယွီကို အမှန်အတိုင်းမသိစေချင်သောကြောင့်သာဖြစ်သည်။ကျိလဲ့ယွီအတွက် ရက်စက်ရာကျလွန်းသည်။ကျိလဲ့ယွီ၏ အမြင်တွင် အဘိုးဖြစ်သူက သူ့ကို အမြဲတမ်း ဂရုတစိုက်ပြီး သဘောကျသည့် အဘိုးဖြစ်နေရန် သူ ပိုလိုလားသည်။


သို့သော်ကျိလဲ့ယွီက ကျိကျန်းဟုန်ကို လုံးဝ ဂရုမစိုက်သည်မှာ သနားစရာပင်။


ကျိကျန်းဟုန်သည် သူ့နှလုံးသားထဲမှာ တစ်ခါမှ မရှိဖူးခဲ့သည့်အတွက် ကျိကျန်းဟုန်ကိုသူ တစ်ခါမှမမျှော်ပါချေ။


ကျိကျန်းဟုန်မှာ ကျိယွီလင်း နှင့် ကျိယွီရှောင်၏အဖေဟူသော အထောက်အထားသာမရှိပါက ကျိလဲ့ယွီက လမ်းဘေးရှိပေါင်းပင်တစ်ပင်ကဲ့သို့ သူ့ကိုကြည့်လိမ့်မည်။ထိုကဲ့သို့သော အထောက်အထားဖြင့်ပင် ကျိယွီရှောင်က သူ့ကို ဂရုမစိုက်သရွေ့ သူလည်း ဂရုစိုက်မှာမဟုတ်ပေ။


သူ၏ဗီဇကိုယ်က တစ်ကိုယ်ကောင်းဆန်သည်။ သူ့မှာရှိသည့် တစ်ခုတည်းသော ခံစားချက်က အိမ်မှာရှိသည့် လူနည်းစုနှင့်သာ သက်ဆိုင်သည်။ သို့သော်လည်း ကျိယွီရှောင်က ၎င်းကို မသိခဲ့ဘဲ သူ၏လိမ္မာရေးခြားရှိသော တူလေးကို နှစ်သိမ့်ရန် စောင့်နေဆဲဖြစ်၏။


ကျိယွီရှောင် တစ်နေ့ပြီးတစ်နေ့ သတိထားစောင့်ကြည့်နေစဥ်မှာပင် နှစ်သစ်ကူးအကြိုနေ့ ရောက်လာခဲ့ပေပြီ။


****


ကျိလဲ့ယွီသည် ပျော်ရွှင်စွာဖြင့် ဗျောက်အိုးတစ်တွဲကို ယူလိုက်ပြီး ကျိယွီရှောင်ကို သူ့အတွက် ဖောက်ပေးရန် တောင်းဆိုလေသည်။


ကျိယွီရှောင်က ၎င်း ယူသွားပြီး မကစားခင် အရင်စားရန် ပြောလိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင် ၏ဘေးတွင်ထိုင်ကာ ကလေးနှစ်ယောက်ကို ထမင်းကျွေးသည်။ နွေဦးပွဲတော်ပျော်ပွဲကိုကြည့်ရင်း သူတို့နှင့်အတူ စားသောက်ခဲ့သည်။


နာမည်ကြီး ကြယ်ပွင့်တစ်ယောက် ထွက်လာသည်ကို မြင်သောအခါ ကျိယွီရှောင်က သူ့ကိုမေးလာ၏။


"ဒီနှစ် နွေဦးပွဲတော်ပွဲကို မင်းကိုဘာလို့ မဖိတ်တာလဲ"


လင်းလော့ချင်းက ပခုံးတွန့်လိုက်သည်။ 

"ဘယ်သူသိမှာလဲ... မဖိတ်တာ ပိုကောင်းပါတယ်... မဟုတ်ရင် အခုဒီမှာနေဖို့ ဘယ်လိုလုပ် အချိန်ရမှာလဲ..."


နွေဦးပွဲတော်ဖျော်ဖြေပွဲကို သူ မသွားချင်ပေ။ စင်ပေါ်မှာ ဖျော်ဖြေရသည်နှင့် ယှဥ်ဘျှင် ကျိယွီရှောင်တို့နှင့် နေရသည်ကို သူပိုကြိုက်၏။


"နောက်ကျ အခွင့်အရေးရရင်တောင် ငါမသွားဘူး"


"သွားလိုက်ပါ"

ကျိယွီရှောင်က ပြောသည်။

"ဒါက မင်းရဲ့နာမည်ကျော်ကြားမှုကိုလည်း တိုးမြင့်စေနိုင်တယ်လေ" 


လင်းလော့ချင်းက ပြုံးပြီး သူ့ကို မျက်စိမှိတ်ပြကာ ဂုဏ်ယူစွာနှင့်ဆို၏။  

"ငါက အရမ်းနာမည်ကြီးနေပါပြီနော်"


ကျိယွီရှောင်က သူ မျက်စိမှိတ်ပြသည်ကို ကြည့်ပြီး ရယ်လိုက်သည်။ပြီးနောက် လင်းလော့ချင်း၏လက်ကို စားပွဲအောက်တွင် တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်၏။


စားသောက်ပြီးနောက် ကျိလဲ့ယွီအတွက် ဗျောက်အိုးများဖောက်ရန် ခြံဝင်းသို့သွားလိုက်ကြသည်။


လင်းလော့ချင်း ဗျောက်ဖောက်သံများကို နားထောင်နေခဲ့သည်။ဗျောက်အိုးသံများ ရပ်တန့်သွားသည်နှင့် လင်းဖေးနှင့် ကျိလဲ့ယွီတို့ကိုမေးလိုက်သည်။


"သားတို့ကို စစ်ကြည့်မယ်... အဲဒီကဗျာကို ကျက်ပြီးပြီလား...ဗျောက်အိုးသံတွေကြားက နှစ်တစ်နှစ်ရဲ့နှုတ်ဆက်ပွဲ... နွေဦးလေညင်းက ထူဆု(ဝိုင်)ထဲကို နွေးထွေးမှုတွေသယ်ဆောင်လို့လာ... နောက်ဆုံးစာကြောင်းနှစ်ကြောင်းက ဘာလဲ"


ကျိလဲ့ယွီက စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ ဒါက ဘယ်လိုကဗျာအမျိုးအစားလဲ...ပြီးတော့ နောက်ဆုံးနှစ်ကြောင်းက...


လင်းဖေးက သူ၏ ထင်ရှားလှသောမသိနားမလည်သည့် အမူအရာကို မြင်လိုက်သည်။သူ 30% အကူအညီမဲ့ဖြစ်ကာ 20% အထင်အမြင်သေးပြီး 50% ကျင့်သားရနေသည်။သူညီလေးက အမြဲတုံးခဲ့သည်။သူ ၎င်းကိုကျင့်သားရနေပြီဖြစ်သည်။



ကျိလဲ့ယွီ:"……"


သူ ပါးလေးဖောင်းကာ လက်မခံနိုင်စွာဖြင့်မေးလိုက်သည်။

"ကိုကိုသိတာလား"


လင်းဖေးက အလွန်တည်ငြိမ်၍နေသည်။ 

"ထောင်နဲ့ချီသော တံခါးတွေနဲ့မရေမတွက်နိုင်သော အိမ်ထောင်စုတွေမှာ တောက်ပသောနေရောင်နဲ့လွှမ်းခြုံလို့နေ... အဆောင်လက်ဖွဲ့ဟောင်းတွေကို မက်မွန်သားသစ်တွေနဲ့ အစားထိုးကြမြဲ...ဝမ်းအန်းရှစ်ရဲ့ ယွမ်ရီ"


"တရုတ်စာဆရာက မသင်ဘူးလေ"


"မင်းမှာ 'မူလတန်းနဲ့ အလယ်တန်းအဆင့်အတွက် မှတ်သားထားရမည့် ရှေးကဗျာများ' စာအုပ်ရှိတယ်"


ကျိလဲ့ယွီ:"!!!"


မူလတန်းနဲ့ အလယ်တန်းအဆင့်!! မူလတန်းနဲ့ အလယ်တန်းအဆင့်!! သူက အခုမှ မူလတန်း ဒုတိယအဆင့်ပဲရှိသေးတာနော် အိုကေ...


သူက ဒီလောက်ရှေ့ရောက်နေမှရမှာလား...


လင်းလော့ချင်း နှင့် ကျိယွီရှောင်က ရယ်မောလိုက်သည်။


လင်းလော့ချင်းက လင်းဖေး၏ ခေါင်းကို ပွတ်လိုက်သည်။ 

"ဖေးဖေးက တော်လိုက်တာ... သားဖြေတာ မှန်တယ်...ဖေးဖေးကို ပါးပါးကိုနမ်းခွင့်ပေးပြီးဆုချမယ်"


လင်းဖေးက သူ့ကို အထင်အမြင်သေးစွာဖြင့် စိုက်ကြည့်နေသည်။


လင်းလော့ချင်း သူ၏အထင်အမြင်သေးမှုကိုလျစ်လျူရှုကာ နမ်းလိုက်သည်။ 

"မြန်မြန်... မြန်မြန်လုပ်...ပါးပါးက သားကို နမ်းပြီးပြီနော်"


"ဘယ်သူကနမ်းခိုင်းလို့လဲ" 


လင်းဖေးက တိုးတိုးလေးရေရွတ်လိုက်သည်။သို့သော်လည်း သူက လင်းလော့ချင်း၏ပါးကို ကိုးရိုးကားယားလေး နမ်းလိုက်ဆဲဖြစ်သည်။


လင်းလော့ချင်း သူ့အိတ်ကပ်ထဲမှ စာအိတ်နီကို ထုတ်လိုက်သည်။ 

"ဒီမှာရော့ နှစ်သစ်အတွက် စာအိတ်နီ... နောင်နှစ်မှာ ငါတို့ဖေးဖေးလေး အန္တရာယ်ကင်းဘေးရှင်းပြီး ပျော်ရွှင်နိုင်ပါစေ၊ လိုချင်တာမှန်သမျှ ပြည့်စုံပါစေနော်"


သူက စာအိတ်နီကို လင်းဖေး၏လက်ထဲသို့ ထည့်လိုက်ပြီး ကျိလဲ့ယွီကို လှည့်ကြည့်လိုက်သည်။ 

"ရှောင်ယွီ ပါးပါးကို နမ်း"


ကျိလဲ့ယွီက မဆိုင်းမတွ နမ်းလိုက်သည်။လင်းလော့ချင်းက နောက်ထပ် စာအိတ်နီတစ်အိတ်ကို ထုတ်ကာ သူ့လက်ထဲသို့ ထည့်လိုက်သည်။

"ရှောင်ယွီ နောက်နှစ်မှာ စာကြိုးစားပြီး အန္တရာယ်ကင်းဘေးရှင်းလို့ ပျော်ရွှင်ပါစေနော်"


ကျိလဲ့ယွီက ပြုံးပြီး လက်ခံလိုက်သည်။ "ကျေးဇူးတင်ပါတယ် ပါးပါး"


"ရပါတယ်"


သူမော့ကြည့်လိုက်သောအခါ ကျိယွီရှောင်က သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရ၏။


"နမ်းရမှာလား" 

ကျိယွီရှောင်က အသံမထွက်ဘဲ သူ့ကို မေးသည်။


လင်းလော့ချင်းက နှာမှုတ်လိုက်သည်။


"မီးရှူးမီးပန်း...မီးရှူးမီးပန်း ပစ်မယ်" ဟု သူက ကလေးဆန်စွာ အော်လိုက်လေသည်။


ကျိယွီရှောင်က မီးရှူးမီးပန်းများကို အမြန်ထုတ်လိုက်သည်နှင့် လင်းလော့ချင်းက အနားကပ်လာကာ ဂရုတစိုက် မီးညှိလိုက်ပြီး မီးရှူးမီးပန်းများ ဖောင်းခနဲပေါက်ကွဲထွက်ကာ ကောင်းကင်တွင် ကြီးမားသော ပုံစံတစ်ခု ဖန်တီးနေသည်ကို ကြည့်ရှုခဲ့သည်။


"ဖေးဖေး၊ ဒီကိုလာ"

သူ လင်းဖေးကို လှမ်းအော်လိုက်သည်။


"မီးရှူးမီးပန်း ပစ်ရဲလား" 

လင်းဖေးရှေ့မှာ သူက မီးခြစ်ဆံကို ဝှေ့ယမ်းလိုက်သည်။


လင်းဖေးက အေးဆေးတည်ငြိမ်စွာပြောသည်။

"ဘာလို့မပစ်ရဲရမှာလဲ"


"ဒါဆို ဒါကို ကိုင်" 

လင်းလော့ချင်းက သူ့ကို မီးခြစ်ဆံ ပေးလိုက်သည်။ 

"ဂရုစိုက်နော်"


လင်းဖေးက မီးခြစ်ဆံကို ရဲရဲခြစ်ပြီး မီးစာကို မီးညှိတော့မည်ပြု၏။


လင်းလော့ချင်း သူ့အတွက် စိတ်ပူနေမိပြီး နောက်ဆုံးအခိုက်အတန့်နီးကပ်လာသည်နှင့်အမျှ သူက စိတ်ချရအောင် လင်းဖေး၏လက်ကို ဆုပ်ကိုင်လိုက်သည်။ 


"ပါးပါး သားနဲ့အတူတူလုပ်မယ်"


လင်းဖေး၏လက်က သူ့လက်ဖြင့် ဆုပ်ကိုင်ထားခံရသည်။ သူ့လက်သေးသေးလေးကို လင်းလော့ချင်း၏ လက်ကြီးဖြင့် အုပ်ကိုင်ထား၏။ယင်းက အလွန်နွေးထွေးပြီး လုံခြုံလေသည်။


လင်းလော့ချင်း သူ မီးစာကိုမီးညှိပြီးနောက် သူ့ကို ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။ လင်းဖေး ကောင်းကင်သို့ ရွှေရောင်မီးတောက်တစ်ခု တက်သွားသည်ကို မြင်လိုက်ရပြီး နောက်ဆုံးတွင် နဂါးအသွင်ပြောင်းကာ ညကောင်းကင်တွင် ခိုင်မာစွာအမြစ်တွယ်နေသည်။


လင်းလော့ချင်း၏လက်က သူ့အား ဆုပ်ကိုင်ထားဆဲဖြစ်သည်။ သူ့အသံက လင်းဖေး၏ ခေါင်းထက်ကနေ ထွက်ပေါ်လာ၏။

"ကြည့် အဲဒါက နဂါးပဲ...သားညှိလိုက်တာက နဂါးကြီး... တကယ်ကို အစွမ်းထက်တယ်"


လင်းဖေး ကြယ်ရောင်တောက်နေသော ကောင်းကင်တွင် ထွန်းလင်းနေသော ရွှေနဂါးကြီးကို ကြည့်ပြီး လင်းလော့ချင်းပြောသည့်စကားကို ရုတ်တရက် သဘောပေါက်သွားသည်။ သူက နဂါးတစ်ကောင်ဖြစ်ပြီး အနာဂတ်တွင် ကောင်းကင်ယံဆီသို့ ပျံတက်သွားသော နဂါးဖြစ်လာမည်ဖြစ်သည်။


ရွှေနဂါးကြီးက သူ့မျက်လုံးထဲမှာ ရောင်ပြန်ဟပ်ကာ ရွှေရောင်းအလင်းရတွေနှင့် ပြည့်နှက်နေစေသည်။သူက ဖြည်းညှင်းစွာ ပြုံးပြီး ခေါင်းကို မော့လိုက်သည်။လင်းလော့ချင်းက သူ့ကို ငုံ့ကြည့်နေသည်ကို သူတွေ့လိုက်ရ၏။ 


"နှစ်သစ်မှာ ပျော်ရွှင်ပါစေ ပါးပါးရဲ့နဂါးလေး" 

လင်းလော့ချင်းက တိုးတိုးလေးပြောသည်။


လင်းဖေး ကိုယ်ကို လှည့်ကာ သူ့အား နွေးထွေးမှု၊ သည်းခံမှု၊ နားလည်မှုနှင့် ချစ်ခြင်းမေတ္တာတို့ကို ပေးခဲ့သော သူ့ရှေ့ရှိလူကို ကြည့်လိုက်သည်။ဤသည်က သူ့အဖေ၊ သူရွေးချယ်ခဲ့သည့် အဖေဖြစ်၏။


သူက လက်ယပ်ခေါ်ပြီး လင်းလော့ချင်းကို ခေါင်းညွှတ်ရန် အချက်ပြလိုက်သည်။


လင်းလော့ချင်းက ခေါင်းငုံ့လိုက်သည်။


လင်းဖေးက သူ့ထံသို့ တိုးကပ်လာပြီး သူ့လည်ပင်းကို ပွေ့ဖက်ကာ သူ့ပါးကို နမ်းလိုက်သည်။ 

"နှစ်သစ်မှာ ပျော်ရွှင်ပါစေ ပါးပါး"


သားရဲ့ပါးပါး...


လင်းလော့ချင်းက ပြုံးပြီး သူ့နဖူးကို ပွတ်သပ်ကာ သူ့ကိုဖက်လိုက်သည်။


သူပြန်ကြည့်လိုက်သောအခါ ကျိယွီရှောင်က သူတို့ကို နူးညံ့စွာကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ့အနားတွင် ကျိလဲ့ယွီက ခြေဖျားထောက်ကာ သိလိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။ သူက လင်းလော့ချင်းလှမ်းကြည့်သည်ကိုမြင်သောအခါ လိမ်လိမ်မာမာလေး ပြုံးပြလေသည်။


လင်းလော့ချင်း အရာအားလုံးအဆင်ပြေသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။ သူ့ချစ်ရသူက သူ့ဘေးမှာရှိပြီး သူ့မိသားစုက သူ့ရှေ့မှာရှိနေသည်။


နှစ်တွေ ငြိမ်သက်နေပြီး အရာအားလုံးက အသစ်ပြန်စ၏။ဤနှစ်၏ နောက်ထပ်အချိန်ကောင်းတစ်ခုပါပင်။


*****


ညအိပ်ရာမဝင်မီ ကျိယွီရှောင်က လင်းလော့ချင်း၊ လင်းဖေး နှင့် ကျိလဲ့ယွီတို့အား စာအိတ်နီတစ်ယောက်တစ်လုံးစီ ပေးခဲ့သည်။


လင်းလော့ချင်း သူ့လက်ထဲက စာအိတ်နီကို ကြည့်ပြီး ပျော်ရွှင်စွာပြောလိုက်သည်။

"ငါ့ရော ရတာလား"


"အင်းပေါ့"

ကျိယွီရှောင်က ပြုံးပြီး သူ့မျက်နှာလေးကို ကုတ်လိုက်သည်။ 


"မင်းကလည်း ငါ့ပေါင်ပေ့ပဲလေ"


လင်းလော့ချင်းလည်း ရယ်မိသွားကာ နားမလည်နိုင်လောက်အောင် ကျေနပ်သလို ခံစားခဲ့ရသည်။


ငယ်ငယ်က အိမ်မှာလုပ်ခဲ့သလိုမျိုး သူ့ခေါင်းအုံးအောက်မှာ စာအိတ်ကို ထည့်ထားလိုက်သည်။


"ဖေးဖေးနဲ့ ရှောင်ယွီကို လာအိပ်ဖို့ခေါ်လိုက်ဦးမယ်" 

လင်းလော့ချင်း ခေါင်းအုံးများကို ချပြီး ကျိယွီရှောင်ကို ကြည့်လိုက်သည်။


ကျိယွီရှောင်က ခေါင်းညိတ်ကာ သူ့ကိုနမ်းလိုက်သည်။


လင်းလော့ချင်း အိပ်ယာမှထကာ လင်းဖေးနှင့် ကျိလဲ့ယွီတို့ကိုသွားခေါ်၍ အတူအိပ်စပ်လိုက်ကြသည်။


******


နွေဦးပွဲတော် ပထမနေ့တစ်ဖြစ်လဲ နှစ်သစ်ကူး ပထမနေ့တွင် သူတို့လေးယောက် ဖက်ထုပ်စားကြသည်။


ဖက်ထုပ်များကို လင်းလော့ချင်းက ကျိယွီရှောင်နှင့်အတူ နံနက်စောစောမှာ ပြုလုပ်ခဲ့သည်။


ကျိယွီရှောင်က ဟင်းချက်သိပ်မတော်ပေ။ခရမ်းချဉ်သီးကြက်ဥမွှေကြော်က သူ့ကန့်သတ်ချက်ကိုရောက်နေပြီဖြစ်ရာ ဖက်ထုပ်လုပ်နည်းက သူ့အတွက် တကယ်ခက်လှသည်။


ကံကောင်းစွာနှင့်ပဲ လင်းလော့ချင်းက အရာအားလုံးကို သိနေသည်။ သူက ကျိယွီရှောင်လက်ကို ကိုင်ပြီး လက်ချင်းထပ်ပြီး သင်ပေးခဲ့သည်။ 

"ဒီလိုလေး လိမ်လိုက်ရင် ပိုကောင်းတယ်"


ကျိယွီရှောင် စမ်းလုပ်ကြည့်ပေမဲ့ လင်းလော့ချင်းလုပ်သည်လောက် မကောင်းပေ။


"ဒီလိုလား" 

သူ့ဖက်ထုပ်တွေမြှောက်ကာ လင်းလော့ချင်းကိုပြလိုက်သည်။


လင်းလော့ချင်းက ပြုံးလိုက်သည်။


 "ထားလိုက်ပါတော့... မင်း ဖက်ထုပ်ရွက်လှိမ့်တာပိုကောင်းမယ်"


ကျိယွီရှောင်က ရှုံးနိမ့်မှုကို ဝန်ခံခြင်းမရှိပေ။ 

"မင်း ငါ့ကို ထပ်သင်ပေးပါလား"


လင်းလော့ချင်းက သူ့အား ထပ်မံသရုပ်ပြခဲ့သည်။ကျိယွီရှောင် သေချာလိုက်ကြည့်ပေမဲ့ သူ့လက်ချောင်းတွေက လိုက်လျောညီထွေ ဖြစ်မလာပေ။


လင်းလော့ချင်း သူ့လက်ကို ထပ်မံဆုပ်ကိုင်လိုက်ပြီး လက်နှစ်ဖက်လုံးဖြင့် တင်းတင်းကျပ်ကျပ် ညှစ်လိုက်သည်။ 

"ဒီအတိုင်း"


ကျိယွီရှောင် သူ့လက်ဖဝါး၏ နူးညံ့မှုကို ခံစားလိုက်ရပြီး တစ်ဖက်လူကို မော့မကြည့်ဘဲမနေနိုင်ခဲ့ပေ။တိုက်ဆိုင်စွာပင် လင်းလော့ချင်းကလည်း အောက်ကိုအကြည့်နှင့် သူတို့မျက်လုံးချင်းဆုံသွားပြီး ဟိုလိုလိုသည်လိုလိုဒွိဟဖြစ်စေသောလေထုက ချက်ချင်းနိုးထလာသည်။


ကျိယွီရှောင် ရှေ့ကိုတိုးပြီး တစ်ဖက်လူ၏နှုတ်ခမ်းတွေကို ထိကာ နမ်းလိုက်မိသည်။


သူက အလွန်ကို နူးညံ့စွာ နမ်းခဲ့သည်။သူ့အနမ်းထဲမှာ တောင့်တမက်မောမှုအရိပ်အယောက်များရောစွက်နေကာ လင်းလော့ချင်း၏နှုတ်ခမ်းများကို ရေကဲ့သို့ စိုစွတ်သွားစေ၏။


လင်းလော့ချင်း သူ့ဆီက အနမ်းခံရပြီး အနည်းငယ် ရှက်သွေားဖြာသွားသည်။သူက ဒေါသတကြီးပြောလိုက်၏။

"မင်းကို ဖက်ထုပ်လုပ်ခိုင်းတာလေ... မင်းက မျောက်တစ်ကောင်လို အာရုံပျံ့နေတယ်"


ကျိယွီရှောင်က အပြစ်မရှိသည့်ဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

"ဒါမတရားခံရတာပါ...ဆရာက ကျွန်တော်အနား ဒီလောက်ကပ်နေမှတော့... ကျွန်တော်ဆရာ့ကို တပ်မက်မိပြီး ကိုယ့်ကိုကိုယ်မထိန်းနိုင်လိုက်တာသဘာဝပါပဲ"


လင်းလော့ချင်း: "……"


ကျိ

ယွီရှောင်က သူ့ကို နောက်တစ်ကြိမ် နမ်းချင်သလိုမျိုး တိူးကပ်လာသည်။သို့ပေမဲ့ လင်းလော့ချင်း၏ နှုတ်ခမ်းများကို ထိလိုက်ပြီးနောက် ပြန်ခွာကာ ရပ်လိုက်သည်။


လင်းလော့ချင်း သူ၏ လှုပ်ရှားမှုများကို ကြည့်ပြီး အနည်းငယ် အံ့ဩသွားသည်။ ဘာတွေဖြစ်နေတာလဲ... နောက်ဆုံးမှာ အသိတရားရသွားတာလား...