Chapter 306
သူ ကျိယွီရှောင်ကို ကြည့်လိုက်သောအခါ ကျိယွီရှောင်က အဝေးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။သူလည်း မျက်လွှာပင့်ကာ သိချင်စိတ်ဖြင့် သူ့အကြည့်တွေနောက်လိုက်ကြည့်လိုက်သည်။
ထို့နောက် သူနှင့် ကျိယွီရှောင် နှစ်ယောက်စလုံး ရှက်သွားကြသည်။
မလှမ်းမကမ်းတွင် လင်းဖေးက မျက်လုံးများကို အုပ်ကာ သူတို့နှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။
လင်းလော့ချင်း ရယ်ရမလား ငိုရမလား မသိပေ။
"ဖေးဖေး သားနိုးပြီလား"
လင်းဖေးက ခေါင်းညိတ်လိုက်ပြီး "မျက်လုံးဖွင့်လို့ရပြီလား"ဟု မေးလေသည်။
လင်းလော့ချင်း ခေါင်းငုံ့ကာ ကျိယွီရှောင်ကို စိုက်ကြည့်လိုက်သည်။ကျိယွီရှောင်က အလွန်ကိုဖြူစင်ဟန်ဖြင့် ပခုံးဆန့်လက်ဖြန့်ပြသည်။
လင်းဖေး ရုတ်တရက် ပေါ်လာသည်ကို သူ သတိမထားမိလိုက်ပေ။
လင်းလော့ချင်း အကူအညီမဲ့သွားရပြီး
"ရပါပြီ"ဟုနူးညံ့သော အသံဖြင့် ပြောလိုက်၏။
ထိုအခါမှ လင်းဖေးက သူ့လက်များကို ချလိုက်ပြီး မျက်လုံးဖွင့်ကာ သူတို့ နှစ်ယောက်ကို ကြည့်လိုက်သည်။
လင်းလော့ချင်း.. ကျိယွီရှောင်ကို ဒူးနှင့်ထိကာ စကားပြောရန် တိုက်တွန်းလိုက်သည်။
ကျိယွီရှောင်က သူ၏ လှုပ်ရှားမှုများကို ခံစားလိုက်ရပြီး ခုနက ဘာမှမဖြစ်ခဲ့သလိုမျိူး ရယ်မောလိုက်ပြီး လင်းဖေးကိုမေးသည်။
"ဗိုက်ဆာနေပြီလား... ဖက်ထုပ်လုပ်နေတာ... ဗိုက်ဆာရင် မုန်အရင်သွားစားထားလိုက်နော်"
လင်းဖေးက ခေါင်းခါသည်။သူက စားပွဲနားကို ကပ်ပြီး စားပွဲပေါ်က ဖက်ထုပ်တွေကို ကြည့်သည်။
"သားကူလုပ်ပေးမယ်"
"ကောင်းပြီ"
လင်းလော့ချင်းက သူ့နံဘေးသို့ လျှောက်သွားလိုက်သည်။
"ဒါဆို ပါးပါးက သင်ပေးမှာပေါ့"
လင်းဖေးအား သရုပ်ပြပြီး တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားပေးပြီးနော် စမ်းလုပ်ခိုင်းလိုက်သည်။
ကျိယွီရှောင် သူ့လက်ထဲက သိပ်အစစ်အမှန်မဟုတ်သော ဖက်ထုပ်တွေကို ကြည့်ပြီး လင်းဖေးကိုပြောလိုက်သည်။
"ဒါက နည်းပညာနဲ့ဆိုင်တဲ့အလုပ်ဖြစ်ပြီး နည်းနည်းတော့ ခက်တယ်... ကောင်းကောင်းမလုပ်နိုင်လည်း အဆင်ပြေတယ်နော်သား"
လင်းဖေးက သူ့လက်ကို ဖြန့်လိုက်သည်။လင်းလော့ချင်းလုပ်ထားသည်နှင့်တစ်ထပ်တည်းတူသော သူ့လက်ထဲက အသစ်စက်စက်ဖန်တီးထားသည့် ဖက်ထုပ်ကို ကြည့်လိုက်ပြီးအေးဆေးတည်ငြိမ်သော အမူအရာဖြင့် ဖက်ထုပ်ရွက်နောက်တစ်ခုကို ကောက်ကိုင်လိုက်သည်။
"အိုကေ"
ကျိယွီရှောင်: "……"
ကျိယွီရှောင် သူ့လက်ထဲက ဖက်ထုပ်ကို ကြည့်လိုက်သည်။ ကောင်းပြီ၊ လင်းလော့ချင်းလုပ်ထားတာနဲ့ တစ်ထပ်ထဲပဲ...
လင်းလော့ချင်း ဝမ်းသာအားရ အံ့သြသွားသည်။
"ဖေးဖေးက တော်လိုက်တာ"
လင်းဖေးက ဖက်ထုပ်ကို ချလိုက်ပြီး အမှုမထားသလိုပြောသည်။
"ဒါက အရမ်းရိုးရှင်းတယ်"
ကျိယွီရှောင်: 'အာ ဒီဟာ...'
လင်းလော့ချင်းက ရယ်ပြီး ကျိယွီရှောင် ကို ကြည့်လိုက်သည်။
"တချို့လူတွေက လက်ယဥ်မလွယ်ကြဘူးထင်တယ်”
ကျိယွီရှောင်:"……"
"ငါတို့ပေါင်ပေ့က လက်ယဥ်လွယ်လွန်းတယ် မဟုတ်ဘူးလား"
ကျိယွီရှောင် လင်းဖေးကိုကြည့်ကာ စိတ်ရင်းမှန်ဖြင့်ပြောသည်။
"အနာဂတ်မှာ ဘယ်မိန်းကလေးက ဒီလောက်ကံကောင်းမယ်ရယ်မသိဘူး... ငါတို့ရဲ့ဖေးဖေးကို ဘယ်သူ လက်ထပ်နိုင်မလဲဆိုတာ ငါ အရမ်းသိချင်နေပြီ"
လင်းလော့ချင်းလည်း လင်းဖေးကို ငုံ့ကြည့်ကာ အနည်းငယ် သိချင်သွားသည်။
သူက ဇာတ်ကွက်နှင့် ရင်းနှီးသော်လည်း လင်းဖေးက မည်သို့သော မိန်းကလေးမျိုးကို သဘောကျသည်ကို မသိပေ။သို့ပေမဲ့ ယင်းက အရေးမကြီးပါချေ။လင်းဖေး သဘောကျသရွေ့ သူလည်း သဘောကျမည်ပင်။
ဖေးဖေး၏ အမြင်ကို သူယုံကြည်သည်။
လင်းလော့ချင်း သူ့လက်ထဲက ဖက်ထုပ်ထဲကို အကြွေစေ့တစ်စေ့ကို တိတ်တဆိတ် ထည့်လိုက်သည်။ နှစ်သစ်မှာ ကံကောင်းခြင်းတွေ ရချင်သည်က သဘာဝပါပင်။
ဖက်ထုပ်များ ပြီးသွားကာမှ ကျိလဲ့ယွီတစ်ယောက် အိပ်ချင်မူးတူးဖြင့် နိုးလာသည်။
မျက်နှာသစ်ပြီးနောက် အောက်ထပ်သို့ဆင်းကာ ညဝတ်အင်္ကျီဖြင့်ပင် သူ့ကိုကိုနှင့်အဖေများကိုသွားရှာလိုက်သည်။
လင်းလော့ချင်းက ဖက်ထုပ်တွေကို ထည့်ပေးပြီး ကျိလဲ့ယွီနှင့်လင်းဖေးကို အရင်စားခိုင်းသည်။
ကလေးနှစ်ယောက်က ထိုင်ခုံမှာ သက်တောင့်သက်သာထိုင်ပြီး မစားခင် သူတို့အထိုင်ကိုစောင့်နေသည်။
ကျိလဲ့ယွီက ဖက်ထုပ်ကို ကောက်ယူလိုက်သည်။ပူမှာစိုး၍ သူတဖူးဖူး မှုတ်လိုက်သေးသည်။ ရလဒ်အနေဖြင့် သူ ၎င်းကို ကိုက်လိုက်သည်နှင့် တစ်ခုခုကိုကိုက်လိုက်မိသည်။ ခေါင်းငုံ့ကာ ပါးစပ်ထဲရှိ အရာကို ထွေးထုတ်လိုက်ရာ အကြွေစေ့တစ်ခုဖြစ်နေကြောင်း သိလိုက်ရသည်။
လင်းလော့ချင်းက အံ့သြသွားဟန်တူသည်။
"ဝိုး ရှောင်ယွီက အရမ်းမိုက်တာပဲ"
သူက ကျိလဲ့ယွီကို စာအိတ်နီလေးတစ်အိတ် ပေးလိုက်သည်။
"ဖွင့်ကြည့် အထဲမှာဘာရှိလဲလို့"
ကျိလဲ့ယွီ စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သောအခါ အထဲမှာ စာတိုလေးတစ်ခုကို တွေ့လိုက်ရသည်။
[ငါနဲ့ရုပ်ရှင်တူတူကြည့်ပါ~]
"ဘာကိုဆိုလိုတာလဲ"
သူက လင်းလော့ချင်းကို မေးလိုက်သည်။
လင်းလော့ချင်းက ပြုံးကာပြောလိုက်သည်။
"နောက်တစ်ခါကျ ဒီစာကို ကိုင်ပြီး သားကြည့်ချင်တဲ့ ဇာတ်ကားကို ရွေးလို့ရတယ်...ပါးပါးတို့ အတူတူကြည့်ကြမယ်"
ကျိလဲ့ယွီက ဝမ်းသာအားရနှင့် ဆိုသည်။
"အိုကေ"
သူပြောပြီးသည်နှင့် လင်းဖေးလည်း အကြွေစေ့တစ်စေ့ကို ကိုက်လိုက်မိသည်။
လင်းလော့ချင်း သူ့ကိုလည်း စာအိတ်နီ ပေးလိုက်၏။
လင်းဖေး ဖွင့်ကြည့်လိုက်သည်။အထဲရှိ စာတိုလေးကပြောထားသည်။
[ငါနဲ့ တိရိစ္ဆာန်လေးတွေတူတူကြည့်ပါ~]
လင်းဖေးက လင်းလော့ချင်းကို မြင်အောင်ပြလိုက်ပြီး လင်းလော့ချင်းက ခေါင်းညိတ်သည်။
"ကောင်းပြီ...ဖေးဖေးတိရစ္ဆာန်ရုံကို သွားချင်တဲ့အခါ အတူတူသွားလို့ရတယ်"
လင်းဖေးက ၎င်းကို အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။ သူ တိရစ္ဆာန်ရုံကို တကယ်သွားချင်ခဲ့တာ...
ကျိယွီရှောင် တစ်ခုပြီးတစ်ခု ရလာသော စာအိတ်နီများကို ကြည့်လိုက်သည်။လင်းလော့ချင်းက တခြားသူတွေကို အံဩစေသည်ဟုတွေလိုက်မိသည်။နဂိုက သာမန်နေ့လည်စာမှာ စိတ်ဝင်စားမှု အများအပြား တိုးလာခဲ့သည်။
သူ ယခုလိုတွေးပြီး အောက်ကိုငုံ့လိုက်ရာ သူကိုယ်တိုင်လည်း အကြွေစေ့ကိုကိုက်မိသွားသည်။
ကျိယွီရှောင်: "……"
ကျိယွီရှောင် လင်းလော့ချင်းကို မော့ကြည့်လိုက်ပြီး စာအိတ်နီကို စောင့်နေသည်။
လင်းလော့ချင်းက သူ့ကို စာအိတ်နီတစ်အိတ် ပေးလိုက်သည်။ [ငါ့ကိုနမ်းပါ~]
ကျိလဲ့ယွီက ချက်ချင်းပင် ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ ကျိယွီရှောင်၏ပါးကို တက်ကြွစွာ နမ်းလိုက်သည်။
လင်းဖေးက အနည်းငယ်ရှက်နေသော်လည်း တခြားပါးတစ်ဖက်ကို နမ်းလိုက်သည်။
နမ်းပြီးနောက် သားအဖသုံးယောက်က လင်းလော့ချင်းကို ကြည့်လိုက်ကြသည်။
လင်းလော့ချင်း မျက်တောင်ခတ်လိုက်သည်။
"ငါရောလား"
ကျိလဲ့ယွီက လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့"
သူနဲ့ သူ့ကိုကိုက မနမ်းလည်းရတယ်... ဒါပေမဲ့ သူ့ရှန်းရှန်းကတော့ နမ်းကိုနမ်းရမယ်...
ကျိယွီရှောင်က ပြုံးပြီး သူ့ကို အေးအေးသာသာ ကြည့်နေသည်။
၎င်းကိုမြင်သောအခါ လင်းလော့ချင်း ကျိယွီရှောင်၏ပါးကို အမြန်နမ်းလိုက်သည်။
လှုပ်ရှားမှုက မြန်လွန်းသောကြောင့် ကလေးနှစ်ယောက် မျက်လုံးကို အုပ်ရန် အချိန်မရလိုက်ပေ။
"ကောင်းပြီ စားရအောင်"
လင်းလော့ချင်း ခေါင်းစဥ်ပြောင်းလိုက်သည်။
ကျိယွီရှောင်က ရယ်မောလိုက်သည်။ ကလေးနှစ်ယောက်က ထိုင်ခုံဆီသို့ ပြန်သွားပြီး ဖက်ထုပ်ကို ဆက်စားကြသည်။
နွေးထွေးပြီး ကြည်နူးစရာကောင်းသောမနက်စာလေးဖြစ်ခဲ့သည်။
ဖက်ထုပ်များစားပြီးနောက် လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ အဝတ်အစားများလဲကာ ကလေးနှစ်ယောက်ကို ရုပ်ရှင်ရုံသို့ ခေါ်သွားကြသည်။
ကျိယွီရှောင် နေရာကို ကြိုတင်မှာယူထားပြီးဖြစ်သည်။လင်းလော့ချင်းက လက်မှတ်များကိုယူကာ ခေါင်းအစခြေအဆုံး လုံခြုံအောင်ဝတ်ကာ ကျိယွီရှောင် နှင့်အတူ ရုပ်ရှင်ရုံထဲသို့ဝင်လာခဲ့သည်။
အတွဲခန်းဖြစ်နေတုန်းပင်၊ကျိယွီရှောင်က ပေါက်ပေါက်နှင့် Coke ကိုဝယ်ပြီး လင်းလော့ချင်း နှင့် ရုပ်ရှင်ကြည့်ရင်း အတူတူစားသည်။
ကလေးနှစ်ယောက်က သူတို့ကြားမှာထိုင်ကာ စခရင်ကို စိုက်ကြည့်ရင်း လင်းလော့ချင်စ ပေါ်လာမည်ကို စောင့်နေကြ၏။
ခဏကြာပြီးနောက်၊ ရုပ်ရှင်ထွေလာ ပြီးဆုံးသွားကာ ရုပ်ရှင်က တရားဝင်စတင်ခဲ့သည်။
လုမင်အဖြစ်သရုပ်ဆောင်ထားသော ဝမ်ကျစ်မင်က ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အိပ်ပျော်နေချိန်တွင်
တံခါးခေါက်သံကို ရုတ်တရက်ကြားလိုက်ရသည်။
သူ မှောက်လျက် နားရွက်ကို ခေါင်းအုံးဖြင့် အုပ်ထားပြီး ၎င်းကို ဂရုမစိုက်ချင်ခဲ့ပေ။သို့သော်လည်း တံခါးခေါက်သံက ဆက်ထွက်လာနေခဲ့သည်။လုမင်ကျိန်ဆဲပြီး ထထိုင်လိုက်သည်။ သူ တံခါးကို စိတ်မပါလက်ပါ တွန်းဖွင့်လိုက်သည်။ တံခါးအပြင်ဘက်တွင် မရင်းနှီးသေးသော မျက်နှာတစ်ခုက သူ့မြင်ကွင်းထဲကို ဝင်လာသည်။
လုမင် အံ့သြသွားသည်။ ထို့နောက် တစ်ဖက်လူက ပြောသည်ကို သူကြားလိုက်ရ၏။
"ကျွန်တော်က ဖူရှီ၊ ဖူရီရဲ့သား...လုမင်ကိုလာရှာတာ... တစ်နည်းအားဖြင့် ခင်ဗျားကို"
ဘန်းခနဲ လုမင်တံခါးကို မယုံနိုင်စွာ ပိတ်လိုက်သည်။ဖူရှီမှာ အကူအညီမဲ့စွာ ကျန်ခဲ့သည်။ခဏအကြာတွင် ဦးလေးဖြစ်သူက တံခါးကို သာသာလေး ဖွင့်ကာ သူ့ကို သံသယစိတ်ဖြင့်ကြည့်ပြီး မသေချာမရေရာစွာပြောသည်ကို သူတွေ့လိုက်ရသည်။
"ဖူရှီလား"
လင်းလော့ချင်း သူ့အမူအရာကြောင့် သဘောကျသွားသည်။ဝမ်ကျစ်မင်၏ သရုပ်ဆောင်စွမ်းရည်က တကယ်ကောင်း၏။ လုပ်ဆောင်ချက်တစ်ခုနှင့် စာကြောင်းတစ်ကြောင်းက ရယ်စရာကောင်းသောအကျိုးသက်ရောက်မှုကို လုပ်ဆောင်နိုင်သည်။
အဖွင့်သီချင်းသံထွက်ပေါ်လာပြီး ဒါရိုက်တာလီ၏အမည်က စခရင်ပေါ်တွင် ပေါ်လာသည်။ ယင်းနောက်တွင် ဇာတ်ညွှန်းရေးဆရာ၏ အမည်နှင့် ခေါင်းဆောင်မင်းသား အမည်လိုက်ပါလာသည်။လင်းလော့ချင်း သူ့နာမည်ကို ထိုနေရာမှာတွေ့လိုက်သည်။
ဤသည်က သူ့နာမည်ကို ရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။လင်းလော့ချင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူ့စိတ်လှုပ်ရှားမှုတွေ မပြီးခင်မှာ လင်းဖေး ပေါ်လာသည်ကို မြင်လိုက်ရသည်။
လုမင်က သူ့တူအဟောင်းက ငယ်ငယ်တုန်းက ဘယ်လိုပုံစံရှိသည်ကို ပြန်ပြောင်းတွေးနေတော့သည်မှာ ထင်ရှားသည်။
လင်းလော့ချင်း လင်းဖေး၏ ပခုံးကို စိတ်လှုပ်ရှားစွာ ပုတ်လိုက်သည်။
"ဖေးဖေး သားထွက်လာပြီ"
လင်းဖေးက အေးဆေးတည်ငြိမ်စွာပြောသည်။
"အိုး"
ဖန်သားပြင်ပေါ်မှာ သူပေါ်လာခြင်းနှင့် ပတ်သက်ပြီး ဘာမှ မခံစားရပါချေ။လင်းလော့ချင်းကို ဆက်လက်ကြည့်ရှုခြင်းက ပိုကောင်းသည်ဟုပင် သူခံစားရသည်။
သူက ထိုသို့ထင်ပေမဲ့ တခြားသူတွေက ထိုသို့ မထင်ကြပေ။အခြားရုပ်ရှင်ရုံများတွင် ရုပ်ရှင်ကြည့်နေသည့် မိန်းကလေးများသည် ဖူရှီအငယ်လေး ပေါ်လာသည်ကို မြင်လိုက်ရပြီးနောက် မထိန်းနိုင်ဘဲ အသံထွက်ကာဝိုးခနဲဖြစ်သွားကြသည်။
"ချစ်စရာကောင်းလိုက်တာ"ဟု တအံ့တသြနှင့် ပြောကြသည်။
ဖူရှီနှင့် လုမင် အကြား အပြန်အလှန်ပြောဆိုဆက်ဆံမှုများစတင်လာခဲ့သည်နှင့် လူတိုင်း၏မျက်လုံးများရှိ အပြုံးများ နက်ရှိုင်းလာသည်။
"ဟားဟား...ဘာလို့ ဒီကလေးမှာ ဒီလိုမျက်နှာထားရှိနေတာလဲ"
“သူက အရမ်းချစ်စရာကောင်းတယ်...ငါ သူ့ကို ချစ်လိုက်တာဟယ်"
"ဘယ်လိုတောင်ချောတဲ့ ကလေးလဲ"
"ဖူရှီအသေးလေးက အေးစက်နေတာပဲ... အဘိုးကြီး သားကို ဒုက္ခမပေးနဲ့လို့ပြောနေတဲ့အတိုင်းပဲ"
"အားးး ချစ်စရာကောင်းလိုက်တာ...ချစ်စရာလေး...ငါလည်း ရှောင်ဖူရှီလေးကို စချင်တယ်လေ"
"ဟားဟားဟား...ကျို့ကျို့က ဖူရှီရှေ့မှာ
ဆန်ကုန်မြေလေးတစ်ယောက်ထက်မပိုဘူး"
"ရှောင်ဖူရှီ : သားပင်ပန်းနေပြီ ဖျက်ဆီးကြပါစို့... လာလာ သားကျို့ကျို့ကို ခေါ်သွားလိုက်"
"ဟားဟား ဒီတူလေးက ချစ်စရာကောင်းလိုက်တာ"
လုမင်၏ အမှတ်တရများ အဆုံးတွင် လင်းလော့ချင်း၏ အေးစက်ပြီး အထင်အမြင်သေးဟန်
အမူအရာက ပရိသတ်ရှေ့တွင် ပြန်ပေါ်လာသည်။၎င်းနောက် ပရိသတ်က တစ်ခုခုကိုသတိထားမိသွားပြီး အံ့သြသွားကြသည်။
"ဖူရှီအငယ်လေးနဲ့ ဖူရှီအကြီးက တကယ်တူတယ်"
"ခုနက ကလေးသရုပ်ဆောင်က လင်းလော့ချင်းနဲ့ အရမ်းတူတယ်"
"ဟားဟားဟား ... မျက်လုံးထဲက လုမင်ကိုအထင်သေးတဲ့အကြည့်ကတောင်အတူတူပဲ...ကျို့ကျို့က အရမ်းသနားစရာကောင်းတယ်"
"သူ့ဘဝတစ်ဝက်လောက်ဝေးကွာသွားပြီးတဲ့နောက်မှာ အေးစက်တဲ့အမျိုးသားနတ်ဘုရားအဖြစ်နဲ့ သူပြန်လာခဲ့တယ်... ဒီဇာတ်ကောင်ဒီဇိုင်းကို ငါ သဘောကျတယ်"
"ဟားဟားဟား သူ့ဘဝတစ်ဝက်လောက် ဝေးကွာခဲ့ပေမဲ့ ပြန်လာတဲ့အခါ ကျို့ကျို့ကို မကြိုက်ဖြစ်နေတုန်းပဲ...သူရဲ့မူလရည်ရွယ်ချက်ကို သူ မမေ့ခဲ့ဘူး"
လုမင်၏ အမှတ်တရများထဲရှိ ဖူရှီအငယ်လေးက သူ့ရှေ့ရှိ ဖူရှီအကြီးနှင့် တဖြည်းဖြည်းချင်း ထပ်သွားသည်ကို လင်းလော့ချင်းမြင်လိုက်ရသည်။ ထို့နောက် သူလင်းဖေးကို ငုံ့ကြည့်လိုက်သည်။ သူနှင့် သူ့ဖေးဖေးက တကယ်ကိုတူသည်။
လင်းဖေးက သူ့အကြည့်တွေကို သတိထားမိပြီး သူ့ကို မော့ကြည့်လာသည်။လင်းလော့ချင်းက ပြုံးပြီး ခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် ရုပ်ရှင်ကို ဆက်ကြည့်သည်။
ဒါရိုက်တာလီ၏ စည်းချက်ထိန်းချုပ်မှုက အလွန်ကောင်းမွန်ပြီး ရယ်သံများ သောသောညံနေသည်။မိနစ်အနည်းငယ်တိုင်းတွင် ရယ်မောစရာအချက်အသစ်တစ်ခု ပေါ်လာသည်။ အထူးသဖြင့် ခရီးစဥ်စပြီးနောက်မှာ ဖြစ်၏။လမ်းပေါ်တွင် ရယ်စရာအဖြစ်အပျက်များ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပရိသတ်များ အရယ်မရပ်နိုင်ပေ။ သူတို့၏ ရယ်မောသံက လှိုင်းလုံးများကဲ့သို့ တစ်လှိုင်းပြီးတစ်လှိုင်းဆင့်နေသည်။
လုမင် နှင့် ရှန်းဝမ်တို့ နှစ်ပေါင်းများစွာက ပဋိပက္ခများကို ဖြေရှင်းပြီး ငြိမ်းချမ်းရေးအတွက် လက်ဆွဲနှုတ်ဆက်လိုက်သောအခါတွင် လူတိုင်းနောက်ဆုံးမှာ စိတ်သက်သာရာရသွားပြီး ၎င်းတို့၏ညီအစ်ကိုဟောင်းအတွက် ပျော်ရွှင်သွားကြသည်။
ထို့နောက် ရွာသို့ရောက်သောအခါ ကျိလဲ့ယွီက ခေါင်းလေးပြူလာသည်။ယင်းက ပရိသတ်ကို အာမေဋိတ်သံအသစ်များ ထွက်လာစေသည်။
"ဒီကလေးက အရမ်းကြည့်ကောင်းတာပဲ" ဟု တစ်စုံတစ်ဦးက မှတ်ချက်ပေးသည်။
"သူက နတ်သားလေးကျနေဟယ်"
"ချစ်ရာလေး ဝူးဝူး... ဒီကလေးကိုလည်း လိုချင်တယ်"
"ဒီကားထဲက ကလေးသရုပ်ဆောင်တွေက အရမ်းကြည့်ကောင်းလွန်းတယ်"
အားလုံးက သူတို့သစ်ပင်နားကို လျှောက်သွားသည်ကို ငြိမ်ပြီး ကြည့်နေကြသည်။ဖူရှီက သူတို့ကို အမှန်အတိုင်း ပြောပြသည်။ယခင်က မြှုပ်ထားသည့်အရာများက တစ်ခုပြီးတစ်ခုပေါ်လာသည်။တစ်ချို့က သက်ပြင်းချ၊ တစ်ချို့က ငိုပြီး တစ်ချို့က ဝမ်းနည်းကြသည်။
ကင်မရာကလှည့်သွားချိန်မှာ ကျိလဲ့ယွိက ပြုံးပြီး တောင်တွေပေါ်က နေဝင်သည်ကို ကြည့်နေသည်။ နေဝင်ချိန်က သူ့မျက်လုံးများထဲတွင် မနက်ခင်း အလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။သူက လင်းလော့ချင်းကို ပြန်လှည့်ကြည့်လိုက်ရာ ကမ္ဘာပေါ်ရောက်လာသော နတ်သူငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်သည်။
သူတို့ တောင်ပေါ်ကဆင်းပြီး အတူတူသစ်ပင်တွေစိုက်ပြီး ရွာထဲက ထွက်သွားကြသည်။
ဇာတ်သိမ်းသီချင်း၏ ပဏာမတီးလုံး ထွက်ပေါ်လာပြီး ဝမ်ကျစ်မင်က ဖူရှီကို သူ နှင့် ရှန်းဝမ်တို့က သူ့ကို မွေးစားလိုကြောင်း ပြောခဲ့သည်။သူ သူတို့အိမ်မှာ နေနိုင်ပြီး အနာဂတ်မှာ သူတို့နှင့် အတူနေရန် သူတို့ မျှော်လင့်နေကြသည်။
ဖူရှီက ငြင်းဆိုခဲ့ပြီး ပရိသတ်က စိတ်မကောင်းဖြစ်ခဲ့သည်။၎င်းနောက် ဘေးအိမ်ကို သူဝယ်ထားကြောင်း ပြောသံကြားလိုက်ရသည်။လုမင်နှင့် ရှန်းဝမ် ဆန္ဒရှိလျှင် သူ့အိမ်ကို အချိန်မရွေး လာလည်၍ရသည်ဟုဆို၏။
လုမင် ပျော်တော့မည်အချိန်မှာ ဖူရှီက 'အိမ်ထဲသို့ဝင်သည့်အခါ သိရမည့်အရာများ' ဟုခေါ်သော လက်စွဲစာအုပ်ထူထူကိုထုတ်ပြီး ကျယ်ကျယ် ဖတ်ပြသည်ကိုတွေ့လိုက်ရသည်။
ထိတ်လန့်သွားလွန်း၍ လုမင် ချက်ချင်းပင် အမူအရာပြောင်းသွားချိန်မှာ ဘေးကရှန်းဝမ်ကရယ်နေသည်။
ပရိသတ်က မနေနိုင်ဘဲ ရယ်လိုက်ကြသည်။ထိုအချိန်မှာ ကြည်လင်ပြတ်သားသည့် အမျိုးသမီးအသံ ထွက်ပေါ်လာ၏။
သူမ ခံစားချက်အပြည့်ဖြင့် သီဆိုနေသည်။
[[[တောင်းပန်ပါတယ် မပြောပါနဲ့... မပြောနဲ့... ဒီနှစ်တွေပြီးတဲ့နောက် မင်းက ငါ့ရဲ့မျှော်လင့်ချက်ဖြစ်နေတုန်းပဲ...
...ဒါဆို အတူတူ တောင်တွေ၊ မြစ်တွေ၊ ပင်လယ်တွေကို သွားကြည့်ကြရအောင်လား... မင်းရဲ့ပခုံးပေါ်ကနေ နေထွက်ပြီး လမင်းက မင်းလက်ထဲမှာ အေးချမ်းစွာ အိပ်ပျော်နေတယ်...
...ကောင်းကင်မှာ ကြယ်တွေ မှိတ်တုတ်မှိတ်တုတ်လင်းနေတယ်... မြေပြင်မှာ အပင်ပေါက်လေးတွေတိုးထွက်လာတယ်... အနာဂတ်က အဝေးကြီးကျန်သေးတာမို့ ဆက်သွားကြပါစို့...]]]
သူမက တက်ကြွရွင်လန်းစွာ နှင့်ကျယ်လောင်စွာ ကျယ်လောင်စွာ သီဆိုနေသဖြင့် ပရိတ်သတ်က ရုပ်ရှင်ထဲကထွက်လာသည့်တိုင် လိုက်မညည်းမိဘဲ မနေနိုင်ပေ။ အနှီပျော်ရွှင်နေသည့်ခံစားချက်က အပြင်ရောက်သည့်အထိ ပျောက်ကွယ်မသွားခဲ့ပေ။
လင်းလော့ချင်းက ဤဇာတ်ကားကို အလွန်သဘောကျသည်။ ပွင့်ပွင့်လင်းလင်းကြည့်ရသည်ကို နှစ်သက်ရုံတင်မကဘဲ လင်းဖေးနှင့်ကျိလဲ့ယွီ နှစ်ယောက်စလုံးက အလွန်သရုပ်ဆောင်ကောင်းသောကြောင့်လည်းဖြစ်သည်။Effectများကလည်း အလွန်မှင်သက်ဖွယ်ကောင်းခဲ့သည်။
ဤသည်က သူ့ပေါင်ပေ့နှစ်ယောက်နှင့် အတူတူ သရုပ်ဆောင်သည့် တစ်ခုတည်းသော ရုပ်ရှင်ဖြစ်ကောင်းဖြစ်နိုင်သည်။ထို့ကြောင့် ၎င်းကို သူမြတ်နိုးသည်။
သူ အလျင်စလိုမထွက်သွားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ ကျိယွီရှောင်က နေ့ခင်းတစ်ပိုင်းလုံးစာအတွက် ကြိုတင်စာရင်းပေးထားသည်။ ထို့ကြောင့် လင်းလော့ချင်း ၎င်းကို ဝအောင်ထိ ထပ်မံကြည့်ရှုခဲ့သည်။ပြီးလျှင် သူနှင့်ကျိယွီရှောင် ကျေနပ်အားရစွာဖြင့် ကလေးတွေကိုခေါ်ပြီးထွက်လာခဲ့သည်။
ရုပ်ရှင်ရုံမှ ထွက်လာချိန်တွင် ဝူရှင်းယွမ်ထံမှ WeChat မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။
[ရုပ်ရှင်ကြည့်ပြီးပြီလား။ အင်တာနက်ပေါ်မှာ reviewတွေပေါက်နေတယ်... ချီးမွှမ်းမှုက အရမ်းမြင့်တယ်...ငါအရမ်းဝမ်းသာတယ်!]
ဝူရှင်းယွမ်၏ WeChat မက်ဆေ့ချ်ပြီးနောက် ဒါရိုက်တာလီထံမှ ဖုန်းဝင်လာခဲ့သည်။
"လော့ချင်း မိသားစုကိစ္စပြီးပြီလား... ရက်နည်းနည်းကြာရင် လမ်းပေါ်ရှိုးကို ဆက်ရအောင်...လက်ရှိအရှိန်ကို အခွင့်ကောင်းယူပြီး ကြိုးစားကြစို့... အခုနှစ် နွေဦးပွဲတော် ရုံတင်ငွေချန်ပီယံက ငါတို့အတွက် သေချာပေါက်ဖြစ်လိမ့်မယ်"
"ကောင်းပြီ"
လင်းလော့ချင်းက သဘောတူသည်။
"ကျွန်တော် တစ်ရက်နားလိုက်မယ်... သဘက်ခါလုပ်လို့ရတယ်"
"ကောင်းပြီ... စကားမစပ် တချို့ ဒါရိုက်တာတွေက ဖေးဖေးနဲ့ရှောင်ယွီကို ဆက်သွယ်ရမဲ့အချက်အလက်ကို လိုချင်နေကြတယ်... ငါပေးရမလား... သူတို့ရဲ့ အေးဂျင့်က ဘယ်သူလဲ..."