အပိုင်း ၅၅
Viewers 13k

🐍
Chapter 55

“ချောက်ကမ်းပါးအောက်မှာ ကောင်းတဲ့အရာတွေ လုံးဝမရှိပါဘူး.. ကျိခန်းက မင်းကို လှည့်စားနေတာပါ..”

မော့လောင်တသည် အမြီးတယမ်းယမ်းဖြင့် သွားနေသည့် ယင်ရှောင်ရှောင်းအား တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ဘာကြောင့်လဲ.. ကျိခန်းက ဘာဖြစ်လို့ ကျွန်တော့်ကို လှည့်စားရမှာလဲ.. ဘာအကျိုးမှ မရှိဘူးလေ..”

ယင်ရှောင်ရှောင်း ကန့်ကွက်လိုက်သည်။

မော့လောင်တသည် ယင်ရှောင်ရှောင်းအား မသင်္ကာစွာဖြင့် ကြည့်လိုက်သည်။ ဒီကောင်လေးက အမှန်ကယ် အရူးလေးလား။ လှည့်ဖျားဖို့ရန် လွယ်ကူလွန်းသည်။ ကျိခန်းပြောသည့် ‘ကောင်းမွန်သည့်အရာများ’ ဆိုသည်မှာ မည်သည့်အရာများဖြစ်ကြောင်း သူသေချာပေါက် သိနေသည်။ မော့လောင်တသာမကဘဲ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့လည်း သိကြသည်။ မြွေပွေးမျိုးနွယ်အားလုံး သိကြသည်။ မှတ်ဉာဏ်အမွေမရှိသည့် ယင်ရှောင်ရှောင်း သည်သာလျှင် မသိခြင်းဖြစ်သည်။

ထိုအကြောင်းအားလည်း သိရန်မလိုအပ်ချေ။ မော့လောင်တ တိတ်တဆိတ် တွေးနေမိသည်။ ‘အဲဒီ ချောက်ကမ်းပါးအောက်မှာ ရှိနေတဲ့အရာကို မြွေမျိုးနွယ်စုအားလုံးက မကြိုက်ကြဘူး.. အဲဒီမှာ ဘာရှိလဲဆိုတာ သွားကြည့်ချင်တဲ့ မြွေတစ်ကောင်ရှိနေတာ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ..’

ယင်ရှောင်ရှောင်း ငယ်စဉ်အချိန်က မေးခွန်းအချို့ မေးခဲ့ဖူးသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့သည် အကြောင်းအရာအနည်းငယ်အား မသိစိတ်မှ ဖုံးကွယ်ခဲ့ကြသော်လည်း ယင်ရှောင်ရှောင်းသည် အရာအားလုံး သိရှိဖို့ရန် မလိုအပ်ဟု ခံစားမိသဖြင့် မပြောခဲ့ကြခြင်း ဖြစ်သည်။ တားမြစ်ချက်တစ်ခုဟု ဆိုသော်ငြား ထိုတားမြစ်ချက်မှာ မြွေပွေးမျိုးနွယ်ကသာ ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း ယင်ရှောင်ရှောင်း သိလာပေလိမ့်မည်။

“တဟေးတန်.. အရမ်းကြီး ဝမ်းနည်းနေဖို့ မလိုပါဘူး..”

ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ ခန္ဓာကိုယ်အား ပွတ်သပ်ကာ အလွန်ပျော်ရွှင်တက်ကြွသည့် လေသံဖြင့် ပြောလေသည်။

“ကျိခန်းက ကျွန်တော့်ကို လှည့်စားနေရင်တောင်မှ စိုးရိမ်စရာ မရှိပါဘူး.. ကျွန်တော်တို့က ချောက်ကမ်းပါးအောက်ကိုတောင် မသွားရသေးဘူးလေ..အဲဒါက ဟိုဟိုဒီဒီ လမ်းလျှောက်တာလောက်ပါပဲ.. အိမ်မှာပဲ တစ်ချိန်လုံးနေရတာ ပျော်စရာမကောင်းဘူးလေ..”

ယင်ရှောင်ရှောင်း၏ ရွှင်မြူးပေါ့ပါးသော မျက်နှာကြောင့် မော့လောင်တသည် ပြောထွက်လုဆဲဆဲ စကားများအား မြိုချလိုက်ရသည်။ အာ.. မေ့လိုက်ပါတော့.. မေ့လိုက်တော့။ ထိုနေရာသို့ သွားရန်မှာ စိုးရိမ်ဖွယ်မရှိသော်ငြား မြွေပွေးတစ်ကောင်အနေဖြင့်၊ မော့မျိုးနွယ် မြွေပွေးတစ်ကော်ငအနေဖြင့် အသန်မာဆုံး‌သော မော့မြွေတစ်ကောင်အနေဖြင့် မော့လောင်တသည် ထိုချောက်ကမ်းပါးအောက်ဘက်သို့ သွားရန်မှာ သူ၏ အတ္တအား ထိခိုက်နိုင်မည်ဟူသည့် အာရုံတစ်ခု ရှိခဲ့သည်။ သို့မဟုတ်ပါက မြွေပွေးများဘက်မှ ဆုပ်ကိုင်ထားမြစ်ထားသည့် အကြောင်းအရင်းတစ်ရပ်လည်း ဖြစ်နိုင်သေးသည်။

ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့သည် တောင်၏ အလွန်မြင့်သည့်နေရာတွင် နေထိုင်ကြခြင်းဖြစ်ပြီး ယင်ရှောင်ရှောင်းကိုယ်တိုင်ပင်လျှင် ထိုတောင်မည်မျှမြင့်သည်ကို မသိချေ။ အမှန်တော့ သူတို့၏နေရာသည် တောင်တန်း၏ အဓိကတောင်ထွတ်များထဲမှ တစ်ခုသာဖြစ်ပြီး ထိုနေရာမှ မိုးကုတ်စက်ဝိုင်းအား မမြင်နိုင်ပေ။ သို့သော်လည်း ယင်ရှောင်ရှောင်းသည် တောင်ပေါ်မှ ချောက်ကမ်းပါးအောက်ခြေသို့ ဆင်းလာသည့်အခါတွင် အကွာအဝေးမှာ သုံး၊ လေး ကီလိုမီတာထက် မနည်းလောက်ဟု တွေးမိသည်။ ဤအချက်အား သုံးသပ်ကြည့်မည်ဆိုလျှင် ယင်ရှောင်ရှောင်း နေထိုင်သည့်နေရာမှာ အလွန်မြင့်မားနေဆဲဖြစ်သည်။

ယင်ရှောင်ရှောင်း သိထားသည်မှာ မီတာ ၁၀၀ အမြင့်သို့တက်တိုင်း အပူချီန် ၀.၆℃ ကျဆင်းသွားပေမည်။ အပြန်အလှန်အားဖြင့် မီတာ ၁၀၀ ဆင်းသည့်အခါတိုင်းတွင် အပူချိန် ၀.၆℃ မြင့်တက်လာပေလိမ့်မည်။ ယင်ရှောင်ရှောင်း တောင်ပေါ်မှာ ဆင်းလာသည့်အချိန်တွင် အပူချိန်မှာ ၄၀℃ ကျော်နှင့်ပြီး ဖြစ်သည်။ ထိုအတိုင်း တွက်ချက်မည်ဆိုလျှင် သုံး၊ လေး ကီလိုမီတာဆင်းလျှင် အပူချိန်မှာ ၂၀℃ ထက် ပိုမည် မဟုတ်ပေ။ (T/N - ရှောင်ရှောင်းတွက်သလို သေသေချာချာ တွက်ချက်ကြည့်ထားတာနော်.. သူပြောသလိုဆိုရင် အပူချိန်က 64 ဒီဂရီလောက်တောင် ရှိသွားနိုင်တယ်..)

သို့သော်လည်း ပုံသေနည်းများမှာ ဤနေရာတွင် အသုံးမဝင်ပေ။ တောင်မှ ချောက်ကမ်းပါးအထိ အပူချိန်ပြောင်းလဲမှုအား ယင်ရှောင်ရှောင်း မခံစားခဲ့ရပေ။ ယင်ရှောင်ရှောင်း အံ့ဩနေမိပြီး မော့လောင်တကိုပင် မည်သည်ကြောင့်နည်းဟု မေးလိုက်သေးသည်။

မော့လောင်တသည်လည်း ဤအရာမှာ အလွန်ထူးဆန်းသည်ဟု ထင်နေသဖြင့် မေးလိုက်သေးသည်။

“အမ်.. ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား.. ဘာလို့ တောင်ပေါ်ကနေ ဆင်းတာနဲ့ အပူချိန်ပြောင်းရမှာလဲ..”

ယင်ရှောင်ရှောင်း: “…”

တကယ်တမ်းတွင် မြွေတစ်ကောင်အနေဖြင့် သက်တမ်းရှည်ပြီး အသိဉာဏ်များရှိနေမည် ဆိုလျှင်ပင် ပန်းပွင့်မှာ မည်သည့်ကြောင့် နီနေရသနည်းဟူသည်အား နားလည်နိုင်ရန် မြွေတစ်ကောင်အား အားမကိုးနိုင်ပေ။

ယင်ရှောင်ရှောင်း က ဒီမေးခွန်းကို နားမလည်တော့ပေ။

သူတို့မှာ ချောက်ကမ်းပါးအောက်ခြေသို့ ရောက်နေကြပြီ ဖြစ်သည်။ မော့လောင်တ၏ အရှိန်သည်လည်း နှေးကွေးသွားသည်။ ယင်ရှောင်ရှောင်းသည် မော့လောင်တ၏နောက် ခြေလှမ်းတစ်ဝက်ခန့်အကွာတွင် ရှိနေပြီး ဘယ်ညာကြည့်လို့နေသည်။

ချောက်ကမ်းပါးအောက်ခြေရှိ ရှုခင်းများမှာ တောင်ပေါ်နှင့် မကွာခြားလှပေ။ ပန်းများ၊ မြက်ပင်များ၊ သစ်ပင်များနှင့် သစ်တောများမှာ အတူတူပင်ရှိပြီး ဆိုလိုသည်မှာ တောင်ပေါ်နှင့် တောင်အောက် တူညီနေသည်ပင်။

ယင်ရှောင်ရှောင်းသည် ပန်းတစ်ပွင့်အရှေ့တွင် ရပ်လိုက်သည်။ ဤပန်းပွင့်သည် အလွန်လှပပြီး တောင်ပေါ်ရှိ ကွင်းပြင်များတွင် တွေ့ရလေ့ရှိသည်။ ဒါပေမဲ့ ဒီပန်းက.. အာ.. ဒီပန်းက..။

“မင်းကြည့်ရတာ ငါ့ထက်တောင် ပိုရှည်နေသလိုပဲနော်.. လာနောက်နေတာလား.. ဒီမှာ ဘာတွေဖြစ်နေတာလဲ.. ဒီပန်းပွင့်ထဲမှာ ငါ ၁၀ ကောင်လောက် ဝင်နေလို့ရတယ်.. တကယ်ကြီးနောက်နေတာတော့ မဟုတ်ဘူးမလား.. ဒီနေရာမှာ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ..”

ဟုတ်ပါသည်။ ဤအပင်မှာ ပုံမှန်နှင့် တူနေသော်လည်း ယင်း၏ အရွယ်အစားမှာ..။ ယင်း၏ အရွယ်အစားမှာ အမှန်တကယ် ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ အပင်တစ်ပင်သာ ဖြစ်သော်လည်း ယင်ရှောင်ရှောင်း၏ အရှည်ကို ကျော်လုနီးနီးဖြစ်သည်။ သစ်ပင်များနှင့် ပတ်သက်၍..။ ဘုရားရေ.. ယင်ရှောင်ရှောင်း ထိတ်လန့်မသွားချင်တော့ပေ။

ယင်ရှောင်ရှောင်းသည် တောပန်းပင်ရှေ့တွင် ခေတ္တရပ်လိုက်သည်။ လှည့်ကြည့်လိုက်သည့်အခါ မော့လောင်တသည်လည်း သူနှင့်မဝေးသည့်နေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

“တဟေးတန်ရေ.. ဒီအပင်တွေက ဘာလို့ အဲလောက်တောင် ကြီးနေရတာလဲ..”

ထိုသို့မေးရင်းဖြင့် မော့လောင်တထံသို့ သွားလိုက်သည်။

“ဒီနေရာမှာတော့ အမြဲတမ်း အဲလိုပါပဲ..”

မော့လောင်တ လေးနက်သည့်အသံဖြင့် ပြောသည်။

“အဲဒါဆို ဒီနေရာမှာ အန္တရာယ် မရှိဘူးလား..”

ယင်ရှောင်ရှောင်း ကြောက်ရွံ့နေမိသည်။ ဤအပင်များမှာ အလွန်ကြီးမားလှသည်။ ဤကဲ့သို့ ဆင့်ကဲပြောင်းလဲသွားနိုင်သည်အား သူထည့်ထွက်ထားခြင်း မရှိခဲ့ပါ။ လူစားပန်းများ နတ်ဆိုးမိုးမခပင်များ ဖြစ်လာကာ မြွေတစ်ကောင်၏ အသက်အား နုတ်ယူရန်အတွက် သူတို့၏ အကိုင်းအခက်များကို ဝှေ့ယမ်းဖို့ရန်သာ လိုအပ်သည်။ ထိုအကြောင်းကို စဉ်းစားမိသည့်အခါတွင် ယင်ရှောင်ရှောင်းသည် မော့လောင်တထံသို့ ပို၍ကပ်သွားလေသည်။

“အန္တရာယ်လား..”

မော့လောင်တ စိတ်ရှုပ်သွားသည်။ ယင်ရှောင်‌ရှောင်း ဆိုလိုသည်အား သူနားမလည်ပေ။ အပင်များမှာ မည်သည်ကြောင့် အန္တရာယ် ရှိနိုင်မည်နည်း။ သို့သော်လည်း သေချာစဉ်းစားပြီးသည့်နောက်တွင် မော့လောင်တ ရုတ်တရက် သဘောပေါက်သွားသည်။ ယင်ရှောင်ရှောင်းအား အလွန်လေးနက်စွာဖြင့် ပြောလိုက်သည်။

“အရူးပေါက်လေး.. ကိုယ့်နောက်ကို အရမ်းကြီး နီးနီးကပ်ကပ် လိုက်ခဲ့ရမယ်နော်.. နားလည်ရဲ့လား..”

ယင်ရှောင်ရှောင်း တုန်လှုပ်သွားသည်။ တဟေးတန် ဆိုလိုသည်မှာ ဤနေရာတွင် အန္တရာယ်ရှိသည့်အရာများ သေချာပေါက်ရှိသည် ဟူ၍ပင်။ လူစားပန်းများ၊ မိုးမခပင်များ၏ စားသောက်ခြင်း မခံရစေရန် သူ့အနေဖြင့် တဟေးတန်နှင့် အလွန်နီးနီးကပ်ကပ် သွားရမည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။ ယင်ရှောင်ရှောင်း ငိုချလုနီးနီးပင်။ ကျိခန်းကြောင့် ဤဒုက္ခများအား တွေ့ကြုံရခြင်းဖြစ်သည်။ ဟုတ်သည်။ ဤကြောက်မက်ဖွယ်ရာ အပင်များအား သူမတွေ့ချင်ခဲ့ပါ။ ယင်ရှောင်ရှောင်း ကျိန်ဆိုလိုက်သည်။ ဤချောက်ကမ်းပါး‌‌အောက်ခြေမှ ဘေးကင်းလုံခြုံစွာဖြင့် တောင်ပေါ်သို့ ပြန်ရော်ကခဲ့မည်ဆိုလျှင် အပင်များအား ကောင်းမွန်စွာ ဆက်ဆံပါမည်။ သွားလာနေစဉ်တွင် မြက်ပင်များအား ဖိကြိတ်ခြင်းမပြုဘဲနှင့် ညင်ညင်သာသာ ကြွကြွရွရွလေး သွားလိုက်မည်။ တောရိုင်းပန်းပင်များမှ အပွင့်များအား ပျော်ရွှင်စေဖို့ရန် မခူးယူတော့ပါ။ ထို့အပြင် မီးဖိုရန်အတွက် တဟေးတန်အား အကိုင်းအခက်များ မချိုးခိုင်းတော့ပါလေ။

“အယ်.. ဒီမြက်ပင်က ဘာဖြစ်လို့ အဲလောက်တောင် သေးနေရတာလဲ..”

မော့လောင်တနောက်မှ လိုက်ရင်းဖြင့် ယင်ရှောင်ရှောင်းသည် မြက်ပင်ကြီးများ၏အောက်တွင် မြက်ပင်လေးများ ပေါက်နေသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ ယင်ရှောင်ရှောင်း ဆိုလိုသည့် မြက်ပင်လေးဆိုသည်မှာ တောင်ပေါ်တွင်ရှိသည့် ပုံမှန်မြက်ပင် အရွယ်အစားကို ဆိုလိုခြင်းဖြစ်သည်။

မော့လောင်တ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ဒါက မြွေပုန်းမြက် လေ..”

“အမ်..”

ယင်ရှောင်ရှောင်း ကြောင်အသွားသည်။ မြွေပုန်းမြက် လား..။ မင်းကဘာလဲ..။ ဒီမြက်ကိုစားလိုက်တဲ့ မြွေတွေက ကိုယ်ပျောက်သွားတာမျိုးလား..။

မော့လောင်တ စဉ်းစားပြီးနောက် ယင်ရှောင်ရှောင်းအား ရှင်းပြလိုက်သည်။

“ဒီမြက်ရှိတဲ့နေရာတွေမှာ မြွေတွေက တခြားမြွေတွေကို အနံ့ခံလို့မရတော့ဘူး.. မော့မြွေဖြစ်တဲ့ ကိုယ့်အတွက်ဆို ကိုယ့်အောက်မှာရှိတဲ့ မြွေတွေက သူတို့ရဲ့ အနံ့ကို ကိုယ့်ဆီကနေ ဖုန်းကွယ်ထားလို့ မရဘူး.. ဒါပေမဲ့လည်း ကိုယ်က ဒီမြက်ခင်းထဲမှာ ရောက်နေမယ်ဆို လုမြွေတွေကိုတောင် အနံ့ခံနိုင်မှာ မဟုတ်တော့ဘူးလေ..”

“မှော်ဆန်လိုက်တာနော်..”

ယင်ရှောင်ရှောင်း အံ့ဩသွားလေသည်။ ထို့နောက်တွင် သေသေချာချာ စဉ်းစားလိုက်သည်။

“အဲဒါဆိုရင် မြွေပွေးတွေက မော့မြွေတွေကို ပုန်းဖို့အတွက် ဒီမြက်တွေကို ယူသွားနိုင်တာလား..”

မော့လောင်တသည် ယင်ရှောင်ရှောင်း၏ “မော့မြွေများကို ပုန်းရန်” ဆိုသည်အား မေးလာသည့်အတွက် ယင်ရှောင်ရှောင်းအား ခပ်နာနာ ကိုက်လိုက်ပြီးနောက် ခေါင်းယမ်းကာဖြင့် ပြောသည်။

“ဒီမြက်က သူ့နေရာနဲ့သူပဲ ရှင်သန်နိုင်တာ.. ပြီးတော့ ရှင်နေတုန်းပဲ အသုံးဝင်တယ်.. မြေကြီးထဲကနေ ဆွဲနှုတ်လိုက်မယ်ဆိုရင် သူ့ရဲ့ သက်ရောက်မှု မရှိတော့ဘူး.. အဲဒါကြောင့် ဒီမြက်ပင်ကိုသယ်ပြီး လျှောက်သွားနေတဲ့မြွေ တစ်ကောင်မှ ရှိမနေဘူး..”

ယင်ရှောင်ရှောင်း စိတ်ပျက်စွာဖြင့် ‘အိုး’ ဟု ဆိုလိုက်သည်။

“အဲတော့ ဒီမြက်က အသုံးမဝင်ဘူးပေါ့.. တောင်ပေါ်မှာလည်း ဒီမြက်ပင်မျိုး မတွေ့ခဲ့မိဘူးနော်..”

ယင်ရှောင်ရှောင်း သိချင်ရသည့် အကြောင်းအရင်းမှာ ဤမြက်ပင်သည် အလွန်ထူးခြားနေသောကြောင့်ပင်။ မြွေပုန်းမြက်၏ အရောင်မှာ အနီရောင်ဖြစ်သည်။ ထိုမျှသာမကဘဲ အနီရင့်ရောင် ဖြစ်သည်။ အရွက်များမှာ ပုံမှန်မဟုတ်ဘဲ လွှသွားပုံသဏ္ဌာန်ဖြစ်ပြီး တစ်စုံတစ်ခုအား ကိုက်ဖြတ်ထားသလိုဖြစ်သည်။ ယင်ရှော်ငရှောင်းသည် ထိုကဲ့သို့ မြက်ပင်မျိုးအား တောင်ပေါ်တွင် မြင်တွေ့ခဲ့ဖူးသည်ဆိုလျှင် သေချာပေါက် မှတ်မိနေပေလိမ့်မည်။

“ဒီမြက်ကို ဒီချောက်ကမ်းပါးအောက်ခြေမှာပဲ တွေ့နိုင်ပြီး တခြားနေရာမှာ တွေ့မှာမဟုတ်ဘူး.. တောင်ပေါ်မှာလည်း မြင်ဖူးမှာ မဟုတ်ဘူး..”

ယင်ရှောင်ရှောင်း ကြောင်အသွားပြန်သည်။ မြွေပုန်းမြက်မှာ မြွေပွေးများရှိသည့်နေရာတွင် မပေါက်နိုင်ဘူးလား။ ဝသဖ။ ချောက်ကမ်းပါးအောက်တွင် ပေါက်နေသည့် အခြားအပင်များနှင့် နှိုင်းယှဉ်ပါက မြွေပုန်းမြက်သည် တိုကာ ပါးလွှာသည်။ ချောက်ကမ်းပါးအောက်တွင် ပေါက်နေသဖြင့် ဤမြက်ပင်တွင် အစွမ်းသတ္တိများ ရှိပေလိမ့်မည်။ ထို့အပြင် လွန်ခဲ့သည့်ရက်များအတွင်း တဟေးတန်၏ သဘောထားအရ ချောက်ကမ်းပါးအောက်ခြေတွင် သွားလာခြင်းနှင့် ပတ်သက်၍ မြွေပွေးအများစုမှာ ချောက်ကမ်းပါးအောက်ခြေ၌ သွားလာခြင်းအား သဘောကျခြင်း မရှိကြောင်း ယင်ရှောင်ရှောင်း သိရှိထားသည်။ တစ်နည်းဆိုရသော် ချောက်ကမ်းပါးအောက်ခြေတွင် အခြားမြွေပွေးများနှင့် ဝင်တိုးရန်မှာ အလွန်ခက်ခဲလှပေလိမ့်မည်။ ထိုသို့ဖြစ်နေသည့်တိုင် ဤမြက်ပင်များသည် မည်သည်ကြောင့် ဤနေရာတွင် ပေါက်နေရသနည်း။

ယင်ရှောင်ရှောင်း ထိုအကြောင်းကို တွေးမိသည့်အခါ သူ၏နှုတ်ခမ်းမှ မေးခွန်းများ ထွက်ကျလာသည်။ မော့လောင်တ ခေတ္တမျှ တိတ်ဆိတ်ပြီးနောက်တွင် ပြောလာသည်။

“ကိုယ်တို့ မြွေပွေးတွေက ဒီမြက်မျိုးကို မလိုပါဘူး.. ဒါပေမဲ့ အဲဒါနဲ့ပဲ ဒီနေရာမှာနေတဲ့ မြွေတွေကတော့ မလိုဘူးလို့ မဆိုလိုဘူးလေ..”

“ချောက်ကမ်းပါးအောက်ခြေက မြွေတွေ ဟုတ်လား..”

ယင်ရှောင်ရှောင်း စိတ်ရှုပ်သွားသည်။

“မြွေပွေးတွေ မဟုတ်ဘဲနဲ့.. မင်းပြောနေတာ သာမန်မြွေတွေအကြောင်းလား..”

“မဟုတ်ဘူး.. သာမန်မြွေတွေ မဟုတ်ဘူး..”

မော့လောင်တ အသံခပ်နိမ့်နိမ့်ဖြင့် ပြောသည်။

ယင်ရှောင်ရှောင်း ဆက်မေးနေချင်သေးသော်လည်း မမေးခင်မှာပင် မော့လောင်တသည် ရုတ်တရက် အရှိန်မြှင့်ပြီး သွားလိုက်သည်။ ယင်ရှောင်ရှောင်း ခေတ္တမျှ နားမလည်နိုင်ဟန်ဖြင့် ရှိနေပြီး မော့လောင်တနောက်သို့ အရှိန်မြှင့်ပြီး လိုက်သွားလေသည်။ လူစားပန်းများနှင့် မိုးမခမှင်စာများအကြောင်းအား မမေ့သေးပါချေ။ ဟေး.. ချောက်ကမ်းပါးအောက်ခြေတွင် ရှိနေစဉ် မော့လောင်တနောက်တွင်သာ နီးနီးကပ်ကပ် နေရပေမည်။

အဆုံးတွင် မော့လောင်တသည် ယင်ရှောင်ရှောင်း ဒေါသတကြီး ဖြစ်မလာမီတွင် အလွန်ကြီးမားသည့် ရေကန်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ ယင်ရှောင်ရှောင်းမှာ အချိန်မီ မရပ်တန့်နိုင်သည့်အတွက် မော့လောင်တဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်မိခဲ့သည်။ ယင်ရှောင်ရှောင်း ဝင်ဆောင့်မှုကြောင့် မူးဝေသွားသည်။ တဟေးတန်၏ အရေပြားမှာ အလွန်မာကြောလှသည်။

“မင်းကိုယ့်ကို ဒီမှာစောင့်နေနော်.. ကိုယ် စားစရာတစ်ခုခု ရှာလိုက်ဦးမယ်..”

မော့လောင်တ ရပ်လိုက်ပြီးနောက် “ဟိုဟိုဒီဒီ လျှောက်မပြေးနဲ့နော်.. နားလည်လား..”

ယင်ရှောင်ရှောင်း ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူလုံးဝ ထွက်ပြေးလိမ့်မည် မဟုတ်ပေ။ ဤကမ္ဘာကြီးမှာ ရက်စက်လွန်းလှသည်။

“ကိုယ် ဒီအနီးတစ်ဝိုက်မှာပဲ ရှိမှာပါ.. ဝေးဝေးမသွားဘူးနော်.. ကိစ္စတစ်ခုခုဆိုရင် ကိုယ့်ကို အော်ခေါ်လိုက်..”

မော့လောင် တုံ့ဆိုင်းနေပြီးနောက်မှ ပြောလာသည်။

“ဒီနေရာမှာ ဒီလိုမြက်ပင်မျိုးတွေ နေရာအနှံ့ပဲ.. အဲဒါကြောင့် မင်းရဲ့အနံ့ကို ကိုယ်အာရုံခံနိုင်မှာ မဟုတ်ဘူး.. မင်းပျောက်သွားမယ်ဆို ရှာဖို့အရမ်းခက်လိမ့်မယ်.. အဲဒါကြောင့် ဟိုဟိုဒီဒီ လျှောက်သွားလို့ လုံးဝမရဘူးနော်..”

ယင်ရှောင်ရှောင်း ကြိမ်ဖန်များစွာ ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်ပြီး အလွန်ကြမ်းတမ်းသည့်အတွက် မေးစေ့နှင့် မြေပြင်ပင် ထိမိခဲ့သည်။

“လုံးဝ စိတ်မပူနဲ့.. ကျွန်တော့်လိုမျိုး နာခံမှုရှိတဲ့ မြွေတစ်ကောင်က ဟိုဟိုဒီဒီ လျှောက်မသွားဘူးဆိုတာ လုံးဝသေချာတယ်..”

မော့လောင်တ: “…”

တကယ်တမ်းတွင် မော့လောင်တသည် ယင်ရှောင်ရှောင်းအား မထားခဲ့ချင်သော်ငြား ကျိခန်း၏ သင်္ချိုင်းမှ ထွက်ခွာလာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်းသည် ချောက်ကမ်းပါးအောက်ခြေသို့ သွားရန်အတွက် မော့လောင်တအား တအီအီ ပူဆာနေခဲ့သည်။ အစားပင်မစားခဲ့သည့်အတွက် မော့လောင်တမှာ ယင်ရှောင်ရှောင်း၏ စိတ်အား ပြောင်းလဲနိုင်စွမ်း မရှိခဲ့ချေ။ များမကြာမီတွင် ယင်ရှောင်ရှောင်းအား တောင်အောက်သို့ ခေါ်ဆောင်လာခဲ့သည်။ ခရီးစဉ်တစ်လျှောက်တွင် မည်သည့်အရာမျှ မစားခဲ့ရပေ။ ထို့အပြင် ခရီးမှာလည်း ရှည်လျားသည့်အတွက် ယင်ရှောင်ရှောင်း၏ဝမ်းဗိုက်မှာ အကြိမ်ပေါင်းများစွာ အော်ဟစ်လို့နေသည့်တိုင် မော့လောင်တအား တစ်ခွန်းမဆိုခဲ့ပေ။ ယင်ရှောင်ရှောင်းသည် တောင်အောက်သို့သာ ပြေးဆင်းသွားခဲ့ပြီး သူ၏ ဆာလောင်မှုအား အလေးအနက် မထားခဲ့ပေ။ သို့သော်လည်း မော့လောင်တမှာ အလွန်စိတ်ဆင်းရဲနေခဲ့ရသည်။ ယင်ရှောင်ရှောင်းနှင့် တစ်နှစ်နီးပါး အတူနေထိုင်ခဲ့ပြီးသည့်နောက်တွင် မော့လောင်တသည် ယင်ရှောင်ရှောင်း၏ သေးငယ်သည့် ခန္ဓာကိုယ်လေးအား သတိပြုမိခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ တစ်နပ်၊ နှစ်နပ်လောက်မျှ မစားရသည်နှင့် ချက်ချင်းဆိုသလို ကိုယ်အလေးချိန် လျော့ကျသွားပေလိမ့်မည်။

မော့လောင်တ ယခင်က ဤရေကန်သို့ ရောက်ဖူးခဲ့သည်။ ဤရေကန်သည် ချောက်ကမ်းပါးအောက်ခြေတွင် အလုံခြုံဆုံးသော နေရာဖြစ်ကြောင်း သူသိထားသည်။ ထိုသတ္တဝါများသည် သူတို့၏ နယ်မြေမှ စိတ်လက်မာန်ပါ ထွက်ခွာသွားကြခြင်း မရှိသလို ချောက်ကမ်းပါးအောက်ရှိ ရေကန်မှာလည်း စည်းကမ်းမဲ့ဇုန်တစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤရေကန်သည် ထိုသတ္တဝါများ သောက်သုံးသည့် အများပိုင်ရေကန်တစ်ခုလည်း ဖြစ်သည်။

ဘာဖြစ်တယ်.. မော့လောင်တက အဲဒီသတ္တဝါတွေ ရေလာသောက်မှာကို မစိုးရိမ်ဘူးလားလို့ မေးလိုက်တာလား..

ထိုအခြင်းအရာနှင့် ပတ်သက်၍ စိုးရိမ်နေရန် မလိုအပ်ချေ။ ထိုသတ္တဝါများသည် အနှစ်တစ်ရာလျှင် တစ်ကြိမ်မျှ ရေသောက်ဖို့ရန် မလိုအပ်သည်ကို မော့လောင်တ အာမခံနိုင်သည်ကြောင့် ယခုအချိန်မှ သူတို့အနေဖြင့် ရေလာသောက်ရန် အကြောင်းမရှိချေ။

သို့သော်လည်း ‘တိုက်ဆိုင်မှုမရှိတဲ့ ဇာတ်လမ်းဆိုတာ မရှိဘူး’ ဟူသည့် ဆိုရိုးလည်း ရှိနေပြန်သည်။

ယင်ရှောင်ရှောင်း ရေကန်ရှေ့တွင် စူးစူးစမ်းစမ်း ရှိနေချိန်မှာပင် မိုးခြိမ်းသံအား ကြားလိုက်ရသည်။ ထို့နောက်တွင် နောက်ပြောင်လိုသည့် အသံဖြင့် ပြောသည်အား ကြားလိုက်ရလေသည်။

“ကြည့်ပါဦး.. ကြည့်ပါဦး.. ငါ ဒီမှာ ဘာလေးကို တွေ့ထားသလဲလို့..”