အပိုင်း ၅၆
Viewers 13k

🐍
Chapter 56

ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် ယင်ရှောင်ရှောင်း အလန့်တကြား ထခုန်မိလိုက်သည်။ ကနဦးတွင် မိုးခြိမ်းသံဟုပင် ထင်လိုက်မိသေးသည်။ သို့သော်လည်း အသေအချာ နားထောင်ကြည့်မည်ဆိုလျှင် မိုးခြိမ်းသံ မဖြစ်နိုင်ပေ။ ထို့ကြောင့် ယင်ရှောင်ရှောင်း ချက်ချင်းဆိုသလို နားလည်သဘောပေါက်လိုက်သည်မှာ သူ ‘မိုးခြိမ်းသံ’ ဟု ထင်နေသည့်အရာမှာ တကယ်တမ်းတွင် ‘မိုးခြိမ်းသံ’ မဟုတ်ချေ။ သူ၏နောက်တွင် လူတစ်ယောက် ရှိနေခြင်းများလား။ မဟုတ်ဘူး မြွေတစ်ကောင်ဖြစ်ရမည်။ မဟုတ်ပါက အခြားအရာတစ်ခုခု ဖြစ်ရပေမည်။

ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားသည်။ သူ၏နောက်တွင် ရှိနေသည့်အရာမှာ တဟေးတန် လုံးဝမဖြစ်နိုင်ချေ။ တဟေးတန်သည် သူ့အားခြောက်လှန့်ချင်လျှင်ပင် အသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ ဩရှရှ ဖြစ်နေလိမ့်မည် မဟုတ်ပေ။

ထိုစကားသံမှာ မိုးခြိမ်သံနှင့် တူလှသည်။ ဘုရားရေ.. အနောက်မှာရှိနေတဲ့အကောင်က တကယ်ပဲ ဘာကြီးလဲ..

"ဒီပေါက်စလေးက... မင်းကို ကြောက်နေတယ်နဲ့ တူတယ်"

ထိုမိုးခြိမ်းသံနှင့်တူသည့် အသံပိုင်ရှင်နောက်တွင် တည်ငြိမ်အေးဆေးသော အသံတစ်သံက ထွက်ပေါ်လာပြီး စသလိုနောက်သလို ပြောနေသည်။ ထိုအသံသည်လည်း မိုးခြိမ်းသံကဲ့သို့ပင် ဖြစ်သည်။

"ဟမ့်... မင်းရုပ်နဲ့ငါရုပ်ကို ပြန်ကြည့်ကြည့်ပါဦး... မင်းလိုမျက်နှာပေါက်ဆိုးဆိုးနဲ့... ငါ့ကိုအချောလေးက... ဒီလောက်ကွာတာ... ကြောက်မဲ့ကြောက် မင်းကိုပဲ ကြောက်တာနေမှာပေါ့.."

ယင်ရှောင်ရှောင်း ငိုချင်လာသည်။ သူ့နောက်မှာ အကောင်ကြီးကြီးနှစ်ကောင် ရှိနေသည်။ နှစ်ကောင်လုံးကလည်း အထီးတွေ။

‘ခင်ဗျားတို့ စကားဖောင်ဖွဲ့ချင်ရင်လည်း တခြားတစ်နေရာရာကို သွားလို့မရဘူးလား.. ငါလေးက မကောင်းတဲ့အရာတွေနဲ့ မတွေ့ချင်တော့ဘူးလို့.. ဒီနားလေးမှာပဲ တဟေးတန်ပြန်လာတာကို အသက်ရှင်လျက်နဲ့ စောင့်ပြီး စားသောက်မလို့ပါ.. ငါ့ရဲ့ ရိုးသားတဲ့ ခန္ဓာကိုယ်လေးက ဗိုက်ဆာနေတာ အရမ်းကြာနေလို့ အတော်ဆိုးဆိုးကို ဆာနေတာနော်..’

ယင်ရှောင်ရှောင်၏အတွေးများ ယောက်ယက်ခတ်နေစဉ်တွင် သူ၏နောက်ကျောဘက်ရှိ ထိုအရာနှစ်ခုမှာ စကားပြောဆိုပြီးသွားသည့်အတွက် ရေကန်နံဘေးတွင် ရှိနေသည့် ယင်ရှောင်ရှောင်းအား လှည့်ကြည့်လာကြပြန်သည်။ သူတို့မည်သည်ကြောင့် စကားများရန်ဖြစ်ရသနည်း။ သူတို့သည် နှစ်ထောင်ပေါင်းများစွာ ရန်ဖြစ်စကားများခဲ့ကြသော်လည်း လုံလောက်မှု ရှိသေးချေ။ ယခုအခါတွင် ခက်ခက်ခဲခဲဖြင့် ချောက်ကမ်းပါးအောက်သို့ ဆင်းလာသည့် မြွေတစ်ကောင်အား မြင်တွေ့ရခြင်း ဖြစ်သည်။

တစ်အောင့်အကြာတွင် အကောင်တစ်ကောင်သည် ယင်ရှောင်ရှောင်းရှိရာသို့ တစ်ဖြည်းဖြည်းချဉ်းကပ်ကာ တစ်ချက်လှမ်းကြည့်လိုက်သည်။

“မင်းဒီကို တစ်ယောက်တည်း လာခဲ့တာလား ပေါက်စလေး..”

ယင်ရှောင်ရှောင်းသည် ထိုအကောင်၏ အမေးအား ပြန်ဖြေဖို့ရန် အသိစိတ်ရှိမနေချေ။ ကြောင်ကြောင်တောင်နှင့် သူ့မျက်စိရှေ့မှ အကောင်ကိုသာ ငေးကြည့်နေမိသည်။ ‘အမေရေ.. ဒါကဘာကောင်ကြီးလဲ..’

ထိုအကောင်၏ ပုံစံမှာ အဝိုင်းသဏ္ဌာန်ရှိသည်။ စက်ဝိုင်းပုံထဲတွင် နောက်ထပ် စက်ဝိုင်းတစ်ခု ရှိနေပြီး အပြင်ဘက်မှာ ဖြူပြီး အတွင်းမှာ အညိုရောင်သန်းနေသည်။ ယင်ရှောင်ရှောင်း သေသေချာချာ ထပ်ကြည့်လိုက်သည်။ အတွင်းဘက် အညိုရောင်အဝိုင်း၏ အထဲထဲတွင် နောက်ထပ် အနက်ရောင်အဝိုင်းတစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် အပေါ်ယံ အရေပြားပေါ်သို့ အကြည့်ရောက်သွားသည်။ အရေပြားမှာ နှင်းကဲ့သို့ ဖြူဖွေးချောမွေ့နေပြီး အနောက်ရောင်အမွေးအမျှင် အချို့ဖြင့် ဖုံးအုပ်ထားသည်။

ယင်ရှောင်ရှောင်း မှင်သက်နေမိသည်။ သူ့ရှေ့တွင် ရှိနေသည့် အကောင်မှာ ကြီးလွန်းသည့်အတွက် အသွင်အပြင် တစ်ခုလုံးအား သေချာမမြင်ရပေ။ ထို့ကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး ကြည့်သည့်အခါတွင် ယင်ရှောင်ရှောင်း၏ မျက်လုံးတို့ ပြူးကျယ်သွားတော့သည်။ ထိုအကောင်ကြီးတွင် ဆံပင်များရှိသလို ဆံပင်အမြစ်များလည်း ရှိနေသည်။ အိုး.. အကြေးခွံများလည်း ရှိသည်။ အကြေးခံများ ဖြန့်ကျက်ထားသည့် နေရာကို ဂရုတစိုက် ကြည့်လိုက်မိသည့်အခါ အကြေးခွံများအကြား သိသာထင်ရှားနေသည့် အသားများကို တွေ့မြင်နိုင်သည်။

ဒါ.. ဒါက လူမျက်နှာပဲ..။ အားးး။ ယင်ရှော်ငရှောင်း ပြာယာခတ်သွားသည်။ ‘ဟိုလီရှစ်.. ဒီနေရာမှာ ဘယ်လိုလုပ်ပြီး လူရှိနေတာလဲ..’ ယခုလေးတင် လူတစ်ယောက်၏ မျက်နှာပေါ်ရှိ မျက်လုံးများနှင့် ခေါင်းပေါ်ရှိ ဆံပင်များ၊ နားသယ်စပ်ရှိ နားသယ်မွေးများကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည်။ ထိုအကောင်သည် သူ့အား ငုံ့ကြည့်နေသည့်အတွက် အထင်ရှားဆုံးသော အစိတ်အပိုင်းမှာ မျက်ဆံနက်နက် တစ်စုံပင် ဖြစ်သည်။ ထို့နောက် ယင်ရှောင်ရှောင်း ထိုလူ၏ မျက်နှာအောက်သို့ အကြည့်ပို့လိုက်သည်။

ယင်ရှောင်ရှောင်း: "......"

‘ဟိုလီရှစ်.. ဒီလောင်ဇီက မှားသွားတယ်.. ‘ဒီနေရာမှာ ဘာကိစ္စနဲ့ လူတစ်ယောက် ရှိနေတာလဲလို့’ ဘယ်လိုဖြစ်ပြီး တွေးမိလိုက်တာလဲ.. လောင်ဇီမှားသွားပြီ.. လူသားတစ်ယောက်နဲ့ လောင်ဇီက ဘယ်တော့မှ မတွေ့ချင်ခဲ့ဘူး.. ဘီလူးတစ်ကောင်ဖြစ်နေရင်တောင် လောင်ဇီ လက်ခံနိုင်ပါသေးတယ်.. ဒါပေမဲ့.. မင်းရဲ့ခေါင်းအောက်မှာ မြွေခန္ဓာကိုယ်ကြီးနဲ့လေ.. ဝသဖ..’

“ပေါက်စလေးက မင်းကိုကြောက်နေတယ်ဆိုတာ သေချာသွားပြီ..”

တည်ကြည်လေးနက်ပြီး ဩရှသည့် အသံပြိုင်ရှင်မှ ပြောလာပြီး သူ၏အသံထဲတွင် အပြုံးရိပ်တို့ ပါဝင်လို့နေသည်။

“လာနောက်နေတာလား.. ငါက ဒီလောက်ခံ့ညားချောမောနေတာ.. ငါ့ကို ကြောက်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ.. မင်းကိုကြောက်နေတာပဲဖြစ်မှာ..”

ယင်ရှောင်ရှောင်းမှာ မှင်သက်အံ့ဩလျက် ထိုသတ္တဝါနှစ်ကောင်အား အကဲခတ်နေချိန်တွင် တစ်စုံတစ်ခု မူမမှန်သည်ကို သတိထားမိလိုက်သည်။

နေပါဦး.. သူတို့က နှုတ်ခမ်းမလှုပ် ပါးစပ်မဖွင့်ဘဲ စကားပြောနေကြတာလား.. စိတ်ချင်းဆက်သွယ်ပြီး ပြောနေတာလား.. ငါ့ခေါင်းထဲမှာ ဘယ်လိုလုပ်ပြီး သူတို့ရဲ့ စကားသံကို ကြားနေတာလဲ..

ယင်ရှောင်ရှောင်းထံတွင် ဝန်ခံစရာ တစ်ခုရှိနေသည်။ သင်္ချိုင်းဟောင်းထဲတွင် နေသည့်အတွက် မျက်လုံးဖွင့်လိုက်သည်နှင့် ဖြတ်သွားဖြတ်လာ လုပ်နေကြသော သရဲတစ္ဆေအများစုကို မကြာခဏ မြင်ခဲ့ဖူးသည်။ ထို့ကြောင့် ယခင်ကထက် စိတ်ဓာတ်ပို၍ ကြံ့ခိုင်လာသည်ဟု ဆိုရမည်။ ကြောက်စရာ လန့်စရာများအား မြင်လျှင်လည်း တစ်ခဏတာမျှသာ အကျိုးသက်ရောက်ပြီး ပုံမှန်ပြန်ဖြစ်သွားတတ်သည်။

ယခုတွင်လည်း ခေတ္တမျှသာ တုံ့ဆိုင်းနေပြီး အဆုံးတွင် စိတ်ကိုဒုံးဒုံးချကာ မျက်စိရှေ့ရှိ သတ္တဝါကြီးအား စူးစိုက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ချက်မျှကြည့်လိုက်ရုံနှင့် ထိုလူမျက်နှာနှင့် ထူးဆန်းသော သတ္တဝါမှာ သူ၏ပါးစပ်ကိုသုံးကာ စကားပြောနေခြင်း မဟုတ်ကြောင်း ယင်ရှောင်ရှောင်း တပ်အပ်သိလိုက်ရသည်။ ထိုသတ္တဝါကြီးထံတွင် ခေါင်းကိုးလုံး ရှိနေသောကြောင့် ဖြစ်သည်။ လူမျက်နှာ ခေါင်းကိုးလုံးနှင့် မြွေခန္ဓာကိုယ်တစ်ခု။

မြင်ဖန်များလာသည့်အတွက် ယင်ရှောင်ရှောင်း အစောပိုင်းကဲ့သို့ အထိတ်တလန့် မဖြစ်တော့ပေ။ ဦးနှောက်ကို ကောင်းကောင်းအလုပ်ပေးလိုက်ချိန်တွင် မျက်စိရှေ့ရှိ အရာမှာ ရှိုးဟွီမှန်း သိလိုက်ရသည်။

ရှိုးဟွီဆိုသည်မှာ အလွန်အမင်း အဆိပ်ပြင်းသည့် ဒဏ္ဍာရီလာ ခေါင်းကိုးလုံးပါ ရှန်းလွီမြွေတစ်ကောင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ကျော်ခန့်တွင် မြစ်နတ်ဘုရား ကုန်းကုန်းသည် ရေလွှမ်းမိုးမှုကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ ထိုရေလွှမ်းမိုးမှုကြောင့် တရုတ်ပြည်အလယ်ပိုင်း တစ်ခုလုံး စုန်းစုန်းမြုပ်ခဲ့ရသည်။ သို့သော် ဧကရာဇ်တယွီသည် ရေလွှမ်းမိုးမှုအား ရပ်တန့်ရန် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဧကရာဇ်တယွီ၏ တိုက်ခိုက်မှုအား ပြန်လည်ထိုးစစ်မဆင်နိုင်သည့်အတွက် ကုန်းကုန်းမှာ ပြည်နှင်ဒဏ်နှင့် အကျဉ်းချခံခြ့ရသည်။ ရှန်းလွီမှု ကုန်းကုန်း၏ သစ္စာရှိငယ်သားတစ်ယောက်ဖြစ်ပြီး ကုန်းကုန်း ကျရှုံးသွားသည့်အချိန်တွင် တိုင်းပြည်တစ်ခုလုံး ပရမ်းပတာအခြေအနေရောက်အောင် မွှေနှောက်ခဲ့သည်။ ဧကရာဇ်တယွီသည်လည်း ရှန်းလွီအား အမျက်ရှကာ သုတ်သင်ရှင်းလင်းခဲ့သည်။ သို့သော် ရှန်းလွီ၏ သွေးချောင်းစီးရာ နယ်မြေငါးခုတွင် ကောက်ပဲသီးနှံများ စိုက်ပျိုး၍ မရနိုင်တော့ဘဲ အဆိပ်နယ်မြေစိမ့်တောများ ဖြစ်ခဲ့ရသည်။ ဧကရာဇ်တယွီသည် ထိုစိမ့်မြေများအား မြေပြန်ဖို့ရန် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အဆုံးတွင် ထိုစိမ့်မြေကြီးမှ ရွှံ့နွံ့အားလုံးကို တတ်နိုင်သမျှ ဖယ်ရှားပစ်ပြီး ကွင်းပြင်ကျယ်တစ်ခုအသွင်ပြောင်းပါ နန်းဆောင်များနှင့် နားနေဆောင်အများအပြား တည်ဆောင်ခဲ့သည်။ ထိုအဆောက်အဦများကို ဧကရာဇ်၏ အဆောင်တော်များဟု ခေါ်တွင်စေခဲ့သည်။ ရှုံးဟွီ၏ အသွင်အပြင်ကို ဖော်ပြရမည်ဆိုလျှင် ယင်ရှောင်ရှောင်း၏ မျက်စိရှေ့တွင် ရှိနေသည့်အတိုင်း ခေါင်းကိုးလုံး၊ လူမျက်နှာများနှင့် မြွေခန္ဓာကိုယ်တစ်ခုနှင့် ခြေလေးချောင်းတို့ ပါရှိသည်။

ဝိညာဉ်ဆင့်ခေါ်သည် ချူသီချင်းများတွင် ဤသို့ဆိုလေသည်။ ‘ခေါင်းကိုးလုံးရှုံးဟွီက.. သူ့နှလုံးကျန်းမာနေဖို့အတွက်.. တစ်ခါတစ်လေများကျ.. လူတွေကို မြိုတတ်တယ်..’။ ဝမ်ယိ၏ မှတ်ချက်မှာ ဤသို့သာ။ ‘ဆိုးယုတ်တဲ့ ရှုံးဟွီက လူတွေရဲ့ ဝိညာဉ်ကို လှောင်ပိတ်ထားတတ်တယ်..’။ ရှုံးဟွီ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ စာဖွဲ့လို့ပင် မမီနိုင်အောင် ဖြစ်လေသည်။

ယင်ရှောင်ရှောင်း အချိန်အတန်ကြာသည့်အခါတွင် စိတ်တည်ငြိမ်သွားပြီး အရာအားလုံးကို အာရုံစိုက်နိုင်သွားသည်။ ‘ဒါက ဒီအတိုင်း ခေါင်းကိုးလုံး ရှုံးဟွီပြလေ.. ဘာများ ဆိုးဆိုးဝါးဝါး ဖြစ်နိုင်မှာလဲ.. သူ့ဘာသာ ခေါင်းဘယ်နှခေါင်းပဲရှိရှိပေါ့.. မြွေတစ်ကောင်ပဲကို.. လောင်ဇီက စိုးရိမ်မနေဘူးနော်..’

“အာ.. ဒီပေါက်စလေးက မင်းကို မကြောက်တော့ဘူးထင်တယ်..”

တည်ကြည်လေးနက်သော အသံပိုင်ရှင်မှ သံသယအပြည့်နှင့် ပြောလာသည်။ ရှုံးဟွီ၏ ခေါင်းကိုးလုံးမှာ လူမျက်နှာများဖြစ်ကြသည်။ သာမာန်မြွေခေါင်းနှင့် မြွေမျက်နှာဆိုလျှင် ထိုမျှကြည့်ရဆိုးမည် မဟုတ်သော်လည်း လူမျက်နှာများမှာ အတော်လေး အကျည်းတန်လှသည်။ သို့တိုင်အောင် သူ့ကိုယ်သူ ရုပ်ချောသည်ဟု ထင်နေသည့် မြွေတစ်ကောင်ရှိနေပြီး ခေါင်းကိုးလုံးရှိသည့်တိုင် ကျပ်မပြည့်ပုံရသည်။

ထို့နောက် တည်ကြည်လေးနက်သော အသံပိုင်ရှင်အား ယင်ရှောင်‌ရှောင်း တစ်ချက်လှမ်းကြည့်လိုက်သည်။

ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်လွှမ်းနေသည်။ မြွေမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသည်။ နောက်ကျောဘက်တွင် အတောင်ပံနှစ်စုံကို တွေ့ရသည်။ တစ်စုံမှာ အရွယ်အစား သေးငယ်ပြီး နောက်တစ်စုံမှာ ခပ်ကြီးကြီးဖြစ်သည်။ ထိုပုဂ္ဂိုလ်ကိုလည်း ယင်ရှောင်ရှောင်း ကောင်းကောင်းသိသည်။ ဤသို့သော အသွင်အပြင်ရှိသူမှာ မင်ရှဲကလွဲပြီး အခြားသူမဟုတ်နိုင်ချေ။

မင်ရှဲအကြောင်းအား ဒဏ္ဍာရီလာပထဝီဝင်နှင့် ထူးခြားဆန်းကြယ်သော သတ္တဝါများ ကျမ်းပေါင်းချုပ်ကို ရေးသားပြုစုထားသည့် တောင်နှင့်ပင်လယ် ဂန္ထဝင်စာအုပ် ဒုတိယတွဲတွင် ဤသို့ဖော်ပြထားသည်။ အနောက်အရပ်သို့ မိုင်သုံးရာတိတိ ခရီးသွားလျှင် အဖိုးတန်သည့် ‌ရွှေနှင့်ကျောက်စိမ်းတို့ ပေါများကြွယ်ဝပြီး ကောက်ပဲသီးနှံ မဖြစ်ထွန်းသော ရှန်းတောင်ခြေသို့ ရောက်လိမ့်မည်။ ထိုတောင်ခြေမှ ဖြစ်တည်လာသော ရေများက တောင်ဘက်ယိမြစ်သို့ စီးဝင်လိမ့်မည်။ ၎င်းမြစ်ရေအတွင်းတွင် မင်ရှဲမြောက်များစွဦ ရှိသည်။ မင်ရှဲတို့၏ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်၏ ခန္ဓာကိုယ်နှင့် အလားသဏ္ဌာန်တူပြီး အလျားမှာ ပေပေါင်းများစွာ ရှည်လျားသည့်အပြင် တောင်ပံနှစ်စုံလည်း ပါရှိသည်။

မင်ရှဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို တောင်နှင့်ပင်လယ် ဂန္ထဝင်စာအုပ်တွင် အသေးစိတ် ရေးသားဖော်ပြထားရုံမျှမကဘဲ မင်ရှဲအကြောင်း ရေးထားသည့် အခြားသော မှတ်တမ်း ရာဇဝင်ကျမ်း တိုင်းတွင်လည်း တစ်ပုံစံတည်း ရေးသားဖော်ပြထားသော အရာတစ်ခုရှိသည်။ ထိုအရာမှာ မင်မြွေများကို ရွှေငွေအဖိုးတန် ကျောက်သံပတ္တမြားများမရှိသော နေရာနှင့် သမိုင်းဝင်ပုဂ္ဂိုလ်တို့ကို မြှုပ်နှံထားသည့် ဂူသင်္ချိုင်းဟောင်းများတွင် တွေ့ရတတ်သည် ဟူသောအချက်ဖြစ်သည်။ ထို့ကြောင့် အခြားစကားလုံးနှင့် ပြောရမည်ဆိုလျှင် ဒဏ္ဍာရီလာမင်ရှဲတို့၏ တာဝန်မှာ လျှို့ဝှက်မြှုပ်နှံထားသည့် အဖိုးတန်ရတနာများအား စောင့်ရှောက်ရန်ဖြစ်သည်။ မင်ရှဲရှိသောနေရာတွင် သေချာပေါက် ရတနာသိုက်ရှိသည်။

ထိုသို့နှင့် ယင်ရှောင်ရှောင်း သူ့မျက်စိရှေ့ရှိ မင်ရှဲကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ‘ကျိခန်းရဲ့ အသုဘပစ္စည်းတွေက တကယ်ကို သုံးစားမရတာပဲ..’

ထို့နောက် တစ်စုံတစ်ခုကို သတိရသွားသည့်အတွက် မင်ရှဲအား ဘောက်ဆတ်ဆတ်နှင့် မေးလိုက်သေးသည်။

“ကျွန်တော်ကြားဖူးတာက မင်မြွေကိုတွေ့ရင် မိုးခေါင်ရေရှားပြီး ကပ်ဆိုက်တတ်တယ်တဲ့.. ဒါပေမဲ့ ခင်ဗျားဒီနေရာမှာ ရှိနေတာတောင် ဘာလို့ ကပ်မဆိုက်သေးတာလဲ..”

မင်ရှဲ: "......"

ရှုံးဟွီ: "ဟားဟား...ဟား"

မင်ရှဲ သက်ပြင်းဖွဖွချရင်း ဆိုလေသည်။

“ရှုံးဟွီက ငါနဲ့အတူရှိမှတော့ ဘယ်လိုလုပ်ပြီး မိုးခေါင်ရေရှား ဖြစ်တော့မှာလဲ ပေါက်စလေးရဲ့..”

ယင်ရှောင်ရှောင်း ခေါင်းကလေးစောင်းငဲ့ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် တစ်စုံတစ်ခုအား သဘောပေါက်သွားတော့သည်။ ရှန်းလွီဟု နာမည်ကျော်သည့် ရှုံးဟွီမှာ ကုန်းကုန်း၏ တရားဝင် အမှုထမ်းတစ်ဦးဖြစ်သည်။ ထို့အပြင် ကုန်းကုန်းမှာ ရေနတ်ဘုရားတစ်ပါး မဟုတ်ပါလား။ ထို့ကြောင့် ရှန်းလွီသည် အနည်းဆုံးတော့ မိုးသားတိမ်တိုက်များ ဖြစ်ပေါ်လာစေရန် မည်သို့လုပ်ရမည်ကို သိထားလောက်မည်။ ထိုသို့ဆိုလျှင် မင်ရှဲကြောင့် ဖြစ်ပေါ်လာမည့် မိုးခေါင်ရေရှားခြင်းအား တားဆီးနိုင်မည် ဖြစ်သည်။

ယင်ရှောင်ရှောင်း ရှက်ကိုးရှက်ကန်းနှင့် ရယ်မိလိုက်သည်။ ခေါင်းမသုံးရတာ ကြာသည့်အတွက် သူ့ဦးနှောက်လည်း သံချေးတက်သွားပုံပင်။ ထိုသို့စဉ်းစားရင်း ယင်ရှောင်ရှောင်း၏ အတွေးထဲတွင် မေးခွန်းတစ်ခု ပေါ်လာပြန်သည်။ ရှန်းလွီအား ဧကရာဇ်တယွီကိုယ်တိုင် ကွပ်မျက်ခဲ့ခြင်း မဟုတ်ပေလော။ မည်သည်ကြောင့် ဤနေရာတွင် ပြန်ပေါ်လာရသနည်း။ ဤကမ္ဘာကြီးပေါ်တွင် အခြားသောရှုံးဟွီ ရှိနေသေးသည်များလား။ သို့သော် သူ၏အတွေးများအား မမျှော်လင့်ဘဲ ထုတ်ပြောမိသွားခဲ့သည်။

“ဟမ့်.. ငါ့ရဲ့ တရားမျှတပြီး ရိုးသားတဲ့ အိပ်ကမက်လေးကို အဲဒီကျိုးမင်းဆက်က ကောင်လေး နှောင့်ယှက်လိုက်တာ မဟုတ်ဘူးလား..”

ရှုံးဟွီ လှောင်ပြုံးပြုံးရင်း ပြောလာသည်။

“ငါက ဒီလောကကြီးရဲ့ တစ်ဦးတည်းသော ရှုံးဟွီပဲ.. ကောင်းကင်နဲ့ မြေကြီးက ထာဝရရှင်သန်နိုင်တဲ့ စိတ်ဝိညာဉ်ကို ငါ့ဆီအပ်နှင်းခဲ့တယ်.. တယွီက ငါ့ရဲ့ အသွေးအသားကိုပဲ သတ်နိုင်ခဲ့တာ.. ငါ့ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားပြီးတဲ့နောက် စိမ့်မြေထဲမှာ နစ်မြှုပ်ပြီး အသွေးအသားခန္ဓာကိုယ်အသစ်ကို ထပ်ပြီးတည်ဆောက်ခဲ့တယ်.. ကျိုးခန်းဝမ်က ငါ့ရဲ့ဝိညာဉ်ကို ပြန်ဆင့်ခေါ်ပြီး ရှဲမင်နဲ့အတူ ဒီအုတ်ဂူကို စောင့်ရှောက်ဖို့ အတူချုပ်နှောင်ထားလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ..”

ထိုစကားကြောင့် ယင်ရှောင်ရှောင်း ပထမဆုံးတွေးမိသည်မှာ _ ဒါဆိုရင် မင်ရှဲက ရှုံးဟွီနောက်ကို လိုက်နေတာ မဟုတ်ဘဲ ရှုံးဟွီက မင်ရှဲနဲ့အတူ သင်္ချိုင်းစောင့် လုပ်နေတာပေါ့..။

ယင်ရှောင်ရှောင်း ဘာမှမပြောနိုင်မီ မင်ရှဲဝင်ပြောသည်။

“မင်းရဲ့အစွမ်းက အခြားသူနဲ့ မယှဉ်နိုင်ရင်လည်း ဆင်ခြေတွေပေးပြီး လျှောက်ပြောမနေနဲ့.. မင်းသာ အင်အားကြီးရင် ဘယ်သူက ဒီထဲမှာ ချုပ်နှောင်ထားနိုင်မှာ မို့လို့လဲ..”

“အဲဒါက ငါ့ရဲ့အသွေးအသားခန္ဓာကိုယ် ပျက်စီးသွားလို့လေ.. ငါ့ခန္ဓာကိုယ် မပျက်စီးဘူးဆို ဘယ်သူကမှ ငါ့ကိုအမိန့်လာပေးနိုင်မှာ မဟုတ်ဘူး..”

တကယ်တမ်းတွင် ရှုံးဟွီ၏ မျက်နှာမှာ ယင်ရှောင်ရှောင်း၏ လူဝိညာဉ်အမြင်မှကြည့်လျှင် အလွန်ဆွဲဆောင်မှုရှိလှသည်။ စိတ်ဆိုးဒေါသထွက်နေသည့် အချိန်တွင်ပင် ကြည့်ကောင်းလေသည်။

မင်ရှဲ: "%#@&..."

ရှုံးဟွီ: "#@&%^..."

ယင်ရှောင်ရှောင်း: "....."

ယင်ရှောင်ရှောင်းအား နံဘေးတွင်ထားကာ ရှုံးဟွီနှင့် မင်ရှဲတို့ ငြင်းခုန်ကြပြန်သည်။ ထိုနှစ်ကောင်အား ကြည့်ရင်းဖြင့် ယင်ရှောင်ရှောင်း စိတ်ထဲမှ ခပ်ကြိတ်ကြိတ်တွေးလိုက်မိသည်။ ‘ငါက အဓိကဇာတ်လိုက်ပါလို့ မပြောဘူးလား.. ဟူးးး’

“မင်းတို့ဘာလို့ ဒီရောက်နေတာလဲ..”

ဩဇာအပြည့်ပါသည့် အသံကြောင့် သူတို့အားလုံး တိတ်ဆိတ်သွားကြသည်။ ထိုအသံပိုင်ရှင်မှာ အခြားမဟုတ်ဘဲ ယခုလေးတင် အမဲလိုက်ရာမှ ပြန်လာသည့် မော့လောင်တပင် ဖြစ်သည်။

မော့လောင်တ ပြောနေရင်းဖြင့် ယင်ရှောင်ရှောင်းအား သူ့နောက်သို့ လာရပ်ရန် အမူအရာဖြင့် ညွှန်ပြသည်။ ယင်ရှောင်ရှောင်းလည်း စကားနားထောင်စွာဖြင့် မော့လောင်တ အနောက်တွင် သွားရပ်လိုက်သည်။ ထို့နောက် သူ့အား ကြောင်ကြည့်နေသည့် ရှုံးဟွီနှင့် မင်ရှဲကို တည့်တည့်စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။

“ခင်ဗျားတို့ ဘာကိစ္စနဲ့ ဒီနေရာမှာ ရှိနေတာလဲ..”

“ဒီကောင်လေးက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ဟွိုင်ယန်မြက်ပင် လာယူတဲ့ ဟေးမြွေမဟုတ်လား.. ထပ်တွေ့ပြန်ပြီနော်..”

ရှုံးဟွီသည် မော့လောင်တအား ကောင်းကောင်းမှတ်မိနေပုံရသည်။ မြွေအားလုံး၏ သွင်ပြင်မှာ အနည်းငယ် ဆင်တူသော်လည်း အနံ့ကမူ အတော်လေးကွဲပြားသည်။

ရှုံးဟွီ၏စကားကြောင့် မော့လောင်တ ဒေါသထောင်းကနဲ ထွက်သွားသည်။

“ဒီမှာ.. ကျုပ်က ဟေးမြွေမဟုတ်ဘူး.. မော့မြွေ..”

ဟေးမြွေဟု ခေါ်ခံလိုက်ရသောကြောင့် မော့လောင်တ တဆွေ့ဆွေ့ခုန်လို့နေသည်။

ရှုံးဟွီ ဂရုမစိုက်ဟန်ဖြင့် မျက်လုံးလှိမ့်လိုက်သည်။

ထိုအခါ မင်ရှဲက လေးလေးတွဲ့တွဲ့ ရယ်မောရင်း ဝင်ပြောသည်။

“ဒီတစ်ခါ မင်းနောက်က ပေါက်စလေးကို အဖော်လိုက်ပေးတာပေါ့.. ဟုတ်လား..”

ခေတ္တမျှကြာပြီးသည့်နောက်တွင် မော့လောင်တ၊ ရှုံးဟွီနှင့် မင်ရှဲတို့လည်း ထွေရာလေးပါး ပြောဆိုရင်း စကားလက်ဆုံ ကျနေတော့သည်။ ယင်ရှောင်ရှောင်းမှာမူ မော့လောင်တ ဖမ်းလာသည့် သားကောင်အား ကြောင်အလျက် ငေးစိုက်ကြည့်နေမိသည်။

ဒါကြီးကယုန်လား...ဝက်လား...ငါဒါကိုဘယ်လိုစားရမှာပါလိမ့်။