အပိုင်း ၅၇
Viewers 13k


🐍Chapter 57


ယင်ရှောင်ရှောင်း၏ ဗိုက်ထဲမှ ဆာလောင်သံ တဂွီဂွီမှာ တဖြည်းဖြည်း ကျယ်လောင်လာသည့်အတွက် စကားများနေကြသည့် မြေသုံးကောင် တိတ်ဆိတ်သွားလေသည်။

“ကျစ်.. ကျစ်.. ဟေးမြွေလေးရယ်.. မင်းဖမ်းလာတဲ့ သားကောင်လေးက ငါ့သွားကြားတောင် ညပ်မှာမဟုတ်ဘူး..”

ရှုံးဟွီသည် မော့လောင်တဖမ်းလာသည့် တောယုန်အသေကောင်ကို ကြည့်ရင်း ပြောလိုက်သည်။

ထိုစကားအဆုံး ယင်ရှောင်ရှောင်း ရှုံးဟွီအား ခေါင်းလေးစောင်းငဲ့ကြည့်လာပြီး အကြည့်ချင်းဆုံသွားသည့်အခါ တိတ်တဆိတ် ခေါင်းပြန်ငုံ့သွားသည်။

အေးပေါ့လေ.. ‌ခေါင်းက ကိုးလုံးတောင်ရှိတာဆိုတော့လည်း ကိုးကောင်စာ စားဖို့လိုတာ နေမှာပေါ့..

ယင်ရှောင်ရှောင်း စိတ်ထဲမှ တွေးလိုက်မိသည်။

“ခင်ဗျားစားချင်ရင်လည်း ကိုယ့်ဘာသာရှာပါ့လား.. ဒါက ခင်ဗျားစားဖို့မှ မဟုတ်ဘဲ..”

မော့လောင်တ အနည်းငယ်ဒေါသစွက်နေသည့် လေသံဖြင့် ပြန်ပြောသည်။

“မင်းက နည်းနည်းလေးတောင် ခင်ဖို့မကောင်းဘူး..”

ရှုံးဟွီ မကျေနပ်သလို အမူအရာဖြင့် ပြောသည်။ ထို့နောက် ၎င်း၏ ခေါင်းကိုးလုံးအနက် တစ်လုံးမှာ ယင်ရှောင်ရှောင်းရှိရာသို့ ဆန့်ထွက်လာသည်။

“ဒီ အလှပဂေးသခင်လေးရဲ့ နာမည်ကိုလည်း ငါမသိရသေးပါလား..”

ထိုစကားကြောင့် ယင်ရှောင်ရှောင်း မျက်မှောင်ကြုတ်သွားမိသည်။

ဘာကိစ္စနဲ့ သခင်လေးလို့ လာခေါ်နေတာတုန်း..

“ရှုံးဟွီ.. အရှုပ်တွေလုပ်နေတာ ရပ်လိုက်တော့.. ခေါင်းကိုးလုံးနဲ့ ကိုယ့်ကိုယ်ကိုယ် သာမန်လူလို့ ထင်နေတာလား..”

ဘေးတွင်ရပ်နေသည့် မင်ရှဲသည် ရှုံးဟွီအား မျက်စောင်းထိုးရင်း လှမ်းပြောသည်။

ယင်ရှောင်ရှောင်း စိတ်ထင်သည်လားတော့ မသိပေ။ မင်ရှဲမှာ မည်သည့်စကားပြောပြော ပွင့်ပွင့်လင်းလင်းနှင့် တည့်တိုးဆန်သည်။ တစ်ဘက်သား၏ ခံစားချက်ထက် ရိုးသားမှုနှင့် အမှန်တရားကို ဦးစားပေးသည်။ သို့သော် ရှုံးဟွီကိုမူ အထိနာသွားအောင် အမြဲလိုလို စကားနာထိုးတတ်သည်။

“ကျွန်တော့်နာမည်က ယင်ရှောင်ရှောင်းပါ..”

“ယင်‌ရှောင်ရှောင်းတဲ့လား.. သိပ်ကောင်းတဲ့နာမည်ပဲ.. အခုကစပြီး ပေါက်စလေးကို ရှောင်ရှောင်းလို့ ခေါ်မယ်နော်..”

ရှုံးဟွီ ခပ်ပြုံးပြုံးနှင့် ပြောသည်။

ယင်ရှောင်ရှောင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

ရှောင်ရှောင်းဆိုတဲ့ နာမည်က သိပ်ကောင်းတယ်ပြောရအောင် ဘာတွေက အံ့ဩစရာ ကောင်းနေလို့လဲ.. ဒီအတိုင်း ရိုးရိုးသာမန် နာမည်တစ်ခုပဲ မဟုတ်ဘူးလား..

သူ့နာမည်အကြောင်း စဉ်းစားခန်းဖွင့်နေသာ ယင်ရှောင်ရှောင်းအား မင်ရှဲရှင်းပြလာသည်။

“ခေါင်းကိုးလုံးရှုံးဟွီက အမြဲတမ်း သူ့ကိုယ်သူ လူတစ်ယောက်လို့ ထင်နေခဲ့တာလေ.. အဲဒါကြောင့် လူတွေရဲ့ စာပေအရားနဲ့ စကားကို လိုက်သင်ခဲ့တယ်.. ဒါပေမဲ့ ဟွာမနိုင်ဘဲ ပဲကြီးဟင်းစားစလို ဖြစ်နေတယ်လေ.. ဒီလောက် အချိန်အကြာကြီး သင်တာတောင် သူ့နာမည်လေးတောင် သူမရေးတတ်လာဘူးရယ်.. အဲဒါကြောင့် သူ့နာမည်အရင်း ရှန်းလွီကို ရှုံးဟွီလို့ ပြောင်းလိုက်တာ.. ရေးရလွယ်အောင်တဲ့.. အဓိပ္ပါယ်မရှိပုံများ..”

ထိုအခါမှသာ ယင်ရှောင်ရှောင်းသည် ရှုံးဟွီဟူသော အမည်နာမ မည်သို့ဖြစ်တည်လာမှန်း နားလည်သွားရတော့သည်။

မင်ရှဲ၏စကားကြောင့် ရှုံးဟွီ ရှူးရှူးရှားရှားနှင့် ဒေါသထွက်လာသည်။

“မင်ရှဲ.. မင်းမလို့ ဒီလိုပြောထွက်တယ်‌နော်.. ငါနာမည်ပြောင်းတာကို မကြိုက်ဘူးဆိုရင် မကြိုက်ဘူး ပြောပါလား.. ဒါတွေအားလုံးက မင်းအိမ်ကနေ ထွက်ပြေးသွားလို့ ဖြစ်ရတာလေ.. ကုန်းကုန်းက ဒေါသထွက်ပြီး မင်းကို လျှို့ဝှက်ရတနာတွေ စောင့်ရှောက်ဖို့ အစောင့်အနေနဲ့ ပြစ်ဒဏ်ပေးလိုက်တယ် မဟုတ်ဘူးလား.. အဲဒီတော့ မင်းကိုကယ်ဖို့လုပ်ရတာပေါ့.. မင်းကိုကယ်ဖို့အတွက်နဲ့ ငါ့မှာ အရင်ဆုံး ကုန်းကုန်းရဲ့ နောက်လိုက်ငယ်သား သွားလုပ်ရတယ်.. မင်းကြောင့်နဲ့ ငါဆိုတဲ့ ရှုံးဟွီက ဘဝမှာပထမဆုံး အခြားသူတစ်ယောက်ရဲ့ လက်အောက်ခံ ဖြစ်ခဲ့ရတာပဲ..”

မင်ရှဲသည်လည်း အကျောမခံဘဲ ပြန်ပြောသည်။

“မင်းကငါ့ကို ကယ်ဖို့ လုပ်ခဲ့တာ ဟုတ်လား.. နောက်ဆုံးရလဒ်က ဘာဖြစ်သွားလဲ.. မင်းရဲ့ နမော်နမဲ့ လုပ်ရပ်ကြောင့် ငါတို့နှစ်ကောင်လုံး တယွီလက်ထဲ ရောက်သွားခဲ့ရပြီး မင်းခန္ဓာကိုယ်လည်း ဖျက်ဆီးခံလိုက်ရတယ် မဟုတ်ဘူးလား..”

“အေး.. ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းကိုကယ်ဖို့အတွက် စတေးခဲ့ရတာလေ.. ပြီးတော့ တယွီဆိုတာက အင်အားအကြီးဆုံး ဧကရာဇ်သုံးပါးနဲ့ အင်ပါယာ ငါးပါးထဲက တစ်ယေဦက်လေ.. ဘာက ဘယ်လိုလုပ်ပြီး သူနဲ့ယှဉ်နိုင်မှာလဲ.. မင်းစောင့်ရှောက်နေတဲ့ ရတနာတွေကို တယွီအပါအဝင် အားလုံးက မြေခွေးချောင်း ချောင်းနေကြတာ.. မင်းကို ငါ့အသက်နဲ့ရင်းပြီး ကာကွယ်ခဲ့ရတာပါနော်.. ပြီးတော့ ဒီရတနာတွေနဲ့ သင်္ချိုင်းကို တစ်သက်လုံး စောင့်ရှောက်ပါမယ်လို့ မင်းကိုယ်တိုင် ကျိကျောက်ကို ကတိပေးခဲ့တာ ငါမသိဘူးလို့ ထင်နေတာလား..”

မင်ရှဲ: "#$^*/?..."

မော့လောင်တ: "......"

သူတစ်ပြန် ကိုယ်တစ်ပြန် ပြောနေကြသည့် ရှုံးဟွီနှင့် မင်ရှဲတို့၏ စကားဝိုင်းအား ယင်ရှောင်ရှောင်း စိတ်ဝင်တစားဖြင့် နားထောင်နေမိသည်။ လူအများ ထင်ရာကောက်ချက်ချပြီး လွဲမှားစွာ ပြောဆိုနေသည့် အတိတ်သမိုင်းကြောင်းအား ကာယကံရှင်များထံမှ အမှန်အတိုင်း ပြန်ကြားရသည်မှာ ရှားပါးလွန်းသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ နောက်တစ်ခါ ထပ်မရနိုင်မည့် ဤအခွင့်အရေးအား သူလက်လွတ်မခံနိုင်ပါ။

“ခင်ဗျားတို့ စကားများချင်ရင် တခြားကိုသွား.. ကျုပ်တို့အစာစားမလို့..”

မော့လောင်တ စိတ်မရှည်သည့်လေသံဖြင့် ပြောသည်။

ရန်ပွဲဟုဆိုသော်လည်း တကယ်တမ်းတွင် မြွေနှစ်ကောင် ပျော်ရွှင်စေဖို့ရန် ဒေါသမပါဘဲ အငြင်းအခုံ ပြုနေကြခြင်းသာ ဖြစ်သည်။ အစားအသောက် မီးလိုတောက်ဟူသည့်အတိုင်း ‌မော့လောင်တ၏ စကားကို ကြားလိုက်သည်နှင့် ရှုံးဟွီ၏မျက်လုံးများ အရောင်တလက်လက် တောက်လာသည်။

“ငါလည်းစားချင်တယ်လေ.. စားချင်တယ်..”

“စားချင်ရင် ကိုယ့်ဘာသာ သွားရှာ..”

မော့လောင်တ တဖြည်းဖြည်း စိတ်အချဉ်ပေါက်လာသည်။ သူတွေ့ဖူးသမျှ သတ္တဝါထဲတွင် စိတ်အနှောင့်အယှက် အပေးနိုင်ဆုံးသူမှာ ရှုံးဟွီဖြစ်သည်။

မော့လောင်တ၏ စကားကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည့် ရှုံးဟွီအားကြည့်ရင်း ယင်ရှောင်ရှောင်း မနေနိုင်ဘဲ အော်ရယ်လိုက်မိသည်။ သူ့ပုံစံမှာ ခေါင်းတစ်လုံးရှိ မျက်နှာတစ်ခုသာ ရှုံ့မဲ့သွားပြီး ကျန်ခေါင်းရှစ်လုံးမှာ နဂိုအတိုင်း ခပ်ပြုံးပြုံးသာ ရှိနေသည့်အတွက် ပိုရယ်စရာကောင်းနေသည်။

ယင်ရှောင်ရှောင်း၏ မည်သည်ကြောင့်ရယ်သည်ကို မသိသော်လည်း ရှုံးဟွီကြောင့် စိတ်မကြည်မသာဖြစ်နေသည့် မော့လောင်တ ချက်ချင်းပြန်လည်လန်းဆန်းတက်ကြွလာသည်။ ရှောင်ရှောင်းဆီက အပျော်ကူးစက်သည်ဟု ဆိုရမည်။ မည်သည့်အခြေအနေမဆို သူ၏ရှောင်ရှောင်းလေး ပျော်ဖို့ အရေးအကြီးဆုံးပင်။

“ခဏလောင်စောင့်ဦးနော် ရှောင်ရှောင်း.. ကိုယ်စားဖို့ပြင်လိုက်ဦးမယ်..”

ယင်ရှောင်ရှောင်းလည်း စိတ်လိုလက်ရ ခေါင်းညိတ်သဘောတူလိုက်သည်။ ယင်ရှောင်ရှောင်းသည် မည်သည့်အခါတွင်မှ အသားစိမ်းမစားတတ်ပေ။ ထို့ကြောင့် မော့လောင်တလည်း တကူးတက မီးမွှေးပြီး တောယုန်သားကို ကျက်နေအောင် ကင်ပေးရသည်။

ခါးခါးသီးသီး ငြင်းပယ်ခံလိုက်ရသဖြင့် ခေါင်းကိုးလုံးရှုံးဟွီ မျက်နှာဆူပုတ်ကာဖြင့် ပြောလာသည်။

“အေးပါ.. ငါ့ကိုပစ်ထားပြီး မင်းတို့ဘာသာပဲ စားကြပါ.. စားကြပါ..”

သို့သော် တစ်အောင့်အကြာတွင် ထိုဆူပုတ်နေသည့် မျက်နှာမှာ ပြုံးယောင်သန်းလျက် စိတ်လှုပ်ရှားစွာဖြင့် ပြောလာပြန်သည်။

“ငါသိပြီ.. ရှောင်ရှောင်းရောက်လာတဲ့ အမှတ်တရ အနေနဲ့ ငါတို့အပြင်မှာ သားကောင်တွေ အများကြီး သွားဖမ်းပြီး ဂုဏ်ပြုပွဲလုပ်ကြမယ်လေ..”

ယင်ရှောင်ရှောင်းလည်း ရုတ်တရက်ထပြောလာသည့် ရှုံးဟွီ၏စကားကို ဘုမသိဘမသိနှင့် နားထောင်နေမိသည်။

မော့လောင်တသည် အစပိုင်းတွင် ရူးကြောင်ကြောင် ရှုံးဟွီ၏စကားကို လက်မခံရန် တွေးမိသော်လည်း နောက်တစ်ကြိမ် ပြန်စဉ်းစားလိုက်သည်။ အရူးပေါက်လေးမှာ ဤနေရာသို့ နောက်တစ်ခေါက် ထပ်ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရောက်တုန်းရောက်ခိုက် ရှုံးဟွီနှင့် မင်ရှဲတို့နှင့် ရင်းနှီးခင်မင်သွားလျှင် ပိုကောင်းပေမည်။ ထိုမြွေထူးမြွေဆန်းနှစ်ကောင်မှာ ဤနေရာတွင် ပိတ်မိနေသည့်တိုင် တစ်ချိန်က အင်အားအကြီးဆုံးမြွေများ ဖြစ်ခဲ့ကြသည်။ ရှောင်ရှောင်းသာ ထိုနှစ်ကောင်နှင့် ခင်မင်ရင်းနှီးနေလျှင် တစ်ချိန်တွင် အထောက်အကူ ဖြစ်လာနိုင်သည်။ ရှုံးဟွီနှင့် မင်ရှဲတို့သည် ရှောင်ရှောင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ကြသည်။

အကာအရံစည်းကြီး ပျက်စီးကာ မြွေပွေးမျိုးနွယ်များ ကပ်ဘေးဆိုက်သည့်တစ်နေ့ ရောက်လာခဲ့လျှင် အကယ်၍ သူမတော်တဆ သေဆုံးသွားခဲ့မည်ဆိုလျှင် ရှုံးဟွီနှင့် မင်ရှဲ၏ ကာကွယ်မှုအောက်တွင် အရူး‌ပေါက်လေးမှာ သေချာပေါက် ဘေးကင်းလုံခြုံနေပေလိမ့်မည်။

မော့လောင်တ အနာဂတ်အတွက် အစီအစဉ်တွေးနေတုန်းမှာပင် ရှုံးဟွီသည် မင်ရှဲအား ဆွဲခေါ်ကာ သားကောင်ရှာရန် ပျံသွားလေသည်။ ယင်ရှောင်ရှောင်း အံ့ဩတကြီးဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေမိသည်။ မင်ရှဲနှင့် ရှုံးဟွီတို့ ပျံသန်းနေစည်တွင် အလွန်ကျက်သရေရှိပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

“ဒီမှာ ရှင်သန်ကျက်စားတဲ့ သားကောင်တွေက အတော်လေး ကြီးထွားနေကြတာ ရှုံးဟွီနဲ့ မင်ရှဲတို့ ရှိနေတာကြောင့်လား.. ဆိုလိုတာက သားကောင်တွေ အရမ်းသေးနေရင် သူတို့ဗိုက်ပြည့်မှာ မဟုတ်ဘူးလေ..”

အတွေးနယ်ချဲ့နေသည့် မော့လောင်တအား ယင်ရှောင်ရှောင်း လှမ်းမေးလိုက်သည်။

မော့လောင်တ လေးတွဲ့စွာ ခေါင်းညိတ်ရင်း ပြန်ဖြေသည်။

“သားကောင်တွေပဲ မဟုတ်ဘူးရယ်.. ဒီချောက်ကမ်းပါးအောက်မှာ ရှိနေတဲ့ သက်ရှိတွေ အကုန်လုံးက အဲဒီနှစ်ကောင်ကြောင့် ဧရာမအရွယ်အစားတွေ ဖြစ်ကုန်တာ.. ပြောရရင် ထူးဆန်းတဲ့ မြွေတွေရဲ့ လွှမ်းမိုးမှုကြောင့်ပေါ့..”

"ထူးဆန်းတဲ့မြွေတွေ ဟုတ်လား..."

“အင်း.. ရှုံးဟွီနဲ့ မင်ရှဲတို့လိုပေါ့.. သူတို့လို မြွေမျိုးနွယ်က မျိုးနွယ်စုတစ်ခုရှိတယ်.. ထူးဆန်းတဲ့မြွေမျိုးနွယ်စုပေါ့.. တခြားမျိုးနွယ်တွေက သူတို့ရဲ့ အင်အားကြောင့် လေးလည်းလေးစားသလို ကြောက်လည်းကြောက်ကြတယ်..”

ထိုစကားအဆုံး ယင်ရှောင်ရှောင်း မော့လောင်တအား တိတ်တခိုး ငေးကြည့်နေမိသည်။ တကယ်တမ်းတွင် မြွေပွေးမျိုးနွယ်စုအားလည်း ထူးဆန်းသည့်မြွေမျိုးနွယ်စုတွင် ထည့်သင့်သည်။ သာမန်မြွေတစ်ကောင် မည်မျှပင် အဆိပ်ပြင်းသည် ဆိုကာမူ မြွေပွေး၏ အဆိပ်ပြင်းအားကို နည်းနည်းလေးပင် မယှဉ်နိုင်ချေ။

“ဒါပေမဲ့ မြွေပုန်းမြက်ကတော့ ကြည့်ရတာ ပုံမှန်ပဲနော်..”

(မှတ်ချက်။ ။အပိုင်း ၅၅ က မြွေပုန်းမြက်ကို ဒီအပိုင်းမှ ယန်မြက်လို့ သုံးထားလို့ ယန်မြက်လို့ ပြောင်းသုံးပါမယ်..)

မော့လောင်တ ခေါင်းယမ်းလိုက်သည်။

“ထူးဆန်းတဲ့မြွေတွေအပေါ်ကို ယန်မြက်က သက်ရောက်မှုမရှိဘူး.. ယန်မြက်က အထူးတကာ့အထူးဆန်းဆုံး နေရာမှာ ပေါက်တယ်လို့ ပြောရမယ်.. ယန်မြက်ရှိနေရင် မြွေတစ်ကောင်နဲ့တစ်ကောင် အနံ့မခံနိုင်ဘူးလေ.. အစက ဒီချောက်ကမ်းပါးအောက်မှာ ယန်မြက်မရှိသေးဘူးရယ်.. ဒါပေမဲ့ မင်ရှဲက သင်္ချိုင်းကို စောင့်ရှောက်မယ်လို့ ကတိပေးပြီးတော့ ဒီနေရာမှာ ယန်မြက်စိုက်ပေးဖို့ ကျိကျောက်ကို တောင်းဆိုလိုက်တာ..”

ယင်ရှောင်ရှောင်းနားမလည်နိုင်ဖြစ်သွားရသည်။

“ဘာဖြစ်လို့ ယန်မြက်ကို တကူးတက စိုက်ခိုင်းရတာလဲ.. ကျွန်တော်ထင်သလောက်တော့ မင်ရှဲနဲ့ ရှုံးဟွီက ဆက်ဆံရေး ကောင်းပါတယ်.. တစ်ကောင်နဲ့တစ်ကောင် အနံ့မခံနိုင်စရာအကြောင်း မရှိဘူးလေ..”

မော့လောင်တ ရှောင်ရှောင်း၏ အပြောအား ခပ်သာသာရယ်ရင်း တုံ့ပြန်လိုက်သည်။

“ဒီနေရာမှာ မင်ရှဲနဲ့ ရှုံးဟွီပဲရှိတယ်လို့ မင်းလေးကို ဘယ်သူပြောတုန်း..”

“အာ.. အဲဒါဆို ဒီမှာ တခြားထူးဆန်းတဲ့မြွေတွေ ရှိသေးတယ်ပေါ့ ဟုတ်လား..”

ယင်ရှောင်ရှောင်း အံ့ဩတကြီးမေးလိုက်သည်။

မော့လောင် တခေါင်းတဆတ်ဆတ်ညိတ်ရင်း ကင်လက်စတောယုန်ကို ဆက်ကင်လိုက်သည်။

“ထူးဆန်းတဲ့မြွေတွေက ဘယ်တော့မှ အခြားမြွေတွေနဲ့ အချိန်အကြာကြီး အတူတူနေလေ့မရှိဘူး.. အရင်တုန်းက ထူးဆန်းတဲ့မြွေတွေ အုပ်လိုက်ကြီးတွေ့တာနဲ့ ပစ်မှတ်ထားခံရပြီး အသတ်ခံကြရတယ်.. အဲဒါကြောင့် နောက်ပိုင်းမှာ အုပ်စုလိုက်မနေတော့ဘဲ သီးခြားစီနေကြတော့တာ.. မင်ရှဲနဲ့ ရှုံးဟွီကတော့ ချွင်းချက်ပဲ.. တခြားမျိုးနွယ်တူမြွေတွေ တစ်ဂူတည်းအောင်းဖို့ဆိုရင် ယန်မြက် မဖြစ်မနေရှိဖို့လိုတယ်..”

ယင်ရှောင်ရှောင်း နားလည်သယောင်နှင့် ခေါင်းတညိတ်ညိတ်ပြုရင်း နားထောင်လို့နေသည်။

“ခဏနေ မင်ရှဲနဲ့ ရှုံးဟွီပြန်လာရင် အခြားထူးဆန်းတဲ့မြွေတွေကိုလည်း ခေါ်လာနိုင်တယ်.. အဲတော့မှ သေချာလေး ကြည့်ကြည့်ပေါ့.. တကယ်တော့ ဒီမှာရှိတဲ့ မြွေအကုန်လုံးကို ကိုယ်လည်းသေချာမသိဘူးရယ်.. အရင်တစ်ခါ ဒီကိုလာတုန်းကမှ မင်ရှဲနဲ့ ရှုံးဟွီတို့နဲ့ ခင်သွားခဲ့တာ.. တခြားမြွေတွေနဲ့တော့ မတွေ့ဖူးသေးဘူး..”

သူဖတ်ဖူးခဲ့သည့် ရှေးဟောင်းတရုတ်ဇာတ်ကြောင်းပြန် ဝတ္ထုများတွင် ရေးသားဖော်ပြထားသော ထူးခြားဆန်းကြယ် သတ္တဝါများအကြောင်းကို တွေးရင်း ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းစွန်းတို့ တွန့်ကွေးသွားသည်။ အချိန်အတော်ကြာအောင် စဉ်းစားသည့်တိုင် ဖေးယိကိုသာ မှတ်မိသည်။ ယင်ရှောင်ရှောင်းမှာ လူသားတစ်ဦးဖြစ်ခဲ့သည့်အတွက် ယခင်က ထိုကဲ့သို့ ထူးခြားဆန်းကြယ်သတ္တဝါများအား စိတ်ဝင်စားခဲ့ခြင်း မရှိပေ။

ရှေးဟောင်းတရုတ်ဒဏ္ဍာရီများထဲတွင် ဖေးယိနှင့် ပတ်သက်ပြီး ဤသို့ရေးသားဖော်ပြထားသည်။ ဖေးယိမှာ ကြောက်မက်ဖွယ်ကောင်းသည့် မြွေတစ်မျိုးဖြစ်ပြီး ၎င်း၏အသွင်အပြင်မှာ ပုံစံနှစ်မျိုးရှိသည်ဟု ဆိုကြသည်။ အချို့က ဖေးယိ၏အသွင်မှာ ခေါင်းတစ်လုံးနှင့် ကိုယ်နှစ်ခုရှိသည်ဟု ဆိုကြပြီး အချို့ကမူ တောင်ပံလေးခုပါသည်ဟု ဆိုကြသည်။

“ဖေးယိ..”

ရှောင်ရှောင်း၏ ပါးစပ်ဖျားမှ အမှတ်တမဲ့ ရေရွတ်လိုက်မိသည်။ ဖေးယိမှာ တရုတ်ပြည်တွင် လူသိများပြီး ကျော်ကြားလွန်းသည့် မြွေတစ်မျိုးဖြစ်သည့်အတွက် ဤနေရာတွင်လည်း ရှိနေနိုင်သည် မဟုတ်ပါလော။

“ဟားဟား.. မင်းငါ့ကိုခေါ်လိုက်တာလား ရှောင်ရှောင်းလေး..”

ရုတ်တရက်ဆိုသလို ကောင်းကင်မှ မိုးကြိုးသံကဲ့သို့ ကျယ်လောင်စူးရှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။

ယင်ရှောင်ရှောင်း မော့ကြည့်လိုက်သည့်အခါ ဝေဟင်တွင် ကျော့မော့စွာ ပျံသန်းနေပြီး ခေါင်းတစ်လုံး ကိုယ်နှစ်ခုနှင့် တောင်ပံနှစ်စုံပါရှိသည့် ဖေးယိအား တွေ့လိုက်ရတော့သည်။