🐍Chapter 58
ဖေးယိသည် အရှေ့မှဦးဆောင်ကာ ပျံသန်းနေပြီး သူ့နောက်တွင် အခြားထူးဆန်းသည့် မြွေနှစ်ကောင်လည်း ပါလာသည်။ ထိုမြွေသုံးကောင်မှာ သားကောင်များကို သူတို့နှင့်အတူ ရစ်ပတ်သယ်ဆောင်လာသည်။
ယင်ရှောင်ရှောင်းသည် ဝေဟင်ထက်တွင် ပျံသန်းနေသည့် မြွေကြီးသုံးကောင်ထံမှ အကြည့်မလွှဲနိုင်ဘဲ ရှိနေသည်။ ဖေးယိနောက်တွင် လိုက်ပါလာသည့် မြွေမှာ မီတာပေါင်း ရာနှင့်ချီရှည်လျားပြီး ခေါင်းပေါ်တွင်လည်း ကြက်သွေးရောင်အမောက်တစ်ခု ပါရှိသည်။ ၎င်း၏ အသွင်သဏ္ဌာန်မှာ မကောင်းသည့် အတိတ်နိမိတ်လက္ခဏာကို ဖော်ဆောင်သည်။ ယင်ရှောင်ရှောင်း အသည်းအသန် စဉ်းစားသည့်တိုင် ထိုမြွေထူးမြွေဆန်းနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ မှတ်မိခြင်းမရှိပေ။
ထို့ကြောင့် ဖေးယိ၏ လက်ျာဘက်တွင် ရှိနေသည့် အခြားမြွေဆီသို့ အကြည့်ရောက်မိသည့်အခါ ခန္ဓာကိုယ်မှာ မြွေသဏ္ဌာန်ရှိသော်လည်း ဦးခေါင်းမှာ ကြောင်လိုလို မြေကြွက်လိုလို ဖြစ်သည်။ ဦးခေါင်းထိပ်တွင် ကြယ်ပုံစံ ရှိနေသည်။ ထိုမြွေကိုမူ ယင်ရှောင်ရှောင်း ကောင်းကောင်းသိသည်။ မာပန်ရှဲဟူသည့်မြွေပင်။
မာပန်ရှဲတစ်ဖြစ်လဲ ယနေ့ခေတ် ယွင်နန်နှင့် စီချွမ်တွင် မာပန်ဟု လူသိများသည့် ဒဏ္ဍာရီလာ နဂါးတစ်ကောင် ဖြစ်သည်။ မာပန်၏ ခန္ဓာကိုယ်မှာ ခပ်ချော်ချော်ဖြစ်ပြီး စိုစွတ်သည်။ ကောလဟလများတွင် မာပန်ရှဲမှာ လူသားများကို မကြာခဏ တိုက်ခိုက်ပြီး စားသုံးပစ်သည်ဟု ဆိုကြသည်။
မာပန်ရှဲဟူသည်မှာ သမိုင်းတွင် နာမည်သိပ်မရှိသည့် နဂါးမျိုးနွယ်ဖြစ်သည်။ ၎င်း၏အကြောင်းကို ရာဇဝင်မှတ်တမ်းစာအုပ်များထဲတွင် ပြည့်ပြည့်စုံစုံ ဖော်ပြထားလေ့ မရှိပေ။ ထို့ကြောင့် လူအများစုသည် မာပန်ရှဲအား ကောရှဲအဖြစ် မှတ်ယူကြသည်။ သို့သော် ယင်ရှောင်ရှောင်းသည် ထိုအယူအဆအား လက်မခံချင်ပေ။ ကောရှဲမှာ နတ်သားရဲဖြစ်ပြီး လူများကို ရန်မပြုတတ်ပေ။ မာပန်ရှဲမှာ ကောရှဲနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် နတ်ဆိုးသားရဲကောင်ပင်။ ထို့အပြင် ကောရဲ၏ သွင်ပြင်နှင့် မာပန်ရှဲ၏ သွင်ပြင်မှာ အလွန်ကွာခြားလှသည်။ နှစ်ကောင်အား အတူယှဉ်တွဲထားမည်ဆိုပါက ရေနှင့်ဆီကဲ့သို့ ဖြစ်နေလိမ့်မည်။
ယင်ရှောင်ရှောင်း အတွေးလွန်နေရာမှ အသိပြန်ဝင်လာချိန်တွင် ထိုမြွေထူးမြွေဆန်း သုံးကောင်မှာ သူနှင့် မော့လောင်တနံဘေးသို့ ရောက်နေပြီဖြစ်သည်။ ၎င်းတို့၏ ဧရာမကိုယ်ထည်ကြီးများကြောင့် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့မှာ သေးသေးလေးဖြစ်လို့နေသည်။
“ငါတို့အိပ်နေတာ နှစ်ပေါင်းများစွာ ကြာရောပေါ့.. ဟိုကောင်ရှုံးဟွီက ဂုဏ်ပြုပွဲလာရမယ်ဆိုပြီး လာနှိုးသွားတာလေ. အိုက်ယား.. တစ်ရေးတစ်မော အိပ်လိုက်ရတာ လန်းဆန်းသွားတာပဲ..”
မာပန်ရှဲကပြောသည်။
“ရှုံးဟွီပြောတာက ဒီပွဲက ရှောင်ရှောင်း ရောက်လာတာကို ဂုဏ်ပြုပေးဖို့တဲ့.. သူက ရှောင်ရှောင်းကို အတော်လေး သဘောကျပုံပဲ..”
ယင်ရှောင်ရှောင်း မသိသည့် မြွေနဂါးမှ ပြောလာသည်။
“ငါတို့အားလုံး အစားအသောက်တွေ ယူလာခဲ့တယ်နော်.. အစားအစာတွေရဲ့ အရသာကို လွမ်းနေတာကြာပေါ့.. ဘာမှမစားဖြစ်တာ နှစ်ချီနေပြီ.. အဲဒါကြောင့် ခြင်္သေ့သုံးကောင်တော့ ဖမ်းလာခဲ့တာပဲ.. ဗိုက်ပြည့်မပြည့်တော့ မပြောတတ်ဘူး..”
ဖေးယိ တွေးတွေးဆဆနှင့် ပြောသည်။
“ငါကတော့ ခြင်္သေ့အသားကို မကြိုက်လို့ ဝက်ဝံနက်သုံးကောင်ပဲ ယူလာလိုက်တယ်..”
အမည်မသိမြွေမှ ပြောသည်။
“ငါကတော့ အရည်ရွှမ်းရွှမ်းနဲ့ အရသာရှိတာမျိုးကိုပဲ ကြိုက်တယ်..”
မာပန်ရှဲ ပြုံးတုံ့တုံ့နှင့် ပြောလာသည်။ မာပန်ရှဲယူလာသည့် သားကောင်များအား ရှောင်ရှောင်းကြည့်လိုက်သည့်အခါ ကျွဲ၊ နွား၊ ဝက် စသည့် ခြံမွေးတိရိစ္ဆာန်များအား တွေ့လိုက်ရသည်။
သူတို့ယူလာသည့် အစားအသောက်များကို ကြည့်ခြင်းအားဖြင့် ရှောင်ရှောင်းအား ဂုဏ်ပြုဖို့ထက် ဝိုင်းဖွဲ့စားသောက်သည်နှင့်ပင် တူလေသည်။
နှစ်ရှည်လများစွာ အိပ်စက်နေခဲ့သည့်အတွက် ယခုနိုးထလာချိန်တွင် မြွေကြီးများမှာ ပြောစရာစကား အများအပြား ရှိနေပုံရသည်။ ထိုသို့နှင့် စိတ်လှုပ်ရှားစွာဖြင့် ကရားရေလွှတ်ပြောနေကြသည်ကို အခွင့်ကောင်းယူကာ ယင်ရှောင်ရှောင်း မော့လောင်တအား တီးတိုးမေးလိုက်သည်။
“တဟေးတန်.. အဲဒီအလယ်မှာရှိနေတဲ့ မြွေကြီးက ဘယ်သူလဲဟင်..”
တောယုန်ကို အာရုံစိုက်ကာ ကင်နေသည့် မော့လောင်တသည် ရှောင်ရှောင်း၏ အမေးအား ကြားသည့်အခါ ချက်ချင်းခေါင်းထောင်ကာဖြင့် ပြန်ဖြေသည်။
“အဲဒါက ဟေးလီလေ.. သူတို့သုံးကောင်က အမြဲတမ်း တစ်ပူးတွဲတွဲပဲ..”
ဟေးလီလား..။ ယင်ရှောင်ရှောင်း အတော်လေး အံ့အားသင့်သွားမိသည်။ ရှေးဟောင်းတရုတ်သမိုင်းတွင် ဟေးလီမှာ လူသိများသည့် နဂါးတစ်ကောင် ဖြစ်သော်လည်း ၎င်း၏ အသွင်အပြင်မှာ မည်သို့မည်ပုံ ဖြစ်သည်ကို မည်သူမျှ မသိကြပေ။ မြွေခန္ဓာကိုယ် ဖြစ်သည်ဟုသာ ဖော်ပြထားကြသဖြင့် ရှောင်ရှောင်း မမှတ်မိသည်မှာ မထူးဆန်းပေ။
ဟေးလီဟူသည်မှာ မိုးသားတိမ်တိုက်များကို ဖြစ်ပေါ်စေပြီး မိုးခေါ်ပေးသည့် ဒဏ္ဍာရီလာနတ်သားရဲ မြွေနက်တစ်ကောင် ဖြစ်သည်။ ပညာသင် ဟွိုက်နန်ကျစ်၏ ရာဇဝင်ပေါင်းချုပ် စာအုပ်တွင် ဟေးလီနှင့် ပတ်သက်၍ ဤသို့ဆိုထားသည်။ “မိုးခေါ်လိုလျှင် သန့်စင်ပြီး အနာအဆာကင်းသည့် နွားသူငယ်ကို ဟေးလီအား ဘုရားကျောင်းထဲတွင် ယစ်ပူဇော်ရမည်” ဟူ၍ဖြစ်သည်။
စာရေးဆရာ ကောယိုမှလည်း ဟေးလီကို ဤသို့တင်စားပြောဆိုထားသည်။ “အသူရာချောက်နက်တွင် ပုန်းခိုနေတတ်ပြီး မိုးနှင့်တိမ်ကို ပိုင်စိုးသည့် မြွေနတ်ဘုရား..”
တစ်ချိန်တည်းမှာပင် ကျိကျောက်မှာ ဉာဏ်ကောင်းလွန်းသူဟု ယင်ရှောင်ရှောင်းတွေးမိသွားသည်။ ထိုအချိန်ကာလတွင် ဧကရာဇ်ကျိခန်း၏ ဂူသင်္ချိုင်းကို နောင်လာနောင်သားများ အနှောင့်အယှက် မပြုနိုင်စေရန် ကျိကျောက်က ပြင်ဆင်မှုများစွာ လုပ်ထားခဲ့သည်။ ဤမျှလောက် များပြားပြီး အန္တရာယ်ရှိသည့် ထူးဆန်းသော မြွေများကို သင်္ချိုင်းအနား ထားရှိခြင်းကို ကြည့်ခြင်းအားဖြင့် ထိုခေတ်ထိုအခါရှိလူများ မည်မျှခေါင်းမာမည်ကို ယင်ရှောင်ရှောင်း ခန့်မှန်းမိသည်။ ထိုထူးဆန်းသည့် ဒဏ္ဍာရီလာ မြွေအကောင်ပေါင်းများစွာကို ဤချောက်ကမ်းပါးအောက်တွင် ပိတ်လှောင်ထားနိုင်သည့် ကျိကျောက်မှာလည်း သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။ ၎င်းမြွေများ၏ စရိုက်လက္ခဏာကိုလည်း သေချာသိထားသူ ဖြစ်ပေမည်။ ဥပမာဆိုရလျှင် အစပိုင်းတွင် ဧကရာဇ်၏ သင်္ချိုင်းစောင့်အနေနှင့် မင်ရှဲအား တာဝန်ပေးခဲ့သည်။ သို့သော် မင်ရှဲသည် မိုးခေါင်ရေရှားခြင်းနှင့်အတူ ကပ်ဘေးကြီးအား ယူဆောင်လာနိုင်သည့်အတွက် ထိုကပ်ဘေးများကို တားဆီးနိုင်စွမ်းရှိသည့် ရှုံးဟွီအား ပစ်မှတ်ထားလာသည်။ ထို့အပြင် ရှုံးဟွီနှင့် မင်ရှဲတို့၏ ဆက်ဆံရေးကောင်းမွန်သောကြောင့် ရှုံးဟွီကိုပါ သင်္ချိုင်းစောင့်အဖြစ် ထပ်ခေါ်လိုက်သ်ည။ မြွေသားရဲနှစ်ကောင်အပြင် မလုံလောက်သေးသည့်အတွက် ကျိကျောက်သည် ဖေးယိကိုပါ ထပ်ခေါ်လိုက်သည်။ သို့သော် ဖေးယိသည်လည်း မင်ရှဲကဲ့သို့ပင် မိုးခေါင်ရေရှားမှုအား ဖြစ်ပေါ်စေနိုင်သည်။ မင်ရှဲ၏စွမ်းအင်ကို ဖိနှိပ်ထားရသည့် ရှုံးဟွီမှာ ဖေးယိ၏ စွမ်းအင်ကိုပါ လွှမ်းမိုးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖေးယိ၏ မကောင်းသည့် စွမ်းအင်အား ထိန်းချုပ်နိုင်ရန် ဟေးလီကိုပါ ထပ်ခေါ်လိုက်သည်။
ဟေးလီမှာ နတ်သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏ ထူးခြားသောစွမ်းအင်မှာ ဖေးယိကို အသာလေး ထိန်းချုပ်နိုင်သည်။ ထို့အပြင် ဒဏ္ဍာရီလာနဂါးကြီး မာပန်ရှဲကိုပါ ထိန်းချုပ်နိုင်သောကြောင့် ကျိကျောက်အတွက် အဆင်သင့်သွားခဲ့သည်။
ယင်ရှောင်ရှောင်း ကောင်းကင်ပြားပြားကို တစ်ချက်မော့ကြည့်မိလိုက်သည်။ ထူးဆန်းပြီး အန္တရာယ်များသည့် မြွေသားရဲမြောက်များစွာသည် ဧကရာဇ်ကျိခန်း၏ သင်္ချိုင်းကို ကာကွယ်စောင့်ရှောက်နေကြသည်။ ကျိုးမင်းဆက်နှောင်းပိုင်းရှိ သက်ရှိမျိုးစိတ်များမှာ ထူးခြားဆန်းကြယ်ပြီး အင်အားကြီးသည်။ ထိုခေတ်အချိန်ကာလတွင် လူသားများ မည်သို့ရှင်သန်နေထိုင်ခဲ့ကြသည်ကို ယင်ရှောင်ရှောင်း သိချင်လာသည်။
“မင်ရှဲနဲ့ ရှုံးဟွီက ခင်ဗျားတို့ကို သွားခေါ်လာတာ မဟုတ်ဘူးလား.. အဲဒါတောင် သူတို့က ဘာဖြစ်လို့ ခုထိပြန်မရောက်သေးတာလဲ..”
မော့လောင်တကင်နေသည့် တောယုန်အား စားသောက်ချင်နေပြီဖြစ်သော်လည်း မြွေစုံတက်စုံ မဖြစ်သေးသည့်အတွက် ဆာလောင်မွတ်သိပ်မှုဒဏ်အား သည်းခံနေရသည်။
“တခြားမြွေနှစ်ကောင်ကို သွားခေါ်နေတာဖြစ်မယ်.. မင်းဆာရင် စားထားလိုက်..”
မော့လောင်တ ယုန်ကင်အား ရှောင်ရှောင်းဘက် လှမ်းပေးရင်း ပြောလာသည်။
“နောက်ထပ် နှစ်ကောင်တောင် ရှိနေသေးတာလား..”
ယင်ရှောင်ရှောင်း လန့်ဖြန့်သွားရသည်။ မဖြစ်နိုင်တာ.. နောက်ထပ်နှစ်ကောင်တောင် ရှိနေသေးတာတဲ့..
မော့လောင်တ စိတ်မရှည်တော့ပေ။
“ဘာဖြစ်လို့ သူတို့ကို အရမ်းအာရုံစိုက်နေတာလဲ.. ဟမ်.. မြန်မြန်စားလိုက်တော့..”
“ဒါပေမဲ့ မြွေမှမစုံသေးတာ.. အရင်စားလိုက်ရင် ဘယ်ကောင်းမလဲ..”
ယင်ရှောင်ရှောင်း လေးတွဲ့စွာဖြင့် ပြောသည်။
ယင်ရှောင်ရှောင်း စကားအဆုံးတွင် မော့လောင်တ သက်ပြင်းချလျက် ပြန်ပြောလာသည်။
“အရူးပေါက်လေး.. အဲအကောင်တွေက ဒီအစာတွေကို စားပစ်ဖို့ဆို ဘယ်လောက်ပဲကြာမယ်လို့ ထင်နေလို့တုန်း..”
ယင်ရှောင်ရှောင်း သူ့ရှေ့တွင် အပုံလိုက်ရှိနေသည့် ခြင်္သေ့သုံးကောင်၊ ဝက်ဝံနက်သုံးကောင်နှင့် အခြား ကျွဲ၊ နွား၊ ဝက်များကို ကြည့်ရင်း ခန့်မှန်းပြောသည်။
“နာရီဝက်လောက်လား..”
“သုံးမိနစ်.. သုံးမိနစ်တည်းနဲ့ ဒီဟာတွေအကုန်လုံးကို မြိုပစ်နိုင်တယ်.. မင်းလေးသာ သူတို့ကိုစောင့်ပြီးမှ စားမယ်ဆိုရင် နောက်ဆုံးကျ မင်းပဲကျန်ခဲ့မှာ အရူးပေါက်လေးရဲ့..”
ယင်ရှောင်ရှောင်း: "......."
ခြင်္သေ့သုံးကောင်ကို တစ်မိနစ် တစ်ကောင်နှုန်းနဲ့စားပစ်ဖို့က ယုတ္တိရှိသေးရဲ့လား.. ကျွဲ နွားအပုံလိုက်ကြီးကို သုံးမိနစ်တည်းနဲ့ ဘယ်လိုစားကြတာတုန်း.. မြွေကောဟုတ်ကြသေးရဲ့လား..
ယင်ရှောင်ရှောင်း အတွေးများနှင့် ဂယက်ရိုက်နေချိန်တွင် ကောင်းကင်ထက်တွင် ပျံသန်းနေသည့် အရိပ်လေးခုအား တွေ့လိုက်ရသည်။ အရှေ့မှ ဦးဆောင်ပျံသန်းလာသည်မှာ မင်ရှဲနှင့် ရှုံးဟွီဖြစ်သည်။ ယင်ရှောင်ရှောင်း၏ အာရုံမှာ မင်ရှဲတို့၏ အနောက်တွင်ရှိသည့် မြွေနှစ်ကောင်ဆီသို့ ရောက်သွားလေသည်။
လက်ဝဲဘက်တွင် ပျံသန်းနေသည့်မြွေမှာ ခေါင်းအစ အမြီးအဆုံး သာမန်မြွေတစ်ကောလိုပင် ဖြစ်သည်။ ထိုထူးဆန်းသည့်မြွေအား တွေ့လိုက်သည်နှင့် ကောရှဲမှန်း ယင်ရှောင်ရှောင်း တန်းသိလိုက်သည်။ လူအများစုသည် ကောရှဲနှင့် မင်ရှဲအား မကြာခဏ ရောထွေးတတ်ကြသည်။
ကောရှဲ၏သွင်ပြင်မှာ သာမန်မြွေတစ်ကောင်ကဲ့သို့ မထူးခြားနားသော်လည်း သာမန်မြွေထက် အဆမတန် ကြီးမားပြီး အမြီးပိုင်းတွင် ခွဲဖြုနေသော ချိတ်နှစ်ခု ပါဝင်သည်။ ကောရှဲသည် သားကောင်များကိုဖမ်းရန် ထိုချိတ်ကို အသုံးပြုလေ့ရှိသည်။ ၎င်း၏ စရိုက်လက္ခဏာမှာ ရန်မူပြီးကြမ်းတမ်းသည်။ ထို့အပြင် အလွန်အဆိပ်ပြင်းသည့် မြွေတစ်ကောင်ဖြစ်ပြီး လူသားများကို မကြာခဏဝါးမြိုလေ့ရှိသည်ဟု ဒဏ္ဍာရီလာပုံပြင်များတွင် ပြောထားသည်။ ကောရှဲ၏အကြောင်းကို ရှန်ဟိုင်ကျင့်နှင့် ရှုကျင့်ကျူး ရာဇဝင်မှတ်တမ်းများတွင် အသေးစိတ် ရေးသားဖော်ပြထားသည်။
ယင်ရှောင်ရှောင်း၏ အကြည့်များမှာ လက်ျာဘက်တွင် ပျံသန်းနေသော မြွေဆီသို့ ရောက်သွားပြန်သည်။ ထိုမြွေအား တွေ့လိုက်သည့်အခါ ရင်းနှီးလွန်းသည့်အတွက် ယင်ရှောင်ရှောင်း မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာသည်။ ၎င်းမှာ ပါးရှဲဟု အမည်ရသည့် မြွေကြီးဖြစ်သည်။
ပါးရှဲတဖြစ်လဲ ရှုရှဲ၏ ခန္ဓာကိုယ်အရှည်မှာ တစ်ရာ့ရှစ်ဆယ် မီတာအထိ ရှိသည်ဟု ဆိုကြသည်။ သို့သော် သူ့မျက်စိရှေ့တွင် မြင်နေရသည့် ပါးရှဲ၏ ခန္ဓာကိုယ်မှာ ထို့ထက်မက ပိုရှည်သည်။ ဦးခေါင်မှာ အပြာရောင်ဖြစ်ပြီး ကိုယ်ထည်ပိုင်းမှာ အနက်ရောင်သန်းသည်။ အတိတ်တုန်းက ပါးရှဲမှာ တုံထင်ရေကန်အနီးတစ်ဝိုက်တွင် နေထိုင်ကျက်စားပြီး ဖြတ်သွားဖြတ်လာ သက်ရှိမှန်သမျှကို အလွတ်မပေးခဲ့ချေ။ ပါးရှဲက လူသားများကိုပါ တိုက်ခိုက်လာသည့်အတွက် လူထုခေါင်းဆောင် ယောင်သည် ဟိုယိအားစေလွှတ်ကာ ပါးရှဲအား ခေါင်းဖြတ်သတ်စေခဲ့သည်။ ပါးရှဲ၏ မူလခန္ဓာကိုယ် ပျက်စီးသွားသည့်အခါ ထိုနေရာတွင် ပါးလင်ဟုသည့် တောင်ကုန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ သို့သော် ပါးရှဲ၏ ခန္ဓာကိုယ်အား သတ်နိုင်ခဲ့သည့်တိုင် ရှုံးဟွီကဲ့သို့ပင် ခန္ဓာပြန်လည်တည်ဆောက်ပြီး ဝိညာဉ်ဆင့်ခေါ်ခြင်းခံလိုက်ရသောကြောင့် ယခုအချိန်တွင် ယင်ရှောင်ရှောင်း မြင်တွေ့နေရခြင်း ဖြစ်သည်။
မင်ရှဲ၊ ရှုံးဟွီ၊ ကောရှဲနှင့် ပါးရှဲတို့သည်လည်း သားကောင်များကို ယူလာခဲ့ကြသည်။ ထိုသို့နှင့် မြွေခုနစ်ကောင်မှာ သူတို့ကိုယ်သူတို့ အတိုချုံးမိတ်ဆက်ပြီးသည့်နှင့် စတင်စားသောက်ကြလေသည်။ ထင်ထားသလိုပင် ယင်ရှောင်ရှောင်း နောက်ဆုံးမှ စားသောက်ပြီးခဲ့သည်။
တစ်ကယ်တမ်းတွင် ယင်ရှောင်ရှောင်းမေ့နေသော ပြဿနာတစ်ခုရှိသည်။ မြွေတစ်ကောင်မှာ အသားစိမ်းမစားဘဲ မီးမွှေးပြီး ကင်စားသည်ဟူသည့် အချက်မှာ ထူးဆန်းလွန်းလှသည် မဟုတ်ပါလား။ သို့တိုင်အောင် မည်သည်ကြောင့် မေးမြန်းခြင်း မပြုကြသနည်း။ အဖြေမှာ ရှင်းပါသည်။ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်ဖြစ်နေသော်လည်း စိတ်ဝိညာဉ်မှာ လူသားဝိညာဉ်ဖြစ်သည်ကို သူတို့အားလုံး မြင်နေရသည့်အတွက်ပင်။
၎င်းတို့၏တာဝန်မှာ ဧကရာဇ်သင်္ချိုင်း တည်ရှိနေသည့် တောင်အနားတွင် မည်သည့်သူစိမ်းကိုမဆို ခြေချခွင့်မပေးဘဲ အသေအချာ ကာကွယ်စောင့်ရှောက်ရမည် ဖြစ်သော်လည်း ယင်ရှောင်ရှောင်းဆီမှ မကောင်းသည့် အငွေ့အသက် တစ်စုံတစ်ရာကိုမှ မခံစားမိသည်ကြောင့် ကြည်ကြည်ဖြူဖြူ လက်ခံပေးခြင်းဖြစ်သည်။