အပိုင်း ၅၉
Viewers 13k


🐍Chapter 59



ချောက်ကမ်းပါးအောက်တွင် ပိတ်မိနေသည့် ထူးဆန်းသော မြွေများအတွက်မူ အဆုံးမရှိသည့် သူတို့၏ ဘဝတစ်ကွေ့တွင် မြွေပွေးနှစ်ကောင်နှင့် ကြုံဆုံရတာလောက် ပျော်ဖို့ကောင်းသည့်အရာ မရှိတော့ပေ။

သူတို့အားလုံးသည် မော့လောင်တနှင့် ယင်ရှောင်ရှောင်းအား သူတို့နှင့်အတူ ဤချောက်ကမ်းပါးအောက်တွင် လာနေစေချင်ပုံရသည်။ သို့သော် မော့လောင်တ လက်မခံသဖြင့် လက်လျှော့လိုက်ရသည်။

ခန္ဓာကိုယ်နှင့်မလိုက်အောင် စိတ်ပျက်ဝမ်းနည်းနေသည့် မြွေကြီးများကြောင့် ရှောင်ရှောင်းတို့လည်း ထိုနေရာတွင် နောက်ထပ်နှစ်ရက်မျှ နေကြရန် ဆုံးဖြတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်ရက်ဟူသည့်အချိန် ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ မနက်ဝေလီဝေလင်းအချိန်တွင် ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ ချောက်ကမ်းပါးမှ ထွက်ခွာရန် ပြင်ဆင်ကြသည်။

“နောက်တစ်ခေါ် လာလည်ဦးနော် ရှောင်ရှောင်း..”

ကောရှဲသည် ရှောင်ရှောင်းအား အင်တင်တင်နှင့် နှုတ်ဆက်လိုက်သည်။ ယင်ရှောင်ရှောင်းလည်း ခေါင်းတဆတ်ဆတ်ညိတ်ကာဖြင့် ကတိပေးရှာသည်။

“သေချာပေါက် လာလည်မယ်နော်..”

“အာ.. ဒါနဲ့ ရှောင်ရှောင်းရေ.. နောက်တစ်ခါလာရင် ကျောက်စိမ်းတို့ ဘာတို့လို့ ရတနာလေးတွေ ယူလာပေးလို့ရမလား..”

ရှုံးဟွီရုတ်တရက် ဝင်ပြောသည်။

“ကျောက်စိမ်းလား.. ဘာလုပ်မလို့လဲ..”

ယင်ရှော်ငရှောင်း ကြောင်တောင်တောင်ဖြစ်သွားသည်။

"မင်ရှဲက အဲဒါတွေကို ကြိုက်တယ်လေ.."

"အာ... ဒါပေမဲ့.."

သူစကားမဆုံးမီ ရှုံးဟွီ ဖြတ်ပြောပြန်သည်။

“အရင်ကတော့ ကျိခန်းက မင်ရှဲကို ကျောက်စိမ်းလိုမျိုး အဖိုးတန်ရတနာတွေ အများကြီးပေးခဲ့တယ်.. ဒါပေမဲ့ အဲဒါတွေ အကုန်လုံးကို သူက စားပစ်လိုက်တယ်လေ..”

“စား.. စားပစ်လိုက်တယ် ဟုတ်လား..”

ယင်ရှောင်ရှောင်း မျက်လုံးများ ပြူးကျယ်သွားသည်။

ရှုံးဟွီ ခေါင်းညိတ်ကာဖြင့် ဆက်ပြောသည်။

“မင်ရှဲရဲ့ တာဝန်က ရတနာတွေကို စောင့်ရှောက်ရတာလို့ သိထားကြပေမဲ့ တကယ်က မင်ရှဲရဲ့ စိတ်ဝိညာဉ်ကြီးထွားဖို့နဲ့ စွမ်းအင်ကျင့်ကြံအားထုတ်ဖို့အတွက် အဖိုးတန်ရတနာတွေကို စားဖို့လိုတယ်.. အဲဒါကြောင့် မင်ရှဲက ရတနာတွေ ရှိတဲ့နေရာမှာပဲ နေတာ.. ကျိခန်းက မင်ရှဲကို ရတနာတွေ အများကြီး ပေးခဲ့ပေမဲ့ အချိန်ကြာလာတော့ စားပစ်လိုက်တာ ကုန်သွားပြီလေ.. ဒီချောက်ကမ်းပါးအောက်ကနေလည်း ထွက်လို့မရတော့ အဲဒီရတနာတွေကို ဘယ်မှာမှ ရှာမရတော့ဘူး..”

“ဟုတ်ပြီ.. တကယ်လို့ ကျိခန်းခွင့်ပြုရင် ရတနာတွေ ယူလာခဲ့ပေးမယ်နော်..”

ယင်ရှောင်ရှောင်းသည် သူ့အားမျှော်လင့်တကြီး ငေးကြည့်နေသည့် ရှုံးဟွီနှင့် မင်ရှဲအား လျစ်လျူမရှုနိုင်သဖြင့် ကတိပေးလိုက်ရသည်။

“ဒါပေမဲ့ အများကြီး‌တော့ ယူလာနိုင်မှာ မဟုတ်ဘူးနော်..”

“ကိစ္စမရှိပါဘူး.. ရတနာတွေကို အစာခြေဖို့က အတော်လေးကြာမှာ.. ရတနာသေးသေးလေး ယူလာရင်တောင် အစာကြေဖို့ နှစ်ပေါင်းများစွာ အချိန်ယူရတယ်..”

ရှုံးဟွီက နှစ်လိုဖွယ်ပြုံးရင်း အသေအချာ ရှင်းပြသည်။ မင်ရှဲကမူ ရှုံးဟွီ၏နောက်တွင် နှုတ်ဆိတ်လျက် ရပ်နေသည်။ ရှောင်ရှောင်းအား မသိမသာ လှမ်းကြည့်ကာ သူ့တောင်းဆိုမှုကြောင့် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေပုံရသည်။

“တောင်ပေါ်မှာနေတဲ့ အကောင်လေးတွေက အရွယ်အစား အတော်လေးသေးတယ်လို့ ငါကြားဖူးတယ်.. နောက်တစ်ခါ လာလည်ရင် ယုန်တစ်ကောင်လောက် ဖမ်းလာခဲ့ပေးနော်.. ဒီမှာနေရတာကြာတော့ သာမန်ယုန်တစ်ကောင်ရဲ့ အရွယ်အစားက ဘယ်လောက်လဲဆိုတာတောင် လုံးလုံးမေ့နေပြီ..”

မာပန်ရှဲ ပြုံးတုံ့တုံ့နှင့် ပြောသည်။

“အဟမ်း.. အဟမ်း.. အဲဒါကိုတော့ မော့လောင်တကိုပဲ ပြောလိုက်ပါနော်..”

ယုန်ဖမ်းလာခိုင်းသည့် မာပန်ရှဲကြောင့် ယင်ရှောင်ရှောင်း အထိတ်ထိတ်အပြာပြာ ဖြစ်သွားသည်။

“ငါမှတ်မိသလောက်တော့ တောင်ပေါ်က အကောင်တွေက တကယ့်ကို သေးသေးကွေးကွေးလေးတွေ.. သွားကြားတောင် မညပ်ဘူး..”

ဟေးလီ အတိတ်ကို တသသလွမ်းဆွတ်သည့် မျက်နှာဖြင့် ပြောလာသည်။

“အဲအချိန်တုန်းက ကောင်းကောင်းမွန်မွန်ကို မစားခဲ့ရဘူး.. အန္တရာယ်ကို တွေးပူရလွန်းလို့လေ..”

“ဟုတ်ပါ့.. တစ်ခါတုန်းကလည်း ငါဆင်တစ်ကောင်လုံးကို မြိုခဲ့တာတောင် ဗိုက်က သိပ်ပြည့်ချင်တာ မဟုတ်ဘူး.. ဒါပေမဲ့ အရမ်းကြီးမဆာတော့တာမို့ တစ်ရေးလောက် အိပ်လိုက်ပါတယ်.. နိုးလာတော့ သုံးနှစ်တောင် ကုန်သွားပြီတဲ့.. အဲဒါထက် အစာမကြေတော့ စားထားသမျှ အကုန်ပြန်အန်ထုတ်လိုက်ရတယ်.. ဗိုက်ကလည်းဆာတော့ နိုးနိုးချင်း စားစရာထပ်ရှာရပြန်ရော..”

ပါးရှဲက စကားဝိုင်းအား အရှိန်ကျမသွားစေရန် ဆက်ထိန်းထားသည်။

“ဒါနဲ့ ပြောရဦးမယ်နော်.. လူသားတွေက တကယ်ကို အောက်တန်းကျလွန်းတာ.. ငါသူတို့ လူသားကို နည်းနည်းလေးပဲ စားရသေးတာတောင် သူတို့ခေါင်းဆောင်က လူလွှတ်ပြီး လုပ်ကြံတယ်လေ.. လူတွေလည်း ငါတို့မြွေတွေကို ပက်ပက်စက်စက် သတ်ပြီးတော့ စားသောက်ကြတာပဲကို.. ငါတို့ကဖြင့် ဘာအငြိုးအတေးမှ မရှိခဲ့ပေါင်..”

ပါးရှဲ၏ စကားကို ရှုံးဟွီနှင့် မာပန်ရှဲက ခေါင်းညိတ်ရင်း ထောက်ခံသည်။

ယင်ရှောင်ရှောင်း: "......"

လူသားများက ထူးဆန်းသောမြွေမျိုးနွယ်များ၏ အစာစက်ဝန်းတွင် ပါဝင်သလို ၎င်းတို့သည်လည်း မြွေသားများကို အားပါးတရ စားသုံးကြပြီး ဝိုင်စိမ်သောက်ကြသည်။ အပြန်အလှန် စားသောက်နေကြသည့်အတွက် ငြင်းခုံရန် မလိုတော့ပေ။

“အာ.. ရှောင်ရှောင်းရေ.. ဒီမှာ မင်းအတွက်လက်ဆောင်..”

ဖေးယိသည် ယန်မြက်ပင်တစ်ဆုပ်စာအား ရှောင်ရှောင်းထံ ပေးလာသည်။

“ဒါကို မှော်စွမ်းအင်သုံးပြီးတော့ ထိန်းသိမ်းထားလို့ အချိန်တစ်ခုထိတော့ ညှိုးသွားမှာ မဟုတ်ဘူး.. အိမ်ပြန်ရောက်ရင် သေချာလေး စိုက်ထားလိုက်နော်.. အဲဒါဆိုရင် တခြားမြွေတွေက မင်းနဲ့ မော့လောင်တကို အနံ့ခံမိမှာ မဟုတ်တော့ဘူး..”

မော့လောင်တ : "ကျုပ်တို့...ဒါကြီးကို မလိုပါဘူးဗျာ.."

မော့လောင်တ၏ စကားအဆုံးတွင် ဖေးယိက မော့လောင်တအား ခပ်ပြုံးပြုံးကြည့်ရင်း ပြန်ပြောလာသည်။

“အင်း.. မင်းအတွက်တော့ မလိုပါဘူး.. ဒါပေမဲ့ ရှောင်ရှောင်းက မင်းလောက်မှ အင်အားမကြီးတာ.. တစ်နေ့ မင်းမရှိတဲ့အချိန် ရှောင်ရှောင်းတစ်ကောင်တည်း အိမ်မှာရှိနေတုန်း သူ့ထက်အင်အားကြီးတဲ့ မြွေတစ်ကောင်က မကောင်းတဲ့အကြံအစည်နဲ့ ချဉ်းကပ်လာရင် ဘယ်လိုလုပ်မလဲ.. ရှောင်ရှောင်းအတွက် အန္တရာယ်ရှိမှာ မဟုတ်ဘူးလား.. ဒီယန်မြက်သာရှိနေရင် တခြားမြွေတွေက သူ့ကို အလွယ်တကူ ရှာတွေ့နိုင်မှာ မဟုတ်ဘူး..”

မော့လောင်တ: "......."

ရှောင်ရှောင်းအကြောင်း တွေးမိသည့်အခါတွင် မော့လောင်တ နှုတ်ဆိတ်သွားရသည်။ ဖေးယိပြောသွားသည့် အခြေအနေများမှာ သူထိန်းချုပ်လို့ မရနိုင်ဘဲ ကြိုမမြင်နိုင်သည့် အရာများဖြစ်သည့်အတွက် အရူးပေါက်လေးအား စိတ်ပူသွားမိသည်။

“စိတ်မပူပါနဲ့.. ဒီယန်မြက်ကို အိမ်ပတ်လည်မှာ သေသေချာချာလေး စိုက်ထားလိုက်မယ်..”

ယင်ရှောင်ရှောင်း ဖေးယိပေးလာသည့် ယန်မြက်များအား အမြီးဖြင့် သိမ်းကျုံးယူလိုက်သည်။

“ကျစ်.. ဒီချောက်ကမ်းပါးအောက်မှာ ဘာမှ ကောင်းကောင်းကန်းကန်းကို မရှိဘူး.. မြက်ပင်နဲ့ ပန်းပင်တွေပဲ ရှိတယ်.. ဖေးယိက မင်းကို ယန်မြက်လက်ဆောင်ပေးတော့ ငါက ဟွိုင်ယန်မြက် လက်ဆောင်ပေးမယ်..”

မင်ရှဲက ဟွိုင်ယန်မြက်အချို့အား ပေးလိုက်သည်။

“မင်းရဲ့ အသားအရေက အရမ်းကောင်းတယ်နော် ရှောင်ရှောင်း.. သေချာလေး ထိန်းသိမ်းတယ်နဲ့ တူတယ်.. အမာရွတ်တွေ မထင်စေနဲ့နော်..”

“ဟုတ်.. ကျွန်တော်သေချာလေး ဂရုစိုက်ပါမယ်..”

“ဟိုဟေးမြွေကောင်‌လေး.. မင်းလည်းအလှကြိုက်တယ်မလား.. ဒီဟွိုင်ယန်မြက်က အလှအပထိန်းသိမ်းဖို့ အတော်လေး အသုံးဝင်တာနော်..”

ရှုံးဟွီ ခပ်နောက်နောက် ပြောသည်။

သူ့စကားကြောင့် မော့လောင်တ ဆွေ့ဆွေ့ခုန်ကာ ဒေါသထွက်သွားသည်။

“ဟမ်.. တဟေးတန်က အလှကြိုက်တာလား..”

ယင်ရှောင်ရှောင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဟေးမြွေလေးက မင်းကိုမပြောဖူးဘူးလား..”

ရှုံးဟွီ အသည်းအသန် ရှင်းပြတော့သည်။

“လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဟေးမြွေလေးက ဟွိုင်ယန်မြက်ရှာဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တယ်လေ.. အဲဒီမှာ ငါနဲ့ မင်ရှဲကို စတွေ့တာပဲ.. ငါတို့သူ့ကို တွေ့တုန်းက သူ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေ အများကြီးပဲ.. ဟေးမြွေလေးက အဲဒီအမာရွတ်တွေပျောက်အောင် ဟွိုင်ယန်မြက်ပင်နဲ့ ကုခဲ့ရတာ..”

“အာ.. တကယ်လား..”

ယင်ရှောင်ရှောင်း မော့လောင်တအား အံ့ဩတကြီး ကြည့်လိုက်သည်။ ထို့နောက် ခွက်ထိုးခွက်လန် အော်ရယ်တော့သည်။

“တဟေးတန်က ရုပ်ရည်ကို အရမ်းဂရုစိုက်တယ်‌နော်.. အဲလိုမျိုးမှန်း ကျွန်တော် မထင်ခဲ့ဘူးရယ်.. ဟားဟားဟား..”

မော့လောင်တ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

“အဲဒါ ဘယ်သူ့ကြောင့်လဲ.. အရူးပေါက်လေး မင်းပဲ အမာရွတ်တွေက ရုပ်ဆိုးတယ်လို့ ပြောခဲ့တာလေ.. အဲဒါကြောင့် အမာရွတ်တွေပျောက်အောင် ဟွိုင်ယန်မြက်ကို ဒီအထိ လာရှာရတာပေါ့.. အဲဒါတောင် မင်းလေးက လှောင်ပြောင်ရဲတယ်ပေါ့..”

စကားဆုံးသည်နှင့် မော့လောင်တသည် ယန်မြက်နှင့် ဟွိုင်ယန်မြက်ကို ကိုက်ချီပြီး ယင်ရှောင်ရှောင်းအား အမြီးဖြင့် ရစ်ပတ်လိုက်သည်။

“ဟေ့.. ဟေ့.. တဟေးတန် ဘာလုပ်တာလဲ.. အောက်ချပေး.. အောက်ချပေးလို့..”

ယင်ရှောင်ရှောင်း အားကုန်ရုန်းကြည့်သည့်တိုင် အင်အားချင်းမမျှသည့်အတွက် အချည်းနှီးသာ ဖြစ်ရသည်။

ရှောင်ရှောင်းအား တရွတ်တိုက် ဆွဲခေါ်သွားသည့် မော့လောင်တအား မြွေခုနစ်ကောင်လုံး ကြောင်ကြည့်နေမိသည်။ အသိပြန်ဝင်လာချိန်တွင် ချောက်ကမ်းပါးတစ်ခုလုံး မြွေခုနစ်ကောင်၏ ရယ်သံများဖြင့် ပျံ့လွင့်ဝေဆာနေတော့သည်။

ချောက်ကမ်းပါးနှင့် အတော်လှမ်းလှမ်းကို ရောက်သည့်အခါမှသာ မော့လောင်တ ယင်ရှောင်ရှောင်းအား လွှတ်ပေးလိုက်သည်။

“တဟေးတန်.. ဘာလို့အဲလောက်တောင် စိတ်ဆိုးနေတာလဲ..”

ရှောင်ရှောင်းခပ်ဖွဖွရယ်ရင်း ခေါင်းယမ်းလိုက်သည်။ သူက အရေထူလွန်းသည့်အတွက်သာ ဘာမှမဖြစ်ခြင်းပင်။ သူ့နေရာမှာ အခြားမြွေသာဆိုလျှင် မော့လောင်တ၏ ဒေါသကြောင့် ပြာကျနေလောက်ပြီ ဖြစ်သည်။

မော့လောင်တ ယင်ရှောင်ရှောင်းအား လှမ်းကြည့်ပြီး ခပ်ပြတ်ပြတ် ပြောသည်။

“စကားမပြောနဲ့ တက်တော့..”

ယင်ရှောင်ရှောင်း သူ့အရှေ့ရှိ တောင်ကုန်းအား မော့ကြည့်လိုက်သည်။ အဆင်းမှာ လွယ်ကူသော်လည်း ပြန်တက်ဖို့ရန်မှာ မီတာပေါင်း ထောင်နှင့်ချီ မြင့်သည်ကြောင့် သူ့လိုမြွေတစ်ကောင်အတွက်ပင် ခက်ခဲပင်ပန်းပေလိမ့်မည်။

တောက်ကုန်းကိုကြည့်ရင် ငိုတော့မလို ပြိုတော့မလို ဖြစ်နေသည့် ယင်ရှောင်ရှောင်းကြောင့် မော့လောင်တ ရယ်ချင်စိတ်အား မနည်းထိန်းထားရသည်။ အပျင်းတစ်လွန်းသည့် အရူးပေါက်လေးအား သင်ခန်းစာပေးရမည်။

“တဟေးတန်ရေ.. ရုတ်တရက်ကြီး ခေါင်းမူးလာတယ်ရော်.. အမြီးတစ်ခုလုံးလည်း ကိုက်ခဲနေတာပဲ.. ကျွန်တော့်ကို ပွေ့သွားပေးလို့ရမလားဟင်..”

မော့လောင်တ ခံစားချက်မဲ့သည့် မျက်နှာထားဖြင့် ယင်ရှောင်ရှောင်းအား တည့်တည့်ကြည့်လိုက်သည်။

“မင်းပဲပြောတာလေ အောက်ချပေးဖို့..”

“အဲဒါက.. အဲဒါက ကျွန်တော်စလိုက်တာကို.. အတည်မယူရဘူးလေ.. ဟားဟား..”

ယင်ရှောင်ရှောင်း သူ၏အမြီးထိပ်လေးဖြင့် မော့လောင်တ၏ ခန္ဓာကိုယ်အား ပွတ်သပ်နေသည်။

“..နော်လို့..”

ချွဲနေသည့် ယင်ရှောင်ရှောင်းကြောင့် မော့လောင်တလည်း ဟန်မဆောင်နိုင်တော့ပေ။

“ဟုတ်ပါပြီကွာ.. ဟုတ်ပါပြီ..”

ထို့နောက် ယင်ရှောင်ရှောင်းအား မော့လောင်တ အမြီးဖြင့် သိမ်းကျုံးပွေ့ချီကာ တောင်တက်စရီး စတင်တော့သည်။ ယင်ရှောင်ရှောင်း သီချင်းလေးညည်းရင်း လိုက်ပါလာသည်။

ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့ အိမ်သို့ အလောတကြီး မပြန်ကြပေ။ လမ်းခရီးတွင် တစ်ထောက်နားလိုက် ဆက်သွားလိုက်နှင့် အေးအေးလူလူ ပင် ဖြစ်သည်။

တောင်ထိပ်သို့ရောက်သည့်အခါ နောက်တစ်နေ့မနက် အရုဏ်ဦးအချိန်သို့ ရောက်နေပြီဖြစ်သည်။ နေက လုံးလုံးကြီး မထွက်လာသေးပေ။ မိုးကုတ်စက်ဝိုင်းအလွန်မှ ငုပ်လျှိုးနေသည့် နေသူရိန်၏ ခပ်ပျို့ပျို့အလင်းရောင်မှာ သူတို့နှစ်ဦးပေါ်သို့ ဖြာကျနေသည်။

“ဒီကနေဆက်သွားရင် ပြန်ရောက်ဖို့ နေ့တစ်ဝက်လောက်ပဲကြာမယ်.. အခုစသွားရင် ညသန်းခေါင်လောက်ဆို အိမ်ပြန်ရောက်ပြီ..”

မော့လောင်တ ပြောသည်။

“အရူးပေါက်လေး.. ကိုယ်တို့အခုဆက်သွားမလား.. ဒါမှမဟုတ် ခဏလောက်နားပြီး မနက်ဖြန်မှ သွားကြမလား..”

ယင်ရှောင်ရှောင်း ချက်ချင်းပြန်ဖြေသည်။

“မနက်ဖြန်မှ သွားကြမယ်လေ..”

မော့လောင်တ ခေါင်းညိတ်ရင်း ယင်ရှောင်ရှောင်း ပြောသည်ကို သဘောတူ လက်ခံလိုက်သည်။ ယမန်နေ့က ဝဝလင်လင် စားသောက်ခဲ့သည့်အတွက် အမဲလိုက်ရန် မလိုတော့‌‌ပေ။ ထို့ကြောင့် တစ်ညတည်းဖို့ နေရာရှာရန်သာ လိုသည်။

“ဒီမှာ ဂူတစ်ဂူရှိတယ်.. နည်းနည်းသေးပေမဲ့ မြွေနှစ်ကောင် အိပ်ဖို့တော့ ကောင်းကောင်းဆန့်တယ်..”

ထို့နေ့ညတွင် သူတို့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့ကြသည်။

နောက်တစ်နေ့မနက်ခင်းတွင် အိမ်ပြန်ခရီးနှင်ရန် အဆင်သင့်ဖြစ်လို့နေပြီ ဖြစ်သည်။ သို့သော် စထွက်တော့မည့် အချိန်တွင် သူတို့နားသို့ ရုတ်တရက်ဆိုသလို မြွေနှစ်ကောင် ရောက်လာခဲ့သည်။

"မော့လောင်တ..."