🐍Chapter 60
အသံကြားသည်နှင့် မည်သူဖြစ်ကြောင့် တစ်ခါတည်း ပြေးမြင်မိသည့်အတွက် မော့လောင်တ မျက်မှောင်ကြုတ်လိုက်မိသည်။ ယင်ရှော်ငရှောင်းလည်း အသံလာရာသို့ လှမ်းကြည့်လိုက်သည့်အခါတွင် မော့မြွေတစ်ကောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း လန့်ဖြန့်ကာ မော့လောင်တနောက်သို့ ပြေးပုန်းလိုက်သည်။ အရင်တစ်ခေါက် မော့လောင်အာနှင့် တွေ့စဉ်က သူ့အား ကိုက်မိလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
ထိုမော့မြွေသည် ယင်ရှောင်ရှောင်းနှင့် မော့လောင်တအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။ သူ့မျက်နှာထက်တွင် စိတ်ပျက်မှုနှင့် ဒေါသတို့ ပြည့်နှက်နေသည်။
“မော့လောင်တ.. အမေက မင်းကို တတ်နိုင်သလောက် မြန်မြန်ပြန်လာဖို့ မှာလိုက်တယ်..”
"လောင်စန်း"
မော့လောင်တ ခန္ဓာကိုယ်အား မတ်ကာဖြင့် မော့လောင်စန်းရှေ့တွင် ငွားငွားစွင့်စွင့် ရပ်လိုက်သည်။ ထို့နောက် မော့လောင်စန်းအား စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ အစ်ကိုအကြီးဆုံးကို စကားပြောတာ ဒီလိုပုံစံလား..”
မော့လောင်စန်း ဟွန့်ခနဲ နှာမှုတ်ရင်း ပြန်ပြောသည်။
“ကျွန်တော့်ရဲ့ တာ့ကောခင်ဗျာ.. လောင်အာကျဲပြောတာကို မယုံခဲ့ပေမဲ့ လေးစားရတဲ့ တာ့ကောက နိမ့်ကျတဲ့ မြွေပွေးတစ်ကောင်နဲ့ ချစ်ကြိုက်နေလိမ့်မယ်လို့ တစ်ခါမှတောင် မျှော်လင့်မထားခဲ့မိဘူး.. သိပ်စိတ်ပျက်မိတာပဲ..”
ထိုစကားအဆုံးတွင် မော့လောင်တ၏ မျက်နှာထက်တွင် ထီမထင်မှုတို့ ဖြတ်ပြေးသွားသည်။
“မော့လောင်စန်း.. မင်းစိတ်ပျက်တော့ ငါက ဘာလုပ်ရမှာလဲ.. ကိုယ့်ကိစ္စကိုယ် အာရုံစိုက်စမ်းပါ..”
မော့လောင်တနောက်တွင် ဝင်ပုန်းနေသည့် ယင်ရှောင်ရှောင်း ခေါင်းလေးပြူထွက်လာပြီး အခြားမော့မြွေအား လှမ်းကြည့်လိုက်သည်။
တဟေးတန်ရဲ့ ညီလေးလား.. ငါ့ရဲ့တဟေးတန်လောက်တောင် နက်မနေဘူးရော.. ဟွန့်.. ဟွန့်.. အဲဒီကောင်က တဟေးတန်နဲ့ နည်းနည်းလေးတောင်မှ မယှဉ်နိုင်ဘူး..
သူ့အား စိုက်ကြည့်နေသည့် ယင်ရှောင်ရှောင်းကို မော့လောင်စန်း သတိထားမိသွားသဖြင့် သတ်တော့ဖြတ်တော့မည့် အကြည့်နှင့် ပြန်ကြည့်ပေးလိုက်ရာ ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်လေး တုန်တက်သွားပြီး မော့လောင်တ၏နောက်သို့ ကြောက်လန့်တကြား ဝင်ပုန်းလေတော့သည်။ ထို့နောက် ယင်ရှောင်ရှောင်း၏ ချွဲချွဲနွဲ့နွဲ့အသံလေး ထွက်ပေါ်လာသည်။
“သူက ကျွန်တော့်ကို အနိုင်ကျင့်နေတယ် တဟေးတန်..”
မော့လောင်တ ညီငယ်ဖြစ်သူ မော့လောင်စန်းအား အေးစက်စက်အကြည့်တို့ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ငါ.. ရက်ပိုင်းအတွင်း သေချာပေါက် ပြန်လာခဲ့မယ်..”
ထို့နောက် ယင်ရှောင်ရှောင်းအား အဓိပ္ပါယ်ပါပါ ကြည့်ရင်း အရှေ့မှ ဦးဆောင်ထွက်သွားသည်။ မော့လောင်တ၏ နောက်ကျောကိုတစ်လှည့် မျက်နှာကြီးအီလည်လည်ဖြစ်ပြီး ကျန်ခဲ့သည့် မော့လောင်စန်းကို တစ်လှည့်ကြည့်ပြီး ယင်ရှောင်ရှောင်း အကျေနပ်ပြီး ကျေနပ်နေသည်။ မော့လောင်စန်းအား တမင်တကာ လျှာထုတ်ကာ ပြောင်ပြလိုက်သေးသည်။
မော့လောင်စန်းမှာ တာ့ကောအား တကယ်ကြောက်ပါသည်။ သူ့တာ့ကော၏ ဒေါသကို သူသိသည်။ ထို့ကြောင့် ယင်ရှောင်ရှောင်းအား မကျေနပ်သည့်တိုင် လက်လွတ်စပယ် သွားမထိရဲပေ။
ယင်ရှောင်ရှောင်းလည်း မော့လောင်တနောက်သို့ တိတ်တဆိတ်လိုက်ပါသွားသည်။ မော့လောင်တအား မသိမသာ ခိုးခိုးကြည့်နေသော်လည်း မော့လောင်တမှာ သူ့အား တစ်ချက်ကလေးပင် ကြည့်မလာခဲ့ချေ။ သူတို့နှစ်ဦးကြားမှ လေထုမှာ ယနေ့တွင် ထူးဆန်းကာ အနေရခက်နေသည်။
မွန်းတည့်ချိန်ရောက်သည့်အခါ မော့လောင်တ သွားနေရာမှ ရပ်လိုက်ပြီး ဩရှရှအသံဖြင့် ပြောလာသည်။
“နေ့လယ်ရောက်နေပြီဆိုတော့ ခဏနားကြမယ်.. ကိုယ်အမဲလိုက်သွားဦးမယ်နော်..”
ယင်ရှောင်ရှောင်း ခေါင်းညိတ်ကာ စမ်းချောင်းဘေးနားတွင် မော့လောင်တပြန်လာမည့် အချိန်ကို အေးအေးဆေးဆေး စောင့်နေလိုက်သည်။
ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ဝက်မှာ ရေထဲမြုပ်နေသည်။ အမြီးအား ပုတ်ကာဖြင့် စိတ်အေးလက်အေး ဆော့ကစားနေသည်။ တဟေးတန် စိတ်အခြေအနေမကောင်းသည်ကို သူနားမလည်၍ မဟုတ်ပါ။ နှစ်ဘက်မိသားစု သဘောမတူတည့်တိုင် သူတို့အချင်းချင်း ချစ်မြတ်နိုးကြမည်ဆိုလျှင် ပြီးပြီမဟုတ်ပါလား။ တဟေးတန်သည်လည်း သူခံစားရအောင် လုပ်မည်မဟုတ်ပါချေ။ သူတို့နှစ်ဦးကြား ဆက်ဆံရေးအား နှစ်ဘက်မိသားစုသိအောင် လူသိရှင်ကြား ကြေငြာမည်ဖြစ်သည်။ လက်ကျန်ဘဝတစ်လျှောက်လုံးကို တဟေးတန်နှင့် အတူကုန်ဆုံးဖို့ ရည်ရွယ်ထားသည်။
ရုတ်တရက်ဆိုသလို သူက တကိုယ်ကောင်းဆန်လွန်းသည်ဟု ယင်ရှောင်ရှောင်း ခံစားလာရသည်။ တဟေးတန်က သူ့ကို သဘောကျတာနဲ့ပဲ တစ်သက်လုံး စောင့်ရှောက်မည်ဟု မှတ်ယူလိုက်မိသည်။ တဟေးတန်က သူ့အား ဂရုမစိုက်ဘဲ ဥပေက္ခာပြုမည်ကို ယင်ရှောင်ရှောင်း အလွန်စိုးရိမ်မိသည်။
ဖြစ်လာမည့် အကြောင်းတရားများကို ရှောင်လွှဲလို့မရမှန်း သူသိသည်။ မြွေတစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာသည့်တိုင် သူ့ကိုချစ်ပြီး ဂရုစိုက်ပေးမည့် မိသားစုနှင့် သူငယ်ချင်းများကို ပိုင်ဆိုင်ထားသည်။ အေးစက်စက်နှင့် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်သော်လည်း သူ့ကိုသဘောကျသည့် မြွေတစ်ကောင်လည်းရှိသည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ယင်ရှောင်ရှောင်းလောက် ကံကောင်းသည့်သူ မရှိနိုင်တော့ပေ။
သို့ဖြစ်လျှင် သူကကော မော့လောင်တအား တကယ်ချစ်ရဲ့လား..။
မလှမ်းမကမ်းရှိ ချုံပုတ်တစ်ခုမှ သူ့ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည့် မော့လောင်တအား ယင်ရှောင်ရှောင်း ငေးကြည့်နေမိသည်။
“ငါ့အရှေ့မှာ ရှိနေတဲ့သူက တဟေးတန်မဟုတ်ဘဲ လန်ယိယိဆိုရင် လက်တွဲဖော်အဖြစ် လိုချင်ဦးမလား..”
ယင်ရှောင်ရှောင်း သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်သည်။ သို့သော် မည်မျှစဉ်းစားစေကာမူ အဖြေတစ်ခုတည်း ထွက်သည်။
“လန်ယိယိသာဆိုရင် လက်တွဲဖော်အဖြစ် မလိုချင်ဘူး..”
ယင်ရှောင်ရှောင်း တစ်စုံတစ်ခုအား နားလည်သဘောပေါက်သွားသည်။ သို့သော် မည်သည်ကို နားလည်သွားမှန်း ရေရေရာရာ မသိပေ။
ယင်ရှောင်ရှောင်း၏ ယခင်ဘဝမှ အကျင့်စရိုက်မှာ နူးညံ့သိမ်မွေ့ပြီး နွေးထွေးသည်။ သို့သော် သူ့ဘဝတစ်လျှောက်လုံး လူတိုင်းက ဝင်လာပြီး အချိန်တန်လျှင် ပြန်ပြန်ထွက်သွားကြသည်။ မည်သူကမျှ သူ့ဘေးတွင် ဘဝအစိတ်အပိုင်း အချိန်နာရီတိုင်းကို တစ်ဆင့်ပြီးတစ်ဆင့် အဖော်ပြုပေးမည့်သူ တစ်ဦးမျှပင် မရှိခဲ့ပေ။ ထိုအချိန်တုန်းက သူ့အနေနှင့်လည်း ထိုသို့သောသူမျိုးတွင် မဖြစ်မနေ လိုချင်တောင့်တခြင်း မရှိခဲ့ချေ။ သို့ရာတွင် ယခုလက်ရှိ အခြေအနေမှာ အတိတ်နှင့် ကွာခြားလှသည်။ သူ့ဘေးတွင် တဟေးတန်ရှိနေပြီး နွေးထွေးကြင်နာမှု ပေးနေသည်။ ထိုနွေးထွေးမှုအား သူလက်မလွှတ်ချင်ပါ။ ထိုသို့နွေးထွေးမှုမျိုးကို အခြားမည်သည့်မြွေကမျှ ပေးစွမ်းနိုင်မည်လည်း မဟုတ်ပါ။
အစားအသောက်များ ပြင်ဆင်နေသည့် မော့လောင်တအား ယင်ရှောင်ရှောင်း ငေးကြည့်နေမိသည်။ ထို့နောက် ရုတ်တရက်ပြုံးရင်း ပြောလိုက်သည်။
“တဟေးတန်ရေ.. အိမ်ပြန်ပြီး ဒီမြက်တွေ စိုက်ကြမယ်နော်.. ပြီးရင် ခင်ဗျားရဲ့ မိဘတွေနဲ့ သွားတွေ့ကြမယ်..”
မီးမွှေးနေသည့် မော့လောင်တမှာ ရှောင်ရှောင်း၏ စကားကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားသည်။ ထို့နောက် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြစ်သည်။
“အင်း.. သွား.. သွားကြတာပေါ့..”
ယင်ရှောင်ရှောင်း၏ မျက်နှာထက်တွင် အပြုံးလှလှတစ်ခု ဖြစ်တည်လာသည်။ ထို့နောက် ခေါင်းမော့ကာ ကောင်းကင်ပြာပြာထက် ပျံသန်းနေသည့် ငှက်များကိုကြည့်ရင်း ပြောလိုက်သည်။
“တဟေးတန်.. ကျွန်တော် ငှက်ဥစားချင်တယ်..”
သူ့စကားအဆုံးတွင် မော့လောင်တမှာ နံဘေးရှိယုန်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်ပြီး ပြန်ဖြေသည်။
“အင်းပါ.. ကိုယ်သွားရှာလိုက်မယ်..”
တောအုပ်ထဲသို့ ချက်ချင်းဝင်ရောက် ပျောက်ကွယ်သွားသည့် မော့လောင်တကိုကြည့်ရင်း ယင်ရှောင်ရှောင်း ပြုံးလိုက်မိသည်။ နေ့တိုင်းဒီလိုသာဆို ဘယ်လောက်ကောင်းမလဲနော်..။
အိမ်အပြန်လမ်းတွင် ယင်ရှောင်ရှောင်း ရေတံခွန်ရှိသည့် နေရာသို့သွားရန် ဆက်တိုက်ပူဆာနေသဖြင့် မော့လောင်တလည်း နောက်ပြန်လှည့်ရသည်။ မော့လောင်တမှာ မျက်မှောင်ကုပ်လျက် စကားလည်းမပြောပေ။
“ဝိုး.. အိမ်ပြန်ရောက်ရင် နေပူဆာလှုံလို့ရပြီ.. ရေ့.. ရေ့..”
မော့လောင်တလည်း ယင်ရှောင်ရှောင်း ပြောသမျှအား ခေါင်းတညိတ်ညိတ်နှင့် ထောက်ခံနေလိုက်သည်။
ထို့နောက် ယင်ရှောင်ရှောင်းဆီမှ ယန်မြက်အား လှမ်းယူလိုက်သည်။ အစပိုင်းတွင် ဖေးယိပေးသည်ကို သိပ်လက်မခံချင်သော်ငြား မော့လောင်စန်းနှင့် ထိပ်တိုက်တွေ့ဆုံပြီးသည့်နောက်တွင် ထိုအပင်ကို မရှိမဖြစ် လိုအပ်မှန်း မော့လောင်တ သိသွားခဲ့သည်။ မော့မျိုးနွယ်အကြောင်းအား မော့လောင်တလောက် ကောင်းကောင်းသိသူ ရှိမည်မဟုတ်ပေ။ သူအမဲလိုက်ထွက်နေသည့် အချိန်တွင် တစ်ကောင်တည်း ကျန်ရစ်မည့် ရှောင်ရှောင်းအား အလစ်တိုက်ခိုက်နိုင်ရန် ချောင်းမြောင်းနေကြမည့်သူများမှာ ထိုမော့မြွေများပင် ဖြစ်သည်။
ကံကောင်းသည်မှာ ယန်မြက်အား အချိန်အတော်ကြာသည်အထိ မညှိုးနွမ်းစေရန် ဖေးယိက မှော်စွမ်းအင်ဖြင့် ထိန်းသိမ်းထားခြင်းဖြစ်သည်။ ယန်မြက်၏ သဘာဝမှာ မြေကြီးထဲမှ ဆွဲနုတ်ပြီး တစ်နာရီအတွင်း ညှိုးသွားလေ့ရှိသည်။ ထို့ကြောင့် အများစုသည် ထိုမြက်ပင်ကို ကောင်းကောင်းရှင်သန်အောင် မစိုက်ပျိုးနိုင်ကြချေ။
အိမ်ပြန်ရောက်သည့်အခါ မော့လောင်တ ပတ်ဝန်းကျင်ကို အကဲခတ်ပြီး သူတို့နေထိုင်ရာ ဂူရှေ့ရှိ ကွင်းပြင်ကျယ်တွင် ယန်မြက်ပင်အားစိုက်ရန် ဆုံးဖြတ်လိုက်သည်။
ဟွိုင်ယန်မြက်ကို မစိုက်ချင်သော်လည်း မထူးတော့သည်မို့ ယန်မြက်နှင့် အတူယှဉ်တွဲ စိုက်ထားလိုက်သည်။ ၎င်းမြက်ပင်နှစ်ပင်မှာ အခြားသာမန်မြက်ပင်များနှင့် အသွင်တူသည်။ အနံ့ကအစ တစ်ထေရာတည်းပင်။ ချောက်ကမ်းပါးအောက်တွင်မူ အခြားမြက်ပင်များက ၎င်းမြက်ပင်နှစ်မျိုးထက် သိသိသာသာ ရှည်နေသည့်အတွက် ခွဲခြားရလွယ်ကူသည်။ ဤတောင်ပေါ်တွင်မူ ပေါင်းပင်များနှင့် တူသည့်အတွက် မော့လောင်တပင် မျက်စိလည်သွားရသည်။
“တဟေးတန်.. တဟေးတန်လို့.. ကျွန်တော် ပျားရည်စားချင်တယ်..”
ယင်ရှောင်ရှောင်း ဂူထဲမှ ထွက်လာပြီး မော့လောင်တအား ကလေးတစ်ယောက်သဖွယ် ပူဆာသည်။
“ကိုယ်သွားရှာပေးမယ်နော်.. ခဏလေးစောင့်ဦး..”
မော့လောင်တသည် သူ့အချစ်ကလေး လိုချင်သမျှကို ချက်ချင်းလိုက်လျောပေးတတ်သည်။
ယင်ရှောင်ရှောင်း ဂူထဲတွင် ခေတ္တမျှ စောင့်နေပြီးနောက် အနည်းငယ် တုံ့ဆိုင်းတွေဝေလျက် ကျိခန်းနှင့် စကားစမြည်ပြောရန် ဆုံးဖြတ်လိုက်သည်။
"ကျိခန်း... ကျွန်တော်ပြန်လာပြီ.."
“ဟီးဟီး.. ကိုယ်ပြောတာ မမှားဘူးမလား.. ချောက်ကမ်းပါးအောက်က စိတ်ဝင်စားဖို့ ကောင်းတယ်ဟုတ်..”
ကျိခန်း စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေသည်။
“ဟုတ်တယ်.. အဲဒီမှာ စိတ်ဝင်စားဖို့ကောင်းပြီး ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေနဲ့ တွေ့ခဲ့ရတယ်.. စာအုပ်ထဲမှာပဲ ဖတ်ဖူးခဲ့တဲ့ အကောင်တွေက အပြင်မှာပါ တကယ်ရှိနေမယ်လို့ ထင်မထားဘူး..”
ကျိခန်း: "......."
“ကျိခန်း.. ကျွန်တော့်မှာ မေးစရာရှိတယ်ရယ်.. တဟေးတန်က အိမ်ပြန်ရတော့မယ်.. အဲဒါကြောင့် ကျွန်တော်လေး အတူလိုက်မယ်လို့ ပြောလိုက်တယ်..”
ယင်ရှောင်ရှောင်း လေးတွဲ့စွာဖြင့် ပြောလာသည်။
“အင်း.. အဲဒီတော့..”
ကျိခန်းက သူ့စကားကို အာရုံစိုက်ပြီး နားထောင်နေသည်။
“ကျွန်တော်ပြောချင်တာကလေ.. ကျွန်တော်က တဟေးတန်ကို တကယ်ချစ်မိနေတာလားလို့..”
ယင်ရှောင်ရှောင်း ပလုံးပထွေးနှင့် ပြောလာသည်။
“အဲဒါကလေ.. ဘယ်လိုပြောရမလဲဆိုတာ.. အာ.. မသိတော့ဘူး..”
“ဟုတ်ပြီ.. မင်းဘာပြောချင်တာလဲ ကိုယ်သိတယ်..”
ကျိခန်း ယင်ရှောင်ရှောင်းပြောနေသည်ကို ဖြတ်ပြောသည်။
“မော့လောင်တကို တကယ်ချစ်တာလား မချစ်ဘူးလား မရေမရာ ဖြစ်နေတာ ဟုတ်တယ်မလား..”
ယင်ရှောင်ရှောင်း ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။
ကျိခန်း ခေတ္တမျှ တိတ်ဆိတ်သွားပြီး တိုးတိတ်ညင်သာသည့်အသံဖြင့် စကားစပြောသည်။
“အင်း.. ဒီကိစ္စကို ဘယ်လိုရှင်းပြရပါ့.. သူ့ကို တကယ်ချစ်လား မချစ်ဘူးလား ဆိုတာထက် အနာဂတ်မှာ အခု ရွေးချယ်လိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ရပ်အတွက် နောင်တမရဖို့က အရေးကြီးတယ်.. ကိုယ်ကတော့ ကိုယ့်ရဲ့ရွေးချယ်မှုကို နောင်တရလို့ မဆုံးဘူး..”
ကျိခန်း၏အသံ တဖြည်းဖြည်း တိုးဝင်သွားသည်။
“ရှောင်ရှောင်းရေ.. ပျားရည်ရပြီနော်.. ဒီကိုလာခဲ့တော့..”
မည်မျှလောက် အတွေးထဲနစ်မြောနေခဲ့မှန်းမသိဘဲ အသိပြန်ဝင်လာချိန်တွင် မော့လောင်တ သူ့ကိုအော်ခေါ်နေသည်။
ထို့နောက် မော့လောင်တ၏ မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း တီးတိုးစကားဆိုလိုက်သည်။
“အင်း... ပျားရည်စားချင်တယ်..”