အပိုင်း၁၉၃
Viewers 32k

🍵Chapter 193




၀မ်အိမ်တွင်..

 ထုံရွှယ်လူသည် ဦးလေးဇုန်းအတွက် အရသာရှိသောအစားအစာများကို ပြုလုပ်ပေးနေပြီး ဦးလေးဇုန်းက သူမကို မီးဖိုချောင်ထဲ၌ ကူညီပေးနေသည်။


အဘိုး၀မ်နှင့် ဗိုလ်မှူးရှောင်းတို့သည် ဧည့်ခန်းထဲတွင် ရန်ဖြစ်နေကြပြီး နေရာက အလွန်အသက်ဝင်လေသည်။


တစ်ဖက်တွင် စွင်းမန်ရို့မှာမူ ငရဲကျရောက်နေသည့်အလား ခံစားရသည်။


ရှောင်ယန်က အတင်းအကြပ် သူမကို သတင်းစာထုတ်ဝေသူဆီ ခေါ်ဆောင်လာပြီး သူမလုပ်ဖော်ကိုင်ဖက်များအား သူမပြုလုပ်ခဲ့သည်များကို အသံကျယ်ကျယ်ဖြင့် ပြောပြသည်။


သူမလုပ်ခဲ့သည်များကို သိပြီးနောက်မှာတော့ ထုတ်ဝေသူဒါရိုက်တာက မယုံကြည်နိုင်ဖြစ်သွားသည်။ 


" ရဲဘော်စွင်း၊ မင်းက သိပ်တော်တဲ့လူပါ။ ဘာလို့ ဒီလို ဆိုးဆိုးဝါးဝါးလုပ်ရတာလဲ "


စွင်းမန်ရို့ သူမ၏မျက်နှာကို ဖုံးကွယ်ကာ ငိုကြွေးလိုက်သည်။ လူတိုင်း၏မျက်လုံးများက သူမအပေါ်၌  ကြည့်နေကြသည်ဟု သူမခံစားမိပြီး သေလိုက်ဖို့ရာသာ တွေးနေမိသည်။


ဒါရိုက်တာက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောသည်။ " မင်းလိုလူကို ဆက်မထားနိုင်တော့မှာ စိုးရိမ်တယ်။ မင်း အလုပ်လာစရာ မလိုတော့ဘူး "


စွင်းမန်ရို့က သူမလက်ကို လျှော့ချပြီး ငိုသည်။


 " ဒါရိုက်တာ ကျေးဇူးပြုပြီး နောက်ထပ် အခွင့်အရေးတစ်ခု ပေးပါ။ ကျွန်မလုပ်ခဲ့တာတွေအတွက် တကယ်ကို နောင်တရပါတယ် "


ဒါရိုက်တာက သူ့ဆီသို့ ဆန့်ထုတ်နေသည့် သူမလက်များကို အမြန်ရှောင်လိုက်ပြီး " မြန်မြန်ထွက်သွားတော့။ ငါ တစ်ယောက်ယောက်ကို ဆွဲထုတ်ခိုင်းတာမျိုး မဖြစ်စေနဲ့ "


ထုတ်ဝေသူသည် စွင်းမန်ရို့အား ဖြေရှင်းပြီးသည်ကို မြင်လိုက်ရသဖြင့် ရှောင်ယန်က လှည့်ထွက်သွားသည်။ ထို့နောက် သူက ယန်ကော်ကျယ်ကို သူနှင့်အတူ ကြယ်နီ စားသောက်ဆိုင်သို့ ခေါ်သွားသည်။


စားဖိုမှူးယန်က သူ့သားလုပ်ခဲ့သမျှကို သိပြီးနောက် တံမြက်စည်းကို ကောက်ကိုင်ပြီး ရိုက်လိုက်သည်။


 " ဆိုးလိုက်တဲ့သား။ မင်းကို ဒီလိုအကျင့်ပျက်အောင်လုပ်ဖို့ ဘယ်သူကပြောခဲ့တာလဲ "


ငယ်ရွယ်သည့် ထုံရွှယ်လူက ပထမနေရာကို ရရှိခဲ့သဖြင့် သူက စိတ်ဆိုးခဲ့သော်လည်း ဤကဲ့သို့ ညစ်ပတ်သည့်နည်းနှင့် လက်တုံ့ပြန်ရန်  သူ၏စိတ်ထဲ၌ ဘယ်သောအခါကမှ မရှိခဲ့ချေ။


သူတို့ရှုံးနိုင်ပေမယ့် ခေါင်းကို မြင့်မြင့်ထားရင်း ရှုံးနိုင်မည်ဖြစ်၏။


ဖခင်ဖြစ်သူ၏ ရိုက်နှက်ဆုံးမမှုကြောင့် ယန်ကော်ကျယ်သည် ၎င်း၏အပြုအမူများအတွက် အလွန်နောင်တရသွားသည်။


စွင်းမောင်နှမ၏ စကားများကို  နားထောင်ခဲ့စဉ်က သူ မည်သို့ တွေးတောနေခဲ့သနည်း။


စားသောက်ဆိုင်မန်နေဂျာသည်လည်း ယန်ကော်ကျယ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ချက်ချသည်။


ထို့နောက် ရှောင်ယန်သည် စွင်းဝူယန်၏ယူနစ်ဆီသို့ ဦးတည်လိုက်သည်။


စွင်းဝူယန်သည် ရေဒါကော်ပိုရေးရှင်းတွင် အထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ သူက တပ်ထဲတွင် အထူးတလှယ် ထူးချွန်သူမဟုတ်ပေ။ စွင်းမိသားစုတွင် အလွန်အကန့်အသတ်ရှိသော အဆက်အသွယ်များကြောင့် သူ့ပတ်ဝန်းကျင်ရှိ အခြားသူများအားလုံးရာထူးတိုးလာသည်ကို မြင်သောအခါ သူက မမျှတကြောင်း ခံစားလာရသည်။


ထုံရွှယ်လူသည် ဗိုလ်မှူးရှောင်း၏မြေးအစစ်ဖြစ်ကြောင်း သူ မသိခဲ့ပေ။ ဗိုလ်မှူးရှောင်းသည် စွင်းမိသားစုအပေါ် ကြင်နာရန်ပင် မကြိုးစားဘဲ အထက်လူကြီးထံသို့ တည့်တည့်မတ်မတ်သွားလေသည်။


အခြားသူ၏ဆက်ဆံရေးကို နှောက်ယှက်ခြင်း၊ အမျိုးသမီးရဲဘော်တစ်ဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း၊ တစ်စုံတစ်ဦးအား တရားမ၀င် အပြုအမူကျူးလွန်ရန် တွန်းအားပေးခြင်း။ ဤအရာအားလုံးက တပ်မတော်၏စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်နေ၏။


စေ့စေ့စပ်စပ် စဉ်းစားပြီးနောက် တပ်မ‌ေတာ်သည် နောက်ဆုံးတွင် စွင်းဝူယန်အား ထွက်ခွာစေရန် ဆုံးဖြတ်လိုက်သည်။


စည်းကမ်းပိုင်းအရေးယူခြင်းကို သိရှိသောအခါ စွင်းဝူယန် အံ့အားသင့်သွား၏။


စစ်မှုထမ်းခြင်းမှ လွတ်မြောက်ခြင်းဆိုသည်မှာ  ဘယ်သောအချိန်မှ  ပြန်လည်မ၀င်ရောက်နိုင်ဟု ဆိုလိုသည်။


ထိုကဲ့သို့ စည်းကမ်းအရေးယူခံရခြင်းမျိုးဖြင့် မည်သည့်အစိုးရ အဖွဲ့တွင်မှ ပါဝင်နိုင်တော့မည်မဟုတ်ပေ။


ဆိုလိုသည်က သူ့ ဘ၀ ပြီးဆုံးသွားပြီဟူ၍ ပင်။


သူနှင့် စွင်းမန်ရို့ပြုလုပ်ခဲ့ကြသည်များကို သူ့အိမ်ရှိ လူကြီးများက မသိရှိကြသေးပေ။  သိသွားသည်နှင့် သူ့အား သတ်ပစ်မည်မှာ သေချာသည်။


🍵


၀မ်ရူကွေ့၏ ခရီးစဉ်သည် သုတေသနစင်တာရှိ နောက်ဆုံးမိနစ်ကိစ္စအချို့ကြောင့် နှောင့်နှေးသွားခဲ့သည်။


စစ်မှုထမ်းအိမ်ရာဝင်းဆီသို့ သူ ရောက်ရှိသည့်အချိန်မှာ နေ့လည်စာ စားချိန်ပင် ကျော်လွန်သွားခဲ့‌လေပြီ။


သစ်ပင်ကြီးတစ်ပင်ကိုဖြတ်သွားသောအခါ သစ်ပင်အောက်တွင် ထိုင်နေသောမိန်းကလေးက ရုတ်တရက်ထရပ်ကာ သူ့ဆီသို့လှမ်းလာသည်။


လမ်းတစ်ဝက်တွင် သူမက တိုးတိုးလေး အော်ဟစ်ပြီး မြေပြင်ပေါ်  လဲကျသွားသည်။ 


" ရဲဘော်ဝမ်၊ ကျွန်မက စွင်းမန်ရို့ပါ။ ခြေကျင်းဝတ်က လိမ်သွားပြီထင်တယ် ။ ရှင်ကျွန်မကိုလာပြီး ကူညီပေးနိုင်မလား "


စွင်းမန်ရို့သည် သူမ၏ ယူနစ်မှ ထုတ်ပယ်ခံရချိန်တွင် သူမအတွက် ပြီးဆုံးသွားပြီဖြစ်ကြောင်း နားလည်လိုက်သည်။


သို့သော် သူမ လက်မခံနိုင်ချေ။ သူမက လှပထက်မြက်ပြီး ထုံရွှယ်လူနှင့် ညီတူညီမျှ ကောင်းမွန်သည်။


ယခု သူမကိုယ်သူမ ကယ်တင်နိုင်ရန် တစ်ခုတည်းသောရွေးချယ်မှုမှာ ၀မ်ရူကွေ့ကိုလက်ထပ်ရန်သာလျှင် ကျန်ရှိသည်။


ထို့ကြောင့် သူမ စစ်မှုထမ်းအိမ်ရာဝင်းထဲသို့ ပြန်ရောက်ချိန်ကတည်းက ၀မ်ရူကွေ့ကို ဤနေရာ၌ စောင့်ဆိုင်းနေခဲ့၏။ သူမ လဲကျသွားသလို ဟန်ဆောင်မည်။ ထို့နောက် ၀မ်ရူကွေ့ သူမကို ကူညီလာသည့်အခါ အဝတ်အစားများကို ဖြဲလိုက်ပြီး သူမကို အခွင့်ကောင်းယူရန် ကြိုးစားသည်ဟု ပြောဆိုမည်ဖြစ်သည်။


၀မ်ရူကွေ့က သူ၏အသက်မွေးဝမ်းကြောင်းနှင့် ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းထားလိုပါက သူမကိုလက်ထပ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။


စွင်းမန်ရို့ သူမအစီအစဉ်မှာ ခိုင်မာကြောင်း ခံစားမိသည်။ အရာအားလုံးပြင်ဆင်ထားပြီး ကျန်ရှိသည်က ၀မ်ရူကွေ့ သူမကို ကူညီလာရန်ဖြစ်သည်။


၀မ်ရူကွေ့က မြေပြင်ပေါ်ရှိ စွင်းမန်ရို့ကို အချိန်အတော်ကြာသည်အထိ မလှုပ်မယှက် ကြည့်‌နေသည်။


ထို့နောက် စွင်းမန်ရို့က တစ်ခုခုပြောဆိုခါနီး၌ ရုတ်တရက် လှည့်ကာ ပြေးထွက်သည်။


စွင်းမန်ရို့ "..."


ဒုန်းဆိုင်းပြေးလွှားသွားသည့် ၀မ်ရူကွေ့ကို ကြည့်ရင်း စွင်းမန်ရို့မှာ အလွန်အံ့ဩသွားသဖြင့်  ပါးစပ်သည်ပင် ပွင့်နေသည်။


သတိပြန်ကပ်သောအခါတွင် သူမက လျင်မြန်စွာ မိန်းကလေးဆန်သည့်အသံဖြင့် ပြောလိုက်သည်။


 " ဘယ်သွားမလို့လဲ ရဲဘော်ဝမ်။ ကျွန်မ ခြေထောက်က အရမ်းနာနေတယ်...."


၀မ်ရူကွေ့သည် ထိုအသံကိုကြားသောအခါ တုန်လှုပ်သွားပြီး သူ့အရှိန်ကို ပို၍ပင် တိုးလိုက်သည်။ အချိန်တိုအတွင်း သူက သူမမြင်ကွင်းမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။


စွင်းမန်ရို့ "...."


၀မ်ရူကွေ့ နေအိမ်ဆီသို့ တစ်လမ်းလုံး ပြေးလာခဲ့ပြီးနောက် ဧည့်ခန်းထဲတွင် သူစိမ်းတစ်ယောက် ရှိနေသည်ကို သတိပြုမိလိုက်သည်။


ထိုလူက သူ့ကို စက်သေနတ်လို မျက်လုံးများဖြင့် အပေါ်အောက် စကန်ဖတ်နေသည်။


၀မ်ရူကွေ့က ထိုလူမည်သူဖြစ်သည်ကို မသိပေမယ့် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ 

" နေကောင်းပါသလား "


ဗိုလ်မှူးရှောင်းက နောက်ဆုံးတွင်  အနည်းငယ် ကျေနပ်သွားပုံရသည် ။


အဘိုး၀မ်က " ဟမ့် ဒီလူကို နှုတ်ဆက်ဖို့ မလိုဘူး။ သူက ငါတို့အိမ်က ထွက်သွားဖို့ ငြင်းဆန်‌ နေတဲ့ လူတစ်ယောက်သာသာပဲ "


၀မ်ရူကွေ့ "......"


ဗိုလ်မှူးရှောင်း……"


ဗိုလ်မှူးရှောင်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲနေသည်။ " ဟေး၊ ခေါင်းမာတဲ့အဘိုးကြီး၊ ငါက ရွှယ်လူရဲ့အဘိုးရင်းဆိုတာ မင်း စိတ်ထဲ ထည့်ထားသင့်တယ်။ နှစ်ယောက်အတူရှိဖို့ ကို ငါ ကန့်ကွက်တဲ့အခါကျမှ လာပြီးမခယနဲ့ "


"အဘိုးရင်း" ဟု ကြားရသောအခါ ဝမ်ရူ‌ကွေ့ အနည်းငယ် အံ့အားသင့်သွားသည်။


 " ဘာတွေဖြစ်နေတာလဲ အဘိုး "


အဘိုး၀မ်က " သူ့ကို ဂရုမစိုက်နဲ့။ သူက အမည်သာသာအဘိုးပဲရယ်။ ပြီးတော့ ရွှယ်လူ ကသူမရဲ့မွေးချင်းတွေနှင့်စကားပြောဖို့ လို‌သေးတယ်လို့ပြောခဲ့တယ်။ မင်းကို သူ့အဘိုးအဖြစ် အသိအမှတ်ပြုမပြုဖို့ မဆုံးဖြတ်ရသေးပါဘူး "


ဗိုလ်မှူးရှောင်းက ဓားဖြင့်အထိုးခံရသလို ခံစားလိုက်ရသည်။ "………"


သူတို့နှစ်ယောက်က ရန်ဖြစ်နေကြပြီး မည်သူမျှ မရှင်းပြသည်ကို မြင်လိုက်ရသဖြင့် ၀မ်ရူကွေ့ မီးဖိုချောင်ဆီသို့ ဦးတည်လိုက်သည်။


ထုံရွှယ်လူက ဦးလေးဇုန်းအတွက် chiffon ကိတ်မုန့်ပြုလုပ်နေသည်။


ဦးလေးဇုန်းသည် ပျော်ရွှင်သော အသက် ၅၀ အရွယ်ကလေးတစ်ဦးဖြစ်သည်။ သူ့ပါးပြင်များက နီရဲနေပြီး ထုံရွှယ်လူ၏ခြေလျင်တပ်သားဖြစ်လာရန် တိတ်တဆိတ် ဆန္ဒရှိနေသည်။


၀မ်ရူကွေ့ မီးဖိုချောင်ဘက်သို့ လျှောက်လာစဉ် အလွန်နှစ်သက်ဖွယ်ကောင်းသောရနံ့ကို ရှူရှိုက်မိသည်။


 " ဦးလေးဇုန်း၊ ရွှယ်လူ နှစ်ယောက်သား ဘာတွေလုပ်နေကြတာလဲ "


၀မ်ရူကွေ့၏အသံကို သူမ ကြားလိုက်ရသောအခါ ထုံရွှယ်လူ၏နှုတ်ခမ်းများက အထက်သို့ ကွေးတက်သွားသည်။


 " ရှင်ပြန်လာပြီ။ ကျွန်မက ဦး‌လေးဇုန်းအတွက် chiffon ကိတ်မုန့် လုပ်နေတာ "


ဦးလေဇုန်းက သူ့နဖူးကို ရိုက်လိုက်ပြီး " ရှောင်ပါ့ နဲ့ ရှောင်ကျိုးတို့ကို ကျွေးဖို့ မေ့နေတယ်။ အခုသွားလုပ်ရမယ် "


ထိုသို့ပြောပြီးသည်နှင့် မီးဖိုချောင်မှ အမြန်ထွက်သွားကာ တစ်ယောက်ကိုတစ်ယောက် တွေ့ရခဲသော လူငယ်နှစ်ဦးကို ချန်ထားခဲ့သည်။


ထုံရွှယ်လူက ဦးလေးဇုန်းကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။


၀မ်ရူကွေ့က ထုံရွှယ်လူကို မှင်နက်ကဲ့သို့မျက်လုံးများနှင့် ကြည့်ပြီး " သူက မင်းအဘိုးအရင်းလို့ အပြင်က ရဲဘော်ဟောင်း‌ ပြောတာ ကိုယ်ကြားတယ်။ ဘာတွေဖြစ်နေတာလဲ "


ထုံရွှယ်လူက မည်သည်များဖြစ်ပျက်ခဲ့သည်ကို သူ့အား ပြန်ပြောပြသည်။


စွင်းမန်ရို့ သူမကို လှေနံနှစ်ဖက်နင်းသည်ဟု စွပ်စွဲသည်ကို သိရသောအခါ ၀မ်ရူကွေ့ မျက်မှောင်ကြုတ်လိုက်သည် ။


ထုံရွှယ်လူက သူမနှင့်အတူ ယူလာခဲ့သည့် ဝက်သားလေးတစ်တုံးကို သူ့ပါးစပ်ထဲသို့ တွန်းထည့်လိုက်ပြီး " ရှင် အိမ်ပြန်ဖို့ အမြန်လာခဲ့တာလား။ မြန်မြန်ပြေးလွန်းလို့ ချွေးတွေတောင် အရမ်းထွက်နေတယ် "


သူမ၏လက်ချောင်းများသည် ဖြူဖွေးကွဲပြားကာ ကြက်သွန်မြိတ်နှင့်တူလေသည်။


သူ့အား ကလေးတစ်ယောက်လို ခွံကျွေးသည်ကို မြင်တော့ ၀မ်ရူကွေ့၏နားရွက်များ နီရဲသွား၏ ။ 


" ကိုယ် အိမ်အပြန်လမ်းမှာ စွင်းမန်ရို့နဲ့ တွေ့ခဲ့တယ်။ သူက မြေပြင်ပေါ်လဲကျနေပြီး ကူညီပေးဖို့ တောင်းဆိုတယ် "


ထုံရွှယ်လူက မျက်ခုံးများကို ပင့်လိုက်ပြီး " ဒါဆို ကူညီခဲ့လား "


၀မ်ရူကွေ့သည် ပလုတ်တုတ်ကဲ့သို့ ခေါင်းကို ယမ်းခါသည်။ 


" မကူညီဘူး၊ ကိုယ် လှည့်ပြီး ပြေးထွက်လာတာ "


ထုံရွှယ်လူက ခေတ္တရပ်တန့်သွားပြီး ရယ်မောလိုက်သည်။ " ဘာလို့ လှည့်ထွက်ပြေးခဲ့တာလဲ "


၀မ်ရူကွေ့သည် အနက်ရောင် မျက်လုံးများဖြင့် သူမကို ကြည့်နေသည် ။ " ကိုယ် သူမကို မကြိုက်ဘူး။ နောက်ဆုံးတစ်‌ခေါက်က မင်းအကြောင်း မကောင်းပြောခဲ့တယ် "


စွင်းမန်ရို့က ထုံရွှယ်လူသည် မီးဖိုချောင်ရှိ ယောက်ျားများစွာနှင့် အလုပ်လုပ်ပြီး အကျင့်စာရိတ္တညံ့ဖျင်းသည်ဟု ဆိုလိုခဲ့သည်။ သူမ ထိုသို့ပြောသည်ကို သူက မနှစ်သက်ပေ။


ထို့အပြင် သူသည် အခြားအမျိုးသမီးများကို ထိတွေ့ကိုင်တွယ်ရခြင်းကိုလည်း မကြိုက်သလို ၎င်းတို့ သူ့ကို ထိတွေ့လာရန်လည်း ဆန္ဒမရှိချေ။


ထုံရွှယ်လူ၏ အပြုံးသည် သူမ၏မျက်လုံးများထဲသို့ ထင်ဟပ်နေသည်။ မီးဖိုချောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အဘိုး၀မ်နှင့်ဗိုလ်မှူးရှောင်တို့က တစ်ယောက်နှင့်တစ်ယောက် စကားများရန်ဖြစ်နေကြဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။


သူမ ၀မ်ရူကွေ့ဘက်ဆီသို့ မှီ၍ ခြေဖျားထောက်ရပ်ကာ သူ၏ပါးပြင်ကို အနမ်းဖွဖွတစ်ခု ပေးလိုက်သည်။


" ဒါက ရှင့်အတွက် ဆုလာဘ် "