🍵Chapter 194
ဘမ်း💥
ဝမ်ရူကွေ့၏မျက်နှာသည် တစ်ခဏချင်း နီရဲသွားသည်။ သို့ပေမယ့် ထုံရွှယ်လူကိုကြည့်သည့်အခါမှာတော့ သူ၏မျက်လုံးများက တောက်ပနေပြီး ပျော်ရွှင်မှုများအပြည့်နှင့် ဖြစ်သည်။
ထိုကဲ့သို့ တခြားအမျိုးသမီးများကို ငြင်းပယ်ခြင်းက သူ့အတွက် ဆုလာဘ်ရရှိစေမည်ဆိုလျှင် နောင်တွင် သူသည် အခြားအမျိုးသမီးများကို ပို၍ပင် ထိမည်မဟုတ်တော့ပေ။
ထုံရွှယ်လူသည် အလွန်နူးညံ့သော ထိတွေ့ မှုပြီးဆုံးသည့်နောက် ဆုတ်ခွာသွားသည်။ သူမက ပြုံးပြီးနောက် ပြောသည်။
" ကျွန်မတို့ စားသောက်ဆိုင်က ပထမ ရခဲ့တယ်။ ကျွန်မတို့ တယ်လီဖုန်း တပ်ပြီးသွားရင် ရှင့်ဆီကို ကျွန်မ ဖုန်းဆက်လိုက်မယ် "
၀မ်ရူကွေ့၏ အကြည့်မှာ နူးညံ့နေသည်။
" ကောင်းပြီ "
သူတို့စားသောက်ဆိုင်က လက်ရှိ၌ အလုံအလောက် မကျယ်၀န်းပေ။ သူမတို့သည် တည်နေရာအသစ်သို့ ပြောင်းရွှေ့ရန် သို့မဟုတ် အပ်ဒိတ်ပြုလုပ်လိုပါက လက်ရှိတည်နေရာတွင် ပြန်လည်တည်ဆောက်မှု နှစ်ခု လိုအပ်မည်ဖြစ်သည်။ ထုံရွှယ်လူက မည်သည့်အရာပြုလုပ်ဖြစ်မည်ကို မသေချာပေ။
အများအပြား ညှိနှိုင်းပြီးသည့်နောက်တွင်မှ ကုန်သွယ်ရေးဌာနက ဆုံးဖြတ် ပေးလာမည်ဖြစ်သည်။ ထုံရွှယ်လူသည် လာမည့်လတွင် လစာတိုးမြှင့်မှုကို ရရှိမည်ဖြစ်ပြီး တယ်လီဖုန်းကိုမူ နောက်အပတ်၌ လာရောက်တပ်ဆင်ပေးလိမ့်မည်ပင်။
ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့သည် မီးဖိုချောင်ထဲတွင် သူတို့ဘာသာ သူတို့အတူရှိနေကြပြီး ဗိုလ်မှူးရှောင်းသည် ထုံရွှယ်လူ အခွင့်ကောင်းယူခံရမည်ကို စိုးရိမ်သဖြင့် လာရောက်ကာ တတိယဘီးဖြစ်လိုသည်။ သို့သော် အဘိုးကြီး၀မ်ကမူ သေချာပေါက် ထိုကဲ့သို့ ဖြစ်စေမည် မဟုတ်ပေ။ သူ၏ မြစ်လေးကို တွေ့နိုင်ရန်အတွက် ဗိုလ်မှူးရှောင်းအား တားဆီးရန် တတ်နိုင်သမျှ အရာအားလုံးကို ပြုလုပ်နေသည်။ သူတို့နှစ်ယောက်မှာ ရန်ဖြစ်လုနီးပါးဖြစ်နေလေ၏။
မီးဖိုချောင်အတွင်းမှ ထိုရန်ပွဲကိုကြားကြရသောအခါ ထုံရွှယ်လူနှင့်၀မ်ရူကွေ့တို့အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ယောက်စလုံး ကူကယ်ရာမဲ့ဖြစ်နေသည်။
ထုံရွှယ်လူက chiffon ကိတ်မုန့်ပြုလုပ်ပြီးသောအခါ အိမ်သို့ ပြန်သည်။
၀မ်ရူကွေ့က သူမကို အိမ်သို့ ပြန်လိုက်ပို့လိုသော်လည်း အနှောင့်အယှက်နှင့် တွေ့ဆုံလိုက်ရသည်။
ဗိုလ်မှူးရှောင်းက တင်းမာသောအကြည့်ဖြင့် ပြောသည်။ " ငါတို့ မင်းကို မလိုအပ်ပါဘူး။ ရှောင်ယန်က အပြင်မှာစောင့်နေပြီ။ သူမကို ကားနဲ့ ပြန်ခေါ်သွားမယ် "
၀မ်ရူကွေ့၏ မျက်လုံးများတွင် စိတ်ပျက်သွားမှုရှိလေသည် ။ သို့သော် ရာသီဥတုက ပိုအေးလာပြီး ပိုအေးလာသည်နှင့်အမျှ ထုံရွှယ်လူမှာ အအေးဒဏ်မှ အကာအကွယ်ရမည်ကို တွေးလိုက်သည့်အခါ စိတ်ပျက်လက်ပျက်ဖြစ်မှုက လျော့ပါးသွားသည်။
ထိုအခြေအနေကိုမြင်ရသောအခါ အဘိုး၀မ်က ဗိုလ်မှူးရှောင်းအား ပို၍တောင်မှ မကျေမနပ်ဖြစ်သွားသည်။ သူက သူ၏မြေးကို ကူညီရန် အမြန်ရောက်လာသည်။
" ရူကွေ့၊ ရွှယ်လူ ဘယ်လောက်တောင် အ၀တ်ကို နည်းနည်းလေးပဲ ဝတ်ထားလဲ ကြည့်ဦး။ မြန်မြန် မင်းရဲ့ဂျာကင်အင်္ကျီကို ပေးလိုက် "
လေဖောင်းဂျာကင်အင်္ကျီကို ၀တ်ထားသည့် ထုံရွှယ်လူ "……"
' ဒါပေမယ့် ကျွန်မ လုံးဝမအေးဘူးလေ '
၀မ်ရူကွေ့မှာ သူ့အဖိုးက သူ့ကို စိုက်ကြည့်နေသည့်ပုံစံမှ ကြက်သီးထကာ သူ့ဂျာကင်ကို ချွတ်ပေးလိုက်သည်။
ဗိုလ်မှူးရှောင်းက ထပ်ပြီး တုံ့ပြန်လိုက်သည်။ " အဲဒါမလိုပါဘူး။ ငါ့မှာလည်း ဂျာကင်တစ်ထည်ရှိတယ်။ သူမ ငါ့ဥစ္စာကို ၀တ်နိုင်တယ် "
အဘိုး၀မ်က သူ့နှာခေါင်းကို ညွှန်ပြပြီး အော်လိုက်သည်။ " မင်းရဲ့အဘိုးကြီးနံ့က ရွှယ်လူကို စိတ်အနှောင့်အယှက်ဖြစ်စေတယ် "
ဗိုလ်မှူးရှောင : "……"
သို့သော် အဘိုးဝမ်က ထိုနေရာ၌သာလျှင် မရပ်တန့်ပေ။ တိုက်ခိုက်မှုက ဆက်လက်ဖြစ်ပွား၏။ " မင်းက လူငယ်မဟုတ်တော့ဘူး။ ငါတို့ မင်းကို မဖျားစေချင်ဘူး။ မဟုတ်ရင် ရွှယ်လူက မင်းကို ဂရုစိုက်နေရလိမ့်မယ် "
" မင်းက ရွှယ်လူနဲ့ သူ့မွေးချင်းတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးတဲ့ နာမည်ခံအဘိုးတစ်ယောက်။ အဲဒါကို အခု သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ချင်နေတာလား။ ဒီလောက်တောင် ဘယ်လို အရှက်မဲ့လိုက်သလဲ "
ဗိုလ်မှူးရှောင်း : "……"
ထုံရွှယ်လူ အကြီးအကျယ် ရယ်မောလုနီးပါးပင်။ အဘိုး၀မ်သည် စကားအရာ၌ အလွန်ကျွမ်းကျင်လေသည်။
ဗိုလ်မှူးရှောင်းသည် အဘိုး၀မ်၏ စကားကြောင့် စကားမပြောနိုင်ဖြစ်ရာ အဘိုး၀မ်မှာ ဒီထက်ပင် ပို၍ကျေနပ်မနေနိုင်ပေ။ သူ့မှာသာ အမြီးတစ်ချောင်းရှိလျှင် လေထဲ၌ လှုပ်ရမ်းနေမည်ပင်။
ထုံရွှယ်လူသည် နောက်ဆုံးတွင် ၀မ်ရူကွေ့၏ဂျာကင်ကို ယူလိုက်သည် ။
၀မ်ရူကွေ့က သူမတို့ကို အိမ်ရှေ့တံခါးဆီသို့ လိုက်ပို့လိုက်ပြီး ဗိုလ်မှူးရှောင်းနှင့် ထုံရွှယ်လူတို့ ကားထဲသို့ ဝင်လာပြီးနောက်မှသာ အိမ်ထဲသို့ ပြန်၀င်သည်။
အိမ်ထဲသို့ ပြန်ရောက်ပြီးနောက် စွင်းမန်ရို့အကြောင်း အဘိုး၀မ်ကို ပြောပြလိုက်သည်။
အဘိုးဝမ်၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။
" အဲဒီမိန်းကလေးက ဒီလို အကြံသမားဆိုတာ မယုံနိုင်ဘူး။ အခု မင်းပြောမှပဲ သူငါ့ဆီလာပြီး အင်တာဗျူးတာကလည်း အကြံတစ်ခုခုရှိလို့ဖြစ်ရမယ် "
၀မ်ရူကွေ့ ခေါင်းညိတ်လိုက်သည်။ " သူမနဲ့ စွင်းဝူယန်က ရွှယ်လူကို ပစ်မှတ်ထားမှာကို ကျွန်တော် စိုးရိမ်တယ် "
ယခု၌ သူတို့သည် အလုပ်ပြုတ်သွားခဲ့ကြသည့်အတွက် ရူးရူးမိုက်မိုက်ဖြစ်သွားကြမည်လား မည်သူသိမည်နည်း။
သူသည် အချိန်အများစုကို အခြေစိုက်စခန်းတွင် ကုန်ဆုံးသဖြင့် ရွှယ်လူတစ်ခုခုဖြစ်ခဲ့ရင် သူက သူမဆီသို့ ချက်ချင်း သူမဆီ ရော်မလာနိုင်ချေ။
သူမ ထိခိုက်ဒဏ်ရာရမည်ကို သူ မမြင်လို။
အဘိုး၀မ်သည်လည်း ထိုကိစ္စကို အနည်းငယ် စဉ်းစားလိုက်သည်။
" အဲဒါ အဓိပ္ပာယ်ရှိတယ်။ သူတို့နှစ်ယောက် ဒီမှာပဲနေနေသရွေ့ အခွင့်အရေးအမြဲရှိနေတယ်။ သူတို့က တစ်ရက်ရက်မှာ ရွှယ်လူကို တစ်ခုခုလုပ်နိုင်တယ် "
စွင်းဝူယန်၏မိဘများသည် အနောက်မြောက်ပိုင်းမှ ပြောင်းရွှေ့လာခြင်းမရှိသေးပေ။ ရှောင်းကျန့်ထင်အတွက် ဤအရာကို ဂရုစိုက်ရန်မှာ အလွန်လွယ်ကူပေမည်။
မည်သို့ပင်ဆိုစေကာမူ သူသည် စွင်းမိသားစုအား ကျေးဇူးကြွေးတင်ထားသည်ဟုဆိုသော်လည်း ထိုအရာသည် အရေးမပါလှပေ။ သို့သော် စွင်းမိသားစုအား ဆန့်ကျင့်သည့် တစ်ခုခုပြုလုပ်ပါက သူအား ကျေးဇူးကန်းသူဟု စွပ်စွဲမည့်သူများရှိမည်မှာ သေချာသည်။
အဘိုး၀မ်က ထိုအဘိုးကြီးအတွက် သိပြီးစိတ်မပူပေ။ သူက ရွှယ်လူနှင့် သူမ၏ မွေးချင်းများ ဤအထဲသို့ ဆွဲခေါ်ခံရခြင်းအတွက်ကိုသာ ပို၍စိုးရိမ်သည်။
ထို့ကြောင့် ဝမ်မိသားစုက ဤကိစ္စကို ဝင်ရောက်စွက်ဖက်ရန် လိုအပ်ပေလိမ့်မည်။
အကယ်၍ စွင်းမိသားစုက ပြဿနာရှာလျှင် သူတို့ ဤမြို့တော်သို့ ဘယ်တော့မှ ပြန်မလာနိုင်တော့ကြောင်း သေချာအောင် လုပ်ရပေလိမ့်မည်။
🍵
မမျှော်လင့်ဘဲ အဘိုးတစ်ယောက်ရသွားခြင်းက ထူးဆန်းသည့် ခံစားမှုတစ်ခုဖြစ်စေသည်။
သူမ မည်မျှ ငြိမ်သက်နေသည်ကို မြင်လိုက်ရသဖြင့် ဗိုလ်မှူးရှောင်းသည် သူ၏ တင်းမာသောအကြည့်က သူမအတွက် ကြောက်လန့်စေမည်ကို စိုးရိမ်နေသည်။
ထို့ကြောင့် သူက နှုတ်ခမ်းကို ကွေးပြီး နူးညံ့နေစေရန် အတတ်နိုင်ဆုံး ကြိုးစားသည်။
" ရွှယ်လူ၊ အဘိုးကြီး၀မ်က မင်းနေနေတဲ့နေရာက ငှားရမ်းထားတာလို့ပြောခဲ့တယ် ။ အဲဒီလိုဟုတ်လား "
ထုံရွှယ်လူက ခေါင်းညိတ်ပြီး " ဟုတ်တယ်၊ မှန်ပါတယ် "
ဗိုလ်မှူးရှောင်းက " ငှားရမ်းခက ပိုက်ဆံအများကြီးကုန်တယ်။ မင်းတို့ လေးယောက်အတွက် အိမ်ခြံဝင်းတစ်ခု အဘိုး၀ယ်ပေးရင်ရော ဘယ်လိုလဲ။ မင်းတို့အားလုံး အဲဒီကို ရွှေ့နေလို့ရတယ်လေ "
ကားမောင်းနေသည့် ရှောင်ယန် : "...."
' အိမ်ခြံဝင်း၀ယ်ဖို့ကရော ပိုက်ဆံမကုန်ဘူးလား '
ထို့အပြင် သူသည် ဗိုလ်မှူးရှောင်းလက်အောက်တွင် နှစ်အတော်ကြာ အလုပ်လုပ်ကိုင်ခဲ့ပြီးယခုလို တစ်ခါမှ မမြင်ဖူးပေ။ တင်းမာသောအမူအရာရှိသော်လည်း သူ့ကိုယ်သူ နူးညံ့ရန် အတင်းအကြပ်ပြုမူနေ၏။ ဘယ်လိုပင်ဖြစ်ဖြစ် ကြည့်လိုက်သည်နှင့် အနည်းငယ် ကိုးလိုးကန့်လန့်ဖြစ်နေပေသည်။
သူက ထိုသည်ကို အသံကျယ်ကျယ် မပြော၀ံ့ပေ။ ဗိုလ်မှူးရှောင်ူသာ သိရှိသွားပါက သူ့အပေါ် မကောင်းသည့်အရာများကို ပေးစွမ်းနိုင်မည်ကို သူ သိလေသည်။
ထုံရွှယ်လူက ပြန်ဖြေသည်။ " ကျွန်မတို့ သိရမှာပါ "
ခြံဝင်းအိမ်က သာယာသော်လည်း ပြောင်းရွှေ့ရသည်က အလုပ်ရှုပ်ပေသည်။ ထို့အပြင် အဘွားရှန်လို အိမ်နီးချင်းကောင်းတစ်ယောက် ကို ဆုံးရှုံးရမှာကိုလည်း စိုးရိမ်မိသည်။
ဝေ့မိသားစုက သူမကို အများကြီး ကူညီပေးခဲ့ပြီး သူမက မောင်နှမသုံးယောက်လုံးကို တစ်ယောက်တည်း ပြုစုစောင့်ရှောက်နိုင်မည်မဟုတ်ပေ။
သူမ၏ ထူးမခြားသည့်အမူအရာက ဗိုလ်မှူးရှောင်းကို ပို၍ပင် အထက်ကြီးသွားစေသည်။
သူတို့ထံ၌ ဗိုလ်မှူးရာထူးနှင့်အဘိုးတစ်ယောက်ရှိသည်ကို သိလိုက်ရသည့် လူအများစုက သူတို့ရရှိသည့် ပထမဆုံးအခွင့်အရေး၌ပင် သူ့အား မြှောက်ပင့်ပြောဆိုကြမည်ဖြစ်သည်။
တစ်ဖက်၌ ထုံရွှယ်လူသည် အာဏာရလိုသော ကြောင့် ဦးညွှတ်မည့်သူမျိုး မဟုတ်ပေ။ သူမက " ဒါဆို ကျွန်မက ရှင့်အဖေပဲ” ဟူ၍တောင် မှ ပထမဆုံးအကြိမ် တွေ့ဆုံမှု၌ ပြောခဲ့သည်။ သူမ၏ ပေါက်ကွဲထွက်သောကိုယ်ရည်ကိုယ်သွေးသည် သူနှင့် အလွန်ဆင်တူသည်။
သူ့ဆီက မည်သည်ကိုမှ လက်ခံရန် ဂရုမစိုက်လေလေ သူမနှင့် သူမ၏ မောင်နှမများအတွက် အလျော်ပေးလိုလေလေပင်။
မန်ကျစ်မရှိတော့သလို သူ့သားနှင့်ချွေးမလည်း မရှိတော့ပေ။ သူ့ထံ၌ ကျန်ရှိသူအားလုံးမှာ သူ၏ မြေးများသာဖြစ်သည်။ သူတို့ကို သူ ကောင်းကောင်း ဂရုစိုက်ရမည်။
သူ၏ရာထူးသည် အနောက်မြောက်ခရိုင်တွင် တည်ရှိပြီး ဤနေရာသို့ ပြောင်းရွှေ့ရန် လွယ်ကူမည်မဟုတ်ပေ။
သို့သော် သူ လုပ်ဆောင်နိုင်သမျှကို အကောင်းဆုံး လုပ်ဆောင်မည် ။ အလွန်ဆုံးသူ၏ရာထူးမှပင် နုတ်ထွက်နိုင်သည်။
သူသည် မန်ကျစ်နှင့် လမ်းခွဲပြီးနောက် ထိုနေ့ရက်များတွင် စိတ်ပျက်လက်ပျက်ဖြစ်ကာ တိုက်ပွဲတွင် သူ၏မိသားစုရတနာကို ထပ်မံဒဏ်ရာရစေခဲ့သည်။
ထို့ကြောင့် သူက လက်ထပ်ပြီး အခြားအမျိုးသမီးကို ဖျက်ဆီးခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။ ထိုအရာက အကြောင်းရင်း၏တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပြီး သူက မန်ကျစ်အား ဘယ်အချိန်ကမှ မမေ့ခဲ့ဖူးချေ။
သူက တစ်သက်လုံး တစ်ကိုယ်တည်း တစ်ယောက်တည်းနေသွားရမည်ဟု ထင်ခဲ့သော်လည်း ရုတ်တရက် သူ့တွင် မြေးအနည်းငယ် ရှိနေခဲ့သည်။ ကောင်းကင်ဘုံက သူ့အား ငုံ့ကြည့်ကာ ပြုံးပြခဲ့သည်။
မန်ကျစ်ဆုံးပါးသွားခြင်းမှာ အလွန် ကံမကောင်းချေ။
🍵
ထုံရွှယ်လူသည် စားသောက်ဆိုင်သို့ စစ်ဆေးရန် သွားရောက်ခဲ့ပြီး အရာအားလုံးစနစ်တကျရှိကြောင်း သေချာပြီးနောက်မှသာ အိမ်သို့ပြန်သည်။
စားသောက်ဆိုင်ရှိသူများမှာ သူမ ကားပေါ်မှ ဆင်းလာခဲ့ပြီး ပြန်တက်သွားသည်ကို တွေ့လိုက်ကြပြီး မေးရိုးများ ဟောင်းလောင်းဖြစ်သွားကြသည်။
သူတို့၏မန်နေဂျာသည် နေရာမျိုးစုံကို သွားလာရုံသာမက စားသောက်ဆိုင်ကို အဆင့် တစ် စားသောက်ဆိုင်အဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး ယခုအခါ သူမကို ကားဖြင့် ပို့ဆောင်ခံ နေရသည်။
ထိုသည်က တခြားသူများကို သူမအား အားကျကာ မနာလိုဖြစ်စေသည်။
ထုံရွှယ်လူ အိမ်ပြန်ရောက်သောအခါ ထုံကျားရှင်းက အိမ်မပြန်ရောက်သေးချေ။
ထုံရွှယ်လူက ပြတင်းပေါက်နားတွင်ရပ်၍ ထုံကျားမင်ကို သူမတို့၏တကယ့်အဘိုးအကြောင်း ပြောပြလိုက်သည်။
ထုံကျားမင်က အနည်းငယ်စောပြီး သိရှိခဲ့ပြီးဖြစ်သည်။ ထိုသတင်းအချက်အလက်ကို သိပြီးနောက် နေ့ခင်းတစ်ခင်းလုံး သူက တုန်လှုပ်နေခဲ့သည်။
ထုံရွှယ်လူက ပြောသည်။ " နင်တို့ ဘယ်လိုထင်လဲ။ နင်တို့ သူ့ကို ငါတို့အဘိုးအဖြစ် အသိအမှတ်ပြုချင်လား "
ထုံကျားမင်က ခေတ္တမျှ နှုတ်ဆိတ်သွားပြီး " အစ်မ လုပ်ချင်သလိုလုပ်ပါ "
သူသည် နောက်ဆုံးဖျားနာပြီးကတည်းက သူမ အပေါ် ပို၍မှီခိုလာသည်ဟု ခံစား နေရသည်။
သူမသည် အနာဂတ်၏ ဝမ်းတွင်းမည်းစီးပွားရေး သူဌေးကြီးအား ထိုကဲ့သို့ အနိုင်ယူသွားခဲ့ပြီးပြီလား။
ထိုကဲ့သို့ဆိုရင် ၎င်းက တကယ်ပင် အံ့သြစရာဖြစ်သည်။