🍵Chapter 195
ထုံရွှယ်လူက စဉ်းစားလိုက်ပြီး ပြောလိုက်သည် "ကောင်းပြီ၊ ဒါဆို ငါတို့ သူ့ကို အသိအမှတ်ပြုကြမယ်"
ထုံကျားရှင်းသည် သူ့အစ်ကို၏စကားကို အမြဲနားထောင်ခဲ့သည်။ ထုံကျားမင် အဆင်ပြေနေသရွေ့ သူက သဘာဝကျစွာ ကန့်ကွက်မည်မဟုတ်ပေ။
အမှန်တွင် ထုံရွှယ်လူသည် အဘိုးရှောင်းအား စွင်းမန်ရို့၏မွေးစားအဘိုးဖြစ်သောကြောင့် အစပိုင်းတွင် အနည်းငယ် စိတ်ဆိုးခဲ့သည်။
သို့သော် အစောပိုင်းက စွင်းမန်ရို့၏ဘက်၌ နေခဲ့ခြင်း မပြုသည့်အပြင် မည်သို့မျှပင် မယိမ်းယိုင်ခဲ့သဖြင့် နောက်ဆုံးတွင် သူမ ခံစားနေရသော မကျေနပ်မှုအနည်းငယ်ကို ကျော်ဖြတ်နိုင်သွားသည်။
ဧည့်ခန်းထဲ၌ ထိုင်နေသည့် ဗိုလ်မှူးရှောင်းသည် အလွန်စိုးရိမ်နေလေ၏။
သူသည် ဗိုလ်မှူးဖြစ်လာပြီးကတည်းက ဤမျှလောက်ထိတ်လန့်မှုကို မခံစားရပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ ပူပြင်းသောအိုးပေါ်တွင် တွားသွားနေသည့် ပုရွက်ဆိတ်တစ်ကောင်အလား ခံစားနေရသည်။
ထုံရွှယ်လူသည် အထဲသို့ လမ်းလျှောက်လာပြီး ဗိုလ်မှူးရှောင်းကို ကြည့်လိုက်သောအခါ ချွေးစေးများ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ သူမ တော်တော်လေး ထိတ်လန့်သွားပြီး " အဆင်ပြေရဲ့လား အဘိုး "
" အဆင်ပြေ…." ဗိုလ်မှူးရှောင်း၏ မျက်လုံးများသည် စကားတစ်ဝက်တစ်ပျက်၌ ပြူးကျယ်သွားသည်။
" မင်း ငါ့ကို ဘယ်လို ခေါ်လိုက်တာလဲ "
ထုံရွှယ်လူက ပြုံးပြီးပြောသည်။ " အဘိုးလို့ခေါ်လိုက်တာပါ။ ဘာလို့ ချွေးတွေရွှဲနေတာလဲ "
ဗိုလ်မှူးရှောင်မှာ ချက်ချင်းပင် ဝမ်းသာသွားကာ သူ၏မျက်လုံးထောင့်တွင် အရေးကြောင်းများပင် ပေါ်နေလေသည်။
" ဟားဟား၊ ငါအဆင်ပြေတယ်။ ဟားဟား၊ မင်းငါ့ကို 'အဘိုး' လို့ပဲ ခေါ်လိုက်တယ်။ အခု ငါ့မှာ မြေးမတစ်ယောက်ရှိသွားပြီ "
ရယ်မောရင်း နှာခေါင်းနှင့် မျက်လုံးများ တုန်ရီ နေသည်။
သူ့မြေးမကို သူ့အား ဤကဲ့သို့ မမြင်စေလို။ ထို့ကြောင့် မျက်ရည်များကို ထိန်းထားလိုက်ပြီး " ကောင်းပြီ၊ ကောင်းပြီ။ ဒါဆို မင်းတို့အားလုံး ငါ့ကို အဘိုးအဖြစ် အသိအမှတ်ပြုကြမှာလား "
ထုံရွှယ်လူက ခေါင်းညိတ်ပြပြီး ထုံမျန်မျန်ကို လက်ပြလိုက်သည်။ " မျန်မျန် ဒါက မမတို့အဘိုး လာနှုတ်ဆက်ပါဦး "
ထုံမျန်မျန်သည် ဤထူးဆန်းသောအဘိုးအိုကို တံခါးနောက်ကွယ်မှကြည့်နေသည်မှာ အတန်ကြာနေပြီဖြစ်သည်။ သို့သော် သူ့၏ စူးရှသည့်အကြည့်ကြောင့် အနားမကပ်ဝံ့ချေ။
ယခု သူမ အစ်မကြီး သူမတို့အဘိုးဟုပြောသောအခါ သူမအစ်မ၏နားဆီသို့ တိုးလိုက်ပြီး "သူ မျန်မျန့်ကို ရိုက်မှာလား။ သူက အရမ်းဆိုးသွမ်းပုံရတယ် "
' သူအရမ်းဆိုးသွမ်းပုံရတယ် '
သူ့မြေးမလေး၏စကားကို ကြားသောအခါ ဗိုလ်မှူးရှောင် းစိုးရိမ်သွားသည်။ သူ့နှုတ်ခမ်းများကို အပေါ်သို့ ကွေးနေရန် အတတ်နိုင်ဆုံး ကြိုးစားပြီး ဖော်ရွေသည့်အပြုံးဟု သူထင်သည့်အရာကို အတင်းအကြပ် လုပ်ထားသည်။
ထုံမျန်မျန် လှည့်ကြည့်လိုက်သောအခါတွင် သူမသည် ရက်စက်ကြမ်းကြုတ်သောအကြည့်ကို ချက်ချင်းမြင်ကာ မျက်ရည်များကျလာသည်။
" အရမ်းကြောက်စရာကောင်းတဲ့အဘိုးကို မလိုချင်ဘူး "
ဗိုလ်မှူးရှောင်း "……"
ထုံရွှယ်လူသည် နောက်ဆုံးတွင် ထုံမျန်မျန်ကို ငြိမ်သက်စေရန် အချိန်အတော်ကြာယူလိုက်ရသည်။ သူမက သူမ စိတ်ထဲတွင် ရှိသည့်အရာကိုမမေးမီ ထုံမျန်မျန်ကို သကြားလုံးအချို့ပေးလိုက်ပြီး စာကြည့်ခန်းထဲတွင် လမုန့်လေးနှင့် သွား၍ ကစားခိုင်းလိုက်သည်။
" အဘိုး၊ စောစောက အဘိုး စွင်းမန်ရို့ကို ဆက်ဆံခဲ့တဲ့ပုံက သမီးတို့ စိတ်ပူစရာ တစ်ခုခု ရှိမလား။ သူမ အနည်းငယ် တအိအိငြီးတွားတတ်မှန်း သမီးသိပါတယ်၊ ဒါပေမယ့် သူတို့ ဘက်က သိသွားခဲ့ရင် အဘိုးကို ကျေးဇူးကန်းတယ်လို့ တခြားသူတွေ ပြောမကုန်ကြဘူးလား "
ဗိုလ်မှူးရှောင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
" စွင်းမိသားစုက ဒီနှစ်တွေအတွင်းမှာ အများကြီး အမြတ်ထုတ်ခဲ့တယ်။ သူတို့လွန်လွန်ကျူးကျူးမလုပ်သရွေ့ အဘိုး ဘာမှ မပြောခဲ့ဘူး။ စွင်းမိသားစုရဲ့ အကြီးဆုံးကလေးကိုပဲ ဥပမာကြည့်လေ။ အဘိုးကြောင့်သာ မဟုတ်ရင် သူ ဒီလောက် မြန်မြန်ရာထူးတိုးမှာ မဟုတ်ဘူး "
ထိုအချိန်က သူ နေပြန်ကောင်းလာသည်နှင့် စွင်းမိသားစုအတွက် ၀ယ်ပေးခဲ့သည့် ပစ္စည်း အများအပြားရှိခဲ့သည်ကို ထည့်ပြောစရာပင် မလိုချေ။ သူတို့ထံ အကြွေးတင်သမျှ ပြန်ဆပ်ပြီးသည်မှာ ကြာခဲ့လေပြီ။
ထုံရွှယ်လူသည် ထိုစကားကိုကြားပြီးနောက် စိတ်အခြေအနေက ပိုကောင်းသွားသည်။
" သမီးရဲ့ အဘွားရင်းနဲ့ အဖြစ်အပျက်ကရော ဘယ်လိုလဲ။ ဇာတ်လမ်းက ထင်ထားတာထက် ပိုရှိတယ်လို့ သမီး ခံစားရတယ် "
ဗိုလ်မှူးရှောင်းက သူမကို သဘောကျသည့် အကြည့်တစ်ချက်ပေးလိုက်သည်။ " အဲဒါအတွက် စိတ်မပူပါနဲ့။ ထုံမိသားစုရဲ့ကိစ္စတွေကို အဘိုး ကိုင်တွယ်မယ် "
သူသည် ထုံမန်ကျစ်ကွယ်လွန်မှုအတွက် အောက်ခြေအစွန်ဆုံးအထိ အမှန်တရားကို ခြေရာခံ ဖော်ထုတ်မည်ဖြစ်ပြီး သူ၏သားအဖြစ် ဟန်ဆောင်လှည့်စားရန် ကြိုးပမ်းသည့် သူများကိုလည်း အလွတ်ပေးမည်မဟုတ်ပေ။
ထုံရွှယ်လူသည် ဗိုလ်မှူးရှောင်းက လွယ်ကူသည့်မဟုတ်ကြောင်း သိလိုက်ပြီးနောက် စိတ်မပူတော့ပေ။
🍵
ဗိုလ်မှူးရှောင်းကို ထုံရွှယ်လူနှင့် သူမ၏ မွေးချင်းမောင်နှမများက အသိအမှတ်ပြုကြောင်း သိလိုက်ရသောအခါ ဝေ့မိသားစုက အလွန်၀မ်းသာသွားကြသည်။
ရှန်း၀မ်ရုန်က " ရွှယ်လူကို ပထမဆုံးစတွေ့ကတည်းက အရမ်းရင်းနှီးတယ်လို့ အမြဲခံစားခဲ့ရတယ်။ နောက်တော့ သူက နင့်အမေနဲ့ တော်တော်တူတယ်လို့ ငါထင်ခဲ့တယ်။ နင့်ရဲ့မြေးမလေးဖြစ်နိုင်တာကိုတော့ ငါ မတွေးခဲ့မိဘူး "
သူမ သိခဲ့လျှင် သူမသည် တစ်ခုခုအား စောစောစီးစီး ပြောခဲ့လိမ့်မည်ဖြစ်ပြီး ထုံရွှယ်လူသည် ယခုကဲ့သို့ ခက်ခဲသောအချိန်များကို ဖြတ်သန်းနေခဲ့စရာမလိုအပ်ပေ။
ဗိုလ်မှူးရှောင်းသည်လည်း ပြောလိုက်၏။
" အင်း၊ ဘယ်သူက တွေးမိမှာလဲ "
ဝေ့ကျီကောင်းက " မင်းတို့မိသားစုနဲ့ ပြန်လည်ပေါင်းစည်းမှုက ဒီလိုမျိုးပြီးသွားလို့မရဘူး။ မနက်ဖြန်မှာ ဧည့်ခံပွဲလေး လုပ်ပြီး ဂုဏ်ပြုကြရအောင် "
ဗိုလ်မှူးရှောင်းက ပြောသည်။
" ငါ ဒါကို စဉ်းစားပြီးပြီ။ ကလေးတွေကို ထုံမိသားစုကနေ အခု ပြန်ခွဲထားရမယ်။ ပြောရင်းဆိုရင်း ငါ ကလေးနှစ်ယောက်ကို သူတို့အဘွားရဲ့ မျိုးရိုးနာမည်ကို လည်းဆက်ထိန်းထားစေချင်တယ် "
ထိုစကားကို ကြားသည့်အခါ ဝေ့ကျီကောင်းနှင့်ရှန်း၀မ်ရုန်တို့ နှစ်ယောက်စလုံး အံ့သြသွားကြသည်။
" မင်းသေချာလား " ဝေ့ကျီကောင်းက မေးသည်။
သူသည် သူ့ဇနီးကို အလွန်ချစ်သော်လည်း ယနေ့ခေတ်တွင် အမျိုးသမီး မိသားစုထဲသို့ ၀င်ရောက်အိမ်ထောင်ပြုသော အမျိုးသားများသာ ၎င်းတို့၏ သားသမီး၊မြေးမြစ်များကို ဇနီး၏မျိုးရိုးနာမည် ခံယူစေသည်။
ဗိုလ်မှူးရှောင်းက " အင်း၊ ငါစဉ်းစားပြီးပြီ။ ဒီနှစ်တွေမှာ ငါက သူတို့အကြောင်းမသိခဲ့ဘဲ သူတို့ကို ပျိုးလည်း မပျိုးထောင်ပေးခဲ့ဘူး။ သူတို့ငါ့ကို အလိုအပ်ဆုံးအချိန်မှာ ငါ မရှိခဲ့ဘူး။ ငါ့ကို သူတို့အဘိုးအဖြစ် အသိအမှတ်ပြုပေးတာကိုပဲ အရမ်း၀မ်းသာရပါတယ် "
သူက ထုံမန်ကျစ်ကို မမျှတစွာ ခံစားစေခဲ့ပြီး သူမအတွက် တစ်နည်းနည်းနှင့် ပြန်လည်ဖြည့်ဆည်းပေးလိုသည်။
မြေးလေးယောက်မှာ နှစ်ယောက်က သူ့မျိုးရိုးအမည်ကိုယူပြီး ကျန်နှစ်ယောက်က သူမနာမည်ကို ယူစေမည်။ ထိုမှသာ မိသားစု နှစ်ခုလုံး၌ သားစဉ်မြေးဆက် ဆက်ခံသူရှိလေမည်။
ဝေ့ကျီကောင်းကို ထိုကိစ္စကို အနည်းငယ် စဉ်းစားလိုက်ပြီး " ကောင်းပြီ။ ဒါက မင်းရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ဆိုရင် အဲဒီလို လုပ်ကြရအောင် "
ဗိုလ်မှူးရှောင်းက ထိုအတွေးကို နောက်တစ်နေ့၌ ရွှယ်လူနှင့် သူမ၏မောင်နှမငယ်များအား ပြောပြသည်။
ထုံရွှယ်လူ ထိုစကားကိုကြားသောအခါ အနည်းငယ် အံ့သြသွားပြီး ထိုစကားကြောင့် ပင် သူမ၏ ဗိုလ်မှူးအဘိုးအပေါ်ထားရှိသည့် အထင်အမြင်မှာ ပိုမိုမြင့်မားလာသည်။
စေ့စေ့စပ်စပ်ဆွေးနွေးပြီးနောက် ထုံကျားမင်နှင့် ထုံမျန်မျန်တို့သည် ရှောင်းမျိုးရိုးအမည်ကို ခံယူရန် ဆုံးဖြတ်ခဲ့ကြပြီး ထုံရွှယ်လူနှင့် ထုံကျားရှင်းတို့က ၎င်းတို့၏ မူရင်းမျိုးရိုးအမည်အတိုင်း ထားရှိရန် ဆုံးဖြတ်ကြသည်။
ဗိုလ်မှူးရှောင်းက အနောက်မြောက်ဘက်ဆီသို့ အပြေးအလွှားပြန်ရန် လိုအပ်သဖြင့် ထုံရွှယ်လူနှင့် သူမ၏ မွေးချင်းများသည် ထုံမိသားစု၏ မျိုးရိုးစဉ်ဆက်တွင် စာရင်းသွင်းထားဆဲဖြစ်ပြီး နောက်တစ်နေ့တွင် အထိမ်းအမှတ်ပွဲကိုလည်း မကျင်းပဖြစ်ပေ။ ထုံမိသားစုမှ အလုံးစုံခွဲထွက်ပြီးနောက် နေအိမ်သို့ ပြန်ရောက်ချိန်မှသာ ကျင်းပကြမည်ဖြစ်သည်။
၀မ်ရူကွေ့သည်လည်း ဗိုလ်မှူးရှောင်း ထွက်ခွာပြီးသည့်နောက် အခြေစိုက်စခန်းဆီသို့ ပြန်သွားရန် ပြင်ဆင်သည်။
ထုံရွှယ်လူက ၀မ်ရူကွေ့ကို ရထားဘူတာဆီသို့ လိုက်လံပို့ဆောင်သောအခါ တစ်ခုခု ဖြစ်ပွားသွား၏ ။
မူရင်းဝတ္ထုတွင် ထုံမောင်နှမများသည် ဗိုလ်မှူးရှောင်းနှင့် ဘယ်သောအခါမှ ပြန်မတွေ့ကြပေ။ တကယ်တော့ ဗိုလ်မှူးရှောင်းအား စာအုပ်ထဲ၌ ဘယ်အချိန်ကမှ မဖော်ပြထားချေ။
တူညီသော လက္ခဏာအားဖြင့် ၀မ်ရူကွေ့လည်း မပါရှိပေ။
ရုတ်တရက် သူမ အလွန်သိချင်မိသွား၏ ။ သူမတို့နှစ်ယောက် မဆုံတွေ့ဖူးသည့် အပြိုင်စကြဝဠာ၌ ၀မ်ရူကွေ့ မည်သူ့ကို လက်ထပ်ခဲ့သနည်း။
သူမ၏အကြည့်ကို သတိပြုမိသွားသော ၀မ်ရူကွေ့၏ နားရွက်များ အနည်းငယ်နီရဲသွားသည်။
" ကိုယ့်မျက်နှာမှာ တစ်ခုခုရှိလို့လား "
ထုံရွှယ်လူ ခေါင်းယမ်းလိုက်သည်။ " မဟုတ်ပါဘူး၊ ကျွန်မနဲ့ ရှင် မဆုံတွေ့ခဲ့ရင် ရှင်က တခြားတစ်ယောက်နဲ့ရှိနေမလားလို့ တွေးနေတာ "
၀မ်ရူကွေ့သည် မတွေးတောဘဲ ခေါင်းယမ်းလိုက်သည်။ " မဟုတ်ဘူး "
သူမနှင့် မဆုံခင်က အမျိုးသမီး ရဲဘော်များ၏ မျက်နှာကိုပင် မမှတ်မိချေ။ ထို့အပြင် သူမတို့ကို ခွဲခြားနိုင်လျှင်တောင်မှ သူမတို့အား ဆွဲဆောင်မှုရှိသည်ဟု ထင်လိမ့်မည်နည်း။
ထုံရွှယ်လူ၏နှုတ်ခမ်းများ အပေါ်သို့ ကွေးတက်သွားသည်။ သူမတို့ပတ်ဝန်းကျင်၌ မည်သူမှ မရှိသည့်အခါ သူ့လက်ကို သူမက တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။
" ရှင် နောက်တစ်ခါ ပြန်လာရင် ဆုချမယ် "
ဆုလာဘ်။
၀မ်ရူကွေ့၏မျက်လုံးများ တောက်ပသွားသည်။ နားရွက်များနီရဲနေရင်း သူက သူမကို သတိပေးလိုက်သည်။
" ကိုယ်… ကိုယ့်ရဲ့အပြစ်ကင်းမှုကို သက်သေမပြရသေးဘူး "
ထုံရွှယ်လူသည် သူ သူမ ကို နောက်ဆုံးအကြိမ်က နမ်းခဲ့သည်ဟု စွပ်စွဲခဲ့သည်ကို မမှတ်မိမီ အနည်းငယ် ကြောင်အသွားပြီး ထို့နောက် ရယ်မောလိုက်သည်။
" ဟုတ်ပါပြီ၊ နောက်တစ်ကြိမ် ရှင့်ရဲ့ အပြစ်ကင်းမှုကို သက်သေပြနိုင်ပါတယ် "
' ဝူး ရည်းစားလေးက အရမ်းချစ်စရာကောင်းတယ် '
ထုံရွှယ်လူ၏ တောက်ပသောအပြုံးကို ကြည့်ပြီး ၀မ်ရူကွေ့၏မျက်လုံးတွင် နူးညံ့မှုများပြည့်နေသည်။
🍵
ထုံရွှယ်လူနှင့် ၀မ်ရူကွေ့တို့က ဤဘက်အခြမ်းတွင် တီတီတာတာဖြစ်နေသော်လည်း စွင်းမိသားစုဘက်၌ မပျော်မရွှင်ဖြစ်နေရသည်။
စွင်းမန်ရို့အလုပ်ထုတ်ခံရပြီး စွင်းဝူယန်ဆေးရုံမှ ဆင်းခဲ့ပြီးချိန်ကတည်းက နေအိမ်ရှိ လေထုမှာ လေးလံနေခဲ့သည်။
စွင်းမန်ရို့က ငြီးတွားသည်။ " တတိယအစ်ကို၊ ဒါတွေ အားလုံး အစ်ကို့အပြစ်ပဲ။ ညီမ လက်လျော့စွန့်လွှတ်ချင်တယ်လို့ ပြောထားခဲ့ပြီးသားကို သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးထဲ ကြား၀င်ဖို့ အစ်ကို ညီမကို တွန်းအားပေးခဲ့တာ "
သူမ၏စကားကိုကြားသောအခါ စွင်းဝူယန်သည် ရင်ဘတ်ထဲ ဓားထိုးခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
" ရှောင်ရို့ မင်းဘယ်လိုလုပ် အဲဒီလိုပြောရတာလဲ။ အဲဒါက ငါ့ရဲ့ အကြံပြုချက် ဟုတ်တယ် ဒါပေမယ့် မင်းသာ မျက်လုံးတွေ ပြုတ်ထွက်လာလုမတတ် ဟိုတုန်းက မငိုနေခဲ့ရင် ငါက ဘာလို့ ဒီလိုအကြံအစည်မျိုး စဉ်းစားမိမှာလဲ "
စွင်းမန်ရို့က ထပ်မံ ငိုလေသည်။ " တတိယအစ်ကို၊ အစ်ကိုက ညီမကို ခြိမ်းခြောက်ခဲ့တာဖြစ်ပြီး ညီမမှာ အပြစ်မရှိဘူးလို့ သွားပြောပေးနိုင်မလား "
စွင်းဝူယန်က သူမကို ပထမဆုံးအကြိမ်တွေ့ဖူးသကဲ့သို့ မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ " မင်းရဲ့ ဒါရိုက်တာက ငါ့ရဲ့လက်ရှိအခြေအနေနဲ့ ငါ့ကို ယုံကြည်မယ်လို့ ထင်နေတာလား "
စွင်းမန်ရို့ "....."
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အပြစ်တင်ရင်း အလုပ်ရှုပ်နေချိန် လုံခြုံရေး အစောင့်က ဖုန်းပြန်လည်ဖြေကြားစေရန် ရောက်ရှိလာ၏။
ခြေလျင်တပ်သားက မထီမဲ့မြင်အကြည့်များဖြင့် သူတို့နှစ်ယောက်ကိုကြည့်နေသည်။ သူ့၏အကြည့်များက နှစ်ယောက်စလုံးကို ဒေါသထွက်စေပြီး မည်သည်ကိုမှ ပြန်မပြောနိုင်အောင် ဖြစ်စေသည်။
စွင်းဝူယန် ဖုန်းကို ကိုင်လိုက်သည့်အခါ သူ့အဖေက ဒေါသတကြီး အော်ငေါက်နေသည်ကို ကြားလိုက်ရပြီး တစ်ဖန် အံ့သြကြောင်အသွားပြန်သည်။
သူ့အမေနှင့် အမေ၏ အပြောင်းအရွှေ့သည် ပယ်ဖျက်ခံလိုက်ရသည့်အပြင် ပိုပြီးဆိုးရွားသည့် နေရာဆီသို့ပင် ပြန်လည်နေရာချထားခံလိုက်ရသည်။
သူ့မိဘများက မြို့တော်သို့ ပြန်လည်ပြောင်းရွှေ့နိုင်ရန် ကွန်ရက်အများကြီးကို အသုံးချခဲ့ရသော်လည်း ယခုကဲ့သို့ ဤအတိုင်း ဖျက်သိမ်းခံလိုက်ရလေသည်။
ဖြစ်ပြီးသည်က ဖြစ်ပြီးသွားလေပြီ။
သူ့မိဘများ မြို့တော်ဆီသို့ မပြန်နိုင်လျှင် သူသည်လည်း စစ်မှုထမ်းအိမ်ရာထဲမှ ထွက်ခွာပြီး မိဘများနှင့် ထိုခေတ်နောက်ကျကျန်သောဒေသဆီသို့ အတူပြောင်းရွှေ့ရမည်ပင်။
ထိုအခါ သူ့ထံ၌ မည်ကဲ့သို့သော အနာဂတ်ရှိလိမ့်မည်နည်း။
၀မ်နှင့်ရှောင်းမိသားစုတို့ကို သတိရတွေးတောမိသောအခါ သူက တုန်လှုပ်ခြောက်ခြားသွားပြန်သည် ။
သူသည် မကောင်းသည့် ခံစားချက်ရရှိနေပြီး စွင်းမိသားစုပြီးဆုံးသွားပြီဟု ခံစားနေမိသည်။