🍵Chapter 198
သာယာပြီး နေသာသောနေ့ဖြစ်သည့်အပြင် အရှေ့လေပြေ စားသောက်ဆိုင်၏ ခမ်းနားသောဖွင့်ပွဲနေ့လည်းဖြစ်သည်။
မီးရှူးမီးပန်းများကို ခွင့်မပြုသည့်အတွက် မောင်းကိုသာ ငှားရမ်းပြီး အကြိမ်အနည်းငယ်အောင်ပွဲခံသည့် အနေဖြင့် တီးခတ်သည်။
ကံကောင်းစွာဖြင့် ထုံရွှယ်လူသည် လွန်ခဲ့သည့် တစ်ပတ်ခန့်က ဆိုင်ပြောင်းရွှေ့မည်ဟု ၀န်ထမ်းများအားဖောက်သည်များကို အသိပေးစေခဲ့သည့်အပြင် စားသောက်ဆိုင်နှစ်ခုမှာ သိပ်မဝေးလှချေ။ ထို့ကြောင့် ဖောက်သည် တော်တော်များများက နေ့ခင်းဘက်၌ ရောက်ရှိလာကြသည်။
ပြန်လာသည့်ဖောက်သည်များအပြင် ဝေ့နှင့်စုမိသားစုများကလည်း သူတို့၏ပံ့ပိုးကူညီမှုကို ပြသရန်အတွက် မိသားစုဝင်များနှင့်အတူ လာရောက်ကြသည်။
စုယွဲ့ရှန်းက " ကျွန်တော်တို့ သမ္မတ အမြဲပြောသလို သူရဲကောင်းတွေက ကျုပ်တို့ရှေ့မှာ ရှိကြတယ်။ မန်နေဂျာထုံက အမျိုးသမီးသူရဲကောင်းတစ်ဦး၏ သက်ရှိထင်ရှားသက်သေဖြစ်ပြီး လူငယ်များအတွက် စံနမူနာယူစရာလည်းဖြစ်တယ် "
ထုံရွှယ်လူက ပြုံးပြီးပြောသည်။ "အိုး၊ ရှင်က သိပ်တော်တာပါ လက်ထောက်ညွှန်ကြားရေးမှူးစု။ ရှင်က တကယ့်ကို ခေတ်သစ်ရဲ့ စံနမူနာပါ "
တော်လှန်ရေးကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သော စုယွဲ့ရှန်း၌ သေချာပေါက် အနာဂတ်များစွာရှိလေသည်။
ပံ့ပိုးသူအများစုက စုယွဲ့ရှန်းကို သိမှတ်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထုံရွှယ်လူသည် သူမ၏ငယ်ရွယ်စဉ်တွင် ထိပ်တန်းစားသောက်ဆိုင်တစ်ခု၏ မန်နေဂျာဖြစ်လာခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
သူမထံမှာရှိနေသည့် အဆက်အသွယ်ကွန်ရက်ကို ကြည့်ကြပါလော ။
ရှောင်ကျိုးသည် ထုံမျန်မျန်၏လက်ကို ကိုင်လိုက်ပြီး သူ၏ ချိုမြိန်သောအသံလေးဖြင့် " မမ မျန်မျန် ၊ ဘာလို့လာမလည်တာလဲ။ စောင့်ပြီးရင်း စောင့်နေခဲ့တာ မမကို အရမ်းလွမ်းတယ် "
ထုံမျန်မျန်သည် လူကြီးတစ်ဦးကဲ့သို့ သက်ပြင်းချလိုက်သည်။ " မမရဲ့ ဒုတိယအစ်ကိုက ရေကျောက်ပေါက်ခဲ့တာ။ မမကြီးက ဘယ်မှ သွားခွင့်မပြုဘူး "
သူမ၏ ဤမျှ သနားစရာကောင်းသည့်ပုံကို မြင်သော် ရှောင်ကျိုးက သူမကို လှမ်းမီကာ ပါးပြင်ကို နမ်းလိုက်သည်။
ထုံရွှယ်လူသည် ထိုအရာကို မြင်သောအခါ အလျင်အမြန်လျှောက်သွားပြီး သူတို့နှစ်ယောက်ကို ခွဲလိုက်သည်။
" ရှောင်ကျိုး သားတို့နှစ်ယောက်လုံးက ငယ်သေးပေမယ့် ယောက်ျားလေးတွေနဲ့ မိန်းကလေးက မတူဘူး။ မျန်မျန်ကို လူမြင်ကွင်းမှာ နမ်းလို့မရဘူး "
ငယ်ငယ်ရွယ်ရွယ်နှင့် ဤကဲ့သို့ လူရမ်းကားလုပ်ရပ်များ ရှိနေခြင်းက မကောင်းချေ ။
ရှောင်ကျိုးက မျက်တောင်ခတ်ပြီး အံ့အားသင့်သွားသည် ။ " ဒါပေမယ့် ဖေဖေက အိမ်မှာ မေမေ့ကို နမ်းတယ်။ သားက ဘာလို့ဒီလိုမလုပ်ရမှာလဲ "
ထိုစကားကို ကြားလိုက်ပြီးနောက် စုယွဲ့ရှန်း၏ မျက်နှာက ပုဇွန်နီကဲ့သို့ နီရဲသွားသည်။
ကုရိလန်၏ မျက်နှာမှာလည်း နီရဲလာပြီး သူမ တစ်ပါးသူကိုကြည့်ရန် အလွန်ရှက်နေသည်။
ထုံရွှယ်လူက ထိုကိစ္စကို မည်သို့ လုပ်ရမည်မှန်း မသိတော့ချေ။
" အဲဒါက မတူဘူးလေ။ မင်းရဲ့ဖေဖေနဲ့မေမေက အိမ်ထောင်သည်စုံတွဲ။ မင်းနဲ့ မျန်မျန်နဲ့က သူငယ်ချင်းကောင်းတွေ။ အဲဒါကြောင့် အနာဂတ်မှာ ဒီလိုလုပ်လို့မရဘူး။ နားလည်ပြီလား "
" ကောင်းပြီ သားသိပြီ။"
ရှောင်ကျိုးက လိမ္မာစွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက " ဒါဆို မျန်မျန်နဲ့သား စုံတွဲဖြစ်ပြီးရင် အဲဒါလိုလုပ်နိုင်မယ်လို့ ဆိုလိုတာမလား "
ထုံရွှယ်လူ "……"
' သူ့တစ်ကိုယ်လုံး အမွှေးတွေတောင် မပေါက်သေးဘူး မိန်းမယူဖို့ စဉ်းစားနေပြီလား '
ထုံမျန်မျန်သည် သူမ အခွင့်ရေးယူခံခဲ့ရသည်ကို မသိခဲ့ပေ။ ယခု သူ့မမကြီးပြောသည်ကို ကြားလိုက်သည့်အချိန်မှသာ အခွင့်ရေးယူခံလိုက်ရသည့် ကိစ္စရှိမှန်း သိလိုက်သည်။
ထို့ကြောင့် သူမ၏ ခြေသလုံးတိုလေးများကို ရှေ့သို့ တဆတ်ဆတ် လှုပ်ကာ လာပြီး " ရှောင်ကျိုး နင် ငါ့ကို နမ်းခွင့်မရှိဘူး ဒါပေမယ့် နင်က နမ်းခဲ့တယ်။ အဲဒါမို့ ငါက လက်တုံ့ပြန်မှရမယ် "
ထို့နောက် သူမသည်လည်း ရှောင်ကျိုးကို မှီကာ သူ့ပါးပြင်ကို နမ်းချလိုက်သည်။
ထုံရွှယ်လူ "……"
' ထားလိုက်ပါတော့ ဘာလို့ အဲဒါကို စိတ်ရှုပ်ခဲ့နေအုံးမလဲ '
စု နှင့် ဝေ့ မိသားစု နှစ်ခုလုံး ရယ်မောလိုက်ကြ၏။
ကံကောင်းထောက်မစွာပင် ကလေးနှစ်ယောက်စလုံး ငယ်ရွယ်သေးပြီး မည်သူကမျှ အတွေးမလွန်ကြပေ။
စားသောက်ဆိုင်မှာ စတင်ဖွင့်လှစ်ကတည်းက အလွန်စည်ကားနေသည်။ ၀မ်ရူကွေ့က အလည်လာရန် ပိတ်ရက်မရနိုင်ခဲ့သဖြင့် စိတ်ပျက်နေလေသည်။
အချစ်ငှက်နှစ်ကောင်မှာ တယ်လီဖုန်းဖြင့်သာ ဆက်သွယ်နေရသည် ။
စားသောက်ဆိုင်အသစ်သို့ ပြောင်းရွှေ့ကတည်းက ထုံရွှယ်လူ၏ အလုပ်ဝန်သည် များစွာ မြင့်တက်လာခဲ့သည်။
သူမက ပါဝင်ပစ္စည်းများကို၀ယ်ရန် ဈေးသို့သွားရပြီး အလုပ်သမားများကို နေ့တိုင်း စီမံခန့်ခွဲရန် လိုအပ်သည်။
ကံကောင်းစွာ သူမ၏ ကြိုးစားအားထုတ်မှုသည် ကောင်းကောင်း အလျော်အစားရလေသည်။ သူမ၏လစာက တစ်လလျှင် ယွမ် ၅၀ မှ ယွမ် ၇၀ သို့ ရောက်ရှိသွား၏။ ထို့အပြင် သူမသည် စားသောက်ဆိုင်၏ တတိယစားဖိုမှူးလည်းဖြစ်သဖြင့် သူမ၏ စုစုပေါင်းလစာမှာ ယွမ် ၁၀၀ ဖြစ်လေသည်။
ဤခေတ်ကြီး၌ တစ်လ ယွမ် ၁၀၀ သည် အလွန်များပြားသည့်ပမာဏဖြစ်သဖြင့် သူမ၏မွေးချင်းများကို သူမ လစာတစ်ခုတည်းဖြင့် အဆင်ပြေစွာ ထောက်ပံ့နိုင်သည်။
ထုံရွှယ်လူသည် သူမ၏ဘဝနှင့် အလွန်အလုပ်များနေပြီး ၀မ်ရူကွေ့သည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
R&D အခြေစိုက်စခန်းမှာ လုပ်စရာများ အများအပြားရှိနေသောကြောင့် ၀မ်ရူကွေ့က မြို့တော်ရှိ ဟွမ်ချီမင်၏ မင်္ဂလာပွဲကိုပင် တက်ရောက်ရန် အချိန်မရှိခဲ့ချေ။
ကျိုးရန်သည်လည်း အလားတူပင်ဖြစ်သည်။ သူတို့ထဲက မည်သူကမှ ဟွမ်ချီမင်၏မင်္ဂလာပွဲကို မတက်နိုင်သည့်အတွက် သူတို့က မင်္ဂလာဆောင်လက်ဖွဲ့ကြိုတင်ပေးခဲ့ရသည်။
ဟွမ်ချီမင်သည် အနည်းငယ် စိတ်တိုနေသော်လည်း ဇနီးသည်နှင့် မကြာမီ အချိန်ကောင်းရနိုင်မည်ဟု တွေးကာ သူ့ညီအစ်ကိုနှစ်ယောက်အကြောင်းကို ချက်ချင်း မေ့သွားသည်။
ဘဝတွင် အပျော်ရွှင်ဆုံးအဖြစ်အပျက်လေးခုရှိပြီး ထိုအရာများမှာ မိုးခေါင်ပြီးနောက် မိုးရွာခြင်း ၊ နိုင်ငံခြားတွင် သူငယ်ချင်းဟောင်းနှင့်ဆုံမိခြင်း ၊ မင်္ဂလာဦးညနှင့် စာမေးပွဲ၌ အမှတ်ကောင်းကောင်းရခြင်းတို့ ဖြစ်ကြသည်။
မင်္ဂလာပွဲညတွင် ဟွမ်ချီမင်၏မျက်လုံးများပွင့်လာသည်။
ဖြစ်နိုင်မည်မထင်သည့် ပျော်ရွှင်မှုများကို သူက ခံစားနေရပြီး နွေဦးကြက်ပေါက်လေးကနေ ကြက်အိုတစ်ကောင်အဖြစ် ပြောင်းလဲသွားလေသည်။
မင်္ဂလာပွဲအတွက် အားလပ်ရက်ငါးရက်ရှိိခဲ့ပြီး နတ်ဘုရားကဲ့သို့ နေထိုင်ခဲ့သည်။
ငါးရက်ကြာပြီးနောက် အခြေစိုက်စခန်းသို့ ပြန်လည်ရောက်ရှိသောအခါ သူက မသိနားမလည်သော ကလေးနှစ်ယောက်ကို ကြည့်နေသကဲ့သို့ ၀မ်ရူကွေ့နှင့် ကျိုးရန်ကို ကြည့်လိုက်သည်။
သူတို့ကိုအိမ်မှယူဆောင်လာသော မင်္ဂလာသကြားလုံးများကို ပေးသည်။ " ဒီမှာ မင်းတို့နှစ်ယောက်အတွက် မင်္ဂလာဆောင်သကြားလုံးလေး၊ ဒါမှ ငါ့ရဲ့ကံကောင်းမှုတစ်ချို့က မင်းတို့ဆီရောက်သွားနိုင်မှာ "
သူက ထိုကဲ့သို့ ပြောရင်း လည်ပင်းကို အလွန်သဘာဝမကျသော အနေအထားဖြင့် အကြောဆန့်လိုက်သည်။
သဘာဝမကျလွန်းသောကြောင့် ၀မ်ရူကွေ့ နှင့် ကျိုးရန်တို့က သူ့လည်ပင်းရှိ အနီရောင်အစင်းကြောင်းများကို သတိပြုမိလိုက်ကြသည်။
၀မ်ရူကွေ့က မျက်မှောင်ကြုတ်ပြီး " မင်းလည်ပင်းမှာ ဘာတွေလဲ။ ဓာတ်မတည့်မှု တစ်ခုခုဖြစ်တာလား "
ကျိုးရန်က ပို၍ပင် ပြင်းထန်စွာ တုံ့ပြန်သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ " ခွေးဥဟွမ်၊ အဲဒါ ကျောက်ပေါက်တာလို့ မပြောနဲ့။ ရေကျောက်ဖြစ်ရင် ချက်ချင်းအကြောင်းကြားရမယ်။ အဲဒါက အရမ်းကူးစက်လွယ်တယ် "
"......."
ဟွမ်ချီမင်က တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
' -* ကို ရေကျောက် '
' ဒါတွေက ငါ့မိန်းမနဲ့ ကောင်းကောင်းပျော်ခဲ့တုန်းက ငါ့မိန်းမ ထားခဲ့တဲ့ အမှတ်အသားတွေကွ၊ သိရဲ့လား '
ဤသနားစရာဝိညာဉ်နှစ်ခုမှာတော့ မည်သည်က သာ၍ကောင်းသည်မှန်း မသိကြချေ။
🍵
ထုံရွှယ်လူ၏လစာတိုးမြှင့်ခံရသဖြင့် အိမ်၏လူနေမှုဘဝသည်လည်း မြင့်မားလာသည်။
ယခင်က အသားစားနိုင်ရန် စောင့်စားခဲ့ရပြီး တခါတရံ သုံးရက်မှ တစ်ကြိမ်သာလျှင် စားနိုင်ခဲ့လေသည်။ သူတို့သည် ယခု ထိုကဲ့သို့ ပြုလုပ်ရန် မလိုအပ်တော့သဖြင့် ထုံမိသားစုကလေးများမှာ ကောင်းကောင်းစားသောက်ရကာ ၀ဖြိုးလာနေကြသည်။
ထုံမျန်မျန်၏ပါးပြင်မှာ ပန်းရောင်သန်းနေပြီး သူမကို အထူးတလှယ် ချစ်စရာကောင်းစေသည်။
အမှန်အတိုင်းပြောရလျှင် သူတို့ သူမ၏လစာကိုပင် မလိုအပ်ချေ။ ဗိုလ်မှူးရှောင်ူသည် မြို့တော်မှ မထွက်ခွာမီ ၎င်းတို့၏ အသုံးစရိတ်အတွက် ယွမ်ရာနှင့်ချီ၍ ချန်ရစ်ထားခဲ့သည်။
သူက အနောက်မြောက်ဘက်ဆီသို့ ပြန်ရောက်ပြီးသည့် နောက်မှာ မုယောစပါးများ၊ နို့သကြားလုံးများ၊ လက်မှတ်မျိုးစုံနှင့် ပိုက်ဆံများ ရံဖန်ရံခါ ပို့ပေးလေ့ရှိသည်။
တိုတိုပြောရလျှင် လူကိုယ်တိုင် မရှိပေးနိုင်သည့်အတွက် သူ၏ တွေးပေးမှုနှင့် ပစ္စည်းများပေးပို့ခြင်းက ချို့တဲ့မှုမရှိပေ။
စာပို့သမားသည် ယနေ့တွင် စာတစ်စောင်ပေးပို့ခဲ့ပြီး ၎င်းမှာ အနောက်မြောက်မှဖြစ်သည်။
ထုံကျားမင်နှင့် အခြားသူများသည် စာကိုဖွင့်မဖတ်ထားကြပေ။ ထုံရွှယ်လူ အလုပ်မှ ပြန်ရောက်လာပြီးနောက် အတူတူဖတ်ရန် စောင့်ကြသည်။ ထိုစာသည် သူတို့၏အဘိုး တပ်မှူးရှောင်းထံမှဖြစ်ပြီး သူ၏ နွေးထွေးသောစကားများအပြင် ထုံ၏ အိမ်အခြေအနေကိစ္စများကိုလည်း ပြောပြထားသည်။
အချို့သော စုံစမ်းစစ်ဆေးမှုများအပြီးတွင် သူမတို့၏ အဘွား ထုံမန်ကျစ်သည် အတင်းအကြပ် လက်ထပ်ရန် စေခိုင်းခဲ့ခံရကြောင်း စာထဲ၌ ရေးသားဖော်ပြထားသည်။ လမစေ့ခင် မွေးဖွားခြင်းသည်လည်း တိုက်ဆိုင်မှုမဟုတ်ပေ။ ထုံမန်ကျစ်ကို ကျယ်ကျင်းဟွာက တွန်းခဲ့ပြီး ထုံမန်ကျစ်၏ ဗိုက်ကို စားပွဲထောင့်နှင့် တိုက်စေခဲ့သည်။ ဤသည်က သူမ ကျယ်ကျင်းဟွာနှင့် တစ်ရက်တည်း တူတူမွေးဖွားခဲ့သည့် တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်သည်။
သူမသာ လမစေ့ဘဲ ကလေးမွေးခဲ့ပြီး စိတ်ဓာတ်မကျနေခဲ့လျှင် ထုံမန်ကျစ် သေဆုံးလိမ့်မည်မဟုတ်ပေ။ ထိုအရာက စေ့စေ့စပ်စပ်တွေးကြည့်လျှင် လူသတ်မှုပင်ဖြစ်သည်။
ကျယ်ကျင်းဟွာသာ ထိုကဲ့သို့မပြုလုပ်ခဲ့လျှင် သူ ထိုနေရာ၌ရှိစဥ် အတိတ်အချိန်က လိမ်ညာခဲ့သည်ဆိုလျှင်တောင်မှ သူ့အသက်ကို ကယ်တင်ခဲ့ဖူးသည့်အတွက် ဗိုလ်မှုးရှောင်းက သူတို့အပေါ် အရေးယူမှုများ ပြုလုပ်မည်မဟုတ်ပေ။
သို့သော် ယခု၌ သူသည် ဤအကြောင်းအရာများကို ရှာဖွေ့တွေ့ရှိခဲ့ပြီး ဖြစ်သောကြောင့် မည်သည်ကိုမျှ မပြုလုပ်ဘဲ မနေနိုင်ပေ။ ထို့ကြောင့် သူက တူဖြစ်သူကို ထောင်ချောက်ဆင်စေခဲ့သည်။
ယခုချိန်တွင် ကျယ်ကျင်ဟွားမှာ ထောင်ထဲ၌ သူမအား ကွပ်မျက်မှုကို စောင့်ဆိုင်းနေရပေပြီ။
ဗိုလ်မှူးရှောင်းက သူ မည်ကဲ့သို့ လုပ်ဆောင်ခဲ့မှုအသေးစိတ်ကို မပြောပြထားပေ။ ကျယ်ကျင်းဟွာ၏ သားနှစ်ယောက်အတွက်မူ ၎င်းတို့သည် ယခုလိမ်လည်မှုတွင် ပါဝင်ခဲ့သော်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့်အရာများတွင် မပါဝင်ခဲ့ကြပေ။
၎င်းတို့သည် ထုံမန်ကျစ်၏တူများဖြစ်သည့် ၎င်းတို့၏ဖခင် ထုံလိုင်ကျွင်းသည်လည်း ဗိုလ်မှူးရှောင်းကို ကယ်တင်ခဲ့ဖူးသဖြင့် သူက ၎င်းတို့အား ပစ်မှတ်မထားခဲ့ပေ။
ကျယ်ကျင်းဟွာ ကွပ်မျက်ခံရတော့မည့်အခါ ထုံအားကျူနှင့် ထုံစန်းကျွမ်းတို့ နှစ်ယောက်လုံး စကားမပြောနိုင်သည်အထိ ထိတ်လန့်သွားကြသည်။ သူတို့သည် အနာဂတ်တွင် အလွန်နိမ့်ကျနေပေလိမ့်မည်။သို့သော် သူတို့ ကောင်းကောင်းမွန်မွန်ပြုမူနေသရွေ့ ဗိုလ်မှူးရှောင်းက သူတို့အား တစ်ခုခုအရေးယူလာမည်မဟုတ်ချေ။
ဗိုလ်မှူးရှောင်းသည် ထုံတကျွင်းနှင့် သူ့မိသားစုကို ထုံမျိုးရိုးစဉ်ဆက်မှ ပြောင်းရွှေ့ခဲ့ပြီး ၎င်းတို့သည် ထုံမျိုးဆက်များနှင့် မည်သို့မျှ မသက်ဆိုင်တော့ပေ။