အပိုင်း၂၀၀
Viewers 32k

🍵Chapter 200




ထုံပါပါးသည် သူ့မိန်းမ၏စိတ်ထဲတွင် မည်သည်များဖြစ်ပျက်နေသည်ကို တစ်ထျက်ကြည့်ရုံမျှဖြင့် သိလေသည်။


သူ သက်ပြင်းသာချလိုက်ပြီး မည်သည်ကိုမျှ မပြောပေ။


သူသည်လည်း ထိုအတွက် စိတ်မကောင်းဖြစ်ရသည်။ သို့သော် ထုံရွှယ်လူနှင့် သူမမိသားစု ဒုက္ခရောက်နေချိန်မှာ  သူတို့က မသိသကဲ့သို့ ဟန်ဆောင်ခဲ့ကြသည်။ သူမက ဗိုလ်မှူးရှောင်း၏မြေးဖြစ်ကြောင်း သိရှိပြီးနောက်မှ ကြင်နာစွာ ပြောဆိုကာ မြှောက်ပင့်လျှင် တကယ်ပင် ကြည့်ရဆိုးရွားလှပေမည် ။


မိသားစုဝင်များအားလုံးတွင် ချိုင်ချွန်းလန်သည် နောင်တရပြီး စိုးရိမ်ဆုံးသူဖြစ်သည်။


သူမသည် စားသောက်ဆိုင်တွင် ထုံရွှယ်လူနှင့် ရန်ဖြစ်ခဲ့ပြီး နောက်ဆုံးအကြိမ်တွင် သူမအား လူတိုင်းရှေ့တွင် စော်ကားပြောဆိုခဲ့သည်။ တကယ်တော့ သူမက မျက်လုံးဖြူဝံပုလွေဖြစ်သည်ဆိုသော စကားများကို ဖြန့်ဝေခဲ့ပြီး အလွန်ဒေါသထွက်ခဲ့သည်။


ယခု ထုံရွှယ်လူသည် ဗိုလ်မှူးရှောင်း၏ မြေးဖြစ်သည်ကို သူမ သိလိုက်ရပြီး ထိုအကြောင်းကို ပိုတွေးလေလေ ခံစားရလေလေဖြစ်နေသည်။


ထုံရွှယ်လူ သူမအား ပစ်မှတ်ထားမည်ကို စိုးရိမ်သဖြင့် ချိုင်ချွန်းလန်က အလုပ်မှဆင်းပြီးနောက် အရှေ့လေပြေစားသောက်ဆိုင်သို့ သွား‌‌ရောက်သည်။


အရှေ့လေပြေစားသောက်ဆိုင်သည် နှစ်ထပ်မြင့် အ‌

ဆောက်အဦးဖြစ်ပြီး စားသောက်ဆိုင်၏ မန်နေဂျာဖြစ်သည့် ထုံရွှယ်လူအတွက် ဒုတိယထပ်တွင် နားနေခန်းတစ်ခု ရှိ‌လေသည်။


စားသောက်ဆိုင်က အလုပ်မရှုပ်သည့်အခါ သူမ ထိုနေရာသို့ သွားကာ အနားယူမည်ဖြစ်သည်။


ချိုင်ချွန်းလန်ရောက်ရှိသောအခါ ထုံရွှယ်လူက သူမနား‌နေခန်းအတွင်း စာဖတ်နေလျက်ရှိသည်။


မုန့်ချင်းချင်းသည် အပေါ်ထပ်သို့ ပြေးတက်လာသည်။


 " မန်နေဂျာထုံ၊ ရှင့်ရဲ့ ဒုတိယ‌ယောက်မလို့ ကြွေးကြော်ထားတဲ့ အမျိုးသမီးက ဒီကို ရောက်လာပြန်ပြီ။ ရှင်နဲ့စကားပြောချင်တယ်လို့ပြောတယ် "


ဒုတိယယောက်မလား။


ချိုင်ချွင်းလန်၏ ဘီစကစ်ကဲ့သို့ ပြန့်ကားသောမျက်နှာတစ်ခုတည်းကပင် တုန်လှုပ်စေသည်ကို တွေးလိုက်မိပြီး " ကျွန်မ သူနဲ့ စကားမပြောဘူး "


မုန့်ချင်းချင်းသည် ချိုင်ချွန်းလန်အား ပြောပြရန် အောက်ထပ်သို့ ဆင်းခဲ့ပြီးနောက် တစ်ဖန် အပေါ်တပ်သို့ တက်သွားပြန်သည်။ " မန်နေဂျာထုံနဲ့ စကားမပြောရမချင်း ထွက်သွားမှာမဟုတ်ဘူးလို့ ပြောပါတယ် "


ထုံရွှယ်လူ၏ နှုတ်ခမ်းများ အနည်းငယ် တင်းကြပ်သွားသည်။


 " သူမက ထမင်းစားဖို့ဆိုရင် ထိုင်ခိုင်းလိုက်၊ ထမင်းမစားရင် အပြင်ထွက်ခိုင်း။ အပြင်ဘက်မှာ ကြိုက်သလောက် လွတ်လွတ်လပ်လပ် စောင့်လို့ရတယ် "


မုန့်ချင်းချင်းသည် ထိုစကားကို ပြောပေးရန်အတွက် အောက်ထပ်သို့ ပြေးဆင်းသည်။


ထိုသတင်းကို ကြားပြီးနောက် ချိုင်ချွန်းလန်၏ မျက်နှာမှာ နီရဲသွားလေသည်။


သဘာ၀ကျစွာပင် အပြင်ဘက်မှာ အလွန်ချမ်းအေးနေချိန်ဖြစ်ကာ မတ်တပ်ရပ်စောင့်ရန် သူမ တွန့်ဆုတ်မိသည်။ သို့သော်လည်း ထုံရွှယ်လူနှင့် မတွေ့ဘဲ သူမ မပြန်လိုပေ။


အခြားရွေးချယ်စရာမရှိသဖြင့် ထိုနေရာတွင် ထမင်းစားရန် ပိုက်ဆံနှင့် လက်မှတ်များပေးရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။


မည်သို့ပင်ဆိုစေကာမူ  သိုးသားစွပ်ပြုတ်များ တစ်ပန်းကန်ပြီး တစ်ပန်းကန်ကုန်သွားပြီးနောက်တွင် သူမဗိုက်က အလွန်တင်းနေပြီး ထုံရွှယ်လူ အောက်ထပ်သို့ ဆင်းလာသည်ကို သူမ မမြင်ရသေးပေ။


သူမထံ၌ ပိုက်ဆံမကျန်ရှိတော့ကာ သိပ်မကြာခင်၌  ထွက်သွားရန် တောင်းဆိုခံခဲ့ရသည်။


ချိုင်ချွန်းလန်သည် ဒေါသထွက်လွန်းသဖြင့် သူမမျက်နှာက ဝက်အသည်းကဲ့သို့ အရောင်အဖြစ် ပြောင်းလဲသွားလေသည်။ သူမ စားသောက်ဆိုင်အပြင်ဘက်တွင် မတ်တပ်ရပ်ရင်း ထွက်သွားရန် ငြင်းဆန်ကာ အလွန်သနားစရာကောင်းသည့်ပုံပေါက်နေသည်။


တစ်စုံတစ်ယောက်က မေးမြန်းလျှင် သူမက ယခင်က ထုံရွှယ်လူကို စော်ကားခဲ့ကြောင်း သူတို့ကို ပြောပြလိမ့်မည်။ သူမက တောင်းပန်ရန်လာသော်လည်း ထုံရွှယ်လုက သူမကိုတွေ့ရန်ပင် သဘောမတူခဲ့ပေ။


မုန့်ချင်းချင်းသည် ထိုစကားကိုကြားသောအခါ ထုံရွှယ်လူကိုပြန်အစီရင်ခံရန် အပေါ်ထပ်သို့ ပြေးသွားသည်။


ထုံရွှယ်လူက ပြုံးပြီး ပြောလိုက်သည်။ " လုပ်ပါစေ။ သူက ကျွန်မကို မျက်လုံးဖြူ ဝံပုလွေလို့ ခေါ်တဲ့သူ မဟုတ်ဘူးလား။ ငါက မျက်လုံးဖြူ ဝံပုလွေတစ်ကောင်ဆိုရင် သူမကို လျစ်လျူရှုတာက အဓိပ္ပါယ်ရှိတယ် မဟုတ်ဘူးလား "


"……"


မုန့်ချင်းချင်းက အနည်းငယ် တွေး‌တောလိုက်ပြီးနောက် ထူးဆန်းစွာ အဓိပ္ပါယ်ရှိနေကြောင်း ခံစားလိုက်ရသည်။


ထို့ကြောင့် သူမ ထိုကိစ္စ၌ ရှောင်နေလိုက်ရန်  ဆုံးဖြတ်လိုက်သည်။


ချိုင်ချွန်းလန်သည် အပြင်တွင် တစ်နာရီကြာ စောင့်ဆိုင်းခဲ့သော်လည်း ထုံရွှယ်လူ၏ အရိပ်အယောင်ကို မတွေ့ရပေ။


သူမသည် အလွန်ချမ်း‌နေပြီး သူမနှုတ်ခမ်းများက ခရမ်းရောင်သို့ပြောင်းသွားပြီး အေးခဲသွားတော့မည့်ပုံဖြစ်နေသည်။


နောက်ဆုံးတွင် သူမ မနေနိုင်‌သဖြင့် အိမ်ပြန်သွားခဲ့ပြီး ထိုနေ့ည၌ အဖျားကြီးသွားလေသည်။


🍵


ထုံရွှယ်လူသည် ချိုင်ချွန်းလန်က သူမကိုယ်သူမ ဘာလုပ်ခဲ့သည်ကို  မသိ‌‌ချေ။ သူမ အိမ်သို့ခြေချသည့်အခိုက်တွင် ထုံကျားရှင်း၏ပါးပြင်များ နီရဲနေသည်ကို မြင်လိုက်ရသည်။


သူမက မောင်နှမများကို ကြည့်ကာ " ဘာဖြစ်တာလဲ၊ မင်းတို့အားလုံး ဘာလို့ဒီလောက်ပျော်နေကြတာလဲ "


ထုံကျားရှင်းက စာမေးပွဲစာရွက်ကို အမြန်ဆွဲထုတ်လိုက်သည်။ " မမ  ကျွန်‌တော်သင်္ချာစာမေးပွဲမှာ ၆၁ ရပြီး စာပေက ၆၀ ရတယ်။ ကျွန်တော်အောင်တယ် "


ထုံရွှယ်လူက စာရွက်ကို ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ သူက စာမေးပွဲကို အောင်မြင်ခဲ့ရုံသာ ဖြစ်သော်လည်း အောင်မြင်သည်က အောင်မြင်သည်သာဖြစ်၏။


ထုံရွှယ်လူက စာမေးပွဲစာရွက်ကို သူ့ဆီ ပြန်ပေးပြီး " သိပ်ကောင်းတယ် ။ အဝေးကို ပို့ခံရစရာမလိုဘဲ ဆောင်းရာသီနှင့်  နှစ်သစ်မှာ အသားစားရနိုင်ပြီပေါ့ "


ထုံကျားရှင်းသည် ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသော ခရီးတစ်ခုဖြစ်ကြောင်း ခံစားမိသည်။


အသားစားနိုင်ရန် အများကြီး ကြိုးစားခဲ့ရသည်။


ထုံရွှယ်လူက  " မင်း ဆက်ထိန်းထားရမယ်။ စာမေးပွဲတွေကျသွားရင် ငါတို့ရဲ့ လောင်းကြေးက ဆက်ရှိနေဦးမှာနော် "


ထုံကျားရှင်း  "……"


ဤအချိန်၌ လောင်းကြေးအတွက် အချိန်ကန့်သတ်ချက်မရှိကြောင်း သူ သတိရမိသွားသည်။ ဆိုလိုသည်က သူ့အစ်မက သူမ ကြိုက်သည့်အချိန်အထိ သူ့ကို ထိန်းထားနိုင်မည်ဖြစ်သည်။


သူ အလိမ်ခံလိုက်ရလေပြီ။


ထုံကျားမင်က အမှတ်ပြည့်ရထပ်ရခဲ့ပြီး ထုံရွှယ်လူက  သူ့ကို ဆုငွေ ၂ ယွမ် ပေးလိုက်သည်။


သူမ၏အစ်ကို နှစ်ယောက်စလုံး ချီးကျူးခြင်းခံရသည်ကို မြင်လိုက်ရသဖြင့် ထုဲမျန်မျန်က သူမ၏ ပန်းချီကားကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။


 " ကြည့်ပါဦး မမကြီး ... မျန်မျန် ဒါကိုဆွဲခဲ့တာ "


ထုံရွှယ်လူ သူမထံမှ ပန်းချီကို ယူလိုက်သည်။ သူမသည် လူသားအဖြစ် သတ်မှတ်နိုင်သည့် မှုန်ဝါးဝါးသုံးခုကို သတိပြုမိသည်။ စုစုပေါင်း သုံးခုရှိသည်ကို ရေတွက်လိုက်သည်။


ထုံရွှယ်လူက သူမခေါင်းကို ပွတ်သပ်ပြီး မေးမြန်းသည်။  " မျန်မျန် ဆွဲထားတဲ့ ဒါကဘာလဲ "


ထုံမျန်မျန်က သူမ၏ ချစ်စရာကောင်းသော အသံဖြင့် ပြောလာသည်။


 " မမကြီး၊ ဒုတိယအစ်ကိုနဲ့ မျန်မျန် ၊ပြီးတော့ တတိယအစ်ကို၊ လမုန့်လေး နဲ့ ရှောင်လျို့ "


ထုံကျားရှင်းက ခေါင်းကုတ်ကာ လှမ်းကြည့်သော်လည်း သူ့ကိုယ်သူ ရှာမတွေ့နိုင်။


 " ဒီပုံထဲမှာ ငါရှိနေတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား မျန်မျန်။ ငါက ဘယ်မှာလဲ "


ထုံမျန်မျန်သည် သူမ၏ တစ်တုတ်သောလက်ချောင်းလေးများဖြင့် အကွက်တစ်ခုကို ညွှန်ပြသည်။ " ဒါက တတိယအကို "


ထုံကျားရှင်း၏ နှုတ်ခမ်းများ တွန့်သွားသည်။ 


" ဘာလို့ ကျန်တဲ့သူတွေနဲ့ မတူတာလဲ။ ပြီးတော့ ငါ့ဘေးက အဲဒီအပေါက်နှစ်ခုက ဘာလဲ "


ထုံမျန်မျန် " လမုန့်လေးနှင့် ရှောင်လျို"


ထုံကျားရှင်းက ကျယ်လောင်စွာအော်ငိုပြီး "ငါက လမုန့်ရယ် ရှောင်လျိုနဲ့ ဘာလို့တူနေတာလဲ။ မင်းရဲ့ခေါင်းက ဘာဖြစ်နေတာလဲ။ ငါက လူသားတစ်ယောက်။  ခွေးတစ်ကောင်လဲမဟုတ်ဘူး ကြက်တစ်ကောင်လဲမဟုတ်ဘူး "


ထုံမျန်မျန်က သူမ၏လက်ချောင်းများကို တွဲဆက်လျက် ပြောသည်။ " ဒါပေမယ့် တတိယအစ်ကိုက ရုပ်ဆိုးတယ် "


ထုံကျားရှင်းမှာ ဓားထိုးခံရသလို ခံစားလိုက်ရသည်။ "……"


ထုံရွှယ်လူက မနေန်ိုင်ဘဲ ရယ်မောလိုက်သည်။ ဤပေါက်စီ‌ကလေးက တခြားသူများကို စကားလုံးများနှင့် ထိုးနှက်ရာ၌ ပိုမို‌ထူးချွန်လာနေသည်။


ထုံကျားမင်၏ နှုတ်ခမ်းများသည်လည်း အပေါ်သို့ ကွေးတက်သွား၏။


🍵


၀မ်အိမ်ဘက်တွင်မူ ပို၍ လိုက်လျောညီထွေဖြစ်မနေကြချေ။


အဘိုး၀မ်သည် ပစ္စည်းအများအပြားကို ကြမ်းပြင်ပေါ်သို့ ပစ်ချထားပြီး တုတ်ကောက်ကို ပစ်ချလိုက်သည်။ 


" အဲဒီမိန်းမက ဘာတွေတွေးနေတာလဲ။ ငါ သူ့ကို မကိုင်တွယ်နိုင်လို့ တကယ်ထင်နေတာလား။"


ဦးလေးဇုန်း သူ့ကို အမြန်နှစ်သိမ့်ပေးသည်။ 


" စိတ်ေလျာ့ပါ ။ ဒီလိုမျိုး တစ်စုံတစ်ယောက်က ဒေါသဖြစ်ဖို့မတန်ဘူး... "


ယနေ့ စာပို့သမားက တစ်စုံတစ်ခု ပို့သွားခဲ့သည်။


ကျီအန်းမြို့တွင် ၀မ်မိသားစုဝင်များ မရှိဘဲ ထိုအမျိုးသမီး တစ်ဦးတည်းသာ ရှိသည်။


တခါတရံ ပါဆယ်များ ပို့သည်ကို စိတ်ထဲမထား‌သော်လည်း ဤတစ်ခါ၌ စာတစ်စောင် ပို့ခဲ့သည်။ အထို့အပြင် စာထဲမှာ ဓာတ်ပုံတစ်ပုံရှိနေပြီး ဓာတ်ပုံထဲမှ မိန်းကလေးသည် ၀မ်ရူကွေ့၏ညီမလေးဟု ဆိုထားသည်။


အမျိုးသမီးက ၀မ်ရူကွေ့နှင့် တွေ့လိုပြီး သူ့ညီမလေးကိုလည်း တွေ့သင့်သည်ဟူ၍ပင် အရှက်မဲ့စွာ ပြောဆိုထားသည်။


အဘိုး၀မ်ပင် မဆိုထားနှင့် ဦးလေးဇုန်းသည်တောင်မှ ထိုစာကိုမြင်လိုက်ရသည့် ဒေါသထွက်သွားသည်။


ဝမ်မိသားစုကို သူမ လုပ်ခဲ့သည့်အရာများအပြီးမှာ ရူကွေ့ကို ရင်ဆိုင်ရန် သူမ အဘယ်ကြောင့် သတ္တိရှိနေရသနည်း။


အဘိုးဝမ်၏မျက်နှာက မည်းမှောင်နေသည်။


 " ရှောင်ဇုန်း မနက်ဖြန် သူ့ဆီဖုန်းဆက်ပြီး ကိုယ့်ကိုယ်ကိုယ် သေချာပြုမူနေထိုင်ဖို့ သတိပေးလိုက်။ မဟုတ်ရင် ငါသူ့ကို ဘာမှမလုပ်ဘူးလို့ ကတိမပေးနိုင်ဘူးပြောလိုက် "


သူမသည် ရူကွေ့၏မိခင်ဖြစ်‌သောကြောင့်သာ နှစ်ပေါင်းများစွာ အဆက်အဆံပြုလာခဲ့ခြင်းဖြစ်သည်။


ထိုအချိန်က သူမပြုလုပ်ခဲ့သည့်အရာများကို တွေးကြည့်လျှင် ၀မ်မိသားစုက သူမကို ကောင်းပေးသည်ထက် ပိုခဲ့လေသည်။ သူမသာ တချို့အရာများကို ပြုလုပ်ရန် ခေါင်းမာနေလျှင် ထိုအခါ သူတို့သည်လည်း သူမကို သေချာဂရုစိုက်ရလိမ့်မည်ပင်။


ဦးလေးဇုန်းက ရေနွေးနွေးတစ်ခွက်ကို ယူလာပေးသည်။ " ကောင်းပါပြီ မနက်ဖြန် ကျွန်တော်သွားမယ်။ ရေသောက်ပါဦး ဗိုလ်မှူး၀မ် ။ ကျွန်တော် သွားပြီးတော့ ဒါတွေကို မီးရှို့လိုက်ပါမယ် " 


မစ္စတာဝမ်က ခေါင်းညိတ်လိုက်သော်လည်း သူ၏မျက်ခုံးများက တွန့်‌ချိုးနေဆဲဖြစ်သည်။ 


' ပြဿနာတွေ '