အပိုင်း၂၀၁
Viewers 32k

🍵Chapter 201




နှစ်သစ်က တစ်စနှင့် တစ်စ ပို၍နီးကပ်လာနေသည်။ အလုပ်ဖွင့်ရက်များသာ ရှိသေးသော်လည်း အားလပ်ရက်များ ရောက်ရှိနေသကဲ့သို့ ခံစားလာနေရသည်။


ရာသီဥတုက အေးစိမ့်လာ‌ေသာ်ငြားကလေးများက စိတ်မပူကြ‌ချေ။ ကျောင်းဆင်းပြီးနောက်တွင် လမ်းတစ်လျှောက် ပြေးသွားကြကာ စိတ်ကျေနပ်သည်အထိ ဆော့ကစားကြသည်။


ကုန်စုံဆိုင်နှင့် CSMC တို့သည် နှစ်သစ်အတွက် ကုန်ပစ္စည်းများတင်ထားသော်လည်း ၀ယ်ယူနိုင်သည်နှင့် တပြိုင်နက် အားလုံး ကုန်သွားကြသည်။


ထုံရွှယ်လူသည် သူမ၏အလုပ်ကိစ္စကြောင့် ၎င်းတို့ကို မ၀ယ်ယူနိုင်ခဲ့ပေ။ သူမက ထုံကျားမင်နှင့်ထုံကျားရှင်းတို့အား ထိုတာဝန်ကို ပေးအပ်တော့မည်ဖြစ်လေသည်။


သို့သော် သူမတို့၏အဘိုးဖြစ်သူ ဗိုလ်မှူးရှောင်းက သူမတို့ထံ ဖုန်းဆက်လာပြီး မည်သည်ကိုမှပြင်ဆင်ရန် မလိုဟု ပြောကြားလာသည်။ သူက ခြေလျင်တပ်သားများကို အားလုံး ပြင်ဆင်ခိုင်းထားပြီးသားဖြစ်ပြီး နှစ်သစ်၌ သူမတို့နှင့်အတူ အချိန်ကုန်ဆုံးမည်ဖြစ်သည်။


ထုံရွှယ်လူ စားသောက်ဆိုင်သို့ ရောက်ရှိသည့်အခါ  ကုန်သွယ်ရေးဌာနမှ တာ၀န်ရှိသူများနှင့်အတူ လေဆိပ်တွင် ဧည့်သည်များကို သွားကြိုရန် ဆော်ဩသည့်  ဖုန်းခေါ်ဆိုမှုတစ်ခုကို ကုန်သွယ်ရေးဌာနထံမှ လက်ခံရရှိခဲ့သည်။


မန်နေဂျာလင်းက လေဆိပ်သို့ လူကိုယ်တိုင်သွားရောက်လျှင် ထိုဧည့်သည်မှာ ကုလသမဂ္ဂအတွက် ဘာသာပြန်သူဖြစ်မည်မှာ သေချာသည်။


ထုံရွှယ်လူ အနည်းငယ် ‌ဆွံ့အသွားလေသည်။ ယနေ့ ထိုသူတို့ရောက်ရှိလာမည်ကို သူမ ကြိုသိခဲ့လျှင် လေဖောင်းဂျာကင်ကို  ၀တ်လာခဲ့မည်မဟုတ်ပေ။


မည်သို့ပင်ဆိုစေကာမူ အင်္ကျီလဲရန် အချိန်မလုံလောက်တော့ပေ။ ထို့အပြင် သူမသည်လည်း ထိုမျှအရေးကြီးသည်မဟုတ်သောကြောင့် သူမ မည်ကဲ့သို့ ၀တ်ဆင်ထားသည်က အရေးမကြီးချေ။


ထုံရွှယ်လူ ကုန်သွယ်ရေးဌာနသို့ အပြေးအလွှားသွားကာ ၎င်းတို့နှင့်အတူ လေဆိပ်သို့ သွားသည်။ လေဆိပ်သို့ ရောက်ရှိပြီးချိန်မှသာ သူမတို့၏ ဧည့်သည်များသည် နောက်ထပ် တစ်နာရီကြာသည်အထိ ရောက်ရှိလာဦးမည်မဟုတ်ကြောင်း သူမတို့ သိရှိလိုက်ရသည်။


ထုံရွှယ်လူ မနေနိုင်ဘဲ တိတ်တဆိတ် ကျိန်ဆဲမိလေ၏။


လူတိုင်း၏ခြေလက်များ အေးခဲလုနီးပါးဖြစ်ချိန်တွင် ဘာသာ/စကားပြန်သူက ရောက်ရှိလာသည်။

(**သူက translator ပဲသုံးထားပါတယ် စာတမ်းဘာသာပြန်သူလား စကားပြန်လားတော့ မပြောထားပါဘူး)


အနက်ရောင်ကုတ်အင်္ကျီရှည်၀တ်အမျိုးသား နှစ်ဦးသည် လေယာဉ်ပေါ်မှ ဆင်းလာကြပြီး  လေအေးတိုက်ခတ်လာသောအခါ ထိုသူတို့၏အင်္ကျီများက လေထဲတွင် လွင့်မျောနေကြသည်။


ထုံရွှယ်လူ အပေါ်ဘက်ဆီသို့ လှမ်းကြည့်လိုက်ပြီး ရှည်လျားကျဉ်းမြောင်းကာ မည်းနက်သည့်မျက်လုံးတစ်စုံနှင့် အကြည့်ချင်း ဆုံတွေ့သွားသည်။


ထိုမျက်လုံးများမှာ အောက်ခြေမရှိသော ရေကန်တစ်ခုအလား နက်ရှိုင်းနေသည်။


ထိုမျက်လုံးပိုင်ရှင်က အရပ်ရှည်ပြီး ခန့်ညားသည်။ သူ၏ခြေထောက်များက ရှည်လျား‌သည်။ အကယ်၍ သူမသာ ၀မ်ရူကွေ့နှင့် မတွေ့ခဲ့ဖူးလျှင်  ဤလူမှာ အလွန်ချောမောသောလူတစ်ယောက်ဖြစ်သည်။


မြူနီစီပယ်နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး ကောင်း က သူမတို့ဆီ လျှောက်လာသည်။


 " မင်္ဂလာပါ ရဲဘော်ကျယ်။ ကျွန်တော်က မြူနီစီပယ်နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူး ကောင်းပါ။ ကျွန်တော် ခင်များနဲ့တွေ့ဖို့ စောင့်မျှော်နေခဲ့တာပါ "


ကျယ်ချန်ကျိုး၏ လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။


 " မင်္ဂလာပါ ညွှန်ကြားရေးမှူး‌ကောင်း။ ကျွန်တော့်ကို လာခေါ်ဖို့ အဖွဲ့သားအားလုံးကို ခေါ်လာဖို့ မလိုပါဘူးဗျာ။ အနှောက်အယှက်ဖြစ်စေဖို့ မရည်ရွယ်ပါဘူး "


ညွှန်ကြားရေးမှူး‌ကောင်းက ခေါင်းညိတ်လိုက်သည်။


 " အိုး စိတ်မပူပါနဲ့ ရဲဘော်ကျယ်။ ခင်များ တိုင်းပြည်က ထွက်သွားတာ အနှစ် ၃၀ နီးပါးရှိခဲ့ပြီ။  ခင်များ အလည်ပြန်လာတဲ့အခါ ကျွန်‌တော်တို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုကို  ပြသဖို့  သေချာပေါက် လိုအပ်တာပေါ့ဗျာ "


ကုလသမဂ္ဂသည် ၁၉၄၇ ခုနှစ်တွင် တရုတ်ဘာသာပြန်များကို ခေါ်ယူခဲ့ပြီး လျှောက်ထားသူ ၄ ဦးကိုသာ လက်ခံခဲ့သည်။ ကျယ်ချန်ကျိုးမှာ ထိုလေးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။


ကျယ်ချန်ကျိုးက ဇနီးသည်၊က‌လေးတို့နှင့်အတူ နယူးယောက်ဆီသို့ ထွက်ခွာသွားခဲ့ပြီး နောက် တရုတ်နိုင်ငံကို တစ်ဖန် ခြေမချမီ နှစ်ပေါင်း ၃၀ နီးပါးကြာခဲ့ပြီဖြစ်သည်။


ကျယ်ချန်ကျိုးကထိုစကားကိုကြားသောအခါ သူ့မျက်လုံးများ မျက်ရည်ဝဲလာသည်ကို ခံစားလိုက်ရသည်။


တိုင်းတစ်ပါးနေထိုင်ရခြင်းကို မဆိုထားနှင့် မိမိနှင့် စိမ်းသော မြို့တစ်မြို့၌ နေထိုင်ရသည်ပင် မလွယ်ကူချေ။


နိုင်ငံကို ထူထောင်ပြီးနောက် နှစ် ၂၀ ကျော်ကြာ ကုလသမဂ္ဂသို့ ၀င်ရောက်ရန် အမေရိကန်က ဝင်ရောက်စွက်ဖက်ခဲ့ပြီး ၂၆ ကြိမ်မြောက် ၊ကုလသမဂ္ဂညီလာခံ၊ ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလသို့ မရောက်မချင်း နောက်ဆုံး အနိုင်ရရှိသူမှာ မထွက်ပေါ်ခဲ့ပေ။ 


ရှည်လျားသောရုန်းကန်လှုပ်ရှားမှုအပြီး နောက်ဆုံး၌ ယမ်းမှုန့်ကင်းစင်သောတိုက်ပွဲမှာ ပြီးဆုံးသွားခဲ့သည်။


၎င်းတို့နိုင်ငံသည် ၎င်း၏တရားဝင်အခွင့်အရေးကို ရရှိပြီးသည့်တိုင် ဘာသာပြန်သူများမှာ ဇာတိအမိမြေ နိုင်ငံဆီသို့ ယခုနှစ်အထိ မပြန်နိုင်ခဲ့ကြပေ။


သူ၏မွေးရပ်မြေကို နောက်တစ်ကြိမ် ခြေချသည့်အခါ ခံစားရသည့်ခံစားချက်များကို စကားလုံးများဖြင့် ဖော်ပြ၍မရချေ။


ကျယ်ချန်ကျိုး၏ မျက်လုံးများ နီရဲလာသည်ကို တွေ့ရသောအခါ လူအများက သနားကြပြီး အမျိုးသမီးရဲဘော်အချို့မှာ မျက်လုံးများကိုပင် မှိတ်လိုက်ကြသည်။


ကျယ်ချန်ကျိုး၏ နောက်၌ မတ်တပ်ရပ်နေသည့် လူငယ်လေးက လှပသည့် ခေါက်ပုဝါတစ်ထည်ကို ဆွဲထုတ်ကာ ပေးသည်။ 


" အဖေ ၊ မြန်မြန်။ အဖေ့ အသက်အရွယ်အရ ငို‌နေတာက ရှက်စရာကောင်းတယ် "


ကျယ်ချန်ကျိုးက သူ့သားကို စိုက်ကြည့်ပြီးနောက်  မိတ်ဆက်ပေးလိုက်သည် ။


 " ဒါ ကျွန်‌တော့်သား ကျယ်... ခင်များတို့ သူ့ကို  ရှောင်ကျယ်လို့ပဲ ခေါ်လို့ရတယ် "


လေထန်နေသောကြောင့် ထုံရွှယ်လူက နောက်ကျောတွင်ရပ်နေသော သူ၏နာမည်ကို မသိလိုက်ပေ။


ရှောင်ကျယ်က တစ်ဖက်ကို နှုတ်ဆက်လိုက်သည်။ သူတို့သည် ပြဿနာမရှိစွာ ဆက်သွယ်ပြောဆိုနိုင်သော်လည်း သူ၏တရုတ်ဘာသာစကားတွင် အင်္ဂလိပ် လေယူလေသိမ်းကိုလည်း တွေ့ရှိနိုင်သည်။


သူ့အသက်အရွယ်အရ နိုင်ငံရပ်ခြားတွင် မွေးဖွားကြီးပြင်းလာသူဖြစ်သ‌ဖြင့် အဓိပ္ပါယ်ရှိ‌လေသည်။


ညွှန်ကြားရေးမှူး‌ကောင်းက စကားဆိုလိုက်သည်


" ဒီမှာ လေပြင်းတွေ တိုက်နေတယ်။ ဟိုတယ်နဲ့ စားသောက်ဆိုင်ဘက်ဆီကို သွားကြရအောင်။ ကျုပ်တို့ကားထဲမှာ စကားပြောလို့ရပါတယ် "


ထုံရွှယ်လူကို မဆိုထားနှင့် ညွှန်ကြားရေးမှူးလင်းပင်လျှင် ဤကဲ့သို့သော အခြေအနေမျိုးတွင် စကားတစ်ခွန်းမျှ မပြောနိုင်ပေ။


အမှန်အတိုင်းပြောရရင် သူမ ဤနေရာ၌ ရှိနေရန် အကြောင်းရင်း မရှိ‌ချေ။ တစ်နာရီကျော်ခန့် အေးစက်သည့်လေထဲ၌ မတ်တပ်ရပ်နေခဲ့ရုံကလွဲ၍ သူမ စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။


ဤအရာအားလုံးက အလွန်အဓိပ္ပာယ်မဲ့လေသည်။ 


ထုံရွှယ်လူသည်  လူများနောက်မှ လိုက်သွားသည်။  သူမ ကားထဲသို့ ထိုင်ရန် ခြေတစ်ဖက်ချလိုက်ပြီးနောက်မှသာ ညွှန်ကြားရေးမှူးကောင်းက သူမကို ဟန့်တားကာ ဒုတိယကားထဲသို့သာ ၀င်စေသည်ကို သိလိုက်ရသည်။


" ဟေး အဲဒီ့အမျိုးသမီးရဲ့ဘော်။ မင်း ဒီကား‌ဆီ လာခဲ့ "


ထုံရွှယ်လူက လှည့်ပတ်ကြည့်လိုက်ပြီး ထိုနေရာတွင် သူမသည်သာ တစ်ဦးတည်းသော အမျိုးသမီးဖြစ်သည်။ ထို့ကြောင့် ညွှန်ကြားရေးမှူး ကောင်းက သူမကို ခေါ်နေခြင်းဖြစ်သည်မှာ သေချာလေသည်။


သူမ ထိုနေရာသို့ လျှောက်လှမ်းရန်မှလွဲ၍ ရွေးချယ်စရာမရှိတသဖြင့် အေးစက်သောလေထဲတွင် တောင့်တင်းသောအပြုံးဖြင့် ပြောလိုက်သည် ။ 


" ညွှန်ကြားရေးမှူးကောင်း  ကျွန်မက အရှေ့လေပြေစားသောက်ဆိုင်ရဲ့ မန်နေဂျာ ထုံရွှယ်လူပါ "


ညွှန်ကြားရေးမှူးကောင်းက သူမကို တစ်ချက်ကြည့်လိုက်သည်။


 " ဒါဆို မင်းက မန်နေဂျာ ထုံပဲ။ မင်းရဲ့ဂုဏ်သတင်းက မင်းထက်‌ေရှ့‌ ရောက်နေတယ် ။ ဒီမှာ မင်းက အတွင်းရေးမှူးတစ်ယောက်လို့ ကျုပ် ထင်ခဲ့တာ။ မင်းက သိပ်ငယ်မယ်မှန်း မသိခဲ့ဘူး "


သူက စကားပြောနေရင်း ရင်ဘတ်ထဲသို့ ဓာတ်ဘူးတစ်ခုကို တွန်းထည့်လိုက်ပြီး " ဒါကို ကိုင်ထား။ အထဲကို ယူမလာမိအောင် သတိထား "


ထုံရွှယ်လူ "....…"


' ဆိုတော့ သူက ဒီမှာ ကိရိယာတစ်ခုဖြစ်ပေးဖို့ရှိနေတာလား '


ညွှန်ကြားရေးမှူးကောင်းသည် သူမအား ဓာတ်ဘူးပေးလိုပ်ပြီးနောက် ထိုင်ခုံနောက်ခန်းထဲသို့ ၀င်သွားသည်။ ထုံရွှယ်လူသည် ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။


ညွှန်ကြားရေးမှူးကောင်းက ကျယ်ချန်ကျိုး အား ရှုခင်းများနှင့် အဆောက်အဦးများကို မိတ်ဆက်ပေးရင်း ပြုံးနေသည်။


ကျယ်ချန်ကျိုးနိုင်ငံမှ ထွက်ခွာသွားသောအခါတွင် တရုတ်နိုင်ငံအသစ်သည် မတည်ထောင်ရသေးပေ။ စစ်ပွဲပြီးဆုံးသွားပြီးချိန်တွင်  တိုင်းပြည်က အကောင်းဆုံး အခြေအနေ၌ ရှိမနေခဲ့ပေ။ ထိုစဉ်ကနှင့် ယခုအခြေအနေမှာ လုံးလုံး မတူညီပေ။


လောဘကြီးစွာ ရှုခင်းများကိုကြည့်နေရင်း ကျယ်ချန်ကျိုး၏မျက်လုံးများ မျက်ရည်ဝဲလာသည်။


မိတ်ဆက်မှုသည် နာရီဝက်ကြာပြီး ညွှန်ကြားရေးမှူးကောင်းသည် အလွန်စကားပြောလာခဲ့သဖြင့် ရေငတ်လာလေသည်။ 


" ရေသောက်ဦးမလား ရဲဘော်ကျယ် "


ကျယ်ချန်ကျိုးက လှည့်လာပြီး ခေါင်းယမ်းလိုက်သည်။ " မသောက်တော့ပါဘူး ကျေးဇူးတင်ပါတယ် ။ လေယာဉ်ပေါ်မှာ ရေနည်းနည်း သောက်ခဲ့တာမို့ ကျုပ် အခု ရေမဆာ‌သေးပါဘူး "


ရဲဘော်ရှောင်ကျယ်သည်လည်း ကမ်းလှမ်းမှုကို ငြင်းဆိုသည်။


သူတို့ထဲက မည်သူကမှ ရေအား ဂရုမစိုက်သည်ကိုမြင်သည့်အခါ သူတစ်ယောက်တည်းသောက်ခြင်းက အဆင်မပြေသကဲ့သို့ ခံစားရလေသည်။ ကားထဲ၌ ရေသောက်ရခြင်းမှာ အလွယ်ကူဆုံး အရာမဟုတ်သည်ကို ထည့်သွင်းပြောရန်ပင် မလိုအပ်ချေ။


သူက စကားပြောရခြင်းကို ငြီးငွေ့နေပြီပင်။ ရုတ်တရက်ဆိုသလိုပင် ထုံရွှယ်လူ၏ ဦးခေါင်းနောက်ဘက်ကို မြင်လိုက်ရပြီး သူမကို ဤအခြေအနေထဲသို့ ဆွဲသွင်းရန် ဆုံးဖြတ်လိုက်သည်။


" ကျုပ်တို့ ရဲဘော်ထုံက ငယ်ငယ်ရွယ်ရွယ်ပုံစံနဲ့ ဝတ်စားဆင်ယင်မှုမျိုးကြောင့် လှည့်စားမခံရစေနဲ့‌နော်။ တကယ်တော့ သူမက အရှေ့လေပြေစားသောက်ဆိုင်ရဲ့ စားဖိုမှူးနဲ့မန်နေဂျာဖြစ်တဲ့အပြင် ထိပ်တန်းအဆင့်တစ် စားသောက်ဆိုင် ၁၂ ဆိုင်က ကိုယ်စားလှယ်လောင်းတွေနဲ့ပြိုင်ဆိုင်မှုမှာ ပထမနေရာကို ရရှိခဲ့တဲ့သူ။ ထူးချွန်တဲ့ ထမင်းချက်တစ်ယောက်ဖြစ်ပြီး နေထိုင်စဉ်အတွင်း ခင်များရဲ့အစားအစာဖို့ တာဝန်ယူထားပါတယ် "


ထုံရွှယ်လူ "……"


' ရှင် ကျွန်မကို ချီးကျူးတာ တကယ်ကို ဝမ်းသာပါတယ် ဒါပေမယ့် အဲ့အပိုင်းကို ပြောနေဖို့ မလိုဘူးလေ '


မိတ်ဆက်ခြင်းပြီးသည့်နောက် ကျယ်ချန်ကျိုးနှင့်သူ၏သား နှစ်ယောက်လုံးသည် ထုံရွှယ်လူအား  အာရုံစိုက်လာကြသည်။


ကျယ်ချန်ကျိုးက " နောက်မျိုးဆက်တွေက အမြဲလိုလို တိုးတက်လာကြတယ်။ ဒီလိုမျိုး ငယ်ရွယ်စဉ်မှာ ရဲဘော်ထုံ ဘယ်လောက်တောင် အောင်မြင်ခဲ့တယ်ဆိုတာက တကယ်ကို အထင်ကြီးဖို့ကောင်းပါတယ်။ မင်းရဲ့‌ ရှေ့‌ေလျှာက်အနာဂတ်အောင်မြင်မှုတွေကို မျှော်လင့်‌နေပါတယ် "


ထုံရွှယ်လူက ပြုံးပြီး ပြောလိုက်သည်။ 

 " ကျေးဇူးတင်ပါတယ် ရဲဘော်ကျယ်။ ရှင့်ရဲ့နောက်ဆုံးပြောဆိုချက်ကို ကျွန်မ အရမ်းသဘောတူပါတယ်။ ကျွန်မတို့နိုင်ငံက နေရာကောင်းတွေဆီ ဦးတည်နေပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ရမယ့် စူပါနိုင်ငံတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ "


တရုတ်လူမျိုးအနေဖြင့် ထုံရွှယ်လူ၏ စကားများသည် ထိုနေရာရှိ လူတိုင်းကို စိတ်လှုပ်ရှားစေသည်။


မိမိနိုင်ငံ ပိုမိုကောင်းမွန်ပြီး သန်မာလာမည်ကို မည်သူက မလိုလားမည်နည်း။


တိုင်းပြည်တစ်ခုသည် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရန် အားကောင်းရမည်ဖြစ်သည်။


" သေချာတာပေါ့  ရဲဘော်ထုံ။ ကျုပ်တို့နိုင်ငံဟာ မဝေးတော့တဲ့အနာဂတ်မှာ စူပါနိုင်ငံဖြစ်လာမယ်ဆိုတာ သေချာတယ် "


 ကျယ်ချန်ကျိုးသည် ထုံရွှယ်လူကို သဘောကျစွာ ကြည့်လိုက်သည်။


" ကောင်းပြီ၊ ညွှန်ကြား‌ရေးမှူး‌ကောင်းက ရဲဘော်ထုံက စားဖိုမှူးတစ်ယောက်လို့ ဆိုတယ်။ မင်းရဲ့ကျွမ်းကျင်မှုက ဘယ်ဟင်းလျာအမျိုးအစားလဲဆိုတာ ကျုပ် သိချင်မိတယ် "


ထုံရွှယ်လူက သူ့မေးခွန်းကို မေးခွန်းဖြင့် ပြန်ဖြေသည်။  " ဘယ်လို ဟင်းလျာအမျိုးအစား ရှာနေတာပါလဲ ရဲဘော်ကျယ် "


ကျယ်ချန်ကျိုးက ပြောသည်။


 " ရဲဘော်ထုံက ယန်ကျိုးထမင်းကြော်တစ်ပန်းကန် ချက်နိုင်မလားလို့ တွေးနေမိတာပါ "


ယန်ကျိုး ထမင်းကြော်လား ။


ဤတွင် ကျယ်ချန်ကျိုးသည် မြို့တော်ဇာတိဖြစ်သည်ဟု သူမ ထင်ခဲ့သည်။


ထုံရွှယ်လူ မတုံ့ပြန်ခင်မှာ ညွှန်ကြားရေးမှူး ကောင်းက " ဒါပေါ့၊ ရဲဘော်ထုံ က ဟင်းပွဲမျိုးစုံ လုပ်နိုင်တယ် "


ထုံရွှယ်လူ "...…"


' ညွှန်ကြားရေးမှူးကောင်းရှင့်ပါးစပ်ကို အခုပိတ်လို့ရပြီ  '


ကံကောင်းစွာဖြင့် ယန်ကျိုးထမင်းကြော်သည် သူမ၏ ကျွမ်းကျင်မှု၌ ပါဝင်လေသည်။