အပိုင်း၂
Viewers 6k

Chapter 2



သွေးများက ၀မ်ယွီရဲ့လက်တွင်သာမက မျက်နှာများတွင်ပါ ပေကျံနေလေသည်။


အမှောင်ထုထဲမှ နီယွန်မီးရောင်အောက်တွင်မြင်နေရသည့် သူ့ပုံမှာ နတ်ဆိုးတစ်ယောက်ကဲ့သို့ထင်မှတ်စေရသည်။


သူ့လက်ကိုဝေ့ယမ်းလိုက်ကာ သူ့လူများအား ထိုလူ့ကိုလွှတ်ပေးစေသည်။ သူထိုင်ချကာ ထိုလူအားကော်လံအနောက်မှ ဆွဲမလျက်အဆောက်အဦး အစွန်းဘက်ဆီသို့ သူ့ကိုဆွဲခေါ်သွားလေသည်။


သူကကျိအန်းနဉ်ပြုတ်ကျသည့်နေရာနှင့် တစ်နေရာတည်းကို တိတိကျကျရွေးချယ်လိုက်တာပင်။


သူထိုလူကိုဆွဲမလိုက်ချိန်တွင် ထိုလူက အသံကျယ်ဖြင့်အော်ဟစ်တော့သည်။


"ဝမ်ယွီ ငါ့ကိုလွှတ်ပါ ငါ့ကို သနားသောအားဖြင့် လွှတ်ပေးပါကွာ"


ဝမ်ယွီ " မင်းကသူမကိုရော လွှတ်ပေးခဲ့ရဲ့လား သူမလည်းမင်းကိုတောင်းပန်ခဲ့တယ်လေ မဟုတ်ဘူးလား မင်း သူမကိုထွက်သွားခွင့်ပြုခဲ့လို့လား"


ထိုသူ၏ အသံကပြောင်းလဲသွားပြီး"ဒါက လူသတ်မှုနော် ဒါကလူသတ်မှုကွ..."


ဝမ်ယွီက နှာခေါင်းရှုံ့လျက်" ဒါကသွေးကြေးကို‌ သွေးနဲ့ပြန်ပေးဆပ်နေတာလေ...အခုဖြစ်နေသလိုမျိုး‌လေမဟုတ်ဘူးလား...မင်းကြောက်နေလား... မင်းသူ့မကိုတွန်းအားပေးခဲ့‌တုန်းက သူမဘယ်လောက်တောင်ကြောက်နေခဲ့မလဲ မင်းတွေးတောင်တွေးဖူးရဲ့လား..." သူကမေးလာသည်။


သူ့အသံက ပုံမှန်ဖြစ်နေပေမယ့် ရေခဲတုံးလိုမျိုး အေးစက်နေ၏။


"ငါမလုပ်ဘူး...သူမဘာသာ ပြုတ်ကျခဲ့တာ..."


ထိုလူက အသည်းအသန် သူ့ကိုယ်သူကာကွယ်ဖို့ ကြိုးစားနေသည်။


ဝမ်ယွီက တခဏတိတ်ဆိတ်သွားပြီးနောက် အမှောင်ထဲကနေ အေးစက်စက်ရယ်မောလိုက်သည်။


"မင်းလည်း အခု သူမလိုပဲလေ..."


သူ့ရဲ့လက်မောင်းကြွက်သားတွေကရုတ်တရက်တင်းကြပ်လာကာ အင်အားများပေါက်ထွက်ပြီး ထိုလူအား အပေါ်သို့ပင့်တင်ရင်းအပြင်ဘက်သို့ပစ်ပေါက်လိုက်တော့သည်။


ကျိအန်းနဉ်မကြည့်ရဲတာကြောင့် သူမမျက်လုံးတွေကို ကာလိုက်မိသည်။


သူကအမှောင်ထုထဲတွင်မတ်တပ်ရပ်နေပြီး ညလေတွေက သူ့မျက်နှာအားတိုက်ခတ်နေသည်။သူ့မျက်လုံးများက တွင်းနက်ကြီးလိုမျိုး ‌အဆုံးမရှိနက်မှောင်ကာ သိပ်သည်းနေ၏။


ကျိအန်းနဉ်မှာ ထိုမျက်လုံးများကြောင့်ဆွဲဆောင်ခံလိုက်ရပြီး အဝေးကိုအကြည့်မလွှဲနိုင်တော့ပေ။


သူဘာလို့ခုလိုလုပ်တာလဲ...


ဘယ်သူအတွက်လက်စားချေပေးခဲ့တာလဲ...


အဖြေကို သူမနှလုံးသားထဲကနေ ပြောနေခဲ့ပြီးသားပင်...


"မြန်မြန် ဒီနေရာကနေ ထွက်သွားရအောင်"


သူ့ရဲ့လူတစ်ယောက်က ဝမ်ယွီ့နားကပ်ကာ အသံတိုးတိုးဖြင့်ပြောလေသည်။လှေကားအောက်တွင် ပရမ်းပတာ မငြိမ်မသက်ဖြစ်နှင့်လေပြီ။


ဝမ်ယွီက ခဏမျှ ရပ်နေရာမှ လှည့်ထွက်ကာ သူတို့အနောက်မှလိုက်သွားလိုက်သည်။


သူတို့လှေကားထစ်မှတံခါးကိုတွန်းဖွင့်ကာ ဝမ်ယွီနှင့်အတူ နောက်ဖေးပေါက်မှ ထွက်ခွာသွားသည်။


သူက လှေကားထစ်ဘက်သို့လှမ်းနေရင်းမှ ရုတ်တရက် တံခါးနောက်သို့ပြန်လှမ်းလိုက်သည်။


ကျိအန်းနဉ်က သူ့အနောက်မှ လွင့်မျောနေရာမှ အခုချိန်တွင် သူမမှာ သူ့အရှေ့တွင် အေးခဲသွားရ၏။


ဝမ်ယွီရဲအကြည့်စူးစူးက ဗလာဖြစ်နေပြီး ညစ်ပတ်နေသည့်အမိုးပေါ်ဆီသို့ ဦးတည်နေတာကို သူမသိနေခဲ့သည်။သို့ပေမယ့်သူမက သူ့အရှေ့တွင်ရှိနေသဖြင့် ထိုအခိုက် အကြည့်ချင်းဆုံသွားကြသည်။


သူက သူမကိုကြည့်နေသလိုမျိုးပင်...


ငယ်ရွယ်ခန့်ညားလှတဲ့ အမျိုးသားရဲ့ခပ်ပါးပါးနှုတ်ခမ်းတစ်စုံက ခပ်ဖွဖွ လှုပ်ရှားသွားပြီး သူ့အသံက ကြားရုံလောက်သာကျယ်သည်။


ကျိအန်းနဉ်ရဲ့မျက်လုံးအစုံက ချက်ချင်းဆိုသလို ပြူးကျယ်သွားရသည်။


"ကိုယ်မင်းအတွက် လက်စားချေပြီးပြီ" 


သူ့အသံကနူးညံ့လျက်" အန်းနဉ်.."


သူကအသံတိုးတိုးဖြင့် သက်ပြင်းချလိုက်သည်။


သူခံစားချက်အာရုံကိုလျော့ချလိုက်ပြီးနောက် လှေကားထစ်ထဲဝင်ကာတံခါးကို အသံကျယ်မြည်အောင် ဆောင့်ပိတ်လိုက်တော့သည်။


ကျိအန်းနဉ်မှာ ထိုအသံကြောင့် နားစည်ကွဲသွားသည်ဟု ခံစားလိုက်ရသည်။မမြင်နိုင်သော အားတစ်ခုက သူမအား အချိန်ဝဲကတော့ထဲကို စုပ်ယူသွားသည်။


ဝဲကတော့ထဲမှာအချိန်တွေစီးဆင်းနေပြီး ပုံရိပ်တစ်ခုပြီးတစ်ခု ခုန်ထွက်လာသည်မှာ အိပ်မက်တစ်ခုကဲ့သို့ပင်။


သူမက သူထောင်ထဲဝင်သွားတာကိုမြင်လိုက်ရသည်။


လူငယ်တစ်ယောက်က ထောင်ထဲကသူ့ဆီလာရင်း နှာခေါင်းရှုံ့လျက်


" မျိုးရိုးနာမည် ကျိုးနဲ့လူကို ဘာအငြိုးရှိလို့များ ရုတ်တရက်သူ့ကိုသွားသတ်ရတာလဲ... မင်းကတော့ ရူးနေပြီ... တန်လား ...မိန်းမတစ်ယောက်အတွက်နဲ့လေ..."


သူက ထိုသူ့ကိုထူးမခြားနားသာကြည့်နေသည်။သူမသည် သက်လတ်ပိုင်လူကြီးက သူ့ကိုငေးကြည့်နေတာကိုမြင်ခဲ့သည်။


"ဖြစ်နိုင်ပါတယ် ဒီဘဝမှာ ငါတို့မှာ ရေစက်မရှိနိုင်ဘူး..."


သက်လတ်ပိုင်းလူကြီးက သက်ပြင်းချလိုက်သည်။သူကနှာခေါင်းရှုံ့လိုက်ပြီး သူ့မျက်လုံးတွေကမူ လှောင်ပြောင်မှုတွေဖြင့်သာပြည့်နေသည်။


သူထောင်ထဲက အိပ်ရာခပ်မာမာပေါ် အိပ်ရင်း အိပ်မက်ယောင်နေတာကိုမြင်ခဲ့ရသည်။


"အန်းနဉ်...အန်းနဉ်..."


သူမ သူ့ကိုငေးကြည့်ရင်း ထိဖို့လက်လှမ်းလိုက်ပေမယ့် သူမရဲ့ လက်တွေက သူ့ကိုကျော်ဖြတ်သွားခဲ့သည်။


နောက်ဆုံးမှာတော့ တရားစီရင်မဲ့နေ့ကို ရောက်လာခဲ့၏။


ကျိအန်းနဉ် သူ့ကိုကာစီးပြီးပွေ့ဖက်လိုက်သည်။


"အကယ်၍များ နောင်ဘဝမှာ...."


သူမမျက်နှာမှာ မျက်ရည်များစီးကျလာကာ " နင်နဲ့ ငါ...."


ငါတို့ဒီလိုမျိုးအဆုံးသတ်ကို ရှောင်လွဲနိုင်မလား...


ကျည်ဆံကတိတ်တဆိတ်ဖြင့် သူမရဲ့သာမန် ဝိညာဉ်ကိုယ်ထည်မှပေါက်ထွက်ကာ သူ့နှလုံးသားဆီကို ထိုးဖောက်သွားသည်။


အချိန်ဝဲကတော့က ရုတ်တရက် ဆူနာမီကဲ့သို့ ပေါက်ချလာကာ သူမနှင့် သူ့ရဲ့ ပုံရိပ်အားလုံးကိုဖြိုခွဲပစ်လိုက်သည်။


ကျိအန်းနဉ် သူမ အစိတ်စိတ်အမွှာမွှာဖြစ်ကာ ပြန့်ကျဲသွားသည်ဟုထင်လိုက်မိ၏။ သို့သော်သူမမျက်လုံးကို ဖွင့်လိုက်မိသည်နှင့် ကောလိပ်ပထမနှစ်ကို ပြန်ရောက်နေတာကို သိလိုက်ရတော့သည်။


ဘယ်အရာမှမစတင်ရသေးသော အချိန်ပင်။


"နဉ်နဉ်၊ နဉ်နဉ်မြန်မြန်ထဝောာ့ နောက်ကျရင် ဆရာမဆူလိမ့်မယ်လေ" အဘွားက ညဉ်းညူးနေ၏။


ကျိအန်းနဉ်က သူမအဖွားရဲ့လှုပ်နှိုးမှုကြောင့် လန့်နိုးလာသည်။


မနက်ခင်းတိုင်းမှာသူမရဲ့အဖွားကသာနှိုးတာကြောင့်သူမကနှိုးစက်မလိုအပ်ချေ။သူမက စိတ်ရောဂါသည်ဖြစ်နေတာတောင် သူမရဲ့ဇယားကတော့အမြဲမှန်နေလေသည်။သူမကနာရီကြည့်စရာပင်မလိုဘဲ မနက်ခြောက်နာရီဆိုသည်နှင့် ပုံမှန်အိပ်ယာကနိူးသည်။သူမဦးနှောက်ကအလိုအလျောက်အာရုံရနေပြီး အချိန်ရောက်ပြီဆိုသည်နှင့် သူမကို နှိုးဖို့အော်ဟစ်တော့သည်။


မည်သို့ပင်ဆိုစေ၊သူမရဲ့ မှတ်ညဏ်ချို့ယွင်းမှုကြောင့် မှတ်ညဏ်ဆုံးရှုံးနေရပေမယ့်လည်း သူမစိတ်ထဲ ကျိအန်းနဉ်ကအလယ်တန်းကျောင်းသူဖြစ်နေသေးပြီး နောက်ကျပါက အဆူခံရမည်ဟုသာတွေးနေလေသည်။


ကျိအန်းနဉ်က သူမရဲ့မျက်လုံးကို ပွတ်သပ်လိုက်ပြီး အိပ်ရာမှထထိုင်ကာ မြန်မြန်‌မျက်နှာသစ်ပြီး အဝတ်အစားလဲလိုက်သည်။


သူမရဲ့အဖွားစားဖို့အတွက်မနက်စာကို မီးဖိုချောင်‌တွင်ပြင်ဆင်နေလေသည်။အဖွားတွင် ရောဂါအများအပြားရှိနေ၍သင့်တင့်လျောက်ပတ်အောင် ဆီ၊သကြား၊ဆား စသဖြင့် ပါ၀င်ပစ္စည်းကိုတင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန်လိုအပ်ပေသည်။ကျိအန်းနဉ်က တိတ်ဆိတ်စွာပင် ထမင်း၊ဟင်း ချက်‌ပြုတ်နေလိုက်သည်။


သူမက အဖွားအတွက်စားစရာကို အပူခံသေတ္တာနှစ်ဘူးထဲတွင်ထည့်၍ စားပွဲပေါ်တွင်တင်ထားသည်။ရေနွေးပူကိုလည်း ဓာတ်ဘူးထဲထည့်ကာ တစ်ခါတည်း အအေးခံထားလိုက်သည်။


ကံကောင်းစွာဖြင့်၊ သူမကမှတ်ဉာဏ်ရှုပ်ထွေးနေသော်ငြားလည်း သူမကိုယ်ကိုကိုယ် ဂရုစိုက်နိုင်နေဆဲဖြစ်ပြီး ရေချိုးခန်းသို့လည်းကိုယ်တိုင်သွားနိုင်လေသည်။


ကျိအန်းနဉ်က အချဉ်ဖောက်ထားတဲ့ တို့ဟူးနှင့် ပေါင်းပြီးသားဘိန်းမုန့်ကို ရေဖြင့်မျှောချပြီး သူမရဲ့မနက်စာကိုအပြတ်ဖြတ်လိုက်သည်။သူမညနေအိမ်ပြန်ရောက်လျှင် ဘေ‌စင်ကပန်းကန်တွေကိုဆေးကြောရမည်။


သူမ မထွက်သွားခင်မှာ မီးခိုချောင်တံခါးကို သေချာ ပိတ်လိုက်သည်။


တံခါးသာမပိတ်ထားပါလျှင် သူမအဖွားက မီးဖိုခန်းထဲတွင် ဟင်းချက်ဖို့ကြိုးစားလိမ့်မည်ဖြစ်ပြီး အခက်မသင့်ပါက မီးလောင်သွားနိုင်သည်။


တစ်ခါကလည်း ယခုလိုမဖြစ်ခင် သူမအိမ်သို့ကြိုပြန်ရောက်နေသဖြင့် အချိန်မှီမီးငြှိမ်း၍ အန္တရာယ်မဖြစ်အောင် လက်မတင်လေးတားဆီးနိုင်သွား၏။


"ပင်ပန်းလာရင် ‌ထမင်းစား၊ ရေသောက်နော်...ရေချိုးပြီးရင်လည်းရေသုတ်ဖို့သတိရ ပြီးရင် အိမ်သာရေဆွဲချနော်..."သူမကအဖွားရဲ့မျက်နှာကိုနမ်းရင်း သေချာသတိပေးလိုက်သည်။


သူမက အပြင်ရောက်သွားပြီးမှထွက် သူမအဖွားဆီသို့တဖန်ပြန်ပြေးလာကာ အားရပါးရပွေ့ဖက်လိုက်သည်။အဖွားက အပြုံးလေးဖြင့်သူမကို ညင်ညင်သာသာလေးပြန်ဖက်လာသည်။


ကျိအန်းနဉ် ဝမ်းနည်းသလို ခံစားလိုက်ရသည်။


ယနေ့ခေတ်ရဲ့ဆင်းရဲဒုက္ခတွေကို အဖွား မသိနိုင်အောင် မှတ်ဉာဏ်ချို့ယွင်းနေတာက အဖွားအတွက် တစ်မျိုးတစ်ဖုံ ကောင်းသွားစေသည်။အတိတ်ကပျော်စရာအချိန်တွေကိုသာ မှတ်ဉာဏ်ထဲစွဲထင်ကျန်ရှိနေတာက အရာရာကို မှတ်မိပြီး နာကျင်ခံစားနေရတာထက်စာလျှင် ပိုကောင်းပေသည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က၊ သူမနိုးထလာချိန်တွင် သူမက ကောလိပ်ပထမနှစ်ကျောင်းသူသာဖြစ်နေသေးကြောင်း သတိပြုမိလိုက်သည်။ရှော့ခ်ရသွားပြီးနောက်၊ သူမက အရာရာကိုအစမှပြန်စနိုင်မည့် အခွင့်‌အရေးပေးတဲ့အတွက် ဘုရားသခင်ကို အရမ်းကိုကျေးဇူးတင်မိသွား၏။


အခုချိန်ကစပြီး သူမပိုပြီးဂရုတစိုက်ဖြင့် ကောင်းကောင်းမွန်မွန်ရှင်သန်ရမည်။


ယခုအိမ်သည် ဟိုးအရင်ချိန်တုန်းက တက္ကသိုလ်တစ်ခု၏အဆောက်အဦးဌာနဟောင်းသာဖြစ်သည်။ယခုအိမ်က အရမ်းအိုဟောင်းနေပြီး တဖြည်းဖြည်းတစ်စစီယိုယွင်းလာနေပြီပင်။နဂိုမူလက ယင်းမှာ ကျောင်းထဲတွင်တည်ရှိသော်လည်း မြို့ပြရဲ့ဆယ်စုနှစ်အတောအတွင်း တိုးတက်ပြောင်းလဲမှုကြောင့် လမ်းတွေဆောက်‌ကာ ကျောင်းဝန်းနှင့် ဌာနအဆောက်အဦးကို အလယ်မှပိုင်းခြားပြီး တက္ကသိုလ်၏ အပြင်ဘက်တွင် ပြောင်း‌ေရွှ့စေလိုက်လေသည်။


နောက်ပိုင်းတွင်တက္ကသိုလ်က လူမှုဖူလုံရေးအိမ်ရာသစ်တစ်ခုကိုဆောက်လုပ်ခဲ့ပြီး ဆရာအတော်များများက ထိုမှနှုတ်ထွက်သွားကြသည်။ကျန်ရှိနေခဲ့တဲ့သူတွေမှာလည်းတက္ကသိုလ်တွင် အပြင်းအထန်ကြိုးစားနေကြသူများနှင့် အသစ်ရောက်ရှိလာသောဆရာများသာဖြစ်သည်။


အနည်းငယ်ခက်ခဲနေသော မိသားစုအခြေအနေရှိသဖြင့် အထူးဂရုစိုက်ပေးရန်လိုအပ်နေသည့်ကျိအန်းနဉ်အတွက် တက္ကသိုလ်ကအိပ်ခန်းတစ်ခန်းပါ တိုက်ခန်းငယ်လေးကိုပေးသည်မှာ အလွန်ကြီးမားသော ဂရုဏာတရားကိုပြ‌သနေပေ၏။


တိုက်ခန်းလေးက စတုရန်းမီတာသုံးဆယ်သာရှိနေသောငြား မီးဖိုချောင်နှင့် ရေချိုးခန်းပူးတွဲပါရှိ‌နေရာ တိုက်ခန်းငယ်အနေဖြင့်အရမ်းပြည့်စုံပေသည်။ကျိအန်းနဉ်က ယင်းနှင့် ပတ်သက်ပြီးအလွန်ကျေးဇူးတင်နေမိသဖြင့် ကျောင်းက ခေါင်းဆောင်များကို အကြိမ်ကြိမ်ဦးညွှတ်ခဲ့ရသေးသည်။


နောက်ပိုင်းတွင် နိုင်ငံပိုင် သတင်းစာတွင်သူမ၏ ဓာတ်ပုံများအတင်ခံရလေသည်။


နောက်ပိုင်းအတန်းဖော်များက သူမအားမြင်ပါက သူမအားညွှန်ပြ၍ပြောကြသည်က "ကြည့်စမ်း... သူမက အထူးလိုအပ်နေတဲ့ ကျောင်းသူလေ..."


ကျိအန်းနဉ်က စားသောက်ဖို့နှင့် ရှင်သန်နေထိုင်ဖို့လောက် ယင်းတို့ကအရေးမကြီးတာကြောင့် ဒါတွေကိုဂရုမစိုက်ချေ။


ကျိအန်းနဥ်တစ်ယောက် လမ်းလျှောက်နေရင်းဖြင့် စိတ်ပျံ့လွင့်စပြုလာသည်။သူမသေပြီးနောက် တမလွန်မှာ နှစ်ဘယ်လောက်လွင့်မျောနေမှန်းမသိတော့ပေ။ပထမဆုံးအနေဖြင့် သူမအကြောင်းပြောတာတွေနားထောင်ရင်း သူမကစိတ်ဓာတ်ကျစွာလွင့်မျောနေခဲ့ရသည်။အချိန်တွေကုန်ဆုံးသွားသည်နှင့်အမျှ သူမကိုလူတွေ‌ပြောဆိုနေတာက တဖြည်းဖြည်းရပ်တန့်သွားပြီးသူမတည်ရှိမှုကလည်း အမေ့လျော့ခံဖြစ်လာ၏။လူတစ်ယောက်ယောက်ကသူမနာမည်ကိုခေါ်မိပါလျှင် တချို့တလေကခဏတဖြုတ်အမှတ်ရမိပြီး ခေါ်သူမရှိပါက သူမကိုလုံး၀မှတ်မိကြလိမ့်မည်မဟုတ်ပေ။


ပြန်လည်ဝင်စားခြင်းနောက်ပိုင်း၊ သူမကအလျင်အမြန်နေသားကျလာသည်။


ကျောင်းသားဘဝဟာ တကယ့်ကိုရိုးရှင်းပြီး တစ်နေကုန်‌ စာလေ့လာမယ်၊စားမယ်၊အိပ်မယ်ဖြင့်သာ ကုန်ဆုံးနေရတာပင်။မည်သို့ပင်ဖြစ်စေ သူမကမူအခြားသူများနှင့်မတူပေ။ သူမတွင် ငွေရရှိရန်အတွက်အချိန်ပိုင်းအလုပ်များစွာရှိလေသည်။ကျောင်းကသူမ၏ကျုရှင်စရိတ်ကိုသက်ညှာထားပေးသော်လည်း သူမကိုယ်သူမထောက်ပံ့ရန်နှင့် သူမအဖွား၏ဆေးဖိုးအတွက် ငွေလိုအပ်နေဆဲဖြစ်၏


ယနေ့‌တွင်လည်း အတန်းနောက်ဆုံးချိန်မပြီးသေးသော်လည်း ကျိအန်းနဉ်က နောက်ဖေးတံခါးပေါက်မှခိုးထွက်၍ ကန်တင်းသို့အသော့လေးအပြေးနှင်လိုက်သည်။


"အဒေါ်ကြီး အမဲသားထမင်းကြော်ရယ်...ကြက်စွပ်ပြုတ်၊ပဲတီစိမ်းကြော်နဲ့ ထမင်းလွတ်တစ်ပွဲရယ်...ထမင်းကြော်နဲ့ ခေါက်ဆွဲရယ်..ငရုတ်သီးစိမ်း ဝက်သားစဉ်းကောရယ်ပေးပါ..."


သူမအစောကြီးရောက်သွားသော်လည်း ကန်တင်းမှာလူအချို့ရှိနေသည်။သူမက အပေါက်ဝရှေ့သို့အပြေးအလွှားသွားကာ ကာစတန်မာတွေ ဝယ်ယူမှုကို ကူညီပေးရန် အစားအစာကိုအလျင်စလိုထုတ်ပိုးနေလိုက်သည်။ထိုအချိန်မှာပင်၊ မြို့တွင်စုဝေးနေသောဇွန်ဘီများကဲ့သို့ ကန်တင်းထဲသို့ကျောင်းသားအမြောက်အများစုဝေးလာကြပြီး သူမမှာယူထားသော ဟင်းလျာများမှာမူအသင့်ဖြစ်နေချေပြီ။


ကျိအန်းနဉ်သည် သူမအနောက်ဘက်တွင် ဟင်းသီးဟင်းရွက်များဝယ်ရန်ဈေးရှိအဒေါ်ကြီးများ အသုံးပြုသည့် ဈေးနှင့်သင့်လျော်သော အထည်အိတ်နှစ်ခုဖြင့် ထမင်းဘူးများကိုတစ်ခုချင်းစီ ဂရုတစိုက်ထည့်ပြီးနောက် သူမက လူလာရာဆန့်ကျင်ဘက် အိပ်ဆောင်ဆီသို့ပြေးတော့သည်။


ကျောင်းက အရောက်ပို့ဝန်ဆောင်မှုကိုခွင့်မပြုသဖြင့် အစားအသောက်မှာယူသူတွေက လာယူဖို့အတွက်ဂိတ်သို့သွားရလေသည်။ကျိအန်းနဉ်က ကျောင်းဖိုရမ်တွင် ကြော်ငြာတစ်ခုတင်လိုက်ပြီး အမျိုးသမီးအဆောင်မှ မှာယူလိုသူတိုင်းအတွက် အော်ဒါတစ်ခုလျှင် ယွမ်အနည်းငယ်အပိုတောင်းကာ အချိန်ပိုင်းDeliလုပ်လေသည်။


တချို့ကလူစည်ကားတဲ့ ကန်တင်းကိုရှောင်ရှားပြီး ကောင်းကောင်းစားရမှာဖြစ်၍သဘောကျကြပြီး တချို့ကမူ သူတို့အဆောင်ရှိ ရှိပြီးသားအစားအသောက်ဖြင့် တွဲဖက်စားသောက်ရမှာဖြစ်၍ နှစ်ခြိုက်လေသည်။


[ T/N - ဒီနေရာမှာ တွဲဖက်စားသောက်တယ်ဆိုတာ အိမ်ကလုပ်လာတဲ့ ငပိကြော်၊ ငါးခြောက်ကြော်လိုမျိုးနဲ့တွဲစားရတာကိုပြောတာပါ ဆယ်ကျော်သက်အရွယ်လေးတွေဆိုတော့ လူကြားထဲဘူးကြီးဆွဲပြီးလည်းမသွားချင်ကြဘူးလေ အခုလို နဥ်နဥ်ကDeliပို့ပေးနေတော့ အဆင်သင့်သွားတယ်လို့ ပြောချင်တာပါ ]


လူ့အဖွဲ့အစည်းထဲတွင်ဝန်ဆောင်မှုလုပ်ငန်းအတွက် ငွေပေးချေဖို့ဆန္ဒရှိသော လူများ အမြဲလိုလိုရှိလေသည်။ကျိအန်းနဉ်သည် သူမမသေဆုံးခင်အထိ ထိုအလုပ်ကိုဆက်လုပ်ရန်ဆန္ဒရှိခဲ့ပြီး ထိုကာလအတွင်းဖောက်သည်တွေအတော်များများလည်းရခဲ့လေသည်။


သူမရဲ့ပိန်ပါးသောလက်မောင်းနှင့်ခြေလက်များက အလွန်ကြီးမားတဲ့ အထည်အိတ်နှစ်လုံးကို သယ်ဆောင်ရင်း လှေကားထစ်ကိုတက်ကာ တစ်လွှာပြီးတစ်လွှာ သူမ ဖောက်သည်များရဲ့ အိပ်ဆောင်အပေါက်၀သို့ အစားအသောက်များအရောက်ပို့ပေးနေသည်။သူမကချွေးအလွန်အကျွံ့ ထွက်နေသော်ငြား ဤအလုပ်လုပ်ရင်း သူမနှင့်သူမအဖွားတို့ရဲ့နေ့စဉ်စားသောက်စားရိတ်ကို စီမံနိုင်ပေသည်။


သူမပြန်ရောက်ချိန်တွင် လူကျချိန်ပြီးဆုံးသွား၍ ဇွန်ဘီလူအုပ်ကြီးမှာ ပြန့်ကျဲသွားချေပြီ။ကန်တင်းတစ်ဝက်က ဗလာဖြစ်နေပြီးကျန်ရှိသောလူများကလည်း ထိုင်ရင်းဖုန်းကြည့်နေတာမျိုး သို့မဟုတ် အစားစားပြီးနောက် သောက်စရာမှာနေသောလူများသာ ရှိတော့သည်။


ကျိအန်းနဉ်က ပြတင်းပေါက်လေးနားသွားကာမေးလိုက်သည်။


"ကျေးဇူးပြု၍ဟင်းနုနွယ်ကြော်နဲ့ ကြက်ဥဟင်း တစ်ပွဲပေးပါ အဒေါ်..."


အဒေါ်ကြီးက သူမ၏သွားကိုသွားကြားထိုးတံဖြင့်ကလိနေရင်းမှ မေးလေသည်။


"တခြား ဘာယူဦးမလဲ"


"မယူတော့ဘူး...ဒါပါပဲ...." ကျိအန်းနဉ်က ပြန်ဖြေလိုက်သည်။


အဒေါ်ကြီးက သွားကြားထိုးတံကိုကိုက်၍ သူမအားစူးစိုက်ကြည့်လေသည်။


အဒေါ်ကြီးကသူမဘာသာ တွေးမိရသည်- ဒီကောင်မလေးရဲ့ အသားအရေကလှပပြီး မေးစေ့ချွန်ချွန်နဲ့ မျက်အိတ်ညိုညိုလေးတွေရှိပေမယ့် ပိန်လွန်းလို့ အရိုးစုသရဲမနဲ့တူနေပြီ...ပြီးတော့ အဲ့ဒီညှပ်ရိုးတွေကိုကြည့်စမ်းပါဦး...


အဒေါ်ကြီးက သူမအားဟင်းချပေးရင်းညဉ်းညူလေသည်။


"ကလေးမလေး ညဉ်းတို့ကဘယ်ကပိုကောင်းမှန်းမသိဘူးပဲ....အမြဲတမ်းဝိတ်ချနေကြတယ်...အသားမရှိ အရိုးဖြိုင်းဖြိုင်းဖြစ်နေတာနဲ့ ကြိုက်စရာဘာများရှိလဲ...ငါ ညဉ်းကိုပြောမယ် ကလေးမ ညဥ်းကြည့်ရတာ ဖြူလျော်ပြီးပိန်လိန်နေတာပဲ..."


ကျိအန်းနဉ်က ဝိတ်ချနေခြင်းမဟုတ်ပေ၊ သူမက ငွေစုဆောင်းနေခြင်းသာဖြစ်၏။



xxxxxx