အပိုင်း၃
Viewers 7k

Chapter 3



စက်တင်ဘာလဝက်သို့ရောက်ရှိနေပြီဖြစ်သော်လည်း သူမက အဒေါ်ကြီးနှင့်မရင်းနှီးသေးပေ။သို့သော်ပြန်မွေးဖွားလာသူအနေဖြင့် အဒေါ်ကြီးကလူကောင်းဆိုတာ သူမသိနေသည်။


"ကျေးဇူးပါ အန်တီလီ..."


သူမကချိုချိုသာသာလေး ပြောလိုက်သည်။


"ကျေးဇူးပြုပြီးသမီးကြက်ဥနည်းနည်းလောက်ထပ်ရနိုင်ဦးမလား..."


ကျောင်းသားအများစုက စားပြီးသည်ဖြစ်၍ လူအများကြီး ဒီနေရာတွင်မရှိတော့ပေ။


အဒေါ်လီမှာ သူစိမ်းတစ်ယောက်က သူမနာမည်ကိုသိနေသဖြင့် အံ့ဩသွားသည်။ မည်သို့ပင်ဆိုပါစေ လူအများက သူမမျိုးရိုးနာမည်ကိုခေါ်ကြသည်ဖြစ်၍ သိပ်အထူးအဆန်းတော့မဟုတ်ချေ။သူမက ကျိအန်းနဉ်ကိုကြည့်ရင်း ညဉ်းညူးနေသော်လည်း ပန်းကန်ထဲကြက်ဥများ ထပ်ထည့်ပေးလေသည်။


ကျောင်းအပေါက်၀နှင့်နီးသည့် နေရာမှအစားအစာများက ဈေးနည်းသဖြင့် အရင်ဘ၀ကကျိအန်းနဉ်သည် မကြာကြာ ဒီမှာစားဖို့လာဝယ်လေ့ရှိသည်။


အစပထမတုန်းကမူ အဒေါ်လီက သူမသည် အာဟာရပြည့်ဖို့ထက် ရုပ်ရည်ကိုသာ ဂရုစိုက်တတ်သောမိန်းကလေးတွေထဲကတစ်ယောက်လို့သာထင်နေခဲ့သည်။နောက်ပိုင်းတွင် ကျောင်းသူလေးကျိအန်းနဉ်က ငွေကြေးခက်ခဲတာကြောင့် ဈေးပေါသည့်ဟင်းများသာ ဝယ်လေ့ရှိတာကို နားလည်သွားသည်။ထိုကြောင့် သူမကို ဟင်းချပေးတိုင်း အဒေါ်လီက သူမပန်းကန်ထဲ ဇွန်းတစ်ဝက်ကျော်ပိုထည့်ပေးလေ့ရှိ၏။


သူမဝိညာဉ်မြောနေချိန်တွင် အန်တီလီက သူမအားတစ်ကြိမ်ခေါ်မိခဲ့လေသည်။ကန်တင်းမီးဖိုချောင်ထဲမှသူတွေက ကျောင်းသားတွေအတွက် နေ့လည်စာပြင်ဆင်ရင်းကျောင်းပြင်တွင်သေဆုံးခဲ့သော မိန်းကလေးတစ်ယောက်အကြောင်း အတင်းပြောကြလေသည်။


လေထုထဲမှာ လွင့်မျောနေရင်း အန်တီလီက သူမရဲ့ မီးဖိုချောင်အကူကိုအော်နေတာကို သူမကြားလိုက်ရသည်။


"ငါမယုံဘူး...ရှောင်ကျိက ဒီလိုကလေးမျိုးမဟုတ်ဘူး...အဓိပ္ပါယ်မရှိတာပြောနေတာကို ရပ်လိုက်..."


ကျိအန်းနဉ်သည် သူမရဲ့ပန်းကန်ထဲက အစိမ်းရောင်နှင့်အဝါရောင်ရှိသော စားစရာများကို ကြည့်လိုက်မိပြီးနောက် အဒေါ်လီကို ချိုချိုသာသာပြုံးပြလိုက်ပြီး စားပွဲရှာရန်တစ်ဖက်သို့လှည့်လိုက်သည်။


အဒေါ်လီကမူ ဝင်ပေါက်ဆန့်ကျင်ဘက်ခြမ်းကိုမှီရပ်ပြီး သွားကြားထိုးနေသည်။


အကူလူငယ်က သူမနားချဉ်းကပ်လာပြီး ပြောလေသည်။


"သူမက ပထမနှစ် ကျောင်းသူမလား....သူမကတကယ်ကိုလှလွန်းတယ်..."


အဒေါ်လီက  သွားကြားထိုးတံကိုကိုင်ကာ နှာခေါင်းရှုံ့လိုက်သည်။


"သူမကအရမ်းပိန်နေတာမှ သရဲလိုတောင်ဖြစ်နေပြီ....ဘာလို့အခုခေတ်မိန်းကလေးတွေများ အရိုးပေါ်အရေတင်ပဲရှိတာကိုကြိုက်ကြလဲမသိ..."


အကူလူငယ်က အဒေါ်လီ၏ခါးတုတ်တုတ်ကိုတစ်ချက်ကြည့်ပြီးစိတ်ပျက်စရာကောင်းသလို ခံစားလိုက်ရသည်။ သူက ရုတ်တရက်အပေါက်ဝနားက မိန်းမလှလေးရဲ့ပုံရိပ်ကိုလှမ်းကြည့်ရင်းသူ့ရဲ့မျက်လုံးကို တဖန်ပြန်သန့်စင်လိုက်သည်။


"ဟမ်..."ရုတ်တရက် သူက အံ့ဩသွားပြီး အသံကျယ်မိသွားသည်။


"သူမက ဟိုကျောင်းသူလေးမလား..."


အဒေါ်လီက သူ့အကြည့်တိုင်းလိုက်ကြည့်ရာ ပိန်ပါးပြီးဖြူဖျော့နေတဲ့မိန်းကလေးက အလကားရသည့် ယာဂုကိုပန်းကန်လုံးထဲထည့်နေတာကို မြင်လိုက်ရသည်။


သူမကတစ်ခဏလောက် ရပ်တန့်သွားရသည်။ယာဂုက အလကားလိုပြောထားသော်လည်း အမှန်ကမူ တကယ့်ကို နွမ်းပါးနေသောသူများကို ကူညီပေးရန်သာဖြစ်သည်။


"ငါက သူမအဝတ်အစားတွေကို ခေတ်ဟောင်းဖက်ရှင်တွေလို့ပဲထင်နေခဲ့တာ...ဒါ‌ေပမယ့်တကယ်တမ်းကျတော့....." သူမညဉ်းညူလိုက်မိသည်။


သူမ‌က ကောင်မလေးဘာကြောင့် ဟင်းနုနွယ်နှင့် ကြက်ဥကြော်ပဲလိုချင်နေရသလဲဆိုတာ နားလည်သွားချေပြီ။


ဟုတ်သည်...ယာဂုအလကားပေးခြင်းနှင့် အလွန်နွမ်းပါးနေသော‌ သူများကို အထူးအလေးပေးတာကလည်း ကျောင်း၏ဂုဏ်သတင်းတိုးတက်စေဖို့အတွက် သတင်းစာထဲ လူသိရှင်ကြား‌ဖော်ပြရန်သာဖြစ်သည်။ဤသည်မှာ ဟန်ပြသက်သက်မဟုတ်ကြောင်းနှင့် ယာဂုအလကားပေးခြင်းသည် ‌ကျောင်းလူကြီးတွေရဲ့ သဘောထားကြီးသည့်အသိစိတ်ဓါတ်ကိုထင်ဟပ်စေခြင်းသာဖြစ်သည်။


သူတို့ကျောင်းမှယာဂုမှာ တကယ်ကိုပျစ်နှစ်ပြီး နေ့လယ်စာအဖြစ်စားနိုင်ကာ စားပြီးပါကလူကို အစစ်အမှန်ဗိုက်ပြည့်စေသည်။


ထိုကြောင့် အသိစိတ်ဓါတ်လို့ခေါ်ရခြင်းပင်။


ကျိအန်းနဉ်က ဇွန်းကိုကောက်ကိုင်လျက် ယာဂုစတင်စားသုံးရန်ခေါင်းငုံ့လိုက်လေသည်။


ထိုအချိန်တွင် အသုံးပြုထားပြီးသား တစ်ရှုးတစ်ရွက်က ယာဂုဟင်းရည်ဆီသို့ လျှပ်တစ်ပြက် ဆင်းသက်လာလေသည်။ယာဂုက အရမ်းပျစ်နေသဖြင့် တစ်ရှုးမှာ ရုတ်တရက်နစ်မ၀င်သွားဘဲ ယာဂုမျက်နှာပြင်ပေါ်မှာသာရှိနေလေသည်။


ကျိအန်းနဥ်မှာ မျက်လုံးများပြူးကျယ်သွားရကာ စိတ်ထဲမှလည်းအလင်းတစ်ချက်လက်သွားလေ၏။


သူလာနေပြီပဲ...


လူ့ဦးနှောက်က ကွန်ပျူတာကဲ့သို့ လမ်းညွှန်ချက်တွေဖြင့်ရှာဖွေကာ ဖိုင်တစ်ခုချင်းစီ သက်သက်ရှင်းရှင်းလင်းလင်းစာရင်းပြုစုထားတာမျိုးနှင့် မတူပေ။မှတ်ဥာဏ်တွေကို ဦးနှောက်ထဲမှာသာ ထာ၀ရသိမ်းဆည်းထားပြီး သူတို့ကိုအလေးမထားလျှင် သို့မဟုတ် သူတို့အကြောင်းမတွေးလျှင် ထွက်ပေါ်လာမည်မဟုတ်။မင်းသာ ထိုအချိန်ကိုမှတ်မိနေလျှင် သို့မဟုတ် တွေ့ချင်လာလျှင် သို့မဟုတ် ဆက်စပ်နေသော အမှတ်တရတွေကိုအစပျိုးမိလျှင် ယင်းနှင့်ဆက်စပ်နေသည့် အချက်အလက်တွေကိုအမှတ်ရသွားမည်သာ။


ကျိအန်းနဉ်မှာ ပြန်မွေးဖွားလာတည်းက အတိတ်မှ ရက်တချို့ကို ပြန်လည်ချိန်ညှိယူနေခဲ့တာဖြစ်၏။


ပြန်လည်မွေးဖွားပြီးနောက်၊ သူမဘ၀တွင် ဂရုစိုက်သောလူ နှစ်ယောက်သာရှိပြီး တစ်ယောက်က သူမအဖွားဖြစ်ကာ တစ်ယောက်ကမူ.....။


သူမ ယခုချိန်မှာ သူနှင့်ဘယ်လိုမျိုးတွေ့ဆုံရမလဲ သို့မဟုတ် သူနှင့်ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မဆုံးဖြတ်ရသေးချေ။


ကျောင်းကအတော်ကြီးသဖြင့် သူမနှင့်သူ ကျောင်းမှာတွေ့ဖို့မဖြစ်နိုင်ပေ။သူမသည် အစကတော့သူနှင့်မတွေ့ခင် အချိန်အနည်းငယ်လောက်သေချာယူပြီး သူနဲ့တွေ့ဖို့စီစဉ်ထားခဲ့၏။


ယခုချိန်တွင်မူ သူမက တစ်ရှုးဖတ်ယာဂုထဲပြုတ်ကျလာတာ‌ကိုမြင်တော့ ဝမ်ယွီသူမရဲ့ယာဂုပန်းကန်အစွန်းဘက်ကိုထိ၍ ‌နှောင့်ယှက်တာကိုသတိရသွားသည်။


သူမ အနောက်ဘက်မှရီသံနှင့် အော်သံများကျိန်းသေပေါက်ထွက်‌လာတော့သည်။


"အို့စ် ငါကဒါကို ယာဂုပန်းကန်အိုးထဲပစ်လိုက်တာ ဆောရီးပါဆောရီးပါ..."


သူမလှည့်ကြည့်စရာမလိုအောင် ကျောင်းတွင် ဝမ်ယွီအနား၌ လူအုပ်စုလိုက်ရှိနေတတ်တာကို သူမမှတ်မိသည်။


သူရောက်လေရာ သူ့ပတ်ဝန်းကျင်တွင် လူတွေအမြဲဝိုင်းအုံနေတတ်သည်။


သူမက တစ်ရှုးကို‌ဆွဲထုတ်ပြီးကြည့်လိုက်ရာ ယင်းကတွန့်ကြေနေကာ ယာဂုပန်းကန်ထဲမှထွက်လာသဖြင့် ယာဂုတွေပေကျံနေပြီး အနီးနားရှိ အမှိုက်ပုံးထဲကို ကျွမ်းကျွမ်းကျင်ကျင်ပစ်ထည့်လိုက်သည်။ထို့နောက်တွင် ညစ်ပတ်သွားသောယာဂုကိုအမှိုက်ပုံးထဲသွန်လိုက်ပြီး ယာဂုပန်းကန်ထဲအသစ်ပြန်ဖြည့်၍ သူမနေရာသို့ပြန်လျှောက်လာလိုက်၏။


ယောင်္ကျားလေးအုပ်စုက ရယ်မောနောက်ပြောင်နေရာမှ တိတ်ဆိတ်သွားတော့သည်။


ကျိအန်းနဉ်က သူတို့သူမကိုကြည့်နေဆဲဆိုတာကို သူမသိသည်။သူတို့မျက်လုံးထဲတွင် ယာဂုက"စွန့်ပစ်ပစ္စည်း"သာသာဖြစ်ပြီး သူတို့ ဘယ်တော့မှစားမည့်အရာမျိုးလည်းမဟုတ်ပေ။သူမလုပ်ရပ်က သူတို့အတွက်မယုံကြည်‌နိုင်အောင်ဖြစ်နေလောက်ပေသည်။


သို့သော် ၎င်းက ဗိုက်အဆာခံခြင်း သို့မဟုတ် အစားအသောက်အတွက် ငွေကုန်ကြေးကျ ပိုများတာထက်စာလျှင် ပိုကောင်းလေသည်။


သူမ၏အတိတ်ဘဝတွင် ဝမ်ယွီက ရုတ်တရက်ပေါ်လာကာစကားပြောမည်ဖြစ်ပြီး သူမကမူ ယာဂုပန်းကန်ထဲမှ စက္ကူကိုဗလာမျက်လုံးဖြင့်ကြည့်နေလျက် ဘယ်လိုလုပ်ရမယ်မှန်းမသိဖြစ်နေခဲ့၏။


သို့သော် ယခုဘဝမှာသူမက မတူညီစွာတုံ့ပြန်ခဲ့လေရာ ယာဂုပန်းကန်က စားပွဲပေါ်မရောက်မှီ သူမလက်ကောက်ဝတ်ကို လက်တစ်ဖက်ကလှမ်းဆွဲလိုက်လေသည်။


"အတန်းဖော်ရဲ့ ယာဂုကထပ်ပြီးစားလို့မရတော့ဘူး...."


ဩရှရှယောင်္ကျားအသံပိုင်ရှင်ကပြောလာသည်။


ကျိအန်းနဉ်ကခေါင်းလှည့်၍ နက်မှောင်နေတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်တဲ့သူဖြင့် အကြည့်ချင်းစုံလိုက်သည်။


လူသတ်နေတဲ့အချိန်တုန်းမှာ ထိုမျက်လုံးတွေက မှင်ကဲ့သို့မဲနက်နေပြီး လူတွေကိုအဆုံးမဲ့ကြောက်ရွံ့သွားစေသည်။


သို့သော် ကျိအန်းနဉ်ရဲ့အရင်ဘ၀ကမှတ်ညဏ်တွေထဲတွင် ဒီမျက်လုံးတွေက မာနကြီးပြီးရိုင်းပျစွာဖြင့် သူမအနောက်သို့သာ မဆုတ်မနစ်ကပ်တွယ်နေခဲ့သည်။


ယခုချိန်တွင်မူ ကျိအန်းနဉ်သည် ဝမ်ယွီအပေါ်ကို စိတ်ပူပန်နေမိပြီး သူမနှလုံးသားထဲအထိ သူ့ကို စိုးရိမ်နေမိသည်။သူမရဲ့အရင်မှတ်ညဏ်ထဲတွင် သူ့အားအမြဲ သူမကနှိမ့်ချပြီးသာ ကြည့်ခဲ့သည်။


မည်သို့ပင်ဖြစ်စေ၊ ယခုသူမကခေါင်းလှည့်ပြီးကြည့်လိုက်ချိန်တွင် ဝမ်ယွီ၏မျက်ဝန်းတစ်စုံကိုမြင်လိုက်ရပြီး တဆက်တည်းဆိုသလို ကြယ်တွေလို တောက်ပပြီး အကျွင်းမဲ့ကျွမ်းလောင်နေလိုသောမီးတောက်ကိုပါ မြင်တွေ့လိုက်ရ၏။


သူက သူမကိုငေးကြည့်နေပြီး သူ့မျက်လုံးတွေကအံ့ဩနေမှုနှင့်အတူ တချို့သောဆန္ဒများစွာကိုပါ ပြသနေသည်။


ကျိအန်းနဉ်မှာကြောင်အသွားသည်။ထို့အပြင် သူက သူမအားစူးစိုက်ကြည့်နေရာ သူမတစ်ကိုယ်လုံး နေရင်းထိုင်ရင်းပူလောင်လာရသည်။


ကျိအန်းနဥ်က ဝမ်ယွီ၏ မျက်လုံးနက်နက်တွေကိုစိုက်ကြည့်ရင်း ပြောစရာစကားမဲ့နေရသည်။


သူမမျက်နှာကို မိတ်ကပ်မလိမ်းထားပေမယ့် သူမမျက်၀န်းတွေက ရွှန်းစိုနေပြီး သူမမျက်နှာကမူ မက်မွန်ပွင့်လေးလို လှပပြီး အလွန်ကျက်သရေရှိနေသည်။သူမရဲ့ နှင်းလိုဖြူဖွေးနေတဲ့ လည်ပင်းသွယ်သွယ်လေးနှင့် ထင်ရှားသိသာလွန်းလှတဲ့လိပ်ပြာပုံညှပ်ရိုးလေးက လူတွေရဲ့ အာရုံကို အကျွင်းမဲ့ ဖမ်းဆုပ်ထားနိုင်လေသည်။ဝမ်ယွီရဲ့မျက်လုံးတွေက သူမရဲ့ အံ့အားသင့်နေတဲ့ အမူအရာကိုမြင်လျှင် ပို၍တောက်ပသွားတော့၏။


သူက သူမရဲ့ ညှပ်ရိုးတွေဆီမှ သူ့အကြည့်စူးစူးကိုဖယ်လိုက်ကာသူ့အသံကမူ နူးညံ့နေလျက်"မသောက်နဲ့တော့လေကွာ.....ယာဂုကညစ်ပတ်နေပြီ..."သူက သူမလက်ထဲမှ ယာဂုပန်းကို ယူလျက်ပြောလိုက်သည်။


သူမသည် သူ့အား တည့်တည့်စိုက်ကြည့်နေရာမှ သူ့‌လက်ချောင်းထိပ်မှာ ပန်းကန်လုံးအားထိမိသည်နှင့် သူမက လက်ကောက်ဝတ်ကို ရှောင်ဖယ်လိုက်တော့သည်။ ဝမ်ယွီမှာ သတိလက်လွှတ်ဖြစ်သွားလေသည်။


ဝမ်ယွီက တစ်ခဏ အေးခဲသွားပြီးမှ သူမအားအသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။


"ငါမင်းအတွက်တစ်ခြားတစ်ယောက်ကို ချက်ခိုင်းလိုက်မယ်....ဒီမှာစောင့်နေဦး....ဒါကို မသောက်နဲ့နော်...."


ကျိအန်းနဉ် ယင်းကိုမှတ်မိလေသည်။ ဝမ်ယွီကပြုံးပြီး သူမအား သူ့သူငယ်ချင်းကိုယ်စားတောင်းပန်ခဲ့သည်။ညစ်ပတ်သွားသောယာဂုအတွက် အခြားတစ်ယောက်အား သူမစားသောက်ဖို့အတွက် လုပ်ခိုင်းလိုက်သေးသည်။


သူမက ထိုအချိန်တုန်းက အရမ်းဗိုက်ဆာနေတာကြောင့် နေ့လယ်စာအတွက် သူကျွေးတာကိုခွင့်ပြုလိုက်ပြီး လောဘတကြီးစားခဲ့မိသည်။


ထိုအချိန်မှစပြီး သူမနှင့် ဝမ်ယွီ တစ်ပူးပူးတစ်တွဲတွဲဖြစ်သွားတော့သည်။


နောက်ဆက်တွဲကောလဟာလနှင့်စွပ်စွဲချက်တွေကမူ သူမကရွှေသိုက်တူးနေသူဖြစ်ပြီး သူနဲ့ ငွေအတွက် လိင်ဆက်ဆံနေတဲ့ မိန်းမဖြစ်သည်ဟူ၍ပင်။


ယင်းကြောင့် သူမကိုယ်သူမသက်သေပြဖို့အတွက် သူမရဲ့လက်ကျန်တန်ဖိုးထားမှုကို ထိန်းသိမ်းဖို့အတွက် သူ့ကို အကြိမ်ကြိမ်ငြင်းဆန်ခဲ့လေသည်။


သို့သော် သူမကိုလေးစားမှုမပေးကြသည့်အပြင် သူမက ဝမ်ယွီနှင့်အိပ်ပြီးတစ်ည‌တွင် ယွမ်သုံးထောင်ပေးရသည်ဟူ၍ပင် အတင်းအဖျင်းများ တရားလွန်ဖြစ်ပေါ်လာတော့၏။


တစ်ကြိမ်တွင် အတန်းအချိန်အမှီ အခန်းထဲသို့အပြေး၀င်လာချိန်တွင် ယောင်္ကျားလေးတစ်‌ယောက်နှင့် မိန်းကလေးအများစုခေါင်းချင်းဆိုင်ကာစကားပြောနေကြတာကိုတွေ့လိုက်ရသည်။


"တစ်ညကို ယွမ်သုံးထောင်ပေးရတယ်....ဒါကအရမ်းဈေးကြီးလွန်းတယ်...သူမနဲ့တန်လို့လား...."မိန်းကလေးတစ်ယောက်ကပြောလေသည်။


"ဒါကတန်တာပေါ့ဟ..."ယောင်္ကျားလေးတစ်ယောက်က မဲ့ပြုံးပြုံးရင်းပြောလေသည်။


"ငါမှာလည်း ပိုက်ဆံရှိရင် ပျော်ပျော်ရွင်ရွင်နဲ့ကိုယွမ်သုံးထောင်ပေးတာပေါ့....ဒါပေမယ့် ငါ့မှာ ပိုက်ဆံမရှိဘူးဟ...."


လူအားလုံးက အသံကျယ်ကြီးဖြင့်ရယ်မောလိုက်ကြတော့သည်။


ကျိအန်းနဉ်က သူတို့နဲ့မတူပေ...


စစ်ရေးလေ့ကျင့်ရေးမစတင်ခင်တွင် ကျိအန်းနဉ်က သူမအဖွားကိုပြုစုပေးဖို့အတွက် မပါဝင်နိုင်၍ အရေးတကြီးသဘောတူချက်ဖြင့် ခွင့်ရခဲ့ပြီး စစ်ရေးလေ့ကျင့်ပြီးနှစ်ပတ်အကြာတွင် ပုံမှန်အားဖြင့် စိမ်းသက်နေကြသော အတန်းဖော်တွေက အသက်အရွယ် အဆင့်အတန်းမခွဲခြားတော့ဘဲ တစ်ယောက်နှင့်တစ်ယောက်နီးကပ်လာရာ ဟာသများပြောလာကြသည်။


ကျိအန်းနဉ်တစ်ယောက်တည်းသာ သူတို့နှင့်စိမ်းသက်နေပြီး သူတို့အဖွဲ့ထဲမဝင်နိုင်ပေ။


သူမအခန်းတံခါးဖွင့်လိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားတာကို သူမ ကွက်ကွက်ကွင်းကွင်းမှတ်မိနေလေ၏။


ထို့နောက် သူမပစ္စည်းများကိုသိမ်းလိုက်ပြီး အခန်းထဲမှထွက်လာလိုက်သည်။


သူမတွင်အလုပ်ရှိနေလေရာ သူတို့နှင့်အတူ ငြင်းခုံဖို့အချိန်မပေးနိုင်ချေ...။


မိန်းကလေးတစ်ယောက်ရဲ့အသံကျယ်ကျယ်က သူမနောက်မှ ထွက်လာလေ၏။


 "မှန်နေပုံပဲ....ဒါက အမှန်မဟုတ်ရင် သူမကိုယ်သူမဘာလို့မကာကွယ်တာလဲ...."


အကယ်၍သူမကာကွယ်ခဲ့ရင်တောင် သူတို့ကယုံမှာတဲ့လား ကောလဟာလနဲ့ အတင်းအဖျင်းတွေက သူတို့ဆီကပဲပျံ့လာတာမဟုတ်ဘူးလား...။


သူတို့ဝမ်ယွီကို ကော်လိုကပ်တွယ်နေတာတောင် သူကသူမတို့ကိုအကြည့်တစ်ချက်မပေးသဖြင့် သူမတို့ရဲ့မကျေနပ်ချက်တွေက ဓါးသွားတွေအဖြစ်ပြောင်းသွားကာ သူမအား သွေးထွက်သံယိုဖြစ်စေခဲ့သည်။


ပြန်လည်မွေးဖွားပြီးနောက်၊ ဝမ်ယွီနှင့်ပထမဆုံးပြန်လည်ဆုံတွေ့ကြချိန်တွင် အလွန်အမင်း စိတ်ရှုပ်ထွေးနေသလို ခံစားလိုက်ရ၏။


ဝမ်ယွီရဲ့ သူမအပေါ်တွယ်တာမှုကြောင့်ဖြစ်လာတဲ့ပြဿနာတွေကို သူမမှတ်မိနေသေးသည်။ သို့ပေမယ့် သူမသေဆုံးပြီးနောက်မှာ ဝမ်ယွီက သူမ၏ခိုကိုးရာမဲ့နေသောအဖွားကို သေချာအခြေတကျဖြင့်ဂရုစိုက်ပေးသူဖြစ်ကြောင်းကိုလည်းမှတ်မိလေ၏။


သူမရဲ့ ရန်သူကို အထပ်မြင့်အဆောက်အဦးမှပစ်ချကာ သွေးကြွေးအတွက် သွေးကြွေးပြန်ဆပ်ခဲ့သူလည်းဖြစ်နေပြန်သည်။


ကျိအန်းနဉ်သည် ညလေတိုက်ခတ်နေတဲ့အဆောက်အဦးထိပ်တွင် မတ်တပ်ရပ်ပြီး ပုံမှန်နဲ့မတူကွဲပြားနေခဲ့တဲ့ လူငယ်လေးကိုပြန်မြင်ယောင်မိသွားသည်။


သူ့မျက်နှာမှာသွေးတွေစွန်းထင်းနေခဲ့ပြီး သူ့မျက်လုံးထဲက နတ်ဆိုးအငွေ့အသက်က သူမကိုကြောက်လန့်စေခဲ့သည်။


သို့သော် သူ့မျက်လုံးထဲက တွင်းနက်ကြီးလိုနက်နဲပြီး မှင်နက်ရောင်လိုမည်းနက်နေတဲ့မျက်လုံးတွေက သူမအား ဆွဲဆောင်ကာ ငြို့ယူနေပြန်၏။


ကျိအန်းနင်သည် တဆက်တည်းဆိုသလို သူမသာ ထိုတွင်းနက်ကြီး၏ဆွဲဆောင်မှုကိုခံလိုက်ရပါက ဘယ်သောအခါမှ လွတ်မြောက်နိုင်မည်မဟုတ်ဟု ဆိုသောသတိပေးချက်ကိုလည်း နှလုံးသားထဲမှနေရရှိခဲ့သေးသည်။


ဝမ်ယွီက သူမအား ဟေဇယ်ရောင်မျက်လုံးတောက်တောက်ဖြင့်ကြည့်နေသလို သူ့အဖော်ကလည်း အသားနှင့်အရွက်ကြော်များပါတဲ့နေလည်စာဘူးအား ကိုင်လျက် အပြုံးတစ်ပွင့်ဖြင့်လမ်းလျှောက်လာကာ လှပလွန်းတဲ့ကျောင်းသူလေးနှင့် စကားပြောရန်အသင့်ဖြစ်နေလေသည်။


"ဒါကိုဝမ်ကောက မင်းအတွက်ဝယ်ပေးတာ.."

သူတို့၀မ်ကောရဲ့ သူမကိုလိုက်ပိုးလို့နေတာကို သူကစေတနာဗလပွဖြင့်ကူညီပေးလိုက်သည်။


ရုတ်တရက် မိန်းမလှလေးက စကားတစ်ခွန်းမဆိုဘဲ၊ သူမရဲ့ယာဂုပန်းကန်လုံးအား‌ပင့်ကာ သူမပါးစပ်ထဲသို့ တစ်စက်မကျန်အောင်မော့သောက်ချလိုက်တော့သည်။


ဂလု ဂလု ဂလု ဂလု


ဂလု ဂလု ဂလု ဂလု


ဂလု ဂလု ဂလု ဂလု


ကောင်လေးတွေက ယာဂုတစ်ပန်းကန်လုံးကို မရပ်မနားသောက်နေတာကို‌ ငေးကြောင်ကြည့်ရင်း အံ့ဩနေကြလေသည်။


သူမပါးစပ်အား လက်ဖမိုးဖြင့်သုတ်လိုက်ပြီးနောက် အတူအံ့ဩနေသော ဝမ်ယွီကိုကြည့်ကာ စတီးပန်းကန်လုံးအား စားပွဲပေါ်သို့ "ဂလောက်"ခနဲမြည်အောင်ချလိုက်တော့သည်။


"အစားအစာကိုဖြုန်းတီးတာက မကောင်းဘူး"


သူမပြောပြပေးလိုက်သည်။


ထို့နောက် သူမကျောပိုးအိတ်အားကောက်ကိုင်လျက် ဝမ်ယွီအားကျော်ဖြတ်လျှောက်သွားလိုက်တော့၏။


ကန်တင်းမှ ယောင်္ကျားလေးများက သူမထွက်သွားတာကို အံ့ဩမှုများပြည့်လျက် ငေးကြည့်နေကြသည်။


"ဘယ်လိုတောင်လဲ ဝမ်ကောရေ...." 


ဗန်းကိုင်ထားသောကောင်လေးက ရှုပ်ထွေးမှုအပြည့်ဖြင့် သူ့၀မ်ကောကိုမေးလိုက်သည်။


"ဘာဆက်လုပ်ကြမလဲ...."


ဝမ်ယွီက နေရာမှာတင် အေးခဲလျက် ကြောင်အနေသည်။


အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးတွေကို ဖုံးကွယ်ရင်း ရယ်မောနေလျက်ဖြင့် ကျိန်ဆဲလိုက်တော့သည်။ 


"သေစမ်း..."


ဝမ်ယွီက သူ့ထိုင်ခုံသူပြန်ထိုင်သည်အထိ ခန္ဓာကိုယ်တစ်ခုလုံးတုန်ခါတဲ့အထိရယ်မောနေမိသည်။


"ဒီကောင်မလေးက အရမ်းမိုက်တာပဲ...သူကဘယ်သူလဲ..."


တခြားတစ်ယောက်ကမေးသည်။


"သူမငါတို့လုပ်တော့မှာကို မြင်သွားတာလား"


အခြားတစ်ယောက်ကလည်းမေးလေသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...သူမခေါင်းနောက်မှာ မျက်လုံးပါလို့လား..." နောက်တစ်ယောက်က သူ့အား မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးခွန်းထုတ်လိုက်သည်။


ဟုတ်ပေသည်။ ဤလူများက သူမစားဖို့လုပ်နေစဉ်မှာ ယာဂုပန်းကန်ထဲ တစ်ရှူးစကိုပစ်ထည့်ဖို့လုပ်နေကြတာဖြစ်သည်။ သို့မှသာ ဝမ်ယွီက သူမအားရရန်ကြိုးစားကာ ခေါ်ထားနိုင်မည်ပင်။


ဝမ်ယွီက သူ့မျက်လုံးကိုကာရင်း ရယ်မောနေမိသည်။ သူ ယခုအချိန်ထိ အံ့ဩနေမိဆဲပင်။


သူ့ကိုယ်သူခက်ခက်ခဲခဲပြန်ထိန်းထားပြီးမှ ပြုံးလိုက်ကာ"ငါ သူမရဲ့ဖုန်းနံပါတ်လောက်တော့ရနိုင်မယ်ထင်ထားခဲ့တာ....အခုတော့ နာမည်တောင်မသိလိုက်ရဘူးကွာ...."


သူမအတွက်စားစရာဝယ်ပေး‌ဖို့တာဝန်ယူခဲ့သော ချန်းဟောင်ကရုတ်တရက် ထပြောသည်။


"ငါ သူမကိုသိတယ်..."


လူတိုင်းကသူ့ဘက်လှည့်ကြည့်လာကြသည်။


"ငါသူမကိုမှတ်မိရုံပါပဲကွာ...ငါက သူမကို ရင်းနှီးနေတယ်လို့ တွေးကြည့်ရုံရှိသေး....ကန်တင်းမှာ ယာဂုပန်းကန်ယူနေတာတွေ့မှ ငါသူ့ကို မှတ်မိတာ.. "


ချန်းဟောင်က ဆက်ပြောသည်။


"သူမက ဒီနှစ်သတင်းစာထဲမှာပါသေးတယ်လေ.... တစ်ယောက်တည်းသူမအဖွားဖြစ်သူဝန်ကိုထမ်းနေတဲ့ကျောင်းသူလေကွာ မှတ်မိပြီလား..."


"ဆင်းရဲတဲ့အထူးကျောင်းသူလေးလား..."


"ဟုတ်တယ်" 


ချန်းဟောင်ကဆက်ပြောသည်။ 


"သူမကို သတင်းအစီရင်ခံစာမှာမြင်ဖူးခဲ့တာ...ငါမင်းတို့ကိုအဲ့ဒီဆင်းရဲ‌တဲ့အထူးကျောင်းသူလေးက  လှတယ်လို့ ပြောခဲ့ဖူးတယ်လေ...မင်းတို့က ဂိမ်းဆော့နေတာနဲ့ ငါ့ကိုအာရုံမစိုက်ကြတာလေ ...အခုတော့ ကြည့်စမ်း..လူတစ်ယောက်လုံးက ပုံထဲကထက် ဆယ်ဆလောက်ပိုလှနေတာ...ငါ့မျက်လုံးကစူးရှတယ်ကွ...သတင်းထဲမှာ ငါသူမ မျက်နှာတစ်ဝက်ကိုပဲမြင်ဖူးတာ...ဒါတောင် ငါသူမလှမှန်းပြောနိုင်တယ်ကွ..."


ဝမ်ယွီက သူ့အားလှမ်းကန်ရင်း "သတင်းပြန်ရှာပြီး ငါ့ကိုပြ..."


ချန်းဟောင်က သူ့ဖုန်းထဲကနေဆောင်းပါးကိုရှာလိုက်ရင်း သူ့အားကမ်းပေးလိုက်လေသည်။


"အဖိုးတန်လှတဲ့စက်တင်ဘာလမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီးတဲ့ ကျောင်းသားအားလုံးက ကျောင်းဝန်းထဲလာရတယ်လေ...ဘယ်လိုဖြစ်ပါစေ တက္ကသိုလ်က ကျောင်းသားအားလုံးကို အလေးပေးတယ်....ရှောင်နဉ်ရဲ့အမေကသေသွားတာနှစ်အတော်ကြာပြီ...သူမအဖေကလည်းကုမ္ပဏီ ဒေဝါလီခံရပြီးနောက်မှာ မိသားစုကိုမဆက်သွယ်ဘဲပစ်ထားသွားတာလေ...ရှောင်နဉ်ငယ်ငယ်လေးနဲ့သူမအဖွားက တစ်ယောက်နဲ့တစ်ယောက်မှီခိုနေကြတာ...သူမဘယ်သွားသွား အဖွားဖြစ်သူပါခေါ်သွားတယ်လေ...ကျောင်းခေါင်းဆောင်တွေကလည်း အလေးထားလာလို့ Xကျောင်းအုပ်ကြီးက မိသားစုခက်ခဲနေ‌တဲ့ကျောင်းသားတွေ‌ ကျောင်းမထွက်စေဖို့ညွှန်ကြားခဲ့တယ်...ကျောင်းစီမံခန့်ခွဲရေးအသင်းကို အမြန်ဖွဲ့စည်းခဲ့ပြီး.....blah blah blah...."


တရားဝင် အသံလွှင့်ဆောင်းပါးနှင့်အောင်မြင်မှုကိုချီးကျူးထားတာတွေကိုကျောင်းသားတွေက ဖတ်ဖို့ပျင်း၍ "blah blah"ဟုသာပြောရာ ဝမ်ယွီက သူ့မျက်နှာကိုပွတ်ပြီး ခေါင်းတစ်ဖက်သို့စောင်း၍ ဆက်ဖတ်လိုက်သည်။


သူက ရုတ်ချည်းဆိုသလိုဖတ်နေရင်းမှ ရယ်မောလာ၏။


"ရှောင်နဉ် ဟားဟားဟား... ရှောင်နဉ်..."



xxxxxx