အပိုင်း၇
Viewers 6k

Chapter 7


ကျိအန်းနဉ်သည် အတိတ်ဘဝကတည်းက အိမ်နီးနားချင်းများနှင့် ဆက်ဆံရေးကောင်းဖို့ သေချာဂရုစိုက်သည်။ နောက်ဆုံးတော့ သူတို့ကပဲ သူမအဖွားကို ဆာလောင်ပြီးမသေစေဖို့ ကယ်တင်ပေးခဲ့တာပင်။ ယခုဆို သူမက အိမ်နီးနားချင်းများနှင့် ပိုပြီးရင်းနှီးလာခဲ့သည်။ 


သူမ မရှိတဲ့အချိန်မှာ သူမအဖွားရဲ့ အသက်ကိုကယ်ဖို့ ထိုအိမ်နီးနားချင်းတွေကိုပဲ သူမအားကိုးရမှာပင်။ဆောင်းဦးည ကြယ်စုံနေတဲ့ကောင်းကင်က အထူးကို ကြည်လင်ပြီး နက်ပြာတောက်နေပေမဲ့ တခြားရာသီတွေထက် ကြယ်တွေကို ထင်ထင်ရှားရှား မြင်နေရသည်။ ကျိအန်းနဉ်နှင့် သူမရဲ့ အဖွားက လက်တွဲလျှောက်နေရင်း သူမ အဖွားကို အသံတိုးတိုးလေးဖြင့်မေးနေမိသည်။


"ညစာအေးနေတဲ့အခါ စားရအဆင်ပြေရဲ့လား... အိမ်သာသုံးပြီးရင် ရေဆွဲချရဲ့လား..."


အဖွားကမူ နေ့စဉ်ဘဝနှင့် ပတ်သတ်တဲ့ မေးခွန်းတဝက်လောက်သာ ပြန်ဖြေနိုင်သည်။ နောက်ထပ်မေးခွန်းတွေ မေးလာလျှင် သူမ စိတ်ရှုပ်သွားတော့သည်။


ကျိအန်းနဉ်က အဖွားရဲ့ဆံပင်ကို သပ်ရပ်အောင် ကူပေးပြီး ညှင်သာစွာဖြင့် “အဆင်ပြေပါတယ်။ သမီး ဒီနေ့ကျောင်းဆင်းတာနဲ့ အလုပ်မသွားခင် အိမ်အရင်ပြန်ပြီး အဖွားအတွက် ညစာနွှေးပေးဖို့ မန်နေဂျာကိုပြောလိုက်မယ်နော်”


အတိတ်ဘဝက သူမအဖွားရဲ့ နာတာရှည်ရောဂါက ကုသစရိတ် တအားမြင့်ပြီး သူမမှာ လူနှစ်ယောက်စာပါ ထောက်ပံ့ဖို့ရုန်းကန်ခဲ့ရသည်။ အချိန်တွေကို ဖျစ်ညှစ်ကာ ငွေရှာပြီး မနက်တည်းကချက်ထားတဲ့ အစားအသောက်တွေကိုအပူခံဘူးထဲပဲ ထည့်ထားတတ်သည်။ နေ့လည်စာစားဖို့ အဆင်ပြေသော်လည်း တနေကုန်ပြီးတာနှင့် ထမင်းက ပူသင့်သလောက် မပူတော့ချေ။


ကျိအန်းနဉ်က ယင်းကို သိပေမယ့် အတိတ်ဘဝမှာ သူမအတွက် လူနှစ်ယောက်စာ ထောက်ပံ့ဖို့ ငွေရှာတာက ပိုအရေးကြီးနေခဲ့သည်။ သို့သော်လည်း သူမသေဆုံးပြီးနောက် သူမရဲ့ဝိဉာဉ်က ခြေဦးတည့်ရာ သွားလာနေခဲ့ရပြီး အဖွားကိုနောက်ထပ် မပွေ့ဖက်နိုင်တော့လို့ နောင်တရခဲ့သည်။ ယခုဘဝမှာတော့ သူမဘယ်လောက်ပဲပိုပင်ပန်းရပါစေ သူမအဖွားကို ပိုဂရုစိုက်မည်ပင်။


အရင်နှစ်ရက်က အစမ်းအနေဖြင့် သတ်မှတ်ထားပြီး သူမရဲ့ အလုပ်ချိန်ကို အရင်ဘဝထက် နာရီဝက် ပိုနောက်ကျပြီး သတ်မှတ်ဖို့ ရှုချန်းနှင့် တရားဝင်သဘောတူခဲ့သည်။ ထို့အတွက် အဖိုးအခအနေဖြင့် သူမက အိမ်ကို အပြေးအလွှားပြန်ကာ အဖွားအတွက် ညစာနွှေးပေးပြီးမှ အလုပ်သို့ပြန်သွားမည်။


အဖွားက ပြုံးပြီး “စိတ်မပူပါနဲ့။ သမီးအိမ်ပြန်ရောက်တာနဲ့ အဖွား ချက်ပြုတ်ပြီး ညစာပြင်ပေးမယ်နော်...”


Dementiaရောဂါဖြစ်နေတဲ့ လူနာတွေ ယခုလိုမျိုးဖြစ်တာကပုံမှန်ပင် ဖြစ်သည်။ မင်းပြောတဲ့ အချက်အလက်ရဲ့ တစ်ဝက်ကိုပဲ သူတို့က ရရှိမှာဖြစ်ပြီး သူတို့ရဲ့ ယင်းကို ကိုယ်ပိုင်ကမ္ဘာနှင့်ပေါင်းစပ်ကာ ပြန်လည်တုံ့ပြန်သည်။


အဖွားက အရင်ကလို နေ့တိုင်းအန်းနဉ်ကျောင်းက ပြန်လာတာနဲ့ သူမချက်ထားတာကိုပဲ စားနေကျလို့ တွေးနေမှန်း အန်းနဉ်သိသည်။ သူမ အဖွားကို အမှန်ပြင်ပေးမနေတော့ဘဲ အဖွားလက်ကို ညှင်ညှင်သာသာ ဆုပ်ကိုင်ကာ လမ်းကို ဖြေးဖြေးချင်းလျှောက်နေလိုက်သည်။


တောက်ပကာ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး အန်းနဉ်က သူမခြေဖဝါးအောက်က မြေပြင်ကို ငုံ့ကြည့်လိုက်သည်။ 


သူမက နူးနူးညံ့ညံ့ဖြင့် “အဖွား….သမီးနှလုံးသားထဲ ရှုပ်ထွေးနေပြီ... သမီး သူနဲ့ ပတ်သတ်ပြီး ဘာဆက်လုပ်ရမလဲမသိတော့ဘူး...”


“အရင်တုန်းက သူ့ကို မုန်းခဲ့ပေမယ့် အခု မမုန်းနိုင်တော့ဘူး ဒါပေမယ့် သမီး သူ့ကိုကြောက်နေတုန်းပဲ”


“မကြောက်နဲ့၊ မကြောက်နဲ့” 


အဖွားက လက်ကိုပုတ်လိုက်ပြီး “အဖွားဒီမှာရှိတယ်နော်၊ နဉ်နဉ်မကြောက်တော့နဲ့နော်...”


အန်းနဉ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး “အင်း”ဟု ပြောကာ သူမအဖွားကိုဖက်ပြီး ပခုံးပေါ်ခေါင်းတင်လိုက်သည်။ 


ဝမ်ယွီနဲ့ ပတ်သတ်ပြီး သူမဘာဆက်လုပ်သင့်လဲ...


ထိုညမှာ အဖွားက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပေမဲ့ အန်းနဉ်ကတော့ မျက်နှာကြတ်ကို စိုက်ကြည့်ရင်း နိုးနေခဲ့သည်။ အခန်းကမှောင်မည်းနေသော်လည်း သူမမှတ်ဉာဏ်ထဲက ဝမ်ယွီ၏ မျက်ဝန်းတွေနှင့် မယှဉ်နိုင်ပေ။ မှင်နက်ရောင် မျက်ဝန်းက အသူတရာချောက်နက်ကြီးလို၊ စုပ်ယူနိုင်စွမ်းကောင်းတဲ့ တွင်းနက်ကြီးလို လူတွေကို ငြို့ယူကာ စွမ်းအားမဲ့စေခဲ့သည်။ အန်းနဉ်ကတော့ သူမသာ ပြုတ်ကျသွားပါက ရုန်းထွက်နိုင်တော့မည် မဟုတ်ကြောင်း သိနေ၏။


နောက်တစ်နေ့ သောကြာနေ့တွင်... အတန်းထဲမှာ အန်းနဉ်က သူမရဲ့ မှတ်စုစာအုပ်ကို ထုတ်ကာ အစီအစဉ်ဆွဲသည်။ သူမက စာအုပ်ကို ဖွင့်ကြည့်လိုက်တော့ စနေနေ့မနက် စာသင်ပေးဖို့ရှိမှန်း တွေ့လိုက်ရသည်။ လိပ်စာကို တစ်ချက်ကြည့်ရင်း ထိုမိသားစုကို သူမ မှတ်မိသွားပြီး မရည်ရွယ်ဘဲ မျက်မှောင်ကြုံ့လိုက်မိသည်။


နေ့ခင်းမှာတော့ သူမက ခါတိုင်းလို တိတ်တိတ်လေး ထွက်လာကာ customerတွေကို ဝန်ဆောင်မှုပေးဖို့ ကန်တင်းကိုပြေးလာခဲ့ပြီး အိပ်ဆောင်သို့ ပြန်သွားခဲ့သည်။ နောက်ဆုံးမှာတော့ customerတွေရဲ့ လိုအပ်ချက်ကို ဖြည့်စည်းကာ ငွေရှာနေရင်း သူမဗိုက်ကဆာလာပြီး အစာအိမ်အောင့်လာသည်။ ကန်တင်းသို့ ပြေးကာ အန်တီလီထံ တန်းတန်းမတ်မတ် သွားလိုက်သည်။


“အန်တီလီ ကျွန်မ အဲ့ဒီ ရှာလကာရည်နဲ့ နုတ်နုတ်စဉ်းထားတဲ့ အာလူးလိုချင်တယ်”


အတိတ်ဘဝမှာ သူမက အန်တီလီနဲ့ ရင်းနှီးခဲ့သည်။ ထို့ကြောင့်မလို့ သူမက သဘာဝကျကျပုံမှန်လိုပြောမိနေခြင်းပင်။


“ကျွန်မသေလောက်အောင် ဗိုက်ဆာနေပြီ”


အန်တီလီက မိန်းကလေးရဲ့ သူမအပေါ် ရင်းရင်းနှီးနှီးပြောဆိုနေပုံကို အံ့ဩလို့နေရသည်။ သို့ပေမယ့် လှပတဲ့ မျက်နှာလေးက ကောင်းကောင်းဆက်ဆံရ လွယ်ကူပြီး မိန်းမလှလေး တစ်ယောက်က ချစ်ဖို့ကောင်းအောင် ပြုမူနေရင် လူတိုင်းက သဘောကျကြတာပုံမှန်ပင်။


အန်တီလီက ဇွန်းကို လှမ်းယူလိုက်ပြီး သူမကို အာလူးများများ ပိုထည့်ပေးဖို့ ပြင်လိုက်သည်။ သို့ပေမယ့် ရုတ်တရက်ကြီး လက်တဖက်က ကောင်တာပေါ်ဖိချလိုက်သည်။


“အန်တီ မလိုတော့ပါဘူး သူမဒီနေ့ ဒီမှာစားမှာ မဟုတ်ဘူး...” 


အရပ်ရှည်ရှည်နှင့် လူငယ်လေးက ကောင်တာကိုထောက်ကာ အန်တီလီအား ပြောလိုက်သည်။


ဖြောင့်စင်းတဲ့ နှာတံ၊ ထူထဲတဲ့ မျက်ခုံး၊ ထင်ရှားတဲ့ အသွင်အပြင်နဲ့ သူ့နှုတ်ခမ်းထောင့်စွန်းမှ အပြုံးတို့က အန်တီလီအား ရှက်သွားစေသည်။ သူမက ကျောကိုမတ်လိုက်ကာ လက်ထဲမှာ သံဇွန်းကြီးကို ကိုင်ထားပြီး အန်းနဉ်ကို ဖြတ်ခနဲ ကြည့်လိုက်သည်။


ဒါဆို သူမက အာလူးထည့်ပေးရမှာလား မပေးရဘူးလား...


ဝမ်ယွီက အန်တီလီနှင့် စကားပြောနေစဉ် သူ့ခန္ဓာကိုယ်က အန်းနဉ်နှင့် အလွန်နီးကပ်နေသည်။ သူ့အသံက သူမနားထဲ တီးတိုးပြောနေသ‌ယောင်ပင်။


အတိတ်ဘဝမှာ သူက သူမနှင့် နီးကပ်ဖို့ ကြိုးစားတိုင်း သူမကတော့ စိတ်မရှည်သလို ခံစားရပြီး စိတ်တိုဒေါသထွက်လာတတ်ကာ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ သူနဲ့ ဝေးဝေးမှာရှောင်ဖယ်နေတာပင်။ သို့ပေမယ့် ယခုမူ အန်းနဉ်က အလွန်စိတ်လှုပ်ရှားနေမိသဖြင့် သူမရဲ့ ကိုယ်က တောင့်တင်းနေကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။


“ငါ” 


အန်းနဉ်က အသက်ကို ပြင်းပြင်းရှူပြီး တည်ငြိမ်အောင်ကြိုးစားရင်း သူ့ကိုလှည့်ကြည့်ကာ “ငါ မစားရသေးဘူး”


“ကိုယ်သိတယ်” 


ဝမ်ယွီက စိတ်ခံစားချက် တစ်စုံတစ်ရာမပြဘဲ “ကိုယ်မင်းကို စောင့်နေတာ နာရီဝက်လောက်ရှိပြီ... ကိုယ်လည်းဘာမှမစားရသေးဘူး”


အန်းနဉ်က တခဏလောက် တိတ်ဆိတ်သွားပြီး 


“နင် ဘာလိုချင်လို့လဲ”


သူမက ဟောင်းနွမ်းနေတဲ့ အဝတ်အစားနှင့် သာမန်သာဝတ်စားထားပြီး ဆံပင်ဆေးဆိုးကာ လက်သည်းအလှပြင်ထားတဲ့ တခြားမိန်းကလေးများကဲ့သို့ မသိမ်မွေ့ပေ။ သို့သော် သူမရဲ့မျက်နှာလေးက မိတ်ကပ်မပါဘဲ ကြည်လင်သန့်ရှင်းကာ နူးညံ့လွန်းလို့ ဘယ်သူ့ကိုမဆို ဆွဲဆောင်နိုင်သည်။


ဝမ်ယွီကတော့ သူမဆီက အကြည့်မလွှဲနိုင်ပေ။လှပေမယ့် စိတ်ကြီးဝင်ပြီး အလိုလိုက်ခံရလွန်းလို့ ပျက်စီးနေတဲ့ မိန်းကလေးတွေအများကြီး သူမြင်ဖူးသည်။ သို့ပေမယ့် ကျိအန်းနဉ်ရဲ့ အကြည့်တွေက သန့်စင်ပြီး အေးစက်နေ၏။


ဒါ...ကောင်းတယ်


ဝမ်ယွီက နေရောင်ခြည်လို တောက်ပတဲ့ အပြုံးလေးဖြင့်


“မင်းက ကျိအန်းနဉ် မလား... ကိုယ်က ဝမ်ယွီ၊ ဂျူနီယာအတန်းက...အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်ပါတယ်...ကိုယ် နေ့လယ်စာ လိုက်ကျွေးပါရစေ ကိုယ်မင်းကို ဒီရက်တွေမှာ လိုက်ရှာနေတာ၊ နောက်ဆုံးတော့ ဖမ်းမိပြီပေါ့...မငြင်းနဲ့တော့နော် အခုပဲ မင်းကို ပြန်ဆပ်ပါရစေ...”


ဘတ်စ်ကားပေါ်က ဖြစ်ရပ်ကြောင့် အချို့သောအရာများကို နှောင့်နှေးရုံသာတတ်နိုင်ပြီး ရှောင်ရှား၍ မရကြောင်း သူမနားလည်လာသည်။


ဝမ်ယွီသည် သူမအပေါ် အခု ဒါမှမဟုတ် နောင်တချိန်ချိန်တွင် ဒီတနပ်စာ အကြွေးတင်နေမှာဖြစ်ပြီး သူက ပြန်ဆပ်မှာ မလွှဲဧကန်ပင်။ သူက သူ့ရည်မှန်းချက် မအောင်မြင်မချင်း လက်လျှော့တတ်သူမျိုးမဟုတ်။


ဝမ်ယွီရဲ့ ထက်သန်တဲ့ အလိုလိုသိစိတ်က အန်းနဉ်က သူနှင့်ပတ်သတ်ပြီး စိုးရိမ်ကာ သတိထားနေတာကို ခံစားမိသည်။ 


သူက အန်းနဉ်ကို ထပ်ဖြောင်းဖျဖို့ လိုမယ်ထင်လိုက်ပေမဲ့ အန်းနဉ်က နှစ်စက္ကန့်လောက် တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ကာ 


“Ok လေ...”


ဝမ်ယွီက ဝမ်းသာသွားသည်။


သူက ပြုံးလိုက်ပြီး “မင်း ဘာစားချင်လဲ”


သူ့နာရီကို ကြည့်လိုက်တော့ နေ့လည်စာသင်ချိန်မရောက်ခင် အချိန်အနည်းငယ်ရှိသေးတာကို တွေ့လိုက်သည်။


 “ကိုယ်တို့ ဝေးဝေးလံလံတော့ သွားလို့မရလောက်တော့ဘူး...ကျောင်းနားက တနေရာရာ သွားကြတာပေါ့... Teppanyaki ရောင်းတဲ့ ဆိုင်ရှိတယ်...”


အတူတူသွားစားဖို့ သဘောတူပြီးမှတော့ အန်းနဉ်လည်း ပွင့်လင်းလာသည်။ ဝမ်ယွီက သူမဘာစားချင်လဲမေးတော့ သူမစိတ်ထဲ စဉ်းစားထားတာရှိပြီးသား။


“ဟွိုက်အန်းစားသောက်ဆိုင်နဲ့ ဟူနန်စားသောက်ဆိုင်လည်း ရှိတယ်...” 


ဝမ်ယွီက ရနိုင်တဲ့ရွေးချယ်စရာတွေကို စာရင်းလုပ်နေတုန်း အန်းနဉ်ပြောတာကို ကြားလိုက်သည်။


“KFC” 


သူမက ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ပြတ်ပြတ်သားသားဖြင့်


 “ငါ KFC စားချင်တယ်”


ဝမ်ယွီ:”...”


၀ှက်ထ်...?


*(Alzheimer ရောဂါထက် ပိုပြင်းထန်တဲ့ လက္ခဏာကိုပြရင် Dementia ရောဂါလို့ခေါ်ပါတယ်။¬)


KFC ဆိုင်က ကျောင်းဂိတ်မှ လမ်းဖြတ်ကူးရုံနှင့်ရောက်သည်။ KFCကို ကျော်သွားလိုက်လျှင် လက်ရှိ အန်းနဉ်နေထိုင်သည့် ဟွာ တက္ကသိုလ် ဆရာ၊ဆရာမများနေထိုင်ရာ အိမ်ရာဝင်းရှိသည်။


ဆိုလိုတာကအန်းနဉ်က KFCဆိုင်ကို နေ့တိုင်းဖြတ်သွားပုံရသည်။KFCနှင့် McDonaldလိုမျိုး အသင့်စား စားစရာတွေက ကယ်လိုရီမြင့်မားပြီး အာဟာရမဖြစ်သောကြောင့် အချို့သောမိသားစုများက သူတို့ရဲ့ ကလေးတွေကို စားဖို့တားမြစ်ထားတာမျိုး အကန့်အသတ်နဲ့ စားခိုင်းတာမျိုးရှိသည်။


သို့ပေမယ့် တခြားမိသားစုတွေအတွက်တော့ ဖြတ်သွားတိုင်း ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လှည့်မကြည့်သင့်တဲ့ သွေးဆောင်ဖျားယောင်းမယ့် ငွေကုန်ပေါက်တစ်ခု ဖြစ်နေသည်။


ဝမ်ယွီကတော့ ပထမအမျိုးအစားထဲကဆိုတာ သေချာပေါက်ပင်။အန်းနဉ်ရဲ့မှတ်ဉာဏ်ထဲမှာ သူမက တစ်ချိန်တုန်းက ပထမအမျိုးအစားထဲက တစ်ယောက်ဖြစ်ခဲ့ဖူး၏။ သူမအဖေရဲ့လုပ်ငန်း အရှုံးပေါ်သွားပြီးတဲ့နောက် အဖေက အဖွားရဲ့ အိမ်ကိုရောင်းရန် လှည့်စားကာ မိသားစုပိုင်ငွေအားလုံးကို ယူပြီးထွက်ပြေးသွားကတည်းက သူမက ဒုတိယအမျိုးအစားဖြစ်လာခဲ့သည်။


ဝမ်ယွီ နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားမိသည်။


သူတွေ့ဖူးတဲ့ မိန်းမလှလေးတွေက များသောအားဖြင့် ညုတုတုအသံဖြင့် “Sushiစားရအောင်လေ” ဒါမှမဟုတ် “Steakစားမှာနော်” ဆိုပြီး တောင်းဆိုတတ်ကြသည်။ 


သူလိုက်ကျွေးဖူးသည့် အခေါက်တိုင်း KFC စားဖို့ ပြောတဲ့သူတစ်ယောက်မှ မရှိ။


သူက တခုခုပြောဖို့ ကြံရွယ်သော်ငြားလည်း မတတ်နိုင်ဘဲ ပြုံးလိုက်ကာ “ကောင်းပြီလေ”


သို့နှင့် ဝမ်ယွီက အန်းနဉ်ကို ကျောင်းဂိတ်နားက KFC ဆိုင်ကိုပဲခေါ်သွားလိုက်ရသည်။


တစ်ခုခုလိုက်ကျွေးဖို့ဆိုတာ တကယ်တော့ အကြောင်းပြချက်လေးတစ်ခုသာ။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က အန်းနဉ်လေ။ ဝမ်ယွီက ယခုလိုဆီကြော်စာတွေကို စားဖို့ အာသီသသိပ်မရှိ။ အန်းနဉ်စားသောက်လို့ ပြီးသည်နှင့် သူမနဲ့ စကားလေးပြောရင်း ရင်းနှီးမှုယူဖို့ planချထားသည်။ သူက ခနတုံ့ဆိုင်းနေပြီး ကြက်ကြော်ကို တစ်ကိုက်ကိုက်ကြည့်ရာ ဆီများလွန်းသည်ဟု ခံစားမိ၍ ပြန်သာချထားလိုက်ရ၏။


သူကြည့်လိုက်တော့ အန်းနဉ်က ကြက်တောင်ပံကို အလင်းအလျင်နှင့်စားပြီးလို့ လက်ချောင်းကိုတောင် လျက်နေပြီ။


သူမရဲ့ ပန်းရောင်သန်းနေတဲ့ လျှာလေးက ပျော့ပျောင်းသွက်လက်ပြီး စိုစွတ်မယ့်ပုံပင်။


အန်းနဉ်ကတော့ ကြက်ကြော်က အရသာရှိလွန်းလို့ ထပ်မှာချင်နေပုံရသည်။ သူမရဲ့ လက်ချောင်းတွေက ဆီပေနေရုံမကဘဲ ကြက်ကြော်အစအနလေးတွေပါ ကပ်နေတာကြောင့် အလိုလို လျက်မိလိုက်သည်။


သူမမော့ကြည့်လိုက်တော့ ဝမ်ယွီက သူမကို ပြင်းပြပြီး နက်ရှိုင်းတဲ့ အကြည့်တွေဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။


အသူရာချောက်နက်ထဲက ချော်ရည်ပူတွေလို ပူပြင်းတဲ့ သူ့အကြည့်တွေနှင့် သူမ ရင်းနှီးနေပြီး လောင်ကျွမ်းနေတဲ့ အပူတွေက အမှောင်ထဲက သူမဆီ တဟုန်ထိုးရောက်လာသလို ခံစားလိုက်ရသည်။


အတိတ်ဘဝတုန်းက သူက သူမကို ယခုလိုအကြည့်မျိုးနှင့် ကြည့်လေ့ရှိသည်။ ထိုအချိန်တိုင်း သူမကတော့ ပျာယာခတ်ပြီး ကြောက်လန့်တကြား ဖြစ်လာတော့တာပင်။ထို့နောက် သူနဲ့တွေ့တိုင်း ထွက်ပြေးတော့သည်။


 ဒါပေမယ့် အခုတော့…


“နင် ဘာကြည့်နေတာလဲ” အန်းနဉ်ကမေးလိုက်သည်။


ဝမ်ယွီက အမှားမလုပ်ထားဟန် အပြုံးမျက်၀န်းတွေဖြင့် “မင်းကို ကြည့်နေတာလေ”


အန်းနဉ်ကတော့ သူ့စိတ်ထဲ မကောင်းတဲ့အရာတွေ‌ တွေးနေမယ်ဆိုတာ အမှန်တကယ်သိနေသည်။ သူ သူမကို မဆုတ်မနစ် လိုက်ပိုးတုန်းက သူမအပေါ် သူ၏အတွေးများနှင့် ဆန္ဒများကို ဘယ်သောအခါမှ မဖုံးကွယ်ခဲ့ပေ။


အန်းနဉ် ဘယ်လိုပြန်တုံ့ပြန်ရမလဲဆိုတာ မသိတော့ချေ။ ထို့ကြောင့် မျက်နှာသေဖြင့်သာ နေလိုက်တော့၏။


ဝမ်ယွီသည် အန်းနဉ်က သူအခုဘာတွေးနေခဲ့လဲဆိုတာ သိနေတယ်လို့ ထူးထူးဆန်းဆန်း ခံစားနေရသည်။ 


ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


သူ့ကိုယ်သူ လှောင်ရယ်လိုက်မိသည်။


သူက သူမလက်နှစ်ဘက်ကို ကြည့်လိုက်ပြီးနောက် လက်ချောင်းထိပ်က ဆီတွေကို တစ်ရှူးဖြင့် သုတ်ပေးကာ 


“နောက်ကျရင် တခြားသူတွေအရှေ့မှာ ဒီလိုမျိုး လက်ချောင်းတွေကို မလျက်နဲ့  ကြည့်လို့မကောင်းဘူး...” 


တအားဆွဲဆောင်မှုရှိလွန်းတယ်...သေစမ်း…သူကလွဲပြီး ဘယ်သူ့ကိုမှ မြင်ခွင့်မပြုနိုင်ဘူး...


အန်းနဉ်က ခနလောက်‌ကြောင်အသွားသည်။ 


သူအခုလေးတင် ငါ့ကို လက်ချောင်းလျက်လို့ ဆူလိုက်တာလား...ဒါဆိုစောနက သူ့ကို အထင်လွဲမိသွားတာများလား...


သူမ ယခုလေးတင် သတိမထားလိုက်ဘဲ လက်ချောင်းကို လျက်မိသွားပြီး ယင်းက ကောင်းတဲ့ အပြုအမူမဟုတ်တာတော့ အမှန်ပင်။ သူမ နည်းနည်းလေးရှက်သွားမိသည်။


နောက်တော့ ဝမ်ယွီက သူမလက်ကို ကိုင်ထားတုန်းပဲဆိုတာ သတိရသွားသည်။


စဉ်းစားကြည့်ရင် သူတို့က သိတာတောင် မကြာသေးဘူးလေ။ ဒီလူကတော့လေ အရှက်ကိုမရှိဘူး...


အန်းနဉ်က ချက်ချင်းပဲ သူမလက်ကို ပြန်ရုတ်လိုက်ပြီး 


“ငါကိုယ်တိုင် လုပ်လိုက်မယ်” 


သူမက တစ်ရှူးကို ကောက်ကိုင်လိုက်ပြီး လက်တွေကို သုတ်လိုက်သည်။သူမရဲ့ တုံ့ပြန်မှုက မြန်လွန်းသည်။ဝမ်ယွီက ပြုံးသာပြုံးနေပြီး သူမကို အတင်းအကြပ် မလုပ်ပေ။


သူ့ရဲ့ နောက်ပိုင်းလာမည့် ကြီးစိုးပြီး ကြောင်းကျိုးမဆီလျော်တဲ့ အမူအကျင့်နှင့်ယှဉ်လျှင် ယခုမှ သူမနှင့်စတွေ့လို့လားမသိ တကယ့်ကို ယဉ်ကျေးသိမ်မွေ့နေသည်။


သူမက ကျောင်းကို လုံလုံခြုံခြုံနဲ့ဆက်တက်နေပေမယ့်၊ သူက ကျောင်းကပျောက်သွားပြီးရင် နောက်တော့ပြန်လာဦးမှာလား... သူမတို့က အရင်ကလို တစ်ဦးကလိုက်ဖမ်းလိုက် နောက်တစ်ဦးက ရှောင်ဖယ်သွားလိုက် သံသရာထဲ တဝဲလည်လည် ဖြစ်နေဦးမှာပဲလား...


အန်းနဉ် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။ရုတ်တရက် တစ်ခုခုမှားနေပြီဆိုပြီး သတိထားမိတော့ သူမမော့ကြည့်လိုက်သည်။


ဝမ်ယွီက စားပွဲပေါ် လက်ထောက်ထားပြီး လက်ပေါ်မေးတင်ကာ သူမအား ရွှတ်နောက်နောက်ကြည့်နေသည်။


နောက်ဆုံးတွင် သူမ သူ့ကိုကြည့်လိုက်တာလည်းမြင်ရော နာရီတစ်ချက်ကြည့်ကာ “နှစ်မိနစ်”


အန်းနဉ် စိတ်ရှုပ်သွားသည်။


“ကိုယ် နှစ်မိနစ်လုံးလုံး ဘာတစ်ခွန်းမှ မပြောရသေးဘူး မင်း…” 


ဝမ်ယွီက မျက်ခုံးပင့်လိုက်ကာ ”နှစ်မိနစ်လုံး မင်းက ‘အွန်း’နှစ်ကြိမ်၊ ‘အိုး’တစ်ကြိမ် ပြောပြီး သက်ပြင်းချတော့တာပဲ”


သူနှင့် မျက်နှာချင်းဆိုင်ထိုင်နေတာကို စိတ်ပျံ့လွင့်နိုင်တဲ့ မိန်းကလေးဖြင့် ပထမဆုံးအကြိမ် တွေ့လိုက်ရတာကြောင့် တကယ်ကြီးအံ့ဩသွားမိသည်။


အန်းနဉ်က ငြိမ်သက်သွားပြီး ခေါင်းကိုငုံ့ကာ “တောင်းပန်ပါတယ်”


“မင်းဘာတွေတွေးနေတာလဲ” 


ဝမ်ယွီက သူမရဲ့ ရိုင်းပြမှုကို သဘောထားကြီးစွာ လျစ်လျူရှုထားသည်။


 “ဘာလို့ သက်ပြင်းတွေချနေတာလဲ”


သေချာတာကတော့ သူမတို့ရဲ့ အနာဂတ်အကြောင်း စိတ်ပူနေတယ်ဆိုတာ သူ့ကို လုံး၀မပြောနိုင်ချေ။ သူမက ခပ်တုံးတုံးအကြောင်းပြချက်တစ်ခုသာပေးလိုက်၏။ 


“မဟုတ်ပါဘူး၊ ငါစားတာများပြီး အိပ်ချင်နေလို့...”


ဒါဆို ခုနကမင်း သမ်းလိုက်တာလား...


အန်းနဉ်က သူ့ကိုအရူးလုပ်ရလွယ်တယ်လို့များထင်နေတာလား...သူမက မေးခွန်းကို ရှောင်ဖို့ကြိုးစားနေတာ အသိအသာကြီးကို...


“ငါ ဗိုက်ပြည့်သွားပြီ” 


အန်းနဉ်က အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး “မဟုတ်ရင်….”


သူမက ထပြန်ချင်နေပုံရသည်။



xxxxxx