Chapter 8
သူမရဲ့ သွယ်လျတဲ့လက်ချောင်းတွေက ဖုန်းကို ဖဲချပ်တစ်ခုလို ပေါ့ပါးစွာကိုင်ထားသည်။
ဝမ်ယွီက သူမကို စကားဖြတ်ပြောလိုက်ပြီး
“မနေ့က ကျောင်းဆင်းတော့ ကိုယ်မင်းကိုတွေ့လိုက်သေးတယ် အိမ်မပြန်ဘဲ ဘယ်ကိုသွားတာလဲ”
ယခုမှ သိကြတဲ့လူတွေအတွက်တော့ ထိုမေးခွန်းက မယဉ်ကျေးရာရောက်သည်။
သို့ပေမယ့် ဝမ်ယွီက တစ်ဆင့်ချင်းနီးစပ်ဖို့ ကြိုးစားပေမဲ့ အန်းနဉ်ရဲ့ တိုတုတ်လှသော အဖြေများကိုသာ ရခဲ့သည်။ ထို့ကြောင့် သူက အဓိက အကြောင်းအရာသို့ တန်းသွားလိုက်သည်။
အတိတ်ဘဝကတည်းက သူ့ရဲ့လွှမ်းမိုးတတ်တဲ့ အမူအကျင့်ကို ကျင့်သားရနေပြီမလို့ သူမက အထူးတလည် အံ့ဩမနေတော့ပေ။
“အဲ့ဒါ အလုပ်ကို သွားတာ၊ နောက်ကျနေပြီပဲ ကျောင်းကိုပြန်ကြတာပေါ့”
ဝမ်ယွီက တုတ်တုတ် မလှုပ်ချေ။
“မင်း ဘယ်မှာအလုပ်လုပ်တာလဲ”
သူမ မပြောလျှင်ပင် နောက်တော့ သူရှာတွေ့မှာသာ ထိုတော့မှ ရှုချန်းရဲ့ဆိုင်ကို ခဏခဏ လာပြီး ရှုချန်းကို လာခြိမ်းခြောက်သွားမှာ သေချာပေါက်ပင်။
“ကွမ်းမင်လမ်း”
“အဲ့ဒီမှာ animeနဲ့ သက်ဆိုင်တဲ့ caféရှိတယ်”
သူမက မြန်မြန်ဆန်ဆန် ပြန်ဖြေလာတော့ သူနေရထိုင်ရ ကောင်းသွားသည်။ ဒီကျောင်းနေဖက်လေးက သူ့ကို လျစ်လျူရှုလွန်းလို့ သူ့ကိုယ်သူ ကြက်တောင်ပံလောက်တောင် ဆွဲဆောင်မှုမရှိတော့သလို ခံစားနေရ၏။
“အိုး၊ ကိုယ်နောက်ဆို လာခဲ့မယ်”
ဝမ်ယွီက သူ့ဖုန်းကိုဖွင့်လိုက်ပြီး အန်းနဉ်ကို ပြကာ “ဒီလူကိုမင်းသိလား”
အန်းနဉ်က စေ့စေ့ကြည့်သည်။
ဖုန်းစခရင်ပေါ်တွင် သူမမြင်လိုက်သည်မှာ ပါးကဖူးယောင်နေပြီး နှာခေါင်းနှင့်ပါးစပ်က သွေးတဒီးဒီးစီးကျနေကာ သွားတစ်ချောင်းကျွတ်နေသည့် ယောက်ျားတစ်ယောက်၏ ပုံပင်။ ထိုယောကျ်ား၏မျက်နှာသည် မျက်ရည်နှင့်နှာရည်ရောထွေးနေပြီး သူ့အမူအရာမှ နာကျင်မှုနှင့် ကြောက်ရွံ့မှုတို့ကို အထင်းသား မြင်နေရသည်။
ချက်ချင်းပင်၊ မနေ့က သူမကို ဘတ်စ်ကားပေါ်မှာ မဖွယ်မရာလုပ်ဖို့ ကြိုးစားတဲ့ လူယုတ်မာမှန်း မှတ်မိသွား၏။
ဝမ်ယွီက အန်းနဉ်ရဲ့ အမူအရာတွေ ပြောင်းလဲသွားမှန်း တွေ့လိုက်ရသဖြင့် သူပိုပြီး စိတ်ဝင်စားလာမိသည်။
“မနေ့က မင်းသူ့နောက်ကို ပြေးလိုက်နေတာတွေ့လို့”
သူကဆက်ပြောသည်။
“အဲ့တုန်းက ကိုယ်ကမင်းနောက်မှာလေ ကိုယ်လည်းသိချင်တာနဲ့ စုံစမ်းလိုက်တာ နောက်တော့သူ့ကိုဖမ်းပြီး သင်ခန်းစာ ကောင်းကောင်းပေးခဲ့တယ် ကိုယ်သူ့ကို နောက်ထပ် မမြင်စေရဖို့ပါ သတိပေးပြီးသွားပြီ သူမင်းကို နှောင့်ယှက်ရင် ကိုယ့်ကိုခေါ်လိုက်နော်...”
သူကပြောပြီးမှ အန်းနဉ်မှာ အစကတည်းက မကြောက်တာကို သတိရသွားသည်။ သူမက ထိုလူယုတ်မာရဲ့ လက်ကိုတောင် ဘောပင်နဲ့ ထိုးခဲ့သေး၏။
ဝမ်ယွီက အန်းနဉ်ကို မကြည့်မိဘဲ မနေနိုင်ပေ...
သူမက ကျူပင်လို ပိန်နေပေမယ့် ထက်ရှတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသည်။အန်းနဥ်ရဲ့ မျက်နှာက ဖျော့တော့သွားသည်။ ဝမ်ယွီဆိုတာ ဘယ်လိုလူလဲ...
သူ့ရန်သူကို ခေါင်မိုးပေါ်က ပစ်ချတုန်းက သူဘယ်လောက်တောင် အေးစက်ပြီး အကြင်နာတရားကင်းမဲ့မှန်း မှတ်မိလာသည်။
သူက ကိုယ့်ဘဝကိုယ်ပင် ဖျက်ဆီးပစ်ခဲ့သည်။ကျည်ဆံက သူမရဲ့ ခန္ဓာကိုယ်ကို ဖောက်ဝင်လာတဲ့အချိန်က နာကျင်တာရော အကြောက်တရားပါ ခံစားမိသည်။အန်းနဉ်က ဒေါသတွေတလိပ်လိပ် တက်လာတော့သည်။
“ဘာလို့ သူ့ကိုရိုက်နှက်ရတာလဲ” သူမကအံကြိတ်ကာပြောလိုက်သည်။
ဝမ်ယွီက မျက်ခုံးပင့်ကြည့်လာသည်။
“ရဲခေါ်လိုက်လို့မရဘူးလား ပြဿနာကို ဘာလို့ အကြမ်းနည်းသုံးပြီး ဖြေရှင်းနေရတာလဲ....”
သို့ပေမယ့် အန်းနဉ်ကတော့ သူ့မျက်နှာအစစ်အမှန်ကို သိနေ၏။
“ကိုယ်မင်းကို မထိဘူး ဒါပေမယ့် ကိုယ်သတိပေးထားမယ် အန်းနဉ်”
ကျောင်းရဲ့ လူသူကင်းမဲ့တဲ့ ထောင့်တစ်နေရာမှာ သူက သူမကိုချောင်ပိတ်ထားပြီး အံကြိတ်ကာ
“ကိုယ်ဒီမှာရှိနေသရွေ့ တခြားဘယ်သူနဲ့မှ အတူရှိဖို့ စဉ်းတောင်မစဉ်းစားနဲ့”
သူမကို လိုက်နေတဲ့ကောင်လေးမှာ တခြားကျောင်းကကျောင်းသားဖြစ်ပြီး ရှုချန်းရဲ့ဆိုင်မှာ လာနေကျ customerဖြစ်သည်။သူမရဲ့ကျောင်းအထိ လာပိုးတာကို ဝမ်ယွီသိသွားပြီး ထိုးကြိတ်တော့၏။
ထိုကောင်လေးက သန်မာပုံရသော်လည်း ဝမ်ယွီထိုးချက်ကိုတော့ မခံနိုင်မှန်း ဘယ်သူမှ မထင်ထားချေ။
အန်းနဉ်က တကယ်ကြီးကို ကြောက်လန့်သွားပြီး သူ့ကိုလမ်းမှာတွေ့သည်နှင့် အဝေးကိုတန်းနေအောင် ပြေးတော့သည်။ နောက်တော့ ဝမ်ယွီက အန်းနဉ်အား ချောင်ပိတ်ဖမ်းပြီးမေးတော့မှပဲ သူမက အရိုက်ခံရမှာကြောက်လို့ ရှောင်နေမှန်းသိတော့သည်။
ထိုတော့မှ သူက မိန်းကလေးတွေကို ဘယ်တော့မှ လက်မပါကြောင်း ရှင်းပြပြီး သူမအား သူရဲ့ ကောင်မလေးဖြစ်ပေးဖို့ တောင်းဆိုသည်။
သူ မိန်းမတွေကို မရိုက်နှက်ကြောင်း ဘယ်လောက်ပဲကျိန်ဆိုပါစေ သူမကတော့ ကြောက်အားလန့်အားနှင့် ငြင်းလေ၏။
ဝမ်ယွီမှာ စိတ်လွတ်လုနီးပါးဖြစ်သွားပြီး သူမအား နံရံတွင် ချောင်ပိတ်ထားကာ “ကိုယ်ရှိနေသရွေ့ တခြားဘယ်သူနဲ့မှ အတူရှိဖို့ စဉ်းတောင်မစဉ်းစားနဲ့”ဆိုပြီးပြောဆိုခဲ့သဖြင့် နောက်ပိုင်း ယခုလိုဖြစ်သွားတော့တာပင်။
နောက်ပိုင်း ကျောင်းက ဘယ်ကောင်လေးကမှ အန်းနဉ်ကို မလိုက်ရဲကြတော့ပေ။
ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့သူလဲ...
ဒါပေမယ့်….
အန်းနဉ် မော့ကြည့်လိုက်တော့ ဝမ်ယွီက သူမအား ပြုံးကာကြည့်နေသည်။ သူ့မျက်နှာပေါ်မှာ သူမရင်းနှီးနေခဲ့တဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကတော့ ရှိနေဆဲပင်။ သူ့ရဲ့ ကြီးစိုးမှု၊ သူတပါးအပေါ် သံသယလွန်ကဲစိတ်နှင့် အကြင်အနာတရားကင်းမဲ့တဲ့ အမူအကျင့်တွေကတော့ အခုထိတော့ ပေါ်မလာသေး။
အန်းနဉ်က သူ့ရဲ့ မျက်နှာအစစ်ကို သိပြီးသားဖြစ်လို့ သူဘယ်လောက်ကြောက်ဖို့ကောင်းလဲ သူမ ကောင်းကောင်းကြီးကို သိသည်။
သို့ပေမယ့် သူ့လိုကြမ်းတမ်းတဲ့သူကပဲ သူမအတွက်လက်စားချေပေးပြီး သူမအတွက်နှင့် သူ့ဘဝကိုသူ ဖျက်ဆီးပစ်ခဲ့၏။
ယုတ်တယ်မလား...
"မင်းက ယွီရှီကလား” ဝမ်ယွီက အပြုံးလေးဖြင့် စကားစပြောလိုက်သည်။
“အဲ့ဒီက ကိုယ့်မွေးရပ်မြေလေ၊ အဘိုးဆုံးသွားတော့ ကိုယ်တို့မြို့တော်ကို ပြောင်းလာလိုက်တာ”
“အင်္ဂါနေ့တုန်းက ကိုယ်လည်း အခန်း၃မှာ အတန်းချိန်ပါတယ်လေ...”
“မင်းတို့ကို ဈေးကွက်သီအိုရီအကြောင်း သင်တဲ့ ဆရာလျိုနဲ့ ကိုယ်တို့လဲ သင်ရတယ်လေvသူ့ခေါင်းကကြီးလွန်းတော့ ကိုယ်တို့ကသူ့ကို ခေါင်းကြီးလျိုလို့ ခေါ်ကြတယ်...”
သူနှင့်ယှဉ်လျှင် အန်းနဥ်ရဲ့ အဖြေက တိုတိုတုတ်တုတ်ပင်။
“အင်း”
“အိုး”
“အမ်”
သူ့အပေါ်ထားတဲ့ သူမရဲ့ သဘောထားက အရင်ဘဝကထက်ပင် ပိုအေးစက်လာသည်။ အရင်ဘဝက သူမတို့ အတူတူစားခဲ့တာ ကန်တင်းမှာပင်။ အလကားရတဲ့အုတ်ဂျုံယာဂုတစ်ပွဲ ညစ်ပတ်သွားရာက အစပြုခဲ့တာဖြစ်သည်။ သူက အသစ်တပွဲ ပြန်လျော်ပေးရင်း သူနှင့်သိခဲ့တာပင်။
ထိုအချိန်တုန်းက သူမက လူသစ်ဖြစ်ပြီး သူကစီနီယာဖြစ်သည်။ သူ့အပေါ်ထားတဲ့ သူမရဲ့သဘောထားက ယဉ်ကျေးပျူငှာကာ လေးစားမှုအနည်းငယ်ပင် ရှိသေးသည်။
ယခုအချိန်တွင်မူမတူညီတော့ပေ။ သူမက မျက်တောင်တွေကိုနှိမ့်လိုက်ပြီး စားပွဲထိပ်ကိုသာ ကြည့်နေကာ သူနဲ့ မျက်လုံးချင်းမဆုံမိ။
တကယ်တော့ သူဘာပြောနေလဲဆိုတာကို သူမသေချာအာရုံစိုက်မနေချေ။ သူကတော့ ဒီကောင်မလေးနဲ့ စကားစမြည်ပြောနိုင်ဖို့ ခေါင်းစဉ်တွေ ကြိုးစားရှာနေမိ၏။
သူမရဲ့ စိတ်ထဲမှာမူ သူမတို့နှစ်ယောက်ရဲ့ ဘဝကို ဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ အတွေးများနှင့်သာ ပြည့်နှက်နေသည်။
သူ့ကို ရိုးရိုးရှင်းရှင်း ငြင်းဖို့ကလည်း အသုံးမဝင်ပြန်ဘူး... အရင်ဘဝတုန်းက သူမကတောက်လျှောက်ငြင်းနေတာတောင် သူ့ရဲ့မရပ်မနားနှောင့်ယှက်တာကို ခံနေရတာပဲ... နောက် သူကျောင်းကနေပျောက်သွားတော့မှပဲ သူမမှာစိတ်သက်သာရာရတော့တယ်...လအနည်းငယ်လည်းနေရော သူမခမျာ အဆောက်အအုံပေါ်က ပြုတ်ကျပြီး သေသွားတော့တာပဲ...
အန်းနဉ်က သူမသေသွားပြီးနောက် ဝမ်ယွီ သူမအတွက် လက်စားချေပေးနိုင်ဖို့ရာ အချိန်ဘယ်လောက်ကြာအောင် ကြိုးစားခဲ့ရသလဲဆိုတာ မသိချေ။ သူမရဲ့ ဝိဉာဉ်က ပျံ့လွင့်နေပြီး သူမရဲ့အသိစိတ်ကလည်း မသဲကွဲ၊ သူမမြင်ခဲ့တဲ့ မြင်ကွင်းတိုင်းက အချိန်တွေကွဲလွဲနေပြီး အိပ်မက်တစ်ခုလိုပင်။
အတိုချုံးဆိုရရင် သူကျောင်းထွက်သွားတယ်၊ သူမသေသွားတယ်၊ လက်စားချေဖို့ သူပြန်လာတယ်...
ရလဒ်ကတော့ သူ့ဘဝပျက်ဆီးသွားခဲ့တယ်... အခြေအနေကို သေချာမသိပေမယ့် သူ့ရန်ဘက်ကလို့ ထင်ရတဲ့သူက သူ့ကိုထောင်ထဲပို့ခဲ့တာပဲ...
ကျည်ဆံတစ်တောင့်က သူ့ရဲ့တောက်ပတဲ့လူငယ်ဘဝကို အပြီးတိုင်အဆုံးသတ်ပစ်ခဲ့တယ်။
အန်းနဉ်က ယခု ပြန်လည်မွေးဖွားလာပြီမလို့ ထိုလူရဲ့ထောင်ချောက်ထဲ နောက်တစ်ခေါက်အကျခံမှာမဟုတ်ချေ။ သူမသေမှာမဟုတ်တဲ့အတွက် ဝမ်ယွီလည်း သူမအတွက်လက်စားချေရင်း သေမိန့်ချခံစရာလိုတော့မည် မဟုတ်။
ဒါပေမယ့် အဲ့ဒါပြီးရင် ကော...
အန်းနဉ်က ဒေါသကို မထိန်းနိုင်တော့သဖြင့် သူမရဲ့ မျက်ဝန်းနက်နက်များက မီးဟုန်းဟုန်းတောက်နေသည်။
မသိပါလျှင် သူမရဲ့ သွယ်လျပျော့ပျောင်းတဲ့ ခန္ဓာကိုယ်က ဘယ်အချိန်မှာမဆို ပေါက်ကွဲထွက်နိုင်တဲ့ ခွန်အားကြီးကို ပိုင်ဆိုင်ထားပုံပေါ်နေ၏။
“မင်း ဘာဖြစ်လို့စိတ်ဆိုးသွားတာလဲ” ဝမ်ယွီရဲ့ မျက်ခုံးက ပိုပိုပြီး မြင့်တက်လာသည်။
“သူမင်းကိုနှောင့်ယှက်နေတာလေ ကိုယ်သူ့ကို သင်ခန်းစာမပေးသင့်ဘူးလား”
ဒီလူက သူဘာမှားလို့ မှားမှန်းသိပုံမရဘူး သူက အမြဲတမ်းဒီလိုပဲ အထက်ဆီးဆန်၊ ဘဝင်မြင့်ပြီး ကိုယ်ဘာလုပ်လုပ်မှန်တယ် ထင်နေတဲ့လူမျိုး...သူက သူမပြောသမျှအားလုံးကို လျစ်လျူရှုပြီး သူလုပ်ချင်တာအမြဲလုပ်သွားတော့တာပဲ..
အန်းနဉ်မှာ သူမရဲ့ရင်ထဲ မကျေနပ်ချက်များနှင့် ဒေါသများစုပြုံလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။ ထို့နောက်အံကြိတ်ပြီး လွယ်အိတ်ကောက်ကိုင်ကာ ထထွက်သွားတော့သည်။
“ဂျူနီယာ ညီမလေး”
ဝမ်ယွီက ချက်ချင်းထကာ သူမနောက်ကို ပြေးလိုက်သွားသည်။
သူမကို ဆိုင်အပြင်မှာ မှီသဖြင့်“ကျိအန်းနဉ်”ဟုအော်ခေါ်လိုက်သည်။
အန်းနဉ်ကိုကြည့်ရတာ သူခေါ်နေတာ ကြားပုံမရချေ။ သူမရဲ့စိတ်တွေ ရှုပ်ထွေးနေပြီး လမ်းဘက်သို့ အမြန်လျှောက်သွားနေမိသည်။
ဝမ်ယွီက ရုတ်တရက် မျက်မှောင်ကျုံ့လိုက်ကာ မြှားတစ်စင်းလိုအရှိန်ဖြင့် အန်းနဥ်ဆီ ပြေးပြီး သူမလက်မောင်းကို ဆုပ်ကိုင်ကာ အားနှင့် နောက်သို့ ဆွဲလိုက်သည်။
ချက်ချင်းပင် ကားတစ်စီးက သူတို့ဘေး မတိုက်ရုံတမယ် ပွတ်ကာသီကာ ဖြတ်သွားသည်။
“မင်းဘာဖြစ်နေတာလဲ၊ ရူးနေတာလားကွ” ဝမ်ယွီက သူမကိုဆူလိုက်သည်။
ဝမ်ယွီက စိတ်ရှည်တတ်တဲ့ လူစားမျိုးမဟုတ်ပေမယ် အန်းနဉ်နှင့် အခုမှစသိတာမလို့ သူမအပေါ် ဖော်ရွေသည်။ သူမရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ကားတိုက်ခံရတော့မလိုဖြစ်တော့ ဒေါသတထောင်းထောင်းထလာသည်။
အန်းနဉ်က စိတ်ဒဏ်ရာရလုနီးပါးဖြစ်သွားသည်။
သူမနောက်ထပ် မသေချင်သေးဘူး...
သူမရဲ့မျက်နှာက သွေးရောင်မရှိလောက်အောင် ဖြူဖျော့နေပြီး တုန်လှုပ်နေသေးတာကို မြင်လိုက်ရတော့ ဝမ်ယွီရဲ့ နှလုံးသားက ရုတ်တရက် နူးညံ့သွားသည်။
“ဘာမှမဖြစ်လို့ တော်သေးတာပေါ့”
သူက သက်ပြင်းချလိုက်ပြီးနောက် လေသံကို တတ်နိုင်သလောက် ဖျော့လိုက်ပြီး “မင်း ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒေါသထွက်သွားရတာလဲ”
အန်းနဉ်က စကားတစ်လုံးမှ မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
ဝမ်ယွီ ကူကယ်ရာမဲ့နေသလို ခံစားလိုက်ရ၏။ သူတို့ သိတာ အချိန်ခဏလေးသာကြားသေးသည်ဆိုပေမယ့် ဒီကျောင်းသူလေးက ခေါင်းမာလွန်းတာကို သူသတိပြုမိသည်။
“လမ်းကို အရင်ကူးကြတာပေါ့”
သူက ပြောရင်း သူမရဲ့ လက်မောင်းကနေ လက်ကောက်ဝတ်ကို ပြောင်းကိုင်လိုက်သည်။
အန်းနဉ်လည်း ခုခံမနေတော့ဘဲ သူဦးဆောင်ရာနောက် လိုက်သွားလိုက်သည်။ လမ်းတစ်ဖက်လည်းရောက်ရော သူမလက်ကောက်ဝတ်ကို ပြန်ဆွဲယူလိုက်သည်။ ဆန့်ကျင်ဘက်လိင်ဖြင့် ရုပ်ပိုင်းဆိုင်ရာထိတွေ့ဖို့ကို သူမ ကျင့်သားမရသေးချေ။
“နေလို့ကောင်းသွားပြီလား”
ဝမ်ယွီက သူမမျက်နှာကို အနီးကပ်ကြည့်လိုက်သည့်အခါ အရင်ကလောက် ဖြူဖျော့မနေတော့ချေ။
“ကိုယ်တို့အခု ကောင်းကောင်းဆွေးနွှေးလို့ ရပြီလား”
အန်းနဉ်က သူမရဲ့လွယ်အိတ်ကြိုးကို တင်းတင်းကိုင်ထားပြီး ခေါင်းကိုမော့လိုက်သည်။
သူမကဆိုလိုက်၏။
“နင်သူ့ကို မရိုက်လိုက်သင့်ဘူး ပြဿနာတွေကို ဖြေရှင်းဖို့ အကြမ်းဖက်နည်းကို သုံးတာကမမှန်ဘူး”
ဝမ်ယွီက ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။
"ဒီလိုမျက်နှာလှလှလေးနဲ့မလိုက် စိတ်ကောက်နေတဲ့အကြောင်းအရင်းက ဒါလား... မူလတန်းကျောင်းသူလေးလားကွာ..."
“မဟုတ်သေးပါဘူး...မင်း ဘာလို့ဒီလောက် ချစ်ဖို့ကောင်းနေရတာလဲ” သူအရယ်မရပ်နိုင်တော့...
အန်းနဉ်ကတော့ ဘယ်နားရယ်စရာပါနေလဲ ဆိုတာ နားမလည်။
သူမက မေးလိုက်သည်။
“နင် ရန်ခဏခဏဖြစ်နေကြလား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဝမ်ယွီက ရယ်တာကို မနည်းရပ်ထားပြီး
“အလယ်တန်းတုန်းကလား အထက်တန်းကပဲလား မသိဘူး အဲ့ဒီအချိန်တုန်းက မရင့်ကျက်သေးတဲ့ အရွယ်လေးတွေလေကွာ ရန်ဖြစ်ရင် အရမ်းမိုက်တယ်ထင်တော့ ညီငယ်လေးတစ်စုကို ဦးဆောင်ပြီး တစ်ချိန်လုံး တိုက်ခိုက်နေကြတာ အခု အရွယ်ရောက်နေပြီဆိုတော့ အဲ့ဒီလိုအရာတွေက အဓိပ္ပာယ်သိပ်မရှိတော့သလိုပါပဲ”
လိမ်နေတာ...သူမကြောင့်နဲ့ သူဖြစ်ခဲ့တဲ့ရန်ပွဲက တစ်ကြိမ်မကဘူး...
အန်းနဉ်က ဝမ်ယွီရဲ့ ပြုံးနေတဲ့ မျက်နှာကိုကြည့်ပြီး မေးခွန်းကို အလေးအနက်မထားမှန်း သိလိုက်သည်။ သို့ပေမယ့် သူမရဲ့ အမြင်မှာတော့ ယင်းက သူ့ရဲ့ စိတ်မြန်လက်မြန်နှင့် ဖြစ်လာမည့်အကျိုးဆက်ကို လျစ်လျူရှုကာ လုပ်တတ်သည့် စိတ်ကို ဖော်ပြနေသည်။
သူဒီလိုသာဆက်လုပ်နေရင် သူမ ရှိရှိ၊ မရှိရှိ အကြောင်းတစ်ခုခုကြောင့် သူ့ဘဝကို သူပြန်ဖျက်ဆီးမိဦးမှာပဲ...
အန်းနဉ်ရဲ့နားထဲမှာ ထောင်တံခါးပိတ်သံကို ကြားလိုက်ရပြီး ကျည်ဆန်တွေ ဝှီးခနဲ ဖြတ်သွားတာကို ပြန်မြင်ယောင်မိပြီး ထိတ်လန့်စိတ်ကို ထပ်ခံစားမိပြန်သည်။
သူမ နှလုံးတွေတောင် အောင့်လာသလိုပင်...
ဒီဘဝမှာတော့ သူမ မသေချင်သေးသလို ဝမ်ယွီကိုလည်း အရင်လို အဆုံးမသတ်စေချင်ဘူး...
ပြန်လည်မွေးဖွားလာပြီးကတည်းက အန်းနဉ်အနေဖြင့် ပုန်းအောင်းပြီး တုန့်ဆိုင်းနေခဲ့တာ ရက်တော်တော်ကြာပြီ။ ယခုမူ သူမရဲ့ နှလုံးသားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
အရင်ဘဝတုန်းက ဝမ်ယွီအပေါ် သူမဘယ်လိုပဲမြင်ခဲ့မြင်ခဲ့ သူမသေဆုံးပြီးနောက် ဖြစ်လာသည်များကို ကြုံတွေ့ပြီးကတည်းက သူမ သူနှင့်ဝေးဝေးမနေချင်တော့ချေ။
သူ့ကို ဘယ်လောက်ပဲ တစ်ချိန်က မကြိုက်နှစ်သက်ခဲ့ပါစေ သူမအတွက် သူ့ဘဝကို စတေးခဲ့သည့် ဒီလူငယ်လေးကို သူမနှင့် အဝေးမှာထားဖို့ သူမတွင် အရည်အချင်း မရှိပေ။
အရင်ဘဝကလို အမှားတွေထပ်မလုပ်မိအောင် ဘယ်လိုလုပ်မှ သူ့ကို ကာကွယ်နိုင်မှာလဲ...
ဝမ်ယွီက သူစကားလည်းပြောပြီးရော အန်းနဥ်ရဲ့ မျက်နှာက ဖွေးဆုတ်သွားပြီး သူမမျက်လုံးတွေက မျက်ရည်တွေ ပြည့်လျှံလာတာကို မြင်လိုက်ရသည်။
သူမကြည့်ရတာ အားအင်မဲ့နေပြီး အချိန်မရွေး လဲကျသွားတော့မလိုပင်။
သူမ နေလို့မကောင်းသေးတာများလား...
“မင်းအဆင်ပြေရဲ့လား” ဝမ်ယွီက သူမပခုံးကို ကိုင်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
သူ့လက်ဖဝါးအောက်ကနေတဆင့် ပိန်ပါးကျစ်လျစ်တဲ့ ပခုံးလေးကို ခံစားလိုက်ရသည်။ ဟုတ်တာပေါ့၊ ဤနုနယ်တဲ့ မိန်းကလေးက နဖူးပေါ်မှာချွေးတွေဖြင့် နေ့လည်စာဘူး အလေးကြီးနှစ်အိတ်ကို သယ်ပြီး ကန်တင်းနှင့် အဆောင်ကို ခေါက်တုံ့ခေါက်ပြန်သွားလာနေရတာပင်။
ဝမ်ယွီ ဒီရက်ပိုင်းအတွင်း သတိပြုမိသည့် သူမရဲ့ မိသားစုအခြေအနေကြောင့် သူမကို မသနားဘဲမနေနိုင်ပေ။အန်းနဉ် ငိုချမိတော့မည်။သူမကအနည်းငယ်ဆို့နင့်နေသော လေသံဖြင့်
“နောက်ကျရင် ရန်မဖြစ်လို့ရမလား”
ဝမ်ယွီက မျက်တောင်ခတ်လိုက်ပြီး “ဘာကိုလဲ
xxxxxx