Chapter 9
အန်းနဉ်က သူမအရှေ့က ဝမ်ယွီကို ကြည့်လိုက်သည်။ သူက သူမမှတ်ဉာဏ်ထဲကအတိုင်း အထက်ဆီးဆန်ကာကြီးစိုးတတ်တဲ့ Bossကြီးဖြစ်နေတုန်းပင်။
"သူသာ သူ့ဘဝကို အန္တရာယ်ကင်းကင်းနဲ့ အေးအေးချမ်းချမ်းနေနိုင်မယ်ဆို သိပ်ကောင်းမှာပဲ....သူမအတွက်နှင့် ဘယ်တော့မှ မသေစေရတော့ဘူး..."
“အနာဂတ်မှာ ဘာတွေပဲဖြစ်လာဖြစ်လာ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့နော်”
သူမက ဆို့နင့်နေတဲ့ အသံလေးနှင့်တောင်းဆိုလိုက်သည်။သူမက ဆန့်ကျင်ဘက်လိင်အား သနားစဖွယ်တောင်းဆိုတာမျိုး တစ်ခါမှ မလုပ်ဖူးခဲ့ေပ။
ဝမ်ယွီက သူမအား စိတ်ဝင်တစားကြည့်ကာ သူမမျက်လုံးများတွင် သူ့အတွက် စစ်မှန်သည့်စိုးရိမ်မှုများသာရှိကြောင်း တွေ့ရှိသွားသည်။ ဘာကြောင့်သူ့ကို စိုးရိမ်နေမှန်းမသိပေမယ့် ဟန်ဆောင်နေခြင်းမဟုတ်တာ မြင်သာ၏။
“ကိုယ်တို့ခုမှ သိကြတာလေကွာ၊ မင်းက ကိုယ့်ကို ကြီးကြပ်ကွပ်ကဲချင်နေပြီလား...”
သူက ရွှတ်နောက်နောက်ဖြင့်
“ဂျူနီယာညီမလေး ကိုယ်က မင်းအတွက် ဘာများလဲ”
ဒီလေသံက သူမ မုန်းတီးခဲ့တဲ့ ဝမ်ယွီ့ပုံစံနဲ့ တထပ်တည်းပါပဲ။အန်းနဉ် အနည်းငယ် ငြိမ်သက်သွားသည်။ သူမက တစ်ဖက်ကို လှည့်ပြီး ကျဆင်းလာသော မျက်ရည်တစ်စက်ကို သုတ်ပစ်လိုက်သည်။
နောက်တော့ ဝမ်ယွီ့ဘက်ကို ပြန်လှည့်ကာ တည်ငြိမ်သည့်လေသံဖြင့်
“နင်က ငါ့အတွက် ဘာမှမဟုတ်ဘူး... အနာဂတ်မှာ နင်စိတ်လိုက်မာန်ပါနဲ့ နောက်ပြန်လှည့်လို့ မရတဲ့ အရာမျိုး မလုပ်မိဖို့ပဲ ငါမျှော်လင့်တယ်...”
ဝမ်ယွီ့ဘက်က ကြည့်ရင် သူတို့ သိတာ အချိန်ခဏလေးပဲရှိသေးသည့်အတွက် ထိုစကားက သူ့အတွက်တော့ ထူးဆန်းနေမှာသိပေမဲ့ သူမ မပြောဘဲမနေနိုင်ပေ။အန်းနဉ်ပြောလို့ပြီးသည်နှင့် သူမဖုန်းက မြည်လာသည်။
ဖုန်းကိုထုတ်ကြည့်လိုက်တော့ ဖုန်းခေါ်နေတဲ့သူက “အန်းရှန်း၊ ခြောက်လွှာက မစ္စကျောင်း” ဖြစ်နေသည်။
သူမ ပြန်မမွေးဖွားခင်တုန်းက လိုင်းပေါ်မှ အလုပ်ရှာထားသည့် ကျူတာပြရမည့် မိသားစုဖြစ်သည်။ အရင်က တစ်ခါသွားသင်ဖူးလို့ မနက်ဖြန်မနက်ဆို ဒုတိယတစ်ခေါက်ဖြစ်သည်။
သို့ပေမယ့် ဒီမနက် သူမအချိန်ဇယားကို စီစဉ်တော့ မစ္စကျောင်းအား နောက်ထပ်ဆက်မသင်နိုင်တော့ကြောင်း message ပို့လိုက်သည်။
ကြည့်ရတာ မစ္စကျောင်းက ဒီမနက် အလုပ်များနေလို့ အခုမှ ဖုန်းခေါ်နိုင်ပုံရသည်။ အန်းနဉ် မျှော်လင့်ထားတဲ့အတိုင်းပင်။
မစ္စကျောင်းက ဒေါသတကြီးဖြင့်
“ရှောင်ကျီ နင်ဘာကိစ္စရှိလို့လဲ ပြီးခဲ့တဲ့တစ်ပတ်ကတင် ငါ့ယောကျာ်းက နင့်အကြောင်း ချီးကျူးခဲ့ပြီးတော့ နင်ကစိတ်ချလို့ရတယ်လို့ ထင်ခဲ့တာ...နင်က အခု ဆက်မသင်တော့ဘူးဆိုတော့ ငါက နောက်ဆရာမတစ်ယောက်ကို ဘယ်နားကနေရှာရတော့မှာလဲ ငါ့ကလေးရဲ့ ပိတ်ရက်တွေကို နင်က ဖြုန်းပစ်တာပဲ...”
“ကျွန်မတောင်းပန်ပါတယ် အစ်မကျောင်း....”
အန်းနဉ်က တည်ငြိမ်စွာဖြင့်
“ဒါပေမယ့် ကျွန်မတကယ်မသင်နိုင်ဘူး”
“မင်းက တာဝန်မဲ့လွန်းတယ် မင်း ဘာလို့လာမသင်နိုင်ရတာလဲ ငါ့ကို အကြောင်းပြချက်ပေးရမယ်... မဟုတ်ရင် မင်းကို တိုင်ပစ်မယ်”
အန်းနဉ် ခနတော့ တိတ်ဆိတ်သွားသည်။ မစ္စကျောင်းက တကယ်ကို ကောင်းမွန်တဲ့ ညီအမဖြစ်သည်။ သူမရဲ့ မိသားစုနှင့် သားသမီးအတွက် မြှုပ်နှံထားသည့်အပြင် သူမအပေါ်လည်း ဂရုစိုက်၏။တခဏမျှစဉ်းစားပြီးနောက် အန်းနဉ်က
“ပိတ်ရက်တွေမှာ အစ်မက Beauty treatmentလုပ်ဖို့ အပြင်ကိုသွားနေကြဆိုတော့ အိမ်မှာက…. အစ်မရဲ့ သားနဲ့ ယောကျာ်းပဲ ကျန်ခဲ့တာ... ကျွန်မကတော့ ဖြစ်နိုင်မယ်ဆိုရင် အမျိုးသားဆရာကိုပဲရှာဖို့ အကြံပေးချင်တယ်...”
ဖုန်းရဲ့တစ်ဖက်က ရုတ်တရက် တိတ်ဆိတ်သွားသည်။ မစ္စကျောင်းက တုန့်ဆိုင်းနေပြီး
“နင် ဘာကိုဆိုလိုတာလဲ”
အန်းနဉ်က သက်ပြင်းအနည်းငယ်ချလိုက်ပြီး
“ကျွန်မပြောချင်တာ ဒါအကုန်ပါပဲ... ကျန်တာကတော့ အစ်မပေါ်ပဲ မူတည်တယ်...”
နောက်တော့ သူမ ဖုန်းချလိုက်သည်။ သူမ မော့ကြည့်လိုက်တော့ ဝမ်ယွီရဲ့ အမူအရာက အေးစက်နေသည်။
“ဘာဖြစ်နေတာလဲ” ဟု သူကမေးသည်။
အန်းနဉ်က သူနှင့် အချိန်အတော်ကြာ လုံးထွေးနေခဲ့ရသူဖြစ်၍ သူ့ဒေါသကို သိသည်။ သူမက ချက်ချင်းပြောလိုက်၏။
“ဘာမှမဟုတ်ပါဘူး”
“မင်း ကိုယ့်ကို လာနောက်နေတာလား...”
ဝမ်ယွီက မျက်မှောင် ကြုံ့ကာ
“အဲ့ဒီလူ မင်းကို ထိခဲ့တာလား”
အန်းနဉ်က “မဟုတ်ဘူး” ဟု ပြောပြီး လှည့်ထွက်သွားသည်။
“ဟေး”
ဝမ်ယွီက သူမလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး မျက်ခုံးပင့်ကာ “မင်းက တကယ်ကို ပြဿနာရှာတဲ့နေရာမှာ ပါရမီပါတာပဲ...”
ဘာပါရမီလဲ...
သူမက မသင့်လျော်တာ ဘာမှ မလုပ်ခဲ့သလို ဘယ်သူ့ကိုမှလည်း မမြှူဆွယ်ခဲ့ချေ။ ဤကမ္ဘာပေါ်မှာ မိန်းကလေးတွေ အနိုင်ကျင့်ခံ မဖွယ်မရာပြုံခံရတာက အကြောင်းအရင်းတစ်ခုသာရှိသည်။ ယောကျာ်းတွေက သူတို့ရဲ့ ဆန္ဒကို မထိန်းချုပ်နိုင်တာပင်။
ဘာကမုန်းဖို့ကောင်းတာလည်းဆိုလျှင် နစ်နာသွားတဲ့ မိန်းကလေးကိုပဲ အပြစ်တင်ချင်နေတဲ့ ဘတ်စ်ကားပေါ်က ခပ်ဝဝအဒေါ်ကြီးလို လူတွေက အမြဲတမ်းရှိသည်။
အခြားသူတွေ ဘယ်လိုပင် အပြစ်တင်ကာထေ့ငေါ့ပြောနေပါစေ သေခြင်းတရားကို ရင်ဆိုင်ခဲ့ဖူးတဲ့ အန်းနဉ်ကတော့ ဂရုစိုက်နေမှာမဟုတ်ချေ။
သို့ပေမယ့် ဝမ်ယွီက အခြားသူမဟုတ်။ သူပြောလာတော့ အန်းနဉ်က ဒေါသထွက်ရုံမက ရှက်လာသည်။
သူ့မျက်လုံးထဲမှာ သူမက ဘယ်လိုမိန်းမမျိုးလဲ... သူက သူမကို နှောင့်ယှက်လိုက် ခြိမ်းခြောက်လိုက်နှင့် မသင့်တော့တဲ့ ချဉ််းကပ်မှုမျိုးတောင် လုပ်ခဲ့တာ...သူ့နှလုံးသားထဲ သူမကို ဘယ်လိုများမြင်နေတာလဲ...
အန်းနဉ်က သူမလက်ကောက်ဝတ်ကို ပြန်ဆွဲကာ ဒေါသတကြီးဖြင့်
"ငါ့ကို မထိနဲ့”
သူမရဲ့ ဖြူဖျော့ပြီး တုန်လှုပ်နေသည့်ပုံနှင့် ယှဉ်လျှင် ယခု သူမဒေါသထွက်နေသည်က ပိုပြီး တက်ကြွကာ အသက်ဝင်နေ၏။
ဝမ်ယွီသည် ဘတ်စ်ကားပေါ်က အဒေါ်ကြီးကဲ့သို့ ရှေးရိုးစွဲမဟုတ်ဘဲ ခေတ်မီသော ပညာတတ်တစ်ယောက်ဖြစ်သည်။ အန်းနဉ်ရဲ့ မျက်ဝန်းထဲက တောက်လောင်နေတဲ့ ဒေါသကိုလည်း မြင်လိုက်ရော အကြောင်းရင်းကို သဘောပေါက်သွားသည်။ သူက မြန်မြန်ဆန်ဆန်ပဲ တောင်းပန်လိုက်သည်။
“ကိုယ်က အဲ့ဒီလို ဆိုလိုတာမဟုတ်ပါဘူးကွာ...”
သူက ဆက်ပြီး “ဟုတ်တာပေါ့ ဒါမင်းအမှားမှ မဟုတ်တာ... ဒါမျိုးက အဲ့ဒီယောကျာ်းရဲ့အမှားပဲ... ဒါမှမဟုတ် ကိုယ်သူ့ကို မနေ့က အရူးလို သင်ခန်းစာသွားပေးလိုက်ရမလား”
“ကိုယ်က အဲ့ဒီလူ မင်းကို တစ်ခုခုလုပ်ခဲ့လားမေးချင်တာပါကွာ အဲ့ဒါဆို သူ့ကို မှတ်လောက်သားလောက် ဖြစ်အောင် လုပ်ပစ်ရမယ်...”
အန်းနဉ်ရဲ့ ဒေါသများ အနည်းငယ် လျော့ပါးသွားသည်။
“သူဘာမှမလုပ်ပါဘူး ငါက ဒီတိုင်း စိတ်မသက်မသာဖြစ်လို့ နောက်ကို သွားမသင်တော့ဖူးလို့ ဆုံးဖြတ်ထားတယ်...”
မစ္စကျောင်းရဲ့ ခင်ပွန်းက ယခုထိတော့ ဘာမှမလုပ်သေးချေ။ သူမက အန်းနဉ်ကို တစ်လလောက်စောင့်ကြည့်ပြီး စိတ်ချရသည်ဆိုမှ ကလေးကို စာသင်ဖို့ အိမ်မှာစိတ်အေးလက်အေးနှင့် ထားသွားမှာဖြစ်သည်။ ထိုအချိန်ကျမှ ထိုလူက လှုပ်ရှားမှာပင်။
ကံကောင်းသည်မှာ ကလေးတွေက အိမ်မှာရှိနေ၍ အန်းနဉ်အနေဖြင့် ကလေးတွေကို အကာအရံ အဖြစ်ထားကာ ထိုလူကို ရှောင်ရှားခဲ့ရသည်။ နောက်တော့ ထိုအိမ်ကို ထပ်မသွားတော့ပေ။
နောက်တစ်လနေတော့ အန်းနဉ်ရဲ့အသင်အပြကြောင့် ကလေးတွေက အဆင့်တက်လာသဖြင့် မစ္စကျောင်းက သူမကို ထပ်ငှားသော်လည်း သူမဘက်က ငြင်းပယ်ခဲ့သည်။
“တော်တော်ဉာဏ်ကောင်းတာပဲ”
ဝမ်ယွီက သူမအား ချီးကျူးသည်။သူက သူမကို အပြုံးလေးဖြင့် ကြည့်လိုက်ပြီး
“အန်းနဉ် ကိုယ့်ကောင်မလေးလုပ်”
ရာသီဥတု သာယာပြီး နေရောင်ကနွေးထွေးနေသော်လည်း ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ လူငယ်လေးက ဆိုးရွားတဲ့ စကားတွေကို ပြောလိုက်ပုံက သူ့စကားတွင် ဘာအမှားမှ မရှိသလိုပင်။
“ကိုယ့်ကောင်မလေးလုပ်၊ ကိုယ်မင်းကို ဂရုစိုက်မယ်...”
“မင်း အခု ခက်ခက်ခဲခဲနေနေရတာ၊ မင်းလို မိန်းကလေးမျိုးက အဲ့ဒီလိုမနေသင့်ဘူး...”
“ငွေနဲ့ ဖြေရှင်းလို့ မရတဲ့ အရာဆိုတာမရှိပါဘူး... အခု မင်းကြုံနေရတဲ့ ပြဿနာတွေကို ကိုယ်ဖြေရှင်းပေးနိုင်တယ်...”
ဒီလူက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ပြောနေလိုက်တာများ...နားထောင်တဲ့သူတွေတောင် သူ့ကို ထိုးချင်လာအောင် ပြောနေတာပဲ...
အန်းနဉ်က သူမ ဝမ်ယွီ့ကို ဘာလို့ မကြိုက်မှန်း နားလည်လာ၏။
_____
[ဘာသာပြန်သူ: သူက နဉ်နဉ်ရဲ့သကြားဖေဖေ ဖြစ်ချင်နေတာ။ သကြားဖေဖေတွေအားလုံး ဒီလိုရုပ်ချောလို့ကတော့ကွာ….ဟဲဟဲ]
ဝမ်ယွီက ဘယ်လိုလူမျိုးလဲ...
ချမ်းသာတဲ့မိသားစုက မွေးလာတာမလို့ ငွေနှင့် အရာရာကိုဝယ်နိုင်တယ်ဆိုတာ ယုံကြည်နေသည်။ အချစ်အပါအဝင်ပင်။
အန်းနဉ်က ငွေကြေးနှင့်ပတ်သတ်ပြီး အကဲဆတ်လွန်းတာကြောင့် သူ့ဘက်က သူမကို သူ့ရည်းစားလုပ်ဖို့ ပထမအကြိမ်တောင်းဆိုကတည်းက ၎င်းကို နားလည်သည်။
သူမရဲ့အတိတ်တုန်းကအတွေ့အကြုံကိုပဲ ကျေးဇူးတင်ရေပမည်။အန်းနဉ်က မျက်နှာအရောင် တစ်ချက်မပြောင်း တုံ့ဆိုင်းမနေဘဲ ရိုးရိုးရှင်းရှင်း ငြင်းဆိုလိုက်သည်။
“မလုပ်ဘူး”
ဝမ်ယွီ: “…”
သူက မျက်ခုံးတစ်ချက်ပင့်ပြီး ပြုံးကာ “ဘာလို့လဲ”
အန်းနဉ်က “ငါနင့်ကို ကောင်းကောင်းမသိဘူး”ဆိုသည့် အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်တွေ မပြောချင်တော့ပေ။
သူမက ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘဲ
“ငါ့မှာ ရည်းစားထားဖို့ အချိန်မရှိဘူး”
ဝမ်ယွီက သူ့နဖူးကို ပွတ်သပ်လိုက်သည်။
“ကိုယ်အခု ပြောလိုက်တာကို နားမလည်တာလား မင်းသာ ကိုယ့်ကောင်မလေးဖြစ်ပေးမယ်ဆိုရင် ဒီလိုပင်ပင်ပန်းပန်း အလုပ်လုပ်စရာမလိုတော့ဘူး ကိုယ်ကတောင် မင်းကို ငွေကြေးထောက်ပံ့ပေးဦးမှာ...”
“အဲ့ဒီတော့ ဘာဖြစ်လဲ” အန်းနဥ်က သူ့ကို မျက်လုံးချင်းဆုံကာ မေးလိုက်သည်။
“ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသူလေးကနေ သိုက်တူးသမားလုပ်ပြီးတော့ နေ့တိုင်း လက်ဖွာလိုက် စားလိုက် သောက်လိုက်နဲ့ ဇိမ်ခံနေရမှာလား”
ဝမ်ယွီက ထပ်ရယ်မိပြန်သည်။ အရင်ဘဝ သူမတို့စသိကြတုန်းကလည်း ဝမ်ယွီက ရယ်ရယ်မောမောသာ။
သို့ပေမယ့် သူ သူမကို လိုက်ပိုးလေလေ၊ အန်းနဉ်က သူ့အပေါ်ကို ပိုပြီးအေးစက်လာသည်။သူ့ကို မြွေတစ်ကောင်လို ရှောင်ရှားတာမျိုးလုပ်ကတည်းက သူ့အပြုံးများက အေးစက်လာပြီး လှောင်ပြုံးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“မင်းက ဘာလို့ဒီလောက်တောင် ရယ်ရတာလဲကွာ” ဝမ်ယွီက မျက်လုံးထောင့်များ ကွေးသည်အထိ ရယ်မောလိုက်၏။
သူ သူမကြောင့် ရယ်လိုက်ရသည့်အချိန်တိုင်း အန်းနဉ်က အလေးအနက်ထားကာ ပြောနေခဲ့တာကို သူမသိခဲ့ချေ။
ကြည့်ရတာ နှစ်ဘဝရှင်သန်ခဲ့ဖူးတဲ့ သူမနှင့် သူ့ကြား... သာမန်လူကြားက လောကကြီးကို နားလည်နိုင်မှုအပေါ် ကွာဟချက်ပဲထင်ပါတယ်လေ...
ထိုကောလဟာလတွေနှင့် အတင်းအဖျင်းတွေက သူမကို ဘယ်လောက်တောင် ထိခိုက်နစ်နာစေခဲ့လဲဆိုတာ သူဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။
အတင်းစကားဆိုတာ ပြောပါများလျှင် အမှန်တရားဖြစ်လာသည်။ တကယ်ပါဝင်ပတ်သတ်သူများသာ အစစ်အမှန်ကို သိနိုင်သည်။
အန်းနဉ် စကားတခွန်းမှ မပြောတော့ဘဲ သူ့ကို ငြိမ်သက်စွာကြည့်နေမိသည်။
နေရောင်ခြည်က သူမရဲ့ပါးပြင်ပေါ် ကျဆင်းနေသည်မှာ နှင်းတောထဲက ပန်းဖျော့ရောင် ဇီးပန်းပွင့်များကဲ့သို့ပင်။ သူမရဲ့ အကြည့်တွေက ငြိမ်သက်နေတဲ့ရေလို နက်နဲပြီး ဆန်းကြယ်သဖြင့် တစ်ခုခုကို ဖုန်းကွယ်ဝှက်ထားသလားဆိုတာ ဘယ်သူမှ မသိနိုင်။
သူမရဲ့ အကြည့်တွေကို မြင်လိုက်ရသည့်အခါ ဝမ်ယွီမှာ ဆက်မရယ်နိုင်တော့ေပ။
အန်းနဉ်က ဟာသပြောနေတာမဟုတ်ဘူးပဲ...တကယ်ကြီး အတည်ပေါက်ပြောနေတာလား...
ဝမ်ယွီက အရယ်ရပ်ကာ ချောင်းအသာဟမ့်လိုက်ပြီး
“မင်း အရမ်းတွေးနေတာပဲ ဘယ်သူနဲ့ ဘယ်သူက မိတ်ဆွေတွေ၊ ဘယ်သူတွေကတော့ တွဲနေတယ်ဆိုတာ ဘယ်သူကဂရုစိုက်နေမှာလဲ...”
အန်းနဉ်က ခေါင်းညိတ်လိုက်သည်။
“နင်ပြောတာ မှန်ပါတယ် ဒါပေမယ့် ငါတို့က လူ့အဖွဲ့အစည်းမှာနေနေကြတာလေ လူတွေက အသင်းလိုက် အစုလိုက်နေကြတဲ့ သတ္တဝါတွေဟ ဘူးအပေါက်တစ်ရာကို ပိတ်နိုင်ပေမယ့် ပါးစပ်အပေါက်တစ်ရာကို ပိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး တချို့စကားလုံးတွေက လူကို သေစေနိုင်တယ်...”
သူတို့စကားတွေက ဘယ်ကနေ သေတဲ့အကြောင်းထိ လမ်းလွဲပြီး ရောက်လာရတာလဲ...
ဝမ်ယွီက သူ့ကိုယ်သူ အယူသီးတယ်လို့ မထင်ပေမယ့် အန်းနဉ်ရဲ့ စကားလည်း ကြားလိုက်ရော မပြောပြတတ်အောင် စိတ်မသက်မသာ ခံစားလိုက်ရ၏။
“သူတို့ ပြောချင်တာပြောပါစေ ကိုယ်တော့ မကြားမိစေနဲ့၊ ကိုယ်သိလို့ကတော့ အဲ့ဒီလူတွေ အဆုံးသတ်မကောင်းစေရဘူး”
သူက ခေါင်းစဉ်ကို အတင်းအကြပ် ပြောင်းလိုက်သည်။
“ဒါဆို ကိုယ့်ရည်းစား လုပ်တော့မလား”
သူက အန်းနဉ်ကို မမှိတ်မသုန် စိုက်ကြည့်နေသည်။သူ့လို လူအတွက်ကတော့ ကြောက်စရာမရှိဘူးဆိုပေမယ့် သူမက သူနဲ့မတူချေ။
“နင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်သူဌေးသားကို ရည်းစားတော်ထားပြီးသားလေ ဘာလို့များ စိတ်အနှောင့်အယှက်အဖြစ်ခံပြီး ပညာသင်ဆုလျှောက်ရသေးတာလဲ” ဆိုသည့် မှတ်ချက်မျိုးနှင့်ပင် သူမကို ဒုက္ခရောက်သွားစေနိုင်သည်။
စားဝတ်နေရေးနှင့် ဆေးဖိုးဝါးခအတွက် နေ့တိုင်း အလုပ်သုံးလေးခုကို အပြေးအလွှားလုပ်နေရတာ သူတို့မမြင်။ ဝမ်ယွီက သူမကို လိုက်ပိုးရင်း လက်ဆောင်တွေ ပန်းတွေပေးတာပဲ မြင်ကြသည်။သူမ ဝမ်ယွီအပေါ် အကြိမ်ကြိမ်ငြင်းခဲ့တာကို သူတို့ မမြင်ပဲ ကောင်းတာတွေပဲ ရွေးမြင်ကြသည်။
“ရည်းစားမလုပ်ချင်ဘူး...”
အန်းနဉ်က ခနလောက် နှုတ်ဆိတ်ကာ
“အများဆုံးမှ ငါတို့ သူငယ်ချင်းပဲ ဖြစ်နိုင်မယ်”
သူမအနေဖြင့် ဝမ်ယွီကို လက်မခံနိုင်သလို အရင်ဘဝကလိုလည်း လျစ်လျူမရှုထားနိုင်ပေ။
ဝမ်ယွီအတွက်တော့ ထိုစကားက ကြောင်သူတော်ဆန်နေပုံပေါ်သည်။
ယောကျာ်းနဲ့ မိန်းမကြားမှာ ရိုးရှင်းတဲ့ ရင်းနှီးမှုဆိုတာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ...
အထူးသဖြင့် အန်းနဉ်လို လှပတဲ့မိန်းကလေးအတွက် ယောကျာ်းတစ်ယောက်က သူမကို ဘယ်လိုပုံစံနှင့်ပဲ ချဉ်းကပ်ချဉ်းကပ်၊ အဓိကက သူမနဲ့ အိပ်ချင်လို့ပဲ မဟုတ်ဘူးလား...
မိန်းမလှလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို “သူငယ်ချင်းပဲဖြစ်ကြရအောင်”လို့ ပြောလာရင် ဆယ်ကြိမ်မှာ ကိုးကြိမ်လောက်က သူမက သူ့ကို အရံလူအနေဖြင့် သဘောထားတာဖြစ်ပြီး ကျန်တဲ့ တစ်ကြိမ် နှစ်ကြိမ်က နုံအချင်ယောင်ဆောင်တာပင်။
"အန်းနဉ်က သူ့ကို အရံအဖြစ်ထားချင်တာလား...ဒါမှမဟုတ် နုံအချင်ယောင်ဆောင်နေတာလား...."
ဝမ်ယွီက အံကြိတ်လိုက်ပေမယ့် သိမ်မွေ့တဲ့အပြုံးလေးဖြင့်
“ကောင်းပြီ၊ သူငယ်ချင်းဖြစ်ကြတာပေါ့”
သူ့အပြုံးက အန်းနဉ်ကို သူ့အား ချောမောပြီး လူကြီးလူကောင်းဆန်တဲ့ စီနီလာတစ်ယောက်အဖြစ် မြင်လာအောင် လှည့်စားနိုင်တယ်လို့ ထင်နေခဲ့သည်။ အန်းနဉ်က အရင်ဘဝကတည်းက သူ့ရဲ့ ရက်စက်ပြီး အရှက်မရှိတဲ့ အမူအကျင့်တွေကို ကောင်းကောင်းကြီးခံစားဖူးတာကြောင့် သူ့ရဲ့ မျက်နှာအမှန်ကို သိနေပြီးသားဆိုတာ သူခန့်မှန်းမိမည်မဟုတ်ပေ။
သို့ပေမယ့် သူကဒီလို သရုပ်ဆောင်ချင်နေမှတော့ အန်းနဉ်က ဖော်ထုတ်မနေတော့ပေ။
သူမက ခေါင်းငြိမ့်ပြီး “ကောင်းပြီလေ”ဟုသာ ပြောနိုင်သည်။
နေ့လည်ခင်း အတန်းနားချိန်တွင် မိန်းကလေးတစ်ယောက်က လာပြီး
“ဟေး အန်းနဉ် ဒီနေ့ နင်နဲ့ နေ့လည်စာ တူတူစားတဲ့သူက တတိယနှစ်က ဝမ်ယွီမဟုတ်လား”
အန်းနဉ် စာရေးနေတာကို ရပ်လိုက်သည်။ KFCဆိုင်က ကျောင်းဂိတ်နားမှာဆိုတော့ သူတို့ကို တစ်ယောက်ယောက် မြင်သွားတာက ပုံမှန်ပင်။
“ဟုတ်တယ်” သူမက ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်၏။
ထိုမိန်းကလေးက စိတ်အားထက်သန်စွာဖြင့် “သူနဲ့သိတာလား”ဟု မေးလာသည်။
ဝမ်ယွီက ကျောင်းမှာနာမည်ကြီးဆိုပေမယ့် ယခုမှ ကျောင်းစဖွင့်ချိန် စက်တင်ဘာလလယ်သာရှိသေးသည်။ လူသစ်တစ်ယောက်အနေဖြင့် သူ့ကိုသိနေတဲ့ ဒီမိန်းကလေး စွန်းယာရှန့် ကမူအပေါင်းအသင်းများကာ သူမတွင် သတင်းအချက်အလက်အစုံအလင်ရှိသည်။
စွန်းယာရှန့်က တော်တော်လေးလှပြီး အန်းနဉ်သာမရှိခဲ့ပါက သူမအနေဖြင့် အတန်းနှင့် ဌာနတခုလုံးအပြင် တစ်ကျောင်းလုံး၏ အလှပန်းလေး ဖြစ်ပေလိမ့်မည်။
ကံမကောင်းစွာပင် သူမက အန်းနဉ်နဲ့ တွေ့ခဲ့သည်။
ကျောင်းပထမရက်၌ ဌာနတစ်ခုလုံး ဟောခန်းထဲ စုဝေးခဲ့ကြသည်။ ဌာနမှုးက မိခင်ဖြစ်သူကိုဆုံးရှုံးပြီး ဖခင်နှင့်အဆက်အသွယ်ပြတ်ကာ အဖွားပေါ် မှီခိုနေထိုင်ရင်း တက္ကသိုလ်တက်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ မိန်းကလေးတစ်ဦးအကြောင်း ပြောပြသည်။ ထိုမိန်းကလေးက သူမအဖွားကို ထားမသွားဘဲ ကျောပိုးကာ ဒီမြို့ကို အတူတူပြောင်းလာသည့်အကြောင်း၊ အဲ့ဒီမိန်းကလေးကို သူမတို့ရဲ့ အတန်းဖော်အဖြစ်ရတာ သူတို့အတွက် ဘယ်လောက်ကံကောင်းကြောင်း ပြောလာ၏။
သူမကတော့ အန်းနဉ်ပါပဲ။
“ကျိအန်းနဉ်၊ သမီးဒီကိုလာပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပါဦး”
ဌာနမှုးက အတန်းနောက်ဆုံးကို လက်ပြလိုက်တော့ အားလုံးက နောက်ကို လှည့်ကြည့်ကြသည်။
မထင်မရှားထောင့်နားမှာ ထိုင်နေတဲ့ မိန်းကလေးက သူမရဲ့ခေါင်းကို အင်တင်တင်နှင့် မော့လိုက်သည်။
ကန္တာရတောင်ကြားက သစ်ခွပန်းအလား၊ တောင်ထိပ်ပေါ်က နှင်းကြာပန်းကဲ့သို့ လှပလွန်းလှသည်။
တစ်ခန်းလုံးဆူညံနေရာမှ အပ်ကျသံကို ကြားနိုင်လောက်အောင်အထိ ရုတ်ချည်း တိတ်ဆိတ်သွားသည်။
ထိုအချိန်မှစ၍ စွန်းယာရှန့်၏ ကျောင်းပန်းကလေးဖြစ်ဖို့ ရည်မှန်းချက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
xxxxxx