အပိုင်း၁၀
Viewers 6k

Chapter 10


အန်းနဉ်က သူမရဲ့ နက်မှောင်နေတဲ့ မျက်ဝန်းနှင့် စွန်းယာရှန့်ကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ 


“သိတယ်”


သူမက အေးစက်ပြီး မာနကြီးသည့် မင်းသမီးနှင့်တူပေမယ့်အမှန်ကတော့ အသားစားဖို့တောင် မတတ်နိုင်တဲ့ ဆင်းရဲသားပင်။


စွန်းယာရှန့်က စိတ်ထဲ ဒေါသထွက်နေသော်လည်း အပြင်ဘက်တွင် စိတ်အားထက်သန်သည့် အကြည့်ကိုသာ ဖော်ပြထားသည်။ 


သူမက အန်းနဉ်ရဲ့ရှေ့မှာ တိုက်ရိုက်ထိုင်လိုက်ပြီး စားပွဲပေါ်လက်တင်ကာ


 “ဝမ်ယွီက ငါတို့ကျောင်းမှာ တော်တော်နာမည်ကြီးတယ်လေ... နင် သူနဲ့ဘယ်လိုသိတာလဲ...”


သူမလက်က အန်းနဉ်ရဲ့စာအုပ်ပေါ်ကို ဖိမိကာ စာအုပ်ပေါ်တွင် အစင်းကြောင်းကြီး ဆွဲမိသွားသည်။ 


"တစ်ညကို ယွမ်သုံးထောင်တောင်၊ သူမနဲ့ တန်လို့လား..."


စွန်းယာရှန့်ရဲ့ စကားသံက ပဲ့တင်သံထပ်နေသလို သူမစိတ်ထဲ ထပ်တလဲလဲ ပေါ်လာသည်။ အန်းနဉ်ရဲ့ အကြည့်တွေက သူမအခုဆွဲလိုက်မိတဲ့ အစင်းကြောင်းပေါ်မှာ မြဲနေသည်။


စွန်းယာရှန့်ကတော့ အတင်းအဖျင်းပြောချင်နေတဲ့ အမူအရာနှင့် အန်းနဉ်က စူပါကိုချမ်းသာတဲ့မိသားစုကဆင်းသက်လာတာဆိုပြီး နာမည်ကြီးနေတဲ့ ဝမ်ယွီဖြင့် ဘယ်ကဘယ်လိုသိခဲ့တယ်ဆိုတာပဲ သေလောက်အောင် သိချင်နေသည်။


“ဒီတိုင်း သာမန်သိရုံပါပဲ” အန်းနဉ်က အများကြီးမပြောဘဲ မော့ကြည့်လိုက်သည်။


 “အတန်းဖော်၊ ငါ အိမ်စာလုပ်ရဦးမယ်...”


သူမက ညဘက် အချိန်ပိုင်းလုပ်ကာ ငွေရှာရသဖြင့် အခြားကျောင်းသားတွေလို စာကြည့်တိုက်ထဲ milk tea အေးအေးလူလူသောက်ဖို့ အချိန်မရှိပေ။ စာကို နေ့ခင်းဘက် အပြတ်လုပ်ထားမှ အဆင်ပြေမည်။


ယခုလို စကားပြောဖို့ ငြင်းလိုက်တာက မလေးစားရာကျသည်။ စွန်းယာရှန့်လို မိန်းမလှလေးအနေဖြင့် ဒီနည်းနဲ့ အငြင်းခံလိုက်ရတော့ ရှက်သွားသည်။ 


သူမကထလိုက်ကာ “အိုး၊ စာကြိုးစားဖို့ ခက်ခဲမှာပဲနော်...” ဆိုပြီးထေ့ငေါ့ပြောပြီး လှည့်ထွက်သွားသည်။


သူမနေရာသို့ ပြန်လာပြီး အနီးနားရှိ လူများကို တိုင်တန်းတော့သည်။


“သူမကိုယ်သူမ ဘာများထင်နေတာလဲ မသိဘူး... စကားပြောလိုက်ရင် သေသွားမှာမလို့လား...တအားမာနကြီးတာပဲ...”


သူမရဲ့ အတန်းဖော်တွေက တစ်ယောက်ကို တယောက်ကြည့်ကာ သူမအားနှစ်သိမ့်သည်။ 


“သူမက ပုံမှန်ဆို စကားပြန်ပြောပါတယ် ဖြစ်နိုင်တာက ဒီနေ့ စိတ်အခြေအနေ မကောင်းလို့များလား...”


စွန်းယာရှန့်က သရော်လိုက်သည်။ 


“တော်စမ်းပါ၊ စကားပြန်ပြောဖို့တောင် စိတ်ရှုပ်ပြနေတာလား... သူမက ဒုတိယမျိုးဆက် သူဌေးသားနဲ့ နေ့လည်စာ သွားစားလာတာ...ငါတို့လို သာမန်အတန်းဖော်တွေနဲ့ အပြောအဆိုမလုပ်ချင်တာ ရှင်းနေတာပဲ...”


အတန်းဖော်တွေက ချက်ချင်းပဲ စပ်စုလာကြသည်။ 


“ဘယ်သူဌေးသားလဲ...”


စွန်းယာရှန့်က 


“နင်တို့ ဝမ်ယွီကိုသိလား...မသိကြဘူးမလား နောက်တခါကျရင် မင်းတို့ကို ပြမယ်...”


အန်းနဉ်က တိတ်တဆိတ် စာလုပ်နေသည်။


စစွန်းယာရှန့်နှင့် သူမသူငယ်ချင်းတွေက တိုးတိုးလေးပြောတာဆိုပေမယ့် သေချာအာရုံစိုက်နားထောင်မယ်ဆိုရင် ကြားနိုင်သေးသည်။ အန်းနဉ်က အတန်းဖော်တွေ သူမဘက်က ပြောပေးနေတာကို ကြားတော့ အံ့ဩသွားသည်။ သသူမကသူတို့နှင့် မရင်းနှီးပေမယ့် သူတို့က သူမအားပုံမှန်ပဲ ဆက်ဆံတာကို သတိရမိသည်။


နောက်ပိုင်းကိစ္စတွေက ဝမ်ယွီရဲ့ အသွင်အပြင်ကြောင့် ဖြစ်လာတာပင်...


စွန်းယာရှန့်က အန်းနဉ် ဝမ်ယွီနှင့်ပတ်သတ်နေတာကို မနာလိုတာကြောင့် သူမအား ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသူက ချမ်းသာတဲ့ သူဌေးသားကို သွားရောနေတဲ့အကြောင်း သပုတ်လေလွင့်ပြောသည်။ အစပိုင်းမှာတော့ အတန်းဖော်တွေက မယုံကြဘဲ တချို့ဆို သူမဘက်က ပြန်ပြောပေးသည်။


တဖြည်းဖြည်းနှင့် ကောလဟာလတွေက ပိုများလာသည်။ ဝမ်ယွီကလည်း သူမနဲ့ပတ်သတ်ပြီး အကြိမ်ကြိမ်ရန်ဖြစ်ခဲ့လို့ ဘယ်သူကမှ သူမအတွက် မပြောပေးတော့ပေ။


ထိုကောလဟာလများထဲမှ တစ်ဝက်လောက်က စွန်းယာရှန့် ဖန်တီးထားတာဖြစ်ပြီး ကျန်တစ်ဝက်ကရှိရင်းစွဲ ကောလဟာလများ ပြန့်လာတာဖြစ်သည်။ ထိုကောလဟာလတွေထဲကမှ သူမက တစ်ညကို ယွမ်သုံးထောင်နှင့် အအိပ်ခံတယ်ဆိုတာက အဓိပ္ပာယ်မရှိဆုံးပင်။


လူတိုင်းသည် သူမက ဆင်းရဲဟန်ဆောင်ကာ သနားစရာကောင်းအောင် ပြုမူတယ်လို့ ပြောကြ၏။


မိန်းကလေးများက သူမနှင့် ဝေးဝေးနေပြီး သူမကို ကြိုက်ခဲ့ဖူးတဲ့ ကောင်လေးတွေကတောင် အထင်သေးသည့် အကြည့်ဖြင့်ကြည့်လာကြသည်။ သူတို့က စိတ်အားထက်သန်စွာ ကောလဟာလများကို ထောက်ခံကြပြီး သူတို့ကို သူမငြင်းရခြင်းက သူမက ဥစ္စာမက်လို့ဆိုပြီး အကြောင်းပြကြသည်။


ပြန်လည်မွေးဖွားပြီးနောက် အတန်းဖော်တွေနှင့် ဆက်ဆံရေးကောင်းအောင် လုပ်ဖို့စဉ်းစားခဲ့ပေမယ့် သူတို့ သူမအပေါ်  လုပ်ခဲ့တာတွေကို သတိရမိပြီး ရွံရှာသွားသည်။ သူတို့ရဲ့ စပ်စုချင်စိတ်တွေနဲ့ အတင်းပြောဖို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေတာကို မြင်ရတာ သူမကို နေထိုင်မကောင်းဖြစ်စေသည်။အန်းနဉ်က သူမမျက်တောင်ကို နှိမ့်လိုက်ကာ စာဆက်လုပ်နေသည်။


ပိန်ပါးပုံပေါ်ပေမဲ့ သူမရဲ့ ကြမ်းတမ်းတဲ့ ဘဝအခြေအနေကြောင့် အိတ်အလေးကြီးတွေကို ကောင်းကောင်းသယ်နိုင်သည်။ ညစာပို့ဆောင်သည့် အလုပ်ပြီးပြီးနောက် ကျောင်းဂိတ်ကနေ ထွက်လာခဲ့လိုက်သည်။ လမ်းကိုကြည့်လိုက်တော့ ဝမ်ယွီက စီးကရက်ကို ဟန်ပါပါသောက်ရင်း သူ့ရဲ့ အနက်ရောင်Hummer ကားအကောင်းစားကြီးကို မှီပြီးပြုံးပြနေသည်။


“ဟေး သူငယ်ချင်းလေး” သူက သူမကို စီးကရက် လက်ကြားညှပ်ရင်း နှုတ်ဆက်လိုက်သည်။


“သူငယ်ချင်း”ဆိုတဲ့ စကားလုံးကတော့ အထူးအလေးပေးပြီး‌ ထေ့ငေါ့ပြောတာပင်။


အန်းနဉ်က ရပ်လိုက်ကာ တခဏတုံ့ဆိုင်းသွားပြီးမှ မေးလိုက်သည်။


 “နင်ဒီမှာဘာလုပ်နေတာလဲ”


ဝမ်ယွီက ကျောင်းကအဆောင်မှာနေပေမဲ့ နေ့လည်စာအတွက် ခဏနားနေရုံသာ။ အမှန်တော့ သူက ဤမြို့က မြို့ခံဖြစ်သဖြင့် ကျောင်းမှာမနေပေ။ သူ့ရဲ့ အမိုက်စားကားကြီးကို မောင်းလာနေကျဆိုတော့ ကောင်လေးတွေ တော်တော်များများက သူ့ကို မနာလိုဖြစ်ကာ ကောင်မလေးတွေကမူ ကလူကမြူအကြည့်တွေ ပို့ကြသည်။သို့ပေမယ့် ဝမ်ယွီရဲ့မျက်လုံးထဲမှာတော့ အန်းနဉ်က ကိုင်တွယ်ဖို့အခက်ခဲဆုံးပင်။


ဝမ်ယွီက ပြန်ဖြေသည်။ 


“မင်းကိုစောင့်နေတာလေ၊ ကွမ်းမင်လမ်းကို သွားမှာမဟုတ်လား...ကိုယ်လည်းအဲ့ဒီဘက် သွားဖို့ရှိတော့ မင်းကို လမ်းကြုံတင်ခေါ်သွားမို့လေ...”


သူက သူမကို စနောက်လိုက်သည်။


 “ကိုယ်တို့က အခုသူငယ်ချင်းတွေ မဟုတ်ဘူးလားသူငယ်ချင်းအချင်းချင်း ယဉ်ကျေးမနေပါနဲ့...”


သူက တောက်ပတဲ့ မျက်လုံးတွေနှင့် ဆောင်းဦးမှာ တောက်လောင်နေတဲ့ နေရောင်လို ပြုံးပြလာသည်။


အန်းနဉ် အနည်းငယ် မျက်စိကျိန်းသွားသလို ခံစားလိုက်ရ၏။


“မလိုပါဘူး...လေးမှတ်တိုင်လောက်ပဲ ဝေးတာ ဘတ်စ်ကားစီးလိုက်ပါ့မယ်...”


ဝမ်ယွီကို လွယ်လွယ်နှင့် ငြင်းလို့ရလျှင် ထိုလူက ဝမ်ယွီမဟုတ်ချေ။ 


“ကိုယ်မင်းကို လိုက်ပို့ပေးပါမယ် ဘတ်စ်ကားနဲ့ဆို နာရီဝက်လောက် စောင့်ရဦးမှာ...”


“ငါ့အဖွားအတွက် ညစာနွှေးပေးဖို့ အိမ်ကို အရင်ပြန်ဖို့လိုတယ် ဒုက္ခများပါတယ် နင်သွားနှင့်လိုက်ပါ၊ ငါ့အတွက်စိတ်မပူနဲ့...”


ဝမ်ယွီက လမ်းတစ်ဖက်ကို မေးမြှောက်လိုက်ပြီး


 “အဲ့ဒီအဆောက်အအုံမလား အဆင်ပြေပါတယ် ကိုယ်စောင့်နိုင်တယ်...”


ဝမ်ယွီသာ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ထားလျှင် အန်းနဉ်ပင် သူ့ကို ပြောင်းလဲနိုင်မည်မဟုတ်။ 


သူမ ခနလောက် ငြိမ်သက်သွားပြီးနောက် 


“ကောင်းပြီလေ၊ ဒါဆို ခနစောင့်ပါဦး..."


စကားဆုံးတဲ့နောက် အန်းနဉ်က လူကူးမျဉ်းကြားကို ကူးသွားသည်။


ဝမ်ယွီက ပြုံးလိုက်ပြီး စီးကရက်ကို ငြှိမ်းလိုက်၏။


အရင်ကတည်းက သန်မာတဲ့ အမျိုးသမီးတွေပင် ဇွဲကောင်းတဲ့ ယောက်ျားတွေအပေါ် ကျရှုံးခဲ့ကြသေးတာ။ အန်းနဉ်ကို ကြည့်ရတာ သန်မာတဲ့ အမူအကျင့်ရှိပြီး ခေါင်းမာမယ့်ပုံပေါ်ပေမယ့် သူ့လို အသက်အရွယ်နှင့် မိန်းကလေးမျိုးက ဘယ်လောက်များ သန်မာနိုင်မှာမလို့လဲ...


အဝတ်အစား၊ အလှကုန်၊ အိတ်၊ ကားတွေနဲ့ဆို လွယ်လွယ်လေး ဖြစ်သွားမှာပဲ...သူ့အနေဖြင့် ဒါမျိုးတွေ အများကြီးတွေ့ဖူးပြီးသား...


အန်းနဉ် ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ သူသိချင်ပါသေး၏။


သူမ လမ်းဖြတ်ကူးနေတာကို မျက်လုံးမှေးပြီး ကြည့်နေမိသည်။ သူမရဲ့ အဝတ်အစားတွေက တင်းကျပ်နေပြီး သူမရဲ့ကောက်ကြောင်းလေးက ရုပ်ပြစာအုပ်ထဲက ကောင်မလေးလိုပင်။ ခါးလေးက သေးလွန်းသဖြင့် သူ့လက်ဖဝါးနှင့် အကိုက်လောက်ပင်။


ဒီခါးလေး သူ့လက်ထဲ ရောက်လာမယ့်နေ့ကို စဉ်းစားကြည့်လိုက်တော့ သူမရဲ့ နုံအချင်ယောင်၊ အပြစ်ကင်းချင်ယောင်ဆောင်နေတာတွေကို သူသည်းခံနိုင်ပေသည်။


ဘယ်က စိတ်ဝင်စားဖို့ကောင်းပြီး သန့်စင်တဲ့ နှလုံးသားရှိရမှာလဲ...ယောက်ျားတွေက မိန်းမတွေကို လိုက်တယ်ဆိုတာ ဟော်မုန်းတွေက တွန်းအားပေးလို့ပဲ မဟုတ်ဘူးလား...


ဝမ်ယွီက အန်းနဉ်ရဲ့ အိမ်ကို လိုက်သွားချင်ပေမယ့် အန်းနဉ်ကမူ သူ့ကို မလိုက်စေချင်ပေ။


“အိမ်က ရှုပ်ပွနေလို့ လိုက်ဖို့ အဆင်မပြေဘူး...”


ဝမ်ယွီက စိတ်ထဲမထားဘဲ စီးကရက်နောက်တစ်လိပ်ကို မီးညှိကာ 


“သွားလေ ကိုယ်အောက်ထပ်က စောင့်နေမယ်...” 


အန်းနဉ်က အပေါ်သို့ ပြေးတက်ကာ သော့ထုတ်ပြီး အခန်းကို ဖွင့်လိုက်သည်။ အခန်းထဲသို့ ဝင်ဝင်ချင်း ထူးဆန်းတဲ့ အနံ့တစ်မျိုးကို ရလိုက်သည်။


 ကြည့်ရတာ အဖွားက အိမ်သာရေဆွဲချဖို့ မေ့သွားတာနေမယ်...


“အဖွား၊ သမီးပြန်ရောက်ပါပြီ...” 


TVကြည့်နေတဲ့ အဖွားကို နှုတ်ဆက်လိုက်ပြီး ရေဆွဲချဖို့ ရေချိုးခန်းသို့ အမြန်ပြေးလိုက်သည်။


ရေချိုးခန်းတံခါးပေါ်မှာ ကပ်ထားတဲ့ “အိမ်သာကို ရေဆွဲချပါ” ဆိုတဲ့ စာရွက်က အလုပ်မဖြစ်ပေ။


အထက်တန်းကျောင်းတက်တုန်းကအထိ အသုံးဝင်ပေမယ့် ယခုအဖွားရဲ့ မှတ်ဉာဏ်တွေက ပိုပိုဆိုးလာပြီပင်။

သူမအဖွားက ကိုယ့်ဘာသာကို စားသောက်နိုင် အိမ်သာသွားနိုင်သေးတာကိုပဲ ကျေးဇူးတင်ရမည်သာ။


အန်းနဉ်က လက်ကိုမြန်မြန်ဆေးလိုက်ပြီး မီးဖိုခန်းကို သော့ဖွင့်ကာ ညစာကိုနွှေးဖို့ပြင်သည်။


 “အဖွား ဗိုက်ဆာတာနဲ့ စားနော်...”


အဖွားကပြုံးပြီး “နောက်နေ့ကျရင် အဖွားချက်ပေးမယ်...ဒီနေ့ ဝက်ရိုးစွပ်ပြုတ် စားကြတာပေါ့...”


အရင်တုန်းက သူမတို့ ဝက်ရိုးစွပ်ပြုတ်စားနေကြဆိုတာကို သတိရလာသည်။ 


အခု မစားရတာတောင် ဘယ်လောက်ကြာသွားပြီလဲ... 


စဉ်းစားရင်း သူမနှာခေါင်းက စူးကနဲဖြစ်ကာ ငိုချင်လာသည်။


“သမီး နောက်နေ့ အဖွားအတွက် ဝက်ရိုးတွေ ဝယ်ပေးမယ်နော်...” 


သူမက အဖွားရဲ့ နဖူးကို ဖြေးညှင်းစွာ နမ်းပြီး မီးဖိုချောင်ကို သော့ခတ်ကာ အောက်ထပ်သို့ အမြန်ဆင်းသွားသည်။


ဝမ်ယွီက စီးကရက်ကိုကိုက်ရင်း ဂိမ်းဆော့နေတုန်း သူမ ပြန်လာတာ မြင်လိုက်ရတော့ အံ့ဩသွား၏။


 “ဝိုး မြန်လိုက်တာကွ...ညစာချက်တာ အဲ့ဒီလောက်မြန်တာလား...”


“မနက်က ချက်ထားတာကို အပူပေးရုံပါပဲ...အဖွားက အစာအိမ်ကြောင့် အအေးစာတွေစားလို့မရဘူး...” 


သူမ ရှင်းပြလိုက်သည်။


“ကန်တင်းကနေပဲ ဘာလို့ မမှာလိုက်တာလဲ...” 


ကျောင်းကန်တင်းက အစိုးရထောက်ပံ့ပေးထားတာမလို့ ဈေးနှုန်းအရမ်းသက်သာသည်။ အန်းနဉ်ကသာ ကန်တင်းက တိုက်ရိုက်ဝယ်သွားမည်ဆိုလျှင် သူမအဖွားလည်း ပူပူနွေးနွေးလေးတွေ စားရမှာပင်။မနက်က ချက်ထားတာကို ပြန်နွှေးထားတာထက်ပင် ပိုလတ်ဆတ်နေဦးမည်။


“ငါ့အဖွားမှာက ရောဂါတွေအများကြီးရှိတယ်... အစားအသောက်ကို သေချာကြီးကြပ်ပေးရတယ်...ပြီးတော့ ကန်တင်းက ဟာတွေက အဖွားအတွက် ဆီနဲ့ ဆားများလွန်းတယ်...”


ဝမ်ယွီက လေသံကို ပြောင်းလိုက်ကာ 


“ဒါဆို microwaveထဲ နှစ်မိနစ်လောက် အပူပေးထားလိုက်လေ။

...”


ညနေခင်းနေရောင်က တောက်ပစူးရှသဖြင့် အန်းနဉ်က မျက်လုံးကို လက်ဖြင့်ကာထားရသည်။


“ငါတို့မှာ microwaveမရှိဘူး” 


သူမက အမှုမထားသလို ပြန်ဖြေလိုက်သည်။


“ဟမ်”


“အိမ်မှာ microwaveမရှိဘူး...”


ယွီရှန်းမြို့မှာတုန်းကတော့ အိမ်နီးနားချင်းပေးတဲ့ microwave အဟောင်းလေးရှိသည်။ မြို့တော်ကို စာသင်ဖို့ ပြောင်းလာရတော့ ထိုmicrowaveကို မယူလာနိုင်ခဲ့ချေ။


ဒါဆို ဒီရောက်တော့ ဘာလို့မဝယ်ရတာလဲ...


ဝမ်ယွီက ပိုက်ဆံတန်ဖိုးနားမလည်တဲ့သူမှ မဟုတ်ဘဲ။ အန်းနဉ်က ပိုက်ဆံသုံးဖို့ တွန့်ဆုတ်နေတယ်ဆိုတာ ချက်ချင်းပဲ သဘောပေါက်သွားသည်။


နေရောင်ပက်ဖြန်းလို့ နှင်းဆီရောင်သန်းနေတဲ့ သူမရဲ့ သွယ်လျလျ လည်တိုင်ကို ကြည့်ရင်း ခံစားချက်မျိုးစုံ ရောထွေးကာ အိမ်ရာအပြင်ဘက်ကို ဘေးချင်းယှဉ်၍ လျှောက်လာကြသည်။ 


သူမတို့ ဘာလို့အဲ့ဒီလောက်တောင် ဆင်းရဲနေရတာလဲ...


ကျောင်းမှ ကွမ်းမင်လမ်းသို့ ရောက်ရန် ခဏသာမောင်းရသည်။


အန်းနဉ်က ညွှန်ပြကာ


 “ရောက်ပြီ caféက အဲ့ဒီမှာ ဒီနားပဲရပ်လိုက်ပါ၊ တံခါးမှာ ဓာတ်ပုံရိုက်လို့မရဘူး...”


ကားက လမ်းတဖက်မှာရပ်သွားပြီး အန်းနဉ်က သူ့ကို ကျေးဇူးတင်လိုက်သည်။ 


“နင်မြန်မြန်ပြန်သင့်တယ် ခဏနေ ကားလမ်းကြပ်တော့မှာ...”


ပြောပြီးသည်နှင့် ကားတံခါးကို ဖွင့်ကာ ဆင်းရန်ပြင်သည်။ဝမ်ယွီက သူမရဲ့လက်မောင်းကို ဆွဲကာ မေးလိုက်သည်။ 


“မင်း ညစာစားပြီးသွားပြီလား”


အန်းနဉ်က ဝမ်ယွီ့ဆီကနေ သူမလက်မောင်းကို ရုန်းကာ ပြန်ဖြေသည်။ 


“ငါတို့မန်နေဂျာက ညစာကျွေးတယ်”


သူမက နှုတ်ခမ်းကို ကိုက်ကာ


 “ဝမ်ယွီ နောက်ကျရင် ရုပ်ပိုင်းဆိုင်ရာ အထိအတွေ့မပါဘဲ စကားပြောကြရအောင်...”


ဝမ်ယွီက ကျီစယ်သည့် အပြုံးလေးဖြင့် 


“ကိုယ်တို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား...အခု ထိလို့တောင်မရတော့ဘူးပေါ့...”


သူ ရွဲ့ပြောနေတာကို သူမသေချာပေါက် သိသည်။ အန်းနဉ်က ခပ်တည်တည်ဖြင့် 


“သူငယ်ချင်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး မထိတွေ့သင့်ဘူး”


ဝမ်ယွီက လက်နှစ်ဖက်ကို မြှောက်ရင်း အပြုံးလေးဖြင့် နောက်တစ်လှမ်းဆုတ်သည်။ 


“အိုကေ အိုကေ မင်းမှန်ပါတယ်ကွာ...”


အန်းနဉ်က မျက်စောင်းထိုးကာ ကားတံခါးကို ပြန်ဖွင့်သည်။သူမကို မထိဖို့ သဘောတူထားတဲ့ ဝမ်ယွီကတော့ သူမလက်ကို ထပ်ဆွဲလိုက်ပြန်၏။ သူမက သူ့ကို စိုက်ကြည့်လိုက်တော့မှ ပြန်လွှတ်ပေးကာ


 “အလုပ်ဘယ်ချိန်ပြီးမှာလဲ...ကိုယ်မင်းကို လာကြိုမယ်...”


“မလိုပါဘူး”


“ကိုယ်တို့က သူငယ်ချင်းတွေလေကွာ ယဉ်ကျေးနေစရာမလိုပါဘူး”


“ဒီည ငါနောက်အချိန်ပိုင်းအလုပ်ကို ကူးရဦးမှာ”


ဝမ်ယွီက အံ့အားသင့်သွားကာ သူ့ရဲ့ ရွှတ်နောက်နောက် အပြုံးပျောက်ဆုံးသွားပြီး မျက်ခုံးပင့်လိုက်သည်။


 “ဘာလို့ အလုပ်တွေထပ်ရှိနေသေးတာလဲ အဲ့ဒီအလုပ်က ဘယ်မှာလဲ...”


အန်းနဉ်က တည်ငြိမ်စွာဖြင့်


 “တောင်ဘက်တံတားက ဘားလမ်းမှာ အဲ့ဒီမှာ ကျောင်းကို တိုက်ရိုက်ရောက်တဲ့ ဘတ်စ်ကားရှိတယ်  ငါ့ကို စိတ်ပူစရာမလိုပါဘူး”


ဒါပေမယ့် ဘတ်စ်ကားရှိမရှိဆိုတာ အဓိက ပြဿနာမဟုတ်ဘူးလေ...


ဝမ်ယွီက မျက်မှောင်ကြုံ့လိုက်ပြီး မေးသည်။


 “ဘာအလုပ်လဲ”


“အရက်ရောင်းတာ”


ထင်ထားတဲ့အတိုင်း သူက အန်းနဉ်ကို အေးစက်စက်ဖြင့်  ကြည့်လာသဖြင့်


“ဒီတိုင်း အရက်ရောင်းရုံပါပဲ အဲ့ဒီထက် မပိုဘူး...."


ဝမ်ယွီဘာတွေးနေမလဲဆိုတာ သိတာပေါ့... လူတော်တော်များများကလည်း အဲ့ဒီလိုပဲ တွေးမှာ...


အရက်ရောင်းတဲ့အလုပ်က အထင်အမြင်သေးခံရလေသည်။ super market တွင် ပရိုမိုးရှင်းဆင်းတာနှင့် လမ်းမှာ လက်ကမ်းစာစောင် ဝေတာတို့ကမှ ပိုကောင်းဦးမယ် ဆိုပြီးတွေးကြလေသည်။


ဒါပေမယ့် တကယ်တမ်းတွင် မိန်းကလေးတစ်ယောက် ကြိုးစားပမ်းစား ငွေရှာဖို့ အရက်ရောင်းရတာက အထင်သေးစရာကောင်းနေတာလား...မျက်နှာကတောင့်တင်းလာတဲ့အထိ ပြုံးနေရပြီး ဒေါက်မြင့်ဖိနပ်ကြီးနဲ့ တစ်ညလုံးရပ်နေရတဲ့အပြင် ညစ်ညမ်းတဲ့ လက်တွေရန်ကရှောင်ရှားဖို့ သတိကပ်နေရတော့ တခဏလေးတောင် မနားနိုင်ပေ။


ဝမ်ယွီက ပြတင်းပေါက်အပြင်ဘက်ကို တခဏစိုက်ကြည့်ပြီး လှည့်ကာ ပြောသည်။


“ကိုယ့်ကောင်မလေးလုပ်ဖို့ ကိစ္စပြန်စဉ်းစားပါဦး”


သူက စောစောကလို ရွှတ်နောက်နောက် လှောင်ပြောင်တာမျိုးမရှိဘဲ နောက်တစ်ကြိမ် တောင်းဆို၏။


“အချိန်ယူစဉ်းစားပြီးမှ ကိုယ့်ကို ပြန်ပြောလေ...”


အန်းနဉ်အတွက်မူ ထပ်စဉ်းစားဖို့ မလိုအပ်တာမို့ ဒုတိယအကြိမ် ငြင်းလိုက်သည်။ဝမ်ယွီ မျက်မှောင်ကြုံ့လိုက်မိသည်။


အတိတ်ဘဝမှာတုန်းက အန်းနဉ်က ဝမ်ယွီကို သူမစိတ်ထဲ ဘာရှိနေတယ်ဆိုတာမျိုး မပြောပြခဲ့ဖူးချေ။ ယခုဘဝမှာတော့ အရာရာက မတူတော့ပေ။ အန်းနဉ်အနေဖြင့် ဝမ်ယွီကို သေချာပြောပြသင့်တယ်ဟု ခံစားမိသည်။ 


သူမက နူးညံ့သည့် လေသံနှင့်ပြောပြနေရင်း နှလုံးသားထဲ ခါးသက်သက် ခံစားလိုက်ရသည်။ 


“ဝမ်ယွီ ငါက ဆင်းရဲတယ် ငါ့မှာ အရာအများကြီးမရှိပေမဲ့ ကိုယ့်အားကိုယ်ကိုးတာကို ပိုတန်ဖိုးထားတယ်”


သူမ အထက်တန်းကျောင်းတက်တော့ သူမရဲ့ အဖေအရင်းက အိမ်ကို ရောင်းကာ ငွေအကုန်ယူပြီး ထွက်သွားသည်။ ထိုနေ့ကစပြီး ဘဝက ပို၍ ခက်ခဲလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမအဖွားကပဲ သူမကို ပြုစုစောင့်ရှောက်ကာ ကာကွယ်ပေးခဲ့သည်။


နောက်ပိုင်းမှာ အဖွားရဲ့ စိတ်နဲ့ ခန္ဓာက ဆိုးရွားလာပြီး သူမကိုယ်သူမ ရပ်တည်ရသည်။ အားနည်းပြီး ထိခိုက်လွယ်တဲ့ သူမအတွက် မလွယ်ကူခဲ့ပေမယ့် ယခုထိ ကိုယ့်အားကိုယ်ကိုးကာ ဒူးမထောက်လက်မမြှောက်ဘဲ နေထိုင်ခဲ့သည်။ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့မရဘူးပေ။



xxxxx