အပိုင်း၁၃
Viewers 6k

Chapter 13


သူ့အနောက်ကလူအားလုံးလည်းလိုက်ကြည့်လိုက်သည်။အချို့ကတီးတိုးပြောနေကြပြီး အချို့ကတိတိကျကျမသိခင်အထိခဏလောက်ကြည့်နေမိကြသည်။


"အိုး... အဲ့ဒီမိန်းကလေးပဲ..."


ကျောင်းချန်ကသူ့ခေါင်းကိုပြန်လှည့်ပြီးမေးလိုက်သည်။


"မင်း သူမကိုသိတာလား..."


"သူမဓာတ်ပုံကကျောင်းအွန်လိုင်းဖိုရမ်ပေါ်မှာရှိတယ်"


သူ့အဖော်ကပြောလိုက်သည်။


"နာမည်ကြီးလိုက်သေးတယ်လေ၊မင်းမမြင်လိုက်ဖူးလား ‘ဆင်းရဲတယ်၊ဒါပေမယ့် လှပတဲ့မိန်းကလေး’ပြောထားတာကတော့ အဲ့ဒီလိုပဲ"


"အဲ့ဒါကဘာလဲ "


"သူမကဆင်းရဲတဲ့ကျောင်းသူလေ၊သူမအဖွားကိုစာသင်နှစ်စတုန်းကခေါ်လာတဲ့အတွက်အတင်ခံရတာ သူမကိုကြည့်လိုက်၊သူမကအစားအသောက်အတွက်တန်းစီနေတယ်၊ဟုတ်တယ်မလား...မင်းမြင်တယ်ဟုတ်၊သူမအစားအများကြီးယူနေတာ၊ပို့စ်မှာငါဖတ်ခဲ့တာကသူမ မိန်းကလေးအိပ်ဆောင်နေတဲ့သူတွေအတွက်ထမင်းပို့ပေးတဲ့အလုပ်လုပ်တယ်တဲ့..."


ယောက်ျားလေးကျောင်းသားအားလုံး ထပ်မံကြည့်လိုက်ကြပြန်သည်။ကျိအန်းနဉ်က ထမင်းထုပ်တွေအပြည့်နှင့်တခြားအပေါက်ကနေ လမ်းလျှောက်ထွက်သွားခဲ့သည်။ 


ကန်တင်းကလူတွေအုံနေတုန်းပင်။ သူမခေါက်တုံ့ခေါက်ပြန် ပြေးလွှားနေခဲ့သည်။ သူမနှာခေါင်းကနည်းနည်းနှာရည်ယိုချင်နေပြီး သူမရဲ့ဖြူဖွေးသည့်ပါးပြင်က နီမြန်းနေ၏။


ကျောင်းချန်၏မျက်လုံးတွေက ကျိအန်းနဉ်ဆီမှာပဲရပ်တန့်နေပြီး သူမဖမ်းစားထားသလိုစွဲမြဲနေသည်။ 


"ငါမယုံနိုင်ဘူး......."


သူအံ့အားသင့်စွာပြောလိုက်မိသည်။


"ဒီလိုလှပတဲ့မိန်းကလေးက၊အဲ့ဒီလိုအလုပ်တွေလုပ်တယ်လား"


သူ သူ့နှုတ်ခမ်းကိုသပ်လိုက်ပြီးပြောလိုက်သည်။


"ငါ သူမကို ငါ့အကြောင်းသွားမိတ်ဆက်လိုက်ဦးမယ်..."


ပြောပြီးသည်နှင့်သူမတ်တပ်ရပ်လိုက်သည်။ 

၀မ်ယွီက ကန်တင်းထဲလမ်းလျှောက်၀င်လာပြီး သူ့မျက်လုံးများကအလိုလို စစ်ဆေးလိုက်သည်။ 


ကန်တင်းထဲကလူတွေကထူးဆန်းနေသည်။ သူတို့ကိုကြည့်ရတာမူးနောက်နေပုံပေါ်သည်။ သို့ပေမယ့် ၀မ်ယွီက ချက်ချင်းလူအုပ်ထဲမှာ ကျိအန်းနဉ်ကို မြင်လိုက်ရသည်။ 


သူမကအရမ်းသွယ်လျပြီးပေါ့ပါးဖျတ်လပ်နေသည်။လူအုပ်ထဲမှာပြေးလွှားနေပေမယ့် စိန်တုံးလိုပဲတောက်ပနေသည်။ယင်းကသူမကိုသတိမပြုမိဖို့ဆိုတာမဖြစ်နိုင်ချေ။ သူမကအားနည်းချည်းနှဲ့ပုံပေါ်သည်။ သို့ပေမယ့် အမှန်က ယောက်ျားလေးအများစုထက် ဒုက္ခတွေကိုကြံ့ကြံ့ခံနိုင်၏။


၀မ်ယွီ ​သူ့ခြေလှမ်းကိုနှေးချလိုက်သည်။ 


သူက၀င်ပေါက်မှာဖြစ်သည်။ 


ကျိအန်းနဉ်က..........သူမလက်နှစ်ဖက်အပြည့်အထုပ်တွေရှိပြီးတော့ သူမဒီလမ်းပဲသွားစရာရှိတယ်ဆိုအချက်ကို သတိပြုမိသည်။ 


အကယ်၍သူမ သူ့ကိုမြင်ခဲ့လျှင် သူမ သူ့ကိုလက်ပြမယ်၊အကယ်လို့သူမ မလုပ်ခဲ့ရင်လည်း....ကိစ္စမရှိပေ...


၀မ်ယွီက လက်ဦးမှုရယူဖို့ ရည်ရွက်ချက်မရှိချေ။ ကျိအန်းနဉ်၏ ဇွတ်တရွတ်ဆန်မှုနှင့်ခေါင်းမာမှုက သူမကိုခဏလောက် မသိကျိုးကျွံပြုဖို့လိုတယ်လို့ သူ့ကိုခံစားရစေသည်။ 


၀မ်ယွီက မတ်တပ်ရပ်ပြီး ကျိအန်းနဉ်ထံ အလွန်လျင်မြန်စွာလှမ်းလာသည့် ​ကောင်လေးကိုကြည့်နေခဲ့သည်။ သူ့အပြုအမူကလူအုပ်ထဲမှာထင်ရှားနေခဲ့သည်။ ယင်းက သံသယဖြစ်စရာမလိုဘဲ သူ၏ဦးတည်ချက်ကသူမရဲ့ အထုပ်အပိုးတွေနှင့်အလုပ်များနေသည့်အန်းနဉ်ဆီ ဖြစ်သည်။  


၀မ်ယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ 


ကျိအန်းနဉ်က အထုပ်နှစ်ထုပ်ကိုအတည်ပြုပြီးနောက် အထုပ်ကို လက်တစ်ဖက်စီမှာကောက်ကိုင်လိုက်ပြီး ထွက်ပေါက်အတိုင်းလျှောက်လာတာကို သူမြင်လိုက်သည်။ သူမပုံကြည့်ရတာသူ့ကိုမြင်ပြီးပြီဖြစ်မည်။ သူမအမူအရာကအနည်းငယ်ပြောင်းသွားပေမယ့်သူမခြေလှမ်းတွေကို အရှိန်တင်လိုက်သည်။ 


ပြီးတော့အဲ့ဒီကောင်လေး..........


 သူမ မမြင်ရသည့်နေရာကနေသူမ ဆီကို ​ထောင့်ဖြတ်အတိုင်းဦးတည်နေသည့် သူကို ၀မ်ယွီ ရှင်းရှင်းလင်းလင်းမြင်လိုက်သည်။


သူမကစိတ်ထဲမထားပေ။


မိုက်မဲတဲ့မိန်းကလေးတွေကိုခဏလောက် နူးနူးညံ့ညံ့ဆက်ဆံပြီးရင်အေးတိအေးစက်ဆက်ဆံပေးဖို့လိုသည်။ စီးပွားရေးကစားသလိုပင်၊သူမအရှုံးမပေးသေးရင်၊ သူမကိုအေးစက်စက်ပြစ်ထားမည်။ ချော့တစ်လှည့်ခြောက်တစ်လှည့်ဆိုလျှင် သူမယဉ်ပါးလာလိမ့်မည်။ 


အခု၊သူမနှင့်ဒုက္ခခံဖို့မလိုသေးဘူး...


ထိုနည်းလမ်းကိုတွေးမိသည့်အခါ ၀မ်ယွီသည် ကျောင်းချန် ကျိအန်းနဉ်ဆီ ရည်ရွယ်ချက်ရှိရှိ တိုက်မိသလိုလုပ်ပြီး သူမကို ဖမ်းဆုပ်လိုက်တာကို ​စောင့်ကြည့်နေခဲ့သည်။


ကျိအန်းနဉ်က ပြန်လှည့်လာပြီးထွက်ပေါက်ရှိရာလမ်းလျှောက်လာခဲ့သည်။​ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် သူမက ၀မ်ယွီကို မြင်လိုက်သည်။ သူမက သူ့ကို စနှုတ်ဆက်ဖို့တွေးလိုက်သေးသည်။ 


သို့ပေမယ့် သူ၏စိတ်၀င်စားပုံမရသောအပြုအမူကိုမြင်ပြီး သူ သူမကိုမြင်လားမမြင်လားမသိတော့ချေ။ သူမဖွင့်ထားသည့်ပါးစပ်ကိုပိတ်လိုက်ပြီးရှေ့ကိုခြေလှမ်းလိုက်သည်။သူမက သူကို့ခပ်မြန်မြန် နှုတ်ဆက်ပြီး အိပ်ဆောင်အတွက်ထမင်းထုပ်ပို့ချင်နေသည့်အတွက်ဖြစ်၏။


ရုတ်တရက်၊လူတစ်ယောက်ကသူမကို ဘေးကနေတိုက်မိသွားသည်။ 


ထိုအချိန် ကျိအန်းနဉ်၏ခန္ဓာကိုယ်ကဟန်ချက်ပျက်သွားပြီး သူမပထမဆုံးတွေးမိတာက ထမင်းထုပ်တွေပင်။ အကယ်၍ သူမလက်ထဲကထမင်းနှစ်ထုပ်ဟာလွင့်သွားမယ်ဆိုရင် သူမတစ်နေ့လည်လုံးကြိုးစားထားသမျှပိုက်ဆံကုန်သွားတော့မည်။ သူမစိတ်ဟာခဏလောက်ဗလာဖြစ်သွားပြီး မြန်မြန် သူမလက်မောင်း၀ိတ်ကိုဟန်ချက်ညီဖို့ အာရုံစိုက်လိုက်သည်။


ကံကောင်းထောက်မစွာနှင့် သူမကိုတိုက်မိသည့်လူက ချက်ချင်းမြန်မြန်လေးသူမကိုကူညီဖို့ရောက်လာသည်။ 


ကျိအန်းနဉ်က မလဲကျသွားချေ။ ပြီးတော့ ထမင်းအထုပ်တွေလည်းမလွင့်စင်သလို မပျက်စီးသွားခဲ့ပေ။မကြာခင်မှာပဲ သူမစိတ်သက်သာရာရစွာပင့်သက်ရှိုက်မိလိုက်သည်။ သူမတစ်စုံတစ်ခုမှားယွင်းနေတာကို ချက်ချင်းသတိပြုမိသွားသည်။ 


သူမကို ကူညီသည့်လူ၏လက်တစ်ဖက်က သူမနောက်ကျောနှင့် နောက်တစ်ဖက်က သူမခါးကိုအရှေ့ဘက်ကနေ ဖက်မိလုနီးပါးဖြစ်နေသည်။ 


"မိန်းမလှလေး မင်းအဆင်ပြေရဲ့လား"


အသံကရင်းနှီးသယောင်နှင့်မဖွယ်မရာဖြစ်နေသည်။


 ကျိအန်းနဉ် ဆက်ကနဲလှည့်ကြည့်မိသည်။ သူမဘယ်တော့မှမေ့မှာမဟုတ်သည့် ကျောင်းချန်၏ ဘ၀င်ခိုက်နေသောအပြုံးနှင့်မျက်နှာကိုမျက်နှာချင်းဆိုင်တွေ့လိုက်ရသည်။


ဒီအရာအားလုံးက ကျောင်းချန်ထောင်ချောက်ဆင်ထားခြင်းဖြစ်သည်။ 


သူမ ​ ဆောက်လုပ်ရေးကုမ္ပဏီမှာအချိန်ပိုင်းအလုပ်လုပ်ဖို့လှည့်ဖြားခံရသည်။ ကုမ္ပဏီနှင့်အသင်းကတရား၀င်ဖြစ်​ပေမယ့် ကုမ္ပဏီကိုက ကျောင်းချန်၏မိသားစုကပိုင်သည်။ 


သူမကိုလိမ်ခဲ့သည့်မိန်းကလေးက သူမကို အခန်းတစ်ခုထဲမျှားပြီး ဆေးခတ်ဖို့ကြိုးစားခဲ့သည်။ 


သို့ပေမယ့် ကျိအန်းနဉ်က ငါးနှင့်နဂါး(အသိုင်းအ၀ိုင်းကြီးကြီး)တွေအများကြီးရှိသည့်‘NL’မှာ အလုပ်လုပ်နေတုန်းဖြစ်သည်။ အတွေ့အကြုံရှိသည့် အစ်မတွေ၊ကြီးကြပ်ရေးမှုးများ၊ရှေးရိုးဆန်ပြီးသူ့တို့၏ဇနီးကိုချစ်သည့် လုံခြုံရေးအစောင့်များတောင်မှ... သူမအကြောင်းအများကြီးပြောခဲ့ကြသည်။ 


သူမ၏သတိ၀ီရိယရှိမှုသည် အခြားသူအမြင်မှာမသင်္ကာစရာဖြစ်နေခဲ့သည်။ သူမအနည်းငယ်အစ်အောက်မေးမြန်းပြီးသည့်နောက်မှာအမှန်တရားကို သိလိုက်ရသည်။ 


သူမသေချာနေသည့်သေခြင်းတရားကိုထိုင်ပြီးစောင့်မနေနိုင်ချေ။သူမထွက်ပေါက်ကိုရှာတွေ့ပြီးထွက်ပြေးသွားခဲ့စဥ် ထိုမိန်းကလေးကကျောင်းချန်ကိုအကြောင်းကြားခဲ့သည်။ ကျောင်းချန်ကသူ့မိသားစုအစောင့်တွေဖြင့်ရောက်ရှိလာပြီး ဓာတ်လှေကားနှင့်လှေကားအရင်းကိုပိတ်ထားခဲ့သည်။ သူမခြေချော်ပြီးပြုတ်ကျသွားခဲ့သော ခေါင်မိုးထပ်ကိုတက်ဖို့သူတွန်းအားပေးခဲ့သည်။ 


၀မ်ယွီ သူမအတွက်လက်စားမချေခင်အထိဦးတည်ချက်မရှိ လှည့်လည်သွားခဲ့ရသည်။ 


၀မ်ယွီ........... 


၀မ်ယွီ! 


ကျောင်းချန်ကိုကျိအန်းနဉ်မြင်သည့်အခါ၊သူမမျက်နှာကသွေးတွေ ချက်ချင်းစစ်ထုတ်လိုက်သလိုဖြစ်သွားတာကို သူမြင်လိုက်သည်။


ကျောင်းချန်၏ဒွိဟဖြစ်စေသောပွေ့ဖက်မှုကနေရုန်းထွက်ရင်း သူမကရက်စက်ကြမ်းကြုတ်သည့်သားရဲတစ်ကောင်မြင်လိုက်သလိုကြောက်လန့်နေသည်။ သူမဟန်ချက်ကိုပြန်မရခင် မယုံနိုင်စွာခြေနှစ်လှမ်းနောက်ဆုတ်မိသည်။ 


သူမ၏အမူအရာက ယခုအချိန်မှာအလွန်ကြောက်လန့်တကြားဖြစ်နေသည်။ ပြီးတော့ သူမဦးခေါင်းကရုတ်တရက်လှည့်လာပြီး၀မ်ယွီကိုကြည့်နေခဲ့သည်။ 


ကူညီဖို့တောင်းပန်နေတဲ့အကြည့်...


ကြောက်ရွံ့လွန်းတာကြောင့် အကူအညီတောင်းပန်နေတဲ့အကြည့်...


၀မ်ယွီ၏နားထဲမှာဆူညံနေသည့်ကန်တင်းကရုတ်ချည်းတိတ်ဆိတ်သွား၏။


ကျိအန်းနဉ်က သူ့ကိုကြောက်စိတ်မွှန်နေသည့်မျက်နှာနှင့် ကူကယ်ရာမဲ့နေသည့်အပြုအမူနှင့်သာကြည့်နေသော်လည်း ၀မ်ယွီက သူမ၏အကူညီတောင်းသည့်ခေါ်သံကိုကြားနေရသည်။


၀မ်ယွီ သူမ၏မျှော်လင့်ချက်ပျောက်ပြီးကြောက်ရွံ့နေမှုကိုခံစားနေရသည်။အကယ်၍ သူမအနောက်မှာသာကြီးမားသည့်အမှောင်ထုကြီးရှိမည်ဆိုလျှင် သူမကိုဆွဲခေါ်သွားတော့မလိုဖြစ်နေ၏။


၀မ်ယွီ...


ငါ့ကိုကယ်ပါ....


၀မ်ယွီ၏ နှလုံးရုတ်တရက်အပြင်းအထန်ခုန်သွားခဲ့ပြီး အပ်နှင့်ထိုးလိုက်သလို စူးရှနာကျင်မှုကိုခံစားလိုက်ရသည်။ 


_________


(စာရေးသူ: သူမကိုသတ်တဲ့လူသတ်သမားပေါ်လာပြီ။ )


၀မ်ယွီသည်အစတုန်းကကျိအန်းနဉ်ကိုလျစ်လျူရှုပြီးထွက်သွားမလို့ဖြစ်သည်။သို့ပေမယ့် ရုတ်တရက်သူ့နှလုံးသားမှာစူးရှနာကျင်မှုကိုခံစားလိုက်ရသည်။


သူဘာဖြစ်ပျက်နေသလဲဆိုတာကိုမတွေးနိုင်သေးခင် ကျိအန်းနဉ်၏ သွယ်လျသောလက်မောင်းကိုဆုပ်ကိုင်ဖို့သူခြေလှမ်းအနည်းငယ်လှမ်းပြီးနေပြီဖြစ်၏။


သူ့လက်ကပလာယာတစ်စုံကဲ့သို့ ကျိအန်းနဉ်၏ လက်မောင်းကိုမြဲမြံစွာဆုပ်ကိုင်ထားပြီး သူမတည်ငြိမ်အောင် ကူညီဖို့ထောက်ပံ့ပေးထားသည်။ 


၀မ်ယွီသည်သူမလက်ထဲကအထုပ်ကိုယူလိုက်ပြီးသူမကိုစိုက်ကြည့်နေသည်။သူမမျက်နှာက သွေးဆုပ်နေပြီးသူမနှုတ်ခမ်းကမူဖြူရော်နေသည်။ပြီးတော့သူမနဖူးမှာချွေးစက်များလည်းသီးနေသေးသည်။


ယင်းကအပူကြောင့်မဟုတ်ချေ။ရုတ်တရက် ကြောက်စိတ်မွှန်သွားခြင်းကြောင့် ချွေးစေးများထွက်လာခြင်းဖြစ်သည်။ 


"မင်းအဆင်ပြေရဲ့လား..."၀မ်ယွီမေးလိုက်သည်။ 


ကျိအန်းနဉ်ကသူ့မျက်နှာကိုကြည့်နေပြီး သူမ၏လက်မောင်းပေါ်ကသူ့ခွန်အားကိုခံစားမိနေသည်။ရုတ်တရက် ​ကြောက်ရွံ့မှုနှင့်ထိပ်ထိပ်ပျာပျာဖြစ်သွားမှုက နေရောင်လာလျှင်အမဲရောင်တိမ်တိုက်များပျောက်ကွယ်သွားသလို သူမကိုခံစားရစေသည်။ 


သူမကအသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီးသူမမျက်နှာကမူ သွေးရောင်ပြန်လွှမ်းလာ၏။


"ငါအဆင်ပြေပါတယ် လန့်သွားရုံပါ"


 လန့်သွားရုံလေး....


၀မ်ယွီ၏အကြည့်ကအေးစက်သွားပြီးကျောင်းချန်ကိုစိုက်ကြည့်လိုက်သည်။


"ဘာဖြစ်သွားတာလဲ..."


"၀မ်ယွီ"​ကျောင်းချန်က​မေးလိုက်သည်။


"မင်းတို့အချင်းချင်းသိကြတာလား..."


၀မ်ယွီ သူ့မျက်ခုံးကိုပင့်ပြီးမေးလိုက်သည်။


"ဆိုပါတော့...မင်းကရောဘယ်သူ... "


ကျောင်းချန်၏မျက်နှာထက်တွင်ရှက်ရွံ့မှုတစ်ချက်ဖြတ်ပြေးသွားသည်။ချက်ချင်းပင် သူ့မျက်နှာကိုပြင်လိုက်ပြီး အနေရခက်သောအပြုံးကိုပြလိုက်သည်။


"ငါက ကျောင်းချန်"


အချိန်ခဏစဉ်းစားပြီးသည့်နောက်၊၀မ်ယွီကရုတ်တရက်သတိရသွားသည်။


"အိုး၊ရှန်းထန် ဆေး၀ါးဖြန့်ချိရေးကုမ္ပဏီ"


"ဟုတ်တယ် အဲဒါငါ့မိသားစုကုမ္ပဏီ"ကျောင်းချန်ခေါင်းညိတ်လိုက်သည်။ 


၀မ်ယွီကကျောင်းချန်ကိုကြည့်သည်၊ထို့နောက်ကျိအန်းနဥ်ကိုကြည့်ပြီးမေးလိုက်သည်။


"မင်းတို့အချင်းချင်းသိကြတာလား..."


ကျိအန်းနဉ်၏အသက်ရူခြင်းက တစ်စက္ကန့်လောက်ရပ်သွားပြီးနောက် သူမအေးစက်စွာပြောလိုက်သည်။


"မသိဘူး"


၀မ်ယွီ၏အကြည့်ကရိပ်ခနဲဖြစ်သွားသည်။ 


ကျောင်းချန်ကပြုံးပြီးထပ်ကာထပ်ကာတောင်းပန်လိုက်သည်။


"ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ် မင်း နာသွားသေးလား မင်းကို ငါနဲ့အတူဆေးရုံကိုလိုက်ပို့စေချင်သေးလား"


ကျိအန်းနဉ်ပြောလိုက်သည်။


"မလိုဘူး"


ထို့နောက်ကျောင်းချန်ကပြန်ပြောသည်။


"အဆင်ပြေတယ်လား အကယ်၍တစ်ခုခုဆိုဖုန်းဆက်လို့ရအောင် မင့်ဖုန်းနံပါတ်ကိုသိလို့ရမလား..."


ကျိအန်းနဉ်က ထပ်မံငြင်းဆန်သည်။


"မလိုဘူး။"


၀မ်ယွီက ကျောင်းချန်အပေါ်ကျိအန်းနဉ်၏သဘောထားကရေခဲထက်တောင်အေးစက်နေတာကိုတွေ့ရှိသွားသည်။ သူ့အပေါ်သူမသဘောထားကလုံး၀ငြင်းပယ်ခြင်းပင်။ ယှဉ်ကြည့်မည်ဆိုလျှင် ၀မ်ယွီအပေါ်သူမ၏အရင်ကသဘောထားကပိုမိုနူးညံ့သည်ဟု ယူဆ၍ရ၏။


၀မ်ယွီမှာ ထူးထူးခြားခြား နေရထိုင်ရတာအဆင်ပြေသွားသလိုခံစားလိုက်ရသည်။ 


သူ၏စိတ်ကူး ကျိအန်းနဉ်ကို"မသိသလိုလျစ်လျူရှုခြင်း"မှာပျောက်ကွယ်သွားပြီဖြစ်သည်။


၀မ်ယွီသည်ကျောင်းချန်ကဆက်ရှိနေတုန်းဆိုတာမြင်တော့၊သူ့ကိုကြားဖြတ်နှောင့်ယှက်လိုက်သည်။


"သူမအဆင်ပြေတယ် မင်းအဲ့ဒီအကြောင်းစိုးရိမ်စရာမလိုပါဘူး မင်းထမင်းစားဖို့သွားတော့လေ... "


သူပြောပြီးပြီးချင်း၊ကျိအန်းနဥ်၏လက်မောင်းတ၀ိုက်ကနေ နောက်ကျောသို့ သူ့လက်ကိုတင်ပြီး ကျောင်းချန်လက်မောင်းက သူမရဲ့နောက်ကျောတစ်၀က်ပွေ့ဖက်တင်ထားတာကို ဖယ်ထုတ်ပစ်လိုက်သည်။၎င်းကအပြည့်အ၀ကိုလက်ခံယုံကြည်ဖို့မကောင်းပေမယ့် အမှန်တကယ်ရှင်းရှင်းလင်းလင်းကာကွယ်လိုက်ခြင်းဖြစ်သည်။ 


ကျိအန်းနဉ်ကတိတ်တိတ်ဆိတ်ဆိတ်ရှိနေတုန်းဖြစ်သည်။ ပြီးနောက် သူမ၏အေးစက်ပြီးခပ်တန်းတန်းဖြစ်သည့်သဘောထားက ၀မ်ယွီရဲ့ဆုံးဖြတ်ချက်ကိုလက်ခံကြောင်းရှင်းလင်းနေသည်။


ဒီမှာနောက်ထပ်သူမတို့နှစ်ယောက်ကြားထပ်ပတ်သက်စရာမရှိတော့ဘူး...


ကျောင်းချန်ကစိတ်ညစ်ပြီးအခက်တွေ့စွာထွက်သွားသည်။ 


၀မ်ယွီကကျိအန်းနဉ်ကိုငုံ့ကြည့်ပြီးသူမကိုစနောက်လိုက်သည်။


"မင်းဘာကြောင့်အရမ်းမ၀ံ့မရဲ ဖြစ်နေမှန်းကိုယ်မသိဘူး ဒါကတိုက်မိရုံလေးပါပဲ ဘာကြောင့်မင်းမျက်နှာကဖြူဖပ်ဖြူရော်ဖြစ်နေတာလဲ "


ကျိအန်းနဉ်က အားတင်းပြီးပြုံးပြလိုက်သည်။ 


သူမ၏အရင်ဘ၀တုန်းက ကျောင်းချန်သည်သူမကိုထောင့်ကြားထဲတွန်းပို့ပြီး သူမအားအလွန်အမင်းစိတ်ပျက်လက်ပျက်ဖြစ်မှုကိုခံစားစေခဲ့သည်။သူမက အဆောက်အအုံပေါ်ကနေပြုတ်ကျခဲ့ပြီး ယင်းကသူမကိုအရမ်းကြောက်လန့်သွားစေသည်။ 


သူမပြန်လည်မွေးဖွားလာပြီးနောက် သူမ အရင်းဆုံး၀မ်ယွီကိုတွေ့ခြင်းဖြစ်သည်။ထို့နောက်သူမ ကျောင်းချန်ကိုတွေ့ရခြင်းအကြောင်းကိုစဉ်းစားနေသည်။ ကျောင်းကအရမ်းကြီးသော်လည်း၎င်းကကြီးရုံသာ။ ကျောင်းချန်ကအတန်းတက်လေ့မရှိတာ သူမ သိသဖြင့် သူမအနှေးနှင့်အမြန်သူနှင့် မလွဲမသွေတွေ့မည်ဖြစ်သည်။


ကျိအန်းနဥ်သည် သူမအမြဲတမ်းကျောင်းချန်ကိုတွေ့ဖို့စိတ်ကိုပြင်ဆင်ထားခဲ့သည်။သို့ပေမယ့် အခု သူမ သူ့မျက်နှာကိုမမြင်ခင်အထိသဘောမပေါက်ခဲ့ပေ။ ထိတ်လန့်ကြောက်ရွံ့မှုက သူမနှလုံးသားထဲအထိ နက်ရှိုင်းစွာနှစ်မြှပ်နေပြီးမပျောက်ကွယ်သွားခဲ့သေးချေ။


ကျောင်းချန်က သူမ၏စိတ်ပိုင်းဆိုင်ရာအရိပ်မဲကြီးဖြစ်နေပြီး အချိန် တစ်ခုထိပျောက်ကင်းနိုင်ဦးမှာမဟုတ်။ 


ကျိအန်းသည်၀မ်ယွီအား အားတင်းပြုံးပြပြီးသူမ မတည်ငြိမ်သည့်အပြုအမူကို ဖုံးကွယ်ရန် သူမဦးခေါင်းကိုနှိမ့်ချလိုက်သည်။ထို့နောက် သူမပြန်မော့လာပြီး​ဆိုလိုက်၏။


"ငါ့ကို အဲ့ဒါပြန်ပေး"


လက်ကိုကျိအန်းနဉ်၏နောက်ကျောကို ထောက်ပံ့ထားသည့်အစား ထမင်းထုပ်ကိုင်ထားသည့်လက်ကို ၀မ်ယွီပြန်ဆွဲယူလိုက်ပြီး "အပြင်မှာစကားပြောရအောင် အသက်ပြင်းပြင်းရှူ မင်းကိုကြည့်ရတာဖြူရော်နေတယ်..."သူပြောလိုက်သည်။ 


ကျိအန်းနဉ်ကသူမလက်ကိုရုပ်သိမ်းလိုက်ပြီး တံခါးဘက်သို့ဦးတည်သွားသည့်သူ့အနောက်ကိုလိုက်လာခဲ့သည်။ သို့ပေမယ့် သူမရဲ့ပခုံးတွေကမူ တင်းမာနေသည်။


သူမခြေလှမ်းကိုလှမ်းလိုက်ပြီး ၀မ်ယွီ၏လက်ဖ၀ါးကနေသူမကျောကို လွတ်မြောက်စေလိုက်သည်။ 


၀မ်ယွီကမသိမသာပြုံးလိုက်ပြီး ခပ်တည်တည်ပင်သူ့လက်ကိုဘာမှမဖြစ်သကဲ့သို့ပြန်ရုတ်သည်။ 


ဆောင်းဦးရာသီ၏နေ့လည်ပိုင်းနေရောင်ကစူးရှတောက်ပနေသည်။ သို့ပေမယ့် ယင်းက ကျိအန်းနဉ်ကိုစိတ်သက်သာရာရစေသည်။အပြာရောင်ကောင်းကင်နှင့်အဖြူရောင်နေမင်း၊အလွန်အမင်းတောက်ပနေသည့်ကမ္ဘာကြီးသည် မလုံခြုံသောအနီရောင်နီယွန်မီးရောင်များနှင့်အရက်ကြောင့် မူးဝေနေသောညမြင်ကွင်းနှင့်နှိုင်းယှဉ်မည်ဆိုလျှင် လူတွေကိုစိတ်သက်သာရာရစေ၏။ 


"နင် အဲဒီလူကိုသိလား"ကျိအန်းနဉ်မေးသည်။ 


"ကိုယ်သူ့ကိုသိတယ်ဆိုတာ မင်းပြောနိုင်တယ်လို့ ကိုယ်ခန့်မှန်းမိတယ်..."


၀မ်ယွီက ပြန်ဖြေသည်။"ဒါပေမယ့် ကိုယ်တို့မရင်းနှီးဘူး"


ကျိအန်းနဉ်က ခေါင်းညိတ်ပြီးသူမလက်ကိုထပ်မံဆန့်ထုတ်လိုက်သည်။


"အဲ့ဒါငါ့ကိုပေးပါ ငါမြန်မြန်သွားပို့ရဦးမှာ..."


၀မ်ယွီက သူမကိုအထုတ်ကမ်းပေးလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်"


ကျိအန်းနဉ်က ပြောလိုက်သည်။


"အခု သွားစားတော့လေ"


ကန်တင်းကနေ ကျောင်းအိပ်ဆောင်တစ်လျှောက် လမ်းမဘေးမှာ ကလပ်အသီးသီး၏ယာယီတဲအမျိုးမျိုး ထိုးထားသည်။ ကလပ်ခေါင်းဆောင်များက လက်ကမ်းစာစောင်များ​ပေးဝေရင်း အော်ဟစ်နေကြသည်။သူတို့၏စွမ်းဆောင်ရည်များကိုပြရင်း အဖွဲ့၀င်အသစ်ရရှိဖို့ ကြိုးစားနေကြသည်။ ကျောင်းသားသစ်များက စိတ်လှုပ်တရှားစပ်စုရင်း မကြာခဏဒီတဲကဘာအတွက်၊ဟိုတဲကဘာအတွက်ဆိုပြီး တွတ်ထိုးနေကြသည်။


၀မ်ယွီသည် ကျိအန်းနဉ်၏ သေးသွယ်သည့်ပုံရိပ်ကလေးပျောက်သွားတဲ့အထိ ရပ်ကြည့်နေမိ၏။ 


သူမက ကျောင်းချန်ကို မသိဘူးဟုပြောပေမယ့် ၀မ်ယွီက သူမကိုမယုံပေ။ 


အကယ်၍ ဒါက ပုံမှန်မတော်တဆဆိုရင် ဘာလို့ ဒီလောက်အကြီးအကျယ်တုံ့ပြန်ရတာလဲ...


ကျိအန်းနဉ်၏ မျက်နှာကဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူမကိုတိုက်မိသည့်အတွက်ကြောင့်မဟုတ်ဘဲ သူမ ကျောင်းချန်၏မျက်နှာကိုမြင်လိုက်သည့်အတွက်ဖြစ်သည်။ 


၀မ်ယွီက ကျင့်သားရစွာစီးကရက်ကိုမီးညှိလိုက်သည်။သူ နှစ်ခါဖွာပြီးသည့်နောက် တစ်စုံတစ်ယောက်ကလာပြီးပြောပြသည်။ 


"အတန်းဖော်၊ဒီနေရာမှာ မင်းဆေးလိပ်သောက်လို့မရဘူး"


၀မ်ယွီက ပြုံးပြီးခေါင်းညိတ်ကာဆေးလိပ်ကိုလွှင့်ပစ်လိုက်ရင်း ကျိအန်းနဉ်ပျောက်ကွယ်သွားသည့်နေရာကို သူကြည့်နေမိသည်။ 


ပြီးတော့ ရုတ်တရက် တစ်ခုကိုခုသတိရသွားသဖြင့် ကန်တင်းထံဦးတည်နေသည့် သူ့ခြေလှမ်းများကိုရပ်တန့်လိုက်သည်။ ခဏကြာတုံ့ဆိုင်းနေပြီးနောက် ပြန်လှည့်လာကာ အမျိုးသမီးကျောင်းအိပ်ဆောင်ဘက်ဦးတည်လိုက်သည်။ 




xxxxxx