အပိုင်း၁၇
Viewers 7k

🤚Chapter 17



အန်းနဉ်၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာသည်။


“ဝမ်ယွီ၊ နင်က မကောင်းတဲ့ကောင်ဘဲ...” 


ဝမ်ယွီ အံ့ဩသွားသည်။ 


"အန်းနဉ်က စိတ်ဖတ်နိုင်တာလား... သူအခုလေးတင် ဘာတွေးလိုက်တယ်ဆိုတာကို သိနေတာများလား..."


သူမကို သေချာကြည့်လိုက်တော့ သူမရဲ့ မျက်လုံးတွေက ကြည်လင်ပြီး တောက်ပနေတယ်ဆိုတာ သတိထားမိလိုက်သည်။ 


"ကြည့်ရတာ သူအထင်လွဲသွားတာများလား..."


သူ စဉ်းစားမရတော့ဘဲ အကြံအိုက်လာသည်။


အန်းနဉ်ကတော့ ဝန်ထုပ်ဝန်ပိုးကြီးကို ပစ်ချလိုက်ရလို့ တော်တော်လေး နေလို့ကောင်းလာသည်။ 


ပြုံးနေတဲ့မျက်နှာ၊ တောက်ပရွှန်းစိုနေတဲ့ မျက်နှာထားဖြင့် 


“ထပ်ပြောပါရစေ ငါက နင်နဲ့ သူငယ်ချင်းပဲ ဖြစ်ချင်တာ... ဒီလိုမျိုး အတင်းလုပ်ယူနေစရာမလိုပါဘူး. တကယ်လို့ နင့်ဘက်က သူငယ်ချင်း မလုပ်ချင်ဘူးဆိုရင် မေ့ပစ်လိုက်ပါ...”


ဝမ်ယွီက လျှာကို ကျစ်ခနဲ စုတ်သပ်လိုက်ပြီး ပြန်ပြောမလို့ပြင်တုန်း တစ်ယောက်ယောက်က အန်းနဉ်ရဲ့ နာမည်ကို ခေါ်လာ၏။


သူတို့ လှည့်ကြည့်လိုက်တော့ အန်းနဉ်ကိုခေါ်လိုက်တာက အတန်းခေါင်းဆောင် မုန့်ရှင်းယွီပင်။ သူမနှင့် အခြားအတန်းဖော်တချို့က ကျောင်းအပြင်ဘက်ကနေ သူတို့ဆီကို လျှောက်လာကြသည်။


အန်းနဉ်က ဝမ်ယွီကို “ငါ့အတန်းဖော်တွေ ငါ့ကိုခေါ်နေတာ”လို့ ပြောပြီး ပြေးထွက်သွားသည်။


သူမက မုန့်ရှင်းယွီထံကို သွားပြီး မေးလိုက်သည်။ 


“နင်တို့ ဈေးဝယ်ထွက်ကြတာလား...” 


မိန်းကလေးနှစ်ယောက်က လက်ထဲ အိတ်အသေးလေးတွေ သယ်ထားတော့ ကျောင်းအပြင်ဘက်က ဈေးဆိုင်ကို သွားခဲ့ကြတဲ့ပုံပင်။


“ငါခေါင်းစည်းကွင်းဝယ်ချင်လို့ သူတို့နဲ့ တူတူသွားလိုက်တာလေ” 


အန်းနဉ်က ဤအုပ်စုထဲမှာ သူမနှင့်စကားနည်းနည်းပြောဖူးတဲ့ မုန့်ရှင်းယွီကလွဲပြီး ကျန်တဲ့သူတွေနဲ့ မရင်းနှီးချေ။ ယခု အန်းနဉ်ကို ခေါ်လိုက်တာ သူမဆိုပေမယ့် အန်းနဉ်က နောက်မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်နေခဲ့သည်။


အတိတ်ဘဝတုန်းက သူမနဲ့ပတ်သတ်တဲ့ ကောလဟာလတွေကို အဓိကဖန်တီးခဲ့တဲ့ ကျောင်းအလှပန်းလေးဖြစ်ချင်နေတဲ့ စွန်းယာရှန့်ကိုပင်။


စွန်းယာရှန့်ရဲ့ အကြည့်တွေက လက်လက်ထနေပြီးတော့ သူမက အန်းနဉ်တို့ကို ဖြတ်ပြောလိုက်သည်။ 


“စောနက နင်နဲ့ စကားပြောနေတဲ့လူက တတိယနှစ်က စီနီယာ ဝမ်ယွီမလား...” 


ဤဘက်ကို လျှောက်လာကတည်းက သူမှန်းသိနေခဲ့ပေမယ့် နီးလာတော့ အတန်းထဲမှာ အေးစက်စက်နှင့် သီးခြားနေတတ်တဲ့ အန်းနဉ်ဆိုတဲ့ မိန်းမနဲ့စကားပြောနေတာကိုမြင်လိုက်ရ၏။


သူမစိတ်ထဲမှာ ဖုန်းကွယ်ထားတဲ့ ရည်ရွယ်ချက်တချို့ရှိပေမယ့် သူမက အန်းနဉ်နှင့် ဆက်ဆံရေးကောင်းမနေချေ။ ထို့ကြောင့် အန်းနဉ်ကို ခေါ်လိုက်ဖို့ မုန့်ရှင်းယွီကို လက်တို့ပြီးအချက်ပြလိုက်တာပင်။


မုန့်ရှင်းယွီ လှည့်ကြည့်လိုက်တော့ အန်းနဉ်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သိပ်တွေးမနေဘဲ သူမကို ခေါ်လိုက်မိ၏။ ခေါ်လဲခေါ်ပြီးသွားရော အန်းနဉ်က ခြေတံရှည်တဲ့ လူချောလေးနှင့် စကားပြောနေတယ်ဆိုတာ သိလိုက်ရ၏။ 


သူများတွေရဲ့ အချိန်ကောင်းလေးတွေကို ဖျက်မိပြီထင်ပါရဲ့...


ဉာဏ်ကောင်းတဲ့ မုန့်ရှင်းယွီအဖို့ သူမကို စွန်းယာရှန့်က အသုံးချသွားမှန်း ဝိုးတိုးဝါးတား နားလည်သွားသည်။


ကျန်တဲ့ကောင်မလေးနှစ်ယောက်ကတော့ တတွတ်တွတ်ဖြင့် စကားပြောနေတုန်းပင်။


 “အဲ့ဒါဝမ်ယွီလား ချောလိုက်တာဟယ်...”


“အရပ်ကလဲ အရှည်ကြီးပဲ သူ့အရပ် ဘယ်လောက် ရှိလောက်မယ်ထင်လဲ...”


သူတို့က အရင်ကတည်းက ဝမ်ယွီနှင့် သူ့ဂုဏ်ပုဒ်တွေအကြောင်းကို စွန်းယာရှန့်ဆီကပဲသိခဲ့ကြတာပင်။ ယခု လူကိုလည်းမြင်လိုက်ရော သူက ဂုဏ်ပုဒ်တွေနှင့် တကယ်ထိုက်တန်မှန်း သေချာသွားသည်။ 


"အရပ်ရှည်ပြီး သန်မာတဲ့အပြင် ညှို့ဓာတ်ကလဲ ပြင်းသေး... ပြီးတော့ စီနီယာဆိုတော့ သူများနဲ့ မတူဘဲ ရင့်ကျက်တဲ့ပုံပဲ သူနဲ့ယှဉ်လိုက်ရင် အတန်းထဲက ကောင်လေးတွေက မရင့်ကျက်သေးတာ သိသာတယ်..."


အန်းနဉ်က ပြန်ဖြေလိုက်သည်။ “ငါလည်းမသိဘူး”


ခနလောက် စဉ်းစားလိုက်ပြီး “အနည်းဆုံး 1.8မီတာလောက်တော့ ရှိမှာပေါ့...”


မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။


 “ပိုရှည်ရင် ရှည်မှာပေါ့ ငါနဲ့နင်က အရပ်တူတူလောက်ပဲ...သူက နင့်ထက် ပိုရှည်တယ်ဆိုတော့ 1.8မီတာထက်တောင် ပိုလိမ့်မယ်...”


စွန်းယာရှန့်က မေးလိုက်သည်။ 


“နင် သူနဲ့သိတယ်ဆို ဘယ်လိုသိကြတာလဲ ငါမှတ်မိသလောက်ဆို နင်က မြို့တော်က မဟုတ်ပါဘူး...”


အန်းနဉ်က အေးအေးဆေးဆေး ပြန်ဖြေသည်။ 


“ငါတို့က ကန်တင်းမှာ တွေ့ကြတာ...”


ကောင်မလေးတွေက တခဏမျှ တိတ်ဆိတ်သွားပြီး စိတ်လှုပ်ရှားလာကြ၏။ 


“ဝိုး သူနင့်ကို လိုက်နေတာလား”


“ဘုရားရေ၊ ဒါက ငါစိတ်ကူးထားတဲ့ ကျောင်းသားဘဝလေးပဲ...”


အန်းနဉ်က ထိုမေးခွန်းကို စောင့်နေခဲ့တာပင်။


သူမက နုံအနေတာ မဟုတ်သလို စကားအပြောမတတ်တာလည်း မဟုတ်ပေ။ အတိတ်ဘဝတုန်းက ကောလဟာလတွေက ထိန်းလို့မရခဲ့တဲ့အပြင် ဝမ်ယွီရဲ့ မဆုတ်မနစ်လိုက်ပိုးမှုတွေကြောင့် သူမအနေဖြင့် ပါးစပ်ဆယ်ပေါက်နှင့် ပြိုင်ငြင်းချင်ရင်တောင်မှပဲ အသုံးမဝင်ချေ။


ပြီးနောက် လူနှစ်ယောက်စာ စားဝတ်နေရေးအတွက် ပိုက်ဆံရှာဖို့ တာဝန်ကြီးကလည်း ရှိသေးသည်။


ပိုက်ဆံကို အပြေးအလွှားရှာနေရသဖြင့် သူမကို ငွေမက်တဲ့မိန်းမလို့ ခေါင်းစဉ်တပ်ကြတဲ့ အတန်းဖော်တွေနှင့် ဖြေရှင်းဖို့ အင်အား ဘယ်ရှိတော့မှာတဲ့လဲ... ဒီအတန်းဖော်တွေနဲ့က လေးနှစ်တာဘဲ ဖြတ်သန်းရမှာလေ... ဘွဲ့ရပြီးရင် ဘယ်သူက တကူးတကကြီး မှတ်မိနေမှာတဲ့လဲ...


သို့ပေမယ့် သူမ မထင်ထားတာက ဘွဲ့ရတဲ့ အချိန်အထိ သူမအသက်မရှင်နိုင်တော့တာကိုပင်။ ယခုဘဝမှာ အစကပြန်စဖို့ အခွင့်အရေးရမှတော့ တချို့အန္တရာယ်တွေကို ကြိုရှောင်ထားရမှာပင်။


“အင်း သူလိုက်နေတာ...” အန်းနဉ်က ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်သည်။ 


ကောင်လေးတစ်ယောက်က သူမကို ကြိုက်လို့လိုက်တာ ရှက်စရာမှမဟုတ်ဘဲ။ သူမ မပြောနိုင်စရာအကြောင်း မရှိပါဘူး။


မုန့်ရှင်းယွီနှင့် တခြားမိန်းကလေးတွေက ပိုလို့ပင် စိတ်လှုပ်ရှားသွားကြပြီး မေးခွန်းတွေ တရစပ်မေးလာကြသည်။ 


“အဲ့ဒီနောက်ကော ”


အန်းနဉ်က ပြုံးလိုက်ပြီး သူတို့ရဲ့ စိတ်ကူးယဉ်မှုများကို ဖြိုခွဲလိုက်သည်။ 


“သူနဲ့ စကားပြောကြည့်ပြီးတော့ မသင့်တော်ဘူးခံစားရတယ်...”


“ဟမ်” မိန်းကလေးတွေက စိတ်ရှုပ်သွားကြသည်။


သူတို့ရဲ့ မျက်လုံးထဲမှာတော့ - သူတို့ကိုသာ အဲ့ဒီလို လူချောလေးက လာဖွင့်ပြောရင် တန်းလက်ခံပစ်မှာပဲ... တကယ်လို့ တန်းလက်မခံချင်သေးရင်တောင် သူငယ်ချင်းအဖြစ်ကနေ စလို့ရတာပဲလေ...


“အဓိကကတော့ မိသားစုအခြေအနေချင်း တအားကွာနေလို့ပါ သူ့အိမ်က အခြေအနေကောင်းတဲ့အပြင် သူတို့ရဲ့ သုံးစွဲမှုကလည်း မြင့်တယ် နင်တို့သိတဲ့အတိုင်းပဲ ငါ့အခြေအနေနဲ့ မသင့်တော်ဘူး ပြီးတော့ ငါ့မှာ အချိန်ပိုင်းအလုပ်တွေ ပြေးလုပ်ရဦးမယ် ဒိတ်ဖို့ အချိန်မရှိဘူး...ငါသူ့ကို ပြတ်ပြတ်သားသားငြင်းရမှာပေါ့...” 


နေရောင်က သူမရဲ့ နက်မှောင်တဲ့ မျက်ဝန်းများကို အညိုဖျော့ဖျော့သန်းစေပြီး သူမရဲ့ ဖွေးဥနေတဲ့ အသားအရည်ကို နူးညံ့စွာ တောက်ပသွားစေသည်။


မုန့်ရှင်းယွီတို့ အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် အန်းနဉ်က အရမ်းလှတယ်ဆိုတဲ့ အတွေးဝင်လာကြသည်။


သက်တူရွယ်တူချင်းဆိုရင်တောင်မှ အန်းနဉ်က ပိုပြီးရင့်ကျက်တဲ့ပုံပေါ်သည်။ သူမရဲ့ လှပမှုက ရုပ်ရည်ကြောင့်သာမဟုတ်ဘဲ သူမရဲ့ ကြည်လင်ပြီးစိုစွတ်တဲ့ မျက်ဝန်းများမှ တည်ငြိမ်မှုကြောင့်ဖြစ်သည်။


ဝမ်ယွီလို ကောင်ချောလေးက ကန်တင်းမှာ အန်းနဉ်ကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့တာ အံဩစရာတော့မဟုတ်ဘူးဘဲ။ 


မိန်းကလေးတွေက အားမကျဘဲမနေနိုင်ပေ။သို့ပေမယ့် စွန်းယာရှန့်က ရယ်ပြီးပြောလိုက်သည်။ 


“နင်ကရယ်ရတာပဲ ဝမ်ယွီရဲ့ အိမ်က ဘယ်လောက်ချမ်းသာလဲဆိုတာ နင်သိလား နင်သာ သူ့ကောင်မလေးဖြစ်လာရင် အချိန်ပိုင်းအလုပ်တွေလုပ်ဖို့ လိုဦးမှာလား နင့်တစ်လဝင်ငွေက သူ့ကားဆီဖိုးလောက်တောင်မရှိဘူး...”


သူမရဲ့ အပြုံးက မနာလိုမှုတွေကို ဖုံးကွယ်မထားနိုင်ပေ။


အရင်ဘဝမှာ စွန်းယာရှန့်က ဝမ်ယွီကို မကပ်နိုင်တာကြောင့် အန်းနဉ်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးဖို့ ကောလဟာလတွေကို လွှင့်ခဲ့သည်။


မုန့်ရှင်းယွီနှင့် ကျန်မိန်းကလေးတွေရဲ့ အပြစ်ကင်းစင်တဲ့ ပုံနဲ့ယှဉ်လျှင် စွန်းယာရှန့်ရဲ့ လှပတဲ့ မျက်နှာလေးအောက်က အရုပ်ဆိုးခြင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။


အန်းနဉ်က အေးစက်စက်အကြည့်ဖြင့် မေးလိုက်သည်။ 


“နင်က အချစ်ကို ရှာနေတာလား ငွေကြေးထောက်ပံ့ဖို့လူ ရှာနေတာလား...” 


စွန်းယာရှန့်က မကျေမနပ်ဖြစ်သွားပြီး


 “ငါကဘာလို့ပါလာတာလဲ နင့်အကြောင်းကို ပြောနေတာလေ...”


အန်းနဉ်က ဖျော့တော့စွာ ပြုံးလိုက်သည်။ 


“ငါ့အတွက်ဟုတ်လား ငါစောစောက ပြောခဲ့သလိုပဲ ဝမ်ယွီ့အိမ်က ချမ်းသာလွန်းတယ် သူနဲ့သာ ချိန်းတွေ့ရင် ကုန်ကျမယ့်စရိတ်တွေကို ငါ့အနေနဲ့ မတတ်နိုင်ဘူး ဒါကြောင့် သူ့ကို ငြင်းခဲ့ပြီးသား...”


စွန်းယာရှန့်က ပြန်ငြင်းလိုက်သည်။ 


“Relationshipတစ်ခုမှာ ကောင်လေးဘက်က ပိုချမ်းသာတော့ ပိုက်ဆံကိစ္စက စိုးရိမ်စရာမှ မလိုဘဲ ဒါမှမဟုတ် သူ့ကို ပိုများတာရှင်းခိုင်း နင်ကတော့ အသေးအမွှားလေးတွေပဲ ရှင်းပေးလိုက်ပေါ့...”


“ဖြစ်နိုင်ပါတယ် နှစ်ဖက်လုံးက သဘောတူနေသရွေ့ ကောင်လေးဘက်က ရှင်းပေးတာမျိုးက လက်ခံလို့ရပါတယ်...” အန်းနဉ်က ခေါင်းညိတ်ကာ လက်ခံလိုက်သည်။


“ဒါပေမယ့် ငါပြောခဲ့တဲ့ထဲမှာ ငါ့မှာဒိတ်ဖို့ အချိန်မရှိဘူးဆိုတာ ပါပြီးသား...နင်အကြံပေးတဲ့အတိုင်းဆို ငါသာ သူဌေးသားနဲ့ တွဲလိုက်ရင် ပင်ပင်ပန်းပန်းအလုပ်လုပ်ဖို့ မလိုတော့ဘူးပေါ့နော်...”


သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။


 “ငါ့အလုပ်က ရတဲ့ငွေက ငါနဲ့ ငါ့အဖွားရဲ့ စားသောက်စရိတ်၊ဆေးဖိုးဝါးခအတွက်ပဲဆိုတာ ကျေးဇူးပြုပြီး နားလည်ပေးပါ ဒီငွေတွေက ဒိတ်တဲ့နေရာမှာ သုံးဖို့မဟုတ်ဘူး နင် တစ်ယောက်ယောက်နဲ့ ရှိပေးလို့ ပိုက်ဆံရှာစရာမလိုတဲ့အပြင် သူက နင့်မိသားစုကိုပါ ထောက်ပံ့ပေးဦးမယ်ဆိုရင် အဲ့ဒါက စပွန်ဆာပေးနေတာ မဟုတ်ဘူးလား ငါ့အမြင်မှာတော့ မကောင်းတဲ့ရည်ရွယ်ချက်အတွက် ကိုယ့်ကိုယ်ကို ရောင်းစားနေတာနဲ့ အတူတူပဲ...”


အရင်ဘဝတုန်းက စွန်းယာရှန့်က သူမကို အညစ်အကြေးတွေဖြင့် လောင်းချခဲ့ပေမယ့် ယခုတစ်ခါမှာတော့ အန်းနဉ်က လက်ဦးမှုရယူလိုက်၏။


“နင်…” 


စွန်းယာရှန့်က ဒေါသထွက်သွားပြီး မျက်နှာနီရဲလာခဲ့ပေမဲ့ အန်းနဉ်ရဲ့ စကားက သူမ အရင်က အန်းနဉ်အား ပြောခဲ့သည်များကို အခြေခံထားတာကြောင့် မချေပနိုင်ပေ။


စွန်းယာရှန့် ထိုစကားတွေကို စပြောတုန်းက ဝမ်ယွီ အရမ်းချမ်းသာတဲ့အကြောင်း၊ အန်းနဉ်က သူ့ပိုင်ဆိုင်မှုတွေကို မှီခိုနေကြောင်း မသိမသာ အယုံသွင်းကာ ပြောဆိုခဲ့သည်။ သို့ပေမယ့် အန်းနဉ်က သူမရဲ့ သွယ်ဝှက်ထားတဲ့ မနာလိုမှုများကို ဖော်ထုတ်ခဲ့သည်။


မုန့်ရှင်းယွီနှင့် တခြားမိန်းကလေးတွေရဲ့ အကြည့်ကပြောင်းသွားသည်။ 


အတန်းခေါင်းဆောင်ဖြစ်တဲ့ မုန့်ရှင်းယွီက အန်းနဉ်ရဲ့လက်မောင်းကို ကိုင်လိုက်ပြီး “ကောင်ချောလေးတွေ အကြောင်းပဲ ဆက်ပြောရအောင်ပါ ငြင်းခုန်မနေပါနဲ့တော့...”


စွန်းယာရှန့်က ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး ခြေတစ်လှမ်းဆုတ်လိုက်သည်။ 


“ဟုတ်တယ်  ငါက နောက်နေတာပါ ဘာလို့ အတည်ကြီးယူနေတာလဲ...”


“နောက်နေတာဟုတ်လား ငါတို့က ဟွာတတက္ကသိုလ်ကို တက်ဖို့ နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်းလေ့လာခဲ့ရတာပါ အားကိုးရမယ့် ချမ်းသာတဲ့ ရည်းစားကို ရှာဖို့ မဟုတ်ဘူး နင်နောက်နေတာ ငါသိပါတယ်...ငါကောပဲ နောက်နေတာလေ...”


Sugar daddyအပေါ်မှီခိုနေရတယ်၊ သူမကို စပွန်ဆာပေးဖို့ သူဌေးတွေကို ရှာနေတယ်ဆိုတာ အတိတ်တုန်းက စွန်းယာရှန့်ဖြန့်ခဲ့တဲ့ စကားတွေပင်။ ယနေ့တော့ အန်းနဉ်က ထိုစကားတွေကို စွန်းယာရှန့်ကို ပြန်ပေးလိုက်နိုင်သည်။ 


သူမပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့သွားသလိုပင်။


စွန်းယာရှန့်က ပိုပိုပြီး မကျေမနပ်ဖြစ်လာသည်။ 


သူမက အတင်းပြုံးကာ


 “ငါတခုခုဝယ်ဖို့ကျန်ခဲ့လို့ ဆိုင်ကိုပြန်သွားလိုက်ဦးမယ်... နင်တို့ အတန်းအရင်ပြန်နှင့်လေ...” 


လို့ပြောပြီး ကတိုက်ကရိုက် ထွက်သွားသည်။


“နင်က ဖြုံစရာကောင်းလောက်အောင် လျှာထက်လိမ့်မယ်လို့ မထင်ထားဘူး...” မုန့်ရှင်းယွီက ရယ်လိုက်သည်။


သူမက အန်းနဉ်ရဲ့ လက်မောင်းကို တွဲထားတုန်းပင်။ အငြင်းပွားမှုတစ်ခုမှာ မိန်းကလေးတွေက ရင်းနှီးသည့်လူဖက်ကို ရွေးကြတာကပုံမှန်သာ။ သို့ပေမယ့် သူမကတော့ အန်းနဉ်ကို မသိစိတ်အရ ရွေးချယ်ခဲ့သည်။


တကယ်တော့ အန်းနဉ်က စွန်းယာရှန့်ပြောခဲ့တဲ့ စကားတွေရဲ့ အဓိပ္ပာယ်ကို ဖော်ထုတ်ခဲ့တဲ့သူပင်။


မုန့်ရှင်းယွီက ဆင်းရဲတဲ့ကျောင်းသူ မဟုတ်ပေမယ့် သူမရဲ့ မိသားစုက အရမ်းကြီးပြေလည်နေတာမဟုတ်လို့ အန်းနဉ်ကို နားလည်နိုင်သည်။ စွန်းယာရှန့်ရဲ့ ထေ့ငေါ့တဲ့ လေသံက သူမကိုလည်း စိတ်မချမ်းမသာ ဖြစ်စေသည်။


အန်းနဉ်ရဲ့ အပြုံးလေးနှင့်ပြန်ချေပတာက စွန်းယာရှန့်ကို ဆွံ့အသွားစေပေမဲ့ သူမကိုတော့ ကျေနပ်စေ၏။


သူမ တင်မကဘူး ကျန်တဲ့ မိန်းကလေးနှစ်ယောက်ကလည်း ပြောလာသည်။ 


“နောက်တယ်ဆိုတာ အတိုင်းအတာနဲ့ ရှိသင့်တယ် ချဉ်တူးနေတဲ့ လေသံက စိတ်မသက်မသာချင်စရာကြီး”


သူတို့က စွန်းယာရှန့်အကြောင်းပြောနေတာပင်။


သူတို့က အရူးမှမဟုတ်တာ... မနာလိုနေတာကို ဘယ်သူက မမြင်ဘဲနေမှာလဲ...


“ဟုတ်ပဟာ သူမကို ချောမောလှပပြီး သဘောထားကြီးတယ်လို့ ထင်ထားတာ မမျှော်လင့်ထားဘူး...”


ပထမနှစ်ကျောင်းသူတွေအနေနှင့် သူတို့က ပတ်ဝန်းကျင်အသစ်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ရှာဖွေနေဆဲ အချိန်ပင်။


စစ်ရေးလေ့ကျင့်တဲ့ ကာလအတွင်းမှာ တွားသွားရ လှိမ့်ရ အတူတူတိုက်ခိုက်ရရင်း ရဲဘော်ရဲဖက်စိတ်ဓာတ် ပေါ်လာကာ လူများအကြား မတူညီချက်တွေကို ယာယီဖုံးကွယ်ထားပြီး အချင်းချင်း လျင်လျင်မြန်မြန် ဆက်နွယ်လာကြသည်။ သို့ပေမယ့် ကျောင်းတက်ကာလတွင် ဖုံးကွယ်ထားတဲ့ မတူညီချက်များအရ အဖွဲ့ငယ်လေးများကွဲသွားကာ ပြိုပျက်သွားလိုက် ပြန်ဖွဲ့စည်းလိုက် ဖြစ်လာမည်ဖြစ်သည်။


အန်းနဉ်က စစ်ရေးလေ့ကျင့်မှုထဲလည်းမပါ၊ အိပ်ဆောင်မှာလည်း မနေထိုင်သည့်အတွက် အတန်းဖော်များနှင့် ရင်းနှီးမည့် အခွင့်အရေးကို လွဲချော်ခဲ့ရသည်။


အရင်ဘဝမှာ သူမက ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရင်း အတန်းဖော်များနှင့် ပြောဆိုခြင်းမရှိတော့ဘဲ အုပ်စုမှ တစ်ယောက်ထဲ ခွဲထွက်နေခဲ့သည်။


ယခုဘဝမှာတော့ အတိတ်က ခါးသီးတဲ့ ခံစားချက်တွေကြောင့် အတန်းဖော်တွေဖြင့် နီးစပ်ဖို့ ဆန္ဒလုံးဝ မရှိပေ။ သို့ပေမယ့် စွန်းယာရှန့်ကြောင့် မုန့်ရှင်းယွီအပြင် အခြားမိန်းကလေးနှစ်ယောက်ရဲ့ အသိအမှတ်ပြုခြင်းကို မထင်မှတ်ထားဘဲ ရလိုက်သည်။


ကံကြမ္မာက မထင်မရှားနှင့် မရည်ရွယ်ထားတဲ့ လွှမ်းမိုးမှုတွေကြောင့် မတူညီသည့် လမ်းကြောင်းကို ပြောင်းလဲသွားသည်။


ဥပမာအနေဖြင့်ဆိုရလျှင်၊ သူမရဲ့ ကိုယ်ခံပညာကလပ်ကို ဝင်ဖို့ ဆုံးဖြတ်ချက်က သူမကိုယ်တိုင် ဝမ်ယွီရဲ့ ပိုင်နက်ထဲရောက်သွားစေမယ်ဆိုတာကို စိတ်ကူးမိမှာမဟုတ်ပေ။


__


Translated By IQ-Team.



xxxxxx