အပိုင်း၁၈
Viewers 7k

🤚Chapter 18



နေ့ခင်းစာသင်ပြီးချိန် အန်းနဉ်က သူမရဲ့ အော်ဒါများကို ပို့ဆောင်ပြီးနောက် ကျောင်းရဲ့ ပစ္စည်းလက်ခံတဲ့ဌာနဆီ သွားလိုက်သည်။ သူမပစ္စည်းများ ရောက်မလာသေးသောကြောင့် အိမ်အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။


ထုံးစံအတိုင်းပင် သူမအဖွားက ဆိုဖာကိုမှီပြီးTVကြည့်နေသဖြင့် သူမ အခန်းထဲဝင်လာပြီး အဖွားကို ကူလိုက်သည်။ 


“အဖွား အဲ့ဒီမှာ မထိုင်နဲ့လေ အဲ့ဒီနေရာက အိကျနေတာ ဒီဘက်မှာထိုင်နော်...”


ဆိုဖာက အိမ်မှာ အစကတည်းကရှိနေတာပင်ဖြစ်သည်။အရမ်းကို ဟောင်းနွမ်းနေပြီးတော့ လက်တင်တဲ့နေရာကလည်း လျော့တိလျော့ရဲနဲ့ အပေါ်ကကူရှင်ခံထားပေမာ့်လည်း တစ်ယောက်ယောက်သာ ထိုင်ချလိုက်ရင် အထဲကို နစ်ကျသွားမှာပင်။


သူမအဖွားက နေရာပြောင်းထိုင်လိုက်ပြီး


 “နဉ်နဉ် ဗိုက်ဆာနေပြီလား အိမ်စာအရင်သွားလုပ်နော်... ဒီတစ်ပိုင်းကြည့်ပြီးတာနဲ့ အဖွား သမီးအတွက် ချက်ပေးမယ်...”


အန်းနဉ်က အိမ်မှာ TVရှိနေတဲ့အတွက် တကယ်ကိုကျေးဇူးတင်နေမိသည်။ သူမအဖွားက နေ့တိုင်း အိမ်မှာပဲ ဖြတ်သန်းနေရတော့ အပျင်းပြေစေဖို့ ဤTVကိုပဲ အားကိုးနေရတာပင်။


အဖွားအတွက် ရေနွေးနွေးလေး ယူလာပေးပြီး “အိမ်မှာ ရေကို ပုံမှန်သောက်ဖို့” “အိမ်သာသုံးပြီးရင် ရေပြန်ဆွဲချဖို့”ကို ထပ်တလဲလဲ ပြောနေမိသည်။ 


သူမအဖွားက ဒါတွေကို မှတ်မိမှာ မဟုတ်ဘူးဆိုတာ သိနေပေမယ့် ဒီအိမ်မှာ သူမနဲ့ အဖွားနှစ်ယောက်ပဲရှိလေသည်။ သူမကသာ အဖွားကို စကားမပြောရင် ဘယ်သူပြောပေးမှာလဲ...


ယနေ့ အလုပ်သွားလုပ်ဖို့မရှိသဖြင့် အပူပေးပြီးစားစရာမလိုတာကြောင့် သေချာချက်ပြုတ်ပြီး အဖွားကို အတူတူစားဖို့ခေါ်လိုက်သည်။ ပန်းကန်တွေကို မြန်မြန်ဆေးပြီး လက်ကို အခြောက်ခံကာ အချိန်ကို စစ်ရင်း အဖွားကို ပြောလိုက်၏။


“ဒီနေ့ကျောင်းမှာ အသင်းလှုပ်ရှားမှုတစ်ခု ရှိတယ်။ ညနေကျရင် အဖွားကို ရေချိုးပေးဖို့ သမီးစောစောပြန်လာခဲ့မယ်နော်...”


ထို့နောက် အဖွား၏နဖူးကို နမ်းလိုက်ပြီး ကျောင်းကို အပြေးပြန်လာခဲ့သည်။


ဟွာတက္ကသိုလ်သည် ရှည်လျားသော သမိုင်းကြောင်းနှင့် ကျောင်းသားဦးရေများစွာရှိသည့်အတွက် ကလပ်နှင့်ပတ်သတ်ပြီး ရွေးချယ်စရာများသည်။ ဘတ်စကက်ဘော၊ ဘောလုံး၊ Goတို့လို ကလပ်မျိုးကို ကျောင်းက အခိုင်အမာ ထောက်ပံ့ပေးထားသည်။ Cosplay၊ Manga စသည့် ကလပ်များကတော့ ရန်ပုံငွေများရှာဖွေခြင်း သို့မဟုတ် ကျောင်းသားများကိုယ်တိုင် ထောက်ပံ့ပေးခြင်းရှိရသည်။ အရင်ဘဝတုန်းက အန်းနဉ်က အလုပ်တွေကြောင့် ဘယ်ကလပ်ထဲမှာမှ မပါဝင်လိုက်ရပေ။


လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ပြည့်စုံမှသာ စိတ်အေးလက်အေး လုပ်ဆောင်နိုင်တဲ့ အရာမလို့ အန်းနဉ်လို ရှင်သန်နေထိုင်ဖို့ ရုန်းကန်နေရတဲ့ သူတွေအတွက် ယခုလိုကလပ်လှုပ်ရှားမှုများမှာ ပါဝင်ဖို့ စိတ်ကူးမရှိပေ။


ယခုတစ်ခါမှာတော့ ကျောင်းကိုယ်ခံပညာကလပ်ကို ကြည့်ချင်မိသည်။ သူမသာ လက်တွေ့ကျတဲ့ တိုက်ခိုက်မှုမျိုး ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဖို့ နည်းတချို့ကို သင်ယူနိုင်မည်ဆိုလျှင် လေ့ကျင့်ရေးထဲ မြှုပ်နှံဖို့ စီစဉ်ထားသည်။


နေ့လည်က ရထားတဲ့ လက်ကမ်းစာစောင်က လိပ်စာအတိုင်းသွားမှသာ ကျောင်းရဲ့ ဝေးလံတဲ့ ထောင့်တစ်နေရာမှာ အိုဟောင်းပြီး သမိုင်းကြောင်းရှိလောက်တဲ့ အဆောက်အအုံတစ်ခုကို ရောက်သွားမှန်းသိလိုက်ရ၏။ 


ဟွာတက္ကသိုလ်မှာ ထင်ရှားတဲ့သမိုင်းကြောင်းရှိတဲ့ အဆောက်အအုံများစွာ ရှိသည်။ တချို့ဆိုလျှင် သရဲခြောက်တယ်ဆိုပြီး နာမည်ကြီးသည်။


ကြည့်ရတာ ဒီနေရာနဲ့ တူတယ်...


ထိုအချိန်မှာ ကျောင်းသားနှစ်ယောက်ရောက်လာပြီး‌ မေးသည်။ 


“တစိတ်လောက်ဗျ၊ ကိုယ်ခံပညာကလပ်က ဘယ်နားမှာလဲ မသိဘူး...”


“ဒီနေရာထင်တယ် ကျွန်မလည်း ကိုယ်ခံပညာကလပ်ကို ရှာနေတာ...”


ထိုနှစ်ယောက် အံ့အားသင့်သွားသည်။ 


“ဟမ်… မင်းကောလား”


အန်းနဉ်က သေးသွယ်သည့် ခြေလက်များရှိသည်မို့ ပိန်ပါးနေပုံပေါက်ပြီး အများအမြင်မှာ သနားစဖွယ်ကောင်းသည်။ 


သို့သော် သူမကပြုံးလိုက်ပြီး “ဟုတ်တယ် ကိုယ်ခံပညာကလပ်ကို ဝင်မှာ... ဝင်လို့မရဘူးလား”


“ရ….ရတာပေါ့” နှစ်ယောက်လုံးရှက်သွေးဖြာသွားသည်။


 ဝိုး ဒီလိုမိန်းမလှလေးက ကလပ်ကို ဝင်မှာလား...ဘုရားမတာပဲ...


သုံးယောက်သား အဆောက်အအုံကြီးရဲ့ တံခါးကို တွန်းဖွင့်ပြီး ဝင်သွားလိုက်ကြသည်။ တံခါးရဲ့တစ်ဖက်မှာတော့ ကျယ်ဝန်းပြီး အလင်းကောင်းကောင်းရတဲ့ ဟောခန်းအသေးစားလေးရှိသည်။


အပြင်ဘက်မှာမူ အဆောက်အအုံကြီးက အိုဟောင်းနေပေမယ့် အတွင်းဘက်က မထင်ထားရလောက်အောင် ကျယ်ဝန်းပြီး ပရော်ဖက်ရှင်နယ် စက်ကိရိယာအစုံတပ်ထားသည့်အပြင် ကောင်းမွန်တဲ့ လေ့ကျင့်ရေးဇုန်ကလည်းရှိသေးသည်။ အန်းနဉ်လို အပြင်လူပင် ထိုနေရာက အလွန်ကောင်းမွန်မှန်း မခံစားမိဘဲ မနေနိုင်။


ကလပ်ထဲမှာ အဖွဲ့ဝင်တော်တော်များများက လေ့ကျင့်နေကြပြီဖြစ်သည်။ 


သူတို့ဝင်လာတာလည်းမြင်ရော “အထဲကို ဆက်သွားလိုက်”လို့ လက်ဟန်ခြေဟန်ဖြင့် ပြောလာကြသည်။ နောက်တော့ အန်းနဉ်ကိုလည်း သတိထားမိရာ ဆက်မကြည့်ဘဲ မနေနိုင်ကြချေ။


သူမက ကောင်လေးနှစ်ယောက်နောက်မှ လျှောက်ကာ အတွင်းပိုင်းသို့ လိုက်သွားသည်။ အထဲမှာ ကောင်လေးတစ်စု စုရုံးပြီး ကွင်းပတ်ပတ်လည်မှာ ထိတ်လန့်တကြား မတ်တပ်ရပ်နေကြသည်။


အန်းနဉ်က သူတို့နှင့် ယှဉ်လိုက်လျှင် ခန္ဓာကိုယ်ပိုသေးပြီး သူမအရှေ့က အရပ်ရှည်တဲ့ ကောင်လေးတွေကြောင့် အရှေ့ကို သေသေချာချာမမြင်ရပေ။ နေရာအလွတ်လေး တစ်နေရာလည်း တွေ့လိုက်ရော ကျွမ်းကျွမ်းကျင်ကျင်ဖြင့် လူအုပ်ထဲ တိုးဝင်သွားလိုက်သည်။


ကွင်းထဲမှာ အပေါ်ပိုင်းဗလာနှင့် ဘောင်းဘီတိုကိုပဲ ဝတ်ထားတဲ့ ပခုံးကျယ်ကျယ်၊ ခါးကျဉ်းကျဉ်းနဲ့ ကောင်းမွန်တဲ့ ကြွက်သားတွေရှိတဲ့ ယောက်ျားတစ်ယောက်က လက်ဝှေ့လက်အိတ်ကို ဝတ်ထားပြီးတော့ လေ့ကျင့်ဖော်ကို ပြင်းထန်တဲ့တိုက်ခိုက်ချက်တွေ ပေးနေတာကို တွေ့လိုက်ရ၏။


အပြင်ဘက်နှင့် စာလျှင် အထဲက ပိုနွေးသည်။ ပူတယ်လို့မဆိုနိုင်ပေမဲ့ ထိုလူငယ်လေးရဲ့ ကျောမှာတော့ ချွေးများဖုံးအုပ်ထားသည်။ 


သူ့ရဲ့လက်သီးတွေက လျှပ်စီးလက်သလို လျင်မြန်ပြီး လက်သီးချက် တစ်ချက်စီတိုင်းက အရိုးစိမ့်စေသည့် အသံမျိုးကို ထုတ်လာသည်။ ကြွက်သားတွေက တောင့်တင်းနေပြီး ထိုးချက်တိုင်းက ချောမွေ့ကာ အားအင်အပြည့်နှင့်ပင်။


အန်းနဉ်တင်မကဘဲ ကောင်လေးတွေတောင် သူ့ခွန်အားရဲ့ အလှတရားကြောင့် ပါးစပ်အဟောင်းသားဖြင့် မှင်သက်သွားကြသည်။ 


ကွင်းထဲမှ လူငယ်က ရုတ်တရက်ကြီး ကန်ချက်တစ်ချက် လွှတ်လိုက်သည်။


အံ့အားသင့်စရာ အင်အားမျိုးနဲ့ တောင့်တင်းတဲ့ ကြွက်သားအပြည့်ရှိတဲ့ ခြေတံရှည်တစ်စုံက လေ့ကျင့်ဖော်ရဲ့ ရင်ဘတ်ကို မြန်မြန်ဆန်ဆန်နှင့် တိုက်ရိုက်ထိသွားရာ နောက်ပြန်လွင့်သွားပြီး ကြိုးဝိုင်းကို ပြန်ကန်ထွက်စေသည်။


လူတိုင်းရှော့ရသွားသည်။


သူ…သူတို့က အပျင်းပြေ ကျောင်းကလပ်ကို ဝင်ရုံလေးလေကွာ...သေစမ်း သူ့စကေးက အကြမ်းကြီးဟ...


အန်းနဉ်ရဲ့ အတွေးတွေက ထိုပထမနှစ်လူသစ်လေးတွေနှင့် အတူတူပင်။ 


ထိုအချိန်မှာ ထမင်းစားနားချိန်တုန်းက လမ်းပေါ်မှာ လူသစ်ခေါ်နေရတဲ့ ဒုဥက္ကဌဖြစ်သူ ချန်းဟောင်က လက်ခုပ်နှစ်ချက်တီးပြီး ကွင်းထဲကို လှမ်းအော်လိုက်သည်။ 


“ဥက္ကဌ လူတော်တော်များများ ရောက်လာကြပြီ စကြရအောင်လေ”


လူတိုင်းရဲ့ အကြည့်တွေက ကွင်းထဲက ဥက္ကဌဆိုတဲ့ လူငယ်လေးထံ ရောက်လာကြသည်။ သို့ပေမယ့် ထိုလူငယ်လေးက လွင့်ထွက်သွားတဲ့ လေ့ကျင့်ဖော်ကို ဆွဲထူလိုက်ပြီး ရိုက်ချက်အနည်းငယ် ပေးလိုက်သေးသည်။ ချန်းဟောင်ရဲ့ ခေါ်သံလည်းကြားရော ခေါင်းစွပ်ကို ချွတ်လိုက်ပြီး ခေါင်းကို ယမ်းလိုက်သည်။


ဤအဆောက်အအုံရဲ့ အတွင်းပိုင်းက ပရော်ဖက်ရှင်နယ် မီးချောင်းများဖြင့် ပြန်လည်ပြင်ဆင်ထားသည်။ တောက်ပတဲ့ အလင်းရောင်အောက်မှာ သူ့နဖူးပေါ်မှ စီးကျလာသော ချွေးစက်တိုင်းကို မြင်နေရသည်။


လူတိုင်း အလိုလို တုန်လှုပ်သွားကြသည်။


ထိုလူက သူ့ဆံပင်ကို ဖွလိုက်ပြီး လှည့်ကြည့်လိုက်သည်။


အန်းနဉ် အံ့ဩသွားရသည်။


ဝမ်ယွီက ကြိုးဝိုင်းအဆုံးထိ လျှောက်လာပြီး အောက်ကို ငုံ့ကြည့်သည်။ စူးရှတဲ့ မျက်လုံးတစ်စုံက လူအုပ်ထဲက အန်းနဉ်ရဲ့ ပိန်ပိန်သွယ်သွယ် အသွင်အပြင်လေးကို မတွေ့မချင်း လိုက်ရှာသည်။ တွေ့တော့မှပဲ မျက်ခုံးပင့်ကာ နှုတ်ခမ်းက ပြုံးယောင်သန်းသွားသည်။


ရင်းနှီးနေတဲ့ အပြုံးလည်းတွေ့လိုက်ရော အန်းနဉ်က နဖူးကိုကာလိုက်ကာ ခေါင်းကိုက်လာတော့မလို ခံစားလိုက်ရ၏။


"ဝမ်ယွီက အတိုက်အခိုက်တော်တယ်ဆိုတာပဲ သိတာ ဟွာတက္ကသိုလ် ကိုယ်ခံပညာကလပ်ရဲ့ ဥက္ကဌဖြစ်နေမှန်းမသိခဲ့ဘူး...သူက ဘာလို့ အရင်ဘဝတုန်းက ခပ်လျှိုလျှိုနေခဲ့တာလဲ..."


အခုလေးတင် ကြည့်လိုက်ရတဲ့ သူ့ရဲ့လုပ်ဆောင်ချက်အရ သူက ပရော်ဖက်ရှင်နယ်အဆင့်တောင် ရောက်နေလောက်ပြီ...ကြည့်ရတာ တိုက်ရခိုက်ရတာကို တအားကြိုက်တဲ့ပုံပဲ...


အရင်ဘဝက သူမက ကျောင်းမှာ သီးသန့်နေတတ်တော့ သူမသိနိုင်သည်က အကန့်အသတ်နှင့်ပင်။ သူ့ကိုချမ်းသာတယ်ဆိုတာရယ် ကောင်မလေးတွေကြား နာမည်ကြီးတယ်ဆိုတာရယ်ပဲသိထားပြီး သူက ကိုယ်ပိုင်ဘဝမှာ ဟိတ်ဟန်ထုတ်နေတတ်ပေမဲ့ သူ့အကြိုက်တွေ ဝါသနာတွေကိုတော့ လူသိပ်မသိတာများပေ၏။


နေ့လည်တုန်းက သူမအနောက်ကို လိုက်လာခဲ့တာဆိုတော့ ဒီကလပ်ထဲ ဝင်မယ့်ကိစ္စ သူမသိစရာအကြောင်းမရှိဘူး... သူမက ဝမ်ယွီ့ပိုင်နက်ထဲကို စိတ်လိုလက်ရ ဝင်သွားမိလိုက်တာပဲ...


သူက လက်အိတ်တွေကို ချွတ်ကာ မြေကြီးပေါ် ပစ်ချပြီးတော့ ပြောလိုက်သည်။


“ကိုယ်က ဝမ်ယွီ၊ ဒီကိုယ်ခံပညာကလပ်ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌ စိတ်တူကိုယ်တူလူတွေနဲ့ တူတူပျော်ရအောင် ရည်ရွယ်ပြီးတော့ ဒီကလပ်ကို ကိုယ်ကိုယ်တိုင် ငွေထောက်ပံ့ပြီး တည်ထောင်ထားတာ ချန်းဟောင်က အထူးသတိထားရမှာ ဘာတွေလဲဆိုတာ နောက်ကျရင် ပြောပြလိမ့်မယ် ဒါပေမယ့် ကိုယ်တို့မှာ တောင်းဆိုချက်တစ်ခုပဲရှိတယ်ဘကလပ်က အရင်းအမြစ်တွေကို သုံးမယ်ဆိုရင်တော့ တိုးတက်မှုတစ်ချို့ ကိုယ့်ကိုပြရမယ် ကလပ်မှာ အကဲဖြတ်စံနှုန်းရှိတယ် မင်းတို့မလုပ်နိုင်ဘူးလို့ထင်ရင် မလေ့ကျင့်ဘဲနဲ့ အကျိုးအမြတ်ယူဖို့ မစဉ်းစားပါနဲ့...”


တခြားကလပ်တွေက အဖွဲ့ဝင်အသစ်တွေကို သူ့တို့ကလပ်ထဲက မထွက်အောင် ထိန်းသိမ်းထားဖို့ ကြိုးစားနေတဲ့အချိန်မှာ ဝမ်ယွီက သူ့ရဲ့လွှမ်းမိုးမှုကို ရဲရဲတင်းတင်းပြောသည်။ မြင့်မားတဲ့ အရပ် ခြေတံရှည်ရှည် ကြွက်သားရှိတဲ့ ကိုယ်ခန္ဓာနဲ့ စင်ပေါ်ကနေ လူသစ်တွေကို ပြင်းထန်တဲ့ ရောင်ဝါကို ပြကာ ငုံ့ကြည့်နေခဲ့သည်။


လူသစ်များက စိတ်လှုပ်ရှားစွာ တံတွေးမမျိုချဘဲ မနေနိုင်ပေ။


သူက နောက်လက်အိတ်တစ်ဖက်ကို မြေပေါ်သို့ ပစ်ချလိုက်ရာ လူသစ်လေးများက လည်ပင်းကို ကျုံ့ကာနောက်ထပ် တံတွေးမျိုချလိုက်ကြသည်။


ချန်းဟောင်က လက်ခုပ်တီးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောသည်။


“အားလုံး ဒီကိုလာခဲ့ကြ”


လူတိုင်း ဝမ်ယွီရဲ့ တည်ရှိမှုကို ရှောင်ရှားဖို့ မြန်မြန်ဆန်ဆန်ပင် ချန်းဟောင်ဆီသို့ ရွှေ့သွားကြသည်။


လူအုပ်ထဲက အန်းနဉ်လည်း ဝမ်ယွီ့ကို မမြင်ချင်ယောင်ဆောင်ကာ ကြိုးဝိုင်းကို ဘေးတိုက်မျက်နှာပြုထားသည်။


ဝမ်ယွီက ကြိုးဝိုင်းကို မှီထားရင်း အောက်သို့ ငုံ့ကြည့်ကာ ပြုံးလိုက်သည်။


အထင်ကြီးစရာကောင်းတဲ့ ဝမ်ယွီနှင့် ယှဉ်လျှင် ကလပ်ဝင်ရင်ရမယ့် အကျိုးကျေးဇူးတွေကို အမြှုပ်ထွက်အောင်ပြောနေတဲ့ ချန်းဟောင်ကမှ သာမန်ကျောင်းကလပ်ဥက္ကဌနဲ့တောင် ပိုတူသေး၏။


စာသင်နှစ်တစ်နှစ်မှာ နှစ်ကြိမ် အကဲဖြတ်ပြီးတော့ နှစ်ကြိမ်လုံး မအောင်တဲ့သူက ကလပ်ကနေ ထုတ်ပယ်ခံရမည်။ သို့ပေမယ့် အရည်အချင်းပြည့်မှီတဲ့ အသင်းဝင်တွေက လစဉ် ယွမ်နှစ်ရာနှင့် ထိပ်ဆုံးငါးယောက်က bonusအဖြစ် ယွမ်တစ်ထောင် ရမည်ဖြစ်သည်။


ဥက္ကဌက လူတိုင်းကို အားကစားဖိနပ်၊ အားကစားဝတ်စုံ၊အားကစားအိတ်၊ပရိုတင်းအမှုန့် စတဲ့ ပစ္စည်းတွေကို သူကြိုက်တာပေါ်မူတည်ပြီးတော့ ပေးသေးသည်။


“ဥပမာ ဒီဟာမျိုး” ချန်းဟောင်က သူ့ခြေထောက်ကို မြှောက်လိုက်ပြီး နာမည်ကြီး ဘတ်စကတ်ဘောဖိနပ်ကို ပြလိုက်သည်။ 


“ပြီးခဲ့တဲ့စာသင်နှစ်ကုန်တုန်းက ငါတို့ဥက္ကဌက ဘတ်စကတ်ဘောပွဲတစ်ပွဲ သွားကြည့်ပြီးတော့ စိတ်လှုပ်ရှားလာလို့ ငါတို့အတွက် ဖိနပ်တွေ ဝယ်ပေးခဲ့တာ...”


ကောင်လေးတွေက လေးစားမှုအပြည့်နှင့် “ဝိုး”လို့ အော်လိုက်ကြသည်။


ရံဖန်ရံခါ စုဝေးတာမျိုးက ကလပ်ရဲ့ လုပ်ရိုးလုပ်စဉ်ထဲက တစ်ခုပင်။ ငွေစိုက်ပေးမယ့်သူရှာနေတဲ့ တခြားငမွဲကလပ်တွေနှင့်စာလျှင် ဤကလပ်က တကယ်ကို ရက်ရောပေသည်။


အန်းနဉ် နားလည်သွားပြီ။ ဟောဒီကလပ်က ဝမ်ယွီ့အနေနဲ့ အပျင်းပြေ ပိုက်ဆံသုံးဖို့ ထောင်ထားတာပင်။


ချန်းဟောင်က လူသစ်ရွေးသည့် အကဲဖြတ်စံနှုန်းတွေနှင့်ပတ်သတ်ပြီးရှင်းပြသည်။ ပထမတစ်ခုကတော့ အကြိမ်တစ်ရာ ဒိုက်ထိုးရမှာပင်။ အန်းနဉ်က ဆက်နားထောင်နေဖို့ပင် မလိုတော့ဘူးလို့ ခံစားလိုက်ရသည်။ နောက်သို့ဖြည်းဖြည်းချင်းဆုတ်ကာ မသိမသာနှင့် ထွက်သွားဖို့ ကြိုးစားလိုက်သည်။


ယောကျ်ားလေးတွေအများကြီးထဲမှာ သူမက နူးညံ့တဲ့ ပန်းကလေးတစ်ပွင့်လိုပင်။ 


ဝမ်ယွီက အပေါ်ကနေ ဆက်တိုက်ကြည့်နေလေ၊သူမဘယ်လိုများ လွတ်မြောက်နိုင်မှာတဲ့လဲ...


“ဟေး မိန်းကလေး၊ ဟုတ်တယ် မင်းကိုခေါ်တာ ကိုယ့်နားလာခဲ့... ကိုယ်က ယောကျ်ားလေးတွေအတွက် စံနှုန်းကိုပဲပြောရသေးတယ် မိန်းကလေးတွေကို တခြားစံနှုန်းနဲ့ အကဲဖြတ်တာ...”


ဟိတ်ဟန်များတဲ့အမူအရာဖြင့် အန်းနဉ်ကို သူမသိခဲ့သလိုမျိုး နာမည်တပ်မခေါ်ပေ။


ကောင်လေးတစ်ချို့က အပေါ်ဝတ်ကိုယ်စီချွတ်ကာ ဒိုက်ထိုးဖို့ပြင်နေကြသည်။ ဝမ်ယွီရဲ့ခေါ်သံလည်းကြားရော မျက်လုံးပေါင်းစုံက အန်းနဉ်ကို ရုတ်ချည်း ကြည့်လာကြသည်။


အနောက်မှာ မိန်းမလှလေးတစ်ယောက် ရှိနေမှန်းလည်းသိရော သူတို့ရဲ့ရင်ဘတ်ကို အဝတ်များနှင့် မြန်မြန်ဆန်ဆန်ကာလိုက်ကြရာ ရယ်သံများထွက်လာသည်။


ဝမ်ယွီ့ရဲ့ကျီစယ်တဲ့အပြုံးအရ သူမယနေ့လွတ်မြောက်တော့မှာမဟုတ်မှန်း သဘောပေါက်သွားသည်။ အကယ်၍ သူမသာယခုထွက်သွားဖို့ ပြောလိုက်လျှင် သူ့ရဲ့အရှက်မရှိပုံမျိုးနဲ့ဆို လူတိုင်းကို နှိုးဆော်နိုင်မယ့် အရာတစ်ခုခုတော့ ပြောမှာသေချာသည်။


ကောင်လေးတွေရဲ့ တီးတိုးပြောသံကို သူမကြားနေရသည်။ 


“ဝိုး ဒီလောက်လှတဲ့ မိန်းကလေးက ကိုယ်ခံပညာကလပ်ကို ဝင်မှာလား”


သူမအံကြိတ်ကာ လူတွေရဲ့ အကြည့်အောက်မှာ ဝမ်ယွီ့ဆီသို့ လျှောက်သွားလိုက်သည်။


သူက ရယ်ချင်တာကိုအောင့်အီးထားကာ စင်ပေါ်မှ လှပစွာခုန်ဆင်းလိုက်ပြီး အလေးအနက်ထားသည့် လေသံဖြင့်ပြောသည်။


“ကိုယ့်နောက်လိုက်ခဲ့”


လူနည်းသည့်နေရာကိုရောက်တော့ သူကရပ်လိုက်ကာ လူအုပ်ကို ကြည့်လိုက်သည်။ 


သူမက အသံကို တိုးလိုက်ပြီး 


“ဝမ်ယွီ၊ ငါကဒီကို လာကြည့်ရုံပဲ ဒီနေရာက မိန်းကလေးတွေနဲ့ သိပ်မလိုက်ဘူး ပြီးတော့ ငါ့အနေနဲ့ အကဲဖြတ်တာကိုအောင်မှာမဟုတ်ဘူး ...ငါပြန်လိုက်တာက ပိုကောင်းမယ်လို့ထင်တယ်...”


သူက မကြားချင်ယောင်ဆောင်သည်။


“ကိုယ်တို့ ဒီကိစ္စကို နောက်မှပြောကြတာပေါ့...”


“စွန်းခိုင်၊ ငါ့ကို ကီလို20ဝိတ်ပြားပေး”


ထို့နောက် အန်းနဉ်အား လက်လွှဲပေးလိုက်သည်။


“ဒါကိုကိုင်လိုက်”


ကျိအန်းနဉ်:”???”


သူမ မသိစိတ်က လှမ်းယူလိုက်သည်။


ဝမ်ယွီက သူမကို အရင်ဆုံးသတိပေးလိုက်သည်။


“သတိထားနော် နည်းနည်းလေးတယ်”


အန်းနဉ်က လေတိုက်ရင်လွင့်သွားရလောက်တဲ့အထိ ပိန်တဲ့ပုံပေါ်ပေမယ့် သူမခန္ဓာကိုယ်က အမှန်တကယ် သန်မာသည်။ ဝမ်ယွီက သူမ ဝိတ်တုံးကို ကိုင်နိုင်တာမြင်မှ လွှတ်ပေးလိုက်သည်။


လက်ပိုက်ပြီး သူမကိုကြည့်ကာ ခေါင်းညိတ်သည်။ စွန်းခိုင်ဘက်လှည့်ပြီး ပြောလိုက်သည်။ 


“စာရင်းထဲမှတ်ထားလိုက်၊ ဒီမိန်းကလေး အောင်သွားပြီ...”


ကျိအန်းနဉ်:”…..”


"တဆိတ်လောက်ပါနော်...အကြိမ်တစ်ရာဒိုက်ထိုးရမယ်ဆိုတာက ဘယ်ရောက်သွားတာလဲ..."


“အဲ့ဒါ ယောကျ်ားလေးတွေအတွက် စံနှုန်းလေကွာ” 


ဝမ်ယွီက အပြစ်ရှိတဲ့ပုံမပေါ်ဘဲ ပြောလာသည်။


“မိန်းကလေးတွေအတွက်က ကီလို20ရှိတဲ့ ဝိတ်တုံးကိုင်နိုင်ရင် အောင်တယ်လေ”


____


Translated By IQ-Team.



xxxxx