အပိုင်း၁၉
Viewers 6k

🤚Chapter 19



စွန်းခိုင်က ရယ်လိုက်ရလို့ မြေပြင်ပေါ် လဲကျမတတ်ဖြစ်သွားသည်။


အန်းနဉ်က ဖိအားပေးအကဲဖြတ်စစ်ဆေးခြင်းကို ခံလိုက်ရပြီး ဟွာတက္ကသိုလ် ကိုယ်ခံပညာကလပ်အဖွဲ့ဝင် အဖြစ် အတင်းအကြပ် စာရင်းသွင်းခံလိုက်ရသည်။


သူမ ရယ်ရမလား ငိုရမလားပင် မသိတော့...


သူမက ဝမ်ယွီ့ကို ဝိတ်တုံးပြန်ပေးလိုက်ပြီး“နောက်မနေနဲ့တော့ ငါပြန်တော့မှာ...”


ဝမ်ယွီက ဝိတ်တုံးကို စွန်းခိုင်အားပေးလိုက်ကာ ရွှင်ပျသော အပြုံးဖြင့်“ကိုယ်နောက်နေတာ မဟုတ်ဘူး မင်း ခုခံတဲ့အကွက်တွေ မသင်ချင်ဘူးလား ကိုယ်သင်ပေးနိုင်တယ်...”


မိန်းကလေးတွေနှင့် သင့်တော်တဲ့ ကလပ်တွေကိုကျော်ပြီး ကိုယ်ခံပညာကလပ်ကို နေ့ခင်းကြီး အထူးတလှယ် လာပြီးစုံစမ်းကတည်းက သူမရဲ့အတွေးတွေကို ခန့်မှန်းမိပြီးသား။


အန်းနဉ်က အံ့ဩသွားသည်။ ဝမ်ယွီ့စကားတွေကြောင့် သူမခနလောက်ရပ်သွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။


ဝမ်ယွီ့မျက်လုံးတွေက ကောင်းမွန်တဲ့ အလင်းရောင်အောက်မှာ တောက်ပနေတာက သူမမှတ်ဉာဏ်ထဲရှိ အသူရာချောက်နက်လို နက်မှောင်တဲ့ မျက်လုံးတွေနှင့် တခြားစီပင်။


အန်းနဉ်ရဲ့ နှလုံးသားက အကြောင်းတစ်ချို့ကြောင့် တုန်လှုပ်လာရ၏။


“ကိုယ်တို့ကျောင်းမှာ တိုက်ကွမ်ဒို၊ ကရာတေး၊ အတိုက်အခိုက်ကလပ်တွေ ရှိပေမယ့် ဒီကလပ်လောက် မင်းအတွက် သင့်တော်တာမရှိဘူးဆိုတာ ကိုယ်အာမခံနိုင်တယ်” ဝမ်ယွီက ယုံကြည်ချက်အပြည့်နှင့်ပြောသည်။ 


“မင်းဘာကို သင်ချင်သင်ချင် မင်းစိတ်ကြိုက်သင်ပေးနိုင်တယ်...”


နောက်ဆုံးတော့ သူမထွက်မသွားနိုင်တော့ချေ။ 


“ငါက လက်တွေ့မှာ အသုံးကျလောက်မယ့် ကာကွယ်ရေးအကွက်လောက်ပဲ သင်ချင်တာပါ...”


“ကိစ္စမရှိဘူး...MMAက ‘လွတ်လပ်မှု’ရဲ့သဘောထားက မင်းကို အခြေခံသဘောတရားတွေ သင်ကြားပေးပြီး မင်းနဲ့လိုက်ဖက်မယ့် ပြိုင်ဘက်ကင်းတဲ့နည်းစနစ်ကို ရှာတွေ့နိုင်မှာပါ...."


ထို့နောက် ရွှတ်နောက်နောက်အပြုံးဖြင့်


“အဲ့ဒီလိုဆို ဘယ်လိုလဲ ဒီကိုရွေးတာ မှန်တယ်မလား...”


အန်းနဉ်က မျက်လုံးလှိမ့်လိုက်ပြီး “ဒါပေမယ့် ငါ့မှာ တနင်္လာနေ့ကလွဲပြီးတော့ လေ့ကျင့်ဖို့ အချိန်မရှိဘူး”


ဝမ်ယွီက မျက်ခုံးပင့်လိုက်ပြီး “တနင်္လာနေ့အလုပ်မရှိဘူးလား”


“အင်း တနင်္လာနေ့ဆို ကော်ဖီဆိုင်မှာ customerသိပ်မရှိလို့ ဝန်ထမ်းအများကြီး မလိုအပ်ဘူးလေ ပြီးတော့ စာသင်တဲ့ အလုပ်ကလည်း အချိန်မစီစဉ်ရသေးဘူး...”


ဝမ်ယွီက မျက်နှာကျက်ကို ခနမော့ကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့ကာ ပြောသည်။ 


“တကယ်တော့…..”


အန်းနဉ်က အမူအရာမပြောင်းဘဲ မျက်တောင်တစ်ချက်ခတ်ကာ“အဲ့ဒီမှာ ရပ်လိုက်နော်”


ဤတစ်ခါတော့ ဝမ်ယွီက မျက်တောင်ခတ်လိုက်ပြီး


 “…မင်း ကိုယ်ဘာပြောမယ်ဆိုတာ သိနေတာလား”


“ခေါင်းတောင်မသုံးဘဲ ခန့်မှန်းလို့ရတယ်”


သူနဲ့သာ ရှိရင် ပိုက်ဆံကိစ္စစိတ်ပူစရာမလိုဘူးဆိုတဲ့ အဲ့ဒီလိုအဓိပ္ပါယ်မရှိပြောနေကျ စကားတွေကလွဲရင် တခြားဘာများဖြစ်ဦးမှာတဲ့လဲ...


ဝမ်ယွီက အကြိမ်အနည်းငယ် ရယ်မောလိုက်ပြီး “မင်းအခုအိမ်ကိုပြန်မှာလား ဒါမှမဟုတ် တခြားသွားစရာရှိသေးလား”


“ဒီမှာ ဘာမှမရှိတော့ဘူးဆိုရင်တော့ အိမ်ပြန်မယ်”


“ဒါဆို ခဏစောင့်နော်၊ ကိုယ်အဝတ်သွားလဲလိုက်ဦးမယ် တူတူပြန်ရအောင်”


ထိုစကားကိုပြောပြီး သူမကို ငြင်းဖို့အခွင့်အရေးမပေးဘဲ အဝတ်ခန်းသို့ ပြေးသွားသည်။


သူမလည်း မတတ်နိုင်သဖြင့် လက်ရှိနေရာမှာသာ သူ့ကိုစောင့်နေလိုက်သည်။ တစ်ဖက်ကို ခေါင်းလှည့်ကြည့်လိုက်ရာ သူမရှိတဲ့နေရာကို‌ ချောင်းကြည့်နေတဲ့ အဖွဲ့ဝင်များကို သတိပြုမိလိုက်သည်။


သူမလှည့်ကြည့်လိုက်တာကို မြင်မြင်ချင်း ခပ်တည်တည်နှင့် အကြည့်များကို လွှဲသွားကြသည်။


သူတို့ခေါင်းဆောင် ဝမ်ယွီက မိန်းမလှလေးတွေကို သဘောကျတာအမှန်ပင်။ 


အဲ့ဒီမိန်းကလေးတွေက ချစ်ဖို့ကောင်းသလိုပြုမူပြီး သူနဲ့ ချစ်ဖို့ကြိုးစားရင် သူကလည်း အလိုက်သင့်နေလိုက်တာပဲ။ ဒါ့ပေမယ့် ဒါကို ကလပ်မှာတော့ ခွင့်မပြုထား‌ေပ။


သူက ပေါ့ပျက်ပျက်နှင့် ပွေရှုပ်တတ်ပုံပေါ်ပေမယ့် လက်တွေ့ကိစ္စတွေနှင့်ပတ်သတ်လာလျှင် အလေးအနက်ထားတတ်သူဖြစ်သည်။


ကျောင်းထဲမှာတော့ ကိုယ်ခံပညာကလပ်က သူ့ရဲ့ အကြွင်းမဲ့ပိုင်နက်ပင်။


အတိုက်အခိုက်ကို အရူးအမူးသဘောကျပြီး အဖွဲ့ဝင်တွေနှင့် ပတ်သတ်လျှင်လည်း တင်းကြပ်တဲ့သတ်မှတ်ချက်တွေ ရှိသေးသည်။ နူးညံ့ပြီး ညုတုတုနဲ့ မိန်းကလေးတွေကို ပြဿနာမဖြစ်အောင် ကလပ်ထဲ အဝင်မခံတဲ့အပြင် ကလပ်တည်ထောင်ကာစက ဝင်လာခဲ့သည့် မိန်းကလေးတွေကိုလည်း သူကိုယ်တိုင်ထုတ်ပစ်လိုက်၏။ 


နောက်ပိုင်းမှာ မိန်းကလေးတွေကို အဖွဲ့ဝင်အဖြစ် စုဆောင်းတာမျိုးမလုပ်ဖို့ စည်းကမ်းချက်ပင် ချခဲ့သေးသည်။


နှစ်နှစ်လည်းနေရော သူက မိန်းကလေးတစ်ယောက်ကို အဖွဲ့ဝင်အဖြစ်ထည့်လိုက်တဲ့အပြင် အဲ့ဒီမိန်းကလေးက ကလပ်ထဲဝင်ဖို့ တောင်းဆိုခဲ့တာတောင်မဟုတ်ပေ။ သူမကို အဖွဲ့ထဲ မဝင်ဝင်အောင် သူကိုယ်တိုင် ကြိုးကိုင်ခြယ်လှယ်ပြီး လိမ်လည်လှည့်ဖြားခဲ့တာပင်။ 


သူတို့ မစပ်စုချင်ပဲနေမလား...အတင်းအဖျင်းကြိုက်တဲ့ ဝိဉာဉ်လေးတွေက ပေါက်ထွက်တော့မလိုဘဲ...


ချန်းဟောင်က လူသစ်တွေကို အကဲဖြတ်စစ်ဆေးနေရတော့ ဒီဘက်ကို အာရုံမစိုက်နိုင်ချေ။ အားလုံးရဲ့ သိချင်တဲ့ မျှော်လင့်ချက်တွေကို ထမ်းကာ စွန်းခိုင်က အန်းနဉ်ဆီက စကားနှိုက်ဖို့ ကြိုးစားလိုက်သည်။


“ဂျူနီယာညီမလေး၊ ရေသောက်ပါဦး”


ကမ်းလာတဲ့ ရေခွက်ကို ယူကာ အန်းနဉ်က သူ့ကိုကျေးဇူးတင်လိုက်သည်။


ထို့နောက် စွန်းခိုင်က စက်သေနတ်ပစ်သလို တရစပ်မေးလားတော့သည်။


“ဂျူနီယာညီမလေးက ဘယ်ဌာနကလဲ ဘယ်မေဂျာကလဲ ဘယ်အဆောင်မှာနေလဲ အစ်ကိုဝမ်ကိုသိတာလား...”


ဝမ်ယွီကို သူကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ချိုးဖောက်နိုင်စေတဲ့ မိန်းကလေးက ဆန်းကြယ်လွန်းတာကိုး...သူတို့အရမ်းသိချင်တာ မမှားဘူး...


ဝမ်ယွီ အဝတ်လဲပြီးပြန်လာလာချင်း စွန်းခိုင်က သူမနှင့် သက်ဝင်လှုပ်ရှားစွာ စကားပြောနေတာကို တွေ့လိုက်ရသည်။


သေချာပေါက်ပင်၊ စွန်းခိုင် အဓိကလုပ်နေတာက ကြွားလုံးထုတ်ပြောနေတာပင်။


“ငါက လက်သီးတစ်ချက်ပစ်ကျွေးလိုက်တာ စောနလေးတင် ကြမ်းရမ်းနေတဲ့ သူခိုးက လက်သီးစာလဲမိသွားရော ပြန်တောင်မထနိုင်ဘူး...”


အန်းနဉ်ကတော့ ခေါင်းလေးတငြိမ့်ငြိမ့်လုပ်ပြီး ပြုံးကာ “ဝါး အံ့ဩစရာပဲ”လို့ နူးညံ့စွားထောက်ခံလိုက်သည်။ 


သူမရဲ့မျက်လုံးထဲတွင် နေဝင်ချိန်တွင်‌ ရေကန်ထဲ လှိုင်းဂယက်ထသလို တလက်လက်တောက်ပနေသည်။အံ့အားသင့်သွားသည့်အခါ ဟလာသော သူမရဲ့ နှင်းဆီရောင်နှုတ်ခမ်းဖူးလေးနှင့် သက်ဝင်လှုပ်ရှားနေသော အမူအရာများက အထီးသတ္တဝါများအား သူတို့ရဲ့ ယောကျာ်းပီသမှုကို ပြသလိုတဲ့ ဟော်မုန်းများတိုးထွက်လာစေသည်။


“အဲ့ဒီအချိန်မှာ ရဲကရောက်လာရော….” 


စွန်းခိုင်က လက်တွေကိုမြှောက်ကာ လက်ဟန်ခြေဟန်ဖြင့် အားရပါးရကြွားလုံးထုတ်နေတုန်း ရုတ်တရက်မော့ကြည့်လိုက်တော့ ရဲအစား ဝမ်ယွီရောက်လာတာကို တွေ့လိုက်ရသည်။


ထို့အပြင် ဝမ်ယွီက သူ့ကို အေးစက်စက်ကြည့်နေသေး၏။


အဲ့ဒါငါ့ကောင်မလေး...


“အဟမ်း..နောက်နေ့မှ ပြောပြတော့မယ်နော် ငါ ဒီနေ့လေ့ကျင့်ရေး မဆင်းရသေးဘူးဘဲ...”


ထို့နောက် လှစ်ကနဲ ပြေးထွက်သွားတော့သည်။


ဟော်မုန်းတွေ ကျဆင်းသွားတာနှင့် စွန်းခိုင်ရဲ့စိတ်တွေကြည်လင်လာသည်။ 


သူအစကတော့ အန်းနဉ်ကို စစ်ဆေးမေးမြန်းဖို့သွားလိုက်တာပင်၊ သို့ပေမယ့် မရည်ရွယ်ဘဲ သူ့မျိုးဆက်ရှစ်ဆက်စာကိစ္စတွေကို ပြောပြရင်းနဲ့သာ အဆုံးသတ်သွားရ၏။


ဝမ်ယွီက အံတကြိတ်ကြိတ်နှင့် အန်းနဉ်ဆီ သွားသည်။ 


“သွားကြရအောင်”


အန်းနဉ်က ဖုန်းပေါ်က စာကိုဖတ်နေတုန်းပင်။ သူမရဲ့ပစ္စည်းထုပ်ရောက်လာပြီလေ။ သူမက အကဲဖြတ်စစ်ဆေးမှုကို စိတ်အားထက်သန်စွာ ခံယူနေကြတဲ့ ကောင်လေးတွေရဲ့ အကြည့်အောက်မှာပဲ ဖုန်းကိုသိမ်းပြီး အိတ်ကိုလွယ်ကာ ပြောလိုက်သည်။


“နင်က ဥက္ကဌလေ...ဒီတိုင်းပြန်လို့ရလို့လား”


“ဒီမှာ ချန်းဟောင်ရှိနေပြီလေ ကိုယ်က နေ့စဉ်ကိစ္စရပ်တွေကို ဖြေရှင်းစရာမလိုဘူး”


နှစ်ယောက်သား တံခါးဆီသို့ လျှောက်သွားကြသည်။ ဝမ်ယွီက သူမအား တံခါးဖွင့်ပေးကာ အရင်ထွက်စေသည်။ ထို့နောက် ဟောခန်းအသေးစားလေးကို ဖြတ်သွားကာ အပြင်ဘက်တံခါးကိုလည်း ဖွင့်ပေးသည်။


လေပြေတစ်ချက်တိုက်လိုက်ရာ ဝမ်ယွီ့ရနံ့က အန်းနဉ်ရဲ့နှာခေါင်းထိပ်အထိ တိုက်ရိုက်ရောက်လာသည်။


ယောက်ျားတစ်ယောက်ရဲ့ ပြင်းထန်တဲ့ ဟော်မုန်းအပြည့်နဲ့ ရနံ့ပဲ...


မီးရောင်အောက် ကြိုးဝိုင်းထဲက ချွေးတွေ တလက်လက်ရွှဲစိုကာ အင်အားအပြည့်နှင့် ဝမ်ယွီ၏ပုံရိပ်က သူမစိတ်ထဲ ရုတ်ချည်းဝင်လာသည်။


အလိုအလျောက်ပဲ သူမခေါင်းကို အဝေးသို့ လှည့်လိုက်သည်။


ဝမ်ယွီက ခေါင်းကိုနှိမ့်လိုက်ကာ သူ့ကော်လံကို အနံ့ခံလိုက်သည်။


“ချွေးနံ့ရတယ်မလားဟင် မင်းကို အနှောင့်အယှက်ဖြစ်သွားစေလား”


ဝမ်ယွီက ကူကယ်ရာမဲ့သွားသည်။


 “ကိုယ် အခုလေးတင်ပဲ သုတ်လိုက်တာ... ဒီမှာက ရေချိုးစရာမရှိတော့ ပြန်ပြီးချိုးမှပဲရမှာ”


“ကိုယ်တို့ ကလပ်နေရာအတွက် စစချင်းလျှောက်ထားတုန်းက ကျောင်းကပေးတဲ့နေရာထဲမှာ ဒီနေရာက အကောင်းဆုံးပဲ ဒါပေမယ့် ဒီအဆောက်အအုံက ဟိုးကတည်းကရှိတာဆိုတော့ အိုဟောင်းနေတဲ့အပြင် မြေအောက်အခြေခံ အဆောက်အအုံကလည်း မကောင်းတော့ဘူး ရေချိုးခန်းဆောက်ချင်ရင်တောင် ကျောင်းကခွင့်ပြုပေးမှာ မဟုတ်ဘူး...”


အပြင်မှာက မှောင်နေပေမဲ့ လေကသန့်ရှင်းလတ်ဆတ်သည်။ 


အန်းနဉ်က သက်ပြင်းချကာ


“နင် ကိုယ်ခံပညာကလပ်ထဲ ပါမယ်လို့ မထင်ထားဘူး”


သူမပြောတဲ့စကားက အတိတ်ဘဝကို ရည်ညွှန်းတာပင်...


“ဒါကြောင့် မင်းကိုယ့်အကြောင်းပိုသိဖို့လိုတာပေါ့ မင်းမသိခဲ့လို့ ကိုယ့်ကို ငြင်းနေတာလေ အခု နောင်တရသလိုခံစားရလား...”


အန်းနဉ်က အရှိန်ကို မြှင့်လိုက်ပြီး


 “ငါကတော့ ကလပ်ထဲက ထွက်ဖို့ စဉ်စားနေတုန်းပဲ”


“ဟေး” ဝမ်ယွီက ခြေလှမ်းအကျယ်ကြီးလှမ်းကာ သူမကို အမှီလိုက်သည်။


“ပထမနှစ်တုန်းက အပျော်အနေနဲ့ စထောင်ခဲ့တာပါ နောက်ပိုင်းအိမ်က ကိစ္စတွေနဲ့ မအားတော့ ကလပ်ကို စီမံခန့်ခွဲဖို့ အချိန်သိပ်မရှိတော့ဘူး အခု ပုံမှန်အားဖြင့် ချန်းဟောင်ကို လွှဲထားတာပါပဲ”


အမှန်တော့ ဝမ်ယွီက ကလပ်ကို ပစ်ထားတာကြာပြီပင်။ သူက ငွေပဲထောက်ပံ့ပေးနိုင်တော့သည်။ မဟုတ်လျှင် အရင်ဘဝမှာ အန်းနဉ်အနေဖြင့် သူက ကလပ်ဥက္ကဌဆိုတာ မသိစရာအကြောင်းမရှိချေ။


သူက သူမကို ကလပ်ရဲ့ ပုံမှန်လေ့ကျင့်ချိန်တွေနှင့် ကာကွယ်ရမယ့်အချက်တွေကို ပြောပြနေသည်။


“အားကစားဘောင်းဘီပဲ ဝတ်ရမှာလားမလား...”


ဝမ်ယွီက သူမရဲ့ဂျင်းဘောင်းဘီကို ကြည့်ကာ မေးသည်။ 


“မင်းအရပ်ကဘယ်လောက်လဲ 6’ 5”လား”


“6’3” ဘာလို့လဲ”


“ပုံမှန်အားကစားဘောင်းဘီဆိုရပါတယ်”


လမ်းဆုံကို ရောက်တော့ သူမကပြောသည်။


“နင်အိမ်ပြန်တော့လေ ငါလည်းအထုပ်သွားယူမှာ...”


သူက ဆက်သွားတော့မည့်‌ခြေလှမ်းကို ရပ်ကာ ပစ္စည်းလက်ခံဌာနကို သူမနှင့်လိုက်သွားသည်။


 “တူတူသွားရအောင်ပါ ကိုယ်အဲ့ဒီလောက် အိမ်ပြန်ဖို့ အလျင်မလိုပါဘူး”


အန်းနဉ်က စောနလေးတင်မှာယူထားတဲ့ microwave ပါသည့် အတန်အသင့် ကြီးမားသော အထုပ်ကို ရှာတွေ့လိုက်သည်။


အတိတ်တုန်းကဆိုရင် ဝယ်ခဲ့မှာမဟုတ်။ ယခုဘဝမှာမူ စိတ်ပြောင်းသွားသည်။ ပြီးတော့ ဘယ်လောက်မှ မကုန် ၊ ရာဂဏန်းလောက်ပဲကုန်ကျ၏။


သူမအသက်ရှင်နေသရွေ့ ပိုက်ဆံက ပြန်ရှာနိုင်ပါတယ်... အဖွားနဲ့ အတူနေဖို့ အချိန်ပိုရတာတာအရေးကြီးတယ်...


ဘဝဆိုတာ မသေချာမရေရာတာတွေနဲ့ ပြည့်နေသဖြင့် ဘယ်အချိန်သေမလဲဆိုတာ ဘယ်သူမှ မသိနိုင်။ လက်ရှိပစ္စုပ္ပန်မှာသာ အေးအေးချမ်းချမ်း ရှင်သန်နေထိုင်သွားချင်မိ၏။


သူမက အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး အောက်သို့ငုံ့ကာ အထုပ်ကို မလိုက်သည်။


ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် တစ်ခုခုမှားနေတာ ခံစားလိုက်ရသည်။ ပြန်ကြည့်လိုက်တော့ အမှောင်ထဲမှာ ရပ်နေတဲ့ ဝမ်ယွီကို တွေ့လိုက်သည်။ သူ့ရဲ့ နက်ရှိုင်းတဲ့ မျက်ဝန်းတွေက ဖတ်၍မရပေ။


“ငါတို့ သွားမှာလား” အန်းနဉ်က ပဟေဠိဖြစ်စွာမေးလိုက်သည်။


ဝမ်ယွီက သူမထံ လျှောက်လာပြီး မေးသည်။ 


“ကိုယ်က ပုနေလို့လား”


“ဟမ်”


“မဟုတ်ရင် ကိုယ်ဒီမှာ ရပ်နေတာကို ဘာလို့မမြင်ရတာလဲ... ဒီလောက်လူကောင်ကြီးကို”


ထို့နောက် သူမလက်ထဲက အထုပ်ကို ယူလိုက်ကာ ပခုံးပေါ်သို့ လက်တစ်ဖက်ထဲနှင့် အသာလေး သယ်လိုက်သည်။


မျက်လုံးကို အသာလှန်လိုက်ပြီး “မင်း အကူအညီတောင်းလိုက်ရင် သေသွားမှာမလို့လား”


“အိုး…” သူမ စိတ်မသက်မသာခံစားလိုက်ရသည်။


နှစ်တွေကြာလာသည်နှင့်အမျှ သူမကိုယ်သူမပဲ အားကိုးလာခဲ့ရတာ အကျင့်ဖြစ်လို့နေပြီပင်။


ဝမ်ယွီက လမ်းမှာ ပြောလိုက်သည်။ 


“နေ့လည်တုန်းက ကိုယ်ပြောတဲ့ဟာ…”


“ဟမ်”


“ကိုယ်မှန်တယ်လို့ ထင်နေတုန်းပဲ သူငယ်ချင်းဖြစ်ချင်တာတွေ မဖြစ်ချင်တာတွေ ကိုယ့်ကိုလာမပြောနဲ့ ရှင်းရှင်းပြောရရင် ကိုယ်က မင်းကို လိုက်နေတာ...”


အန်းနဉ်က တစ်ခဏ တိတ်ဆိတ်သွားသည်။ 


“နင်လုပ်ချင်တာကို ငါ့မှာ တားပိုင်ခွင့်မရှိပါဘူး”


“တစ်ခုပဲတောင်းဆိုပါရစေ နင့်ပိုက်ဆံတွေနဲ့ ငါ့ကို မစော်ကားပါနဲ့တော့...”


“အိုး...ကြည့်ရတာ မင်းက ကိုယ့်ကို ကောင်းကောင်းနားလည်တဲ့ပုံပဲ”


“နင်က အဲ့ဒီလိုလူမျိုးပဲကို”


ညလေပြေက သူမရဲ့ နက်မှောင်တဲ့ ဆံပင်ကို တိုက်ခတ်သွားကာ လမ်းမီးများကြောင့် သူမရဲ့မျက်နှာက ပိုပြီးနူးညံ့သိမ်မွေ့သွားသယောင်ပင်။


ယနေ့ခေတ်မှာ အရောင်လုံးဝဆိုးထားခြင်းမရှိ စစ်မှန်သော အနက်ရောင်ဆံပင်ရှိတဲ့ မိန်းကလေးမျိုးရှားသည်။ သူမရဲ့ ပါးပြင်တွေက သန့်ရှင်းလွန်းသဖြင့် ဝမ်ယွီ့မှာ နမ်းချင်လာသည်။


ထူးဆန်းတဲ့ခံစားချက်လေးပင်။ သူမကို ဖိထားပြီး တစ်ခုခုလုပ်လိုတဲ့ ဆန္ဒမျိုးနှင့်မတူဘဲ သူမရဲ့ နူးညံ့တဲ့ ပါးပြင်ကို သူ့နှုတ်ခမ်းများဖြင့် နမ်းချင်သည့် ရိုးရှင်းသော အတွေးလေးသာ ဖြစ်၏။


သူ့နှလုံးသားထဲမှာ ငြိမ်သက်အေးချမ်းနေသည်။


အတိတ်ဘဝမှာ ဝမ်ယွီရဲ့တည်ရှိမှုက သူမကို ပြဿနာများသာ ဖြစ်စေသည်။ အန်းနဉ်ထင်လိုက်သည်က ထိုအချိန်တုန်းက ယခုလိုစကားမျိုးသာ သူနှင့်ဆွေးနွှေးလိုက်ရင် သူမပဲ ဒေါသထွက်ရလိမ့်မည်ဟု။ သို့ပေမယ့် ယခုအချိန်မှာတော့ လမ်းမီးရောင်အောက်က သူ့ရဲ့ တောက်ပနေတဲ့ မျက်ဝန်းများက သူမအား ဒေါသမထွက်စေတော့ပေ။


သူမကိုကြည့်တဲ့အခါ သူ့ရဲ့ အဲ့ဒီမျက်လုံးတွေ တောက်ပလာတာကို ကြိုက်တယ်...


နောက်ထပ်၊ နောက်ထပ်ဘယ်တော့မှ သွေးလိုနီရဲနေတဲ့ မျက်ဝန်းတွေနဲ့ ညထက်နက်မှောင်တဲ့ မျက်လုံးတွေကို သူမ မမြင်လိုတော့‌ေပ။


___


Translated By IQ-Team.