🤚Chapter 20
ဝမ်ယွီက microwaveကို ကျောင်းမှ အန်းနဉ်နေထိုင်သည့် အိမ်ရာဝင်းအထိ လမ်းတစ်လျှောက်လုံး သယ်လာခဲ့သည်။ထို့နောက် အပေါ်ထိတက်ကာ အန်းနဉ်ရဲ့ အခန်းရှေ့သို့ ပို့ရန် မရမကတောင်းဆိုသည်။
အန်းနဉ်က “ဒီမှာပဲထားခဲ့ပါ မြန်မြန်ပြန်တော့လေ”ဟုပြောပေမယ့် ဝမ်ယွီက ပြန်ဖို့ကိုငြင်းသည်။
“ဒီထိတောင် ရောက်နေပြီပဲကွာ၊ ကိုယ့်ကို အခန်းထဲထိ ပို့ခွင့်ပြုပါ”
အန်းနဉ် ခဏမျှ ငြိမ်သက်သွားပြီး ခေါင်းကို အောက်ငုံ့ကာ “ငါ့အဖွားက အိမ်မှာ ပြီးတော့ သူမစိတ်က သိပ်အဆင်မပြေဘူး”
ဝမ်ယွီက အန်းနဉ်ရဲ့အဖွားက သူငယ်ပြန်နေကြောင်းကို ရုတ်တရက် သတိရသွားသည်။
နောက်ထပ်မတောင်းဆိုတော့ဘဲ အထုပ်ကို တံခါးဝ၌ ထားကာ “ကောင်းပြီ ဒါဆိုကိုယ်ပြန်ပြီနော်...”
“ခဏနေပါဦး” အန်းနဉ်က သူ့ကို တားလိုက်သည်။
ထောင့်စွန်းမှာ အက်ကြောင်းရာထင်နေတဲ့ ပလတ်စတစ်ပိုက်ဆံအိတ်လေးကို ထုတ်ကာ
“နေ့လည်တုန်းက ဘယ်လောက်ရှင်းလိုက်ရလဲ ငါပြန်ပေးမယ်”
ဝမ်ယွီက သူမရဲ့ ဈေးပေါပြီးဟောင်းနွမ်းနေတဲ့ ပိုက်ဆံအိတ်ကို ကြည့်ကာ မျက်လုံးလှိမ့်လိုက်သည်။ လက်ကိုဆန့်ထုတ်ကာ တံခါးကို ဖိ၍ သူမအနားသို့ တိုးလာသည်။
အန်းနဉ်က အလိုအလျောက်ပဲ တံခါးကိုမှီလိုက်ရသည်။
ဝမ်ယွီက သူမကို စူးစိုက်ကြည့်ကာ “ဒီကိစ္စကို ရှင်းကြတာပေါ့”
“ကိုယ်က ပိုက်ဆံသုံးပြီး မင်းကိုအနိုင်ကျင့်မှာမဟုတ်သလို မင်းကလည်း ဒီလိုကုန်ကျစရိတ်လေးတွေအတွက် ကိုယ့်ကို ပြန်ပေးစရာမလိုဘူး ကိုယ်တို့က သူငယ်ချင်းတွေပဲဆိုရင်တောင် မင်းကပေးစရာမလိုဘူး... “
ဝမ်ယွီရဲ့ လေ့ကျင့်ခန်းလုပ်ပြီးရနံ့က မဆိုးရွားပေမယ့် သူမကိုတော့ မွန်းကျပ်စေသည်။
သူမက အသက်ရှူထိန်းကာ သူ့ကို စိုက်ကြည့်သည်။
မျက်လုံးနှစ်စုံက အချင်းချင်း မြဲမြံနေကြပြီး သူတို့ရဲ့ အသက်ရှူသံကို ဟောခန်းတစ်လျှောက် ကြားနေရသည်။
တခဏမျှ တိတ်ဆိတ်ပြီးနောက် အန်းနဉ်က ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်သည်။
ခေါင်းမာတဲ့မိန်းကလေးက ယနေ့တော့ မမျှော်လင့်ထားဘဲ အကြိမ်တော်တော်များများ အလျော့ပေးနေတာကို မြင်ရတော့ စိတ်ကျေနပ်သွားသည်။
သူက ပြုံးကာ သူ့ရဲ့ဖြူဖွေးနေတဲ့သွားတွေကို ပြသမိသည်။
“ကောင်းကောင်းနား၊ မနက်ဖြန်တွေ့ကြမယ်..."
အန်းနဉ်က microwaveကို အခန်းထဲသယ်သွားကာ တံခါးကို ခြေထောက်ဖြင့် ပိတ်လိုက်သည်။
ယနေ့ စောစောပြန်လာသဖြင့် အဖွားက မအိပ်သေးဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ TVကြည့်နေတုန်းပင်၊ အိမ်သာမှအနံ့က အခန်းထဲ စွဲကျန်နေပြီး ဖျော့တော့စွာ ရှိနေသေးသည်။
သူမက ပုံးကိုအရင်ချကာ အိမ်သာကို ရေသွားဆွဲချသည်။ လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းပေါက်ကိုဖွင့်လိုက်ချိန်တွင် ဝမ်ယွီရဲ့ ရနံ့က ပျောက်ကွယ်သွားတာကြာလေပြီ။
အန်းနဉ်က အဖွားကိုရေကူချိုးပေးလိုက်ပြီး အိပ်ရာဝင်ရန်ကူညီပေးကာ အဝတ်ညစ်များကို အဝတ်လျှော်စက်ထဲထည့်သည်။
ဤအိမ်ကို ပြောင်းလာတုန်းက ကုတင်တစ်လုံး၊ အနေတော် ဗီရိုတစ်လုံးနှင့် ယိုယွင်းနေတဲ့ ဆိုဖာတစ်ခုတို့သာရှိသည်။ လျှပ်စစ်ပစ္စည်းအနေဖြင့် အရင်ပိုင်ရှင်တွေထားခဲ့တဲ့ TVအဟောင်းနှင့် ဆူညံသံထွက်နေတဲ့ အဝတ်လျှော်စက်ရှိသည်။ သူတို့ကတော့ အသုံးမလိုပေမယ့်အန်းနဉ်အတွက်တော့ အဆင်ပြေသည်။
ယခု microwaveကိုပါ ထည့်ပေါင်းလိုက်ရင် အိမ်မှာ အဓိကလျှပ်စစ်အသုံးအဆောင်သုံးမျိုး ရှိလာပြီဖြစ်သည်။
အန်းနဉ်က ရေချိုးလိုက်ပြီး ဆံပင်ကိုအခြောက်ခံနေတုန်း စာဖတ်သည်။ အဝတ်လျှော်စက်ရပ်သွားမှ အဝတ်များကို သွားလှမ်းသည်။ ဆံပင်များက ခြောက်လုနီးပါးဖြစ်ပြီဖြစ်၍ အိပ်ရာထဲသို့ တိုးဝင်လိုက်သည်။
အဖွားက အိပ်ပျော်နေပြီး သူမရဲ့ အသက်ရှူသံက ပြင်းသွားလိုက် တိုးသွားလိုက်နှင့် ရံဖန်ရံခါ ရပ်သွားသောကြောင့် အန်းနဉ်ထိတ်လန့်သွားသည်။
အိပ်ရာမဝင်ခင် ရေချိုးထားတာကြောင့် သူမအနေနှင့် အိပ်ပျော်ဖို့မလွယ်ကူ၍ မျက်နှာကျက်ကိုသာ ငေးကြည့်နေရသည်။
အိမ်က အပြင်အဆင် ရိုးရှင်းသော်လည်း အိုဟောင်းနေသည်။ အင်္ဂတေတစ်ချို့က ကျိုးပဲ့နေကာ မသိလျှင် မျက်နှာကျက်ပေါ်မှ အချိန်မရွေး ပြုတ်ကျလာတော့မလိုပင်။
ထို့နောက်တဖြည်းဖြည်းနှင့် အိပ်ငိုက်လာသည်။
တခဏအတွင်းမှာ တောက်ပတဲ့ အလင်းရောင်အောက်က ကြိုးဝိုင်းထဲ အားအင်အပြည့်နှင့် ထိုးသတ်နေသော သန်မာသည့် ပုံရိပ်ကို မြင်လိုက်ရသည်။
သူက ခေါင်းစွပ်ကို ချွတ်ပြီး ခေါင်းမှ ချွေးတစ်စက်ချင်းစီတိုင်းကို ခါထုတ်လိုက်သည်။
သူ့ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီး သူက ကျီစယ်သည့် အပြုံးကို ပေးလာသည်။
အဲ့ဒါ ဝမ်ယွီ့မျက်နှာပဲ...
သူ့မျက်နှာက သူမနားကို ရုတ်တရက်ကြီး ကပ်လာပြီး သူ့လက်မောင်းတွေက တံခါးကိုဖိထားကာ သူမကို သူ့လက်မောင်းနှင့် တံခါးကြားမှာ ပိတ်ဖမ်းထား၏။
သူ့ရဲ့ ရနံ့က သူမနှာခေါင်းဖျားမှာ တဝဲလည်လည်နှင့် သူ့ရဲ့ အေးစက်စက်အပြုံးက သူမမျက်လုံးထဲ စွဲထင်လာသည်။
ရုတ်တရက်ကြီး ရေဆာလာသလိုပဲ...
မြင်ကွင်းက အကျဉ်းထောင်ထဲက အေးစက်မာကျောတဲ့ သစ်သားကုတင်တစ်ခုဆီသို့ ရုတ်ချည်းပြောင်းလဲသွားသည်။
သေဒဏ်ကျခံဖို့ စောင်းဆိုင်းနေရတဲ့ နောက်ဆုံးနေ့ရက်တွေမှာ သူက ရံဖန်ရန်ခါ သူမနာမည်ကို ရွတ်ကာ တစ်ကိုယ်ရည်အာသာဖြေလေ့ရှိသည်။
အန်းနဉ်ကတော့ ညစ်ပတ်ခြင်း သို့မဟုတ် ရွံရှာမိခြင်းမျိုး မခံစားရပေ။ သူမကတောင် ငုံ့ပြီး သူ့နှုတ်ခမ်းကို နမ်းဖို့ကြိုးစားခဲ့ပေမယ့် သူ့ကို မထိတွေ့နိုင်ပေ။
သူမအနေဖြင့် မျက်နှာကို ဖုံးကွယ်ကာ ငိုရှိုက်ရုံပဲတတ်နိုင်၏။
မနက်ခင်း သူမအဖွား၏ လှုပ်နှိုးမှုကြောင့် နိုးလာသည်။ မျက်လုံးများက ငိုက်မျည်းနေသဖြင့် ပြတင်းပေါက်မှ မနက်ခင်းအလင်းရောင်က အစစ်အမှန်မဟုတ်သလို ခံစားရသည်။
ဘယ်ဘဝက အိမ်မက်လဲဆိုတာ ဝေခွဲမရတော့ပေ။
နေ့ခင်းဘက် သူမရဲ့ လုပ်ငန်းတာဝန်တွေ ပြီးသွားသည်နှင့် ကန်တင်းကို မြန်မြန်ပဲ ပြေးလာခဲ့လိုက်သည်။ ကောင်တာကို အစားအသောက်ကတ် ပေးရန်လုပ်စဉ် လူတစ်ယောက်က သူမလက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
လှည့်ကြည့်လိုက်တော့ လက်ကိုဆွဲထားတဲ့သူက ဝမ်ယွီကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
“ကိုယ်မင်းကိုစောင့်နေတာ နေ့တဝက်လောက်ရှိတော့မယ်”
သူက စိတ်မရှည်စွာပြောသည်။ “မြန်မြန်လုပ်”
ထိုသို့ပြောပြီး သူမလက်ကို ဆွဲကာ ခေါ်လာသည်။
“ဟေး”
အန်းနဉ်က အကြိမ်အနည်းငယ်ရုန်းပေမဲ့ မလွတ်နိုင်ပေ။
“နင်ဘာလုပ်ဖို့လဲ”
“ကိုယ်ဘာလုပ်ဖို့လဲဟုတ်လား စားဖို့ပေါ့ကွ” သူက မကျေနပ်စွာ ပြောသည်။
ပြောကြတာတော့ ယောကျ်ားတွေက ဗိုက်ဆာလာပြီဆိုလျှင် အလိုလိုဒေါသထွက်လာကြတယ်တဲ့... အခုတော့ ဝမ်ယွီ လုံးဝကို နားလည်လာပြီ။
စကားပြောရင်း သူက အန်းနဉ်ကို လေးယောက်ထိုင်စားပွဲကို ခေါ်လာသည်။ ချန်းဟောင်က အစားအသောက်ဗန်းကို သယ်လာပြီး ထိုင်တော့မလို့ပင်။
အန်းနဉ်ကိုလည်း မြင်လိုက်ရော “ဟေး၊ မင်းဒီမှာပဲ”လို့ ပြောပြီး ပြန်ထွက်သွားသည်။
တစ်ဖက်မှာတော့ စွန်းခိုင်က ပြည့်လျှံနေတဲ့ ဗန်းကို ယူလာပြီး လမ်းတစ်လျှောက်လုံး ညည်းတွားနေခဲ့သည်။
“ငါ ဆာနေပြီ သေလောက်အောင်ကို ဆာနေပြီ”
ဝမ်ယွီက အန်းနဉ်ကို အတင်းအကြပ်ထိုင်ခိုင်းပြီး ချန်းဟောင်က အန်တီကြီးကို ထမင်းတစ်ပန်းကန်၊ပန်းကန်အလွတ်လေးလုံးနှင့် ဟင်းသီးဟင်းရွက် အလွတ်တစ်ပန်းကန်တို့ကို ပေးဖို့ တိုက်ရိုက်ညွှန်ကြားပြီး ယူလာခဲ့သည်။
အန်းနဉ် အံ့ဩသွားသည်။
“စားကြရအောင်”
“ဆာလို့သေတော့မှာပဲကွာ”
ကောင်လေးနှစ်ယောက်က ထမင်းအပြည့်တစ်ပန်းကန်ကို ကျွမ်းကျွမ်းကျင်ကျင် ထည့်လိုက်ပြီး အန်းနဉ်ကို ပေးသည်။ စားပွဲပေါ်တွင် ဟင်းပွဲများဖြင့်ပြည့်နေပြီး ဟင်းပွဲတိုင်းရဲ့အနံ့က သူမနှာခေါင်းထဲသို့ မွှေးပျံ့နေသည်။ သူမဗိုက်က မထိန်းနိုင်ဘဲ ဆာလောင်လာသည်။
သူမနှင့် မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ဝမ်ယွီကို ကြည့်လိုက်သည်။
သူက စတောင်စားနေပြီ။ သူမက တူကိုခုထိ မကိုင်သေးတာကိုမြင်တော့ နံရိုးတပိုင်းကို ယူကာ သူမပန်းကန်ထဲ ထည့်လိုက်သည်။
“စားတော့”
သူမက ဘာမှမပြောတော့ဘဲ နံရိုးကို အရသာခံဖို့ ကိုက်လိုက်သည်။ အသားရဲ့ နူးညံ့မှုက ပိုပြီးအရသာရှိစေသည်။
ယခုဆို အသားဈေးက ကြီးလို့ အန်းနဉ်က တစ်ခါတစ်လေမှ အိမ်မှာ နံရိုးတို့ ဝက်သားနှပ်တို့ ချက်သည်။
“ဒီနေ့ နင်တို့ဘာလို့ ထမင်းစားနောက်ကျနေကြတာလဲ”
“မင်းကို စောင့်နေကြတာလေ” ချန်းဟောင်က ပါးစပ်အပြည့်နှင့်စားရင်း ပလုံးပထွေးပြန်ပြောသည်။
“မင်းက ငါတို့ကလပ်က တစ်ဦးတည်းသောမိန်းကလေး၊ ကလပ်ရဲ့ အလှပန်းလေးဖြစ်နေပြီလေကွာ အခုကစပြီး မင်းကို စောင့်ရှောက်ဖို့နဲ့ မင်းနဲ့ တူတူစားကြဖို့ လိုတယ်လို့ အစ်ကိုဝမ်က ပြောတယ်...”
သူမက ဝမ်ယွီကို စိုက်ကြည့်လိုက်သည်။
သူက စားဖို့ကိုပဲ အာရုံစိုက်နေတာ... ကြည့်ရတာ ဗိုက်အရမ်းဆာနေလို့နေမယ်...
အန်းနဉ်က သူမရဲ့ ပစ္စည်းပို့တဲ့ အလုပ်ပြီးမှ ကန်တင်းကို လာရသည်မို့ သူမအတန်းဖော်အများစုတောင် စားလို့ပြီးသွားကြပြီ ဖြစ်သည်။
သူတို့လိုအသက်အရွယ်တွေက နွားတစ်ကောင်လုံးကိုတောင် စားနိုင်တဲ့ အရွယ်တွေ။သူမကိုသာစောင့်နေရင် ဗိုက်ဆာနေမှာအမှန်ပဲ။
အန်းနဉ်က ခေါင်းကိုငုံ့၍ ထမင်းအပြည့်ပါတဲ့တစ်လုပ်ကို ဖြေးဖြေးချင်းဝါးကာ မျိုချဖို့ကြိုးစားသည်။ ထို့နောက် ဝမ်ယွီ့ကိုကြည့်ကာ ပြောသည်။
“နောက်ဆို ငါ့ကိုမစောင့်ကြနဲ့ ငါ့အလုပ်က ပုံမှန်ဆိုနောက်ကျမှပြီးတာ တစ်ခါတစ်လေဆို အိမ်ပြန်စားတယ် ကျောင်းမှာနေ့တိုင်းမစားဖြစ်ဘူး...”
ယနေ့ဆာလောင်မှုကို ခံစားလိုက်ရပြီးနောက် ဝမ်ယွီက အန်းနဉ်နှင့် နေ့တိုင်းနေ့လည်စာတူတူစားဖို့ဆိုတာ မဖြစ်နိုင်မှန်း သိသွားသည်။
သူတို့နဲ့ တူတူစားဖို့ နေ့လည်စာပို့တဲ့ အလုပ်ကိုရပ်ခိုင်းလိုက်ဖို့က ပိုပြီးတောင် မဖြစ်နိုင်သေး။ ဒီမိန်းကလေးက အားနည်းတဲ့ပုံပေါ်ပေမယ့်တအားခေါင်းမာေလသည်။
“ကောင်းပြီလေ”ဟုပြောပြီး သူက “ချန်းဟောင်”လို့ခေါ်လိုက်သည်။
ချန်းဟောင် မော့ကြည့်လိုက်သည်။
ဝမ်ယွီက သူ့တူကိုချကာ စောနက အန်းနဉ်ဆီက ယူထားတဲ့ ကတ်ကို ချန်းဟောင်ကိုပေးလိုက်သည်။
“သွား၊ အန်းနဉ်ရဲ့ကတ်ထဲကို ငါတို့ကလပ်ရဲ့ အစားအသောက် ထောက်ပံ့ကြေးဖြည့်လိုက်”
သူတို့ကလပ်က ဘယ်တုန်းကများ အစားသောက်ထောက်ပံ့ကြေး ပေးခဲ့လို့လဲ...
ချန်းဟောင်က ဝမ်ယွီ့နောက်ကို လိုက်ခဲ့တာကြာပြီမလို့ သူ့အတွေးတွေကို ကောင်းကောင်းနားလည်သည်။ အန်းနဉ်က သူမကတ်ကို ယူဖို့ လက်ဆန့်လိုက်တာမြင်တော့ ချက်ချင်းပဲ လှမ်းယူလိုက်သည်။
“ကောင်းပြီ အခုပဲသွားထည့်လိုက်မယ်”
ပြောပြီး မြန်မြန်ထကာ ကောင်တာသို့ ပြေးသွားသည်။ ထို့နောက် လှမ်းအော်လိုက်သည်။
“ငါ့အတွက် နံရိုးနည်းနည်းချန်ထားပေးဦး”
အန်းနဉ်က ကတ်ကိုပြန်ယူဖို့ ကျရှုံးခဲ့လို့ ဝမ်ယွီ့ကိုကြည့်လိုက်သည်။
သူမအကြည့်ကို သတိထားမိတော့ ကြက်သားအတုံးကြီး တစ်တုံးကို သူမပန်းကန်ထဲ ထည့်ပေးကာပြောသည်။
“များများစား၊ မင်းကပိန်လွန်းတယ် အားမရှိရင် ဘယ်လိုလေ့ကျင့်မလဲ”
အတိတ်ဘဝမှာ ဝမ်ယွီက သူမကို ပန်း၊အိတ်၊ အလှကုန်၊ရေမွှေးနှင့် လက်ဝတ်ရတနာမျိုးစုံကို ပေးခဲ့ပေမယ့် သူမက လက်မခံပေ။ သူမအထင်ကြီးစေနိုင်မယ့် အရာလို့ ယူဆရသည်တိုင်းကို သူ ဝယ်ခဲ့သည်။ သူ့ကားဖြင့် သူမအလုပ်လုပ်တဲ့နေရာတွေ အထိ လိုက်ပို့ခဲ့သည်။
ယခုဘဝမှာတော့ သူက ပိုက်ဆံနှင့်ချဉ်းကပ်တာမျိုး မလုပ်တော့ဘူးလို့ ကတိပေးခဲ့ပြီး သူမရဲ့ နေ့စဉ်လိုအပ်ချက်ကို ဂရုစိုက်ပေးနေ၏။
အန်းနဉ်က တွေးတောရင်းထမင်းကိုစားနေခဲ့သည်။
ငွေဖြင့် အရာအားလုံးကို ဝယ်နိုင်တယ်လို့ ခံယူထားတဲ့ ဝမ်ယွီက တနည်းနည်းနဲ့ တိုးတက်လာသည်ဟု ခံစားလိုက်ရသည်။
ဝမ်ယွီက ထမင်းစားနေတာကိုရပ်ကာ မျက်ခုံးကိုပင့်လိုက်ပြီး
“မင်းဘာတွေရယ်နေတာလဲ”
သူမကပြန်ကြည့်ကာ ပြောသည်။
“နင်တို့တွေ ဘယ်လောက်တောင် စားနိုင်လဲဆိုတာတွေးပြီး ရယ်နေတာလေ...”
ကောင်လေးတွေက တကယ်ကိုစားနိုင်ကြသည်။ ထမင်းအပြည့်နှင့် ပန်းကန်ကြီးက မိနစ်ပိုင်းအတွင်းမှာပင် သိသိသာသာကြီးကို လျော့သွား၏။ ဝမ်ယွီနှင့် စွန်းခိုင်က နှစ်ပန်းကန်ကိုယ်စီ စားပြီးသွားကြပြီပင်။
ခဏအကြာတွင် ချန်းဟောင်က ပြေးလာပြီး ကတ်ကို အန်းနဉ်အား ပြုံးပြုံးရွှင်ရွှင်နှင့် ပေးလာသည်။
“ဂျူနီယာညီမလေး၊ ဒီမှာ ကတ်၊ မင်းရဲ့ ထောက်ပံ့ကြေးတွေ ဖြည့်ထားပြီးပြီ”
သူမက ယဉ်ယဉ်ကျေးကျေးပဲ လက်ခံကာ ကျေးဇူးတင်လိုက်သည်။
ချန်းဟောင်က ဝမ်ယွီ့ကို မျက်စိမှိတ်ပြလိုက်သည်။
အန်းနဉ်က သူ့အကြည့်အောက်မှာပင် ထမင်းတစ်ပန်းကန်လုံးကုန်သွားသည်။
စားသောက်လို့ပြီးနောက် သူမက ပါးစပ်ကိုသုတ်ကာ မတ်တပ်ရပ်လိုက်ပြီး ပြောသည်။
“အခု ပြန်တော့မယ်နော်”
ဝမ်ယွီကြည့်နေတာမြင်တော့ ရှင်းပြလိုက်သည်။
“နေ့ခင်းဘက် နေကကောင်းတယ် အဖွားကို နေပူဆာလှုံဖို့ ခေါ်သွားရမယ်”
ဘာပဲဖြစ်ဖြစ် သူမတို့က ထမင်းအတူတူစားပြီးပြီဆိုတော့ ရင်းနှီးတယ်လို့ ယူဆရမှာပေါ့...
မနေ့ကတည်းက သူမက ဝမ်ယွီ့အပေါ် နူးညံ့ညင်သာပြီး စိတ်ရှည်နေခဲ့သည်။
ဝမ်ယွီက ပြုံးလိုက်ကာ “သွားလေ”
သူမလည်း ခေါင်းငြိမ့်ကာ ထွက်သွားသည်။
သူမရဲ့ပုံရိပ်ပျောက်သွားသည်နှင့် ၀မ်ယွီက ချန်းဟောင်ကို မေးလိုက်သည်။
“မင်းဘယ်လောက်ထည့်ပေးလိုက်လဲ”
“တစ်ထောင်”
ဝမ်ယွီက မကျေနပ်။ “ဘာလို့ နည်းနည်းလေးလဲ”
ချန်းဟောင်က “ငါ့ကတ်ထဲမှာ ရှစ်ရာပဲရှိတယ်... ကျန်တဲ့ နှစ်ရာက ငါ့တစ်ကိုယ်လုံးမှာရှိတဲ့ ငွေသားပဲ...”
“ကလပ်ရဲ့ အသင်းလှုပ်ရှားမှု ရန်ပုံငွေကော “
“အဆောင်မှာ သိမ်းထားတယ်”
ချန်းဟောင်က ပိုပြီးဝမ်းနည်းလာသလို ခံစားရကာ
“အသင်းလှုပ်ရှားမှုတွေအတွက်ပဲ သုံးရဲတာကွ”
ဝမ်ယွီက မျက်ခုံးပင့်လိုက်ပြီး “ကောင်းပြီလေ”
ကန်တင်းရဲ့ တစ်ဖက်မှာတော့ စွန်းယာရှန့်က milk teaကို ကိုင်လျက် ဝမ်ယွီတို့ စားပွဲကို စောင့်ကြည့်နေသည်။
မူလအတိုင်းဆို သူမက အတန်းဖော်တွေနှင့် တူတူထမင်းစားပြီး ပြန်တော့မလို့ပင်။ ဝမ်ယွီကိုမြင်လိုက်ရတော့ သူမရဲ့ မျက်လုံးက အရောင်တောက်လာသည်။ သူ့ကို ဘယ်လိုချဉ်းကပ်ရမလဲဆိုတာ စဉ်းစားနေချိန် ဝမ်ယွီကထကာ အန်းနဉ်ဆီသွားပြီး သူနှင့် အတူတူစားဖို့ ဆွဲခေါ်သွားသည်။
စွန်းယာရှန့်က milk tea ဝယ်ဖို့ဟန်ဆောင်ကာ အတန်းဖော်တွေကို အဝေးကိုလွှတ်လိုက်ပြီး တစ်ယောက်ထဲ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
ကျိအန်းနဉ်ပြောတော့ သူမ ဝမ်ယွီ့ကို ငြင်းခဲ့တယ်ဆို အခုကျတော့ စားသောက်နေတာများ ပျော်လို့ရွှင်လို့ပါလား... ဟမ့်
အန်းနဉ်ပြန်သွားတော့ ဝမ်ယွီက သူ့အဖော်တွေနှင့် စကားခဏပြောပြီး ပြန်ဖို့ပြင်သည်။ စွန်းယာရှန့်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး milk teaကို ကိုင်ကာ လျှောက်လာခဲ့သည်။
ဝမ်ယွီတို့အုပ်စု စားသောက်ပြီးနောက် အပြင်ကို ဖြေးဖြေးပဲ လျှောက်လာတဲ့အချိန် ရုတ်တရက် အသံတစ်သံ ကြားလိုက်ရသည်။
“အား..”
ဝမ်ယွီ ဘေးကို ငုံ့ကြည့်လိုက်တော့ မိန်းကလေးတစ်ယောက်က ကြမ်းပြင်ချောနေလို့ လဲကျသွားသည့်ပုံစံနှင့် သူ့ဆီသို့ ပစ်ဝင်လာတာကို တွေ့လိုက်ရ၏။
___
Translated By IQ-Team.