အပိုင်း၂၁
Viewers 7k

🤚Chapter 21



ဝမ်ယွီသည် ငယ်စဉ်က ပြန်ပေးဆွဲခံရဖူးပြီး နောက်တော့ ဘေးကင်းကင်းနှင့် ပြန်လာနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဝမ်ယွီ၏အဖေက သူ့ကို အတိုက်အခိုက် သင်ယူစေခဲ့သည်။ နှစ်အတော်ကြာလေ့ကျင့်ပြီးနောက် ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားနီးပါး ကျွမ်းကျင်လာသည်။ ထို့ကြောင့် သူ့ဆီ လဲကျလာသော တစ်စုံတစ်ယောက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ လက်လှမ်းကာ ညင်ညင်သာသာနှင့် ပွေ့ဖက်လိုက်သည်။


ချန်းဟောင်နှင့် စွန်းခိုင်တို့က အချင်းချင်း သိနေတယ်နော်ဆိုတဲ့ အကြည့်မျိုး ဖလှယ်လိုက်ကြသည်။


နောက်ပြီး သူတို့က အတိုက်အခိုက်သင်ထားသဖြင့် စူးရှတဲ့ မျက်လုံးတွေရှိတာကြောင့် ချော်လဲတာက အစစ်အမှန်လား၊ အယောင်ဆောင်လားဆိုတာကို လွယ်လွယ်လေးခွဲနိုင်ကြသည်။ 


(သူတို့သုံးယောက်က ဘေးချင်းယှဉ်လျှောက်ကြတာလေ၊ ဒီမိန်းကလေးမှာ ရှင်းလင်းတဲ့ ပစ်မှတ်ရှိနေတဲ့ပုံပဲ...အလယ်မှာလျှောက်နေတဲ့ ဝမ်ယွီအပေါ်ကို တိုက်ရိုက်ကြီး လဲကျလာတာက သိပ်သိသာလွန်းတယ်...)


အခုက ဝင်ခွင့်ရာသီဖြစ်တဲ့ စက်တင်ဘာလ၊ အဲ့ဒါကို ဝမ်ယွီရဲ့ မက်မွန်ပွင့်တွေကတော့ တစ်ခုပြီး တစ်ခု ပွင့်နေတာပဲ...


(အချစ်ရေးကိုပြောတာပါ)


“ကျေးဇူးတင်ပါတယ်၊ စီနီယာအကို” 


စွန်းယာရှန့်က ဝမ်ယွီကို မှီထားရာမှ မတ်တပ်ရပ်ပြီး မျက်နှာကိုမော့ကာ ဆံပင်ကို လက်နှင့် နားရွက်အနောက်သို့ ပို့လိုက်သည်။ သူမရဲ့ ကိုယ်ဟန်အမူအရာနှင့် လှုပ်ရှားမှုတို့က နှစ်လိုဖွယ်ကောင်းနေသည်။ 


တောင့်တင်းပြီး ကိုးရိုးကားယားနိုင်တဲ့ အန်းနဉ်နှင့် ယှဉ်လျှင် သူမက အတွေ့အကြုံရှိတာ ထင်ရှားသည်။


ဝမ်ယွီက သူ့လက်မောင်းကို တည်တည်ငြိမ်ငြိမ် ဆွဲထုတ်လိုက်ပြီး “ရပါတယ်” ပြောကာ ထွက်သွားဖို့ ပြင်သည်။


သိုပေမယ့် ရုတ်တရက် စွန်းယာရှန့်က အသံတိုးတိုးလေးဖြင့် အံ့အားသင့်စွာ ပြောသည်။


“အိုး မဖြစ်ဘူး၊ ညီမ အစ်ကို့ရဲ့ အဝတ်ကို ညစ်ပတ်အောင် လုပ်မိလိုက်တယ်” ပြောပြီးနောက် အပြစ်လုပ်မိလို့ ဝမ်းနည်းသွားတဲ့ပုံဖြင့် ပါးစပ်ကို အုပ်လိုက်သည်။


သူမလဲကျသွားတုန်းက လက်တွေ့ဆန်ဖို့အတွက် milk teaကို ဝမ်ယွီအပေါ် ဖိတ်ကျအောင် ရည်ရွယ်ချက်ရှိရှိ မှောက်ချပစ်ခဲ့သည်။


ဝမ်ယွီအဝတ်တွေကို သုတ်ပေးဖို့ အိတ်ကပ်ထဲက တစ်ရှူးကို မြန်မြန်ထုတ်လိုက်သည်။ သူတို့ရပ်နေတာ နီးကပ်လွန်းလို့ သူမနှဖူးက ဝမ်ယွီရင်ဘတ်ကို ထိလုနီးပါးဖြစ်နေသည်။


ဝမ်ယွီက ရေမွှေးနံ့တစ်ခုကို ရလိုက်သည်။


ရေမွှေးက အနုပညာရှင်တစ်ယောက် ကြော်ငြာသည့် နာမည်ကြီးbrandမလို့ မဆိုးဘူးဟု ပြောလို့ရသည်။ 


သူ့အမေကလည်း ဒီရေမွှေး သုံးတယ်လေ...


သို့ပေမယ့် ဤမိန်းကလေးလို ဂျူနီယာတန်းကျောင်းသူက သုံးတယ်ဆိုတော့ တမင်ရည်ရွယ်ထားတာပဲ ဖြစ်ရမည်။


စွန်းယာရှန့်က အကြိမ်အနည်းငယ် သုတ်ပေးလိုက်ပြီးနောက် မျက်နှာကို မော့ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသလိုဖြင့်


 “သုတ်လို့မရတော့ဘူးထင်တယ်၊ စီနီယာအကို ညီမတောင်းပန်ပါတယ်နော်၊ အစ်ကို့အဝတ်တွေက အခြောက်လျှော်ဖို့လိုတယ်မလား...ဒီလိုလုပ်ပါလား၊ ညီမဖုန်းနံပါတ်ကို အကို့ကိုပေးလိုက်မယ်လေ...ပြန်လျော်ပေးဖို့အတွက် ညီမကို ဆက်သွယ်လိုက်...”


“အိုး စကားမစပ် ညီမက စွန်းယာရှန့်ပါ၊ ပထမနှစ်က” 


သူမက ဖုန်းကိုထုတ်ကာ ဝမ်ယွီကို မျှော်လင့်ချက်တချို့နှင့် ကြည့်လိုက်သည်။


အနီးကပ်ကြည့်လိုက်တော့ သူက တကယ်ချောတာပဲ... ရင်တွေခုန်လာတဲ့အထိ ချောလွန်းတယ်...


ဝမ်ယွီက ဂျူနီယာအတန်းပဲရှိသေးပေမယ့် မရင့်ကျက်သေးတဲ့သူ မဟုတ်ပေ။


သူက အများကြီး တွေ့ဖူးကြုံဖူးတာမို့ ယခုလိုမိန်းကလေးရဲ့ လှည့်ကွက်လောက်ကတော့ အထင်မကြီးချေ။ 


သူမရဲ့ ရည်ရွယ်ချက်ကို သူမသိဘဲနေရိုးလား...


အရင်တုန်းကသာ ယခုလိုကိစ္စမျိုးကြုံလျှင် ဝမ်ယွီက သူ့စိတ်အခြေအနေနှင့် ကောင်မလေးရဲ့ ဆွဲဆောင်နိုင်စွမ်းပေါ် မူတည်ပြီး အပြုံးလေးဖြင့် တုံ့ပြန်မှာပင်။


သို့ပေမယ့် ယခုမူ စွန်းယာရှန့်ရဲ့‌ ဖျော်ဖြေမှုကို အေးဆေးကြည့်ကာ သူမရဲ့ရေမွှေးနံ့ကို အနံ့ခံလိုက်ပြီးနောက် လုံးဝစိတ်ဝင်စားလာခြင်းမရှိတော့ပေ။


“မလိုဘူး” သူက ပုံမှန်ပဲပြောလိုက်ပြီး တံခါးဆီကို လျှောက်သွားသည်။


စွန်းယာရှန့်က ခဏလောက်ကြောင်သွားပြီးနောက် သူ့ကိုအမှီလိုက်သည်။ 


“စီနီယာအကို၊ စီနီယာအကို အဲ့ဒီလိုက မကောင်းဘူးထင်တယ်။ယ ဒါမှမဟုတ် အခုပြန်လျော်ပေးရင်ကော...”


ထိုသို့ပြောပြီးနောက် ပိုက်ဆံအိတ်ကို ရှာချင်ယောင်ဆောင်လိုက်လေသည်။


သို့ပေမယ့် အပြင်ကို တကယ်မထုတ်ချေ။ 


ဝမ်ယွီက သူမရဲ့လုပ်ရပ်တွေကို ကြည့်ရမှာပျင်းလာပြီပင်။


သူက စိတ်မရှည်တတ်တဲ့ လူမျိုး။ သူစိတ်မဝင်စားဘူးဆိုလျှင် စိတ်အနှောင့်အယှက် အဖြစ်မခံချေ။ 


“ငါ မလိုဘူးလို့ပြောနေတယ်” ဟုအေးစက်စက်တုန့်ပြန်ကာ ထွက်သွားလိုက်သည်။


စွန်းခိုင်က တစ်လှမ်းနှစ်လှမ်းလောက် လိုက်သွားပြီးနောက် စွန်းယာရှန့်ဆီ ပြန်သွားသည်။ သူမက နှုတ်ခမ်းကိုကိုက်ကာ ဖုန်းကိုကိုင်ထားပြီး သနားစရာကောင်းတဲ့ပုံစံမျိုးဖြင့် ရပ်နေခဲ့ရာ စွန်းခိုင်က သူမကို မသနားပဲမနေနိုင်။ 


သူမဆီ ပြန်သွားကာ


“အကိုတို့ WeChat IDချင်းလဲကြမလား”


စွန်းယာရှန့်က နှုတ်လမ်းကိုကိုက်ရာမှ ချိုချိုသာသာပြုံးပြလိုက်သည်။ 


ဒီလူက ဝမ်ယွီနဲ့ ရင်းနှီးတဲ့ပုံပဲ...


ထို့ကြောင့် လက်ခံဖို့ ဆုံးဖြတ်လိုက်၏။


“ကောင်းပြီလေ”


ဝမ်ယွီနှင့် ချန်းဟောင်က ကန်တင်းအပြင်ရောက်တဲ့အထိ စွန်းခိုင်ပါမလာတာကို သတိမထားမိခဲ့ချေ။


“သူဘယ်မှာလဲ” ချန်းဟောင်ကသိချင်သွား၏။


မိနစ်ဝက်လောက်နေတော့ စွန်းခိုင်ရောက်လာသည်။


“အကိုဝမ်၊ အစ်ကိုက မလွန်လွန်းဘူးလား” သူက ညည်းညူလိုက်သည်။


"ဘာကိုလဲ”


စွန်းခိုင်က “စောဏကကောင်မလေးက လှပါတယ်ဗျ၊ ဒါပေမယ့် အစ်ကိုက သူ့ကို လျစ်လျူရှုထားတယ်...”


ဝမ်ယွီက သူ့မေးကိုပွတ်ကာ စိတ်ရှုပ်လာမိသည်။ 


“လှလို့လား”


စွန်းခိုင်/ချန်းဟောင် :”…”


စွန်းခိုင်က ပြောစရာစကားမဲ့သွားရသည်။ 


“အစ်ကိုဝမ်၊ အကို့မျက်လုံးတွေ တစ်ခုခုများဖြစ်နေတာလား”


ဝမ်ယွီက ချန်းဟောင်ထံ လှည့်လိုက်ပြီ “လှလို့လား”


ချန်းဟောင်က ခေါင်းငြိမ့်ပြလိုက်သည်။ 


“ဂျူနီယာတန်းထဲမှာ လှတယ်လို့ပြောရမယ် ကျောင်းအလှပန်းလေး အဆင့်နီးနီးပဲ....”


ဝမ်ယွီက ပိုပြီးစိတ်ရှုပ်ထွေးလာသည်။ 


ချန်းဟောင်ကတောင် ဒီလိုပြောလာမှတော့ …ဒါဆို သူပဲ အဲ့ဒီမိန်းကလေးကို လှတယ်လို့ မမြင်တာပေါ့...ပြီးတော့ သူမလုပ်သမျှ အရာတိုင်းက တွက်ချက်လွန်းအားကြီးလွန်းတယ်။


ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးနောက် ဝမ်ယွီက “အဲ့ဒီမိန်းကလေးနဲ့ အန်းနဉ် ဘယ်သူပိုလှလဲ” ဟု မမေးဘဲ မနေနိုင်ပေ။


ချန်းဟောင်နှင့် စွန်းခိုင်က အပြန်အလှန် ကြည့်လိုက်ပြီးနောက်  တစ်ပြိုင်နက်တည်း “သေချာပေါက် အန်းနဉ်ပေါ့” ဟုဖြေလိုက်ကြသည်။


ဝမ်ယွီက သူတို့ကို စိုက်ကြည့်ကာ“မင်းတို့မျက်လုံးတွေကမှ မှားနေတာမဟုတ်ဘူးလား ငါတို့အားလုံးက အလှတရားကို ခံစားတတ်တာချင်းတူတယ် ဘာလို့ အဲ့ဒီကောင်မလေးကိုပဲ ချီးကျူးနေကြပြီးတော့ အန်းနဉ်ကို ချီးကျူးတာကျတော့ မကြားရတာလဲ”


ချန်းဟောင်နှင့် စွန်းဟောင်မှာ သွေးအန်လုမတတ်ပင်။


ဟုတ်တာပေါ့၊ အန်းနဉ်က လှတယ်။ မဟုတ်ရင် ဝမ်ကောက သူမနဲ့ပတ်သတ်ပြီး အရမ်းတက်ကြွနေပါ့မလား။ နေ့လည်စာတူတူစားဖို့ကို သူတို့ကို ဆွဲခေါ်လာပြီးတော့ နေ့တစ်ဝက်လောက် အဆာခံစောင့်တယ်။ ပြီးတော့ ကလပ်က အစားအသောက်ထောက်ပံ့ကြေးကကောဘာလဲ၊ သူမကို ဂရုစိုက်တဲ့ အကြောင်းကို ကောင်မလေးက သတိမထားမိမှာ ကြောက်နေတဲ့အတိုင်းပဲ။


ဒါပေမဲ့ အန်းနဉ်က ပိုလှရင်တောင် ဘာအရေးလဲ... သူမက ဝမ်ယွီသဘောကျနေတဲ့သူလေ သူတို့သာ အန်းနဉ်ကို အလွန်အမင်းချီးကျူးနေရင် သူက ပျော်နေမှာမလို့လား... သူတို့ကပဲ အန်းနဉ်ကို ကြိုက်နေတယ်လို့ ထင်သွားပြီး သူတို့ကိုကြိတ်မှာပေါ့...


ဘယ်သူက သေချင်နေလို့လဲ...


ထို့ကြောင့် သူတို့က အန်းနဉ်ရဲ့ အသွင်အပြင်ကို လျစ်လျူရှုထားဖို့ပဲ တတ်နိုင်ကြတော့၏...။


သုံးယောက်သား အနားယူဖို့ အဆောင်ကိုပြန်သွားကြသည်။ လမ်းမှာ ဝမ်ယွီက စောဏကမိန်းကလေးကို လှတယ်ဟု တကယ်မထင်တဲ့အကြောင်း တွေးနေမိသည်။


မထိန်းနိုင်ဘဲ အန်းနဉ်ဖြင့် ယှဉ်နေမိ၏။


အန်းနဉ်ရဲ့ မျက်နှာက လူတိုင်းကို ညှို့ယူဖမ်းစားနိုင်လောက်အောင် ပြစ်ချက်ကင်းပြီး နူးညံ့တယ်...ဟွာတတက္ကသိုလ်မှာ အသွယ်ဆုံးခါးလေး...။ 


ထို့အပြင် ရက်တော်တော်ကြာ စောင့်ကြည့်နေခဲ့ပြီးနောက် သူမဝတ်နေကျ တင်းကျပ်တဲ့ အင်္ကျီတွေက လှပသည့် ကောက်ကြောင်းတွေကို အထင်းသားပေါ်စေပြီး ယောကျာ်းသားတွေကို ဘယ်လောက်ဆွဲဆောင်နိုင်သလဲဆိုတာ သူမ မသိမှန်း သတိပြုမိခဲ့သည်။


ဒါတောင် သူမက ကန်တင်းကနေ ဟိုဟိုဒီဒီပြေးလွှားပြီး အလုပ်ရှုပ်နေသေးတယ်...


သူမက အေးစက်ပြီး ချဉ်းကပ်ဖို့မလွယ်ပေမဲ့ ပိုက်ဆံနှင့်ပတ်သတ်လာလျှင် နည်းနည်း ခေါင်းမာသည် ဆိုပေမယ့် စောစောကမိန်းကလေးလိုမျိုး “အတုအယောင်” ဆိုတဲ့ခံစားချက်မျိုးကို မပေးစွမ်းချေ။


စစ်မှန်တယ်လို့ပြောရမယ်...


အေးစက်စက် ငြင်းပယ်မှုကော သူ့အပေါ် နူးနူးညံ့ညံ့လေး ကြည့်တာကော အကုန်အစစ်အမှန်တွေချည်းပဲ။


ဒီလိုစစ်မှန်မှုမျိုးက သူ့ကို သူမရဲ့ခေါင်းကနေ ခြေဖျားအထိ တွေ့မြင်နေရတာမှာ လုံး၀ သက်တောင့်သက်သာ ဖြစ်စေသည်။


ဟုတ်တာပေါ့၊ သူမက တစ်မူထူးခြားတဲ့ ဆန့်ကျင်ဘက်နှစ်ခုလိုပဲ...


ချန်းဟောင်နှင့် စွန်းခိုင်က စကားပြောရင်း လမ်းလျှောက်နေကာ ဝမ်ယွီ နောက်မှာကျန်ခဲ့မှန်း သတိထားမိသွားသည်။ သူ့ကို လှည့်ကြည့်လိုက်တော့ ဆွံ့အသွားသည်။


ဝမ်ယွီက ကျေနပ်နေတဲ့ အကြည့်ကြီးဖြင့် နှုတ်ခမ်းမှာ အပြုံးတစ်ခု ချိတ်ဆွဲထားသည်။


ဆောင်းတွင်းပဲ ရှိသေးတယ်လေ၊ ဘာလို့ နွေဦးရောက်နေသလို လုပ်နေတာလဲ...


အန်းနဉ်က နေ့ခင်း အိမ်ပြန်ကာ နေသာတုန်း အဖွားကို အောက်ထပ်သို့ လမ်းလျှောက်ဖို့ ခေါ်သွားသည်။


ရာသီဥတုက ပိုအေးလာပြီး နောက်တစ်လနေရင် အဖွားကို ညနေလမ်းလျှောက်ခေါ်သွားဖို့ မဖြစ်နိုင်တော့ချေ။ 


အခုရသလောက်တော့ ကြိုးစားရမှာပဲ...


အဖွားကို အိမ်ပြန်ခေါ်သွားပြီးနောက် တစ်ရေးအိပ်ဖို့ ကူညီလိုက်သည်။ ထို့နောက် ပန်းကန်များကို ဆေးကာ တခဏလောက် စာဖတ်ပြီး မျက်လုံးကို အနားပေးကာ ကျောင်းပြန်သွားဖို့ လွယ်အိတ်ကို ယူလိုက်သည်။


ဟွာတတက္ကသိုလ်သည် ပြင်းထန်တဲ့ ပညာရေးအငွေ့အသက်ရှိပြီး ကျောင်းသားတွေက တခြားတက္ကသိုလ်ကလို စိတ်အေးလက်အေး မရှိကြပေ။ ကျောင်းက ပထမနှစ်တွေအတွက် အခြေခံသင်တန်းများ ထားရှိတာကြောင့် အန်းနဉ်ရဲ့ အချိန်စာရင်းက အရမ်းကြပ်သည်။ ဝမ်ယွီတို့ တတိယနှစ်ကမှ သူတို့ထက် အားလပ်ချိန်ပိုများသေး၏။


အန်းနဉ် စာသင်ခန်းထဲရောက်တော့ မုန့်ရှင်းယွီက လက်ပြကာ “ဒီမှာ” 


မုန့်ရှင်းယွီရဲ့အနောက်မှာ သွားထိုင်လိုက်ကာ အပြုံးလေးဖြင့် “ကျေးဇူးပဲ”


မုန့်ရှင်းယွီက စွန်းယာရှန့်ကို ကြည့်ကာ အန်းနဉ်ကို တီးတိုးပြောလိုက်သည်။


 “နင်ဒီမှာမရှိတုန်း စွန်းယာရှန့်က နင့်ကိုလာရှာတာ နှစ်ခါရှိပြီ”


အန်းနဉ်က တုံ့ဆိုင်းသွားကာ “သူမဘာလိုချင်လို့လဲ”


မုန့်ရှင်းယွီက ပခုံးကိုတွန့်ကာ “ငါမသိဘူး ဘာကိစ္စလဲလို့ မေးပေမယ့် တစ်ခုခုကြောင့်လို့ပဲ ပြောတယ် သေချာမဖြေဘူး”


အန်းနဉ်က စွန်းယာရှန့်ကို ကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် အကြည့်ချင်းစုံသွားပြီး စွန်းယာရှန့်ရဲ့ မျက်လုံးက အရောင်တောက်လာသည်။


“တွေ့လား နင့်ကို ကြည့်နေတယ်” ဟု မုန့်ရှင်းယွီက ​ဆိုလာသည်။


အန်းနဉ်ရဲ့ မျက်လုံးတွေ နက်မှောင်သွားသည်။


“လျစ်လျူရှုထားလိုက်” သူမက အကြည့်ကို ရုတ်သိမ်းကာ မှတ်စုစာအုပ်ကို ထုတ်လိုက်သည်။


စာသင်ပြီး သန့်စင်ခန်းသွားရာမှ ပြန်လာတော့ စွန်းယာရှန့်က သူမဆီ လာနေတာကို တွေ့လိုက်ရသည်။


“ကျိအန်းနဉ်” သူမက ရွှင်ပြတဲ့ အပြုံးနှင့် ချဉ်းကပ်လာသည်။ 


“ငါဘာလို့ နေ့လည်က နင့်ကို စီနီယာကျောင်းသားတွေနဲ့ ထမင်းစားနေတာ မြင်လိုက်ရတာလဲ” 


ဒါဆို သူမမြင်သွားတာပေါ့...


“အင်း ဝမ်ယွီလေ” အန်းနဉ်က ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။


စွန်းယာရှန့် အံ့ဩသွားသည်။ 


အနည်းဆုံးတော့ အန်းနဉ်က ဖုံးကွယ်ထားမယ်လို့ သူမထင်လိုက်တာ။ 


သူမက စိတ်ရှုပ်ထွေးချင်ယောင်ဆောင်ကာ 


“ငါမှတ်မိသလောက်ဆို နင်ပြောတော့ ဝမ်ံယွီကို ငြင်းခဲ့တာဆို”


အန်းနဉ်က မျက်နှာကို မော့ကာ “အင်း” လို့ပြန်ဖြေသည်။


“ဒါဆို နင်က သူနဲ့ထမင်းစားနေသေးတာလား”


အန်းနဉ်က အပြုံးဖျော့ဖျော့လေးဖြင့် “ငါသူ့ကို ငြင်းခဲ့ရင်တောင် ငါတို့က တစ်ကျောင်းထဲကဖြစ်နေတုန်းပဲ ပြီးတော့ ကလပ်အတူတူပဲလေ...”


စွန်းယာရှန့်၏ မျက်လုံးများတောက်ပလာသည်။ 


“သူက ကလပ်ဝင်တယ်တဲ့လား... ဘယ်ကလပ်လဲ”


ဝမ်ယွီ့နောက်ခံကို စုံစမ်းတုန်းက ချမ်းသာတဲ့သူမလို့ ကျောင်းက ကလပ်တွေ မဝင်လောက်ဘူးလို့ ထင်ခဲ့မိသည်။


ဝမ်ယွီရဲ့ ကလပ်က ခပ်လျှိုလျှိုရှိပြီး သူကသူ့အနောက်လိုက်တဲ့ မိန်းကလေးတွေကို ဝင်ခွင့်မပေးချေ။ စွန်းယာရှန့်လို အသစ်လေးအနေဖြင့် ဘယ်လောက်ပဲ အပေါင်းအသင်းများတယ်ပြောပြော ဝမ်ယွီရဲ့ ကိုယ်ခံပညာကလပ်ကို သိမှာ မဟုတ်။


နောက်အကြောင်းပြချက်က ဝမ်ယွီက ဒုတိယနှစ်ကတည်းက ကလပ်ကို သိပ်ဂရုမစိုက်တော့တာပင်။ သို့ပေမယ့် တည်ထောင်သူဆိုတော့ ကလပ်ကို လုံးဝကြီး ပစ်ထားလို့မရချေ။


ရှေ့တန်းမှာ ထိုင်နေတဲ့ မုန့်ရှင်းယွီက ကိုယ်ကိုလှည့်လိုက်ပြီး အန်းနဉ်နှင့် စွန်းယာရှန့်ကြားက စကားအသွားအလာကို နားထောင်နေခဲ့သည်။


စွန်းယာရှန့်ရဲ့ တစ်ရစပ်မေးခွန်းတွေက သူမ ဝမ်ယွီကို စိတ်ဝင်စားနေတယ်ဆိုတာ သိသာနေသည်။ တစ်ဖက်မှာလည်း အန်းနဉ်က သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောပြချင်စိတ်မရှိချေ။


အန်းနဉ်က ပြုံးလိုက်ပြီး “ခန့်မှန်းကြည့်လေ”


စွန်းယာရှန့်က စိတ်တိုသွားပြီး ထိုင်ခုံကိုပြန်သွားတော့၏။


မုန့်ရှင်းယွီက အန်းနဉ်ရဲ့ခုံကို မှီလိုက်ပြီး အချိန်အတော်ကြာ ရယ်မောကာ မေးလိုက်သည်။


“ဟေး၊ အဲ့ဒါဘယ်ကလပ်လဲ”


အန်းနဉ်က သွယ်ဝိုက်မနေဘဲ “ကိုယ်ခံပညာကလပ်ပါ”


မုန့်ရှင်းယွီက “နင်သင်မလို့လား အဲ့ဒါက ကောင်လေးတွေအတွက် ပိုသင့်တော်တာမဟုတ်ဘူးလား”


“ငါအချိန်ပိုင်းလုပ်တဲ့နေရာက နည်းနည်းပရမ်းပတာနိုင်လို့လေ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သင်ရမယ်” 


မုန့်ရှင်းယွီက အံ့အားသင့်ကာ “ဘယ်မှာလုပ်တာမလို့လဲ”


ဘားမှာ အရက်ရောင်းတဲ့ အလုပ်လုပ်တာက အတန်းဖော်တွေ သူမကို ဝေဖန်ရတဲ့ထဲက အကြောင်းပြချက်တွေထဲကတစ်ခုပင်။ သူမပြုတ်ကျခဲ့တဲ့ အဆောက်အဦးက တကယ်တော့ ကောင်းမွန်စွာတည်ဆောက်ထားပြီး ကြယ်ပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုဆိုပေမယ့် အရွယ်ရောက်ပြီး သူတွေအတွက် ဖျော်ဖြေတဲ့နေရာဆိုပြီး ကောလဟာလ ဖြန့်လိုက်ကြသည်။


သို့ပေမယ့် အန်းနဉ်ရဲ့ အလုပ်တွေထဲမှာ ဒီအလုပ်က အမြတ်အများဆုံး ဖြစ်သည်။


လာမယ့်နှစ်မှာ အဖွားက သုံးကြိမ်ဖျားနာပြီး ခွဲစိတ်မှု နှစ်ကြိမ်လုပ်ရမည်ပင်။ အန်းနဉ်က ပြန်မွေးဖွားလာတဲ့သူဆိုလျှင်ပင် ထိုငွေကြေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်း သူမတွင်မရှိချေ။ ထို့ကြောင့် ဤအလုပ်ကို ဆက်လုပ်နေရဦးမှာပင်။


ထီနံပါတ်တစ်စောင်လောက် မှတ်မိခဲ့ရင် ကောင်းမယ်...


အတင်းအဖျင်းများစွာကို ကြုံတွေ့ပြီးကတည်းက ထိုအလုပ်ကို ဖုံးကွယ်ထားတာ အသုံးမဝင်မှန်းသိသည်။ သူမက မုန့်ရှင်းယွီကို တည်ငြိမ်စွာ ပြောသည်။ 


“ပိတ်ရက်ဆို တောင်ဘက်တံတားက ဘားလမ်းမှာ အရက်ရောင်းတယ်”


မုန့်ရှင်းယွီက နည်းနည်းတော့ အံ့ဩသွားပေမယ့် ခွဲခြားဆက်ဆံတာမျိုးမဟုတ်ဘဲ စစ်မှန်တဲ့ အံ့အားသင့်ခြင်းမျိုးပင်။ 


“နင်ကော ရောင်းတာလား ငါကြားတာတော့ အဲ့ဒါ ပိုက်ဆံရဖို့ အမြန်ဆုံးပဲတဲ့”


သူမက “ကော”ဆိုတဲ့ စကားလုံးကို သုံးသွားရာ အန်းနဉ်က မေးလိုက်သည်။


“ဒီလိုရောင်းတဲ့ တခြားလူကို သိလို့လား”


မုန့်ရှင်းယွီက “ငါတို့ရွာကလေ အခုလည်း ဒီကျောင်းမှာရှိတယ် ဒါပေမဲ့ ယာယီကျောင်းဝင်းထဲမှာ”


ဟွာတတက္ကသိုလ်ရဲ့ တချို့အိုဟောင်းတဲ့ အဆောက်အအုံတွေကို ယခုနှစ်တွင် ပြန်လည်မွမ်းမံထားသည်။ ထိုအထဲမှာ သင်ကြားရေးဆောင်တွေနှင့် အိပ်ဆောင်တွေလည်း ပါပေသည်။ ထို့ကြောင့် ကျောင်းက နောက်ထပ်နေရာတွေကို ငှားရမ်းပြီးတော့ ဌာနနှစ်ခုက ကျောင်းသားတွေ တက်ရောက်ဖို့ ယာယီကျောင်းဝင်းအနေဖြင့် သတ်မှတ်ခဲ့၏။


ဒုတိယစာသင်ကာလမှ ပြန်ရွှေ့ပြောင်းရမှာပင်။


အန်းနဉ်က ရှင်းယွီကို ကြည့်ပြီး မေးလိုက်သည်။ 


“နင်တို့ရွာက ဘယ်သူလဲ”


“သူမနာမည်က ယွမ်ရှတဲ့”


သူမစကားလည်းအဆုံး၊ အန်းနဉ်ရဲ့မျက်နှာက ခံစားချက်လုံး၀မရှိတော့ချေ။


__



Translated By IQ-Team.