🤚Chapter 23
ဝမ်ယွီက သူ့ရဲ့ကိုယ်ပိုင်အတွေးများထဲတွင်နစ်မွန်းနေစဉ် ရုတ်တရက် တစ်ယောက်ယောက်စကားပြောနေတာကို ကြားလိုက်ရသည်။
"အဲ့ဒါသူမလေ ...ကြောင်နားရွက်လေးနဲ့တစ်ယောက်...သူမကိုမြင်လား..."
ဝမ်ယွီလှည့်ကြည့်လိုက်ချိန် သူ့ဘေးတွင် လူငယ်ယောင်္ကျားလေးနှစ်ယောက်ကိုမြင်လိုက်ရသည်။ သူတို့ကလည်း ကျိအန်းနဉ်ကို စူးစမ်းရန်အတွက် မှန်မှတဆင့်အထဲကို ချောင်းကြည့်နေကြသည်။
"သေစမ်း... သူမကအရမ်းမိုက်တာပဲ..."
"အဟုတ်ပဲ...အဲ့ဒီရင်ဘတ် အဲ့ဒီခါးနဲ့ ခြေတံရှည်တွေကိုကြည့်စမ်း...သူမကဟာသမဟုတ်ဘူးလို့ ငါမင်းကိုပြောခဲ့သားပဲ..."
"ခဏနေ အရင်အစီစဉ်အတိုင်းပဲ လုပ်မယ်... ငါသူမကိုအာရုံလွှဲလိုက်မယ်...မင်းဓာတ်ပုံရိုက်လိုက်..."တစ်ယောက်ကနောက်တစ်ယောက်ကိုဆိုသည်။
"ဟီးဟီး သူမဘယ်လို အတွင်းခံမျိုးဝတ်ထားသလဲဆိုတာကို ငါတကယ် သိချင်တယ်..."
လူနှစ်ယောက်က ရိုင်းစိုင်းတဲ့ အတွေးတွေကို မှန်နားမှတဆင့်ပြောနေကြရာ သူတို့ဘေးရှိလူတစ်ယောက်၏ အေးစက်ခက်ထန်လာသောအမူအရာကို သတိမထားမိကြပေ။
ဝမ်ယွီက ထိုလူနှစ်ယောက် ဘာလုပ်မည်ဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်သွား၏။
သို့သော် သူက ချက်ချင်း ကြားဝင်စွတ်ဖက်ခြင်း မရှိပေ၊ ထို့အစား သူက ဆေးလိပ် မီးညှိရင်း ငြိမ်ကြည့်နေလိုက်သည်။
သူတို့ကို သတိပေးတားမြစ်ပြီး သူမကိုဘေးကင်းစေတာထက် ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူရဲကောင်းကမိန်းမလှလေးကိုကယ်တင်တဲ့အကွက်ဖြင့်ပေါ်ထွက်လာခြင်းက ဝမ်ယွီ့မျက်လုံးထဲတွင်သင့်တင့်လျောက်ပတ်သော ဗျူဟာပင်။
ဝမ်ယွီက အမြဲထို့သို့သောလူမျိုးပင်။ သူမရဲ့ အတိတ်ဘဝထဲက ဝမ်ယွီမှာလည်း လူကောင်းမဟုတ်သဖြင့် ယင်းကို ကျိအန်းနဉ်က ကောင်းကောင်းသိသည်။
ဆိုင်ထဲတွင် လာရောက်သူနည်းသောကြောင့် ၀န်ထမ်းအနည်းငယ်သာရှိသော်လည်း ယုန်နားရွက်ဝတ်ဆင်ထားသည့် ကျိအန်းနဉ်နှင့်အခြားမိန်းကလေးက ပျင်းရိခြင်းအလျဥ်းမရှိပေ။
ထိုလူနှစ်ယောက် ဝင်လာချိန် တံခါးမှာအလှဆင်ထားတဲ့ ခေါင်းလောင်းသံကိုကြားတာကြောင့် ကျိအန်းနဥ်ကမော့မကြည့်ဘဲအော်ပြောလိုက်သည်။
"ကြိုဆိုပါတယ်...''
သူမက ထိုလူနှစ်ယောက်ရဲ့ ရုပ်ရည်ကို မြင်လိုက်ချိန်တွင် အကြည့်တွေမှာ အေးခဲသွားရသည်။
မှန်အပြင်ဘက်က ဝမ်ယွီက သူမရဲ့ တဒင်္ဂပြောင်းလဲသွားတဲ့အမူအရာကို သတိထားမိလိုက်သည်။
ဘာလဲ သူမဒီပြဿနာနှစ်ကောင်ကိုသိနေတာလား...
ဝမ်ယွီက သူမ ထိုလူနှစ်ယောက်ကို ကြိုဆိုပြီးနောက် သူတို့ကိုတမင်တကာ ရှောင်ရှားသွားတာကိုမြင်သည်။ ထိုလူနှစ်ယောက်က စားပွဲထိုးကိုခေါ်ချိန် အခြားဖောက်သည်များ၏ စားပွဲနားတွင် သူမကအချိန်ဆွဲနေတာကြောင့် ယုန်နားရွက်နှင့် မိန်းကလေးတစ်ဦးက အစားသွားပေးသည်။
လူငယ်နှစ်ယောက်က စိတ်ပျက်သွားပြီး ယုန်နားရွက်နှင့်မိန်းက လေးကို မီနူးမှာပါသည်များကို မေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့က ဆက်ပြီး ညဉ်းတွားနေကြဆဲပင်။ ကျိအန်းနဉ်ကလည်း အခြားစားပွဲဘက်တွင် အချိန်ဆွဲနေဆဲဖြစ်သည်။ အဆုံးမှာတော့ ယုန်နားရွက်နှင့်မိန်းကလေးက သူတို့၏အမှာစာကို စိတ်ရှည်စွာဆက်ယူနေသည်။
အပြင်မှကြည့်နေသော ဝမ်ယွီက ယင်းကိုတွေ့တော့ အလွန်ပျော်မြူးနေမိသည်။
ကျိအန်းနဉ်က သူမရဲ့လုပ်ဖော်ကိုင်ဖက် ထိုသူနှစ်ဦးထံမှ အော်ဒါမှာယူနေတာကို ကြည့်နေရင်းမှ သူမဘာ့သာတိတ်တဆိတ်တွေးမိသည်က ဝမ်ယွီဒီနေရာတွင်ရှိမနေတာ ကျေးဇူးတင်မိတယ် ဟုပင်။
တချိန်က ထိုလူနှစ်ယောက် သူမအား လျှို့ဝှက်ချောင်းကြည့်နေတာကို ဖမ်းမိသွားခဲ့တာတောင်မှ သူမမသိချင်ယောင်ဆောင်ခဲ့ရ၏။ ထိုလူနှစ်ယောက်က သူမစကတ်အောက်မှဓါတ်ပုံတွေကို ရိုက်ကူးပြီးတာတောင်မှ အချိန်တစ်ချို့ကြာသည်အထိ လိုက်နှောင့်ယှက်ခဲ့တဲ့ လူယုတ်မာများပင်။
ထိုအချိန်တုန်းက သူမက ဤကဖေးဆိုင်တွင် ယခုမှအလုပ်စလုပ်တဲ့အချိန်ဖြစ်ပြီး ရှုချန်းနှင့်လည်း သိပ်မသိတာကြောင့် သူမအလုပ်ပြုတ်သွားမှာကို စိုးရိမ်ပြီး သူမဝင်ငွေ ထိခိုက်သွားမည်ကို လည်းစိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူမက ဖြစ်လာသမျှကို အတက်နိုင်ဆုံးရှောင်ရှားကာ သည်းခံခဲ့သည်။
သို့သော် တစ်နေ့တွင် ဝမ်ယွီက သူမထံကိုလာချိန်တွင် ထိုလူယုတ်မာနှစ်ယောက်က သူမ စကတ်အောက်မှပုံတွေကို ရိုက်ဖို့ကြိုးစားနေတာကိုတွေ့ပြီး သူက ချက်ချင်း စားပွဲခုံကိုပိတ်ကန်ပစ်တော့သည်။ သူက ထိုလူယုတ်မာများကို ရိုက်နှက်ပြီး ရောင်ကိုင်းနေတဲ့မျက်နှာတွေဖြင့်ထွက်သွားစေရုံသာမက ရှုချန်း၏ဆိုင်ကိုလည်း လက်လှမ်းမှီသလောက် ချေမွဖျက်ဆီးခဲ့သေးသည်။
သူ့ရဲ့ ကြမ်းတမ်းရက်စက်နေတဲ့ မျက်နှာအနေအထားက ရှုချန်းကို လုံး၀ တုန်လှုပ်သွားစေခဲ့၏။
မည်သို့ပင်ဖြစ်စေ၊ ထိုလူနှစ်ယောက်က ကျိအန်းနဉ်ကိုသာ ပစ်မှတ်ထားနေခြင်းဖြစ်ရာ သူမက သူတို့ကို အမြဲတမ်းရှောင်ရှားနေနိုင်မည်မဟုတ်ပေ။
ဝမ်ယွီက ထိုလူနှစ်ယောက် ယုန်နားရွက်နှင့်မိန်းကလေးဖြင့်အလုပ်ရှုပ်နေချိန်တွင် ကျိအန်းနဉ်ကိုအော်ခေါ်နေတာကို မြင်လိုက်သည်။ ကျိအန်းနဉ်တွင် သွားဖို့ကလွဲပြီးရွေးချယ်စရာမရှိတော့ပေ။
ထိုလူနှစ်ယောက်က ကျိအန်းနဉ်ကိုပြုံးရင်းစကားပြောနေသော်လည်း ကျိအန်းနဉ်က ဝမ်ယွီဘက်သို့ကျောပေးထားရာ သူမရဲ့အမူအရာကိုမမြင်နိုင်ပေ။ ကျိအန်းနဉ်က စကားအနည်းငယ်သာ ပြန်ပြောပြီး တစ်ဖက်သို့ချက်ချင်းလှည့်ကာ ထွက်သွားဖို့လုပ်သည်။ သို့သော် ထိုလူနှစ်ယောက်က သူမကိုတားကာ ဆက်၍စကားပြောနေကြသည်။
တစ်ယောက်က ကျိအန်းနဉ်၏အာရုံစိုက်မှုရအောင်လုပ်နေစဉ် အခြားတစ်ယောက်ကမူ တစ်စုံတစ်ခုအားအောက်သို့ကျစေကာ ကုန်းကောက်ကာအပေါ်ပြန်တင်သည့်ဟန်လုပ်သည်။ အမှန်တကယ်တွင် သူ့ဖုန်းအားမသိမသာထုတ်ကာ ကျိအန်းနဉ်ရဲ့စကတ်အောက်မှတဆင့် လျှို့ဝှက်ဓါတ်ပုံရိုက်ယူရန်ကြိုးပမ်းနေခြင်းသာ။
ဝမ်ယွီက ဤအချိန်က သူပေါ်လာသင့်နေပြီလို့ခံစားလိုက်ရသည်။ သို့သော် သူဆေးလိပ်ကိုငြိမ်းနေစဉ်တွင် ကျိအန်းနဉ်က ထိုလူ၏လက်ကောက်ဝတ်ကို မဆိုင်းမတွပိတ်ကန်ပစ်လိုက်ရာ ထိုလူထုတ်ထားသောဖုန်းက မြှောက်တက်သွားတာကို မြင်လိုက်ရတော့သည်။
ဝမ်ယွီမှာ လုပ်လက်စများရပ်တန့်သွားကာ မျက်ခုံးပင့်ကြည့်လိုက်မိသည်။
ထိုလူကိုပိတ်ကန်လိုက်စဉ် အတိအကျကို ကန်လိုက်သည့်အားက ထိန်းချုပ်ထားခြင်းအလျဥ်းမရှိပေ။ ထိုလူက နာကျင်မှုကြောင့် ခုန်ပြီးကျိန်ဆဲတော့သည် ။
"မင်းသောက်ကျိုးနည်းဖြစ်နေတာလား...."
ဆိုင်မှာရှိနေသောလူတိုင်းက သူတို့ရဲ့ခေါင်းကိုလှည့်ကာ ထိုစားပွဲဘက်ကို အာရုံစိုက်လိုက်ကြသည်။ ရှုချန်းကလည်းကောင်တာနောက်မှ ပြေးထွက်လာကာမေးလေသည် ။
"ဘာဖြစ်နေတာလဲ..."
ကျိအန်းနဉ်က အေးအေးဆေးဆေးပြောလိုက်သည်။
"ဒီလူက စကတ်အောက်ကပုံတွေကို ရိုက်ဖို့ကြိုးစားနေတာ..."
ရှုချန်းက ထိုလူဒေါသထွက်ကာ အော်ဟစ်သည် အထိ စကားမပြောနိုင်သေးပေ။
"အဓိပ္ပါယ်မရှိတာ... ငါကဖုန်းနဲ့တစ်ခုခုလုပ်ဖို့ အောက်ငုံ့နေတယ်လို့မင်းထင်နေတာလား...မင်းစကတ်မှာမျက်လုံးပါနေလို့လား...ဘာလို့ငါ့ကို မင်းစကတ်အောက်မှာ ဓါတ်ပုံရိုက်နေတာလို့ စွပ်စွဲရဲရတာလဲ...ငါ့ဖုန်းက ဘရန်းအသစ်ကွ ....ခြောက်ထောင့်ငါးရာတောင် ပေးဝယ်ရတာ မင်းငါ့ကို ပြန်လျော်ပေးရမယ်..."
"လူကြီးမင်း ကျေးဇူးပြုပြီး စိတ်ငြိမ်ငြိမ်ထားပါခင်ဗျ..."
ရှုချန်းက သူ့အားနှစ်သိမ့်ရန် ကြိုးစားလေသည်။
"အခြေအနေကို သေသေချာချာကြည့်ရရင် တစ်ခုခုအထင်လွဲနေတာဖြစ်ပါလိမ့်မယ်..."
"ငါ့ဖင်ကိုပဲ စိတ်အေးအေးထားခိုင်းလိုက်...ငါ့ဖုန်းကို အရင်ဆုံးသူမကိုပြန်လျော်ခိုင်းလိုက်..."
အခြားတစ်ယောက်က အသံကျယ်ကျယ်ဖြင့်အော်လာသည်။
"မန်နေဂျာ ရဲသာခေါ်လိုက်ပါ ..." ကျိအန်းနဉ်က ပြတ်ပြတ်သား သားပြောလေသည်။
"ရဲတွေရောက်လာတာနဲ့ သူတို့က စောင့်ကြည့်မှတ်တမ်းကို စစ်ဆေးကြည့်ကြလိမ့်မယ်...အတွင်းခံကိုဓာတ်ပုံရိုက်တာက ဆယ်ရက်ကြာချူပ်နှောင်ခံရပြီး နစ်နာသူကို လျော်ကြေးပေးဆောင်ရလိမ့်မယ်...."
သူမအတိတ်ဘဝတွင် ကျိအန်းနဉ်က ကျောင်းချန်ထံမှာ သေတဲ့အထိ တွန်းအားပေးခံခဲ့ရသည်။ ယခုဘဝတွင် သူမက ထိုစက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အညစ်အကြေးတွေကို ငြိမ်ခံနေဖို့ ရည်ရွယ်ချက်မရှိတော့ပေ။ သူမက ပြတ်ပြတ်သားသား ပြန်တိုက်ခဲ့ရသည့်အကြောင်းပြချက်မှာ သူမရဲ့အရင်ဘဝတွင် ရှုချန်းရဲ့စရိုက်ကို လုံလုံလောက်လောက်သိနားလည်ထားခဲ့သဖြင့် သူ့ကိုယုံကြည်ရန်ရွေးချယ်လိုက်တာပင်။
တကယ်ကို ရူချန်းက သူမကို စိတ်မပျက်စေပေ။ သူက စီးပွားရေးအတွက် ဤပြဿနာကိုဖြေလျော့ပေးဖို့ မကြိုးစားချေ။သူက မျက်နှာကျက်ကို မော့ကြည့်လိုက်ရင်း အလေးအနက်ထားပြီး သဘောတူလာသည်။
"ကောင်းပြီ ဒါဆိုလည်း ရဲခေါ်လိုက်တာပေါ့...ငါတို့သူတို့ ဒီရောက်လာတာကို စောင့်ပြီး စောင့်ကြည့်မှတ်တမ်းကို ပြန်ကြည့်ကြတာပေါ့.."
ရှုချန်း၏အကြည့်နောက်ကိုလိုက်ကြည့်ရင်း ဆန်ကုန်မြေလေးနှစ်ယောက်ရဲ့အမူအရာက ချက်ချင်းဆိုသလိုပြောင်းလဲကုန်သည်။
မျက်နှာကျက်ရှိစောင့်ကြည့်ကင်မရာက သူတို့နှင့်မျက်နှာချင်းဆိုင်တိုက်ရိုက်ဖြစ်နေသည်။ ကျိအန်းနဉ်ရဲ့ စောနကအနေအထားနှင် ရှုထောင့်မှ တွေးကြည့်လျှင် သူတို့ရဲ့ ညစ်ညမ်းတဲ့ အပြုအမှုတွေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ကျိအန်းနဉ်က အေးစက်စက်မှင်သေသေအကြည့်ဖြင့် သူ့တို့ကိုစိုက်ကြည့်ပေးလိုက်သည် ။
ထိုအချိန်တွင် တခြားစားပွဲမှ လူငယ်တစ်ယောက်က ထရပ်ကာပြောလာ၏။
"အကယ်၍ ရဲတွေလာမယ်ဆိုရင် ငါသက်သေခံပေးနိုင်တယ် ငါအခုလေးတင်သူတို့အောက်ခံဘောင်းဘီကို ဓာတ်ပုံရိုက်ဖို့လုပ်နေတာကိုမြင်လိုက်တာ..."
အပြစ်လုပ်ထားသောသူတွေအတွက် မလွယ်ကူပေ။ အထူးသဖြင့်သူတို့က ကျောင်းသားများသာဖြစ်သေးရာအကယ်၍များ သူတို့သာ အုပ်ချုပ်ရေးစည်းမျဥ်းနှင့်ငြိ၍ ဖမ်းဆီးခံရပါက သူတို့ကမော်ကွန်းထိန်းတို့ဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။
သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်၍ဒေါသထွက်ချင်ဟန်ဆောင်လျက် "လူဆိုးကပဲ တရားစွဲရတယ် ရှိသေးတယ်...ထားလိုက်တော့...ငါတို့တွေမင်းကို အနှောင့်အယှက်ထပ်မပေး တော့ဘူး...နောက်ကို ဘယ်တော့မှ ဒီလိုမျိုးဆိုးရွားလွန်းတဲ့ဆိုင်ကိုမလာဘူး..."
သူတို့က ထွက်သွားဖို့လုပ်လိုက်ကြသည်။
အကယ်၍ သူတို့သာ ကျိအန်းနဉ်အပေါ်ကို လျော်ကြေးတောင်းဖို့လုပ်ပါက ရှုချန်းသည် ပြတ်ပြတ်သားသားရဲခေါ်လိုက်မည် ဖြစ် သည်။ သို့သော်သူတို့က အရာအားလုံးကိုအအေးဆေးဆေးပြေလည်သွားစေရာ အလုပ်အတွက်ထည့်သွင်းစဉ်းစားနေရသဖြင့် ရှုချန်းက ထိုသို့မလုပ်ချင်ပေ။
ကျိအန်းနဉ်ကလည်းအတွေးတူလေသည်။ သို့သော် သူမက အော်ပြောလိုက်ဆဲပင်။
"ဘေလ်ရှင်းသွားဦး..."
ထိုနှစ်ယောက်က တစ်ခဏမျှ အေးခဲသွားကာ မာဆပ်ဆပ်ဖြင့်ငွေရှင်းကာ အမြန်ထွက်သွားကြတော့သည်။
လူဆိုးအများစုက ပိုသန်မာသည့်သူကိုကြောက်ကြတဲ့ လူယုတ်မာများသာ...ကြည့်ရတာ အနာဂတ်တွင်လည်းသူတို့ထပ်မလာရဲတော့သည့်ပုံပင်။
ဝမ်ယွီရှိမရှိဘဲ ဤလူနှစ်ယောက်ကိုဖြေရှင်းနိုင်ခြင်းက ကျိအန်းနဉ်အားအလွန်ကျေနပ်အားရမှုကို ခံစားသွားစေသည်။
ဒီဘဝက တကယ့်ကို အရင်ဘဝနဲ့မတူဘူးဘဲ...
ရှုချန်းကောင်တာဘက်ကို ပြန်သွားချိန် ကျိအန်းနဉ်က သူ့ထံချဉ်းကပ်ကာ တောင်းဆိုလိုက်သည်။
"စားပွဲနံပါတ်ရှစ်အတွက် ကော်ဖီပေါ်မှာ 'ကျေးဇူးတင်ပါတယ်'လို့ ရှင်ရေးပေးနိုင်မလား..."
ရှုချန်းပြုံးလိုက်မိသည်။ သူက လက်တေး အနုပညာတွင် ကျွမ်းကျင်လေရာ"ကျေးဇူး"တင်ပါသည်အား ကာရန်စကားလုံးများနှင့် ဆွဲပေးလိုက်၏။
ကျိအန်းနဉ်က ပျော်ပျော်ရွင်ရွင်ဖြင့်ပြုံးလိုက်ပြီး ကော်ဖီနှင့်အတူအဝေးသို့ လျှောက်သွားလိုက်သည်။
"အစောပိုင်းက ကိစ္စအတွက် ကျေးဇူးတင်ချင်လို့ပါ..."
ကျိအန်းနဉ်က ကော်ဖီအား စားပွဲနံပါတ်ရှစ်အား ပို့ပေးရင်းဆိုလိုက်သည်။
ထိုစားပွဲဝိုင်းတွင် သူမကို သက်သေခံပေးသည့်ဖောက်သည်တစ် ယောက်တည်းသာရှိနေသည်။ လူငယ်လေးက ကော်ဖီပေါ်မှကျေးဇူးဟူသောစကားကို မြင်လျှင် ရှက်ရွံ့သွားကာအထစ်ထစ်အအအဖြင့်ပြောလေသည်။
"ရ..ရပါတယ်ဗျ..."
ကျိအန်းနဉ်က သူ့ကိုကြည့်နေရင်း သိမ့်မွေ့စွာပြုံးလိုက်မိသည်။
ကျိအန်းနဉ်က ထိုလူငယ်လေးကို မှတ်မိလေသည်။
သူက ကော်ဖီဆိုင်နှင့်နီးသော တက္ကသိုလ်မှ ကျောင်းသားတစ်ယောက်ဖြစ်သည်။ သူကအမြဲတမ်း စာအုပ်တစ်အုပ်နှင့်ကော်ဖီတစ်ခွက်သာမှာပြီးနှစ်နာရီသုံးနာရီမျှနေလေ့ရှိသည်။ သူက သူမကို တိတ်တဆိတ် ခိုးကြည့်ကာ သူမမိသွားချိန်တိုင်း ရှက်နေတတ်သည်။
သို့သော် သူ့တွင် သူမထံ ဝန်ခံရဲသည့် သတ္တိမရှိပေ။
နောက်ပိုင်း ကျိအန်းနဉ် ဝိညာဉ် လွင့်သွားချိန် သူမ ဤကော်ဖီဆိုင်လေးထံ ဆင့်ခေါ်ခံခဲ့ရသည်။
"သူဌေး ဟို ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ ဟိုကောင်မလေး...သူ"
သူက ကျိအန်းနဉ်အား ရက်များစွာ စောင့်နေခဲ့သော်လည်း သူမအားမတွေ့ခဲ့ရသဖြင့် သတ္တိများစုကာ ရှုချန်းကိုမေးလိုက်သည်။
"အဲ့ဒီတစ်ယောက်က ကျိအန်းနဉ် သူမဒီမှာ နောက်ထပ် အချိန်ပိုင်းလုပ်တော့မှာမဟုတ်ဘူး..."
ရှုချန်းက သူ့အားကြည့်ကာပြောလိုက်သည်။
"သူမသေပြီ..."
ထိုနေ့တွင် ကောင်လေးရဲ့မျက်လုံးတွေက အသက်မဲ့သွားကာရှုချန်းဆိုင်ပိတ်သည့်အချိန်ထိ ထွက်သွားခြင်းမရှိဘဲ စားပွဲ၌သာ ငြိမ်၍ထိုင်နေခဲ့၏။
ရှုချန်းက မီးခိုချောင်မှ အယ်ကိုဟော ပုလင်းများကိုထုတ်ပြီး သူ့အရှေ့တွင်၀င်ထိုင်ကာ တိတ်တဆိတ်နှင့်အရက်ပုလင်းအား ဖွင့်လိုက်သည်။ ကျိအန်းနဉ်အတွက် ခံစားချက်များကို သူတို့အချင်းချင်း နားလည်နေခဲ့သည်။
ကောင်လေးက အချက်အလက်များစွာကို ထပ်မေးသော်လည်း ရှုချန်းသည်လည်းများများစားစားမသိပေ။ သို့သော် နောက်ပိုင်း ကျိအန်းနဉ်၏ကျောင်း၌ မေးမြန်းကြည့်သောအခါ သူက အတင်းအဖျင်းများနှင့်ကောလဟာလများကို ကြားခဲ့ရသည်။ သူက ထိုအရာများ ကောင်လေးအားပြောပြလိုက်သည်။
သို့သော် ထိုကျောင်းသားလေက မျက်လုံးထဲ မျက်ရည်များပြည့်လျှံလျက်ဖြင့်"ကျွန်တော်မယုံဘူး...သူမကအဲ့ဒီလိုမိန်းကလေးမျိုးမဟုတ်ဘူး..."
"ငါလည်းမယုံဘူးကွ.."ရှုချန်းကဆက်ပြောသည်။
"သူမကအရမ်းအလုပ်ကြိုးစားတာ အပျင်းမထူဘူး..ကွန်ပလိန်းတက်တာမျိုးလည်းမရှိဘူး...သူမ ပင်ပန်းတာ ဒါမဟုတ် ညစ်ပတ်နေရင်တောင် စိတ်ထဲထားတာမဟုတ်ဘူး..တကယ်လို့များပိုက်ဆံအတွက်သာဆိုရင် သူမမှာအစတည်းကချမ်းသာတဲ့ရည်းစားတစ်ယောက်ရှိနေပြီးသားပဲ သူနဲ့ဆို အားလုံးဖြေရှင်းပြီးသားပဲဟာ ဘာလို့ သူမကဒီလိုမျိုးလုပ်ဖို့လိုအပ်နေမှာလဲ...."
သူတို့ အယ်ကိုဟောပုလင်းကို လက်စဖြတ်ပြီးနောက် ကောင်လေးက သူ့မျက်ရည်များသုတ်ကာ တံခါးဆီသို့ လမ်းလျှောက်သွားတာကို ကျိအန်းနဉ်ရဲ့ဝိညာဉ်ကမြင်ခဲ့ရသည်။
ထိုအချိန်မှစပြီး ကောင်လေးက ကော်ဖီဆိုင်ကိုထပ်မလာတော့ပေ။
ကောင်လေးက ကော်ဖီသောက်ပြီး ခေါင်းလှည့်လိုက်ချိန် ကောင်တာရှေ့တွင်မှီနေသော သူမက သူ့အားကြည့်လျက် နူးနူးညံ့ညံ့လေး ပြုံးပြနေတာကို မြင်လိုက်ရ၏။
ကောင်လေးရဲ့မျက်နှာက ချက်ချင်းဆိုသလို အဝတ်စုတ်ကဲ့သို့နီရဲသွားကာ သူ့ကိုယ်သူဖော်ထုတ်လိုက်မိပြီဟုခံစားလိုက်ရသည်။ သူကချက်ချင်း ပြန်လှည့်၍ ခေါင်းငုံ့ကာ စာအုပ်အား အာရုံစိုက်နေပြီး အချိန်အတော်ကြာတဲ့အထိ ခေါင်းမော့မလာတော့ပေ။
ဝမ်ယွီက ယင်းတို့အားလုံးကိုမမြင်ခဲ့ပေ။ သူက ကျိအန်းနဉ်တစ်ယောက် ကောင်တာဘက်သို့ ထွက်သွားသည်နှင့် သူမရဲ့အကြောက်အလန့် ကင်းမှု ၊ လူယုတ်မာနှစ်ယောက်ကိုခြောက်ထုတ်လိုက်ပုံများကိုသာ မျက်လုံးထဲ ထပ်ခါတလဲလဲမြင်ယောင်နေမိသည်။သူက တအံ့တဩပြုံးလိုက်မိသည်။
သူရဲ့အကြံ သူရဲကောင်းက မိန်းမလှလေးကို ကယ်မယ့်အစီအစဉ်မှာ လုံး၀ပျက်ဆီးသွားချေပြီ။ ယနေ့ညအတွက် အစပိုင်းတုန်းကဆိုး၀ါးနေသော သူ့ စိတ်အခြေအနေမှာ လုံး၀ကောင်းမွန်သွားသည်။
သူက ကျိအန်းနဉ် ကောင်တာဘက်မှ ရှုချန်းထံသွားတာကို ကြည့်နေမိသည်။ သူမမျက်နှာတွင် ကြောက်ရွံ့ခြင်း သို့်မဟုတ် ထိတ်လန့်နေတဲ့ အရိပ်အယောင်မျိုးကို လုံး၀မမြင်ရပေ။
ဒါဆိုသူမဘာလို့ကျောင်းချန်ကိုကြောက်နေရတာလဲ...
သူခေါင်းကိုလှည့်ကာ ဆိုင်ထဲမှ ယခုလေးတင်ထွက်လာသော လူနှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့က ဝင်ပေါက်တွင်အနည်းငယ်ညဉ်းညူဆဲဆိုပြီးနောက် ဆိုင်နေရာမှအဝေးတစ်နေရာသို့အမြန်ထွက်သွားကြသည်။
သူ့မျက်လုံးတွေကအေးစက်သွားပြီး ကားဘေးသို့အမြန်သွား ကားတံခါးဖွင့်၍ ဝင်ထိုင်လိုက်သည်။
ထိုလူနှစ်ယောက်က အနီးအနားကတက္ကသိုလ်တစ်ခုမှကျောင်းသားများပင်။ သူတို့က ကျောင်းသို့ပြန်သွားရန်စီစဉ်နေကြသည်။
"သေစမ်း.. အဲ့မိန်းကလေးကတကယ်ကို တစ်ခုခုပဲ..."
"သေလိုက်ပါတော့ကွာ..ငါ့လက်ကောက်ဝတ်ကအခုထိနာနေတုန်းပဲ ကျိုးသွားပြီတောင်ထင်လိုက်တာကွ .."
"...ငါတို့ ဓါတ်ပုံရိုက်ခဲ့လား..."
"သေစမ်း...ငါတို့ငွေလည်းဆုံးပြီး လူလည်း ထိခိုက်ခဲ့သေးတယ်ကွ...ဘယ်လိုတောင်ကံဆိုးလိုက်သလဲ.."
သူတို့က စောင့်ကြည့်ကင်မရာမရှိသည့် လမ်းတစ်ဖက်ခြမ်းတွင်လမ်းလျှောက်ရင်း အပြစ်ပြောနေရာမှ ရုတ်တရက် သူတို့နောက်တွင် အားကောင်းတဲ့ မီးအလင်းက ထွန်းလင်းလာသည်။
သူတို့အံ့ဩတကြီးလှည့်ကြည့်လိုက်သော်လည်း အလင်းရောင်ကြောင့် သူတို့မျက်လုံးကို မဖွင့်နိုင်ပေ။ မသိစိတ်မှနေ၍ သူတို့မျက်လုံးကို ကာကွယ်ဖို့အတွက် လက်မြှောက်လိုက်ချိန်တွင် ရှေ့တည့်တည့်နေရာမှ ကားဘီးအသံကိုကြားလိုက်ရသည်။ ကားက အသံကျယ်ကျယ်ဟိန်းဟောက်လျက် လူသွားစင်္ကြန်ထံ အမြန်ပြေး၀င်လာ၏။
သူတို့နှစ်ယောက်မှာ အလွန်ထိတ်လန့်သွားရသည်။
အနက်ရောင်ကားရဲ့အရှိန်က ကြောက်မက်ဖွယ်ကောင်းသော်လည်း မောင်းနှင်သူက တိတိကျကျ ထိန်းချူပ်ထားသဖြင့် ကားကသူတို့အားမတိုက်မိခင် အချိန်မီလေး ကွက်တိတွင် ရပ်တန့်သွားသည်။
မည်သို့ပင်ဖြစ်စေ၊ ယခုလိုအခြေအနေမျိုးတွင် ဘယ်သူကများ တည်ငြိမ်နေနိုင်မည်နည်း။ သူတို့နှစ်ယောက်က ထိတ်လန့်တကြားနောက်ဆုတ်ရင်း မြေပြင်ပေါ်သို့လဲကျသွားသည်။
တစ်ယောက်က ခြေထောက်အဆစ်လွဲသွားပြီး ကျန်တစ်ယောက်ကမူ သူ့လက်မောင်းမှ နာကျင်မှုကြောင့် အော်ဟစ်လိုက်မိသည်။
အလင်းရောင်စူးနေတာကြောင့် သူတို့က ဘာကားအမျိုးအစားမှန်းမသိနိုင်ပေ။ သူတို့ကမြေပြင်တွင် လဲနေရာမှ မော့ကြည့်လိုက်ချိန်တွင် ထူးထူးခြားခြားရှည်ပြီးကြီးမားတဲ့ ကားအမျိုးအစားလို့သာ ခံစားနေရသည်။
ကားတံခါးပွင့်သွားပြီး ပြန်ပိတ်ရာမှ 'ဘန်း'ခနဲမြည်သံက ကျယ်လောင်ကာ ပဲ့တင့်သံထပ်နေသည်။
အရပ်ရှည်ရှည်ပုံရိပ်တစ်ခုခုကလျှောက်လာချိန်တွင် အလင်းရောင်က မှောင်မဲနေတဲ့ ပုံသဏ္ဍာန်ကိုသာ ချန်ထားပေးသည်။ သူက သူတို့အနားတစ်လှမ်းချင်းလှမ်းလာချိန်တွင် ကြောက်မက်ဖွယ် အော်ရာကို ထုတ်လွင့်ထားလေ၏။
____
Translated By IQ-Team.