အပိုင်း၂၅
Viewers 6k

🤚Chapter 25



တနင်္လာနေ့အစောပိုင်းတွင် ကျိအန်းနဉ်သည် စွန်းယာရှန့်၏ ထူးထူးဆန်းဆန်းအကြည့်ဖြင့်စိုက်ကြည့်နေတာကိုခံစားလိုက်ရသည်။ ထိုအကြည့်ထဲတွင် သဝန်တိုမှု၊မကျေမချမ်းဖြစ်မှု၊မလိုလားခြင်းတို့ပါဝင်နေ၏။


မုန့်ရှင်းယွီက သူမနားနားကပ်၍ တီးတိုးဆိုသည်။


"သူမဒီနေ့ဘာတွေဖြစ်နေတာလဲ..."


ကျိအန်းနဉ်က ခေါင်းခါလိုက်ကာ "ငါလည်းမသိဘူး..."


သူတို့စကားပြောနေစဉ်တွင် စွန်းယာရှန့်က သူမအားမကျေမချမ်း အကြည့်တစ်ချက်ထပ်ပို့ပြန်သည်။


ကျိအန်းနဉ်က မမြင်ချင်ယောင်ဆောင်၍ ခေါင်းငုံ့ကာမှတ်စုတိုလိုက်မှတ်နေလိုက်သည်။ သူမဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အသာလေးခန့်မှန်းလို့ရသည်။ 


ကြည့်ရတာ မနေ့က သူမ ဝမ်ယွီနှင့်ဆက်သွယ်ခဲ့တာဖြစ်နိုင်၏။


ဟိုအရှက်မရှိ ဝမ်ယွီက လူရမ်းကားဖြစ်ရုံတင်မက လူကြီးလူကောင်းဆန်သည့်အပြုအမှုမျိုးလည်း တစ်စိုးတစ်စိမှ ရှိသူမျိုးမဟုတ်။ အကယ်၍ သူသာစိတ်မပျော်ပါက တခြားသူတစ်ယောက်ကို အရှက်ခွဲဖို့အတွက်လည်း တုံ့ဆိုင်းနေမည်မဟုတ်ချေ။


သူမ၏အတိတ်ဘဝတွင် စွန်းယာရှန့်သည် ထပ်ခါထပ်ခါ ကိုယ့်ကို ကိုယ်အရှက်ခွဲနေခဲ့ပြီး သူမ၏ဒေါသကို ကျိအန်းနဉ်အပေါ်ပြောင်း ကာ ထွက်ပေါက်ရှာသည်။ သူမက ကျိအန်းနဉ်အကြောင်းဆိုးဝါးသည့် ကောလဟာလတွေကို လျှောက်ဖြန့်ကာ သူမက ဆင်းရဲတာကြောင့် ငွေသာမက်တဲ့ မိန်းကလေးအဖြစ် ကောလဟာလဖြန့်ရန် ကြိုးစားခဲ့သည်။


ကျိအန်းနဉ်သည် ဝမ်ယွီက မည်သို့သောလူနေမှုဘ၀တွင် ရှိနေနိုင်မှန်း သေချာမသိသော်လည်း အနည်းဆုံးကျောင်းတွင် သူက အလွန်ထူးဆန်းပြီး လိမ်မာပါးနပ်တာကို သူမသတိထားမိသည်။


ကျိအန်းနဉ်သည် အရင်ဘဝက သူ၏သူမအပေါ် မဆုတ်မနစ်ပိုးပန်းမှုနှင့်နှောင့်ယှက်ခဲ့ခြင်းကြောင့်ဖြစ်နိုင်သည်။ သူ့ရဲ့လိမ်မာပါးနပ်လွန်းပြီးအထက်စီးဆန်သော သဘောသဘာ၀ကြောင့် သူမ သူ့အပေါ် အလွန်သိချင်စိတ်များပြားလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ထိုလူက သူအလိုရှိသည့်လူကို မရနိုင်လျှင်သူက ပို၍ခေါင်းမာလာလေပင်။


သို့သော် သူမအလွန်ထိတ်လန့်သွားခဲ့ရသေးသည်။


ဘယ်လိုစွဲလမ်းမှုမျိုးကများ သူ့ချစ်သူဖြစ်ဖို့မလိုလားတဲ့မိန်းမတစ်ယောက်အတွက်နဲ့ လူ‌သတ်ဖို့အထိရူးသွပ်ခဲ့ရတာလဲ...


ကျိအန်းန‌ဉ် အဖြေမထုတ်နိုင်ပေ။


သူမတကယ်ကိုမတွေးကြည့်ရဲတော့...


သူမအပေါ် သူ့ရဲ့စွဲလမ်းမှုက သူ၏မွေးရာပါဗီဇဟုသာ သူမမှတ်ယူဆုံးဖြတ်လိုက်သည်။


သူမမှားနေတာများလား...


အလုပ်ရှုပ်လှသော မနက်ခင်းပြီးနောက် သူမက နေ့လည်စာအတွက် ကန်တင်းကို သွားရင်း ဝမ်ယွီကိုမြင်လျှင် သူ့ထံ ပြေးသွားလိုက်သည်။


‌ဤတစ်ကြိမ်တွင်မူ ဝမ်ယွီက သူမအား ဗိုက်ဟောင်းလောင်းနှင့်စောင့်မနေချေ။ သူက စားပြီးပြီးဖြစ်သည်။


"ကိုယ်မင်းအတွက်စားစရာမှာထားတယ်..." 


ဝမ်ယွီက သူမလက်မောင်းအားဆွဲကာ စားစရာများရှိရာသို့ဆွဲခေါ်သွားသည်။


ကျိအန်းနဉ်က ဝမ်ယွီနှင့်အတူ ကန်တင်းသို့သွားရန်အတွက် သဘောတူပေမယ့် သူမလက်ကိုတော့ သူ့ထံမှဆွဲထုတ်လိုက်သည်။


ဝမ်ယွီက သူမအား မျက်၀န်းထဲအထိရောက်သည့် ကျေနပ်ပြုံးများဖြင့်ကြည့်နေ၏။


ကျိအန်းနဉ်သည် သူနှင့်အတူ ဘေလ်တစ်ဝက်စီခွဲရှင်းခြင်း သို့မဟုတ် အစားအသောက်အတွက် ငွေစိုက်ပေးခြင်းမျိုးနှင့် ငြင်းခုန်လိုစိတ် မရှိပေ။


မူလက သူမသည် ယခင်ဘဝကလုပ်ခဲ့သလိုမျိုး ငွေနှင့်စပ်လျဥ်းပြီး ဝမ်ယွီနှင့် ရှင်းရှင်းလင်းလင်းစည်းခြားသတ်မှတ်နိုင်ရန် မျှော်လင့်ခဲ့သည်။


ယခုမူ အတိတ်ကို ပြန်တွေးကြည့်သောအခါတွင် သူမသည်ယခင်ဘဝ၌ဝမ်ယွီနှင့်ပတ်သက်လျှင်အရမ်းခေါင်းမာကာ ပိုလွန်းကဲလွန်းသည်ဟု ခံစားနေရပြီး ယင်းကြောင့်ပင် သူ့ထံတွင် မဖြစ်သင့်တဲ့ ချစ်ခြင်းမေတ္တာနှင့် အလိုဆန္ဒတို့ကို ဖြစ်ပေါ်စေခဲ့ပြီး သူအားသူမအပေါ်အလွန်အမင်း စွဲလမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။


ဤဘ၀တွင် ကျိအန်းနဉ်သည် ဝမ်ယွီကို အသင့်အတင့် ကောင်းကောင်းမွန်မွန် ဆက်ဆံချင်၏။


သူမက ပိုပြီး သဘောထားပျော့ပျောင်းလာသည်နှင့်အမျှ ကျိအန်းနဥ်အပေါ် ဝမ်ယွီ၏ စိုးမိုးခြယ်လှယ်လိုစိတ်က တစ်ဆင့် ချင်းစီ တိုးတိုးလာတာကိုမူ သူမ မသိပေ။


ဒေါ်လာထောင်ပေါင်းများစွာ သို့မဟုတ် သောင်းချီတဲ့ငွေများပင်လျှင် သူ့အတွက် သေးငယ်သည့် ငွေပမာဏဖြစ်နေရာ သူမက သူ့ကို ယွမ်ရာဂဏန်းလောက်ဖြင့် စိတ်အနှောင့်အယှက်ပေးမနေတော့ချေ။


"ဖြေးဖြေးချင်းစီစားလေကွာ..."ဝမ်ယွီက​ဆိုသည်။


"ဘာလို့ဒီလောက်‌မြန်မြန်စားနေရတာလဲ..."


သူက ကျိအန်းနဉ် အရမ်းမြန်မြန်စားနေတာကို သတိပြုမိသည်။သူမစားနေပုံက အမြင်မသင့်သော်လည်း သူမက ခပ်မြန်မြန် စားနေဆဲပင်။


ကျိအန်းနဉ်သည် သူမပါးစပ်ထဲမှစားစရာများအား အမြန်မျိုချလိုက်ပြီး  "လေ့ကျင့်ရေး..."


ဝမ်ယွီသည် သူမဘာကိုဆိုလိုမှန်းသူနားလည်လိုက်သည်။


ဝမ်ယွီသည် အစာကို ဖြည်းညှင်းစွာဝါးပြီး အရသာခံရန်နှင့် ခပ်မြန်မြန်စားခြင်းက အစာအိမ်အတွက် မကောင်းကြောင်း သူမကိုသင်ပေးလိုက်သည်။ သို့ပေမယ့် ကျိအန်းနဉ်က သူပြောလိုတာကိုနားလည်ပေမယ့် သူမရဲ့အလုပ်အကိုင်အတွက်ဗျာများရခြင်းဖြစ်၍ မသိချင်ယောင်ဆောင်ထားလိုက်၏။


"စားပြီးရင် အိမ်ပြန်မှာလား" ဝမ်ယွီက မေးသည်။ 


"အင်း" ကျိအန်းနဉ်က ခေါင်းမထောင်ဘဲ ပြန်ဖြေသည်။


ဝမ်ယွီသည် အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ သို့သော် ကျိအန်းနဉ်က ထမင်းစားနေတုန်းဖြစ်၍ သူမကိုအရင်ဆုံး လက်စဖြတ်စေကာ သူမကို မည်သည့်စကားမှမပြောဘဲ ငြိမ်ပြီးစောင့်နေဖို့ကလွဲလျှင် သူ့တွင် ရွေးချယ်စရာမရှိတော့ချေ။


စားပြီးသည်နှင့် ကျိအန်းနဉ်က သူမ၏ ပါးစပ်ကို သုတ်လိုက်ပြီး "ကျွန်မ အိမ်ပြန်မှာ..."ဟု ​ဆိုလိုက်သည်။


အဆုံးတွင် ဝမ်ယွီက ခပ်တိုတိုးညည်းညူး‌ရင်း မတ်တပ်ထရပ်ကာဆိုလိုက်၏။


  "ကိုယ်မင်းနဲ့လိုက်ခဲ့မယ်..."


ဝမ်ယွီ "မင်းရဲ့အဖွားကို နေပူဆာလှုံဖို့မခေါ်သွားတော့ဘူးလား...ကိုယ်မင်းနဲ့အဖော်အဖြစ်လိုက်ပေးမယ်လေ....အစာချေဖျက်ဖို့အတွက် ဒါက အကောင်းဆုံးနည်းလမ်းမဟုတ်ဘူးလား.."


ကျိအန်းနဉ်သည် တစ်ခဏမျှ တုံ့ဆိုင်းသွားမိသည်။ ဝမ်ယွီက သူမအမူအရာကို သတိပြုမိသဖြင့် ထပ်ပြောလိုက်သည်။


"ကိုယ်အပေါ်ထပ်ကိုမတက်ဘူး...မင်းကို အောက်ထပ်မှာပဲစောင့်နေမှာပါကွာ..."


နောက်ဆုံးအကြိမ်တုန်းက ဝမ်ယွီသည် ကျိအန်းနဥ်က သူ့အား သူမ၏အိမ်ထဲသို့မဝင်စေချင်မှန်းသတိပြုမိသည်။


လူနေအိမ်အဆောက်အဦးက အိုဟောင်းနေ‌ပြီး ကျိုးပဲ့ပျက်စီးနေ‌သောအိမ်နှင့်တူကာ ယခုအချိန်တွင် အိမ်ထောင်စုအနည်းငယ်လောက်သာ ထိုနေရာတွင်နေကြသည်။ အများစုမှာ ထိုအဆောက်အဦးမှပြောင်းရွေ့သွားကြပြီဖြစ်သည်။ ကျန်ရှိနေသောလူများက ကျောင်းထဲတွင် အပတ်တကုပ်ကြိုးစားရုန်းကန်းနေကြရသည့်သူများပင်။ အသစ်ဝင်ရောက်လာသော ဆရာဆရာမများက ထိုနေရာတွင် နေရမည်ထက် အပြင်တွင် ငှားရမ်းနေဖို့သာ ပိုအလိုရှိတာကို သူတို့ ကြားခဲ့ရသည်။


ကျိအန်းနဉ်သည်လည်းအလားတူအခြေအနေတွင် ရှိနေပြီး သူမ၏အိမ်အခြေအနေကို ခန့်မှန်းကြည့်နိုင်သည်။ လူတိုင်းက မိမိကိုယ်ကိုလေးစားမှုရှိကြသည်။ အထူးသဖြင့်မိန်းကလေးများပင်။ ထိုကြောင့် သူမ သူ့ကိုမမြင်တွေ့စေချင်သည်မှာ သဘာဝကျ၏။


သူတို့နှစ်ယောက်သည် ကျောင်းမှအတူထွက်ကာ လမ်းဖြတ်ကူးရင်းစကား‌တပြောပြောဖြင့် လမ်းလျှောက်နေကြသည်။


ဝမ်ယွီကမေးသည်။ 


"မနက်ဖြန် ကျောင်းပိတ်တယ်...အားလပ်ရက်မှာ ဘာလုပ်ဖို့အစီအစဉ်ရှိလဲ..."


"ကျွန်မ မနက်ပိုင်းတော့ လုပ်စရာမရှိဘူး..." ကျိအန်းနဉ်က ​ဆိုသည်။


"နေ့လည်ပိုင်းမှာ ကော်ဖီဆိုင်ကိုသွားစရာရှိပြီး ညဘက်တော့ တောင်ဘက်ဘားလမ်းကို သွားစရာရှိတယ်..."


ပိတ်ရက်တိုင်းက ထိုအတိုင်းသာ၊ ကော်ဖီဆိုင်က သာမန်ထက်ဖောက်သည်ပိုများတတ်သည်။ အချိန်ပိုင်းအလုပ်လုပ်တဲ့ မိန်းကလေးများသည် သူတို့ရဲ့ လှုပ်ရှားမှုများကို ‌စီစဉ်ထားလေ့ရှိပြီး အားလပ်ရက် ယူလေ့သိပ်မရှိပေ။ ကျိအန်းနဉ်သည် ရှုချန်းနှင့် တိုင်ပင်ထားသည်များရှိပြီး သူမတွင် အချိန်ရှိပါက အပိုဝင်ငွေရရန် အလုပ်ပိုလုပ်မည်ဟုလည်း ကြိုပြောထားသည်။


အားလပ်ရက်များ၌ သာမန်အလုပ်ချိန်တွင် ပိုက်ဆံပိုမပေးသော်လည်း သို့သော်အချိန်ပိုကြေးအတွက်မူ သုံးဆမျှ တိုးပေးလေ့ရှိသည်။


"ဒါဆိုရင် မနက်ပိုင်း လေ့ကျင့်ရေးစင်တာကိုလာခဲ့လိုက်လေ.."


ဝမ်ယွီက ကျိအန်းနဉ်အတွက် အချိန်စီစဉ်ပေးလိုက်သည်။


ကျိအန်းနဉ်    "...."


"အရင်ရက်က မင်းရဲ့ကန်ချက်တွေကို ကြည့်ရတာ အားနည်းပြီးအင်အားမရှိဘူး..."ဝမ်ယွီက သူမကိုကြည့်လျက်ပြောသည်။


"မင်းစောစောလာပြီး လေ့ကျင့်သင့်တယ် အဲ့ဒါက မင်းကို မထိခိုက်နိုင်ပါဘူး..."


ကျိအန်းနဉ်သည် ခြေလှမ်းနေတာရပ်ပြီး ဝမ်ယွီကို ကြည့်လိုက်မိသည်။


သူမတို့တွင် ထိုအချိန်ကဖြစ်ပျက်ခဲ့တာကို ပြောရန် အခွင့်အရေးမရှိသေးပေ ။


ဝမ်ယွီသည် သူမမျက်လုံးနက်နက်လေးထဲက ရှုပ်ထွေးနေတဲ့ အကြည့်ကိုမြင်သွားသည်။ သူက ချက်ချင်း လက်ကိုမြှောက်ကာပြောလိုက်သည်။


"ရပြီ...ကိုယ့်ကိုမဆုံးမပါနဲ့တော့ကွာ..."


ကျိအန်းနဉ်က သူမ၏ ပါးစပ်ကိုပိတ်ကာ တစ်ဖက်လှည့်၍ ရှေ့သို့ဆက်လျှောက်လိုက်သည်။


ဝမ်ယွီက အနောက်မှလိုက်သည်။


"မင်းကောင်းကောင်းနားလည်နိုင်မယ်လို့ ကိုယ်ထင်တယ်...ပြီးတော့ မင်းလိုမိန်းကလေးမျိုးက ဘာလို့တိုက်ခိုက်ရေးကလပ်ကိုလာရတာလဲ..."ဝမ်ယွီက စိတ်ရှုပ်ထွေးလျက် ​မေးလိုက်၏။


"ဘာကြောင့်များ မင်းက ကိုယ့်ဆီလာပြီး မကြာခင်ပဲ ကိုယ်ကျင့်တရားနဲ့ကျင့်ဝတ်ဆိုင်ရာ ဆရာမအဖြစ် ပြောင်းလဲသွားရတာလဲ..."


"တကယ်ကြီးလား..." ကျိအန်းနဉ်က မေးလိုက်သည်။


 " ဟိုလူနှစ်ယောက် ဘယ်လိုဖြစ်သွားလဲ..."


ဝမ်ယွီ "ကိုယ် သူတို့ကို အချက်ရေနည်းနည်းပဲ ကန်ခဲ့တာပါကွာ...ဘယ်လောက်ထိပြင်းနိုင်မှာမလို့လဲ...ကိုယ်က ပရော်ဖက်ရှင်တွေနဲ့ လေ့ကျင့်ထားတာမို့လို့ ကိုယ့်ခွန်အားကိုယ် ထိန်းချူပ်ထားနိုင်ပါတယ်ကွာ..."


"သူတို့က ရှင့်ကို တိုင်ကြားရင် ဒဏ်ရာအသေးစားဆိုရင်တောင်မှ ဥပဒေကြောင်းအရ အကျိုးဆက်တွေ ရှိတယ်မလား"     


ကျိအန်းနဉ်က လမ်းလျှောက်ရင်း မေးသည်။ 


သူမက ခေါင်းအနည်းငယ်ငုံ့ရင်း မြေပြင်ကို ကြည့်နေမိသည်။ ထိုနေ့မှ ဓာတ်ပုံများတွင် ထိုလူနှစ်ယောက်က မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ ယင်းက သူပြောသလို အသေးအဖွဲဟု မခံစားရချေ။


"ကိုယ်ကအဲဒီလောက်မိုက်မဲပါ့မလား"     


ဝမ်ယွီက လှောင်ပြောင်လိုက်ပြီး “ကိုယ်က လှုပ်ရှားဖို့အတွက် စောင့်ကြည့်ကင်မရာတွေ မရှိတဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့လမ်းကို ရွေးခဲ့တာ  အဲ့ဒီလူ့အမှိုက်နှစ်ယောက်က ကိုယ့်ရဲ့လိုင်စင်နံပါတ်ပြားကို မမြင်ရသလို ကိုယ့်မျက်နှာကိုတောင် မတွေ့လိုက်တာ ...သူတို့ ရဲခေါ်ရင်တောင်မှ ကိုယ့်ကိုရှာမတွေ့နိုင်ပါဘူး"


ဝမ်ယွီ၏ စကားသံက ယုံကြည်မှုအပြည့်နှင့်ဖြစ်နေသည်။


ဝမ်ယွီ၏အကြောင်းအားလုံး သူမသေချာမသိသေးကြောင်း ကျိအန်းနဉ် သဘောပေါက်သွားသည်။ သူမရဲ့ မှတ်ညဏ်ထဲတွင်သူ့အနားတ၀ိုက်တွင် ယောင်္ကျားလေးတွေနဲ့ ချစ်စရာကောင်းတဲ့မိန်းကလေးတွေ ဝန်းရံနေသည်ကိုသာ မှတ်မိနေခဲ့၏။


ကျန်တာတွေက သူ၏ အရှက်မရှိ ရက်စက်ကြမ်းကြုတ်သော အပြုအမှုတွေ၊ သူ့ရဲ့ ဆက်တိုက်ဆိုသလို နှောင့်ယှက်မှုတွေသာ။


သူက ချမ်းသာသော မိသားစုမှ လာကြောင်း သူမ သိသော်လည်း အသေးစိတ် အချက်အလက်များကိုမူ သူမ မသိသည့်အပြင် ၎င်း၏ နောက်ခံ၊ ချိတ်ဆက်မှုများ သို့မဟုတ် ကျောင်းဝင်းပြင်ပရှိ သူ့ဘ၀နေထိုင်မှုအကြောင်း သူမ ဘာမျှ သိပ်မသိခဲ့ချေ။


 "လူသတ်တာကရော..." 


ကျိအန်းနဉ်က ရုတ်တရက် အသံတိုးတိုးဖြင့် မေးလိုက်မိသည်။


ဝမ်ယွီက နားမလည်နိုင်ဖြစ်သွားသည်။


  "ဟမ်...."


ကျိအန်းနဉ်က လမ်းလျှောက်တာကို ရပ်လိုက်ပြီးနောက် သူ့မျက်လုံးတွေကို လှမ်းကြည့်ရင်း “နင်တစ်ယောက်ယောက်ကို သတ်ခဲ့ရင် ဥပဒေရဲ့ အပြစ်ပေးမှုကနေ ထွက်ပြေးနိုင်လား... ရှင့်ကိုဖမ်းမိပြီး သေဒဏ်ပေးခံရတာကို ရှောင်နိုင်မလား...” ဟု မေးလိုက်မိ၏။


ဝမ်ယွီ မျက်တောင်ခတ်လိုက်မိသည်။


ကျိအန်းနဉ်က စကားကိုပုံမှန် ဖြစ်ဟန်ပြောရန် ‌ကြိုးစားနေမိသည်။


" ကျွန်မဒီတိုင်း စိတ်ကူးယဉ်ကြည့်တာပါ..."


ဝမ်ယွီက ခပ်ဟဟရယ်မောလိုက်ပြီး "မင်းက အဝေးကြီးကို စိတ်ကူးယဉ်နေတာပဲ...အရမ်းအစွန်းစွန်ထိရောက်လွန်းသွားပြီ..ကန်ကျောက်တာကနေ လူသတ်မှုနဲ့ မီးရှို့မှုအထိ  ဖြစ်သွားပြီကွာ...” 


သို့သော် ယင်းက စိတ်ကူးယဉ်ရုံဖြစ်တာကြောင့် ခဏလောက် တွေးကြည့်ပြီးနောက် ယုံကြည်ချက်ရှိရှိပြောလိုက်သည်။


"လူတစ်ယောက်ကို တကယ်သတ်ချင်ရင် ကိုယ်က အရာအားလုံးကို သေသေချာချာ စီစဉ်ထားမှာ... အချိန်ကိုက်ဖြစ်ဖို့၊ နေရာ ၊ နည်းလမ်း ၊ အကုန်လုံးအရေးကြီးတယ်ကိုယ်သာ ရူးမနေဘူးဆိုရင် ဘယ်သူ့ကိုမှ သက်သေရှာတွေ့ခွင့်ပေးမှာမဟုတ်ဘူး..."


ကျိအန်းနဉ် သူ့အား ကြည့်ရင်း အနည်းငယ် အံ့ဩသွားမိသည်။


ထိုညတွင် သူက ကျောင်းချန် ကို ခေါင်မိုးအစွန်းပေါ်မှ ဆွဲထုတ်ကာ အေးစက်စက်ပြုံးရင်း"မင်းလည်း အတူတူပါပဲ"ဟုပြောခဲ့သည်။


ကျောင်းချန်က သူမ၏သေဆုံးမှုကို "သတ်‌သေခြင်း"အဖြစ်ပြောင်းလဲကာ သူ့တည်ရှိမှုလမ်းကြောင်းအားလုံးကို ဖျက်ကာ သူမ၏သန့်ရှင်းမှုကို ​ညစ်ထေးစေခဲ့၏။


 ဝမ်ယွီ... ဝမ်ယွီလည်း ဒီလိုပဲ လုပ်နိုင်ခဲ့မလား


ဒါပေမယ့် ဝမ်ယွီ ကို ဖမ်းမိလို့ စီရင်ချက်ချပြီး သေဒဏ်ပေးခံခံရတယ်လေ...


ကျိအန်းနဥ်သည် အချိန်ဝဲ‌ကတော့၌ မြင်ခဲ့ရသည့် မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်းမှတ်မိနေသေးသည်။


ဧည်တွေ့ခန်းထဲမှာ လူငယ်တစ်ယောက်က ဖန်သားမျက်နှာပြင်နောက်၌တယ်လီဖုန်းလက်ခံတဲ့စက်ကို ကိုင်ထားပြီး ပြုံးပြီးပြောလာ၏။


"မင်းက ဘာလို့ကျောင်းမျိုးနွယ်ကိုဆန့်ကျင်ပြီးရုတ်တရက်သူ့ကိုသတ်ချင်ခဲ့တာလဲ...မင်းရုတ်တရက် ရူးသွပ်မသွားသေးခင် ငါတို့ကို အာဏာပေးခဲ့တာ ကံကောင်းသွားတယ်... နောက်တစ်မျိုးပြောရရင် မင်းက စားပွဲခုံကို လုံး၀ လှန်ပစ်လိုက်တာပဲ ...မိန်းကလေးတစ်ယောက်အတွက် ထိုက်တန်လို့လား..."


သူမ ပြန်လည်မွေးဖွားတဲ့ နေ့ရက်တွေမှာ ကျိအန်းနဉ်သည် သူမ၏အတိတ်ဘဝက မြင်ခဲ့ရတဲ့ မြင်ကွင်းတွေကို ထပ်ခါတလဲလဲ ပြန်မြင်ယောင်ပြီး သူတို့ပြောခဲ့သည့် စကားတွေကို ပြန်စဉ်းစားနေခဲ့၏။


ဝမ်ယွီနှင့် ထိုလူငယ်က ဆန့်ကျင်ဘက် သို့မဟုတ် ရန်သူများပင်ဖြစ်ကြောင်း ထင်ရှားနေသည်။ ဝမ်ယွီက ကျောင်းချန်ကို သတ်လိုက်ပြီး တစ်ဖက်လူကသူ့ကိုထိခိုက်စေကာ ဖမ်းမိပြီး ထောင်ချကာ ရှုံးနိမ့်စေခဲ့သည်။


ဒါတွေအားလုံးက သူမကြောင့်ပဲ...


ထိုက်တန်လို့လား...


ကျိအန်းနဥ်သည် ၀မ်ယွီကို တိတ်တဆိတ်ငေးကြည့်နေမိသည်။


"ဘာမှားလို့လဲ.." သူက မေးသည်။


“နေမကောင်းဘူးလား..."


ကျိအန်းနဉ်၏ မျက်နှာက အရောင်ဖျော့လွန်းနေသည်။ ဝမ်ယွီက အမြဲတမ်း သူ့လက်၊ မျက်လုံး၊ စိတ်ဓာတ်၊ ပါးစပ်တို့ကလျင်မြန်သည်။ သူမေးလိုက်သည်နှင့် သူ့လက်ကလည်း ကျိအန်းနဥ်၏ပါးပြင်ကို ထိတွေ့လိုက်ပြီးဖြစ်၏။


သူမကို မထိဖို့ သတိပေးထားတာကို သူ ဂရုမစိုက်ပေ။


ကျိအန်းနဥ်မှာ စိတ်ခံစားချက် အကူးအပြောင်းကာလတွင်ဖြစ်နေသဖြင့် ဝမ်ယွီက သူမကို နောက်တစ်ကြိမ် ထိတွေ့ထားတာကို မသိလိုက်ပေ။


ဝမ်ယွီ၏ လက်ဖဝါးက ခြောက်သွေ့ပူနွေးနွေပြီး သူမရဲ့ပါးပြင်ကို ထိလိုက်ချိန်တွင် ထူးထူးခြားခြား နှစ်သိမ့်မှုတစ်ခုကို ခံစားလိုက်ရသည်။


ကျိအန်းန‌ဥ်သည် ကြက်သေသေနေမိပြီး မှောင်မိုက်အေးစက်သော အကျဉ်းခန်းထဲတွင် သူ့ကို ငုံ့နမ်းရန် ကြိုးပမ်းခဲ့တာကို သတိရလိုက်သည်။ သူမရဲ့ ဝိညာဉ်က ခန္ဓာကိုယ်မရှိတာကြောင့် သူ့နှုတ်ခမ်းများကို မထိတွေ့နိုင်ပေ ထိုအချိန်က သူမ အသည်းကွဲသလို ခံစားခဲ့ရ၏။


သို့သော် သူမမျက်လုံးကိုပင့်ကြည့်လိုက်ချိန်တွင် နေ့ခင်းကြောင်တောင်ကြီး သူမအရှေ့မှာ ရပ်နေ‌တဲ့ ဝမ်ယွီကို မြင်လိုက်ရပြီး သူ့အကြည့်တွေက တောက်ပပြီးလိမ်မာပါးနပ်‌နေရုံသာမက အနည်းငယ် လောဘကြီးလွန်းနေဟန်လည်းပေါက်နေသဖြင့်  ကျိအန်းနဉ်မှာ ရုတ်တရက် လက်တွေ့အချိန်ကို ပြန်ရောက်သွားရသည်။


သူမက ဝမ်ယွီ၏လက်ကို တွန်းဖယ်လိုက်ပြီး “ကျွန်မကို ကြုံသလို မထိနဲ့” 


ပြောပြီးသည်နှင့် လှည့်ပြီး အရှေ့ကို လျှောက်သွားလိုက်သည်။ ဝမ်ယွီက ရွှင်မြူးစွာ သူမအနောက်ကိုလိုက်သွားလိုက်သည်။


သူတို့ခြံဝင်းထဲကို ဝင်လာပြီးနောက် ကျိအန်းနဉ်က သူမအဖွားကို အောက်ထပ်ကို ခေါ်လာလိုက်၏။


မိသားစု အဆောက်အဦး၏ခြံဝင်းတွင် စပျစ်နွယ်ပင်များရှိသော ဥယျာဉ်ငယ်လေးရှိသည်။ ယခုလိုမွန်းတည့်ချိန်မျိုးတွင် မိသားစုဝင်းထဲမှာ လူသိပ်မရှိတော့ပေ။ အချို့သော သက်ကြီးရွယ်အို အမျိုးသား အမျိုးသမီး များက နေလည်စာစားပြီးပြီဖြစ်ရာအိမ်၌သာအစာ​ခြေနေကြသည်။ မည်သူကမှ အောက်ထပ်ကို လမ်းလျှောက်ရန် ဆင်းမလာကြပေ။ ခြံဝင်းထဲတွင် ကျိအန်းနဥ်နှင့် အခြားနှစ်ယောက်သာ ရှိလေသည်။


အဖွားကလည်း နေပူထဲမှာ ဆော့ရတာကို ပျော်နေသည်။ သူမ သည် ခြံဝင်းတစ်ဝိုက်တွင် သူမကျောဘက်၌ လက်နှစ်ဖက်ကိုယှက်လျက် အေးအေးလူလူ လမ်းလျှောက်နေသည်။


ကျိအန်းနဉ် နှင့် ဝမ်ယွီက သူမအနောက်မှ ဖြည်းဖြည်းချင်း လျှောက်နေကြသည်။


"ကြည့်ရတာ လူကောင်းအတိုင်းပဲ"  ဝမ်ယွီက မှတ်ချက်ပေးသည်။


အဖွားအောက်ထပ်ကိုဆင်းလာစဉ် သူမကဝမ်ယွီကို ဘယ်သူလဲ မေးရာ သူမနှင့် ဝမ်ယွီကို ကျိအန်းနဉ်က မိတ်ဆက်ပေးလိုက်သည်။


 အဖွားကပြုံးကာ ​ဆိုသည်။


 "ငါတို့အိမ်က နဉ်နဉ်နဲ့လာပြီးကစားတာလား..."


သူမက သာမန်လူတစ်ယောက်လိုပင်။


ကျိအန်းနဉ်က ပြုံးလိုက်ပြီး


"ဒီလိုမျိုးမြင်ရဖို့က အချိန်ယူရဦးမှာ..."


သို့သော် ဝမ်ယွီသည် ခြံဝန်းထဲတွင် အေးအေးဆေးဆေးလမ်းလျှောက်နေတဲ့ အဘွားကိုကြည့်ရင်း သူမရဲ့ဆင်ခြင်တုံတရားတချို့ တကယ်ကိုဆုံးရှုံးသွားမှန်း တဖြေးဖြေး နားလည်လာသည်။


သူကပြောသည်။


"ဒါကအသက်ကြီးလာတာနဲ့ လူကြီးတွေကို တစ်ယောက်တည်းထားလို့မရတော့ဘူးလို့ ပြောတာဖြစ်မယ်..."


ကျိအန်းနဉ်"အမှန်ပဲ..." 


အမှန်တွင် သူမက သူမကိုယ်သူမ ဂရုစိုက်နိုင်စွမ်းကို လုံးဝဆုံးရှုံးသွားခြင်းပင်။


ဝမ်ယွီက သူ့နှုတ်ခမ်းကို တွန့်ကွေးရင်းမေးလိုက်သည်။


"ဒါဆိုရင် ကိုယ်တို့ရော အနာဂတ်မှာ ဘယ်လိုဖြစ်လာမှာပါလိမ့်..."


ကျိအန်းနဉ်က မျက်လွှာချရင်း ပြောလိုက်သည်။


"ကျွန်မတို့ အနာဂတ် အကြောင်းနောက်မှ ပြောရအောင်...အခုလက်ရှိကိုပဲ အာရုံစိုက်ကြမယ်လေ..."


"အခုခေတ်မှာ သူမလိုမျိုး အသက်ကြီးတဲ့လူတွေကို ဂရုစိုက်ပေးဖို့အတွက် စောင့်ရှောက်ရေးဂေဟာတွေရှိမှာပေါ့ ဟုတ်တယ်မလား..." ဝမ်ယွီကထပ်မေးလိုက်သည်။


ကျိအန်းနဉ်က မယုတ်မလွန်သာ တုံ့ပြန်လိုက်သည်။


"ဟမ်း.."


ဝမ်ယွီသည် သူမ၏တုံ့ဆိုင်းမှုကို သတိထားမိသည်။ သူ့ဖုန်းကို ထုတ်ကာ စစ်ဆေးလိုက်ပြီးနောက် အခြားတစ်ဖက်ကိုလှန်ကာ ကျိအန်းနဉ်ကိုပြလိုက်သည်။


"ကြည့်လိုက်...ဒါကတစ်နှစ်မှာ ယွမ်တစ်သိန်းကျော်ပဲရှိတာ...အဲ့လောက်မများဘူး..."


"ကျိအန်းနဉ်တစ်ကယ်တော့..."


သူကျီစယ်ဟန်ဖြင့်ပြုံးလာပြီး သူ့အကြည့်များကမူ အနည်းငယ်စိတ်အနှောင့်အယှက်ပေးလို့နေသည်။


"ပါးစပ်ပိတ်ထား..."ကျိအန်းနဉ်က ပိတ်ပြောလိုက်၏။


ဝမ်ယွီကို ဟန့်တားရန်မှာ ဒီလောက်မလွယ်ကူပေ။ သူကပြုံးကာ သူမအား ပြောလိုက်သည်။


"ဒီကမ္ဘာမှာ ငွေနဲ့မဖြေရှင်းနိုင်တာမရှိဘူး..."


ရှိတာပေါ့ ဘာလို့မရှိရမှာလဲ...


အသက်...


လူတစ်ယောက်သေသွားသည်နှင့် အရာအားလုံးက အဓိပ္ပါယ်မရှိတော့ဘဲ နောင်တမှန်သမျှက အချည်းနှီးပင် ပိုက်ဆံက ဘယ်နားသွားအသုံးချလို့ရမှာလဲ...


ငွေက အသက်ကို ဝယ်လို့မရနိုင်ပေ...


ကျိအန်းနဉ်ကဘေးသို့ စောင်းကြည့်လိုက်သည်။


သူ့မျက်လုံးထဲက မီးတောက်လေးကို သူမမြင်နေရသည်။မည်သို့ပင်ဖြစ်စေ၊ အချစ် သို့မဟုတ် စွဲလမ်းမှုဖြစ်စေ သူက သူမအားအမှန်တကယ်အသက်ရှင်စေလိုခဲ့သည်။


သူ၏အတိတ်ဘဝတွင် သူက သူမအားမရခဲ့သော်လည်း သူမအတွက်နှင့် လူသတ်ဖို့အထိ ရူးသွပ်ကာ သူ့ဘဝတစ်ခုလုံးကို ပျက်ဆီးစေခဲ့သည်။


လူတွေက သူတို့မတတ်နိုင်တဲ့အရာအပေါ် အရမ်းအစွဲလမ်းကြီးတတ်ကြပေမဲ့ တစ်ကြိမ်လောက်သာ ပိုင်ဆိုင်ခဲ့ဖူးလျှင် ဖိနပ်စုတ်လိုမျိုး လွှတ်ပစ်တတ်ကြသည်ဟု ပြောကြ၏။


အထူးသဖြင့် မိန်းမတွေအပေါ်မှာပင်။


ဝမ်ယွီက ကျိအန်းနဉ်ကို ကြည့်ရင်းပြုံးပြလိုက်သည်။


သူမ ရုတ်တရက် ရပ်တန့်ပြီး သူ့ကို သေချာ ကြည့်မိသည်။သူမ၏ ရှည်လျားတဲ့မျက်တောင်ဟာ တစ်ဖျက်ဖျက်ခတ်နေပြီး သူမ မပြုံးနေလျှင်ပင် အသက်ရှုမှားလောက်အောင် လှလွန်းနေဆဲပင်။


ဝမ်ယွီ၏ နူတ်ခမ်းစွန်းက တွန့်ကွေးသွားပြီး သူမအား ကျီစယ်လိုတဲ့ ခပ်ညစ်ညစ်အပြုံးတစ်ခုပေးလိုက်သည်။ 


သူက သူမအားစနောက်ရန်တစ်ခုခုပြောရန်အလုပ် ကျိအန်းနဥ်က ရုတ်တရက် အရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကော်လာကို ဆွဲကိုင်လိုက်ပြီး....


ကြည်လင်လှသော ကောင်းကင်ပြာကြီးအောက်တွင် ကျိအန်းနဉ်သည် ခြေဖျားထောက်လျက် သူ့ကိုနမ်းလိုက်တော့၏။


_____


Translated By IQ-Team.