🤚Chapter 26
ကျိအန်းနဉ်က သူမမျက်လုံးတွေကိုမှိတ်လိုက်သည်။
ဝမ်ယွီ၏နှုတ်ခမ်းတွေက နွေးထွေးသလိုခံစားလိုက်ရ၏။
ကျိအန်းနဉ်သည် သူမ၏ အတိတ်ဘဝမှ ထိုနှုတ်ခမ်းတွေအပေါ် အတွေးတချို့ရှိခဲ့ဖူးသည်။ ဝမ်ယွီက သူမအား တောင်ဘက်တံတားလမ်းတွင် ပိတ်တားကာ သူမကိုတံခါးပေါ် တွင်ဖိလျက် သူမအား အတင်းအကျပ် နမ်းခဲ့ဖူးသည်။
ဝမ်ယွီက သူ့ပါးစပ်မှသွေးတွေကို သုတ်ပစ်လိုက်ရင်း သူမအား စူးစူးဝါးဝါးကြည့်လျက်ဆိုသည်။
"မင်း...ကိုယ် မင်းကို သောက်ကျိုးနည်းအောင်ကြိုက်တာကို မယုံနိုင်သေးတာလား ဟမ်..."
သူက ကျိအန်းနဉ်ကို မေးသည်။
"မင်းကို သက်သေပြဖို့ ဘာလုပ်ပေးဖို့လိုလဲ...ကိုယ့်အသက်ကို မင်းကိုပေးရမလား..."
ကျိအန်းနဉ်သည် ထိုအချိန်က အတော်လေးရယ်စရာကောင်းသည်ဟု ခံစားရသည်။
ဝမ်ယွီသည် အရှက်မဲ့ကာ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းမရှိတဲ့ချမ်းသာသည့် ဒုတိယမျိုးဆက်သာဖြစ်သည်။ သူက မိန်းမအပါအဝင် အရာအားလုံးကို ငွေနှင့် ဝယ်လို့ရသည်ဟု ယုံကြည်ထားခဲ့သူမျိုးပင်။ သူ့ရည်းစားကောင်မလေးဆိုတာကလည်းတစ်ခါသုံးမျှသာ ဖြစ်သည်။
ကျိအန်းနဉ်သည် သူ့အား အလွန်အမင်းစက်ဆုပ်ရွံရှာခဲ့သည်။
ဘယ်လောက်ပဲ သူမကို ဆိုးဆိုးဝါးဝါး ဒါမဟုတ် ရူးသွပ်လုနီးပါးဖြစ်နေပါစေ ငွေအတွက်နှင့် သူနဲ့အတူရှိမှာမှမဟုတ်တာ... သူမကို သူ့ရဲ့စုဆောင်းမှုတွေထဲကနေ တစ်ခါလောက်ဖြစ်ဖြစ် ချန်ထားခွင့်မပြုနိုင်ဘူးလား...
သူအသက်ကိုပေးမယ်ဆိုတဲ့စကားက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ ဒီကမ္ဘာမှာ သူတို့ရဲ့အသက်ကို တကယ်ဘယ်သူကများ လိုလိုလားလားပေးချင်မှာတဲ့လဲ...
သို့သော် အဆုံးတွင်မူ........။
ဝမ်ယွီသည် မိန်းကလေးအတော်များများရဲ့ လိုက်လံပိုးပန်းကာ ပွေ့ဖက်ခံခြင်းမျိုးစုံကိုခံခဲ့ရဖူးသော်လည်း ယခုအချိန်တွင်မူ သူ အမှန်တကယ် အံ့အားသင့်နေရသည်။
ယင်းက တခြားသူဆို အထွေအထူးမဟုတ်ပေမယ့် ကျိအန်းနဉ်ဆိုသည့် မိန်းကလေးက သူမဘာ့သာသူ့လက်မောင်းထဲ ပစ်ဝင်လာမည့် လူမျိုးမဟုတ်ပေ။
ဖြစ်နိုင်တာက ဖြစ်နိုင်တာက... သူမရဲ့အရင်က ငြင်းဆန်တာတွေ သတ္တိရှိရှိခုခံတာတွေ အားလုံးက သူမကို လိုက်စေချင်လို့များလား...
မဖြစ်နိုင်ဘူး...
ဝမ်ယွီသည် သူ့ထင်မြင်ယူဆချက်ကိုမယုံပေ။ သူ့အဖေ ဝမ်ကောအန်းဖြစ်စေ သူ့ရဲ့ သူငယ်ချင်းများဖြစ်စေ သူ့ရဲ့ လူတွေကို အကဲဖြတ်နိုင်စွမ်းအပေါ် အကုန်လုံးက ချီးကျူးကြသည်။ လူတွေကို အကဲဖြတ်နိုင်စွမ်းက လူတစ်ယောက် အောင်မြင်ရန် မရှိမဖြစ်လိုအပ်သည့် အရည်အချင်းတစ်ခုပင်။
ဝမ်ယွီသည် သူ ကျိအန်းနဉ်အပေါ် အကဲဖြတ်မမှားမှန်း ယုံကြည်သည်။ သူမက ကြမ်းတမ်းခေါင်းမာရုံသာမက ထူးထူးခြားခြား ညို့ယူနိုင်စွမ်းရှိပြီး သူ့ကို နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်နိုင်၏။
ဒီအနမ်းမတိုင်ခင်အထိ သူမရဲ့ အစစ်အမှန်ပုံစံကိုသာ သူ့ကိုပြထားတာပင်။
ထို့အတွက် သူ အလွန်အံ့အားသင့်နေရသည်။
ကျိအန်းနဉ်၏နှုတ်ခမ်း သူ့ထံမှဖယ်သွားပြီး သူ့နှုတ်ခမ်းထက်မှ အပူချိန်က ပျောက်ဆုံးသွားကာ အေးစက်စက် ခံစားရသည်အထိ သူ သူမကိုသာ တိတ်တဆိတ်ကြောင်ကြည့်နေမိသည်။
ကျိအန်းနဉ်၏ အကြည့်တွေကို သူဖတ်လို့မရဘူး...
"ဒီတော့ ရှင် ကျွန်မနဲ့အိပ်ချင်နေရုံလေး ဟုတ်တယ်မလား..."
သူမက ပြောလိုက်သည်။
"ဒါမဟုတ် မနက်ဖြန်ဆိုရင်ရော ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ မနက်ဖြန်မနက်ပိုင်း ဘာမှလုပ်စရာမရှိဘူး..."
ဝမ်ယွီ"...."
ဝမ်ယွီက သူမအား မတုံ့ပြန်နိုင်သေးခင်တွင် သူမကထပ်ပြောလေသည်။
"ဒါပြီးရင်တော့...ကျွန်မတို့ကိုယ့်လမ်းကိုယ်သွားကြတာပေါ့...ပြီးရင်တစ်ယောက်နဲ့တစ်ယောက် ဝင်မစွတ်ဖက်ကြေး...အဆင်ပြေလား.."
သူမအသံကနူးညံ့နေပြီး သူမကိုယ်သူမပြောနေသလိုဖြစ်နေသော်လည်း သူမက တစ်ချိန်လုံး ဝမ်ယွီ့ကိုပဲကြည့်နေခဲ့ကာ အမှန်တကယ်ကို သူနှင့် စကားပြောနေခြင်းဖြစ်သည်။
ကျိအန်းနဉ်ထင်သည်မှာ သူကသူမအား စွဲလမ်းနေရုံဟုပင်။ သူမရဲ့အတိတ်ဘဝတုန်းက ဝမ်ယွီသည် သူမအား စွဲလမ်းခဲ့သော်လည်း သူမကိုမရနိုင်ခဲ့သဖြင့် အရာအားလုံးက ဆိုးရွားတဲ့အဆုံးသတ်ထံ ဦးတည်သွားစေ၏။
ဘာကများ ဝမ်ယွီကို အချိန်အကြာကြီးကျေနပ်စေမဲ့ ဆန္ဒများလဲ...
ကျိအန်းနဉ်မှာ တကယ်တန်းကြ အရမ်းကို ကြောက်ရွံ့နေမိသည်။
သူမမှာရှိသမျှသတ္တိအားလုံးကိုစုကာ ဝမ်ယွီကိုကမ်းလှမ်းမှု လုပ်ခဲ့ပြီး သူ သူမကို "ဟုတ်ပြီ" ဒါမှမဟုတ် "ကောင်းပြီ"ဟု ပြောလာမည်ကို စောင့်နေခဲ့သည်။
ဒါမှသာ သူမနဲ့ သူ့ကြားက အတိတ်နှင့် လက်ရှိက အကြွေးတွေကိုဆပ်နိုင်မည်ပင်။
သူတို့နှာခေါင်းတွေက အလွန်နီးကပ်နေပြီး တစ်ယောက်ရဲ့မျက်လုံးထဲက အခြားတစ်ယောက်၏ ပုံရိပ်ကို အထင်းသားမြင်နေရသည်။
ဝမ်ယွီရဲ့ မျက်လုံးတွေက သူမမှတ်မိထားခဲ့သလို ပကတိနက်မှောင်နေခဲ့၏။
သူက အချိန်တစ်ခဏကြာအောင် တိတ်ဆိတ်သွားပြီးမှ မေးလာသည်။
"မင်းဘာကို ဆိုလိုတာလဲ..."
ကျိအန်းနဉ်သည် မျက်တောင်မခတ်ရဲတော့ပေ။ သူမမျက်တောင်ခတ်မိသည်နှင့် ထိုအခိုက်အတန့်လေး ပျောက်သွားမည်ကို စိုးရိမ်နေမိသည်။ သူမက ဝမ်ယွီ၏ မျက်လုံးတွေကို ကြည့်ရင်းပြောလိုက်သည်။
"ကျွန်မဆိုလိုတာက ရှင်လိုချင်တာမှန်သမျှကို ကျွန်မပေးနိုင်တယ် ....ပြီးရင်..."
"ဒါပြီးရင် ကိုယ်က ခွေးတစ်ကောင်လိုကျေနပ်နေရမယ်ပေါ့...ကိုယ့်ဆန္ဒတွေအကုန်လုံးကို တိတ်တဆိတ်ဖြည့်ဆည်းပြီးတာနဲ့ ရှောင်ထွက်သွားရမယ် ပြီးရင် နှောင့်ယှက်မခံရတော့တဲ့ မင်းဘ၀ကြီးက အေးချမ်းသွားမယ်ပေါ့လေ...ဟုတ်လား"
ဝမ်ယွီက စိတ်ပျက်လက်ပျက်ဖြင့် ရယ်မောလိုက်မိ၏။
မိန်းကလေးများက သူ့ရဲ့ ချမ်းသာမှုကြောင့်သာ သူ့ကိုလိုက်နေမှန်းသိသော်လည်း သူတို့ကျောင်းတွင် ချမ်းသာတဲ့သူတွေက သူတစ်ယောက်တည်းမဟုတ်ပေမဲ့လည်း သူက ဒုတိယမျိုးဆက်လူချမ်းသာမဟုတ်လျှင်ပင် မိန်းကလေးများအကြားတွင် ရေပန်းစားနိုင်ပါသေးသည်။
ဝမ်ယွီက သူ့ရုပ်ရည် သွင်ပြင်နှင့် ကိုယ်ပိုင်ဆွဲဆောင်နိုင်မှုအပေါ် အတော်လေး ယုံကြည်မှုရှိသူပင်။
သို့သော် ယခုချိန်တွင် ထိုယုံကြည်မှုက ကျိအန်းနဉ်၏ လုံး၀ ခြွေမွ ဖျက်ဆီးခြင်းကိုခံလိုက်ရသည်။
ဝမ်ယွီ ကောင်းကင်ကိုမော့ကြည့်လိုက်မိသည်။
ဝမ်ယွီသည် သူ့ခေါင်းကို ငုံ့ကာ ကျိအန်းနဉ်အား မမေးခင် သူ့မျက်နှာအား သူပွတ်သပ်လိုက်မိသည်။
"ကိုယ်...ကိုယ်က မင်းအတွက် အရမ်း စက်ဆုပ်စရာကောင်းနေလို့လား..."
ကျိအန်းနဉ်အတွက် ထိုအခိုက်အတန့်လေးမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားချေပြီ။ သူမက မျက်လွှာချရင်းဆိုလိုက်သည်။
"ကျွန်မ ရှင့်ကို မစက်ဆုပ်ပါဘူး..."
"ဒါဆို ဘာလို့လဲ..."
ဝမ်ယွီသည် သူ့ရင်ဘတ်ထဲလေများပြည့်လျှံသွားတဲ့အထိ ရှုသွင်းလိုက်မိသည်။
သူသည် ကလေးကတည်းက လူတကာချစ်ခင်ပြီး ချီးကျူးလေးစားခံခဲ့ရသူပင်။
ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ်"ငါ နင်နဲ့တစ်ကြိမ် အိပ်ပေးမယ် ပြီးရင်တော့ ငါ့ကို လိုက်မနှောင့်ယှက်ဖို့တောင်းပန်ပါတယ်"ဆိုသည့် ရဲတင်းသည့် အပြုအမှုမျိုးကို ကြုံတွေ့လိုက်ရတာပင်။
ဒါက တကယ်ကို သူ့အမြင်တွေကို ကျယ်ပြန့်စေလုနီးပါးပဲ...
"ကျွန်မ..."ကျိအန်းနဉ်သည် အောက်သို့ကြည့်ရင်း တိုးတိုးလေးပြောလိုက်၏။
"ကျွန်မ ရှင့်ကို ကြောက်လို့..."
ဝမ်ယွီ အေးခဲသွားရသည်။
ကျိအန်းနဉ်က ရုတ်တရက် အဝေးကို ကြည့်ရင်း သူမအဖွားကို အော်ခေါ်လိုက်သည်။
"အဖွား..."
"အဖွား ဒါကို ခူးလို့မရဘူးလေ ဒါတွေက အရိုင်းပင်တွေဟင်းသီးဟင်းရွက်မဟုတ်ဘူး..."
သူမက သူမအဖွားခြံဝန်းထဲမှ အရွက်တွေလျှောက်ခူးနေတာကို ရပ်တန့်စေလိုက်သည်။
အသက်ကြီးကြီး အမျိုးသမီးကြီးမှာ ဟင်းရွက်ရိုင်းများကို ခူးရတာကို အကျင့်ဖြစ်နေပုံရသည်။ ယခုအခါ သူမ၏ စိတ်ရောဂါကြောင့် ခြံထဲတွင် အလှဆင်ထားသော အပင်များကို မကြာခဏဆိုသလို မှားယွင်းစွာခူးစွပ်နေမိ၏။
ဝမ်ယွီသည် စပျစ်ပင်အောက်၌ ထိုင်ပြီး ဒူးပေါ် တံတောင်ဆစ်ထောက်တင်ကာ ကျိအန်းနဥ်ကို စိုက်ကြည့်နေသည်။
ကျိအန်းနဉ်သည် သူမအဖွားတွက် အဖော်ပြုပေးရင်း နေရောင်ထဲတွင် အေးအေးဆေးဆေးလမ်းလျှောက်နေပြီး သူမအဖွားမောလာသည်ဟု ခံစားရချိန်တွင် အပေါ်ထပ်ကို ပြန်ပို့ရန် ကူညီပေးလိုက်သည်။ သူမအဖွားတစ်ရေးတစ်မော အိပ်သွားတာကို သေချာစောင့်ကြည့်ပြီးနောက် စောင်ခြုံပေး၍ အောက်ထပ်ကို ဆင်းလာလိုက်သည်။
အရှေ့တံခါးမှ ဆင်းလိုက်သည်နှင့် ဝမ်ယွီက သူမကို စောင့်နေဆဲဆိုတာကို တွေ့လိုက်ရသည်။
ဝမ်ယွီက စပျစ်ပင်အောက်တွင်ထိုင်နေပြီးခြေတစ်ချောင်းထောက်၍ တိုင်ကိုမှီထားသည်။ သူသည် လက်တစ်ဖက်က သူ၏ကွေးထားသော ဒူးပေါ်တင်ထားပြီး ကျန်တစ်ဖက်က ဖုန်းကို ကိုင်ထားသည်။ သူ့ရဲ့ရှည်လျား သွယ်လျသည့် လက်ချောင်းများဖြင့် ဖုန်းကို ကိုင်ထားသည့်ပုံမှာ ကတ်ကစားနေသည်နှင့်ပင်တူနေ၏။
သူမအောက်သို့ဆင်းလာတာကို မြင်လျှင် သူက ဖုန်းဆော့နေသည်မှ ရပ်ကာ မတ်မတ်ရပ်လိုက်သည်။
"သွားကြစို့..." သူက ခေါင်းငြိမ့်ကာ ဂိတ်ဘက်သို့ထွက်သွားသည်။
"အတန်းတက်ချိန်ရောက်ပြီ.."
နေရောင်အောက်တွင် ဝမ်ယွီက ထူထဲပြီး သပ်ရပ်လှပသော မျက်ခုံးမွှေးနှင့် အရပ်ရှည်ရှည် ဖြောင့်ဖြောင့်မတ်တပ်ရပ်နေသည်။ ကျိအန်းနဉ်သည် သူ့အား နမ်းဝံ့သည့် သတ္တိကို ယခု မည်သည့်နေရာတွင် ပြန်သွားရှာရမလဲ မသိတော့ချေ။
သူမ အလိုလို နောက်ပြန်ဆုတ်သွားမိသည်။
ဝမ်ယွီက သူမထံသို့ ခြေလှမ်းကျဲကျဲနှင့် ပြန်လျှောက်လာပြီး သူ့မျက်လုံးတွေကမူ ပြင်းထန်ကာ ရန်လိုမှုတွေနှင့် ပြည့်နှက်နေသည်မှာ သူ နီးကပ်လာသည်နှင့်အမျှ မည်သူမဆို သူ၏အရှိန်အဝါကိုခံစားသိရှိနိုင်၏။
ကျိအန်းနဥ်သည် အလိုလို နောက်တစ်လှမ်းထပ်ဆုတ်လိုက်မိသည်။
"ဘာကိုကြောက်နေတာလဲ" ဝမ်ယွီကဖိအားပေး မေးလာသည်။
“မင်း အခုမှ သတ္တိမရှိတော့ဘူးလား..."
သူက စကားပြောနေစဉ်အတောအတွင်း သူလက်ကိုဆန့်ထုတ်ကာ ကျိအန်းနဥ်၏နှုတ်ခမ်းကို ပွတ်လိုက်သည်။ ယခုလိုရှုပ်ယှက်ခတ်နေသည့် အခိုက်အတန့်တွင် သူမသည် သူ၏ထိတွေ့မှုမှ မလွတ်မြောက် နိုင်ခဲ့ပေ။
ကျိအန်းနဥ်က ဝမ်ယွီ၏ လက်ကောက်ဝတ်ကို အမြန်ဆုပ်ကိုင်လိုက်သည်။
သူတို့မျက်လုံးတွေက စက္ကန့်အနည်းငယ်ကြာအောင် တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေမိကြသည်။
ဝမ်ယွီက ပြုံးလိုက်ပြီး သူ့လက်ဖဝါးကိုဖြန့်ကာ သူမကိုပြန်လွှတ်ပေးလိုက်ဖြင့် ကျိအန်းနဥ်ကလည်း လွှတ်ပေးလိုက်သည် ။
“သွားကြစို့၊ ကိုယ်တို့ အခုမထွက်ရင် နောက်ကျလိမ့်မယ်” ဝမ်ယွီက လှည့်ထွက်သွားတော့သည်။
ကျိအန်းနဥ်သည် သူမရဲ့ပခုံးတွေကို ဖြေလျှော့ပြီးနောက် အမြန်ခြေလှမ်းအနည်းငယ်လှမ်းကာ သူနှင့်အတူ လျှောက်သွားလိုက်သည်။
"တကယ်ပြောတာ မင်းဘာကိုကြောက်နေတာလဲ"
ဝမ်ယွီက မေးသည်။
သူ့ ခေါင်းကို လှည့်လိုက်တော့ ကျိအန်းနဉ်ရဲ့ နက်မှောင်ပြီး ပျော့ပျောင်းနေဟန်ရှိသော ဆံကေသာတွေကို တွေ့လိုက်ရသည်။
ကျိအန်းနဥ်က ခေါင်းကို အနည်းငယ်ငုံ့ကာ “ရှင်တစ်ယောက်တည်းကို ကြောက်နေမိရုံ”
ဝမ်ယွီကို အတိတ်ဘဝနှင့် အနာဂတ်ကံကြမ္မာတွေ ရောနှောပါဝင်နေတဲ့ ကိစ္စတွေကို သူမ အလွယ်တကူမရှင်းပြတတ်ပေ။
ခဏကြာ တိတ်တဆိတ်လမ်းလျှောက်လာပြီးနောက် ဝမ်ယွီက ရုတ်တရက် မတွေးတောဘဲ ပြောလိုက်မိသည်။
"ကိုယ်ကအမျိုးသမီးတွေကို မရိုက်ဘူး"
ကျိအန်းနဥ်က မော့ကြည့်လိုက်မိသည်။
"ဟမ်..."
"မင်းက အိပ်ရာထဲထိသွားချင်တယ် ဒါပေမယ့် ကိုယ့်ကိုကြိုက်လို့မဟုတ်ဘူး...မင်းက ကိုယ်တစ်ခြားသူကို ရိုက်သလို မင်းကိုရိုက်မှာကို ကြောက်နေတာလား.." ဝမ်ယွီက မေးလိုက်သည်။
"မဟုတ်ပါဘူး..."ကျိအန်းနဉ် ငြင်းလိုက်သည်။
အတိတ်ဘဝတွင် သူက သူမလက်အား ခပ်တင်းတင်းဆုပ်ကိုင်ထားခဲ့သည်မှာ လက်ရာ ထင်လာသည့်အထိပင်။ သူကမတောင်းပန်ခဲ့ပေမယ့် သူ့မျက်လုံးတွေက နောင်တရနေတာကို သိသိသာသာ ပြနေခဲ့သည်။ ထိုတစ်ကြိမ်တစ်ခါတည်းသာ သူက သူမအား နာကျင်စေခဲ့ပြီး ထိုသို့ ထပ်မဖြစ်တော့ပေ။
ဒါဆို သူမတကယ်ဘာကို ကြောက်နေမိတာလဲ...
ဝမ်ယွီသည် သူမကို ကြည့်ကာ လမ်းဖြတ်ကူးရန် လမ်းမပေါ် ခြေဆန့်လိုက်သည်။ ကျိအန်းနဉ်က ရုတ်တရက် ဝမ်ယွီ၏လက်မောင်းကို ကိုင်ကာ နောက်သို့ဆွဲခေါ်လိုက်သည်။
ဘက်ထရီပါ စကူတာလေးတစ်စီးက မီးနီပြကာ ဝမ်ယွီဘေးမှ ဖြတ်မောင်း သွားသည်။
ဝမ်ယွီ "...."
သေစမ်း လူပြန်ဝင်စားဖို့ အလျင်စလိုလုပ်မိတော့မလို့...
သို့ပေမယ့် ကျိအန်းနဉ်က သူနှင့် လက်ချင်းချိတ်ထားသလိုမျိုးဖြစ်နေတာကြောင့် သူမလက်ကို သူ့လက်မောင်းဖြင့် ချုပ်ထိန်းကာအခွင့်အရေးအရယူလိုက်၏။
ကျိအန်းနဉ်က ပြောစရာမဲ့စွာဖြင့် သူမလက်ကို အတင်းပြန်ဆွဲထုတ်လိုက်ပြီး သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။
ဝမ်ယွီက သူတို့လမ်းဖြတ်ကူးပြီး ကျောင်းတံခါးကို ရောက်ခါနီးတွင် မေးလိုက်သည်။
"မင်းကိုယ့်ကို အခုပြော လို့ရပြီလား...မင်းဘာကိုတကယ်ကြောက်တာလဲ..."
"ကျွန်မရှင့်ကိုပြောပြီးပြီလေ..."ကျိအန်းနဉ်က ဆိုသည်။
"အဲ့ဒါ ဒီအတိုင်း ရှင့်ကိုလို့..."
"ဘာစကားမှ မပြောနဲ့တော့.."
ဝမ်ယွီက သူ့သွားတွေကို ကြိတ်လိုက်မိသည်။
ကျိအန်းနဥ်က သူမမျက်ခုံးကို ပင့်လိုက်ပြီး "ဒါက အမှန်တရားပဲ"
နေရောင်ခြည်သည် ပန်းနုရောင်ဖျော့ဖျော့ နှုတ်ခမ်းများဖြင့် ကြွေထည်ဖြူဖြူနုလေးနှင့်တူသည့် သူမ၏မျက်နှာပေါ်သို့ ဖြာကျလာသည်။
ဝမ်ယွီ ရုတ်တရက် နောင်တရသွားသည်။
"မင်းရဲ့အစောပိုင်းအကြံပြုချက်ကို ကိုယ်လက်ခံတယ် မနက်ဖြန်မနက်လို့ သတ်မှတ်လိုက်ကြရအောင်"
သူက သူမနှုတ်ခမ်းကို ဖြတ်ခနဲနမ်းလိုက်ပြီး သူ့အသံကို အရှက်မရှိတဲ့ လူယုတ်မာပုံစံသို့ပြောင်းလိုက်သည်။
"ဒါမှမဟုတ် ဒီညနေလည်း အဆင်ပြေတယ်၊ မင်းတစ်နေကုန်နားလို့ရတယ်"
ကျိအန်းနဉ်"..."
ကျိအန်းနဥ်သည် အစောပိုင်းက သူမကိုယ်ကိုသူမ ပျောက်ကွယ်သွားချင်မိပြီး ရုတ်တရက် နားရွက်များ ပူလောင်လာသည်။
“နောက်ကျသွားပြီ တိုင်ပင်မကိုက်တော့ဘူး"
သူမက ပြောပြီးသည်နှင့် ထွက်ပြေးသွားတော့၏။
"သေစမ်း...ဘာလို့ဒီလိုဖြစ်သွားရတာလဲ"
ဝမ်ယွီက သူမအနောက်မှ ဝမ်းနည်းစွာအော်ဟစ်လိုက်သည်။
"ဒါဆို မနက်ဖြန်မနက် ကလပ်ကိုလာနော်...ကြားလား-"
ကျိအန်းနဉ်၏ အသံက အဝေးမှထွက်လာသည်။
"သိပြီ-"
နေ့ခင်း စာသင်ချိန်၌ ဝမ်ယွီသည် တစ်လျှောက်လုံး ဘောပင်ကိုအဆက်မပြတ် လှုပ်ယမ်းနေကာ ပါးစပ်ထောင့်တွင်မူ ခပ်ဖျော့ဖျော့ အပြုံးလေးတစ်ခုကိုဆင်မြန်းထား၏။
ချန်းဟောင်သည် သည်းမခံနိုင်တော့သဖြင့် အားလပ်ချိန်တွင် မေးလိုက်သည်။
"ဘာသတင်းကောင်းမို့လဲ... မင်းက အခုမှ ပွင့်တဲ့ ဂန္ဓမာပန်းလို ပြုံးနေရတာလဲ"
ဝမ်ယွီသည် အနမ်းအတွက် ရယ်မောနေမိတာဖြစ်သလို ကျိအန်းနဉ်က သူ့ကို မကြိုက်ကြောင်း ပြောတာကိုလည်း ပြန်တွေးရင်း ရယ်မောနေမိတာပင်။
သူက ချန်းဟောင်ကို ဘောပင်ဖြင့် ပစ်ပေါက်လိုက်ပြီး "မင်းသောက်လုပ်သာ မင်းလုပ်စမ်းပါ...."
ချန်းဟောင်က သူ့ရင်ဘတ်သို့ ပစ်ထည့်လိုက်သည့်ကျည်ဆံကို လွတ်လွတ်ကင်းကင်းတိမ်းရှောင်လိုက်ပြီး မေးစေ့ကို မော့လျက်ဆိုလိုက်သည်။
"ငါကျိအန်းနဥ်ကို ကြိုက်တယ် ....ငါ သူ့ကို ခေါ်ခဲ့ရင်တောင် မင်း သောက်လုပ်မဟုတ်ဘူး....”
ဝမ်ယွီရဲ့ချေမိုးပုံကို အတုယူပြီး ချန်းဟောင်က ကောင်းကောင်းလေးပြန်သရုပ်ဆောင်ပြလိုက်၏။
ဝမ်ယွီက ထိုင်ခုံကို ပိတ်ကန်လိုက်ပြီး “သွားစမ်းပါ..."
သူကဆက်၍ ဆိုသည်။
"စွန်းခိုင်ကို ဒီည လာခဲ့ဖို့ ပြောလိုက် ငါ သူ့ကို သေသေချာချာ လေ့ကျင့်ပေးမယ်လို့"
"သူ့ကို ပြန်လေ့ကျင့်ပေးမယ် ဟုတ်လား"
ချန်းဟောင်၏ မျက်လုံးများ ပြူးကျယ်သွားကာ "မနေ့ညက မင်းကို သူက သနားဖို့ ငိုယိုပြီး တောင်းပန်ပြီးပြီလေ အားလုံးပြီးသွားတော့ မင်း သူ့ကို ဘာထပ်လုပ်ခဲ့သေးတာလဲ...."
"သူနဲ့ထိုက်တန်တယ်..."
ဝမ်ယွီက လှောင်ပြောင်လိုက်ပြီး "ဒါက ကျောင်းဆိုရင်တောင် သူက ငါ့ရဲ့ဂျူနီယာ ညီငယ်လေးပဲ...ဒါကြောင့်သူ ငါ့ကို ဆန့်ကျင်နေတာမျိုးကို လက်မခံနိုင်ဘူး....အကယ်၍ ဒါကသာကုမ္ပဏီမှာဖြစ်တာဆိုရင် အခြားသူဆီက အကျိုးအမြတ်ယူရုံတင်မကဘူး အခြေခံလူ့ကျင့်ဝတ်တောင် ဂရုမစိုက်တာ ငါသူ့ကို ဟိုးကတည်း အလုပ်ဖြုတ်ပစ်လိုက်ပြီ..."
ရုတ်တရက်ကြီး ဒါက ဘယ်လိုလုပ် လူ့အဖွဲ့အစည်းကြီးနဲ့ သက်ဆိုင်သွားတာတုန်း...
ချန်းဟောင်သည် ရိုးသားကြိုးစားတဲ့ကျောင်းသားပဲဖြစ်သေးတာကြောင့် ခေါင်းငုံ့ကာ အကြောက်တရားအချို့ဖြင့်မေးလိုက်သည်။
"အဲ့ဒါက အရမ်းပြင်းထန်မှာလား..."
ဝမ်ယွီက နှာခေါင်းရှုံ့ပြလိုက်ပြီးနောက် တိတ်တဆိတ်သာနေလိုက်၏။
သူ့မျက်လုံးထဲတွင် ကျောင်းကကျောင်းသားတွေဘဝကရိုးရှင်းလွန်းသည်။ သူ ပထမနှစ်တုန်းက ချန်းဟောင် နှင့် တခြားသူတွေဖြင့် ပေါင်းသင်းနိုင်ခဲ့ပေမဲ့ အချိန်ကြာလာသည်နှင့်အမျှ အတူရှိတဲ့အချိန် နည်းလာသည်။ ယခုချိန်တွင် သူက သူ့အသိုင်းဝိုင်းရှိ မိတ်ဆွေတွေနှင့် အဓိကထားပြီး ပေါင်းသင်းနေတာပင်။
ကျိအန်းနဉ် ရုတ်တရက်ပေါ်လာမှုကြောင့်သာမဟုတ်လျှင် သူက တိုက်ခိုက်ရေးကလပ်ကို လက်လွှတ်လိုက်တာအတော်ကြာပြီပင်။
ကျိအန်းနဥ်ကို တွေးမိသည်နှင့် တောက်လောင်လိုသော ဒေါသတချို့ကို ခံစားလိုက်ရသည်။
ကုမ္ပဏီတွေက များသောအားဖြင့် လျှောက်ထားသူတွေကို ကမ်းလှမ်းချက်ကို တုံ့ပြန်ရန် ရက်အတော်ကြာ အချိန်ပေးလေ့ရှိပေမယ့်လည်း သူမကမူ ကမ်းလှမ်းချက်ကို လျင်မြန်စွာ သက်တမ်းကုန်ပြီဟု ဆိုကာ ရုတ်သိမ်းသွားသည်။
ငါနောင်တရမိတယ်...အခုတော့အရမ်းနောက်ကျသွားပြီ...အိုက်ယား...
သူက စိတ်ပျက်လက်ပျက်ဖြင့် အံတင်းတင်းကြိတ်လိုက်မိသည်။
"ဝမ်ကော ဝမ်ကော ..." ချန်းဟောင်က သတိထားပြီး သူ့ကိုခေါ်လိုက်သည်။
"အဆင်ပြေရဲ့လား..."
သူ့အမူအရာရုတ်တရက် ပြောင်းလဲသွားတဲ့ပုံက အနည်းငယ် စိုးရိမ်စရာပင်။
ဝမ်ယွီက သူ့အား ကြည့်ကာ နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီးမှ နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။
"ငါအတော်ဆိုးတယ်လို့ ခံစားရတယ်.."
"ဟမ်..ဘာမှားနေလို့လဲ.."ချန်းဟောင်က မေးသည်။
" ကော ဆေးရုံသွားဖို့လိုလား..."
"မင်းပဲ ငရဲကိုသွားလိုက်...ငါ့ရင်ထဲမှာ အရမ်း ဆိုးရွားနေသလို ခံစားရတယ်လို့ ပြောတာကွ..." ဝမ်ယွီ ကျိန်ဆဲလိုက်၏။
ချန်းဟောင် "...."
ဝမ်ယွီသည် ကောင်းကင်သို့မော့ကြည့်ကာ သက်ပြင်းမောချလိုက်မိသည်။
"ငါ့ပါးစပ်အရှေ့မှာ အရမ်းအရသာရှိတဲ့ အသားတုံးတစ်ပိုင်းရှိနေပေမယ့် ငါစိတ်ထဲမှာ ဘာဖြစ်နေမှန်းမသိလို့ မစားလိုက်ရတဲ့အပြင် စကားပဲပြောခဲ့ရတယ်..."
ချန်းဟောင်."....???"
တကယ်တော့ အိပ်ပျော်သွားရင် စကားမပြောကြတော့ဘူးမလား...။
ဝမ်ယွီသည် သူ့ကိုယ်သူသာ အပြစ်တင်နေမိ၏။
"ငါတော်တော်ရူးခဲ့တာပဲ..."
___
Translated By IQ-Team.
မမနဥ်နဥ်တို့က ကမ်းလှမ်းချက်ကိုချက်ချင်းလက်ခံမှရတာနော်...သက်တမ်းအကုန်မြန်လို့🤭