အပိုင်း၂၇
Viewers 7k

🤚Chapter 27



ကျိအန်းနဉ် စာသင်ခန်းထဲ၀င်လာသည့်အခါ အခန်း၏လေထုက ထူးဆန်းနေသည်ကို  အာရုံစိုက်မိသွားသည်။ လူအချို့က သူမကို အဓိပ္ပာယ်ပြည့်၀သည့်အကြည့်နှင့် ကြည့်နေကြပြီး အထူးသဖြင့် ယောက်ျားလေးများကစိတ်ပျက်နေသည့်ပုံပေါ်နေသည်။  


ကျိအန်းနဉ် သူမခြေလှမ်းကို ရပ်လိုက်သည်။ 


သူမ ဤအကြည့်များကို ရင်းနှီးနေသည်။ 


သူမပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ မုန့်ရှင်းယွီက သူမကိုလက်ပြနေသည်အား တွေ့လိုက်ရသည်။ သူမလမ်းလျှောက်လာပြီး မေးလိုက်သည်။


"လူတိုင်း ဘာဖြစ်နေကြတာလဲ... တစ်ခုခုထူးဆန်းနေတယ်..."


မုန့်ရှင်းယွီက သူမအသံကိုနှိမ့်ပြီး ဒေါသထွက်စွာပြောလိုက်သည်။


"စွန်းယာရှန့်က နင့်မကောင်းကြောင်းတွေ ပြောထားတယ်..."


ဤအဖြေက ကျိအန်းနဉ်မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည်။ 


သူမကိုတိုက်ခိုက်ရန် သိမ်မွေ့သည့်နိမိတ်အနေဖြင့် စွန်းယာရှန့်၏အသရေဖျက်ခြင်းက စတင်နေပြီဖြစ်သည်။ 


ယခုအချိန်၌ ညင်သာသည့် လေပြေလေညင်း၊ မိုးစက်အနည်းငယ်နှင့်အတူ အေးစက်မှုအချို့လည်းရှိနေသည်။ နောက်ပိုင်းတွင် ပိုဆိုးလာပြီး မိုးသည်းထန်စွာရွာကာ လျှပ်စီးများလျှပ်ပြီး မည်သည့်နေရာကိုမှ ပြေးပုန်း၍မရတော့ပေ။ 


မုန့်ရှင်းယွီက ဒေါသထွက်နေဆဲဖြစ်ပြီး ပြောပြနေသည်။


 "ငါသူနှင့် ငြင်းနေခဲ့သေးတယ်... သူက အရမ်းလန့်ပြီးတော့ ထေ့ငေါ့နေတဲ့အမူအရာနဲ့ပြောနေတာ အရမ်းစိတ်တိုစရာကောင်းတာပဲ... နင် ဘာလို့ပြုံးနေတာလဲ..."


ကျိအန်းနဉ်၏ အကြည့်ကနူးညံ့သည်။ မုန့်ရှင်းယွီကြည့်လိုက်သည့်အခါ သူမကပြုံးနေသည်။ 


ဤအတန်း၏ခေါင်းဆောင်က အတန်းထဲတွင် ရိုးသားဖြောင့်မတ်ပြီး မှန်ရာကို အပြောတတ်ဆုံးဖြစ်သည်။ 


သူမယခင်ဘဝတွင် သူတို့တစ်ယောက်နှင့်မှ ရင်းရင်းနှီးနှီးမရှိခဲ့ဖူးဘဲ စကားအနည်းမျှသာ ဖလှယ်ရုံဖြစ်သည်။ သို့ရာတွင် အကြောင်းအရာက အရှိန်မြင့်လာပြီးအခြားသူများက ရိုင်းရိုင်းစိုင်းစိုင်းအရာများကို စတင်ပြောလာသည့်အခါ မုန့်ရှင်းယွီက ရှေ့ထွက်ပြီး သူမဘက်မှကာကွယ်ပြောပေးခဲ့သည်။


"အနည်းဆုံးတော့ ငါတို့ကအတန်းဖော်တွေပဲမလား... နင်တို့စကားလုံးတွေက်ို သင့်တင့်လျောက်ပတ်အောင် မသုံးနိုင်ဘူးလား... နင်တို့ပြောတဲ့စကားတွေကို မျက်မြင်ကြုံခဲ့လို့လား... သက်သေရောရှိလား... မရှိဘူးဆိုရင် နင်တို့သူများကို အပြစ်တင်အနိုင်ကျင့်နေစရာမလိုဘူး..."


အရှိန်အ၀ါအပြည့်နှင့်မိန်းကလေးက သင်ပုန်းကိုကျောပေးကာ ဆရာစာသင်သည့်စင်ပေါ်တက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ကြိမ်းမောင်းခဲ့သည်။ အတန်းတစ်ခုလုံးတိတ်ဆိတ်သွားကြပြီးနောက် အတန်းသားများက ထိုခေါင်းစဉ်အကြောင်းဆွေးနွေးသည်ကို ရပ်သွားကြသည်။ 


ဤဘ၀မှာ သူတို့အားလုံး သူငယ်ချင်းများဖြစ်နေကြပြီဖြစ်သည်။ ကျိအန်းနဉ်က မုန့်ရှင်းယွီ သူမအတွက် ရပ်တည်ကာ စကားပြောပေးလိမ့်မည်ဟု မမျှော်လင့်ခဲ့မိချေ။ 


ကျိအန်းနဉ်က သူမ၏နှလုံးသားထဲတွင် နွေးထွေးမှုတစ်မျိုး ခံစားလိုက်ရပြီး ယခင်ဘ၀က စွဲကျန်နေခဲ့သော အေးစက်မှုများကလည်း အရည်ပျော်သွားခဲ့သည်။ 


သူမစိတ်ကိုလျှော့ပြီးတည်ငြိမ်အောင်လုပ်ကာ မေးလိုက်သည်။


"သူ ဘာပြောခဲ့တာလဲ..."


"သူက ကြောက်လန့်ပြီးတော့ ထေ့ငေါ့နေတဲ့အမူအရာနဲ့  နင့်မိသားစုကို အရင်ဆုံး သရော်ခဲ့တာ..."

မုန့်ရှင်းယွီက ပြောပြနေသည်။


"ပြီးတော့ နင်က ဒုတိယမျိုးဆက်ချမ်းသာတဲ့ သူဌေးသားတစ်ယောက်နဲ့ မေးခွန်းထုတ်စရာကောင်းတဲ့ ဆက်ဆံရေးရှိနေတယ်လို့ပြောနေသေးတယ်... ပြီးတော့ သူ စောင်းပါးရိပ်ခြည်ပြောနေတာက..."


"ပစ္စည်းဥစ္စာမက်တဲ့လူ..."


ကျိအန်းနဥ်ပြောလိုက်သည်။


မုန့်ရှင်းယွီ စိတ်တိုတိုနှင့် ခေါင်းညိတ်လိုက်သည်။ 


"ဟုတ်တယ် သူ အဲ့ဒီလိုပြောနေတာ..."


မုန့်ရှင်းယွီက ကျိအန်းနဉ် ၀င်ငွေရရန် မည်မျှအထိ ကြိုးစားနေရသည်ကို သိသည်။ သူမကိုယ်တိုင်လည်း မိသားစုကိုထောက်ပံ့ရန်အတွက် အချိန်ပိုင်းအလုပ်လုပ်နေရသည့်အတွက် ကျိအန်းနဉ်ကို စာနာသည်။ 


မုန့်ရှင်းယွီက "တကယ်လို့ ငါသာဒီအခြေအနေမှာဆိုရင်"

ဟုတွေးကာ စွန်းယာရှန့်ကို ဒေါသထွက်လာသည်။ 


"ဒေါသမထွက်ပါနဲ့..."


သူမကို ကျိအန်းနဥ်က နှစ်သိမ့်နေသည်။ ကျိအန်းနဉ်က စွန်းယာရှန့်ကို ကြည့်ပြီးတည်ငြိမ်စွာပြောသည်။ 


"ငါ သူနဲ့စကားသွားပြောကြည့်လိုက်မယ်..."


'ဟမ်... '


ကျိအန်းနဉ်က စကားပြောပြီးသည့်နောက် ထရပ်ကာ စွန်းယာရှန့်ဆီသို့ တစ်လှမ်းချင်းလျှောက်လာခဲ့လိုက်သည်။ 


မိန်းမကြီးတစ်ယောက်နှင့် မိန်းမငယ်လေးတစ်ယောက်တို့အိမ်တွင်ရှိမည်ဆိုလျှင် အချိန်အများစု၌ မိန်းမငယ်လေးကငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ရွေးချယ်မည်ဖြစ်သည်။ ထို့အပြင် မလိုလားအပ်သည့်ကိစ္စများ ဖြစ်မလာစေရန် တိတ်တဆိတ် နေလိုက်မည်သာ။ 


သို့ရာတွင် တိတ်ဆိတ်စွာနေလိုက်ခြင်းက အားနည်းပျော့ညံ့ ခြင်း မဟုတ်ပေ။


သူမ၏ ယခင်ဘ၀၌ အတွေ့အကြုံရှိခြင်းကြောင့် ကျိအန်းနဉ်က တိတ်ဆိတ်နေခြင်း၏ နောက်ပိုင်းအကျိုးဆက်ကို သိနေသည်။ ထို့အပြင် ဤဘဝ၌ သူမ ဆက်လက်ပြီး တိတ်ဆိတ်နေမည် မဟုတ်တော့ပေ။


"စွန်းယာရှန့်..."


ကျိအန်းနဥ်က စွန်းယာရှန့်၏အရှေ့တွင် ရပ်လိုက်သည်။ သူမက ပွဲကြည့်ပရိသတ်များကိုဖမ်းစားလျက် ယဉ်ကျေးသိမ်မွေ့စွာ ရပ်စောင့်နေခဲ့သည်။


စွန်းယာရှန့်ကလည်း လှပသူတစ်ယောက်ဖြစ်သည်။ လှပသည့်မိန်းကလေးနှစ်ယောက် အတူရှိခြင်းက ပို၍ မျက်စိပသာဒဖြစ်စေသည်။ ကျိအန်းနဉ်ရောက်မလာမီတွင် စွန်းယာရှန့်က အတန်းတစ်ခုလုံးကို ဆွဲဆောင်ပြီးသူမ မကောင်းကြောင်းများကို ပြောနေခဲ့ပြီး ယခုအခါ ကျိအန်းနဉ်က သူမရှေ့၌ ရုတ်တရက်ပေါ်လာသည်။ 


"ဟင်... ဘာကိစ္စလဲ..."


စွန်းယာရှန့်က ကျိအန်းနဉ် ရုတ်တရက် ရောက်လာမည်ဟု မမျှော်လင့်ထားခဲ့၍ စိတ်မသက်မသာ ခံစားနေရသည်။ သူမက ဘာမှမဖြစ်ခဲ့သည့်အတိုင်း ဖြောင့်တန်းစွာမတ်တပ်ရပ်၍ သူမမျက်နှာပေါ်အပြုံးလေးတင်ကာ ရင်းနှီးသည့်အသံနှင့် ပြောလိုက်သည်။ 


သို့ရာတွင် အတန်းဖော်များက သူမ အစောပိုင်းတွင် ကျိအန်းနဉ်အကြောင်း ပြောထားသည်ကိုကြားထားကြပြီး အခုချိန်၌ သူမမျက်နှာပေါ်မှအပြုံးကို မြင်သည့်အခါ သူတို့စိတ်ရှင်းသွားကြသည်။ 


ဒါက စွန်းယာရှန့်ပဲလားလို့ သင်္ကာမကင်းမဖြစ်ဘဲမနေနိုင်တော့ဘူး... သူတို့နှစ်ယောက် ကောင်းကောင်းမရင်းနှီးကြလို့ဖြစ်မယ် ထင်တယ်...


ကျိအန်းနဉ်က ချုံပုတ်ကိုရိုက်မနေတော့ဘဲ အဓိကကိုတန်းပြောလိုက်သည်။ 


"ငါကြားတာတော့ ငါဒီမှာမရှိတုန်း နင်က ငါ့အကြောင်းပြောတယ်ဆို... နင့်မှာ ငါနဲ့ပတ်သက်လို့ မကျေနပ်တာရှိရင် ငါ့မျက်နှာကိုကြည့်ပြီး ပြောလို့ရပါတယ်..."


အတန်းကတိတ်ဆိတ်နေပြီး ပင့်သက်ရှိုက်သံများကိုကောင်းကောင်းကြားနိုင်သည်။ လေထုကချက်ချင်း ချောက်ချားဖွယ်ဖြစ်သွားသည်။ 


လူတိုင်း အလွန်အံ့သြသွားကြသည်။ သူတို့တွေးခဲ့သည့်ဒီကျိအန်းနဉ်က အမှန်တကယ်ကို တိတ်ဆိတ်ပြီးတသီးတသန့်နေတတ်သည့် မိန်းကလေးဖြစ်သည်။


အခု သူက တိုက်ရိုက်ထုတ်ပြောလိုက်တာလား... ဒါပေမယ့် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းဖို့ အရမ်း တည့်တိုးမဆန်ဘူးလား...


စွန်းယာရှန့်သည်လည်း သူမ၏တိုက်ခိုက်မှုတွင် မိသွားခဲ့သည်။ သူမ စိတ်မသက်မသာဖြစ်သွားပြီး ငြင်းဆိုရန်အားတင်းပြုံးလိုက်သည်။ 


"နင့်ကို ဘယ်သူပြောတာလဲ... အဲ့ဒီလိုမပြောပါနဲ့... ငါ ဘာမှမပြောခဲ့ဖူးပါဘူး..."


ကျိအန်းနဉ်က သူမကိုဖြတ်ပြောလိုက်သည်။


"အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့တော့..

 ငါ နင်ပြောတာကိုကြားပြီး အကြံတစ်ခုတောင်ရသွားပြီ... ငါ မေးချင်တယ် နင်ငါ့ကို တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကဘာလဲ... ဖြစ်နိုင်တာက ငါကဆင်းရဲလို့ ငါနဲ့အတူမနေနိုင်တာလား... ဒါမှမဟုတ်ရင် ငါ့ကို တစ်ယောက်ယောက်ကပိုးပန်းနေလို့လား..."


စွန်းယာရှန့်အတွက် အဖြေမှန်က'နှစ်ခုလုံး'ဖြစ်သည်။ သို့ရာတွင် စွန်းယာရှန့်က အရူးမဟုတ်ပေ။ 


"အတန်းဖော်ကို ဆင်းရဲလို့ သည်းမခံနိုင်ဘူးလို့ ပြောရမှာလား ဒါက မမှန်ကန်တာပဲ ငါ ဒါကို တွေးနေရင်တောင်မှ ခပ်ကျယ်ကျယ်ထုတ်ပြောလို့ မရဘူးလေ..."


အခြားတစ်ခုအနေနှင့် သူမကကျိအန်းနဥ်ကို 'ပစ္စည်းဥစ္စာမက်မောသူ'ဟု ခေါင်းစဉ်တပ်ခဲ့သည်။ 


"ယောက်ျားလေးတွေက အဲ့ဒီလိုမိန်းကလေးတွေကို မကြိုက်ဘူးလေ... "


စွန်းယာရှန့်၏မျက်နှာက တင်းမာနေပြီး မျက်မှောင်ကြုတ်ကာ ခက်ထန်သည့်အမူအရာနှင့် ပြောလိုက်သည်။


" နင် တကယ်သိချင်တာလား... ကောင်းပြီလေ... ငါ သည်းမခံနိုင်တဲ့အချက်က နင် လူတစ်ယောက်ကို ဖြားယောင်းနေလို့ပဲ..."


"လူတစ်ယောက်က ဘယ်သူလဲ... နင်က ငါနဲ့အဲ့ဒီတစ်ယောက်ကြားကဆက်ဆံရေးကို ဘယ်လိုလုပ်သိတာလဲ...  ပြီးတော့ ငါက သူ့အပေါ်မှာဖြားယောင်းနေတယ်ဆိုတာဘယ်လိုသိတာလဲ... "


ကျိအန်းနဉ် မေးခွန်း၃ခုကို ဆက်တိုက်မေးလိုက်သည်။ 


သူတို့နေ့လည်စာစားချိန်တွင် စွန်းယာရှန့်၏ထင်မြင်ချက်ကိုပြောပြီးနောက်ပိုင်း သူတို့စိတ်ထဲမှာကျိအန်းနဉ်၏ပုံရိပ်ကကျဆင်းသွားခဲ့သည်။ သို့ရာတွင် ကျိအန်းနဉ်၏ မေးခွန်း၃ခုက ထိုအပြုအမူကို ပျောက်ကွယ်သွားစေခဲ့သည်။ 


ကျိအန်းနဥ်က အတန်းထဲမှ လူများနှင့် အလွန်မရင်းနှီးသည့်အပြင် စွန်းယာရှန့်နှင့်လည်း ပိုမိုရင်းနှီးနေပုံမပေါ်ပေ။ 


"ဒါဆို စွန်းယာရှန့်က ဘယ်လိုလုပ် ကျိအန်းနဉ်ရဲ့ကိစ္စတွေကိုသိနေတာလဲ..."


စွန်းယာရှန့် အနည်းငယ်ထိတ်ထိတ်ပျာပျာ ဖြစ်သွားခဲ့သည်။ 


ကျိအန်းနဉ်က အတန်းထဲတွင် အလွန်အနေအေးပြီး အားနည်းကာ အနိုင်ကျင့်ရလွယ်ကူပုံပေါ်သည်။ ယခုတွင်မူ ကျိအန်းနဉ်ထံတွင် ထက်မြက်သည့်လျှာရှိကြောင်း စွန်းယာရှန့် သိသွားခဲ့သည်။

 

"ကျိအန်းနဉ်က လွယ်ကူတဲ့ပစ်မှတ်မဟုတ်ဘူးပဲ ငါဘာလို့ သူ့ကို အနိုင်ကျင့်ဖို့လွယ်တယ်လို့ တွေးလိုက်ပါလိမ့်..."


"အင်း အဲ့ဒါကို ငါမြင်လိုက်တယ်..."


စွန်းယာရှန့်က မပီမပြင်ပြောလိုက်သည်။ 


ကျိအန်းနဉ်က ပြန်မေးသည်။ 


"ဘယ်အချိန်ကလဲ...ဘယ်နေရာမှာလဲ... နင် မြင်ခဲ့တာဘယ်သူလဲ... နင် မြင်ခဲ့တဲ့သူနဲ့ ငါက ဘာလုပ်နေခဲ့တာလဲ..."


ကျိအန်းနဉ်၏စကားများက မာန်ပါပြီး သူမအပေါ် အတန်းသားများ၏ ထင်မြင်ချက်ကို ပြန်လည်အစဖော်ပေးနေသည်။ သူတို့ကသူမကို တိတ်ဆိတ်ပြီးနူးညံ့သည့်မိန်းကလေး၊ နာကျင်အောင်ပြုလုပ်ရန် လွယ်ကူသည့်မိန်းကလေးဟု ထင်ခဲ့ကြသည်။ သို့ရာတွင် သူမက သူတို့မထင်ထားလောက်အောင် ဖြုံစရာကောင်းနေသည်။


"တနင်္လာနေ့တုန်းက..."


စွန်းယာရှန့် ဗလုံးဗထွေးပြောလိုက်သည်။ 


"တနင်္လာနေ့ကလား..."


ကျိအန်းနဥ်က မေးလိုက်သည်။


"ဆိုတော့ နင်ပြောတဲ့လူက တတိယနှစ်က စီနီယာ၀မ်ယွီပေါ့... "


သူမ ပြတ်ပြတ်သားသား ပီပီသသပြောလိုက်သည်။


"တနင်္လာနေ့တုန်းက နင်နဲ့ရှင်းယွီအပြင် တခြားသူတွေလည်း စီနီယာ၀မ်ယွီနဲ့ ကျောင်းပေါက်၀မှာ စကားပြောနေတာကိုမြင်ခဲ့တယ်... ပြီးတော့ ငါတို့အတူတူအထဲကို၀င်လာခဲ့ကြတယ်လေ...  နင် ထင်သလိုပဲ စီနီယာ၀မ်ယွီက ငါ့ကိုတကယ်လိုက်နေတာ... ဒါပေမယ့် ငါ့မှာက အချိန်ပိုင်းအလုပ်တွေနဲ့ရှုပ်နေလို့ ငါတို့နှစ်ယောက်က သဟဇာတမဖြစ်ဘူး... ပြီးတော့အဖွားကိုစောင့်ရှောက်ရဦးမှာ... အချစ်အတွက်လည်း အချိန်မရှိဘူး... အဲဒါကြောင့် သူ့ကိုငါငြင်းခဲ့တယ်..."


အတန်းဖော်များက တီးတိုးပြောလာကြသည်။ 


"၀မ်ယွီကတတိယနှစ်ကမလား... စျေးကြီးတဲ့ကားကိုမောင်းတာ ချောလည်းချောတယ်လေ..."


ကျိအန်းနဉ်က စွန်းယာရှန့်ကို စကားပြောခွင့်မပေးဘဲ ဆက်ပြောခဲ့သည်။ 


"ငါ နင့်ကိုပြောပြပြီးတော့ နင်ကတောင် ငါ့ကိုသရော်ပြီးပြောသေးတယ်လေ... တကယ်လို့ ငါသာ၀မ်ယွီရဲ့ချမ်းသာတဲ့မိသားစုအကြောင်း သိမယ်ဆိုရင် သူ့ကောင်မလေးဖြစ်နေပြီ ဘာလ်ို့ အလုပ်လုပ်နေတော့မှာလဲဆိုပြီး နင်ပြောတယ်လေ... ပြီးတော့ အဲ့ဒီအချိန်တုန်းက ရှင်းယွီနဲ့အခြားသူတွေလည်းရှိတယ်...  ငါ နင်ပြောတဲ့ စကားနဲ့ပတ်သက်ပြီး ငြင်းခဲ့ပြီးတော့ ရှင်းယွီကဆွဲခေါ်သွားခဲ့တာ..."


မုန့်ရှင်းယွီက ထိုအချိန်မှာ ကြားဖြတ်ပြောလိုက်သည်။


"ဟုတ်တယ် နင် အဲ့ဒီလိုပြောခဲ့တယ် နင် မနာလိုဖြစ်နေတာ သိသာတာပဲ..."


အတန်းဖော်များ၏အမူအရာက ပြောင်းလဲသွားကြသည်။ 


မုန့်ရှင်းယွီက မထောက်ပြလျှင်ပင် သူတို့က ကျိအန်းနဉ်ကိုပြောဆိုနေသည့် စွန်းယာရှန့်၏စကားထဲတွင် မနာလိုမှုအရောင်သန်းနေသည်ကို ကြားနိုင်ကြသည်။ 


နေ့လည်စာစားချိန်တွင် ကျိအန်းနဉ်နှင့်ပတ်သက်ပြီး စွန်းယာရှန့်က မပီမပြင်စောင်းမြောင်းပြောဆိုခဲ့သည်။ သူမ၏စကားများက"ငါကြားခဲ့တာ"နှင့်"ကြည့်ရတာတော့"ဖြစ်ပြီး ရလဒ်အနေနှင့်.....


စွန်းယာရှန့်က နောက်ထပ် သူမဒေါသကို မထုတ်ပြနိုင်တော့ပေ။ သူမ မတ်တပ်ရပ်လိုက်ပြီး အသံကလည်းကျယ်လာသည်။


"ငါက ဟာသလုပ်နေတာပါ...ဘယ်သူက ဒါကိုအတည်ယူနေလို့လဲ..."


ကျိအန်းနဉ် ရွဲ့ပြောလိုက်သည်။ 


" နင်က ဟာသလုပ်တယ်လို့ပြောပြီး တစ်ချိန်တည်းမှာပဲ လူပုံအလယ်မှာ ငါ့ကို ပြစ်တင်ဝေဖန်ခဲ့တာလေ... အပြောင်းအလဲကတော့ မြန်သားပဲ..."  


စွန်းယာရှန့် ထိုအချိန်မှာ ပို၍ဒေါသအမျက်ခြောင်းခြောင်းထွက်လာပြီး စူးရှစွာ ပြန်ပြောလိုက်သည်။ 


"ငါ နင့်ကို သည်းမခံနိုင်ဘူး... နင်က ၀မ်ယွီကိုငြင်းခဲ့တယ်လို့ပြောခဲ့ပြီးတော့ သူ့ကိုမပြတ်မသားနဲ့ဆွဲထားတယ်လေ... ဒါက ဖြားယောင်းနေတာမဟုတ်ရင်ဘာလဲ... ဒါကအကျင့်ပျက်တာပဲ..."


" နင်ပြောတဲ့ 'မပြတ်မသားနဲ့ဆွဲထားတယ်' ဆိုတဲ့ကိစ္စကိုအင်္ဂါနေ့က ငါ ပြောပြပြီးပြီ...ငါနဲ့၀မ်ယွီက အတန်းတစ်ခုတည်း..."


ကျိအန်းနဉ် တည်ငြိမ်စွာပြန်ပြောခဲ့သည်။ 


"ဟုတ်တယ်..."


စွန်းယာရှန့်က ကျိအန်းနဉ်၏ အားနည်းချက်ကိုဆုပ်ကိုင်မိပြီဟု ခံစားလိုက်ရပြီး ပိုဒေါသထွက်လာသည်။


"နင် ပြောတော့ သူ့ကိုငြင်းခဲ့တယ်ဆို... ဒါဆို ဘာလို့သူ့အတန်းကို၀င်ခဲ့တာလဲ..."


ကျိအန်းနဉ် တခစ်ခစ်ရယ်လိုက်သည်။


" နင်က ချင်မင်းဆက်ဆီ အချိန်ခရီးသွားနေတာလား... တကယ်လို့ ငါတို့အတန်းထဲမှာ ငါ့ကိုလိုက်နေတဲ့သူတစ်ယောက်ရှိတယ်... ပြီးတော့ငါကသူ့ကိုငြင်းလိုက်တယ်... ဒါပေမယ့် ဒါက ငါသူနဲ့အတူတူ အတန်းမတတ်နိုင်ဘူးလို့တော့မဆိုလိုဘူးလေ... အခုချိန်ထိ လိင်ခွဲခြားမှုတွေရှိနေဦးမယ်ဆိုတာ ငါမသိခဲ့ဘူး..."


အချို့အတန်းဖော်များက မရယ်ဘဲမနေနိုင်တော့ပေ။ ကျိအန်းနဉ်က ခိုင်လုံသည့်အချက်ကိုပြောလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် အခြားသူများက စွန်းယာရှန့်တွင် ထောက်ပြစရာအချက် ရှိနေသေးသည်ဟု ထင်လိုက်သည်။ တကယ်လို့ သူ့ကို တစ်ယောက်ယောက်ကလိုက်နေတယ်ဆိုရင် ဘာလို့ အဲ့ဒီလူနဲ့ ကလပ်(အတန်း)တစ်ခုတည်း ရှိနေတာပါလိမ့်...


"ပြီးတော့..."


စွန်းယာရှန့်က သူမ၀ှက်ဖဲကို လှန်လိုက်သည်။ 


"၀မ်ယွီက ကိုယ်ခံပညာကလပ်ရဲ့ခေါင်းဆောင်ဖြစ်ရုံလည်းမကဘူး ကလပ်က အခုချိန်ထိ အမျိုးသမီးအဖွဲ့၀င် လက်မခံခဲ့ဘူး... နင်က မိန်းကလေးဖြစ်ပေမယ့် ၀င်ခွင့်ရခဲ့တယ်ဆိုတော့ ဒါက ဘာကိုဆိုလိုတာလဲ နင်ကောင်းကောင်းသိပါတယ်..."


၎င်းက အမှန်တကယ်အင် အားအပြည့်နှင့်ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။ ကျိအန်းနဉ်ကိုထောက်ခံနေသည့်အတန်းဖော်အချို့ပင် ယိမ်းယိုင်သွားခဲ့သည်။ 


သို့ရာတွင် ကျိအန်းနဉ်က တည်ငြိမ်နေဆဲဖြစ်သည်။


တည်ငြိမ်သည့်အမူအရာနှင့်အတူ သူမပြောလိုက်သည်။ 


" နင်က ငါရဲ့အခြေအနေကို နားမလည်ဘူးပဲ... ငါ အထက်တန်းတက်တည်းက ၀င်ငွေရဖို့အလုပ်လုပ်ခဲ့တာ..."


၎င်းက အတန်းဖော်အားလုံး သိထားသည့်အချက်ဖြစ်သည်။ သို့သော် သူမထပ်ပြောလာမည့်အချက်ကို သူတို့မသိထားကြပေ။


"ငါက အဆင်ပြေနေတဲ့ပုံပေါ်နေပေမယ့် အလုပ်လုပ်နေတဲ့အတောအတွင်း မကောင်းတဲ့လူတွေ နှောင့်ယှက်တာခံရပြီး တော်တော်ဆိုးရွားတဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်... အပြင်မှာ အားကိုးစရာမရှိတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ငါ့ကိုယ်ကိုပဲ အားကိုးရမှာလေ..."


"ဒါကြောင့် ငါက တိုက်ခိုက်ဖို့အတွက် အကွက်အချို့သင်ချင်တာ... ဆွဲဆောင်ပြီးမျက်စိနောက်အောင်လုပ်ဖို့မဟုတ်ဘူး... အန္တရာယ်နဲ့ကြုံရင် ငါ့ကိုယ်ငါ ကာကွယ်နိုင်အောင်လို့..."


"တကယ်လို့  နင်စုံစမ်းကြည့်ခဲ့မယ်ဆိုရင် ကျောင်းထဲမှာ အတိုက်အခိုက်ကလပ်တွေအများကြီးရှိတယ်ဆိုတာသိလိမ့်မယ်... သူတို့က များသောအားဖြင့် အားကစားကလပ်တွေပဲ... ဒါပေမယ့် စီနီယာ၀မ်ယွီရဲ့ကလပ်က ကျွမ်းကျင်မှုလည်းရှိပြီး ပရော်ဖန်ရှင်နယ်ဆန်တယ်... အရေးအကြီးဆုံးက တကယ့်တိုက်ပွဲမှာဆိုရင်တောင် အဆင့်မြင့်လေ့ကျင့်ရေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်..."


"ဒါကြောင့် ငါ့မှာ အချိန်ပိုင်းအလုပ်တွေအများကြီးရှိရင်တောင်မှ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေကိုသင်နေရတုန်းပဲ...  စီနီယာ၀မ်ယွီက ကိုယ်ခံပညာကလပ်ရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ ငါ့ရဲ့အခြေအနေကို သိလို့ခြွင်းချက်ထားပေးခဲ့တာ..."


ကျိအန်းနဉ်က ရှင်းရှင်းလင်းလင်းပြောပြခဲ့သည်။သူမ၏အခြေအနေက အမှန်တကယ်ကိုထူးခြားကြောင်း လူတိုင်းသိသည်။ 


သူမပြောပြသည့် "မကောင်းသည့်လူများနှင့် မကောင်းသည့်အခြေအနေအကြောင်း"နားထောင်ပြီး အတန်းသားတွေအားလုံး မစာနာဘဲ မနေနိုင်တော့ပေ။ 


သူက အထက်တန်းစတက်တည်းက အချိန်ပိုင်းအလုပ်လုပ်ခဲ့ရတာ... ငါတို့အထက်တန်းတုန်းက ဘာတွေလုပ်နေခဲ့တာလဲ... 


များသောအားဖြင့် သူတို့မိဘများက ကောလိပ်၀င်ခွင့်စာမေးပွဲအတွက် စာကိုသာအာရုံစိုက်ခိုင်းပြီး တခြားကို စိတ်မရောက်ခိုင်းပေ။ 


သို့ရာတွင် ကျိအန်းနဉ်က သူမကိုယ်တိုင်ကြံ့ကြံ့ခံပြီး ငွေရေးကြေးရေး၊ လူမှုရေး၊ သူတို့ကဲ့သို့ ဟွာတက္ကသိုလ်ကို၀င်ရန် ဖိအားသုံးခုကိုရင်ဆိုင်နေခဲ့သည်။ ဂရုတစိုက်စဉ်းစားမည်ဆိုလျှင် သူတို့မလေးစားဘဲ မနေနိုင်တော့ပေ။ 


အတန်းထဲမှ လေထုကပြောင်းလဲသွားပြီး အကြည့်များလည်းပြောင်းသွားကာ အချင်းချင်းတီးတိုးပြောလာကြသည်ကို စွန်းယာရှန့် သတိပြုမိသည်။


သူမ ဒေါသထွက်စွာပြန်ပြောခဲ့သည်။ 


"ဒါပေမယ့် သူက ဘယ်တုန်းကမှမိန်းကလေးတွေကိုလက်မခံခဲ့ဘူး...  နင့်ကိုပဲ ခြွင်းချက်ထားပေးတာလေ... အဲဒါ နင့်ကို သူကြိုက်နေလို့လေ..."


"ဒါတော့ဟုတ်ပါတယ်... ဒါပေမယ့် ငါ့ကိုကြိုက်ပြီး လိုက်ပိုးပန်းတာကိုတော့ ငါလည်း မတားနိုင်ဘူးလေ..."

ကျိအန်းနဉ်က ပြောလိုက်သည်။ 


"ပြီးတော့ စီနီယာ၀မ်ယွီကို ငါနဲ့ မသင့်တော်ဘူး... ငါ့မှာအချိန်မရှိဘူးလို့ ပြောပြီးသား... ငါသူ့ကို သူ့အကူအညီအတွက် အရမ်းကျေးဇူးတင်တယ်... သူငါ့ကိုကြိုက်တဲ့အတွက် သူ့အထောက်အပံ့ကို ငါမငြင်းဘူး အရာအားလုံးထက် ငါ့ရဲ့လုံခြုံရေးက ပိုအရေးကြီးလို့လေ..."


စွန်းယာရှန့် အတန်းကိုလှည့်ပတ်ကြည့်လိုက်သည့်အခါ အတန်းဖော်များက ကျိအန်းနဉ်၏ စကားအပေါ်ခေါင်းညိတ်ထောက်ခံနေသည်ကိုတွေ့လိုက်သည်။ 


စိုးရိမ်သောကရောက်ပြီး သူမဦးနှောက်ကိုအလုပ်မြန်မြန်လုပ်ကာ ကျိအန်းနဉ်ကို ပြန်လည်ချေပရန် အသည်းအသန်စဉ်းစားခဲ့သည်။ 


သို့ရာတွင် ကျိအန်းနဉ်က ဆက်လက်တိုက်ခိုက်ခဲ့သည်။ 


"ငါ တကယ်ကို သိချင်တဲ့ကိစ္စ ရှိသေးတယ်..."

သူမ ပြုံးလိုက်သည်။


"စွန်းယာရှန့် ...ကိုယ်ခံပညာကလပ်က မိန်းကလေးအဖွဲ့၀င်လက်မခံဘူးဆိုတာကို နင်ဘယ်လိုသိလဲ..."


"မဟုတ်သေးဘူး... တကယ့်မေးခွန်းအမှန်က စီနီယာ၀မ်ယွီ ကိုယ်ခံပညာကလပ်က ဆိုတာကို နင် ဘယ်လိုလုပ်ပြီးသိတာလဲလို့ ဖြစ်ရမှာ..."


"အင်္ဂါနေ့တုန်းက နင် ငါ့ကိုမေးတော့ ငါ ဘယ်ကလပ်ကလဲဆိုတာကို ငါမပြောခဲ့ဘူး...ဟုတ်တယ်မလား..."



###