အပိုင်း၂၈
Viewers 7k

🤚Chapter 28




လူတိုင်း ကြက်သေသေသွားကြသည်။ 


ဟမ်... ဒီစကားကိုနားထောင်ရသလောက်တော့...... နောက်ထပ်အချက်အလက်တွေ မလိုတော့ဘူး...


စွန်းယာရှန့်ကို ကြည့်လိုက်သည့်အခါ သူမ၏မျက်ဝန်းများထဲမှ ထိတ်လန့်နေမှုကို ကောင်းကောင်းကြီးမြင်နိုင်သည်။ 


စွန်းယာရှန့်က အမှန်တကယ်ကို ထိတ်လန့်နေပြီး သူမမျက်လုံးများက ဂနာမငြိမ်ဖြစ်နေကာ ရှေ့နောက်မစဉ်းစားတော့ဘဲ ပြောချလိုက်သည်။


"ငါ ငါ မကြာသေးခင်ကမှ သူများဆီက မေးမြန်းပြီးတော့ကြားခဲ့တာ... "


ကျိအန်းနဉ်က သူမကိုတိတ်ဆိတ်စွာကြည့်နေပြီး သူမ၏မျက်ဝန်းနက်နက်များက အရာအားလုံးကို ဖြတ်သန်းပြီး မြင်နိုင်ပုံပေါ်နေသည်။ စွန်းယာရှန့် နှလုံးခုန်သံများပါ မှားယွင်းလာသည်ဟု ခံစားလိုက်ရသည်။


ကျိအန်းနဉ်က စွန်းယာရှန့် သူမကိုကြည့်နေသည့်အကြည့်အကြောင်းကို ယနေ့မနက်ကမှတွေးနေသေးသည်။ ကျိအန်းနဉ်က သူမ၏ယခင်ဘ၀တုန်းက အတွေ့အကြုံကိုပြန်ဆွဲထုတ်၍ အဖြေထုတ်လိုက်သည်။ စွန်းယာရှန့်က ယမန့်နေ့တွင် ၀မ်ယွီနှင့်တွေ့ပြီး သူနှင့်စကားပြောခဲ့ကြမည်။ ၀မ်ယွီ၏အကျင့်အတိုင်းဆိုပါက စွန်းယာရှန့် ကိုယ်ခံပညာကလပ်ကိုဝင်ရန်ကိစ္စကို ငြင်းဆန်ခဲ့ခြင်းဖြစ်ပေမည်။ 


ကျိအန်းနဉ်က ဖျော့တော့စွာပြုံးလိုက်သည်။ 


"တကယ်လို့ ငါခန့်မှန်းတာမှန်တယ်ဆိုရင် နင် ကိုယ်ခံပညာကလပ်ကိုသွားပြီး ၀မ်ယွီနဲ့တွေ့ခဲ့တယ်... ပြီးတော့ နင်ကကလပ်ကို ၀င်ချင်ကြောင်းပြောပေမယ့် သူက နင့်ကိုငြင်းလိုက်တယ် ဟုတ်တယ်မလား..."


စွန်းယာရှန့် လုံး၀ကိုတုန်လှုပ်သွားသည်။ 


ကျိအန်းနဉ်က ဘယ်လိုသိတာလဲ... ၀မ်ယွီက သူ့ကိုပြောပြခဲ့တာလား...


"ငါ အဲဒီလိုမလုပ်ခဲ့ဘူး... နင် နင် လုပ်ကြံပြောနေတာ"


သူမပြန်ပြောလိုက်သည်။ သို့ရာတွင် သူမ၏အသံက သတိထားမိလောက်အောင် အားနည်းနေသည်။ 


"ဒီကိစ္စမှာ စီနီယာ၀မ်ယွီကိုရှာပြီး ငါပြောတာမှန်မမှန်အတည်ပြုလို့ရတယ် အဲဒါကြောင့် အလောတကြီးလုပ်ဖို့မလိုပါဘူး..."


ကျိအန်းနဉ်က ပြောလိုက်သည်။ 


"ငါ နင့်ရဲ့အမူအရာနဲ့တင် နားလည်သွားပြီ"


"၀မ်ယွီက ငါ့ကိုလိုက်နေ ပေမယ့် သူ့ကိုငါ ငြင်းလိုက်တယ်ဆိုတာ နင့်ကိုပြောပြပြီးပြီနော် ချမ်းသာတဲ့လူကို အပိုင်ဖမ်းထားရင် ငါ အလုပ်လုပ်စရာ မလိုတော့ဘူးလို့တောင် နင် ငါ့ကို သရော်ထားသေးတယ်နော်..."


" ၀မ်ယွီနဲ့ငါက ကလပ်တစ်ခုတည်းမှာ ဆိုပေမယ့် ဘယ်ကလပ်လဲလို့ နင်မေးတဲ့အချိန် ငါ မပြောပြခဲ့ဘူး... ဒါပေမယ့် နင်က သွားရှာခဲ့တယ်..."


"ပြီးတော့ နင်က ၀မ်ယွီရဲ့ကလပ်ကိုရှာတွေ့ပြီး အဖွဲ့၀င်ချင်ခဲ့တယ်..."


"မနေ့တုန်းက ၀မ်ယွီ နင့်ကို ကလပ်ထဲဝင်ဖို့ငြင်းခဲ့တော့... ဒီနေ့ အတန်းထဲကလူတိုင်းကို ငါက ချမ်းသာတဲ့ စီနီယာတစ်ယောက်နဲ့ ပရော်ပရည်လုပ်နေပါတယ်ဆိုပြီး ငါဆင်းရဲတာကို အခွင့်ကောင်းယူပြီး နင်ပြောခဲ့‌တယ်..."


ကျိအန်းနဉ် အရာအားလုံးကို စုစည်းပြောလိုက်သည့်အခါ အတန်းထဲကလူများအားလုံး စွန်းယာရှန့်ကို ကြည့်သည့်အကြည့်များက ပြောင်းလဲသွားကြသည်။ 


"အဓိကအချက်ကို ငါအစောကြီးကတည်းကပြောပြီးပြီ ... ငါတို့ တခြားတစ်ယောက်ရဲ့ကိုယ်ပိုင် လုပ်ပိုင်ခွင့်ကိုဆုံးဖြတ်လို့မရဘူး... တစ်စုံတစ်ယောက်က ငါ့ကိုကြိုက်တာ ဒါမှမဟုတ် ငါ့ကိုပိုးပန်းတာကို ငါထိန်းချုပ်လို့မရဘူး..."


ကျိအန်းနဉ်က ဖြေးဖြေးလေးပြောပြလိုက်သည်။


" နင်မြင်တဲ့အတိုင်းပဲ... နင်ကြိုက်တဲ့လူက ငါ့ကိုကြိုက်နေခဲ့မယ်ဆိုရင်တောင် ငါ ထိန်းချုပ်လို့မရဘူး..."


ပါးလွှာသည့်မျက်နှာဖုံးက ကွာကျသွားခဲ့ပြီးနောက် စာသင်ခန်းက ချက်ချင်း ဆူညံသွားခဲ့သည်။ 


"ဒါက ဘယ်လိုတောင်လဲ.."


"အံ့သြစရာတော့ မရှိပါဘူး..."


"ငါ ထင်သားပဲ..."


စွန်းယာရှန့် သူမ၏မျက်နှာကိုခွာချပြီး မြေမြှုပ်ပစ်လိုက်ချင်သကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏အသွင်အပြင်ကလည်း အလွန်ရုပ်ဆိုးနေသည်။ 


ကံအားလျော်စွာဖြင့်ကျိအန်းနဉ်ပြောသည့်အရာအားလုံးကမှန်နေခဲ့သည်။ သူမပြန်လည်ချေပရန် တစ်ခုလောက်ပင် မပြောနိုင်တော့ချေ။


သူမက အမြဲတမ်း လိမ္မာပါးနပ်ပြီးနှစ်လိုဖွယ်ကောင်း ပုံပေါ်သူဖြစ်သည်။ သို့ရာတွင် သူမ၏ကျော်ကြားမှုက မိန်းကလေးများအကြာတွင် အလွန်နည်းပါးသည်။ ဤကဲ့သို့သော အချိန်မျိုးတွင် သူမကိုကန်ထုတ်ရန်အတွက် တစ်ယောက်ယောက်က အခွင့်အရေးယူလာလိမ့်မည်။ 


"ဒါက တကယ်ကြီးရယ်စရာကောင်းတာပဲ... ဒါကြောင့် နင်က တခြားတစ်ယောက်ကို ကြိုက်နေတဲ့သူကို မျက်စိကျနေတာလား... ဘယ်သူက ပစ္စည်းဥစ္စာမက်မောတဲ့သူဆိုတာ ငါတကယ် မသိတော့ဘူး..."


မိန်းကလေးတစ်ယောက်က ပြောလိုက်သည်။ 


ယောက်ျားလေးတစ်ယောက်ကလည်း လောင်စာထပ်ထည့်သည်။ 


"လူတစ်ယောက်က သူကိုယ်တိုင် ကြိုးစားပြီး၀င်ငွေရှာနေတာကို ပိုင်းလုံးလို့နာမည်တပ်တယ်...ဒါကတော်တော်လေးအဓိပ္ပာယ်မရှိတာဘဲ..."


အမှန်တွင် လူတိုင်းက ၀မ်ယွီကျိအန်းနဉ်ကို ခြွင်းချက်ထားပြီး ၀င်ခွင့်ပေးလိုက်သည်ကို နားလည်သည်။ အဘယ့်ကြောင့်ဆိုသော် သူက သူမကိုကြိုက်နေခြင်းကြောင့်ပင်။ ကျိအန်းနဉ်ကလည်း ထိုကိစ္စကို၀န်ခံခဲ့သည်။ 


သို့ရာတွင် ကျိအန်းနဉ်၏ ဆုံးဖြတ်ချက်ကို ကြောင်သူတော်ဆန်သည်ဟု ပြောမရနိုင်ပေ။ သူမက ထိုကလပ်ကိုတက်ရန် လိုအပ်သည်ဟု ပွင့်ပွင့်လင်းလင်းပြောထားသည်။ ထို့အပြင် ၎င်းကိစ္စကို လူတိုင်းကလည်း နားလည်လက်ခံနိုင်သည်။


ထို့အပြင် "အရန်ထားခြင်း" အကြောင်းသဘောထားကိုဆွေးနွေးသည့်အခါ၌ ယောက်ျားလေးများက ပုံမှန်အားဖြင့်မိန်းကလေးများထက်လက်ခံသည်။


ဆွဲဆောင်မှုရှိသည့်မိန်းကလေးအချို့က အရန်ထားခြင်းကို လုပ်ဆောင်ကြသည်။ သို့ရာတွင် အရန်သမားများက သူတို့ကိုယ်တိုင်က အထောက်အပံ့ဖြစ်နေသည်ကို မသိကြပေ။  လူတစ်ယောက်က တစ်ယောက်ကိုလိုက်သည်။ တစ်ယောက်က လိုက်ပိုးပန်းခံချင်သည်ဟူသည့် အဖြစ်အပျက်တစ်ခုသာဖြစ်သည်။


တတိယနှစ်တွင်ရှိသည့် စီနီယာက ကိုယ်ခံပညာကလပ်၏ဥက္ကဌ ဖြစ်နိုင်ပြီး ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်ပြီး ခိုင်မာသည့်ဆုံးဖြတ်ချက်ပြုလုပ်နိုင်သည်။ အကယ်၍ ကျိအန်းနဉ်ကို တစ်ယောက်ယောက်က လိုက်မည်ဆိုလျှင် သူတို့ကို ရပ်ခိုင်းပြီးထိန်းချုပ်၍ရမည် မဟုတ်ပေ။  


ယောက်ျားလေးများနှင့် မိန်းကလေးအချို့ကပင် ဥက္ကဌ၏ပိုးပန်းခြင်းကိုသဘောတူထားကြသည်။


ကျိအန်းနဉ်က မျက်နှာသွေးဆုတ်ဖြူဖျော့နေသည့် စွန်းယာရှန့်ကို ကြည့်လိုက်သည်။


သူမ၏ကိုယ်ပိုင်ခံစားချက်အတွက် သူမပြောခဲ့သည့်အရာအားလုံးက ရက်စက်ကြမ်းတမ်းနေသည်။ အကယ်၍ အခြားတစ်ယောက် သို့မဟုတ် တခြားအခြေအနေ(သူက မဆင်းရဲတာမျိုး) ဖြစ်နေခဲ့မည်ဆိုလျှင် ထိုသို့ပြုလုပ်နိုင်မည် မဟုတ်ချေ။ 


သို့ရာတွင် စွန်းယာရှန့်၏ စော်ကားမှုအမျိုးမျိုးက သူမကို ယခင်ဘ၀တွင် အဆမတန်နာကျင်စေကာ မျက်နှာပျက်အရှက်ကွဲခံရခြင်းကို ယူဆောင်လာပေးသည်။ 


ထို့ကြောင့် ယခုချိန်၌ လိပ်ပြာမလုံမှုနှင့် စိုးရိမ်ပူပန်မှုကို မခံစားရပေ။ သူမက စွန်းယာရှန့်ကို ရိုးရိုးရှင်းရှင်းတည်ကြည်စွာဖြင့် ကြည့်နေလိုက်သည်။ 'ပိုင်းလုံး'ဟူသည့်ခေါင်းစဉ်ကို ယခင်ဘ၀တုန်းတွင် သူမအပေါ်မှာရိုက်နှိပ်ခဲ့သည်။ ယခုဘဝတွင်မူ စွန်းယာရှန့်အပေါ် ပြန်လည်ရိုက်နှိပ်လိုက်ပြီဖြစ်သည်။


ကံကြမ္မာဆိုတာလည်ပတ်နေတာ... သူတို့က ဘယ်သူ့ကိုမှ မျက်နှာမလိုက်ဘူး...


စွန်းယာရှန့်က ဤသို့သော အဖြစ်အပျက်မျိုး တစ်ကြိမ်မှမကြုံတွေ့ခဲ့ဖူးပေ။ သူမအတန်းဖော်များ၏ ပြက်ရယ်ပြုခြင်းအလယ်၌ သူမမျက်နှာကဖြူဖျော့လာပြီး နှုတ်ခမ်းများက တုန်ယင်လာသည်။ သို့ရာတွင် သူမ၌ ငြင်းဆိုရန်အင်အားမရှိတော့ချေ။


ဘာကြောင့်လဲဆိုတော့ အရာအားလုံးက မှန်နေလို့ပဲ...


ထိုအချိန်တွင် ဆရာက အတန်းထဲ၀င်လာပြီး တင်းမာနေသည့်လေထုကိုဖျက်ဆီးလိုက်သည်။ 


"လူတိုင်း နေရာမှာထိုင်ပြီး အတန်းစဖို့ပြင်ဆင်ကြပါ... "


စွန်းယာရှန့်က စိတ်မသက်သာစွာဖြင့် သူမ၏အိတ်ကိုယူပြီး တစ်ဟုန်ထိုးပြေးထွက်သွားခဲ့သည်။ သူမနှုတ်ခမ်းကိုကိုက်ထားပြီး အတန်းထဲမှ ပြေးထွက်သွား၍ ဆရာ့ကိုပါ တိုက်မိသွားသည်။ ဆရာပင် အနည်းငယ်ခန့် ယိုင်သွားသည်။


"ဟေး.. အဲ့ဒီကကျောင်းသူ၊ဒါကအတန်းချိန်နော်..."


ဆရာက သူ့ပခုံးကိုပွတ်ရင်းအော်ပြောလိုက်သည်။ သို့ရာတွင် သူလှည့်ကြည့်လိုက်သည့်အခါ သူ့ကိုတိုက်သွားသည့်ကျောင်းသူက ပျောက်ကွယ်သွားပြီဖြစ်သည်။ 


ဆရာက အတန်း၏ညာဘက်တွင်ရပ်လျက် ဒေါသထွက်နေခဲ့သည်။ 


မူလတွင် ဆရာက အတန်းတက်ရောက်လက်မှတ်ယူရန် စိတ်ကူးမရှိပေ။ သို့ရာတွင် သူယခု လက်မှတ်ထိုးစာရွက်ကိုထုတ်ကာဒေါသတကြီးပြောလိုက်သည်။


"လူတိုင်းအဆင်သင့်ပြင်ထား...အတန်းတက်ရောက်မှု လက်မှတ်ယူမယ်..."


စွန်းယာရှန့် အလှည့်ရောက်သည့်အခါ သူမအတန်းဖော်က သူမအစားဖြေပေးရမလားဆိုသည်ကို တုံ့ဆိုင်းနေသည်။ သို့ရာတွင် ကောင်လေးတစ်ယောက်က ပြောလိုက်သည်။


"အဲဒါက အပြင်ကိုပြေးထွက်သွားတဲ့တစ်ယောက်ပါ ဆရာ..."


ဆရာကခေါင်းညိတ်ပြီး မင်နီနှင့် 'X'အမှတ်အသားပြုလုပ်လိုက်သည်။ 


အစောပိုင်းတွင် ကျိအန်းနဉ်က သူမအပေါ်ထားရှိသည့် အတန်းဖော်များ၏ စိတ်ကူးနှင့် မှန်းဆထားသည့်သဘောထားများကို ပြောင်းလဲနိုင်လိုက်ပြီကို မသိပေ။ တစ်ယောက်ချင်းတိုက်ပွဲမှတစ်ဆင့် သူမ၏ကျော်ကြားမှုတိုးလာသည်ဟု ဆိုနိုင်သည်။ 


သူမအနောက်မှာ၀င်ထိုင်ပြီး တိတ်တဆိတ် စာမှတ်နေလိုက်သည်။ 


သူမ၏ယခင်ဘဝတွင် စွန်းယာရှန့်က သတင်းအမှားများကိုပျံ့နှံ့စေခဲ့သည်။ ထို့နောက် ၀မ်ယွီ၏အပြုအမူနှင့် တိုက်ဆိုင်မှုများက မတော်တဆအတည်ပြုလိုက်သလိုပင် ဖြစ်သွားခဲ့သည်။ ထို့အပြင် သူမ အစကတည်းက တိတ်ဆိတ်နေရန် ရွေးချယ်လိုက်ခြင်းက မှားယွင်းသည့်လုပ်ရပ်ဖြစ်သွားသည်။ အချိန်များ ကုန်ဆုံးသွားပြီးနောက် ဖြေရှင်းရန် ပို၍ပို၍ခက်လာခဲ့သည်။ 


သူမ တတ်နိုင်သည့်အရာအားလုံးက တိတ်ိတ်ဆိတ်ဆိတ်နေရန် ဖြစ်သည်။ သို့ရာတွင် အားလုံးက သူမ၏တိတ်ဆိတ်သည့်အပြုအမူကြောင့် ပိုမိုဖိနှိပ်လာကြသည်။


သို့ရာတွင် ယခုချိန်၌မူ ပြင်းထန်သည့်လေ့ကျင့်ခန်းလုပ်ပြီးသည့်နောက် ချွေးထွက်ပြီး သက်သာလာသကဲ့သို့ သို့မဟုတ် ရှည်လျားတည်ရှိနေသည့် တားဆီးပိတ်ဆို့မှုက ရုတ်တရက် ရှင်းလင်းသွားသကဲ့သို့ မပြောပြနိုင်လောက်အောင် တည်ငြိမ်မှုနှင့်အတူ သူမနှလုံးသားထဲတွင် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ 


ဤစိတ်အခြေအနေနှင့် သူမ ကျောင်းထဲမှထွက်လာသည့်အခါ ကားတံခါးကို ကျောပေးမှီရပ်ကာ စတိုင်ကျကျဖြင့် ဆေးလိပ်သောက်နေသည့်၀မ်ယွီကို မြင်လိုက်သည်။ သူမသူ့ကို ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်ပြီး လက်ကိုဝှေ့ယမ်းကာပြောလိုက်သည်။


"ဟိုင်း... "


ကျိအန်းနဉ်ကို လ၀က်ခန့်သိပြီးသည့်နောက်တွင် သူမမျက်နှာအပေါ်မှအပြုံးကို မကြာခဏမြင်ဖူးပြီးပြီ ဖြစ်သည်။  သူမမျက်မှာပေါ်မှ တောက်ပပြီးပျော်ရွှင်သည့်အပြုံးကို မြင်လိုက်သည့်အခါ သူ့မျက်လုံးက အရောင်တောက်ပသွားသည်။ ထို့နောက် စီးကရက်ကို လက်တစ်ဖက်တွင်ကိုင်ပြီး အခြားတစ်ဖက်ဖြင့် လက်ပြလိုက်သည်။


ထို့နောက် ကျိအန်းနဉ်က သူ့ကိုဖြတ်ကျော်သွားကာ ပြောလိုက်သည်။ 


"နှုတ်ဆက်ပါတယ်..."


၀မ်ယွီ "....."


၀မ်ယွီက သူ့လက်ကိုမြောက်ထားဆဲဖြစ်ပြီး ဒေါကန်စွာဖြင့် အသက်ကိုရှုသွင်းလိုက်သည်။ 


သူ စီးကရက်ကိုပစ်ထုတ်ကာ သူမနောက်လိုက်ပြီးပြောလိုက်သည်။ 


"ဟေး မင်း..."


ကျိအန်းနဉ်က ရှေ့ကိုဦးတည်ပြေးကာ နောက်လှည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။ 


" ကျွန်မ အလျင်လိုနေလို့..."


သူမ ဘတ်စ်စကား မှီမှဖြစ်မည်။ 


ကျိအန်းနဉ်ကို ကြည့်ရသည်မှာ လူကျပ်နေသည့်ဘတ်စ်စကားနှင့် ကျင့်သားရနေတာသိသာသည်။ သူမကျွမ်းကျင်စွာ လူအုပ်ကိုရှောင်တိမ်းပြီး အဟလေးမှတစ်ဆင့်ချော်ထွက်လာကာ ဘတ်စ်ကားရပ်နားသည့်နေရာဆိုက်သည်နှင့် တက်လိုက်သည်။ 


တစ်ဖက်တွင်မူ သူ့နောက်လိုက်လာသည့် ၀မ်ယွီက ကျွမ်းကျင်မှုမရှိပေ။ သူ၏ လျင်မြန်ဖြတ်လတ်မှုနှင့်ပင် ကျိအန်းနဉ်ကို မဖမ်းမိလိုက်သည့်အကြောင်းပြချက်က သူ့တို့နှစ်ယောက်ကြား"ဦးလေးများ" "အန်တီများ"ရှိနေသောကြောင့်ဖြစ်သည်။


ထိုဘတ်စ်စကားပေါ်သို့ တက်သွားသည့်ကျိအန်းနဉ်ကို ကြည့်ရင်း အကူအညီမဲ့နေသည့် ၀မ်ယွီ "....."


သူ့အံကြိတ်လျက် ထိုဦးလေး၊အန်တီများနှင့်အတူ ဘတ်စ်ကားပေါ်တက်လာလိုက်သည်။


ကျိအန်းနဉ်က သင့်တော်သည့်နေရာနှင့် လက်ကိုင်ရန်အဆင်ပြေသည်ကို တွေ့သွားချိန်၌ သူမဘေးကလူကရုတ်တရက် သူ့ကိုလှမ်းဆွဲလိုက်သည်။ သူမ ခေါင်းကိုလှည့်ကြည့်သည့်အခါ အံ့အားသင့်ခဲ့သွားသည်။ 


"အဲဒါက ၀မ်ယွီပါလား..."


ကျိအန်းနဉ် ခဏခန့် ပြောစရာစကားမဲ့သွားပြီး မေးလိုက်သည်။


" ရှင်ကရော ဘာလို့လိုက်တက်လာတာလဲ..."


၀မ်ယွီက စိတ်ဆိုးနေပြီး နှာမှုတ်လိုက်သည်။ 


"မင်းဘာလို့ ပြေးသွားတာလဲ..."


ကျိအန်းနဉ် မျက်တောင်ခတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ " ကျွန်မ ဘတ်စ်ကားမှီအောင်လို့လေ..."


ဒါက မသိသာနေဘူးလား...


၀မ်ယွီ သူ့နှလုံးသားများ တဒုတ်ဒုတ်ခုန်နေသည်ဟု ခံစားလိုက်ရသည်။ 


သူ့အံကြိတ်ပြီး ဒေါသပြန်လည်ထွက်လာကာ ပြောလိုက်သည်။


"ဆိုတော့ မင်းက ကိုယ် ဘာလို့ ကျောင်းရှေ့မှာကားရပ်ထားရလဲဆိုတာနားမလည်ဘူးပေါ့..."


" ကျွန်မ နားလည်ပါတယ်... အဲဒါကို အလိုမရှိရုံပါ..."

ကျိအန်းနဉ်က ပြန်ပြောလိုက်သည်။


ကျိအန်းနဉ်၏ မျက်လုံးများကတောက်ပနေပြီး သူမမျက်ခုံးကြား ယခင်ကအေးစက်မှုနှင့် စည်းခြားထားမှုတို့အစား စိတ်သက်သာရနေမှုတစ်ခုက အစားထိုးနေသည်။ ဤကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့် အပြုအမူမျိုးကို သူတစ်ကြိမ်မှ မမြင်ခဲ့ဖူးပေ။


သူမကအမြဲတမ်း ၀မ်ယွီ၏မျက်လုံးထဲမှ အေးစက်စက်အလှလေးဖြစ်ခဲ့သည်။ သို့ရာတွင် ဤသို့သော အပြုအမူမျိုးကိုထုတ်ပြနေသည့်အခါ ၀မ်ယွီ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေစေခဲ့သည်။ 


၀မ်ယွီ သတိပြန်လည်လာသည့်အခါ သူ့မျက်ခုံးကိုပင့်လိုက်ပြီး ထူးထူးဆန်းဆန်းမေးလိုက်သည်။ 


"ဒီနေ့ဘာဖြစ်ခဲ့တာလဲ...  ဘာလို့ မင်းရဲ့ စိတ်အခြေအနေ ကောင်းနေတာလဲ... တကယ်လို့ ကောင်းတာတစ်ခုခု ဖြစ်ခဲ့တာဆိုရင် ကိုယ့်ကိုပြောပြချင်လား..."


ကျိအန်းနဉ်၏ နှုတ်ခမ်းကကွေးသွားသော်လည်း သူမငြင်းပယ်လိုက်သည်။


" ပြောပြလို့မရဘူး..."


ထို့နောက် သူမခေါင်းကိုလှည့်သွားကာ ဘာမှမဖြစ်ခဲ့သည့်အတိုင်း ပြတင်းပေါက်ကိုကြည့်နေလိုက်သည်။ 


သူမ နှုတ်ခမ်းကအပြုံးကိုကြည့်ပြီး ၀မ်ယွီ သူ့နှလုံးသားကိုကုတ်ခြစ်နေသလိုခံစားနေရသည်။ 


" မင်းတောက်ပနေတာကို ကိုယ်မြင်တယ်..."


၀မ်ယွီက သူ့ဦးခေါင်းကိုနိမ့်ကာ သူမနားထဲတီးတိုးပြောလိုက်သည်။ 


"မင်း ကိုယ့်ဆီက နေရောင်တချို့ကို နေ့လည်တုန်းကစုပ်ယူခဲ့တာများလား..."


ကျိအန်းနဉ် နေ့လည်ကအဖြစ်အပျက်ကိုတမင်တကာ မေ့ပစ်ရန်ကြိုးစားနေပြီး မည်သည့်အခါကမှ မဖြစ်ခဲ့သလိုမျိုးဟန်ဆောင်နေသည်။ မမျှော်လင့်စွာနှင့် သူက ပြန်ပြောလာ၍ ထူးထူးဆန်းဆန်းအမူအရာနှင့်ပင် သူမ၏နားများ၊လည်ပင်းများကို ပူလာစေသည်။ 


၀မ်ယွီ သူမ၏နှင်းလိုဖြူဖွေးသည့်လည်ပင်းပေါ်၌ အနီရောင်ဖျော့ဖျော့ သန်းသွားသည်ကိုကြည့်ပြီး ငြင်သာစွာမရယ်ဘဲ မနေနိုင်တော့ချေ။


ကျိအန်းနဉ်က အသက်ပြင်းပြင်းရူပြီးတည်ငြိမ်အောင်ကြိုးစားလိုက်ကာ သူ့ဘက်သို့ တောင့်တင်းစွာလှည့်ပြီး ပြောလိုက်သည်။


" ရှင် နောက်တစ်မှတ်တိုင်ဆို ဆင်းသင့်ပြီ... ဒီမှတ်တိုင်ကတိုတော့ ကားဆီကို နီးနီလေးပဲ...လမ်းလျှောက်သွားလို့ရတယ်..."


၀မ်ယွီက မေးလိုက်သည်။ 


"မင်းငါနဲ့အတူ လိုက်လာမှာလား..."


ကျိအန်းနဉ်က ပြန်ဖြေသည်။ 


" ကျွန်မက ကွမ်းမင်လမ်းကိုသွားရမှာ..."


၀မ်ယွီ စိတ်မပါစွာပြောလိုက်သည်။ 


"ဒါဆို ငါမဆင်းတော့ဘူး..."


၀မ်ယွီက သေချာဆုံးဖြတ်ထားပြီးပြီဆိုပါက ဘာမှလုပ်နိုင်တော့မည်မဟုတ်ကြောင်း ကျိအန်းနဉ်သိသည်။ အကယ်၍ သူမထံ၌ ၀မ်ယွီကို နားထောင်အောင်လုပ်နိုင်စွမ်းရှိခဲ့ပါက ယခင်ဘဝတွင် ဒုက္ခရောက်ခဲ့မည် မဟုတ်ပေ။


" ရှင်အဆင်ပြသလိုသာလုပ်..."


ကျိအန်းနဥ် သူ့ကို မထီမဲ့မြင်အကြည့်တစ်ချက်ပေးကာ မျက်နှာကို ပြတင်းပေါက်သို့ ပြန်လှည့်သွားသည်။ 


ယခုချိန်တွင် ကျိအန်းနဉ်၏ စိတ်အခြေအနေက အလွန်ကြည်လင်နေသည်ဟု ဝမ်ယွီအတည်ပြုလိုက်မိသည်။


၀မ်ယွီက ကျိအန်းနဉ်၏ အဖက်မလုပ်သောအကြည့်နှင့်အေးစက်စက်အလှကိုကြိုက်သည်ဟု တွေးခဲ့ဖူးသည်။ သို့ရာတွင် ယခု သူမမျက်ခုံးနှင့် နှုတ်ခမ်းက တွန့်ကွေး၍ ပြုံးလိုက်သည်ကိုကြည့်ပြီး သူ၏နှလုံးသားထဲမှ နားလည်ရခက်သည့်အပျော်နှင့် စိတ်လှုပ်ရှားမူကို သူ ရှင်းမပြတတ်တော့ချေ။


ဘယ်အချိန်ကတည်းက ငါ့ကိုယ်သူ မထိန်းချုပ်နိုင်တော့တာလဲ...


မျှော်လင့်ထားသလိုပင် ဤမှတ်တိုင်ကတိုသည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူတို့သွားမည့်နေရာကို ရောက်ပြီး လူအုပ်တစ်စုက ကားပေါ်ကနေထွက်သွား၍ ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။ 


၀မ်ယွီက ကျိအန်းနဉ်၏ အနောက်၌ရပ်နေတုန်းဆဲဖြစ်သည်။ သူက ပြတင်းပေါက်အပေါ်တွင်ရှိသည့်တန်းကို ကိုင်ထားကာ သူမအတွက်နေရာချန်ထားပေးသည်။ ရုတ်တရက် သူ ကျိအန်းနဉ်ကိုတိုးမိသွားသည်။


၀မ်ယွီတွေးလိုက်မိသည်။


ဒါက အရမ်းကိုခံစားရတာကောင်းတာပဲ...


ကျိအန်းနဉ် နောက်ကိုလှည့်ပြီး ၀မ်ယွီကို အကြည့်တစ်ချက်ပေးလိုက်သည်။ 


၀မ်ယွီက ဖြူစင်စွာပြောလိုက်သည်။


"အခြားလူတွေ ငါ့ကိုတွန်းနေလို့..."


လူများပြွတ်ခဲနေသည်က ဓာတ်ပုံတစ်ချက်ရိုက်စာ အချိန်လောက်ဖြစ်သည်။ ဤသို့ တစ်ယောက်နှင့်တစ်ယောက်တွန်းမိတိုက်မိသည့် အခြေအနေမျိုးကို ကျိအန်းနဉ်က  ရင်းနှီးပြီးသားဖြစ်သည်။ သို့ရာတွင်  ယခု၀မ်ယွီက သူမကိုဖိနေသည့်အခါ၌ သူမ အဆင်မပြေသလို ခံစားလိုက်ရသည်။


၀မ်ယွီက ရည်ရွယ်ချက်ရှိရှိလုပ်နေသည်ဟု သူမ မပြောနိုင်ပေ။ သို့ဖြစ်၍ သူမခေါင်းကိုပြန်လှည့်ကာ ပြတင်းပေါက်ဘက် မျက်နှာမူနေလိုက်သည်။ 


၀မ်ယွီ၏ဘ၀တွင် ဤမတိုင်မီအထိ ဘတ်စ်စကားစီးသည့်အတွေ့အကြုံမရှိခဲ့ဖူး၍ ယခုက သူ့အတွက် ပထမဆုံး ဘတ်စ်ကားစစီးခြင်း ဖြစ်သည်။ 


ဒုတိယမှတ်တိုင်သို့ မရောက်မီအထိ ကျိအန်းနဉ်၏ ပုခုံးများက တောင့်တင်းနေခဲ့သည်။ သူမ၏ကြွေထည်ကဲ့သို့ဖြူဖွေးနေသည့် ပါးပြင်ပေါ်တွင် အနီရောင်ဖျော့ဖျော့သန်းနေသည်မှာ နေရောင်ကျနေသလိုဖြစ်နေသည်။ 


သူမပြန်လှည့်လာပြီး စိတ်ရှုပ်မှုနှင့်အနှောင့်အယှက်ဖြစ်မှုကိုဖော်ပြကာ ၀မ်ယွီကို ကြည့်လိုက်သည်။ 


၀မ်ယွီက ကားခေါင်မိုးပေါ်ကိုကြည့်လိုက်ပြီးပြောလိုက်သည်။ 


"ငါ့ကိုအပြစ်မတင်နဲ့လေ လူကများနေတာကို... "


အကယ်၍ သူတို့အပြစ်တင်မည်ဆိုလျှင် ကားမောင်းသူ၏မောင်းနှင်ပုံ၊ လူအုပ်ကြီး၏ တစ်ယောက်နှင့်တစ်ယောက်တွန်းမိပြီး သူတို့အားလုံးနီးနီးကပ်ကပ်ရှိနေကြခြင်းကိုသာ အပြစ်တင်သင့်သည်။ ထို့အပြင် ဆောင်းဦးရာသီကြောင့် အ၀တ်အစားအပါးများနှင့် ကျိအန်းနဉ်၏ သွယ်လျသည့် ခန္ဓာကိုယ်ကိုသာ အပြစ်တင်သင့်သည်။ ၎င်းက မတွေးသင့်သည့် အတွေးများတွေးအောင် ပြုလုပ်ပေးနေသည်။ 


ပြီးတော့ ပုံမှန်ဆို ဒီလိုအချိန်မှာ ယောက်ကျားလေးတစ်ယောက်ရဲ့ အတွေးတွေက ရှင်းလင်းနေမှာပေါ့...


###