အပိုင်း၂၉
Viewers 7k

🤚Chapter 29



ကျိအန်းနဉ် သူမခေါင်းကိုပြန်လှည့်ပြီး ခန္ဓာကိုယ်ကိုရှေ့တိုးကာ ၀မ်ယွီနှင့်သူမကြား နေရာလပ်ရရန် ကြိုးစားလိုက်သည်။ 


သို့ရာတွင် ၀မ်ယွီက အရှက်မဲ့စွာဖြင့် သူမနားကိုထပ်မံတိုးလာပြန်သည်။ 


ကျိအန်းနဉ် သူ့ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ ၀မ်ယွီကလည်း အပြစ်ကင်းစွာပြောလိုက်သည်။


"လူတွေတိုးလာလို့..."


ကားက အမှန်ပင်လူကျပ်ပြီး ကျယ်ကျယ်လောင်လောင်စကားပြောနေကြ၍ ၀မ်ယွီ၏ အမှားလုံးလုံးဟုတ်မနေပေ။ ကျိအန်းနဉ် စိတ်ရှုပ်သွားပြီး ပြန်လှည့်လာကာသူ့ကိုလျစ်လျူရှုလိုက်သည်။ 


၀မ်ယွီကို သူမကိုယ်ပေါ် ထပ်မံတွန်းခံရသည့်အခါ သူမ၏အတွေးများက စတင်လွဲချော်သွားသည်။ သူကမျက်နှာပြောင်ပြောင်နှင့်ပင် ခေါင်းကိုနှိမ့်ကာ ကျိအန်းနဉ်၏ဆံပင်ထိပ်ကို နမ်းလိုက်သည်။ 


ကျိအန်းနဉ် ၎င်းကို ချက်ချင်းခံစားမိသွားသည်။ 


"ရှင် ဘာလုပ်နေတာလဲ"


ကျိအန်းနဥ် အသံတိုးတိုးနှင့်မေးလိုက်ပြီး သူမမျက်နှာကတင်းမာနေသည်။ 


၀မ်ယွီကပြုံးပြပြီး သူမနားထဲ တီးတိုးပြောလိုက်သည်။


 "ကျေးဇူးပြန်ဆပ်တာ..."


သူက နေ့လည်တွင် ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်ကိုရည်ညွှန်းနေခြင်းဖြစ်သည်။


ကျိအန်းနဉ် နေ့လည်ခင်းက စိတ်မြန်လက်မြန်ဖြင့် သူ့ကို ကူညီပေးလိုက်ခြင်းအား လုံး၀ကို နောင်တရသွားသည်။ သူမ အသက်ပြင်းပြင်းရှုကာ ၎င်းကိုသည်းခံလိုက်သည်။ 


၀မ်ယွီက လွယ်လွယ်ကူကူ နောက်ပြန်ဆုတ်မည့်လူ မဟုတ်ပေ။ သူ့အပေါ်တစ်ယောက်ယောက်က အခွင့်ရေးယူသည်ကိုလည်း ခွင့်ပြုမည်မဟုတ်ပေ။ 


ကျိအန်းနဉ်၏ ဆံပင်များက ချောမွေ့ပြီးနူးညံ့သည်။ 

သူ နည်းနည်းdietလုပ်နေလို့များလား... ချွေးထွက်နေတာတောင်မှ သူ့ဆီက သန့်ရှင်းတဲ့ခံစားချက်တစ်မျိုး ရနေတုန်းပဲ...


၀မ်ယွီ ယခု သူမဆံပင်ကို နမ်းလိုက်သည့်အခါ ဖျော့တော့တော့ဖြင့် သဘာ၀ဆန်ကာနူးညံ့သန့်ရှင်းနေမှုကို သတိပြုမိလိုက်သည်။ 


၀မ်ယွီက သူ၏ရှည်လျားသည့်အရပ်ကို အခွင့်ကောင်းယူကာ သူ့ခေါင်းကိုနှိမ့်လိုက်သည်။ သူ့မေးစေ့နှင့် ကျိအန်းနဉ်၏ ဆံပင်ထိပ်ဖျားကို ထပ်မံပွတ်သပ်လိုက်သည့်အခါ သက်တောင့်သက်သာရှိသည်ကို တွေ့ရှိလိုက်သည်။ 


ကျိအန်းနဉ်၏ခန္ဓာကိုယ်က အစွန်၌ရပ်နေခြင်းဖြစ်သည်။ 


သူမ၏ယခင်ဘ၀တွင် ၀မ်ယွီနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုကို ကန့်သတ်ထားခဲ့သည်။ သူက သူမခါးကို မည်မျှအထိ တင်းတင်းကျပ်ကျပ်ဖက်ထားခဲ့ပြီး သူ၏ ပြင်းရှရှ အနမ်းများမှ အထိအတွေ့များကိုလည်း သူမ မှတ်မိနေဆဲဖြစ်သည်။


သို့ရာတွင် သူတို့ယခုကဲ့သို့ တစ်ကြိမ်မှ ရင်းနှီးနှီးမရှိခဲ့ဖူးပေ။ သူမဆံပင်ကို ပွတ်နေသည့်၀မ်ယွီကို ကြည့်ရသည်မှာ အလိုလိုက်ခံရသည့် ကြောင်လေးတစ်ကောင်သဖွယ်ပင်။  


သူမနောက်ကျောမှ ကြက်သီးမွေးညှင်းများ စတင်ထလာခဲ့ပြီး သူမကုတ်ပိုးနှင့် နားများထံသို့ ပျံ့နှံ့သွားသည်။ သူမခန္ဓာကိုယ်ကို တမင်တကာကျုံ့လိုက်သည်။ 


မသိစိတ်၏စေ့ဆော်မှုအရ သူမလက်ကိုင်ကို လွတ်လိုက်ပြီးရှေ့ကိုမှီလိုက်မိကာ ပြတင်းပေါက်နားမှ ရေပြင်ညီဘားတန်းကိုကိုင်လိုက်သည်။ 


သို့ရာတွင် ၀မ်ယွီက သူမလက်ကို ညင်သာစွာဆုပ်ကိုင်လာသည်။ သူက သူမလက်အပါအ၀င် ဘားတန်းကိုပါ အုပ်ကိုင်လိုက်သည်။ ကျိအန်းနဉ်လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။ သို့ရာတွင် သူက တင်းတင်းကျပ်ကျပ်ကိုင်ထား၍ သူတို့နှစ်ယောက်၏လက်က ကော်နှင့်ကပ်ထားသလိုဖြစ်နေသည်။ 


တစ်ယောက်ကစိတ်ရှုပ်နေချိန်တွင် အခြားတစ်ယောက်ကအနောက်မှ ရယ်မောနေခဲ့သည်။ သူတို့နှစ်ယောက်လုံး လှုပ်ယမ်းနေသည့်ဘတ်စ်ကားထဲမှ တိတ်ဆိတ်မှုကိုယှဉ်ပြိုင်လိုက်ကြသည်။ 


ဘတ်(စ်)ကားက တစ်ချိန်လုံးလှုပ်ယမ်းနေသည့်အတွက် ကျိအန်းနဉ်က ၀မ်ယွီရင်ဘတ်မှ တုန်ခါမှုကိုခံစားနေရသည်။ 


ဒီတစ်ယောက် ရယ်နေတာလား... ငါ့ကို စနောက်ကျီစယ်နေတာက ဟာသလုပ်ဖို့လား...


ကျိအန်းနဉ် သူမနှုတ်ခမ်းကိုဖိကိုက်ပြီး ဖိနပ်ဒေါက်ကိုမြောက်ကာ ၀မ်ယွီ၏ ဖိနပ်ထိပ်ကိုအားနှင့် နင်းချလိုက်သည်။ 


ကျိအန်းနဉ်က လုံး၀ကို အားပြင်းပြင်းအသုံးပြုခဲ့ခြင်းဖြစ်သည်။ ထို့နောက်တွင် ၀မ်ယွီ၏ယဉ်ကျေးနေမှုကလည်း  လျော့ကျသွားခဲ့သည်။ သူ ချက်ချင်းပင် ဘယ်ဘက်လက်မောင်းကိုမြောက်ကာ ကျိအန်းနဉ်၏ခါးကိုပွေ့ဖက်လိုက်သည်။ 


သူ၏ ပွေ့ဖက်ထားမှုကို မတင်းကျပ်မီ ရှေ့ကိုပိုတိုး၍ ဖက်လိုက်သည်။


ခါးလေးက သေးသေးလေးပါလား...


ထိုအချိန် ၀မ်ယွီ၏ နှလုံးသားက လှုပ်ရှားသွားကာ အတွေးတစ်ခုပေါ်ထွက်လာသည်။


"သူကအမြဲတမ်း နည်းနည်းလေးပဲစားတယ်...ပြီးတော့ အရသာပေါ့ပေါ့နဲ့ ပလိမ်းကြီးပဲ... သူ ‌ဗိုက်မဆာတာများလား... "


မည်သို့ပင်ဖြစ်စေ ထိုသို့ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။ သူ၏ ကျီစယ်လိုသည့်အတွေးများက တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။ 


ကွဲပြားသည့်အတွေးများနှင့်အတူ သူ့လက်ကို ပိုမိုတင်းကျပ်လိုက်သည်။ 


ကျိအန်းနဉ်၏ မျက်နှာကအနီရောင်သန်းနေသည်။‌ ဘေးပတ်ပတ်လည်မှာ ဆူညံနေပြီး လူကျပ်နေသည့်ကားထဲတွင်ဖြစ်၍ သူမ၀မ်ယွီနှင့် မငြင်းခုံချင်ပေ။ နောက်ဆုံးတွင် သူမ၏ညာဘက်လက်ကို ၀မ်ယွီလက်ထဲမှ ပြန်ဆွဲထုတ်ယူရန်ကြိုးစားလိုက်သည်။ ထို့နောက် သူမခါးကိုဖက်ထားသည့်လက်ကိုလွှတ်အောင် လက်နှစ်ဖတ်လုံးကိုအသုံးပြုလိုက်သည်။ 


၀မ်ယွီ၏လက်က သံချောင်းသဖွယ် လုံး၀မရွေ့သွားချေ။


ကျိအန်းနဉ် အသံတိုးတိုးနှင့် ပြောရုံကလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။


 "ငါတို့ဆင်းရတော့မှာ..."


သူမ၏အသံက နူးညံ့နေပြီး အားအင်မဲ့မှုနှင့် ၀မ်ယွီကို အရှုံးပေးလိုက်သည့် သူမဆန္ဒကို ထုတ်ဖော်ထားသည်။ 


ယခင်ဘဝတွင်မူ ကျိအန်းနဉ်နှင့်၀မ်ယွီကြားက အခြေအနေက တင်းမာပြီး နှစ်ယောက်လုံးကလည်း ခေါင်းမာကြသည်။ တစ်ယောက်ကလည်း အလျှော့မပေးကာ အခြားတစ်ယောက်ကလည်း "အကြောင်းပြချက်ကြီးပဲ"ဟု အမြဲ ပြောခဲ့၍ သူတို့နှစ်ယောက်လုံးအမြဲတမ်း ရန်ဖြစ်နေခဲ့ကြသည်။ 


၀မ်ယွီက သူမ မည်မျှပြောပြော နားမထောင်ဟု ကျိအန်းနဉ် ယခင်ကတွေးခဲ့ဖူးသည်။ သို့ရာတွင် မမျှော်လင့်ထားသည်မှာ သူမ ဆင်းရတော့မည်ဟုပြောလိုက်သည့်အခါ ၀မ်ယွီက ၀မ်းနည်းနေသည့်လေသံနှင့်အတူ"အိုး"ဟု ရိုးရှင်းစွာ တုံ့ပြန်ခဲ့သည်။ ထို့နောက် ပြောလိုက်သည်။


"ငါတို့ဆင်းကြတော့မှာလား..."


စကားပြောပြီးသည့်နောက် မထင်ထားစွာပင် သူမလက်ကိုလွှတ်ပေးလိုက်သည်။ 


ကျိအန်းနဉ် စိတ်သက်သာရာရစွာအသက်ရှုလိုက်ပြီးမှ သတိရသွားသည်။ ၀မ်ယွီက ဤကဲ့သို့ ကျပ်ညှပ်နေသည့်လူအုပ်နှင့်အတူ တစ်ကြိမ်မှ ကားမစီးဖူးပေ။ 


သူမ အနောက်လှည့်ပြီး သူ့ကိုတွန်းကာပြောလိုက်သည်။


"ထွက်ပေါက်ဘက်ကို တိုးတော့..."


၀မ်ယွီ၏ ကားပေါ်လိုက်တက်လာသည့် ဆုံးဖြတ်ချက်က အလွန်စိတ်လိုက်မာန်ပါ ဖြစ်သွားသည်။ ထို့အပြင် သူ့ကိုယ်သူ သက်လတ်ပိုင်းနှင့် အသက်ကြီးပိုင်းများကြားထဲ တိုးဝှေ့နေရသည်ကို တွေ့ရှိသွားခဲ့သည်။ သူ အတော်လေးအဆင်မပြေဖြစ်နေသော်လည်း အံကြိတ်ကာ ကျိအန်းနဉ်နောက်မှတစ်ဆင့် သူ့ကို ကြပ်သိပ်အောင် ပြုလုပ်နေသည့် လူအုပ်ထံမှ ထွက်ပေါက်ကို လိုက်ပါသွားသည်။ 


ကျိအန်းနဉ်က အတွေ့အကြုံများစွာရှိနေသည်မှာ သိသာပေသည်။ သူမက ကြပ်ညပ်ပြီး နေရာလွတ်ပင် မရှိနိုင်သည့် လူအများကြားထဲကနေပင် လမ်းကိုရှာတွေ့သွားနိုင်သည်။ ၀မ်ယွီက သူမနှင့် ခပ်မြန်မြန်လိုက်ပါလာသည်။ 


သို့ရာတွင် သူတို့တစ်၀က်ခန့်သွားပြီးနောက် ရှေ့ဆက်တိုး မရတော့၍ ကျိအန်းနဉ် ရပ်လိုက်သည်။ ၀မ်ယွီလည်း ရပ်လိုက်သည်။ သူတို့ရှေ့မှာ ရှိနေသည့်လူအုပ်ကို ကျော်ဖြတ်ကာ ထွက်ပေါက်ဆီသို့ မည်သို့သွားရမည်အား ပူပန်နေကြသည်။ 


ဘတ်စ်ကားက သူ့တို့ဆင်းမည့်မှတ်တိုင်မှာရပ်သွားပြီးနောက် တံခါးနားမှ လူအုပ်ကလည်း ပွက်လောရိုက်ကာဆင်းသွားကြသည်။ ကျိအန်းနဉ်က တွက်ချက်ပြီးအစက်ပြောက်လေးသဖွယ် ခိုင်မာစွာရပ်နေလိုက်သည်။ တံခါးကပိတ်သွားသည်။ နောက်ထပ်မှတ်တိုင်ကမှ သူတို့ဆင်းရမည့်မှတ်တိုင်ဖြစ်သည်။ 


၀မ်ယွီ"......." ဒါကဘယ်လိုတောင်လဲ...


၀မ်ယွီက ပထမဆုံး အသက်ကြီးကြီး လူအုပ်ထဲတွင် ကားတိုးစီးရသည်ကို ကြုံရခြင်းဖြစ်သည်။ ၀မ်ယွီက ကျိအန်းနဉ်နှင့်အတူ ကွမ်းမင်လမ်းသို့ရောက်ပါက ကားထဲမှ မည်သို့ထွက်ရမည်ကိုကြည့်ပြီး ကြောက်လာသည်။ 


"ဘာအနံ့လဲ..." 


၀မ်ယွီ သူ့ကိုယ်သူအနံ့ခံပြီး မျက်နှာက ရှုံ့တွလာသည်။ 


ကျိအန်းနဉ်း သူမနှာခေါင်းကိုရှံ့ကာ ပြောလိုက်သည်။


 "ငါးခြောက်အနံ့လေ..."


၀မ်ယွီ "......"


"အခု အန်တီတစ်ယောက်ရဲ့အိတ်ထဲမှာ အမြှီးရှည်ငါးခြောက်ပါနေတာလေ..."


ကျိအန်းနဥ်က ပခုံးတွန့်ကာပြောလိုက်သည်။ 


ငယ်ရွယ်သည့်သခင်လေး၀မ်၏အပြုအမူကို အလွန်စိတ်၀င်စားနေသည်ဟု ပုံဖော်နိုင်ပေသည်။


ကျိအန်းနဉ်က ရယ်စရာရှာတွေ့သွားသလို သူမမျက်လုံးများက ကွေးညွှတ်သွားသည်။ 


သူမ အမြဲတမ်းပြုလုပ်ခဲ့သည့်အတိုင်း ပြုံးလိုက်သော်လည်း ၀မ်ယွီ၏နှလုံးသားက ခုန်ပေါက်နေခဲ့သည်။ ငါးခြောက်နံ့နှင့် တရုတ်နံနံအနံ့က သူ့အတွက်စိတ်အနှောင့်အယှက်မဖြစ်တော့ပေ။


"ကိုယ် မင်းနဲ့အတူ အလုပ်ကိုလိုက်ခဲ့မယ်လေ..."


သူ့မျက်လုံးများက တောက်ပနေပြီးပြောလိုက်သည်။ 


"မရဘူး..."


ကျိအန်းနဥ်က ခိုင်မာစွာငြင်းပယ်လိုက်သည်။


၀မ်ယွီက ထပ်ပြောချင်နေသည်ကိုမြင်၍ သူမထပ်ပေါင်းပြောလိုက်သည်။


"ငါ့မှာအလုပ်နှစ်ခုရှိတယ်... ၁၁နာရီလောက်မှ ပြီးမှာ... အပင်ပန်းခံမနေပါနဲ့ ပြန်လိုက်တော့..."


ကျိအန်းနဉ်၏ အချိန်ပိုင်းအလုပ်က ၀မ်ယွီကို ခေါင်းကိုက်စေသည်။ 


"သူ့မှာ ကောင်လေးထားဖို့ အချိန်မရှိဘူးဆိုတာ လိမ်နေတာမဟုတ်ဘူးပဲ..."


ကျိအန်းနဉ်က ခေါင်းမာပြီး ၀မ်ယွီကလည်းတွန်းအားမပေးချင်ပေ။ သူမ အနာဂတ်တွင် အလုပ်ကို တဖြေးဖြေးသာလုပ်စေရန် စီစဥ်ထားရပေမည်။


"ကောင်းပြီလေ...ကိုယ် အရင်ဆုံးပြန်လိုက်ဦးမယ်..."


စကားပြောပြီးနောက် သူ ရုတ်တရက်လှည့်လာပြီး သူမနားရွက်နားကိုကပ်ကာ အမိန့်ပေးသလိုပြောလိုက်သည်။


"အလုပ်တွေ အရမ်းမလုပ်နဲ့..."


ကျိအန်းနဉ် သူမနားများ ပူလောင်သွားသည်ဟု ခံစားလိုက်ရသည်။ 


၀မ်ယွီ၏ နှုတ်ခမ်းက အပြုံးအဖြစ်ကွေးသွားပြီး သူ့မျက်လုံးများက ပညာသားပါနေသည်။ 


ကျိအန်းနဉ် ကူကယ်ရာမဲ့သွားခဲ့သည်။ နေ့လည်ခင်းတွင် စိတ်လိုက်မာန်ပါ ပြုလုပ်လိုက်သည့် အနမ်းတစ်ပွင့်က သူမတို့ နှစ်ယောက်ကြားအခြေအနေကို ပြောင်းလဲသွားစေမှန်းသူမနားလည်သည်။


အချို့ဆက်ဆံရေးများနှင့် အချို့လူများက သူတို့ပန်းတိုင်ကိုမရောက်မီ တပ်ခေါက်သွားလေ့မရှိပေ။ ၀မ်ယွီက အမှန်တကယ်ကို ထိုကဲ့သို့ လူစာမျိုးဖြစ်သည်။ သူ့အဘိဓာန်တွင် "စည်းမျဉ်းတွေကိုတွန်းလှန်မယ်"သာပါ၀င်ပြီး "နောက်ပြန်ဆုတ်ခြင်း" နှင့် "လက်ဗလာနှင့်ပြန်လာရခြင်း" တို့ မရှိချေ။ 


၀မ်ယွီက ကျိအန်းနဉ် ရှုချန်း၏ကော်ဖီဆိုင်ဆီသို့ဦးတည်လိုက်သည့်အခါ ကားငှားပြီးထွက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးသည့်နောက် တစ်ယောက်ယောက်က သူမကိုအော်ခေါ်ခဲ့သည်။


သူမနှင့် ညနေပိုင်းတွင် အလုပ်အတူလုပ်သည့် မိန်းကလေးက အနောက်မှရောက်လာပြီး သူမကိုမေးနေသည်။


"အန်းနဉ်...ခုဏကလူက နင့်ကောင်လေးလား..."


ကျိအန်းနဉ်က အေးစက်စက်ဖြင့် 'မဟုတ်ဘူး'ဟုမပြောရသေးမီ မိန်းကလေးက အလွန်စိတ်လှုပ်ရှားပြီး သူမကိုနှောင့်ယှက်လိုက်သည်။ 


"သူက အရမ်းချောတာပဲ... နင့်ရဲ့ကောင်လေးက တကယ်ကိုချောတာ... နင်တို့နှစ်ယောက်က ပြီးပြည့်စုံတဲ့စုံတွဲပဲ... အားး ငါလည်း ကောင်လေးလိုချင်တယ်..."


သူမက စကားအမျှင်မပြတ်ပြောနေပြီး ကျိအန်းနဉ်ကို မေးလိုက်သည်။


"ဟေး နင် ဘယ်ကနေ ဒီလိုချောတဲ့ကောင်လေးမျိုးရှာလာတာလဲ... နင်တို့ကျောင်းကလား..."


သူမ စိတ်လှုပ်ရှားပြီး ကျိအန်းနဉ် အနားကပ်ကာမေးနေသည်။ 


"သူက နင်တို့ကျောင်းရဲ့ ဂျူနီယာလား..."


မိန်းကလေးက စိတ်လှုပ်ရှားစွာဖြင့် မေးခွန်းများစွာမေးနေသည်။ ထို့နောက် ကျိအန်းနဉ်ကို ဟွာတက္ကသိုလ်မှ ကောင်လေးအချို့နှင့် မိတ်ဆက်ခိုင်းလိုက်သေးသည်။ 


ကျိအန်းနဉ် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ 


"ငါက ကျောင်းတွင်းအဆောင်မှာမနေဘူး... ပြီးတော့ ငါ့အတန်းဖော်တွေနဲ့လည်း အရမ်းမရင်းနှီးဘူး... "


မကြာခင်မှာပင် သူတို့ဆိုင်ထဲ၀င်လာလာချင်း မိန်းကလေးက ရှုချန်းအား စိတ်လှုပ်ရှားပြီးပြောလိုက်သည်။ 


"မန်နေဂျာ မန်နေဂျာ... ကျွန်မ ကျိအန်းနဉ်ရဲ့ ကောင်လေးကိုတွေ့ခဲ့တယ်... သူက အရမ်းအရမ်းချောတာပဲ..."


ရှုချန်းက သိမ်မွေ့ညင်သာပြီး အေးချမ်းသည့် ပင်ကိုစရိုက်ရှိပြီး သူကိုယ်တိုင်ကလည်း ဆွဲဆောင်နိုင်သည့်ပုံပန်းသွင်ပြင်ရှိသည်။ ဆိုင်ထဲမှ ကောင်မလေးများကပင် သူ့ကိုကြိုက်ကြသည်။ သူကပြုံးပြီး မေးလိုက်သည်။


"အိုး... ဝမ်ယွီမလား... ဘာလို့ သူ့ကိုလာလည်ဖို့မခေါ်လိုက်တာလဲ..."


သူတို့အားလုံး ၀မ်ယွီက ငါ့ကောင်လေးလို့ ယူဆထားကြတာလား...


၀မ်ယွီကို သူမကောင်လေးအဖြစ် မြင်နေသည်မှ အမှန်ကိုရှင်းမပြနိုင်ကြောင်း ကျိအန်းနဉ်သဘောပေါက်သွားသည်။ ထိုအစား သူမနှလုံးသားထဲတွင် သဘောတူညီနေသည့်ခံစားမှုမျိုး အနည်းငယ်ခန့်ခံစားလိုက်ရသည်။ 


"သူ ငါ့ကိုလိုက်ပို့ပြီး လုပ်စရာရှိသေးလို့ပြန်သွားတာ..." 


သူမပါးပြင်က အကြောင်းတစ်ချို့ကြောင့် အနည်းငယ်ပူလာသည်။ 


ရှုချန်းက ကျိအန်းနဉ်ကို "ကောင်လေးရှိသည့်ကောင်မလေး" အဖြစ် မှတ်ယူထားပြီဖြစ်သည်။ သူ့နှလုံးသားထဲ ထိုအချက်ကိုမှတ်ထားကာ တည်တည်ငြိမ်ငြိမ်နှင့် သူ့သဘောထားကို လက်လျှော့လိုက်သည်။ သူက သူမကို အနည်းငယ်ပင် စနောက်လိုက်သေးသည်။


"နောက်တစ်ခါဆိုရင် သူ့ကိုအထဲခေါ်ခဲ့လေ... ငါသူ့ကို ကော်ဖီတိုက်ပါ့မယ်..."


ကျိအန်းနဉ်က ခေါင်းညိတ်ပြီး သူမဂျူတီအတွက် အ၀တ်လဲရန် အထဲကိုပြေး၀င်သွားသည်။ 


ကော်ဖီဆိုင်က အလုပ်ပြီးသွားသည့်အခါ သူမ' NL'ကိုသွားရသည်။ မနက်ဖြန်က သူမနားရက်ဖြစ်သော်လည်း  'NL' တွင် ယနေ့ လူများဆူညံပြီးပျားပန်းခပ်နေဆဲပင်။ လော်ဘီနှင့် သီးသန့်အခန်းများအားလုံးက အပြည့်ဖြစ်နေသည်။


ကျိအန်းနဉ်က ထိုသို့ဖြစ်နေသည်ကို နှစ်သက်သည်။ သူမအတွက် ဤသို့လူများသည့်နေ့များက ခါတိုင်းပုံမှန်ပိတ်ရက်( စနေ၊တနင်္ဂနွေ )နှင့်ပုံမှန်နေ့များထက် ၀င်ငွေပိုများသည်။ သူမ အလုပ်များနေသည့်ဘားများဆီသို့ ပြေးသွားပြီး အလုပ်ကိုကြိုးစားလိုက်သည်။


"အန်းနဉ်" 


အသက်ကြီးသည့်မိန်းကလေးတစ်ယောက်က သူမနားကပ်လာပြီး ဖမ်းဆွဲကာပြောလိုက်သည်။


"သီးသန့်အခန်း7မှာရှိတဲ့ ကာစတန်မာက မင်းကိုခေါ်နေတယ်..."


ကျိအန်းနဉ် အံ့သြသွားသည်။


"ကျွန်မကိုလား..."


သီးသန့်ခန်းထဲမှ ဖောက်သည်များက အလွန်သဘောထားကြီးသည်။ သူတို့က အရက်အများကြီးမှာရုံသာမက ဘောနပ်စ်လည်းပေးသေးသည်။ သို့သော်လည်း ကျိအန်းနဉ် သူမ၏ယခင်ဘ၀တွင် သီးသန့်ခန်းထဲကို ၀င်ရုံသာ၀င်ခဲ့ဖူးသည်။ ထိုအခန်းက သူမကို စိတ်လုံခြုံမှုမပေးသည့် အမျိုးသားဖောက်သည်များစွာရှိသည်။


သူမနှင့် လုပ်ဖော်ကိုင်ဖက်များ၏ ဆက်ဆံရေးကို ငြိမ်းငြိမ်းချမ်းချမ်းရှိချင်သောကြောင့် ငွေကြေးအတွက် ပြိုင်ဆိုင်ခြင်းများ မရှိခဲ့ပေ။ အံ့အားသင့်စွာပင် သူမ၏ကျော်ကြားမှုက ကျောင်းမှာထက်'NL' တွင် ပိုသိသာနေသည်။


"သူက ကောင်လေးငယ်ငယ်လေးပဲ...တော်တော်ငယ်တယ်... သူက မင်းရဲ့အတန်းဖော်လို့ပြောပြီး ငါ့ကို ခေါ်ခိုင်းလိုက်တာ..."


မိန်းကလေးက မနာလိုစွာပြောလိုက်သည်။


ထိုကောင်လေးက အလွန်သဘောထားကြီးသည်။ သူကသူမ ကျိအန်းနဉ်ကိုခေါ်ပေးရန်အတွက် ငွေလည်းပေးခဲ့သေးသည်။ 


သူက အန်းနဉ်ကို အတန်းဖော်တစ်ယောက်အနေနဲ့ ဂရုစိုက်ချင်တာဖြစ်မယ် ဒါမှမဟုတ် သူ့ကို ပိုးပန်းချင်တာလဲဖြစ်မှာပေါ့... ဘယ်လိုနေနေ ဒီနေ့တော့ ကျိအန်းနဉ် ပိုက်ဆံတော်တော်ရလိုက်မှာပဲ...


မိန်းကလေးက ထိုသို့ဖော်ပြလိုက်သည့်အခါ ကျိအန်းနဉ် ပထမဆုံးတွေးမိသည့်လူက ၀မ်ယွီပင်ဖြစ်သည်။


သူမ ယခင်ဘဝအကြောင်းကိုပြန်စဉ်းစားလိုက်သည်။ သူမ၏ အားလပ်ရက်နေ့မတိုင်မီနေ့တွင် ၀မ်ယွီက 'NL' သို့ လာခဲ့သည်။ ကျောင်းမှမဟုတ်သော သူနှင့် မရင်းနှီးပုံရသည့် အနည်းငယ်အသက်ကြီးသည့် လူငယ်တစ်စုကို ၀မ်ယွီကခေါ်လာခဲ့သည်။ ထို့နောက် သူမကို နာမည်တပ်ခေါ်ကာ စျေးကြီးသည့်အရက်များကိုမှာယူခဲ့သည်။


သူမ သီးသန့်အခန်းကမှထွက်ရန် တံခါးနား ကပ်သွားသည့်အခါ သူ၏အဖော်ထဲကတစ်ယောက် ပြောလိုက်သည်ကိုကြားခဲ့ရသည်။


"ငှက်ပေါက်စလေးက အထင်ကြီးစရာပုံပဲ... ငါလိုချင်...."


ထို့နောက် တံခါးကပိတ်သွားပြီး နောက်မှစကားလုံးကို မကြားလိုက်ရသည့်အပြင် ၀မ်ယွီ၏အပြုအမူကိုပါ မမြင်လိုက်ရချေ။


ထိုညတွင် ၀မ်ယွီ၏သီးသန့်ခန်းမှ သူမ ပိုက်ဆံများစွာရလိုက်သော်လည်း ပျော်ရွှင်သည်ဟု မခံစားခဲ့ရပေ။ သူမအလုပ်ပြီး၍ အပြင်ထွက်လာသည့်အခါ ၀မ်ယွီကလမ်းဘေးမှာရပ်နေပြီး သူမကိုအိမ်ပြန်ပို့ပေးရန် စောင့်နေသည်ကို တွေ့လိုက်ရသည်။


သူမက ခိုင်ခိုင်မာမာငြင်းဆိုခဲ့သည်။


ကျိအန်းနဉ်က ပြောလိုက်သည်။


"အဆင်ပြေပါတယ် ဒီအချိန်က ငါပြန်နေကြပါ..."


သူမ သူ့ကိုအိမ်ပြန်ရန်ပြောလျှင်ပင် သူက မည်သည့်နည်းနှင့်မဆို လာနေဦးမည်ဖြစ်သည်။ သူမစိတ်ထဲတွင် ရေရွတ်နေမိသော်လည်း ယခင်ဘဝက ' NL' တွင် သူမကိုခေါ်ခဲ့သည့် ၀မ်ယွီအား သူမ စက်ဆုပ်မုန်းတီးခြင်းမရှိခဲ့ပေ။ 


သူမ သီးသန့်ခန်း 7ကိုရောက်သည်နှင့် တံခါးဖွင့်လိုက်လျှင် ၀မ်ယွီ၏မျက်နှာကို တည်တည်ငြိမ်ငြိမ်နှင့် အေးအေးချမ်းချမ်းတွေ့ရမည်ဟု တွေးထင်ခဲ့မိသည်။


သို့သော်လည်း အခန်းထဲတွင် သူမ မသိသည့်လူစိမ်းတစ်အုပ်စုရှိနေပြီး လူငယ်တစ်ယောက်ကသူမကို လက်ယမ်းပြခဲ့သည်။


"ဟေး...မင်း ငါ့ကိုမှတ်မိရဲ့လား..."


ကျိအန်းနဉ်၏ အမူအရာကအေးခဲသွားခဲ့သည်။


ဒါက ၀မ်ယွီမဟုတ်ဘူး... သူက ကျောင်းချန်ပဲ...



###