အပိုင်း၃၀
Viewers 7k

🤚Chapter 30



၀မ်ယွီနှင့်ကျိအန်းနဉ်က လူချင်းခွဲလိုက်ပြီးနောက် ၀မ်ယွီက သူ့ကားကိုယူရန် ကျောင်းသို့ပြန်လာခဲ့သည်။ သူက ဤကဲ့သို့သောနေ့မျိုးတွင် လိမ္မာသည့်ကလေးတစ်ယောက်ကဲ့သို့ အိမ်စောစောမပြန်ချင်ပေ။ သူ့ထံတွင် ပျော်ပါးအတွက် မြေခွေးနှင့်ခွေးများသဖွယ် ရင်းနှီးသည့် သူငယ်ချင်းအုပ်စုရှိသည်။


ကျိအန်းနဉ်ထံမှ ဖုန်းခေါ်ဆိုမှုကိုရရန်မူ သူ လုံး၀ မမျှော်လင့်ထားပေ။


သူမဘ၀တွင် သူမဘက်မှ  သူ့ကိုစပြီးဖုန်းခေါ်မည်မဟုတ်ဟု သူထင်ထားခဲ့မိသည်။


နိုက်ကလပ်က ဆူညံနေသည့်အတွက် သူဖုန်းဖြေရန် အပြင်ကို ထွက်လာလိုက်ရသည်။


"ဟယ်လို..."


"၀မ်ယွီ..."


ကျိအန်းနဥ်၏အသံက ဖုန်းထဲမှ ဖြတ်သန်းရောက်ရှိလာသည်။ သူ့အသံက စိတ်သက်သာရာရသွားသည့်သဖွယ် ဖြစ်နေသည်။


"နင် ဒီည ငါ့ကို လာကြိုလို့ရမလား..."


"အိုး မင်းကိုယ့်ကို လွမ်းနေလို့လား..."


၀မ်ယွီက ကျီစယ်လိုက်သည်။


သို့ရာတွင် ကျိအန်းနဉ်ဘက်မှ မတုံ့ပြန်လာ၍ လိုင်း၏တစ်ခြားတစ်ဖက်တွင် တိတ်ဆိတ်မှုသာ ရှိနေသည်။


၀မ်ယွီက တစ်ခုခုမှားနေသည်ကို သတိထားမိသွားပြီး ဟာသလုပ်နေခြင်းကိုရပ်တန့်ကာ အလောတကြီးမေးလိုက်သည်။


" ဘာကိစ္စဖြစ်လို့လဲ..."


ကျိအန်းနဉ် မေးလိုက်သည်။


"လာကြိုဖို့အဆင်ပြေလား..."


"သေချာတာပေါ့..." 


၀မ်ယွီက တုံ့ဆိုင်းခြင်းမရှိဘဲ ဖြေလိုက်သည်။


"ငါအခုပဲ လာခဲ့မယ်..."


"မလိုဘူး...အခုမလိုဘူး..." 


ကျိအန်းနဉ် ပြောလိုက်သည်။


"ငါ့အလုပ်က ဆယ်နာရီ‌လေးဆယ်လောက်မှပြီးမှာ..."


သူမက၀မ်ယွီကို အလုပ်သမားများထွက်သည့် တံခါးအနက်ရောင်ရှိသည့်ဘက်ကိုပါ ပြောပြလိုက်သေးသည်။


၀မ်ယွီက သူမအလုပ်ပြီးလျှင် လာခေါ်မည်ဟု ကတိပေးလိုက်သည်။ သို့ရာတွင် သူ့ဖုန်းကိုပြန်ကောက်ကိုင်လိုက်ကာ နိုက်ကလပ်ထဲမှ သူငယ်ချင်းများထံ ပြောလိုက်သည်။


"အရေးကြီးကိစ္စရှိလို့ ငါသွားတော့မယ်..." 


သူ့သူငယ်ချင်းများ၏ မကျေနပ်သံများကို လျစ်လျူရှုကာ တိုက်ရိုက်ထွက်လာခဲ့သည်။


ညကနက်လာသော်လည်း အားလပ်ရက်အကြိုနေ့ဖြစ်သည့်အတွက် ကားကျပ်နေကာ အထူးသဖြင့် ဖျော်ဖြေရေးကျင်းပသည့်နေရာနှင့် ဆက်စပ်နေသည့် တောင်ပိုင်းလမ်းမကြီးပေါ်၌ ယာဥ်ကြောပိတ်ဆို့မှုပိုဖြစ်သည်။ ၀မ်ယွီ၏အနှစ်သက်ဆုံး အပျော်ရှာသည့်နေရာနှင့် တောင်ပိုင်းလမ်းမကြီးက မဝေးသော်လည်း ထိုနေရာရောက်ရန် သူ မိနစ်လေးဆယ်ပင် မောင်းခဲ့ရသည်။


'NL' ၏ ကြီးမားသည့်ကားပါကင်က ပြည့်နေပြီး အပြင်တွင်လည်း လူများတန်းစီနေသည်။ ၀မ်ယွီက အစောင့်ကို သူ၏ 'VIP'ကတ်ကိုပြလိုက်သည့်အခါ အစောင့်က အခြားတစ်ပေါက်က ၀င်ခွင့်ပြုလိုက်၍  'VIP'ကားပါကင်ထိုးသည့်နေရာကိုရောက်သွားသည်။


၀မ်ယွီက မကြာမီအချိန်၌ ကလပ်ထဲ၀င်လာ၍ မန်နေဂျာက သူ့ကို ချက်ချင်းသတိပြုမိသွားသည်။


"၀မ်သခင်လေးပါလား..." 


မန်နေဂျာက သူ့ကို နွေးထွေးစွာနှုတ်ခွန်းဆက်လိုက်သည်။


" သခင်လေး မတွေ့ရဝာာတောင်ကြာပြီ၊ ဘာလို့များ ပျော်ဖို့မလာတော့တာလဲ..."


၀မ်ယွီက သူ့ကိုတည့်တည့်ပြောလိုက်သည်။


" ငါ့ကို ကျိအန်းနဉ်လို့ခေါ်တဲ့ လူတစ်ယောက်ရှာပေးစမ်းပါ... သူကဒီမှာ အရက်ချပေးတဲ့ အချိန်ပိုင်းအလုပ်လုပ်တယ်..."


မန်နေဂျာက တက်တက်ကြွကြွပင် တောင်းဆိုမှုကိုလက်ခံလိုက်ပြီး ဘေးနားမှဖြတ်သွားသည့် လုစီဟုခေါ်သော စားပွဲထိုးအားမေးလိုက်သည်။ 


"လုစီ... ကျိအန်းနဉ်ကဘယ်မှာလဲ သူ့ကိုသီးသန့်အခန်း7က မခေါ်သေးဘူးမလား..."


ထပ်ပြီးတော့လား...


၀မ်ယွီ၏အကြည့်က တစ်ဖြည်းဖြည်း နက်မှောင်လာပြီးမန်နေဂျာ၏ လမ်းပြမှုကိုမစောင့်ဘဲ ပြေးထွက်သွားသည်။ကျွမ်းကျင်နေသည့်လမ်းကြောင်းနှင့်အတူ သူကိုယ်တိုင်သီးသန့်အခန်းဆီ ဦးတည်လိုက်သည်။


သူ ကော်ရစ်တာတစ်လျှောက် ခပ်သွက်သွက်လျှောက်လာသည့်အခါ ကျိအန်းနဉ်က သီးသန့်အခန်း7မှ ထွက်လာသည်ကို မြင်လိုက်ရသည်။ မီးရောင်ကြောင့်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကျိအန်းနဉ်၏မျက်နှာ အနည်းငယ်ဖြူဖျော့နေသည်ကို ဝမ်ယွီ မြင်နိုင်သေးသည်။


သူမကို သူခေါ်လိုက်မည်အပြုတွင် သီးသန့်အခန်းမှ လူတစ်ယောက်ထွက်လာသည်ကို မြင်လိုက်ရသည်။ ထိုလူကိုမြင်လိုက်သည်နှင့် ကျိအန်းနဉ်က အဘယ့်ကြောင့် သူမဘက်ကစပြီး သူ့ကိုဖုန်းခေါ်လိုက်သည်ကိုပါ သဘောပေါက်သွားသည်။


"ဟေး ကျိအန်းနဉ်..." 


ကျောင်းချန်က ကျိအန်းနဉ်၏အနောက်မှထွက်လာပြီး ရွှင်မြူးစွာပြုံးနေခဲ့သည်။


" ခပ်မြန်မြန်ကြီး မထွက်သွားနဲ့လေ..."


ကျိအန်းနဉ်က ရပ်လိုက်ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။


"တခြားကိစ္စရှိသေးလို့လား..."


ကျောင်းချန်က ပြောလိုက်သည်။


" ဖုန်းနံပါတ်လေး ပေးပါလား...ဆက်သွယ်ရအောင်လေပြီးတော့ ငါတို့က အတန်းဖော်တွေ‌ပဲ အချက်အလက်ဖလှယ်တာမမှားဘူးမလား..."


ကျိအန်းနဉ် သူမမျက်နှာထားကိုတင်းကာ ပြောလိုက်သည်။


" ငါတို့ကမရင်းနှီးပါဘူး...ဒါကြောင့် ဆက်သွယ်ဖို့လည်းမလိုဘူး..."


"ကျစ်...ဒါက မင်းရဲ့ကာစတန်မာကို စကားပြောတဲ့ပုံလား... မင်းရဲ့အကျင့်စရိုက်က ကာစတန်မာတွေကိုထွက်ပြေးအောင်လုပ်နေတာပဲ..." 


ကျောင်းချန် လှောင်ပြောင်ပြောလိုက်သည်။


"ဟုတ်တယ် ငါတို့ကအတန်းဖော်ပဲ..."


ကျောင်းချန်က သဘောကျစွာဖြင့် ထပ်မံရယ်လိုက်သည်။


" ငါ့ကို ဖုန်းနံပါတ်လေးချန်ထားခဲ့စမ်းပါ...အနာဂတ်ကျ မင်းရဲ့အလုပ်မှာ အကျိုးဖြစ်စေမှာပါ..."


ကျောင်းချန်ကသောက်ထားခြင်းဖြစ်၍ သူ့ကိုယ်ပေါ်မှ အရက်နံ့ရနေသည်။ သူ့ကိုမျက်နှာချင်းဆိုင်နေရသည့်အခါ ကျိအန်းနဉ်၏စိတ်ထဲ ပိုမိုတင်းမာလာသည်ကို ခံစားမိနေသည်။


ဤလူက မိန်းကလေးတစ်ယောက်အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အတွက် ရာဇ၀တ်မှတ်တမ်းရှိထားသည့်လူ ဖြစ်သည်။ သူမ၏ယခင်ဘဝတွင် သူက သူမကို မဟုတ်မှန်သည့် နည်းလမ်းများနှင့် ပိုင်ဆိုင်ရန် ကြိုးစားခဲ့သည်။ 


သူ့ကို အတန်းဖော်လို့ခေါ်ဖို့လား... ကျောင်းချန်က ဘာမှမဟုတ်ပေမယ့် သူက ပြစ်မှုကျူးလွန်သူဖြစ်နေတာကို...


သူမစကားပြောမည့်အချိန်တွင် ရုတ်တရက် ယောက်ျားလေးတစ်ယောက်၏ ဩရှရှအသံကို ကြားလိုက်ရသည်။


" မင်းတို့ ဘာအကြာင်းတွေပြောနေကြတာလဲ..."


သူမ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဝမ်ယွီကို မြင်လိုက်ရသည်။


ကျိအန်းနဉ် သူမပခုံးပေါ်က တင်းမာမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။


နိုက်ကလပ်တွင်ထွန်းထားသည့် မီးရောင်မှိန်မှိန်အောက်တွင် ၀မ်ယွီကိုမြင်လိုက်သည့် ကျိအန်းနဉ်၏မျက်လုံးများ တောက်ပသွားသည်။ 


သူမ၏မျက်ဝန်းမှ ပေါ်ထွက်လာသည့် ပျော်ရွှင်မှုနှင့် စိတ်သက်သာရာရမှုကို ၀မ်ယွီက သတိထားမိလိုက်သည်။


ကျောင်းချန်က ခဏရပ်သွားပြီးပြုံးလိုက်သည်။


"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ..."


သူက တစ်ယောက်တည်းဖြစ်ပုံပေါ်သည့် ၀မ်ယွီကိုကြည့်ကာ မေးလိုက်သည်။


"တစ်ယောက်တည်းလား... ငါ့မှာသူငယ်ချင်းနည်းနည်းပါတယ်...အတူတူသောက်ချင်လား..."


၀မ်ယွီက သာမန်ကာလျှံကာကြည့်ကာ သူ့အပြုအမူကိုမပြောင်းဘဲ လက်ကိုမြောက်လိုက်သည်။


၀မ်ယွီက ပွေ့ဖက်လိုက်သောကြောင့် ကျိအန်းနဉ် သူမပခုံးများ နှစ်မြှုပ်သွားသည့်သဖွယ် ခံစားလိုက်ရသည်။ သူကပြုံးပြီးပြောလိုက်သည်။


"တော်ပြီ ငါ အခု သူ့ကိုအလုပ်ကနေ ကြိုပေးဖို့လာတာ..."


ကျိအန်းနဉ် မျက်လွှာချထားလိုက်သည်။


" မင်းတို့ ဘာအကြာင်းတွေပြောနေကြတာလဲ..." 


၀မ်ယွီက ထပ်မံမေးလိုက်ပြန်သည်။


ကျောင်းချန်က ၀မ်ယွီ၏ရင်ခွင်ထဲမှ ကျိအန်းနဥ်ကိုစိုက်ကြည့်နေခဲ့သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သူတို့ကန်တင်း၌ တွေ့ထိခဲ့သည်နှင့် ယှဉ်မည်ဆိုလျှင် ယခုအချိန်၌ ၀မ်ယွီက သူ့ပိုင်ဆိုင်မှုကို ရှင်းရှင်းလင်းလင်း ပေါ်ပေါ်ထင်ထင် ထုတ်ပြနေသည်။


"အိုး ငါသိပြီ..." 


ကျောင်းချန်က ခဏရယ်နေပြီးပြောလိုက်သည်။


"ဒါဆို နောက်နေ့ဆိုရင်ရော ရမလား..."


"သေချာတာပေါ့..." 


၀မ်ယွီ မှန်ကန်မှုမပါရှိဘဲ သာမန်ကာလျှံကာပြောလိုက်သည်။


သူက ကျိအန်းနဉ်ကိုသူ့ဘက်ဆွဲယူထားပြီး သူတို့ထွက်လာသည့်တစ်လျှောက်လုံး သူမကိုပွေ့ဖက်ထားခဲ့သည်။ သူတို့ကော်ရစ်တာ၏ အဆုံးထောင့်ကိုရောက်သည့်အခါ ကျိအန်းနဉ်ကရပ်လိုက်ပြီး ဖြေးဖြေးချင်းလှည့်လာကာ သူ၏ပွေ့ဖက်မှုမှ ရုန်းထွက်လိုက်သည်။


"ကျေးဇူးတင်ပါတယ်..."


သူမ ပြောလိုက်သည်။


၀မ်ယွီက သူမကို စူးစမ်းနေခဲ့သည်။


ကျိအန်းနဉ်က မိတ်ကပ်လိမ်းထားခဲ့သည်။ သူမ မိတ်ကပ်မလိမ်းထားလျှင်ပင် နိုက်ကလပ်၏ မီးရောင်မှိန်မှိန်အောက်၌ သရဲတစ်ကောင်လို အေးစက်ဖြူဖျော့နေသည်။ မိတ်ကပ်က အလွန်မများလှသော်လည်း သူမကို ပို၍အေးစက်စေကာ ဆွဲဆောင်မှုရှိသွားစေသည်။


"သူက မင်းကို သီးသန့်စောင့်ကြည့်နေတာလား..." 


၀မ်ယွီမေးလိုက်သည်။


"မဟုတ်လောက်ဘူး..." 


ကျိအန်းနဉ် ပြန်ဖြေလိုက်သည်။


"သူက ဒီမှာအပျော်ရှာဖို့လာပြီး ကျွန်မကိုတွေ့သွားတာဖြစ်မယ်..."


၀မ်ယွီက ကျိအန်းနဉ်ကို အတန်ကြာအောင်စိုက်ကြည့်နေပြီးမေးလိုက်သည်။


" မင်း သူ့ကိုကြောက်နေတာလား..."


ဤမေးခွန်းကိုကြားသည့်အခါ ကျိအန်းနဉ်၏နှုတ်ခမ်းကတင်းတင်းစေ့သွားသည်ကို သူ ရှင်းရှင်းလင်းလင်းမြင်လိုက်သည်။


၀မ်ယွီ ဦးနှောက်ခြောက်သွားသည်။


လွန်ခဲ့သည့်တစ်ပတ် ကျိအန်းနဉ် ကျောင်းချန်နှင့် ကန်တင်းတွင်တွေ့စဉ်တည်းက သူ့ကိုကြောက်လန့်နေသည့် လက္ခဏာပြခဲ့သည်။ 


ယခုတွင် ကျောင်းချန်က ကျိအန်းနဉ်၏ ဖုန်းနံပါတ်မေးနေသည်ကို သူကြား၍ အနည်းဆုံး ကျောင်းချန်ဘက်က  ကျိအန်းနဉ်နှင့် မသိသည့်အပြင် ရင်းနှီးပုံလည်း မရပေ။


ဒါပေမယ့် ကျိအန်းနဉ် ဘက်ကရော... သူ ဘာလို့ ကျောင်းချန်ကိုကြောက်နေရတာလဲ... ဒီကိစ္စလေးတစ်ခုအတွက်နဲ့ သူဘာလို့ ငါ့ကိုဖုန်းခေါ်ရတာလဲ...


သို့သော်လည်း ကျိအန်းနဉ် တိတ်ဆိတ်နေသည်ကိုကြည့်ခြင်းအားဖြင့် သူမ ဤကိစ္စနှင့်ပတ်သက်ပြီး သူနှင့်မဆွေးနွေးချင်သည်မှာ ရှင်းလင်းနေသည်။


၀မ်ယွီ၏အကြည့်က ရိပ်ခနဲဖြစ်သွားသော်လည်း သူမကို တွန်းအားမပေးခဲ့ဘဲ ပုံမှန်သာပြောလိုက်သည်။


"အ၀တ်စားသွားလဲတော့... ကိုယ် မင်းကို၀င်ပေါက်မှာစောင့်နေမယ်..."


ကျိအန်းနဉ်က သူ့ကိုတစ်ချက်မော့ကြည့်ပြီးပြောသည်။


" ကျွန်မ အလုပ်ချိန်...." 


သူမ၏အလုပ်ချိန်က မပြီးသေးပေ။


"အ၀တ်စားသွားလဲတော့..." 


၀မ်ယွီက သူမကို အမိန့်ပေးသလိုပြောလိုက်သည်။


"ငါ မင်းတို့ရဲ့ မန်နေဂျာကို ပြောလိုက်မယ်..."


ကျိအန်းနဉ် ပါးစပ်ဟလိုက်ပြီးမှ ပြန်ပိတ်လိုက်သည်။


ယနေ့တွင် ကျောင်းချန်က အနည်းငယ်သောက်ထားပြီး မဆင်မခြင်ဖြစ်နေသည်။ ယခင်ဘဝမှ အရိပ်မည်းကြီးက သူမအပေါ်တွင် ထင်ကျန်နေဆဲဖြစ်သည်။ ထို့အပြင် သူမက ကျောင်းချန်နှင့်တွေ့တိုင်း သောကရောက်ပြီး ကြောက်စိတ်မွှန်လျက်ရှိသည်။ ဤသို့ စိတ်တထင့်ထင့်ဖြစ်နေမှုအတွက် သူမ၀မ်ယွီကို ခေါ်ရန်သာရွေးချယ်လိုက်ရသည်။


၀မ်ယွီက တုံ့ဆိုင်းမနေဘဲ ချက်ချင်းရောက်လာခဲ့သည်။


ထိုအချိန်၌ သူမက သူ့ဖက်တွယ်မှုကိုလက်ခံပြီးတိတ်တိတ်နေရန်ကိုသာ ရွေးချယ်လိုက်သည်။


၀မ်ယွီက သူမအ၀တ်သွားလဲသည်ကို စောင့်နေပြီး သူမ ကျောင်းချန်နှင့်တွေ့သည့်အခါ သူ့ကိုခေါ်ရမည်ဟု အသိရှိသည့်အတွက် ကျေနပ်နေမိသည်။ ၀မ်ယွီ ထိုနေရာက လှည့်ထွက်သွားပြီး မန်နေဂျာကိုရှာကာ သူတို့ကိုမေးပြီး 'NL' ၌ ယနေ့ညအတွက် ဂျူတီခွဲသည့်ခေါင်းဆောင်ကို ခေါ်လာခိုင်းလိုက်သည်။


သူ၏တောင်းဆိုချက်ကို ကြားသည့်အခါ တာ၀န်ကျသည့်ခေါင်းဆောင်က သူ့မျက်နှာပေါ် အပြုံးတစ်ခုတင်ကာပြောလိုက်သည်။


"၀မ်သခင်လေး သဘောပါပဲ... ဒါပေါ့အဆင်ပြေပါတယ်၊ ပြဿနာမရှိပါဘူး..."


၀မ်ယွီက တာ၀န်ကျခေါင်းဆောင်ကိုပြောပြီး ၀င်ပေါက်ဆီသို့ လမ်းလျှောက်လာခဲ့သည်။ သူ့ခေါင်းကိုငုံ့ပြီး စီးကရက်မီးညှိနေသည်။


သူ ခေါင်းမော့လိုက်သည့်အခါ ငယ်ရွယ်ချောမောသည့် အမျိုးသားတစ်ယောက် အထဲ၀င်လာသည်ကိုတွေ့လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံး အကြည့်ချင်းဆုံပြီး အံ့အားသင့်သွားကြသည်။


"၀မ်ယွီ မလား..." 


ယန်ပေါ်က ပြုံးပြီးသူ့ကိုနှုတ်ဆက်ခဲ့သည်။


"ဘယ်လိုတောင်တိုက်ဆိုင်တာလဲ... မင်းဒီကိုပျော်ဖို့လာတာလား..."


၀မ်ယွီသည်လည်း အပြုံးတစ်ခုဆင်မြန်းကာ ပြန်ဖြေလိုက်သည်။


"ဒါပေါ့ မင်းကောလား..."


ကျိအန်းနဉ်က အ၀တ်စားကိုလဲပြီးနောက် ဤဖြစ်ရပ်ပေါ်မူတည်ပြီး သူ၏ ယခင်ဘ၀နှင့် အနာဂတ်ကို စဉ်းစားချင့်ချိန်နေသည်။


အမှန်တွင် လွန်ခဲ့သည့်တစ်ပတ် ကန်တင်း၌ ကျောင်းချန်ကိုတွေ့စဥ်တည်းက သူမ စိတ်ထဲတထင့်ထင့်ဖြစ်နေခဲ့သည်။ ယခင်ဘဝတွင်မူ သူမ ကျောင်းချန်ကို တစ်ကြိမ်တစ်ခါမှ မသိခဲ့ပေ။ ကျောင်းကအလွန်ကြီးမားပြီး ကျောင်းသားများစွာရှိကာ သူမကလည်း ကိုယ့်ကိုကိုယ်သာ ဂရုစိုက်နေခဲ့သည်။ သူမက အတန်းထဲနှင့် မေဂျာမှကျောင်းသားအတော်တော်များများကိုမသိပေ။


ကျောင်းချန်က သူမဘေးမှ ၀မ်ယွီ ကျောင်းကနေပျောက်သွားပြီးမှ ပေါ်လာခြင်းဖြစ်သည်။


ဝမ်ယွီက ကျိအန်းနဉ်ကို အကြိမ်ပေါင်းများစွာ ပိုးပန်းခဲ့သော်လည်း သူမက သူ့ကို တစ်ကြိမ်မှ ပြန်လှည့်မကြည့်ခဲ့ပေ။ ထို့အပြင် ၀မ်ယွီ၏လက်အောက်ငယ်သားဟု ဆိုရလောက်သည့်ကျောင်းချန်ကိုလည်း ဂရုမစိုက်မိပေ။


၀မ်ယွီက ကျိအန်းနဉ်ကို စိတ်ဒုက္ခများစွာပေးခဲ့သော်လည်း မည်သည့်အခါကမှ အမှန်တကယ် ဒုက္ခမရောက်စေခဲ့ဖူးပေ။ ထို့အပြင် သူမ စိတ်အနှောင့်အယှက်ဖြစ်လာပြီဆိုပါက သူရပ်တန့်လိုက်သည်။


နှိုင်းယှဉ်ကြည့်မည်ဆိုရင် ကျောင်းချန်က အလွန်မုန်းတီး စက်ဆုပ်ဖွယ်ကောင်းသည်။ ကျိအန်းနဉ်က သူ့ကိုရှောင်ရန် တတ်နိုင်သမျှ ကြိုးစားခဲ့သော်လည်း သူမ မမျှော်လင့်ထားသည်မှာ သူက ကပ်တွယ်လွန်းနေသည်။


သူမ၏ယခင်ဘ၀တုန်းက ဝမ်ယွီနှင့် ဤကဲ့သို့ စကားစမြည်မပြောခဲ့ဖူးပေ။ ထို့အပြင်ကျောင်းချန်ကကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည့်အကြောင်း ၀မ်ယွီက သူမကို သတိမပေးခဲ့ပေ။ အကယ်၍ သူက ထိုကဲ့သို့လူမျိုးဖြစ်ခဲ့သည်ကို သိမည်ဆိုလျှင် သူမ အကွာအဝေးပိုခြားနေပြီး သူမကိုယ်သူမ ပိုဂရုစိုက်ခဲ့မည်ဖြစ်သည်။


ယနေ့ သူမ ကျောင်းချန်နှင့် 'NL' မှာတွေ့ခဲ့သည်။ ထို့အပြင် သူက သဘောကောင်းသည့် အမျိုးသားဖောက်သည်များကဲ့သို့ မတုံ့ဆိုင်းဘဲ အရက်များစွာ မှာခဲ့သည်။ ဤဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် ကျောင်းချန်က 'NL' တွင် ဖောက်သည်အသစ်မဟုတ်လောက်ဟု သူမ သတိပြုမိသွားသည်။ သူက ဤနေရာနှင့်ရင်းနှီးနေပြီး ပုံမှန်ဖောက်သည်ဖြစ်နိုင်သည်။


ဆိုလိုသည်မှာ ၀မ်ယွီ မပျောက်သွားမီအထိ သူမ ကျောင်းချန်ကိုမသိခဲ့သော်လည်း ကျောင်းချန်က သူမကိုအစောကြီးကတည်းက သိလောက်မည်ဖြစ်သည်။ သူက သူမကို ကျောင်း သို့မဟုတ် 'NL' မှာ စောင့်ကြည့်နေခြင်းဖြစ်နိုင်သည်။


ဒါဆိုရင် ဘာဖြစ်လို့ အဲ့ဒီအချိန်တုန်းက မပေါ်လာခဲ့ရတာလဲ...


ကိစ္စအချို့ကို လေးလေးနက်နက်စဉ်းစားပြီးသည့်နောက်တွင် ကျိအန်းနဉ် နားလည်သွားသည်။ ၎င်းက ၀မ်ယွီကြောင့်ဖြစ်နိုင်သည်။


သူမ၏ယခင်ဘဝတွင် သူမနှင့်၀မ်ယွီက မူလအစကတည်းက ဆန့်ကျင်ဘက်အခြေအနေ၌ ရှိနေသည်။ ဤဘဝတွင် မတူညီသည့်အရာတစ်ခုမှာ ၀မ်ယွီက သူမ၏အပြုအမူကြောင့် သူမကိုညင်ညင်သာသာဆက်ဆံလာသည်။ ယခင်ကဆိုလျှင် သူက သူမကို ပွင့်ပွင့်လင်းလင်းနှင့် မျက်နှာပြောင်ပြောင်ပင် လိုက်လံပိုးပန်းသည်။  လူများစွာကလည်း ဤကိစ္စကိုသိကြသည်။


'လူအများကြီး' ကြားထဲတွင် ကျောင်းချန်လည်းပါမည်ဟု သူမ တွေးလိုက်မိသည်။ သို့ဖြစ်၍ ၀မ်ယွီရှိနေသောကြောင့် သူက သူမအပေါ် မည်သည့်အပြုအမူမှ ပြုလုပ်ရဲမည်မဟုတ်ပေ။ သူ လျှို့ဝှက်ပြီး စိတ်ကူးယဉ်နေရုံသာ တတ်နိုင်သည်။ ၎င်းမှာ ၀မ်ယွီ ကျောင်းမှ အကြောင်းအရင်းမသိဘဲ ပျောက်သွားသည့်အချိန်ထိဖြစ်သည်။ ထို့နောက် ကျောင်းချန်က ကြိုတင်စီစဉ်ထားသည့်အတိုင်းပြုမူလာခဲ့သည်။


ဒါက အရာအားလုံး စတင်တဲ့အချိန်ပဲ...


ကျိအန်းနဉ် အ၀တ်စားလဲပြီး သူမ ပစ္စည်းများကိုထုပ်ပိုးလိုက်သည်။ သူ မအ၀တ်လဲခန်းက ထွက်လာသည့်အခါ ၀ိတ်တာခေါင်းဆောင်နှင့် တွေ့လိုက်ရသည်။


"ထွက်သွားတော့မှာလား... နှုတ်ဆက်ပါတယ်..."


 ခေါင်းဆောင်ကသူ့ကို လက်ယမ်းပြလိုက်သည်။


 "အနာဂတ်မှာ ထပ်တွေ့ဖို့ မျှော်လင့်ပါတယ်..."


ယနေ့က အားလပ်ရက်အကြိုနေ့ဖြစ်၍ ပုံမှန်ထက်ပိုအလုပ်များနေသည်။ ခေါင်းဆောင်က ခပ်မြန်မြန်ပြောပြီး ကျိအန်းနဉ် မတုံ့ပြန်နိုင်သေးမီ မြန်မြန်ထွက်သွားခဲ့သည်။


ကျိအန်းနဉ် အနည်းငယ်ခန့် ကြောင်သွားသည်။


သူမ အိတ်ကိုထုတ်ပိုးပြီး အဓိက၀င်ပေါက်မှာ ၀မ်ယွီကို ရှာရန် ထွက်လာခဲ့လိုက်သည်။ သူ့ကိုရှာတွေ့ရန် အချိန်များများ မကြာလိုက်ပေ။


သူက အရပ်ရှည်ပြီး ဖြောင့်မတ်နေကာ အာရုံကို ဖမ်းစားနိုင်ဖွယ်ဖြစ်နေသည်။ သူ့ရှေ့တွင် ရပ်နေသည့်လူက အရပ်ရှည်သော်လည်း ၀မ်ယွီတွင်ရှိသည့် ကြွက်သားလိုင်းများမရှိပေ။ ဝမ်ယွီရှေ့မှလူက သူမကို ကျောပေးပြီး စကားပြောနေသည်။


ကျိအန်းနဉ် သူမခြေလှမ်းကိုရပ်လိုက်ပြီး သူတို့နှင့် ခပ်ဝေးဝေးမှ ရပ်ကြည့်နေလိုက်သည်။ ၀မ်ယွီက ဤအချိန်တွင် ပုံမှန်နှင့် ကွာခြားနေသည်ဟု သူမခံစားမိသည်။


ကျောင်းတွင်ဆိုလျှင် သူ့ဘေးပတ်ပတ်လည်၌ ကျောင်းသားများစွာ ရှိနေပြီး အားလုံးက သူနှင့်ရင်းနှီးပုံ ပေါ်သည်။ သူက သူ့ဘေးမှလူများထက် ပိုရင့်ကျက်ပုံပေါ်သော်လည်း ဟာသလုပ်ကာ ပျော်ရွှင်ပြီးရယ်မောနေတတ်ပြီး ငယ်ရွယ်တက်ကြွမှုကို ဖော်ညွှန်းနေသေးသည်။


သို့သော် ယခုအချိန်တွင်မူ စကားပြောနေသည့်ထိုလူ၏ နှုတ်ခမ်းထောင့်များက အပြုံးအဖြစ်ကွေးညွှတ်နေပြီး သူ့အကြည့်က ဖျော့တော့နေသည်။


ဤကဲ့သို့သော ဝမ်ယွီ၏ပုံစံနှင့် ကျိအန်းနဉ် မရင်းနှီးပေ။


သူမက သူ့အကြောင်းကို အနည်းငယ်မျှသာသိ၍ တက္ကသိုလ်ပြင်ပရှိ အခြားလူများရှေ့တွင် သူ မည်သည့်ပုံစံမျိုးဖြစ်နေသည်ကို မသိပေ။


ထိုအချိန်တွင် ဝမ်ယွီက သူမကိုလှမ်းမြင်၍ ယန်ပေါ်ကို ပြောလိုက်သည်။


" ငါသွားနှင့်တော့မယ် မင်းလည်း ပျော်စရာရှိတာပျော်လေ..."


ယန်ပေါ်က ပြောလိုက်သည်။


" ကောင်းပြီလေ တစ်ခါတစ်လေတော့ ဘတ်စကတ်ဘောလေးဘာလေး ဆော့ရအောင်... ငါ့မှာ လီဟယ်နဲ့ ဘတ်စကတ်ဘောဆော့တာတော်တဲ့ တခြားလူတွေရှိတယ်..."


ဝမ်ယွီက ပြုံးပြီးပြောလိုက်သည်။


" ကောင်းပြီလေ..."


သူတို့နှစ်ယောက် နှုတ်ဆက်လိုက်ပြီးနောက် ဝမ်ယွီက ကျိအန်းနဉ်ကို လက်ပြလိုက်သည်။


ယန်ပေါ်က ရှေ့ဆက်သွားတော့မည်ပြင်လိုက်သော်လည်း ဝမ်ယွီ လက်လှမ်းပြလိုက်သည်ကိုမြင်၍ ကျိအန်းနဉ်ဘက်သို့လှည့်ကာ သူမကိုကြည့်လိုက်သည်။


ကျိအန်းနဉ်က ဝမ်ယွီ လက်ပြနေသည်ကိုမြင်၍ သူ့ထံလျှောက်လာသည်။ ခြေနှစ်လှမ်းခန့် လှမ်းပြီးသောအခါ သူမကိုကျောပေးထားသည့်လူက လှည့်လာ၍ ချောမောခံ့ညားသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။


ကြည့်ကောင်းသူများက လူအများအတွက် အမြဲ မှတ်မိရလွယ်ကူစေသည်။


ကျိအန်းနဉ်၏မျက်ဆံက ကျုံ့ဝင်မတတ်ဖြစ်သွားပြီး ခြေလှမ်းကို ချက်ချင်း ရပ်တန့်လိုက်သည်။


* အကျဉ်းထောင်၏ ဧည့်တွေ့ခန်းတစ်ခုတွင်


ဖန်သားပြင်တစ်ဖက်မှ ယန်ပေါ်က တယ်လီဖုန်းကိုကိုင်ထားပြီး ရယ်မောနေသည်။


" ကျောင်းမျိုးရိုးနဲ့လူကို ဘယ်လောက်တောင် လက်စားချေချင်လို့ ရုတ်တရက်ကြီး သတ်တဲ့အထိတောင် ဖြစ်သွားရတာလဲ...မင်း ရုတ်တရက် ရူးသွားပြီး ငါတို့ကို ကိုင်တွယ်ခွင့်ပေးလိုက်တာ တော်တော်ကံကောင်းသွားတယ်... မဟုတ်ရင် မင်းငါတို့လက်ထဲကလွတ်သွားမှာ... မိန်းကလေးတစ်ယောက်အတွက်နဲ့ အဲ့ဒီလောက်တောင်လုပ်ဖို့ ထိုက်တန်လို့လား..."


ဖန်သားပြင်၏တစ်ဖက်ရှိ အကျဉ်းသားဝတ်စုံဝတ်ထားသော ဝမ်ယွီက သူ့ကို မထီမဲ့မြင်ဟန်ဖြင့် ကြည့်နေသည်။ *



###