အပိုင်း၃၁
Viewers 6k


🤚Chapter 31




၀မ်ယွီနှင့်ယန်ပေါ်က မတူညီသည့် နေရာနှစ်ခုကိုထွက်သွားခဲ့သည်။ ၀မ်ယွီက သူ၏အမြင်အားကောင်းမှုနှင့် စိတ်၀င်တစားအကဲခတ်နေမှုကြောင့် ကျိအန်းနဉ် တစ်ခုခုမှားနေကြောင်း အဝေးကပင်မြင်နိုင်သည်။


သူမအကြည့်နောက်လိုက်သွားသည့်အခါ ယန်ပေါ်၏ပုံရိပ်ကို တွေ့လိုက်ရသည်။


ကျိအန်းနဉ်က ယန်ပေါ်ကိုသိတာလား...


၀မ်ယွီက ကျိအန်းနဉ်ဆီသို့ တည်တည်ငြိမ်ငြိမ်နှင့် လမ်းလျှောက်လာပြီး မေးလိုက်သည်။


"ဘာဖြစ်လို့လဲ..."


ကျိအန်းနဉ်က ပြောလိုက်သည်။


"ဘာမှမဟုတ်ပါဘူး...သွားရအောင်လေ..."


သူတို့ဘေးချင်းယှဉ်ပြီး 'NL'မှ ထွက်လာချိန်တွင် ညလေပြေလေညှင်းကို ခံစားမိလိုက်သည်။ ကျိအန်းနဉ်က သူမ၏သိချင်စိတ်ကို အောင့်မထားနိုင်တော့၍ မေးလိုက်သည်။


"ခုနက ရှင်နဲ့ စကားပြောနေတဲ့လူက ဘယ်သူလဲ..."


၀မ်ယွီက ပြန်ဖြေသည်။


"ကိုယ့်သူငယ်ချင်းပါ..."


ကျိအန်းနဉ်က မေးလိုက်သည်။


" ရှင်တို့ ရင်းနှီးတာလား..."


၀မ်ယွီက သူမကိုစိုက်ကြည့်လာသည်။


ကျိအန်းနဉ် ကျောချမ်းသွားသော်လည်း အမြန်ဖုံးကွယ်ကာ ပြောလိုက်သည်။


"သူ့ကိုကြည့်ရတာ ရင်းနှီးနေပုံပေါ်လို့ပါ... တစ်နေရာရာမှာတွေ့ဖူးသလိုဖြစ်နေလို့..."


သူမနောက်တစ်ကြိမ် ပြန်လည်ရှင်သန်လာသော်လည်း ကျိအန်းနဉ်၏ အကြံနှင့်ချဉ်းကပ်မှုက ၀မ်ယွီကိုယှဉ်၍မရသေးပေ။


၀မ်ယွီက သူမကို ထူးထူးဆန်းဆန်းကြည့်လာပြီး ပြောလိုက်သည်။


"သူ့နာမည်က ယန်ပေါ်... ကျန်းယွမ်အုပ်စုကသခင်လေး‌... မင်းသူ့ကို ဘယ်နေရာမှာမြင်ခဲ့တာလဲ..."


လုပ်ငန်းရှင်များက လူထုပုံရိပ်မရှိဟု ယူဆနိုင်၍ မင်းသား၊မင်းသမီးများကဲ့သို့ သတင်းများတွင် မကြာခဏပေါ်မလာတတ်ပေ။ ကျိအန်းနဉ်က အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ဘဲ ဝေ၀ါးစွာပြောလာသည်။


"ကျွန်မ မမှတ်မိတော့ဘူး..."


၀မ်ယွီက ပြောသည်။


" မင်း သူ့ကို မမှတ်မိပေမယ့် ရင်းနှီးသလိုခံစားရတယ်ပေါ့..."


ကျိအန်းနဉ် ပြန်ပြောရုံသာတတ်နိုင်သည်။


" အိုး သူကကြည့်ကောင်းတယ်လေ...ဒါကြောင့် တစ်ခါမြင်တာနဲ့ မေ့ဖို့ခက်တဲ့ မျက်နှာမျိုးဖြစ်နေတာ..."


ဤမှတ်ချက်ပြုသည့်အသံက မူမှန်မနေပေ။


၀မ်ယွီ ခြေလှမ်းကိုရပ်လိုက်ပြီး သူ့အပြုံးက မရိုးသားပုံပေါ်နေသည်။


"အိုး..." 


နေ့လည်ကမှ သူ့ကိုနမ်းထားပြီး ညနေရောက်သည့်အခါ အခြားယောက်ျားတစ်ယောက်ကိုချီးမွမ်းနေသည်။


သူ့နှုတ်ခမ်းက ပြုံးနေသော်လည်း မျက်လုံးများက ခက်ထန်မှုဖြင့် တဖျတ်ဖျတ်လတ်နေကာ ခြိမ်းခြောက်မှုကို သယ်ဆောင်ထားသည်။


ကျိအန်းနဉ် တဒင်္ဂစကားပြောစရာမဲ့သွားပြီး ပြောလိုက်သည်။


"ရှင်က ပိုကြည့်ကောင်းပါတယ်... ရှင့်ရဲ့ကား ဘယ်မှာလဲ..."


စကားလမ်းကြောင်းပြောင်းရန် ကြိုးစားခြင်းက အတုအယောင်ဆန်ပြီး ၀တ်ကျေတန်းကျေဖြစ်နေသည်။ ၀မ်ယွီက နှာမှုတ်လိုက်ပြီး ကျိအန်းနဉ်ကို သူ၏ကား Black Hummer ဆီသို့ ခေါ်သွားသည်။


သူက လမ်းကြမ်းမောင်းရသည့်ယာဉ်များကို နှစ်သက်သည်။ သူ့ကားဂိုဒေါင်ထဲတွင် Sportကားနှစ်စီးသာရှိပြီး ကျန်သည့်ကားအားလုံးက လမ်းကြမ်းမောင်းယာဉ်များ ဖြစ်သည်။ သူကအမြဲတမ်းလိုလိုပင် ဤကားကိုကျောင်းသို့မောင်းလာသည်။ အတန်းဖော်များက သူ၏ချမ်းသာမှုကို ကြွားနေသည်ဟု ထင်သော်လည်း အမှန်တွင် သူ့ကားအားလုံးအနက် ဤတစ်စီးက တန်ဖိုးအနိမ့်ဆုံးဖြစ်သည်။


 'စျေးကြီးတာ' နှင့် 'စျေးပေါတာ' ဟူသော ခံယူချက်က  လူချမ်းသာနှင့် သာမန်လူများကြားထဲတွင် အမှန်ပင် ခြားနားလှသည်။


ကျိအန်းနဉ်က ခြေခုံကိုနင်းပြီး ကားထဲ၀င်ကာ တံခါးပိတ်လိုက်သည်။ သူမ ခေါင်းငုံ့ကာမြန်မြန် ခါးပတ်ပတ်လိုက်သည့်အခါ ၀မ်ယွီကသူမကိုသာမန်ကာလျှံကာကြည့်ပြီးပြောနေသည်။


" မင်းရဲ့အချိန်ပိုင်းအလုပ်'NL'ကနေ ထွက်ဖို့ ငါပြောခဲ့လိုက်ပြီ..."


ကျိအန်းနဉ် အလွန်အံ့သြသွားပြီး ခေါင်းမော့လိုက်သည်။


ကား၏အတွင်းပိုင်းက မီးမှိန်နေသည်။


၀မ်ယွီက ကျိအန်းနဉ်ကို အမူအရာမဲ့စွာကြည့်နေပြီး သူ၏အကြည့်က အနည်းငယ်မြူဆွယ်နေသည်နှင့် တူနေသည်။


၀မ်ယွီက ကျိအန်းနဉ်အကြောင်းကို သိသည်။ သူမ ဒေါသထွက်လာပြီး သူနှင့် ဤအကြောင်းကို ငြင်းခုံလာလိမ့်မည်။ ၀မ်ယွီက ထိပ်တိုက်တွေ့ရမည်ကို မကြောက်ရွံ့ပေ။ သူကသူမကို မခံချင်စိတ်ဖြစ်လာစေရန် မည်သို့ပြောရမည်ကိုပါ တွေးထားခဲ့ပြီးပြီဖြစ်သည်။


သို့သော် ကျိအန်းနဉ်က သူ့ကိုကြည့်ရုံသာ ကြည့်နေပြီးနောက် ညင်ညင်သာသာတုံ့ပြန်ခဲ့သည်။


"ကောင်းပြီလေ..." 


သူမ တည့်တည့်ထိုင်နေပြီး ရှေ့ကိုကြည့်နေကာ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။


သူ စိတ်ကောက်နေတာလား...


၀မ်ယွီ သူ့နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ကားစက်နှိုးလိုက်သည်။


ကားက 'NL' ကို ချန်ရစ်ထားခဲ့ပြီး လူများရှုပ်ယှက်ခတ်နေသည့် တောင်ပိုင်းလမ်းမကြီး ကြားနေရာ၌ ရပ်လိုက်သည်။ သူတို့ တစ်ယောက်မှစကားမပြော၍ ကားထဲတွင် တိတ်ဆိတ်နေသည်။


၀မ်ယွီက သူ့ခေါင်းကိုလှည့်ပြီး လမ်းမီးမှိန်မှိန်ကိုအသုံးချကာ ကျိအန်းနဉ်ကို စိုက်ကြည့်လိုက်သည်။ သူမက ကားအရှေ့ကိုကြည့်နေပြီးဦးတည်ချက်မဲ့နေသည်ကို သတိပြုမိသွားသည်။ သူမ အတွေးထဲတွင် နှစ်မြှုပ်နေကာ သူကိုယ်တိုင်ကလည်း သူမ မည်သည့်အကြောင်းများ တွေးနေသည်ကိုသိရန် အခွင့်အရေးမရှိပေ။


" မင်းကိုယ်နဲ့ ငြင်းခုံတော့မယ်လို့ ကိုယ် ထင်ထားတာ..."


၀မ်ယွီက ပထမဆုံးစပြောလိုက်သည်။


သူ့စကားနှင့်က ကားထဲမှတိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၍ ကျိအန်းနဉ်လည်း အတွေးထဲမှရုန်းထွက်သွားသည်။ သူမ ၀မ်ယွီ၏ဘေးဘက်ကို စိုက်ကြည့်လိုက်သည်။


သူတို့၏ ယခင်ဘဝကဆိုလျှင် ဤသို့သောကိစ္စမျိုးလုပ်ခဲ့ပါက သူမက သူနှင့်ရန်ဖြစ်ရလိမ့်မည်။ သို့ရာတွင် ယခင်ဘဝ၌မူ ဝမ်ယွီနှင့်သူက မရင်းနှီးခဲ့ကြသည့်အပြင် သင့်မြတ်ခဲ့ခြင်းလည်း မရှိပေ။ သို့ဖြစ်၍ သူက သူမအတွက် ထိုသို့သောဆုံးဖြတ်ချက်မျိုးကို ချလိမ့်မည်မဟုတ်ပေ။ သူမကလည်း 'NL' မှ အချိန်ပိုင်းအလုပ်ကို မည်သို့သောအခါကမှ သဘောမကျခဲ့ပေ။


သို့ရာတွင် ကျိအန်းနဉ်က နာခံမှုရှိသူမဟုတ်၍ သူက သူမကို မထိန်းချုပ်ခဲ့ပေ။


ယနေ့တွင် သူမဘက်မှစတင်ပြီး ယခင်ဘဝက တစ်ကြိမ်မှ မဖြစ်ခဲ့ဖူးသော အကူအညီတောင်းမှုကို စတင်ပြုလုပ်လာခဲ့သည်။ ဤသို့လုပ်လိုက်ခြင်းကြောင့် သူတို့နှစ်ယောက်ကြားမှ တုံ့ပြန်မှုအပြုအမူက ပြောင်းလဲသွားသည်။


" ရှင် ကျွန်မကို မမေးဘဲ ကျွန်မကိုယ်စား ဆုံးဖြတ်ချက်မချသင့်ဘူး..." 


ကျိအန်းနဉ်က ပြောလိုက်သည်။


"ဟက်..." 


၀မ်ယွီ လှောင်ရယ်လိုက်သည်။


"ဒါဆို မင်းဘာလို့ တိတ်နေတာလဲ..."


ကျိအန်းနဉ် ခဏတိတ်ဆိတ်နေပြီး သူ့ကိုကြည့်လာသည်။


"ဘာလို့လဲဆိုတော့ ကျွန်မလည်း ဒီနေ့ပဲအလုပ်ထွက်ဖို့စဉ်းစားထားလို့..."


၀မ်ယွီ အတော်ပင်အံ့သြသွားသည်။


ငါက ကျိအန်းနဉ် ဒီအလုပ်ကို အရမ်းဂရုစိုက်နေတယ်လို့  ထင်ထားတာလေ...


ကျိအန်းနဉ် ထိုအလုပ်ကို ဂရုစိုက်သည်မှာ လစာများများရသောကြောင့်ဖြစ်သည်။ ထိုကဲ့သို့သောအလုပ်မျိုးကို နောက်တစ်ကြိမ်ရှာတွေ့ရန် မလွယ်ကူပေ။


ထို့ကြောင့် ဤနေရာက မသန့်ရှင်း၊ မလုံခြုံကြောင်းသိကာ ဘာသာစကားအခက်အခဲနှင့် အပြုအမူအချို့ကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့သော်လည်း သူမသည်းခံပြီး ထိုနေရာတွင် အလုပ်ဆက်လုပ်ခဲ့သည်။ 


ထိုအရာအားလုံးက ပိုက်ဆံအတွက် ဖြစ်သည်။


သို့ရာတွင် ယနေ့ကျောင်းချန်ကိုတွေ့လိုက်ခြင်းကြောင့် သူမ တစ်ခုခုကို သဘောပေါက်သွားရသည်။ သူမ လေးလေးနက်နက်တွေးပြီး ယခင်ဘဝနှင့် ယခုလက်ရှိဘ၀အဖြစ်အပျက်အကြောင်းကို တူရာများစုလိုက်သည်။


ကျောင်းချန်က သူမကို အချိန်ကြာမြင့်စွာ ပစ်မှတ်ထားခဲ့သည်။


ဤဘဝတွင်လည်း ၀မ်ယွီက သူမကို သူ့အပိုင်ဟုပွင့်ပွင့်လင်းလင်း မကြေညာရသေး၍ ကျောင်းချန်က ထိုအကြောင်းကြောင့် သူမကို အနှောင့်အယှက်ပေးလာနိုင်မည်လားကို မသိသေးပေ။ သူ့အတွက်မူ ကျောင်းနှင့်ယှဉ်လျှင် သူမကိုနှောင့်ယှက်ရန် 'NL' က ပိုလွယ်ကူသည်။


'NL' က ကာမရာဂ၊ အသောက်အစားအပျော်အပါး၊  ပျော်ပွဲရွှင်ပွဲပြုလုပ်သည့်နေရာ ဖြစ်နေသည်။ ဤနေရာတွင် မိန်းကလေးများ တစ်ခုခုဖြစ်သွားလျှင်ပင် အံ့သြစရာမဟုတ်ပေ။ ထို့အပြင် နောက်ဆက်တွဲအနေနှင့် လူများက ဤနေရာကိုလာသည့်မိန်းကလေးများကိုပါ အပြစ်တင်ကြဦးမည်ဖြစ်သည်။ 


ကျိအန်းနဉ်က ထိုအရာအားလုံးကို သူမစိတ်ထဲတွင် နားလည်နေသည်။


ထိုကိစ္စအားလုံးက ယခင်ဘ၀တွင် ဖြစ်ပျက်ခဲ့သည်။ ကျိအန်းနဉ်က ပိုက်ဆံရှာရန် တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့သည်။ အရက်ရောင်းခြင်းက လမ်းညွှန်လုပ်ခြင်းနှင့် စူပါမားကတ်တွင် အလုပ်လုပ်ခြင်းထက် ငွေပိုရသည်။


သို့ရာတွင် သူမပြန်မွေးဖွားလာခဲ့ပြီဖြစ်၍ အပြောင်းအလဲများ ပြုလုပ်ချင်သည်။


၀မ်ယွီမရောက်လာလျှင်ပင် ကျိအန်းနဉ်က 'NL'မှ အလုပ်ထွက်ရန် တွေးထားပြီးဖြစ်သည်။ ၀မ်ယွီက သူမအတွက် ဦးစွာပြုလုပ်ပေးခဲ့သည်။


၀မ်ယွီ၏ မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲနေခြင်းနှင့် ယှဥ်လျှင် သူမ ယခင်ဘဝတုန်းက သိခဲ့ရသော ယန်ပေါ်ကို တွေ့ရသည့်ကိစ္စက ပိုအရေးကြီးနေသည်။


ယန်ပေါ်က တကယ့်ကိုဘယ်သူလဲ... သူနဲ့ ၀မ်ယွီကြားကဆက်ဆံရေးကဘာလဲ... သူတို့နှစ်ယောက်ကြားဘာဖြစ်ခဲ့တာလဲ... ယန်ပေါ်က ဘာလို့ ၀မ်ယွီကိုလူသတ်မှုနဲ့ ထောင်ထဲထည့်ခဲ့တာလဲ...


သူမ၏စိတ်က အခုအချိန်တွင် ၀ရုန်းသုန်းကားဖြစ်နေ၍ ၀မ်ယွီ သူမအစား နှုတ်ထွက်ခဲ့သည်နှင့်ပတ်သက်ပြီး ဒေါသထွက်ရန် အားအင်မရှိတော့ချေ။


၀မ်ယွီက တက်ကြွပြီး စိတ်အားထက်သန်သည့် လူမျိုးဖြစ်သည်။ ကျိအန်းနဉ် တစ်ခွန်းမှ မတုံ့ပြန်ရသေးမီ သူကတစ်လှမ်းစောပြီး ပြောလိုက်ပြန်သည်။


" ကော်ဖီဆိုင်ကနေလည်း အလုပ်ထွက်လိုက်တော့..."


လွန်ကြူးလာပြီဖြစ်သောကြောင့် ကျိအန်းနဉ် သူမကိုယ်ကိုမတ်ထိုင်ပြီး ငြင်းဆိုလိုက်သည်။


"ကော်ဖီဆိုင်ရဲ့ပတ်၀န်းကျင်က ဒီမှာထက်တော့ ကောင်းပါတယ်... ဟိုမှာက ပြဿာနာရှာမယ့်လူတွေ မရှိဘူး..."


သူမ စကားပြောပြီးပြီးချင်း လူနှစ်ယောက်က တရားမ၀င်လျှို့၀ှက်ဓာတ်ပုံရိုက်ခဲ့သည်ကို သတိရသွားပြီး ထပ်ပေါင်းပြောလိုက်သည်။ 


"တစ်ခါတစ်ရံတော့ ရှိတတ်ပါတယ်...ပြီးတော့ ရှုချန်းက လူကောင်းမို့ အားလုံးလုံခြုံပါတယ်..."


"လုံခြုံတာ တစ်ခုတည်းလေ..."


မီးကအစိမ်းရောင် ပြောင်းသွား၍ ၀မ်ယွီကအရှိန်မြှင့်ပြီးပြောလိုက်သည်။


" ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကိုချစ်မယ်ဆိုရင် ဒီအညှီအဟောက်လမ်း မဟုတ်ဘဲ ပိုပြီးအဆင်ပြေတဲ့အလုပ်ကို ရှာသင့်တယ်..."


ဤအပြစ်တင်ချက်က အတော်အတန်ကို ကြမ်းတမ်းပြင်းထန်သည်။


ကျိအန်းနဉ် သူမနှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။


"ကော်ဖီဆိုင်က၀တ်စုံက မဖော်ထားပါဘူး..." 


သူမ'NL' နှင့်ပတ်သက်ပြီး မငြင်းနိုင်သောကြောင့် ကော်ဖီဆိုင်မှ အလုပ်အကြောင်းကိုသာ ပြောနိုင်သည်။


၀မ်ယွီ သူ့နှာခေါင်းကိုဟွန်းခနဲ မြည်အောင်နှာမှုတ်လိုက်သည်။ 


"ဖော်ဖော် မဖော်ဖော် သူများတွေရဲ့ မင်းအပေါ် ရိုင်းစိုင်းတဲ့အတွေးတွေကို ရပ်နိုင်မယ်တဲ့လား... အဲ့ဒီ၀တ်စုံမျိုးက လိင်ပိုင်းဆိုင်ရာစိတ်ကူးယဉ်တဲ့ အထဲကနဲ့တူတယ်...  မင်းကဒါကို ကလေးကာတွန်းထဲကလို့ ထင်နေတာတော့ မဟုတ်ဘူးမလား... မင်းကို ပထမဆုံး အဲ့ဒီ၀တ်စုံနဲ့တွေ့တုန်းက ကိုယ့်စိတ်ထဲတွေးနေတဲ့ အတွေးတွေကို သိချင်သေးလား..."


ကျိအန်းနဉ် မသိချင်ပေ။


ထိုအတွေးက အောက်တန်းကျမည်ကိုသာ သူမ သိနေသည်။


၀မ်ယွီ၏စကားများက ထက်ရှပြီးနာကျင်စေသော်လည်း သူတို့က မှန်ကန်နေသည်။ ကျိအန်းနဉ် သူပြောသည်ကိုနားလည်သည်။


'NL' မှ ရောထွေးနေသည့်လူအုပ် သို့မဟုတ် ကော်ဖီဆိုင်မှ နွေးထွေးပြီး ချစ်စရာကောင်းပုံပေါ်သည့် လူအုပ်ပင်ဖြစ်စေ သူတို့အားလုံးက ရမ္မက်နှိုးဆွရန် ‌ကစားလိုကြသည့်လူများဖြစ်သည်။


'NL'တွင်မူ ဖောက်သည်များက အရက်၀ယ်ပြီး ချစ်စရာကောင်းကာ လှပသည့် မိန်းကလေးများကို ရွေးချယ်ကြခြင်းဖြစ်၍ ဆိုဖွယ်ရာပင် မလိုတော့ပေ။


ရှုချန်း၏ ကော်ဖီဆိုင်မှစျေးက ပုံမှန်ထက်မြင့်သော်လည်း စီးပွားရေးက ကောင်းနေဆဲဖြစ်သည်။ ဖောက်သည်အားလုံးနီးပါးက အမျိုးသားများဖြစ်ပြီး မိန်းကလေးများအိမ်ဖော်၀တ်စုံ(maid dress) ၀တ်ထားသည်ကို သူတို့က လာရောက်ပြီး စိတ်ကူးယဉ်တတ်ကြသည်။


ကျိအန်းနဉ် ရှုချန်း၏ကော်ဖီဆိုင်ကို ရွေးချယ်လိုက်ခြင်းမှာ အခြားနေရာများထက် သူက ငွေပိုပေး၍ဖြစ်သည်။


ငွေများများ မရပါက ဤသို့စိတ်ရှုပ်စရာကောင်းသည့်အ၀တ်အစားမျိုးကို မိန်းကလေးများက ဝတ်ကြမည်မဟုတ်ပေ။


မည်သူကမှ တုံးအမနေကြ၍ အမျိုးသားများ စိတ်ကူးယဉ်နေသည်ကို လူတိုင်းသိသည်။ 


ငွေအတွက်သာ အလုပ်လုပ်နေကြခြင်းဖြစ်၍ သူတို့က ထိုအကြောင်းကို ထုတ်မပြောရုံသာ။


သူ့စိတ်ထဲတွင် ထိုကိစ္စကို နားလည်ထားပြီးဖြစ်သော်လည်း ၀မ်ယွီက ဤသို့ တိုက်ရိုက်ထုတ်ပြောလိုက်သည်။


ကျိအန်းနဉ် မကြုံစဖူး ရှက်ရွံ့သွားသလိုခံစားရသည်။


၀မ်ယွီက အရင်ဘ၀တုန်းကလည်း ငါ့ကိုအမြဲတမ်း အဲ့လိုမျိုး မြင်နေခဲ့တာလား...


ဒါဆို ဘာလို့ငါ့ကို စကားရိုင်းရိုင်းတွေပြောနေတာလဲ... သူ့စိတ်ထဲ တွေးနေတာတွေတောင် ထုတ်ပြောလိုက်သေးတယ်...

 

ကျိအန်းနဉ်က သေခြင်းရှင်ခြင်းကိုကြုံတွေ့ခဲ့ပြီးပြီ ဖြစ်၍  သူမက ဤသို့ စိတ်အနှောင့်အယှက်ဖြစ်စရာကို သည်းခံနိုင်သွားပြီဖြစ်သည်။


" ကျွန်မ အလုပ်နှစ်ခုကို တစ်ပြိုင်တည်းမထွက်နိုင်ဘူး..." 


သူမ ၀မ်ယွီကို အတတ်နိုင်ဆုံးအေးအေးဆေးဆေးရှင်းပြဖို့ကြိုးစားလိုက်သည်။


" ကျွန်မ......."


သူမ၏ အထက်တန်းစီနီယာနှစ်တွင် ကောလိပ်ကျောင်းသားဘ၀ကို ဖြတ်သန်းခြင်းက သူမဘ၀အတွက် ထွက်ပေါက်ဖြစ်မည်ကို နားလည်သွားခဲ့သည်။ စာမေးပွဲအတွက် သူမအလုပ်မလုပ်ဘဲ စာကိုသာ ကြိုးစားလုပ်နေခဲ့သည်။


သူမနှင့် အဖွားဖြစ်သူ ကြိုးကြိုးစားစားအလုပ်လုပ်ပြီး ရှာထားသမျှကလည်း ကုန်ဆုံးသွားခဲ့သည်။ သို့ဖြစ်၍ သူမတက္ကသိုလ်တက်ပါက ပိုက်ဆံရှာရန်တစ်ခုတည်းကိုသာ စိတ်ထဲရှိနေခဲ့သည်။ သူမ နေရာတိုင်းတွင် အလုပ်အင်တာဗျူးဖြေခဲ့ပြီး နောက်ဆုံးတွင် 'NL' နှင့် Animeပုံစံကော်ဖီဆိုင်ကိုသာ ရွေးချယ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က လစာမြောက်များစွာပေးကြသောကြောင့်ပင်။


သူမ စကားဆုံးအောင်မပြောရသေးမီ ၀မ်ယွီက ကတ်တစ်ကတ်ကို တစ်နေရာရာမှ ထုတ်လာသည်။ ထို့နောက် သူ့လက်ချောင်းကြား ညှပ်ထားပြီး သူမကို ကမ်းပေးခဲ့သည်။


"ယူလိုက်..." 


၀မ်ယွီ၏ လက်တစ်ဖက်က စတီယာရင်ကို ကိုင်ထားပြီး သူ့မျက်လုံးများကရှေ့ကိုစိုက်ကြည့်နေကာ ပြောလိုက်သည်။


ကျိအန်းနဉ်က သူမ၏လက်ကိုမထုတ်ပေ။ သို့ဖြစ်၍ ၀မ်ယွီက ကတ်ကိုသူမ ပေါင်ပေါ်တိုက်ရိုက်တင်လိုက်သည်။ ထို့နောက် သူ့လက်ကို စတီယာရင်ကိုကိုင်ရန် ပြန်ရုတ်သွားခဲ့သည်။


"ဒါက ငါ့အတွက်အပိုကတ်တစ်ကတ်ပါပဲ... မင်းရဲ့  နေ့စဉ်အသုံးစရိတ်အတွက်သုံးလို့ရတယ်..."


ကျိအန်းနဉ် အံ့ကြိတ်ပြီးပြောလိုက်သည်။


" ကျွန်မ ရှင့်ပိုက်ဆံကို မသုံးနိုင်ဘူး..."


သူမ ရှုချန်းကို ညစာစာရန်ဖိတ်ခဲ့ချိန်တွင် ၀မ်ယွီက ပိုက်ဆံပေးချေလိုက်ပြီး သူမ၏ ထမင်းစားကတ်ထဲကိုပင် ယွမ်တစ်ထောင်ကျော်လွှဲပြောင်းပေးခဲ့သေးသည်။ ကျိအန်းနဉ်က အကြွေးအားလုံးကို သူမစိတ်ထဲတွင် မှတ်ထားသည်။


၀မ်ယွီက ဤပမာဏ အနည်းငယ်ခန့်ကို မလိုချင်လောက်သော်လည်း အခွင့်အရေးရှိမည်ဆိုလျှင် ကျိအန်းနဉ်က သူ့ကိုပြန်ပေးရန် ရည်ရွယ်ထားဆဲဖြစ်သည်။


သူမ အလုပ်အားလုံးထွက်ပြီး ၀မ်ယွီ၏ ပိုက်ဆံပေါ်မှာသာမှီခိုပြီး နေလိုက်မည်ဆိုလျှင် သူမ တတ်နိုင်သည့်‌ ငွေပမာဏ ထက်ကျော်သွားလိမ့်မည်။ ( သူ အဲ့ဒီငွေတွေအကုန်လုံးကို ပြန်မဆပ်နိုင်လောက်တော့ဘူးလို့ ပြောချင်တာပါ )


"ကိုယ် စစ်ခဲ့ပြီးပြီ... မင်း ကျောင်းသားချေးငွေကိုလည်း မသုံးထားဘူး..." 


၀မ်ယွီမေးလိုက်သည်။


"ဘာလို့ မချေးတာလဲ..."


သူ ထိုအကြောင်းကို ပြောလာမည်ဟု မထင်ထားခဲ့၍ ကျိအန်းနဉ် အံ့အားသင့်သွားသည်။ သူမ ပြန်ဖြေလိုက်သည်။


"ကျောင်းက ကျွန်မရဲ့ကျူရှင်ကြေးပေးတယ်... ကျွန်မက နေစရိတ်အတွက် အချိန်ပိုင်းအလုပ်လုပ်တယ် ချေးငွေယူမယ်ဆိုရင် ပြန်ဆပ်ဖို့လိုနေတုန်းပဲမလား... ကျောင်းသားချေးငွေက စိတ်၀င်စားဖို့တော့ ကောင်းတယ်..."


ကျောင်းသားချေးငွေက ပမာဏကန့်သတ်ထားသည်။ ထို့အပြင် ကျိအန်းနဉ် သူမအသုံးစရိတ်အတွက်သာအလုပ်လုပ်နေမည်ဆိုလျှင် ချေးငွေမလိုဟု သူမထင်သည်။


ပိုမိုခိုင်လုံသည့်အကြောင်းပြချက်မှာ သူမက ငွေချေးရခြင်းကို မနှစ်မြို့ခြင်းဖြစ်သည်။ 


သူမ၏အဖေက အိမ်မှငွေများနှင့် သိမ်းထားသည့်ပစ္စည်း အားလုံးယူပြီး သူမကို အဖွားနှင့် ချန်ထားကာ အကြွေးများဖြင့်ထားပြီး ထွက်ပြေးသွားခဲ့သည်။ ထိုအကြွေးရှင်များက သူတို့ကို နှောင့်ယှက်ခြိမ်းခြောက်ပြီး သူတို့အိမ်ကတန်ဖိုးရှိသည့် အရာအားလုံးယူသွာသည်။ အချို့ကသူမအဖွားကိုပါ နာကျင်အောင် ပြုလုပ်သွားခဲ့သေးသည်။


ကလေးသာသာပင်ရှိသေးပြီး လှပသည့်ကျိအန်းနဉ်ကိုလည်းထိရန် ကြိုးစားခဲ့ကြသေးသည်။


အရွယ်ရောက်သူများ၏ အကြည့်နှင့်အပြုအမူကို သူမထိုစဥ်က ကြောက်သွားခဲ့သည်။


သူမ၏အဖွားက မီးဖိုချောင်မှဓားကိုယူပြီး ခြိမ်းခြောက်မောင်းထုတ်ခဲ့သည်။ သူမ၏ အဖြူရောင်ဆံပင်များကရှုပ်ပွနေကာ ကျိအန်းနဉ်ကို သူမလက်မောင်းထဲ တင်းတင်းကြပ်ကြပ်ဖက်ထားခဲ့သည်။


" နဉ်နဉ်...မကြောက်နဲ့နော် အဖွားရှိတယ်..."


ထိုအရိပ်မည်းကြီးက စိတ်ထဲစွဲနေ၍ ကျိအန်းနဉ်မှာ ပိုက်ဆံချေးရန်နှင့် ချေးငွေယူရန်ကို ကြောက်ရွံ့နေစေခဲ့သည်။


"ဒါက ကိုယ့်ရဲ့အပိုကတ်ပဲ... မင်းရဲ့နေ့စဉ်အသုံးစရိတ်အတွက် တိုက်ရိုက်သုံးလို့ရတယ်လေ...ခေါင်းမမာပါနဲ့၊ ကိုယ်မင်းကို ပိုက်ဆံချေးတယ်လို့ သဘောထားလိုက်..."


၀မ်ယွီပြောလိုက်သည်။


ကျိအန်းနဉ်က အကြွေးရှင်များ သူမအဖွားကို ဒေါသတကြီးနှင့် ပြောခဲ့သည်များကို မှတ်မိနေဆဲဖြစ်သည်။ သူတို့က သူမကို လက်ညှိုးထိုးပြီး ပြောခဲ့သည်။


"ဒီမိန်းကလေးကို လျော်ကြေးအနေနဲ့ သုံးလို့ရတယ်လေ... ‌ဒါဆိုရင် ကျိထိုက်ရမ်ရဲ့ အကြွေးတွေကို ရှင်းလို့ရပြီ..."


ကျိအန်းနဉ်က ၀မ်ယွီ၏ကတ်ထဲတွင် ပိုက်ဆံမည်မျှပါသည်ကို မသိသော်လည်း သေချာသည်မှာ သူမဘ၀တစ်ခုလုံးနေထိုင်ရန်လုံလောက်သည်။


သူမ ဘာမှမတတ်နိုင်ဘဲ သူမကိုယ်သူမ နှိမ့်ချပြီးရွဲ့မေးလိုက်သည်။


"ရှင်က ဒီငွေတွေကို ကျွန်မရဲ့ခန္ဓာကိုယ်နဲ့ ပြန်ဆပ်စေချင်တာလား..."


ကားက လမ်းမကြီးပေါ်မှတစ်ဆင့် လမ်းသွယ်လေးသို့ သွားနေခြင်းဖြစ်သည်။


၀မ်ယွီက လမ်းမျက်နှာပြင်ကို ကျွီခနဲတိုက်မိသွားသည့်အတွက် စတီယာရင်ဘီးကိုလှည့်လိုက်သည်။ ထို့နောက် ကြီးမားသည့်အနက်ရောင်အရိပ်က ဟန့်တားလိုက်သလိုပင် ရုတ်တရက်ရပ်တန့်သွားသည်။


၀မ်ယွီက ကားကို ပန်းခြံဘက်ကွေ့ပြီး ကျိအန်းနဉ်ကိုစိုက်ကြည့်ရန် လှည့်လာသည်။


"ကောင်းတာပေါ့...ငါကတော့အဆင်ပြေတယ်..." 


သူက သူမကို မထီမလေးစားသကဲ့သ်ို့ သရော်ပြုံးနှင့်ကြည့်နေခဲ့သည်။ 


"ဟိုတယ်သွားဖို့မလိုပါဘူး... ငါတို့ ကားထဲမှာလုပ်လို့ရတယ် ထိုင်ခုံကို နောက်လှန်ချလိုက်လို့ရတယ်လေ... ပြီးတော့ ကွန်ဒုံးလည်းကားထဲမှာရှိတယ်...ဒါဆို မင်းအဲဒါလုပ်ဖို့ အဆင်ပြေလား မပြေဘူးလား..."



###