အပိုင်း၃၂
Viewers 7k

🤚Chapter 32




ဝမ်ယွီက ဘယ်လက်ဖြင့် ကားစတီယာရင်ဘီးကို ကိုင်ကာ ကိုယ်ကိုလှည့်လိုက်ပြီး ကျန်လက်တစ်ဖက်အား အန်းနဉ်၏ ထိုင်ခုံနောက်သို့ ကိုင်လိုက်သည်။ သူ၏ကိုယ်က ရှေ့သို့ ကိုင်းကျလာပြီး အန်းနဉ်နှင့် တဖြည်းဖြည်းနီးလာသည်။


သူ့ အကြည့်များက ပို၍ပင် ရဲတင်းလာသည်။


ကားအတွင်းရှိ အပူချိန်ကလည်း သူမအား မီးကင်လိုက်သည်အလား မြင့်တက်လာလေသည်။


ဝမ်ယွီက သူမကို သေဒဏ်စီရင်မည့်သူကဲ့သို့ပင်။


အန်းနဉ်က သူ့မျက်လုံးများအား စိုက်ကြည့်လိုက်သည်။


အကယ်၍ ခန္ဓာကိုယ်နှင့် ပေးဆပ်လိုက်ခြင်းကသာ သူတို့နှစ်ဦး၏ ကံကြမ္မာကို ဖြေရှင်းနိုင်ပြီး အတိတ်က အကြွေးများကို ပြန်ဆပ်နိုင်မည်ဆိုလျှင် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။


သို့သော်လည်း ဤနည်းလမ်းဖြင့် မဖြေရှင်းပေးနိုင်သည်မှာ ပြဿနာပင်။


ကျောင်းချန်နှင့် ယန်ပေါ်က ရှိနေကြဆဲဖြစ်သည်။ ဝမ်ယွီက နောက်နှစ်ရောက်သည်နှင့် ကျောင်းမှ သဲလွန်စမရှိဘဲ ပျောက်သွားမည်ဖြစ်ရာ ပြဿနာအားလုံးအတွက် ဖြေရှင်းချက် မရှိသေးချေ။


ဝမ်ယွီ့အကြည့်များက ခြိမ်းခြောက်နိုင်ပုံရကာ ပူလောင်ပြင်းပြသည်။ အန်းနဉ်ကသာ ‘အင်း’ဟု လက်ခံလိုက်သည်နှင့် သူက ပြောသည့်အတိုင်း လုပ်မည့်ပုံပင်။


သို့သော်လည်း သူလုပ်မည်မဟုတ်သည်ကို သူမသိနေသည်။


ဝမ်ယွီက သူမအား နည်းမျိုးစုံနှင့် နှောင့်ယှက်တတ်သော်လည်း အတင်းအကြပ် ဖိအားပေးခြင်းမျိုး မရှိခဲ့ပေ။ ကျောင်းချန်က သူမအား အစွဲလမ်းကြီးစွာ ဖိအားပေး၍ ခေါင်မိုးပေါ်မှ ပြုတ်ကျသေဆုံးသည်အထိ ဖြစ်လာစေမှ ၎င်းကို နားလည်လာခဲ့ရသည်။


မသိစိတ်မှ သက်ပြင်းချလိုက်ပြီးနောက် သူမ၏နှာဖျားတွင် ဝမ်ယွီ၏အငွေ့အသက်ကို ခံစားမိလိုက်သည်။ ဆုံးဖြတ်ချက်ခိုင်မာသည့် အကြည့်နှင့် သူ့ကို ပြန်စိုက်ကြည့်ပြီး စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။


“ ကျွန်မ ငြင်းတယ်...”


အမှောင်ထဲမှာ ဝမ်ယွီက ရယ်လိုက်သည်။


ခြိမ်းခြောက်နေခဲ့သည့် မျက်လုံးများက ပြုံးလာပြီး စိတ်အေးလက်အေး ဖြစ်သွားပုံရကာ သူ၏ရန်လိုမှုကို လျှော့ချလိုက်သည်။


သို့သော်လည်း သူ့အပြုံးများက ဆွဲဆောင်မှု ရှိနေဆဲပင်။


“ဘယ်လောက်တောင်လန့်နေလဲဆိုတာ ကြည့်ပါဦး... မင်းကို ကားထဲမှာ တစ်ခုခုလုပ်ပစ်နိုင်တယ်လို့ မထင်ဘူးလား… မကြောက်ပါနဲ့… ကိုယ်က မိန်းကလေးတွေကို ဘယ်တော့မှ အတင်းအကြပ်မလုပ်ဘူး… ကိုယ့်ကို အထင်မသေးပါနဲ့နော်…”


အန်းနဉ်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ လည်ချောင်းထဲမှ အပူများကို ဖိနှိပ်လိုက်သည်။ သူမခုံနောက်မှ ဝမ်ယွီ၏လက်ကိုဖယ်ကာ ကတ်ကို ပြန်ပေးခဲ့သည်။


“ပြန်ယူထားပါ...”


ဝမ်ယွီက သူမလက်ကို မြန်ဆန်စွာ ဖမ်းလိုက်ပြီး ကတ်နှင့် လက်ကလေးကို အတူတူကိုင်ထားလိုက်သည်။


 “မင်း သိမ်းထားလိုက်...” 


သူမလက်ထဲ ကတ်ထည့်ကာ အပေါ်မှ သူ့လက်ကြီးနှင့် အုပ်ထားလိုက်သည်။


“အခုတော့ ယူထားပါဦးကွာ… သုံးတာမသုံးတာက မင်းသဘော… ပြီးတော့ ကိုယ်က မင်းကိုမပြောမဆိုနဲ့ အလုပ်ထွက်အောင် လုပ်ခဲ့တာမလို့ ကိုယ့်အမှားပါ... တစ်ခုခုအရေးတကြီးလိုရင် သုံးရအောင် သိမ်းထားလိုက်နော်...”


သူမ၏ ခေါင်းမာမှုများကို ကျင့်သားရနေသောကြောင့် သူမ မငြင်းမီ ထပ်ပြောလိုက်သည်။


“ကိုယ့်ဆီက ချေးတယ်လို့ သဘောထားလိုက်… အတိုးပေးစရာမလိုသလို ပြန်ဆပ်ဖို့ အချိန်လည်း မသတ်မှတ်ထားဘူး… မင်း အဆင်ပြေလာတော့မှ ကိုယ့်ကို ပြန်ပေးပေါ့…”


ယခင်က သူ့၏ အဆိပ်ပြင်းသည့်လျှာနှင့် ယှဉ်လျှင် ပုံမှန်ကဲ့သို့ ခြိမ်းခြောက်နေသည့် ရောင်ဝါမရှိဘဲ သူ့အသံက အေးဆေးပြီး အကြည့်များက တည်ငြိမ်နေသည်။ 


အန်းနဉ်ပင် ဇဝေဇဝါ ဖြစ်လာမိသည်။


ဤကဲ့သို့ နူးညံ့တည်ငြိမ်သည့် ဝမ်ယွီကို အတိတ်တွင် သူမ လုံးဝမသိခဲ့သည့်အတိုင်းပင်။


အတိတ်တွင် သူက အမြဲလိုလို ဗိုလ်ကျခြယ်လှယ်တတ်သည်။ သူမကို သဘောကျသဖြင့် ပိုင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားကာ လက်မလျှော့သော်လည်း အမြဲလိုလို အဆိပ်ပြင်းသည့် စကားမျိုးသာ ပြောတတ်သည်။ လက်ရှိ ဝမ်ယွီအား မရင်းနှီးခဲ့ပေ။


သူ့ကို အတိတ်တုန်းက အခွင့်အရေး မပေးခဲ့မိလို့များလား…


ဝမ်ယွီက ရုတ်တရက် ရယ်လာသည်။


“ဘာလို့ ငိုနေတာလဲကွာ...” 


သူမလက်ကို လွှတ်ပေးလိုက်ပြီး မျက်ရည်များကို လက်မနှင့် ဖယ်ပေးလိုက်သည်။


သူမမျက်လုံးကနီနေပြီး နှာခေါင်းမှာ အနည်းငယ် ရဲနေခဲ့သည်။ 


သူ တကယ်ကြီး စိတ်လှုပ်ရှားသွားတာလား…


အမျိုးသားများက လွယ်လွယ်ကူကူ လှည့်စားနိုင်သည် ဖြစ်မည်။ 


အခြားသူသာဆိုလျှင် သူက လှောင်ပြောင်ပြီး ကြမ်းကြမ်းတမ်းတမ်း ပြောလိုက်မိမည်ပင်။ သို့သော် သူက အန်းနဉ်၏ အခက်အခဲများနှင့် သူမ၏ အားထုတ်မှုများကို သိသည်။ သူမသာဆိုလျှင် စောစောကကဲ့သို့ ဈေးပေါသည်ဟု မခံစားရပေ။ အမှန်မှာမူ သူ၏နှလုံးသားလေးက အနည်းငယ်ပင် ချဉ်တူးနေပြီဖြစ်သည်။


သူမက မိန်းကလေးတစ်ယောက်အနေနှင့် ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေခဲ့ရသည်။


အကယ်၍ သူမသာ ကောင်းမွန်သည့် ဘဝရချင်လျှင် သူမအလှများကြောင့် ခက်ခဲမည်မဟုတ်ချေ။


အန်းနဉ်က သူမခံစားချက်များ တခဏမျှ ထိန်းချုပ်မှု လွတ်ကင်းသွားသည့်အပေါ် ရှက်ရွံ့သွားသည်။


မျက်နှာကို သန့်စင်အောင် သုတ်လိုက်ပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ 


“အလုပ်နဲ့ ပတ်သတ်ပြီးတော့ ကျွန်မဘာသာ ညှိလိုက်ပါမယ်… ဒါပေမဲ့ ဒီကတ်ကိုတော့…..”


“မင်းသိမ်းထား...” 


ဝမ်ယွီက အခိုင်အမာပြောသည်။


“ကျိအန်းနဉ် မင်းဘဝရှေ့ရေးအတွက် မင်းရဲ့အစီအစဉ်တွေက ပြဿနာရှိနေတာကို သိရဲ့လား…မင်းက အခုမှ ဂျူနီယာပဲရှိသေးတာ… မင်းအခု ဘာလုပ်ရမယ်ဆိုတာ သိလား… စာကိုပဲ အာရုံစိုက်ရမှာလေကွာ…”


သူမက ခေါင်းမော့ကြည့်လိုက်သည်။ ဝမ်ယွီ ဤကဲ့သို့ အလေးအနက်ဖြစ်နေသည်ကို မမြင်ဖူးခဲ့ချေ။


“အဆက်အသွယ် မရှိတဲ့သူအတွက် အခြေခံအားဖြင့် မင်းသင်ယူထားတဲ့ ဗဟုသုတတွေရယ် ပညာအရည်အချင်းတွေရယ်ကပဲ မင်းဘဝကို အထောက်အကူပြုမှာကွ… အခုတော့ မင်းက နေ့တိုင်းနေ့တိုင်း အလုပ်တွေရှုပ်နေတာ…”


“ဟုတ်တာပေါ့… မင်းလိုအလှလေးအတွက် ဘဝကို သက်တောင့်သက်သာနေနိုင်မယ့် နည်းလမ်းတွေ ရှိတယ်...”


ဝမ်ယွီက သူမ၏မေးကို လက်နှင့် ညှင်ညှင်သာသာ ပင့်ကာ ဆက်ပြောသည်။


“ဒါပေမယ့် မင်းက အဲ့ဒီလမ်းကို မလျှောက်ချင်ဘူးမလား… ဒါဆို မင်းအနေနဲ့ စာကို သေချာအာရုံစိုက်ဖို့လိုတယ်… မင်းကိုယ်မင်းလည်းပြန်ကြည့်ပါဦ… ဒီလိုလစာနည်းတဲ့ အလုပ်တွေအပေါ်မှာ အချိန်တွေ အင်အားတွေ ဘယ်လောက်တောင် ဖြုန်းလိုက်မိပြီလဲ… ဒီထက်ပိုအရေးကြီးတဲ့ ကိစ္စတွေအတွက် ဘယ်လိုလုပ်မလဲ…”


“ကျွန်မ…” 


သူမက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ 


“ကျွန်မ အရင်ဆုံးရှင်သန်နေထိုင်ဖို့ လိုတယ်...”


ဝမ်ယွီက သူမထိုစကားပြောလာမည်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။  


“အင်း ကိုယ်သိတယ်… ဒါကြောင့်ပဲ ဒီကတ်ကို မင်းသိမ်းထားသင့်တာ...”


အန်းနဉ် ငြိမ်သက်သွားသည်။ 


သူက ဆိုလိုရင်းကို မရောက်ရောက်အောင် ဆွဲခေါ်နေတာများလား...


“ကိုယ့်ဆီက ချေးထားတယ်လို့ သတ်မှတ်လိုက်ကွာ… မင်းပဲ အမြဲပြောနေတာ ကိုယ်တို့က သူငယ်ချင်းတွေဆို… သူငယ်ချင်းတွေဆိုတာ အချင်းချင်း ‌ငွေချေးကြတာပဲလေ… အရင်ဆုံး စာကိုပဲ အာရုံစိုက်… မင်းအလုပ်လုပ်လို့ ပိုက်ဆံရလာတော့မှ ကိုယ့်ကိုပြန်ပေးလေ…”


“ဒါက ဘာမှမမှားပါဘူး… ပြန်ပေးတာမလို့ မင်းရဲ့ ဂုဏ်သိက္ခာကို မစော်ကားသလို မင်းရဲ့ စိတ်ကိုလည်း အားနည်းရာမရောက်ပါဘူး…”


“ကိုယ်ပြောပြီးပြီ… မင်းဘက်က ခေါင်းမာမာနဲ့ ငြင်းရင် မင်းပဲဒုက္ခရောက်မှာ… မင်းဘယ်နှနှစ်လောက် လေ့လာရမှာလဲ… အချိန်တိုင်းက တန်ဖိုးရှိတယ်ဆိုတာကို နားမလည်ဘူးလား…”


ဝမ်ယွီက အဓိကအချက်တိုင်းကို ထိထိမိမိနှင့် ပြောသွားခဲ့သည်။


အမှန်တွင် ပြန်မွေးဖွားလာပြီးချိန်မှစ၍ အန်းနဉ် သူမဘဝကို ပြောင်းလဲနေထိုင်ရန် အတွေးရှိခဲ့သည်။ သို့ရာတွင် စားသောက်နေထိုင်မည့် ကိစ္စကို ချက်ချင်းမဖြေရှင်းနိုင်ခဲ့လျှင် သူမဘဝက အတိတ်တုန်းကကဲ့သို့ ပြန်ဖြစ်လာမည်ဖြစ်သည်။


ဝမ်ယွီက သူမကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူမ၏ နူးညံ့သည့် လက်ချောင်းများက ကတ်ကိုကိုင်ထားပြီး အတွေးလွန်နေခဲ့သည်။


ဝမ်ကောအန်းက သူ့ကို အစည်းအဝေးတစ်ခု၌ စည်းချက်ကို ထိန်းချုပ်နိုင်ရန် သင်ပေးခဲ့ဖူးသည်။ ထို့ကြောင့် သူမအား ဖိအားမပေးဘဲ စဉ်းစားရန် အချိန်ပေးလိုက်သည်။ 


အန်းနဉ်က အနည်းငယ် ခေါင်းမာသူဖြစ်သော်လည်း အရူးမဟုတ်ပေ။ သူမ မည်သည့်အရာကို ရွေးသင့်သည်ကို နားလည်သည်။


တခဏအကြာတွင် အန်းနဉ်က မော့ကြည့်လိုက်သည်။ ရွေးချယ်ရမည့်အရာကို ရှင်းရှင်းလင်းလင်း သိနေသဖြင့် သူမအကြည့်များက ကြည်လင်သန့်ရှင်းလာသည် ။


“ကျွန်မ NLကနေ အလုပ်ထွက်မယ်… ဒါပေမယ့် ကော်ဖီဆိုင်မှာတော့ ဆက်လုပ်ဦးမယ်… ရှင့်အပေါ်ကိုပဲ မှီခိုနေလို့မဖြစ်ဘူး… နောက်ထပ်သင့်တော်မယ့် အလုပ်ရှာပြီးတာနဲ့ စာသေချာလေ့လာမယ်… ရှင့်အကူအညီကို လက်ခံတယ်… တကယ်လို့ လိုအပ်လာရင် ကတ်ကိုသုံးရမယ်… ပြန်ဆပ်မှာပါ… ဘယ်လောက်ကြာဦးမလဲတော့ မသိဘူး… အရမ်းလည်းကြာသွားနိုင်တယ် ဒါပေမယ့် ကျွန်မသေချာပေါက် ပြန်ဆပ်မယ်…”


“အမှန်အတိုင်းပြောရရင် ကိုယ်ကတော့ မင်းကို ပြန်မဆပ်စေချင်ဘူး...” 


ဝမ်ယွီက သူမကို နောက်လိုက်သည်။ 


“စတာပါကွာ…အိုကေ ဒီကိစ္စကို ထပ်မပြောတော့ဘူး… ကိုယ်မင်းကို အိမ်အရင်ပြန်ပို့ပေးမယ်…”


Hummerကားတစ်စီးက ချင်းဟွာတက္ကသိုလ်အနီးသို့ ရောက်လာသည်။


ဝမ်ယွီက ကားကို လမ်းဘေးတွင်ရပ်ကာ အန်းနဉ်ကို အိမ်ရာဝင်း အပေါက်ဝအထိ လိုက်ပို့ခဲ့သည်။


“ရှင် မြန်မြန်ပြန်သင့်နေပြီ...” 


“ဒီအချိန်ဆို ကိုယ် အပျော်ရှာနေတုန်းပဲရှိသေးတယ်...”


အန်းနဉ်မှာ သူ့ဘဝက သူမနှင့် လုံးဝမတူသည်ကို သိသောကြောင့် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။


 “ကောင်းပြီ ဒါဆို သွားပျော်လေ…”


သူမက ခုခံခြင်း ခေါင်းမာခြင်းမျိုး မရှိခဲ့ချေ။ ညအမှောင်ထဲတွင် သူမက နူးညံ့သိမ်မွေ့နေခဲ့သည်။


ဝမ်ယွီက သူမမျက်နှာကို စိုက်ကြည့်လိုက်သည်။


သူမနှင့်ပတ်သတ်ပြီး ဝမ်ယွီက သူမ၏အပေါ်ယံကိုသာ ကြိုက်နေသည်ဟု ထင်နေပုံရသည်။


၎င်းက အမှန်မဟုတ်ပေ။


သူ့အမြင်တွင် မိသားစုအသိုင်းအဝိုင်း၊ လူမျိုး၊ ဘာသာကို မကြည့်ဘဲ သဘောကျခြင်းမျိုးကသာ စစ်မှန်သည့် သဘောကျခြင်းမျိုးပင်။


ဥပမာ ယနေ့ည သူမမျက်နှာက သူကိုယ်တိုင် အကြည့်များ မခွာနိုင်လောက်အောင် သန့်စင်ပြီး ကျက်သရေရှိနေသည်။


သူ့ကို ရိုးရိုးရှင်းရှင်း သဘောကျမိရုံလေးပါ… အဲ့ဒါဘာမှားနေလို့လဲ… ဘာလို့များ နိမ့်ကျတယ်လို့ သတ်မှတ်ရတာလဲ…


နောက်ကျရင် ငါ့အပေါ်ထားတဲ့ သူ့ရဲ့ အတွေးအမြင်တွေ ပြောင်းလဲသွားစေရမယ်…


အန်းနဉ်က သူ့ကို ပြန်ရန်ပြောသော်လည်း တစ်ဖက်လူက တစ်ချက်မှ မလှုပ်ပေ။ သူမကိုသာ ပြင်းပြင်းပြပြ စိုက်ကြည့်နေခဲ့သည်။


“ရှင် မပြန်လည်း ကျွန်မပြန်တော့မယ်...” 


သူမ အပေါ်ထပ်ကို တက်ရန်ပြင်သည်။


သို့ရာတွင် ဝမ်ယွီက သူမလက်ကို လှမ်းဆွဲလိုက်ပြီး ဆိုသည်။


“ကိုယ်မင်းကိုပြောမယ်… အဖွားနဲ့ အတူတူကြီးပြင်းလာပေမယ့် မင်းကို ဂရုစိုက်မယ့်သူမရှိဘူး ဆိုတာကလွဲပြီး မင်း ဘယ်လိုဘဝမျိုး နေခဲ့ရလဲဆိုတာ ကိုယ်မသိဘူး….”


“ဒါပေမယ့် အခုကစပြီး မင်းဒီနေ့လိုနေဖို့ ကိုယ်မျှော်လင့်တယ်... ကျောင်းချန်က လာနှောင့်ယှက်ရင် ကိုယ့်ကိုသာခေါ်လိုက်… မင်းသိထားရမှာက ဘာပဲဖြစ်လာဖြစ်လာ မင်းမှာကိုယ်ရှိတယ်…”


အတိတ်ဘဝ၌ အန်းနဉ်က ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုလွန်ကဲပြီး ဝမ်ယွီအား ခုခံလိုခဲ့သည်။ သူတို့နှစ်ယောက်၏ဆက်ဆံရေးက ပြေးလိုက် လိုက်လိုက်နှင့် သံသရာလည်နေသည်။


ယခုဘဝတွင်မူ အန်းနဉ်က နူးညံ့လာပြီး ဝမ်ယွီ့ကို လက်ခံပေးခဲ့သည်။ အတိတ်တွင် ဝမ်ယွီက သူ၏နူးညံ့မှုအား ပြသရန် အခွင့်အရေးမရှိခဲ့သော်လည်း ယခု ရှိလာပြီ ဖြစ်သည်။


သူ့လက်မှာ လျှပ်စစ်စီးကြောင်းတစ်ခု ဖျော့ဖျော့လေး စီးသွားသည့်အတိုင်းပင်။ လက်မောင်းမှတဆင့် တစ်ကိုယ်လုံးထုံလာပြီး ရင်ခုန်လာစေသည်။


အန်းနဉ်က အတွေးများထဲမှာ နစ်မြုပ်နေခဲ့သည်။ ဝမ်ယွီ၏ တောက်ပသည့် မျက်လုံးများကြောင့်သာမဟုတ်လျှင် သူမ အတွေးနွံထဲမှ ထွက်လာနိုင်မည် မဟုတ်ချေ။


“သိပါပြီ...” 


သူမက နူးညံ့စွာဆိုသည်။


ထို့နောက် ဝမ်ယွီ့လက်ကို တစ်ချက်ကိုင်ပြီးနောက် အပေါ်ထပ်သို့ တက်သွားရာ ဝမ်ယွီက သတိပေးလိုက်သည်။


“မနက်ဖြန်မနက် မမေ့နဲ့နော်...”


သူမ ခေါင်းငြိမ့်လိုက်သည်။


 “မှတ်မိပါတယ်… အခုပြန်တော့လေ…”


ဝမ်ယွီက လှေကားပေါ်မှ သူမ၏အရိပ်အယောင် ပျောက်ကွယ်သွားသည်အထိ‌ စောင့်နေခဲ့သည်။ ကားဆီသို့ရောက်သည့်တိုင်အောင် သူ့နှုတ်ခမ်းက ပြုံးနေခဲ့သည်။


ခဏလေးသာဆိုသော်ငြားလည်း အန်းနဉ်ဘက်က အစပြုပြီး သူ့လက်ကိုကိုင်ခဲ့သည်။ လက်ရှိအချိန်အထိ သူမ၏ နူးညံ့ညင်သာသည့် လက်ကလေးက သူ့လက်ပေါ်တွင် ရှိနေသည်ဟု ထင်နေဆဲပင်။


ယနေ့က အမှန်တကယ်ကို ကောင်းမွန်သည့် နေ့ပင်။ နေ့လည်က အနမ်းပြီးကတည်းက သူမပြောင်းလဲလာသည်။


ကားစက်နှိုးနေစဉ် ဖုန်းဝင်လာသည်။ အပြင်တွင် ပျော်ပါးနေကြသည့် သူ့သူငယ်ချင်းများ ဖြစ်မည်။


“မင်းဘယ်မှာလဲ… နေရာ ပြောင်းကဲနေတာလား… ဒီလာခဲ့လေကွာ…” 


သူက တိုက်ရိုက်ပဲ ငြင်းလိုက်သည်။


 “တော်ပြီ၊ ငါအိမ်ပြန်အိပ်တော့မှာ…”


“ဟမ်...” 


တစ်ဖက်လူက စိတ်ရှုပ်သွားပုံရသည်။


 “ဘယ်အချိန်ရှိသေးလို့လဲ…”


“မနက်ဖြန် လုပ်စရာရှိတယ်… ဒါကြောင့် ငါ စောစောထဖို့လိုတယ်…”


သူ့သူငယ်ချင်းက မယုံကြည်ပေ။


 “အားလပ်ရက်ကြီး… မင်းကဘာလုပ်စရာတွေများရှိလို့လဲ…ကျောင်းတွေ ကုမ္ပဏီတွေတောင် ပိတ်ထားတုန်းကွာ…”


“မင်း ငါ ထောင်ထားတဲ့ ကိုယ်ခံပညာကလပ်ကို မှတ်မိတယ်မလား…”


“မင်း အပျော်တမ်းလုပ်တဲ့ဟာ မလား… ငါသိသလောက်ဆိုရင် မင်းအဲ့ဒီကလပ်ကို ပစ်ထားတာကြာနေပြီလားလို့…”


“အင်း ဒါပေမယ့် ခုတော့ ငါ့အနေနဲ့ ဒီလိုလုပ်တာ မှားတယ်လို့ခံစားလိုက်ရတယ်… ပြီးတော့ ကလပ်ဥက္ကဌအနေနဲ့ အဖွဲ့ဝင်သစ်တွေကို မနက်ဖြန် လေ့ကျင့်ပေးမလို့…”


သူငယ်ချင်းဖြစ်သူက ဆဲလိုက်သည်။ 


“မင်းရူးနေတာပဲ… စိတ်များလွတ်သွားတာလား…”


ဝမ်ယွီ့စိတ်က အကောင်းအတိုင်းရှိနေသေးသည်။ 


ဝမ်ယွီက သူမအား မနက်ပိုင်း ကလပ်ကို လာခိုင်းသဖြင့် လူတိုင်းကို လေ့ကျင့်ပေးမည်ဟု ထင်ခဲ့မိသည်။ သို့သော် သူမ ရောက်လာသည်နှင့် ကလပ်က ပိတ်ထားဆဲဖြစ်သည်ကို သိလိုက်ရသည်။ 


အဆောက်အဦးတစ်ခုလုံးတွင် သူမနှင့် ဝမ်ယွီအပြင် တခြားမည်သူမှ မရှိကြချေ။


###