အပိုင်း၃၃
Viewers 7k

🤚Chapter 33




“တခြားလူတွေ ဘယ်မှာလဲ...” 


အန်းနဉ်က မေးလိုက်သည်။


ဝမ်ယွီက ကျီစယ်ပြုံးပြုံးလိုက်သည်။ 


"ဒီနေ့ မင်းအတွက် အထူးသီးသန့်လေ… တစ်ယောက်ချင်းစီ လေ့ကျင့်ပေးမယ့် VIP session လေးပေါ့…" 


ဝမ်ယွီက လည်ပင်းအဝိုင်း ကိုယ်ကျပ်အားကစားတီရှပ်ကို ဝတ်ထားသည်။ တီရှပ်မှာ ချွေးစုပ်နိုင်စွမ်းကောင်းပြီး ဆွဲဆန့်နိုင်သည့် အသားဖြစ်သည်။ ကာလရှည်လေ့ကျင့်မှုကြောင့် ခန္ဓာကိုယ်၌ အဆီပိုမရှိ ထင်ရှားသည့် ကြွက်သားများနှင့် ထုဆစ်ထားသည်။


စကားအဆုံးတွင် သူက သန်မာသည့် အဖိုဟော်မုန်းများဖြင့် ရှေ့သို့ လှမ်းလာခဲ့သည်။


ထိုတခဏအတွင်းတွင် အန်းနဉ်က သူ၏ဖိအားကြောင့် မွန်းကျပ်လာသည်။


ဝမ်ယွီက အလွန်ပင် ဉာဏ်နီဉာဏ်နက် များလွန်းသည်။ အန်းနဉ်မှာ သူ့အား ဘာပြောရမည်ကိုပင် မသိတော့ချေ။


“ကိုယ်ပြောပြမယ်… မင်းက ကိုယ်တို့ ကိုယ်ခံပညာကလပ်ရဲ့ တစ်ဦးတည်းသော မိန်းကလေးနော်… အဲ့ဒီကောင်တွေနဲ့သာ လေ့ကျင့်မယ်ဆိုရင် ပန်ဒါကြီးလို ထင်းနေမှာ သိလား…”


ဝမ်ယွီက ယုံကြည်မှုရှိရှိနှင့် လက်ပိုက်လိုက်သည်။


“မင်းကို အားလုံးက စောင့်ကြည့်နေတာခံချင်လား ဒါမှမဟုတ် အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်‌ လေ့ကျင့်လို့ရမယ့် ပတ်ဝန်းကျင်ကို လိုချင်လား… မင်းရဲ့ရွေးချယ်မှုပဲနော်…”


တနင်္လာနေ့တွင် တွေ့ခဲ့ပုံအရ အဖွဲ့ဝင်အယောက်နှစ်ဆယ်မျှရှိမည်ဖြစ်ပြီး အဖွဲ့ဝင်အားလုံးက တောင့်တောင့်တင်းတင်း ရှိကြသည်။ ထိုကဲ့သို့ လူအုပ်ကြီးမှ စောင့်ကြည့်ခံသည်က ပျော်ဖို့ကောင်းမည် မဟုတ်ချေ။ 


အန်းနဉ်က အပေါ်အင်္ကျီကို ဇစ်ဖွင့်လိုက်သည်။ အောက်တွင် တီရှပ်လက်တိုနှင့် အားကစားဘောင်းဘီကို ဝတ်ဆင်ထားသည်။ သူမက လေ့ကျင့်ရေးဆင်းတိုင်း ထိုသို့ ဝတ်ရန် စီစဉ်ထားပုံပင်။


မိန်းကလေးတစ်ယောက် အဝတ်ကိုချွတ်လိုက်ချိန်က သဘာဝဆန်ဆန် လှပသည်။ 


အပေါ်ဝတ်ချွတ်လိုက်သည်နှင့် သိမ်မွေ့သည့် ပခုံးနှင့် နူးညံ့နေသည့် ညှပ်ရိုးလေးကို မြင်လိုက်ချိန်တွင် ဝမ်ယွီက အခန်းထဲ ပိုပူလာသလို ခံစားမိသည်။ သူ့အကြည့်များက အန်းနဉ်၏လှပသည့် လည်တံတစ်ဝိုက်မှ မလွှဲနိုင်ခဲ့ချေ။


“စကြတော့မလား...” 


အန်းနဉ်က မေးလိုက်သည်။


“မင်း အဝတ်အရင်လဲလိုက်ပါလား...”


“ဒါကိုလေ့ကျင့်ဖို့အတွက် ဝတ်လာတာလေ...”


“အမျိုးသမီးအဝတ်လဲခန်း locker no 1မှာ မင်းအတွက် အဝတ်တွေ ရှိတယ်… သွားလဲလိုက်… အဲ့ဒါ ကလပ်ရဲ့ အကျိုးခံစားခွင့်လေ…”


အန်းနဉ်က သူ့ကို တစ်ချက်ကြည့်လိုက်ကာ အဝတ်လဲခန်းသို့ သွားသည်။


ဝမ်ယွီ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခုပေါ်လာသည်။


Locker no 1ထဲ၌ အိတ်ပေါင်းများစွာရှိသည်။ ယင်းအိတ်ထဲတွင် လက်ရှိရာသီနှင့် ကိုက်ညီသည့် ဆောင်းရာသီဝတ် အားကစားဝတ်စုံနှစ်စုံ တွေ့လိုက်ရသည်။ သို့ရာတွင် လေ့ကျင့်ရေးဝတ်စုံထက် နေ့စဉ်ဝတ်နှင့် ပိုတူနေသည်။


လေ့ကျင့်ရေးဝတ်စုံက အခြားအိတ်ထဲတွင် ဖြစ်သည်။


အန်းနဉ်က ၎င်းကိုယူလိုက်ပြီး စစ်ဆေးလိုက်သည်။ ဘောင်းဘီက ချောင်နေကာ အပေါ်ဝတ်က တိုနေပြီး အတွင်းကbraပါပြီးသားဖြစ်သည်။ သူမ၏ braကိုချွတ်ကာ   ပိုပြီးသက်တောင့်သက်သာဖြစ်မဖြစ် စမ်းကြည့်ရန် ဝတ်စုံနှင့် လှုပ်ရှားမှု အနည်းငယ်လုပ်ကြည့်လိုက်သည်။


အဝတ်လဲခန်းထဲက ထွက်လာသည်နှင့် ဝမ်ယွီ့မျက်လုံးများက အရောင်တောက်လာသည်။


အန်းနဉ်က ဝမ်ယွီ၏ ပြင်းပြသည့် အကြည့်များနှင့် ရင်းနှီးသည်ဟု ဆိုရမည်။ အတိတ်ဘဝတွင် သူမအား ထိုကဲ့သို့ ကြည့်နေကျဖြစ်၍ ဖြစ်ပေမည်။ တစ်ခါတစ်ရံ သူတို့၏အခြေအနေ တင်းမာလာချိန်မျိုးတွင်ပင် သူ့မျက်လုံးများက အေးစက်နေသော်လည်း ပူပြင်းသည့် အရိပ်အယောင် ကျန်နေဆဲပင်ဖြစ်သည်။


ဤအခိုက်အတန့်တွင် ဝမ်ယွီ့ အကြည့်များက သူမခါးပေါ်မှ မခွာသဖြင့် အနေရခက်လာသလို ခံစားလာရသည်။ ထို့ကြောင့် အင်္ကျီကို လက်ဖြင့် အလိုအလျောက် ဆွဲချလိုက်သည်။


အပေါ်ပိုင်းက တိုပြီး ကိုယ်နှင့်ကပ်နေသဖြင့် သူမခါးကို ဖော်ပြနေသည်။ ၎င်းက ပြဿနာကြီးတစ်ခု မဟုတ်ပေ။ အန်းနဉ်က ကျင့်ဝတ်နှင့်ပတ်သတ်ပြီး လေ့ကျင့်ပေးသည့် သင်တန်းတက်ဖူးကာ ချုံဆမ်း(ကိုယ်ကျပ်လည်ထောင်အင်္ကျီ) လည်း ဝတ်ဖူးပြီး ချက်ကိုဖော်သည့် စကတ်အတိုများအထိ ဝတ်ဖူးသည်။ ဤအဝတ်များကို ဝတ်ရန် ပြဿနာမရှိချေ။


သို့ရာတွင် ဝမ်ယွီ၏အကြည့်များက သူမခါးတစ်ဝိုက်တွင် တဝဲလည်လည်ရှိနေပြီး ပူလောင်ပြင်းပြသည့် ခံစားချက်များ အလွန်ပြင်းထန်လာ၍ အန်းနဉ်က ခါးကိုလက်ဖြင့်ဖုံး၍ ပေါ်နေသည့်နေရာကို ကာလိုက်သည်။ 


"Lockerထဲမှာ နောက်ထပ်အဝတ်နှစ်စုံတွေ့လိုက်သေးတယ်..."  


 အန်းနဉ်က ဝမ်ယွီ၏အာရုံကိုလွှဲရန် စကားစလိုက်သည်။


ဝမ်ယွီက တည်ငြိမ်သည့်အမူအရာနှင့် ပြန်တုံ့ပြန်သည်။


"အိုး ကိုယ်မင်းအတွက် ဝယ်ခဲ့တာ… ဝတ်ကြည့်ပြီးပြီလား… မင်းနဲ့ တော်ရဲ့လား… ကိုယ်က မင်းရဲ့ အရပ်အတိုင်း ဝယ်ခဲ့လိုက်တာ…"


တနင်္လာနေ့ည ကိုယ်ခံပညာကလပ်မှ အတူတူပြန်ချိန် ဝမ်ယွီက လမ်းတွင် သူမ၏အရပ်ကို မေးခဲ့သည်ကို သတိရမိသွားသည်။ ဤကိစ္စကြောင့် ဖြစ်ပုံရသည်။


"အဲ့ဒီအဝတ်နှစ်စုံက..." 


အန်းနဉ်ပြောနေစဥ်ဝမ်ယွီက ဖြတ်ပြောလိုက်သည်။ 


“ကလပ်ရဲ့ အကျိုးခံစားခွင့်ပါကွာ…”


ထိုစကားက သူမကို ပါးစပ်ပိတ်သွားစေသည်။


သူမ ပြန်ပြီးမတုံ့ပြန်နိုင်သဖြင့် ဝမ်ယွီ ပြုံးလိုက်မိသည်။


“ဒီနေရာမှာ အထူးကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေ ရှိတယ်ဆိုတာ မင်း မသိဘူးလား… အဲဒါကို မစဉ်းစားနဲ့တော့… ကိုယ်ဒီတိုင်းဝယ်လာတာ စိတ်အေးလက်အေး ဝတ်လို့ရတယ်… နှစ်စုံလုံးရဲ့ ကုန်ကျစရိတ်က ချန်းဟောင်ရဲ့ ဖိနပ်တစ်ရံထက်တောင် ဈေးသက်သာပါသေးတယ်… မပူနဲ့ အနာဂတ်မှာ မင်းကို အကျိုးခံစားခွင့်တွေ အများကြီးပေးမယ်… သူတို့ထက် နည်းတယ်ဆိုတာမျိုး မဖြစ်စေရဘူး…” 


သူက အလေးအနက်မထားသလို ပေါ့ပေါ့ပါးပါး ပြောနေခဲ့သည်။


ထိုလေ့ကျင့်ရေးဝတ်စုံကိုဝတ်ရန် ဆန္ဒရှိကတည်းက သူမအနေနှင့် ယခင်ဘဝကကဲ့သို့ ဝမ်ယွီ့အပေါ် ပြတ်ပြတ်သားသား မဆက်ဆံတော့ရန် ဆုံးဖြတ်ထားပုံရသည်။


သူမက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်…”


"ကျွန်မတို့ အခုစကြတော့မလား…"


အန်းနဉ်က ကိုယ့်ကိုယ်ကိုသိမ်ငယ်သည်ဟု ခံစားရပြီး ငြင်းပယ်ခြင်း မရှိသည့်အပြင် လက်ရှိအခြေအနေကို အခွင့်ကောင်းယူခြင်းမျိုးလည်း မလုပ်ခဲ့ပေ။ တည်ငြိမ်အေးချမ်းသည့် သူမ၏သဘောထားက ဝမ်ယွီကို အထူးပင် သက်တောင့်သက်သာဖြစ်စေသည်။ 


“မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို စမ်းသပ်ဖို့ ပြေးစက်ပေါ်တက်လိုက်…"


ဝမ်ယွီက သူမကို ပြေးစက်ပေါ် အရင်ပြေးခိုင်းလိုက်သည်။ အဆောက်အအုံထဲရှိ လေ့ကျင့်ရေးခန်းတွင် ပတ်ပတ်လည်၌ စပီကာများတပ်ဆင်ထားသဖြင့် သူက မြူးမြူးကြွကြွ သီချင်းမျိုး ဖွင့်လိုက်သည်။ ထို့နောက် သူမဘေးရှိ ပြေးစက်ပေါ် ပြေးကာ သူမ၏အရှိန်ကို ချိန်ညှိနိုင်ရန် သင်ကြားပေးသည်။


မိနစ်သုံးဆယ်အကြာတွင် ဝမ်ယွီက အနည်းငယ် အံ့အားသင့်သွားပုံရသည်။


 "မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက ကောင်းတာပဲ…"


နူးညံ့ပြီး ပိန်ပါးပုံပေါ်သည့် အန်းနဉ်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အမှန်ပင် မိန်းကလေးတစ်ယောက် ပျမ်းမျှရှိသင့်သည်ထက် အနည်းငယ်သာလွန်သည်။ သူမ၏နေ့စဉ်ဝေယျာဝစ္စများကပင် သူမကိုယ်ကို အလွန်ကြံ့ခိုင်စေသည်။ အားကစားချိန်ကို ရှောင်ရန်ကြိုးစားသည့် အခြားမိန်းကလေးများထက် သူမက ပို၍သန်မာသေးသည်။ 


ဝမ်ယွီက သူမ၏ခွန်အားနှင့် တုံ့ပြန်မှုအရှိန်ကို ထပ်မံစမ်းသပ်ခဲ့သည်။


အန်းနဉ်က ကောင်းမွန်စွာ ပျော့လွယ်ပြောင်းလွယ်ရှိပြီး တုံ့ပြန်မှု မြန်ဆန်သော်ငြားလည်း သူမခွန်အားက အားနည်းချက်တစ်ခု ဖြစ်နေသည်။ အမျိုးသမီးများက အမျိုးသားများထက် ပိုအားနည်းသည်မှာ ပုံမှန်ပင်။ ဖန်ဆင်းရှင်က လူများကို ဖန်ဆင်းနေစဉ် မည်သည့်အတွေးမျိုး တွေးနေခဲ့သည်ကို မသိနိုင်ခဲ့ချေ။


"မင်းမှာ အတိုက်အခိုက်နဲ့ ပတ်သတ်ပြီးတော့ ဘယ်လိုအတွေးမျိုး ဘယ်လိုမျှော်လင့်ချက်မျိုးရှိလဲ…" 


ဝမ်ယွီက သူမ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အကြမ်းဖျင်းနားလည်ပြီးနောက် မေးလိုက်သည်။


ဝမ်ယွီဆီမှ တခဏတာ ညှဉ်းပန်းခြင်းကို ခံခဲ့ရပြီးနောက် သူမ၏နားထင်တွင် ချွေးများစိုစွတ်နေပြီဖြစ်သည်။ သူ့မေးခွန်းအတွက် တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။


"ကျွန်မ လက်တွေ့အသုံးချလို့ရတာမျိုး သင်ချင်တယ်…"


"အားကစားလုပ်ရိုးလုပ်စဉ်တွေထက် အရွယ်ရောက်ပြီးသား ယောကျ်ားတွေကို ကျွန်မကိုယ်တိုင် တိုက်ခိုက်လို့ရမယ့်နည်းမျိုးကို လိုချင်ပါတယ်…"


"တစ်ဖက်လူက သေသလား ရှင်သလား ဒါမှမဟုတ် ဒဏ်ရာရသွားမလားဆိုတာမျိုးကို ကျွန်မဂရုမစိုက်ဘူး… လက်နက်ပါတာဖြစ်ဖြစ် မပါတာဖြစ်ဖြစ် တစ်ဖက်လူကို အနိုင်ယူနိုင်ဖို့ ဒါမှမဟုတ်ရင် ကျွန်မလုံခြုံရေးသေချာစေဖို့က ဦးစားပေးပဲ…"


အန်းနဉ်ကို စစ်ဆေးနေသည့်အချိန်အတွင်းတွင် ဝမ်ယွီက ရွှင်ရွှင်ပြပြ ပြုံးနေခဲ့သည်။ သို့ရာတွင် အန်းနဉ်က သူမအတွေးများကို တစ်ခုပြီးတစ်ခု ဖော်ပြလာသည်နှင့်အမျှ သူ့အပြုံးက မှေးမှိန်လာပြီး အမူအရာများ ပြောင်းလဲသွားသည်။ 


"မင်း ဘာဖြစ်ခဲ့လို့လဲ…" 


သူက သူမကိုကြည့်ကာ မေးလိုက်သည်။


"မဖြစ်ပါဘူး…"


 အန်းနဉ်က အေးဆေးတည်ငြိမ်စွာ ပြောသည်။


"ဒီတိုင်း ကြိုသတိထားနေတာမျိုးပါ… တစ်နေ့ လူဆိုးတွေနဲ့ တွေ့မလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ…"


ငယ်ငယ်ရွယ်ရွယ် ကျောင်းသူဖြစ်နေစဉ်ပင် အတန်းဖော်များကို သတိထားရပေမည်။


ကျောင်းချန်က မူလအစတည်းက သူမကို အခွင့်ကောင်း ယူချင်ခဲ့ခြင်းဖြစ်မည်။ မိန်းကလေးများက ထိုအဖြစ်မျိုးကြုံလာချိန်တွင် နှုတ်ဆိတ်သွားတတ်ကြသည်။ သူတို့က ထိုသို့မဟုတ်ဘဲ တိုင်ကြားရန် သတ္တိရှိနေခဲ့လျှင်ပင် တချို့အရာများက တိတိကျကျ ရှင်းပြရန်ခတ်သည့် အချက်ကို ထိုလူယုတ်မာက သိနေပုံပင်။ သူက ကိုယ်လွတ်ရုန်းနိုင်ချိန်တွင် သူမမှာ ထူးဆန်းသည့်အကြည့်များနှင့် အခြားသူများ၏ သံသယမျက်လုံးများအား ရင်ဆိုင်ရနေဦးမည်ဖြစ်သည်။ ၎င်းကြောင့်ပင် အတိတ်ဘဝ၌ သူက အထိန်းအကွပ်မရှိသည့်အလား ပြုမူနေခဲ့ခြင်းဖြစ်သည်။


နောက်ပိုင်းတွင် အန်းနဉ်က ထိုအကြောင်းကို သိလာခဲ့ရသည့်အတွက် ကျောင်းချန်က သူမကို ခြိမ်းခြောက်ရန် အကြမ်းနည်းကို သုံးလာခဲ့သည်။ 


အန်းနဉ်၏စကားများက ‘ကြိုသတိထားတာ’ဆိုသည်နှင့် မကိုက်ညီဘဲ အတိတ်ကရရှိခဲ့သည့် အတွေ့အကြုံနှင့် သင်ခန်းစာများကို ပြောနေပုံပေါ်သည်။


ဝမ်ယွီက သူမအမူအရာကို ကြည့်နေခဲ့ရာ သူမတွင် နောက်ထပ်ဆက်ပြောရန် ဆန္ဒမရှိတော့သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဖိအားမပေးဘဲ နောက်တစ်နေရာသို့ ခေါ်သွားခဲ့သည်။


"အခြေခံလှုပ်ရှားမှုတွေနဲ့ စလိုက်ရအောင်…"


" နောက်မှ ကိုယ် မင်းနဲ့ ကိုက်မယ့် အစီအစဉ်မျိုး ဆွဲဖို့ သေချာစဉ်းစားမယ်…"


ထို့နောက်သူက အခြေခံလှုပ်ရှားမှုများကို သရုပ်ပြခဲ့သည်။ 


"ဒီလို ခြေထောက်ကို ခွဲလိုက်… ဒူးကို နည်းနည်းကွေးထား..."


ဝမ်ယွီက အန်းနဉ်ကို ဘယ်အဖြောင့်ထိုးချက်၊ ညာအဖြောင့်ထိုးချက်၊ ဘယ်ညာဆက်တိုက် အဖြောင့်ထိုးချက်နှင့် ရှေ့ကန်ချက်များကို တစ်ဆင့်ချင်း သင်ပေးခဲ့သည်။


ဝမ်ယွီတစ်ချက်ထိုးလိုက်တိုင်း သဲအိတ်က အသံကျယ်ကြီးထွက်လာပြီး အဝေးကို လွင့်သွားရသည်။


အန်းနဉ်၏ လက်သီးချက်များက ထိုမျှအထိ သက်ရောက်မှုမရှိသေးချေ။ သူမကဲ့သို့ ခွန်အားနည်းသည့် မိန်းကလေးများအတွက် မျက်နှာချင်းဆိုင်တိုက်ခြင်းက အကျိုးမရှိဆုံးပင်ဖြစ်သည်။ မနေသာဘဲ အန်းနဉ်က မေးလိုက်သည်။


 "ကျွန်မအတွက် ဒါက အသုံးဝင်ပါ့မလား…"  


"ဒီလှုပ်ရှားမှုတွေက ရိုးရှင်းပြီးတော့ မင်းရဲ့လက်ရှိခွန်အားနဲ့ဆို အကျိုးသက်ရောက်မှု သိပ်ရှိဦးမှာ မဟုတ်ဘူး… ဒါပေမယ့် မင်းခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုအရှိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ပေးနိုင်တယ်… ဒီအခြေခံနည်းတွေကို အထင်မသေးလိုက်နဲ့… တစ်လှမ်းချင်းစီ မလှမ်းဘဲနဲ့ အမြင့်ကို ရောက်မှာမဟုတ်ဘူး…”


ဝမ်ယွီ၏စကားက အဓိပ္ပာယ်ရှိကာ အန်းနဉ်က စိတ်လိုက်မာန်ပါ လုပ်တတ်သူမျိုးမဟုတ်ပေ။ ပြန်လည်မွေးဖွားလာပြီးနောက် သူမက ယခင်ဘဝကထက် ပို၍ပင် ငြိမ်သက်နေခဲ့သည်။


သို့ရာတွင် သင်ယူကာစလူတစ်ယောက်အနေနှင့် သူမ၏ လှုပ်ရှားမှုများက မတိကျသေးပေ။


"ဒီလိုမျိုး…" 


ဝမ်ယွီက သူမနောက်တွင် ရပ်ကာ သူမလက်သီးကို ကိုင်ပြီး သင်ပြနေသည်။


"လက်သီးထိုးတဲ့လမ်းကြောင်းကို ခံစားကြည့်လိုက်… အဖြောင့်ထိုးတဲ့ လမ်းကြောင်းက အတိုဆုံးပဲ…"


အန်းနဉ်၏ပခုံးနှင့် လက်မောင်းတို့က ဝမ်ယွီ့ကိုယ်နှင့် ညင်သာစွာ ထိကပ်နေသည်။ သူ့အငွေ့အသက်ကို ခံစားရသည်အထိ နီးကပ်လွန်းသည်။ 


သူ့ထံမှ အလွန်ယောက်ျားပီသသည့် အနံ့မျိုးရပြီး မနှစ်မြို့စရာကောင်းခြင်းမရှိဘဲ သန့်ရှင်းသည့်အနံ့ဖြစ်သည်။


ရှေ့ကန်ချက်ကို သင်သည့်အခါ ဝမ်ယွီက သူမပခုံးနဲ့ ခါးကို ကိုင်ထားရပြီး ပုံစံအမှန်ကို ရရှိစေရန် ညွှန်ကြားပေးသည်။


လေ့ကျင့်ရေးဝတ်စုံက တိုသဖြင့် ခါးတစ်ပိုင်းကို အပြည့်မဖုံးနိုင်ပေ။ ဝမ်ယွီက သူ့လက်ကိုတင်လိုက်ချိန်တွင် သူမ၏အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မိကာ အန်းနဉ်ပခုံးများက ချက်ချင်းပင် တောင့်တင်းလာစေသည်။


အန်းနဉ်၏ ဝမ်ယွီအပေါ် နားလည်မှုအရ ထိုနှာဘူးကျသည့် ဝံပုလွေကြီးမှာ ဤအခြေအနေကို သေချာပေါက် အခွင့်အရေးယူလိမ့်မည် ဟုခံစားလိုက်ရသည်။


မနေ့က သူနှင့်နမ်းပြီးကတည်းက သူတို့နှစ်ယောက်ကြားရှိ နယ်နိမိတ်များ မှုန်ဝါးလာပုံရသည်။


သို့ရာတွင် ဝမ်ယွီ၏ လက်များက သူမပခုံးနှင့် နောက်ကျောကို ကိုင်ထားရုံသာဖြစ်ပြီး စည်းကမ်းလိုက်နာနေသည်။


 "ဒီထောင့်ကို ကြည့်လိုက်… ဒီလိုမှ မင်းရဲ့ခြေထောက်က ခွန်အားအပြည့် ထုတ်နိုင်မှာ…"


၎င်းက အန်းနဉ်ကို အမှန်တကယ် အံ့သြသွားစေသည်။

ဝမ်ယွီက ဘယ်လိုလုပ် ညစ်ညမ်းတဲ့အတွေးတွေ မရှိဘဲနေမှာလဲ…


သူမခါး၏ အထိအတွေ့က မြင်နေရသည်ထက်ကို လက်ဖြင့်နက်ရှိုင်းစွာ ခံစားနိုင်သည်။ တင်းကျပ်ပြီး ကွေးညွှတ်နေသည့် ခါးလေးက သူမခန္ဓာကိုယ်ကို ပိုမိုလှပစေသည်။


ဝမ်ယွီက ဆန္ဒအား ကောင်းမွန်စွာ ထိန်းချုပ်ခဲ့သည်။


ဝမ်ကောအန်း သင်ပေးခဲ့သည့်အရာများထဲက သူ၏အကောင်းဆုံး အရည်အချင်းမှာ သူ့နေ့စဉ်ဘဝတွင် မည်မျှပင် ရှုပ်ထွေးနေပါစေ၊ တစ်ခုခုကို လေးလေးနက်နက်လုပ်ပြီဆိုသည်နှင့် အသေးစိတ်ကျပြီး အသေအချာ အာရုံစိုက်တတ်ခြင်းဖြစ်သည်။ 


အကယ်၍ တစ်ယောက်ယောက်က အလေးအနက်ထားရမည့်အရာကို လွဲချော်ခဲ့လျှင် ဝမ်ယွီ၏ယုံကြည်မှုအား ဆုံးရှုံးသွားရလိမ့်မည်ဖြစ်သည်။


ယခုတွင် အန်းနဉ်က သူ့အား စိတ်ရင်းမှန်နှင့် အကြံဉာဏ်တောင်းနေဖြင်းဖြစ်သည်။ ခုခံနိုင်သည့် အကွက်အချို့ကိုသင်ချင်စိတ်ကြောင့် သူမ၏အချိန်များကို ညှစ်ထုတ်ကာ လာနေရခြင်းဖြစ်၍ ဝမ်ယွီကလည်း သူမ၏ယုံကြည်မှုကို မဆုံးရှုံးချင်ပေ။


တစ်မနက်လုံး အခြေခံအကွက်များကို သင်ယူနေခဲ့ရသည်။


"မင်း လက်သီးတွေက အားမပါဘူး… အနာဂတ်မှာ ကန်တဲ့နည်းစနစ်တွေကိုပဲ ကိုယ်သင်ပေးမယ်… မိန်းကလေးတွေက အားနည်းပေမယ့် သူတို့ရဲ့ ခြေထောက်တွေက ခန္ဓာကိုယ်မှာ အင်အားအရှိဆုံး နေရာပဲ… အရွယ်ရောက်အမျိုးသားတစ်ယောက်ရဲ့ ပျော့ကွက်နေရာကို တစ်ချက်လောက်ကျွေးလိုက်ရင် သူ့ကို မစွမ်းဆောင်နိုင်လောက်တဲ့အထိ လုံလောက်တယ်…”


"ဒီကိုလာ..." 


သူက သဲအိတ်ကို ပုတ်လိုက်သည်။


"ဒီသဲအိတ်ကို မင်းကို ခြိမ်းခြောက်နေတဲ့သူလို့ သဘောထားလိုက်… တုံ့ဆိုင်းမနေနဲ့… ထိန်းချုပ်ထားစရာမလိုဘူး… ရှိသမျှအကုန်ထုတ်သုံး…"


ရှေ့ကန်ချက်က ခြေထောက်နည်းစနစ်၏ မရှိမဖြစ်သော နည်းစနစ်သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ၎င်းက အတိုဆုံးလမ်းနှင့် ဖျက်ဆီးနိုင်အား အရှိဆုံးသော အဖြောင့်ထိုးချက်နှင့် ညီသည်။


ဝမ်ယွီက အော်လိုက်သည်။


 “ရှိသမျှ အားအကုန်ထုတ်…” 


အန်းနဉ်က ဘယ်ခြေဖြင့် ရှေ့တစ်လှမ်းတိုး၍ ညာခြေကိုမြှောက်ကာ ရှေ့သို့ အားအပြည့်နှင့် ကန်ထုတ်လိုက်သည်။


သဲအိတ်မှာ အသံကျယ်ကြီးနှင့် အနောက်သို့ လွင့်ထွက်သွားသည်။


ဝမ်ယွီက ဘေးတွင်ရပ်နေသဖြင့် သေသေချာချာ မြင်လိုက်ရသည်။ အန်းနဉ်က စသင်ကာစဆိုသော်လည်း ကန်ချက်က ပြတ်သားသည်။ 


ထိုအချိန်၌ သူမအကြည့်များက အသေအချာကို အာရုံစိုက်ထားပြီး တည်ငြိမ်နေသည်။


ဝမ်ယွီက သူမ၏မျက်လုံးထဲမှ ရက်စက်လိုစိတ် အရိပ်အယောင်ကို ခံစားလိုက်ရသည်။


သူမ ကန်လိုက်သည့်အားက မနည်းပင်။ အကယ်၍ သဲအိတ်နေရာတွင် လူတစ်ယောက်ဖြစ်နေလျှင် ထိုလူ ဒဏ်ရာရခြင်း သို့မဟုတ် သေသွားခြင်းမျိုး ဖြစ်လာနိုင်သည်။


ဝမ်ယွီက သူမကို သေချာကြည့်လိုက်သည်။


သူမဘက်က ပြောလာမည်မဟုတ်ချေ။ သို့ရာတွင် သူက အန်းနဉ်တွင် မည်သည့်အရာများ ကြုံတွေ့ခဲ့၍ ဤကဲ့သို့တုံ့ပြန်ရသည်ကို သိချင်နေခဲ့သည်။


ဘယ်လိုအကြောင်းအရာကများ နုနယ်တဲ့ မိန်းကလေးတစ်ယောက်ကို ရန်လိုတဲ့ အရောင်အဝါတွေ ထွက်လာစေခဲ့ရတာလဲ…



###