အပိုင်း၃၄
Viewers 7k


🤚Chapter 34




အန်းနဉ်က အချိန်ကို ကြည့်ကာ ပြန်ကြရန် အကြံပြုသည်။ ထို့နောက် အဝတ်အစားသွားလဲပြီး အပြင်ထွက်လာသည်။ 


"မနက်စာ အတူတူစားကြရအောင်…"


ဝမ်ယွီက ပြောသည်။


အန်းနဉ်က ငြင်းလိုက်သည်။


“အားလပ်ရက်ရတုန်းလေးပဲ အဖွားအတွက် ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ပေးနိုင်တာ…”  


"ဒါဆို ကိုယ်လည်း လိုက်ကူပေးမယ်လေ…" 


ဝမ်ယွီက သူမအိမ်၌ ထမင်းတစ်နပ် ကပ်စားရန် ကြံရွယ်နေသည်။


သို့သော်ငြားလည်း အငြင်းခံလိုက်ရဆဲပင်။ 


"မရဘူး..."


သူက ဆက်ပြောချင်နေပုံရသည်။


"မေ့လိုက်ပါတော့... အိမ်မှာ လူနာရှိနေလို့ တစ်ယောက်ယောက်ကို ထမင်းစားဖိတ်ဖို့ တကယ်အဆင်မပြေဘူး…"


သူမ၏ လေသံက ဝတ်ကျေတမ်းကျေပုံစံမျိုး မဟုတ်ဘဲ ရိုးသားသည်။ အကြောင်းရင်းမှာ သူမအဖွားက အိမ်သာရေဆွဲမချတတ်၍ အိမ်တွင် အနံ့အသက်များ ရှိနေတတ်သည်။ ထိုအခါတွင် ဝမ်ယွီအနေနှင့် တစ်လုတ်မှ စားဝင်လိမ့်မည်မဟုတ်ပေ။ 


ဝမ်ယွီက လက်လျှော့လိုက်ရန် မလိုလားသော်လည်း ဝန်လေးစွာနှင့် လက်ခံလိုက်သည်။ 


“ဝတ်စုံတွေ ပြန်ယူသွားဖို့မမေ့နဲ့နော်…”


အန်းနဉ်က တုံ့ဆိုင်းသွားကာ ပြောလိုက်သည်။


 "ဒီတစ်ခေါက်အတွက် ကျေးဇူးတင်ပါတယ်… ဒါပေမဲ့ နောက်ဆို ကျွန်မအတွက် မဝယ်ပါနဲ့… ရှင်ပြောချင်တာကို ကျွန်မနားလည်ပါတယ်… ကျွန်မဘာသာ ဝယ်လိုက်ပါမယ်…"


အန်းနဉ်၏ တီရှပ်များမှာ တင်းကျပ်ပြီး သူမကိုယ်နှင့် ကပ်ရပ်နေသည်။ ယခင်ဘဝတွင် စွန်းယာရှန့်က ၎င်းနှင့်ပတ်သတ်ပြီး လှောင်ပြောင်ခဲ့သည်။


"နင်က နေ့တိုင်း sexyကျကျ ဝတ်စားနေတာပဲ… ဘာတွေဇာတ်လမ်းဆင်ဖို့ ကြိုးစားနေတာလဲ…"


အန်းနဉ်၏အဝတ်အစားများက သာမန်ပုံစံ ဆိုသော်လည်း sizeသေးနေ၍  ကိုယ်ကို ကပ်နေကာ sexyကျသည့် vibeမျိုးပေးနေသည်။


သို့ပေမဲ့ ယခုအကြိမ်တွင် အန်းနဉ်က ဝမ်ယွီအား အထင်လွဲခဲ့ခြင်းဖြစ်သည်။


ဝမ်ယွီက ဝတ်စုံသစ် ဝယ်လာခြင်းမှာ သူမ၏ဝတ်စားပုံက မသင့်တော်ဟုထင်၍ မဟုတ်ချေ။ တနင်္လာနေ့က “အားကစားဘောင်းဘီ ဝတ်လို့ရမလား” ဟု သူမမေးဖူးသည်။ သူမတွင် လေ့ကျင့်ရေးအတွက် သင့်တော်မည့် ဝတ်စုံမရှိလောက်သေးဟုထင်၍ သူ့ဝတ်စုံဝယ်ရင်း သူမအတွက်ပါ ဝယ်လာခြင်းဖြစ်သည်။ 


ဝမ်ယွီက အန်းနဉ်၏ အဝတ်အစားရွေးချယ်ပုံကို ကြိုက်သည်ဟုပင် ပြောရမည်။


တစ်ဖက်တွင် အန်းနဉ်၏စကားက သူ့အာရုံကို ဆွဲဆောင်ခဲ့သည်။ သူမကိုစိုက်ကြည့်လိုက်ရာ အန်းနဉ်၏တီရှပ်အရှေ့ပိုင်း၌ အမှတ်အချို့ရှိနေသည်ကို ရုတ်တရက် သတိထားမိသွားသည်။ ပထမအကြည့်တချက်တွင် တခုခုစွန်းနေသည်ဟု ထင်ခဲ့သော်လည်း အနီးကပ်ကြည့်ချိန်၌ အစွန်းမဟုတ်ဘဲ တီရှပ်တံဆိပ်ဖြစ်နေခဲ့သည်။ သို့ရာတွင် လျှော်ရပါများ၍ တံဆိပ်က မှိန်ကျနေပြီဖြစ်သည်။ သေသေချာချာကြည့်လျှင် တံဆိပ်ကို သိနိုင်လိမ့်မည်။ 


၎င်းက လူကြိုက်အလွန်များသည့် အားကစားbrandတစ်ခုဖြစ်နေခဲ့သည်။ ဝမ်ယွီအတွက် ဈေးမများသော်ငြားလည်း အန်းနဉ်အတွက်ဆိုလျှင် ဈေးကြီးနေသေးသည်။


ဝမ်ယွီက အန်းနဉ်၏ရင်ဘတ်ကို မျက်စိမှေးကာ စိုက်ကြည့်ခဲ့သည်။


“မင်းရဲ့တီရှပ်က..."


သူ့အကြည့်ကြောင့် အန်းနဉ်၏ မသိစိတ်အရ နောက်သို့ ခြေတစ်လှမ်းဆုတ်သွားသည်။


ထိုသို့ နောက်မဆုတ်လိုက်လျှင် အဆင်ပြေနေဦးမည်။ ယခု သူမနောက်ဆုတ်လိုက်သဖြင့် ဝမ်ယွီက မထိန်းထားတော့ချေ။


“ကိုယ် ကြည့်ပါရစေဦး…” 


ဝမ်ယွီက သူမ၏လည်ပင်းနောက်ဖက်ကို လှမ်းကိုင်ကာ ကော်လံကို ဆတ်ခနဲ ဖွင့်လိုက်သည်။


"ဟေး...” 


သူမ လွတ်မြောက်လာသည့်အချိန်တွင် ဒေါသကြောင့် သူမ၏မျက်ဝန်းများက ကျယ်နေပြီး ပါးများက နီရဲလာသည်။


သို့သော်ငြားလည်း ဝမ်ယွီက မြင်သွားပြီးဖြစ်သည်။ sizeကိုက်အောင် ပြန်သီထားပြီး မကြာခနလျှော်ရခြင်းကြောင့် ချည်မျှင်တချို့ထွက်နေသော်လည်း ‘ကလေး’ဆိုသည်ကို ဝေဝေဝါးဝါး မြင်လိုက်ရသည်။ 


“ကလေးဝတ်လား…” 


သူက ရယ်ကာ ပြောလိုက်သည်။


"ကလေးကြီးတွေအတွက် အဝတ်ပါနော်…” 


အန်းနဉ်က သူမကော်လံကို ပြန်သိမ်းကာ သူ့အား စိုက်ကြည့်လိုက်သည်။


ဆယ်ကျော်သက်အဝတ်နှင့် ကလေးအဝတ်အစားများက လုံးဝမတူပေ။ တချို့brandများတွင် လူငယ်ဝတ်ဟု ခေါ်ကြသည်။ 


"မင်း ဒီအဝတ်အစားကို ဘယ်တုန်းက ဝတ်တာလဲ… မူလတန်းကျောင်းတုန်းကများလား…"


အန်းနဉ်က နှာမှုတ်လိုက်သည်။


 "အလယ်တန်းတုန်းက…"


ထိုစဉ်က သူမတွင်အဖေ ရှိနေသေးပြီး မိသားစုအခြေအနေမှာ လိုချင်သည့်အရာအားလုံး ရနိုင်သည်အထိ ကောင်းနေဆဲပင်။ ထိုအချိန်က သူမဝယ်ခဲ့သည့် အဝတ်အစားများက အရည်အသွေးကောင်းကာ နှစ်အတော်ကြာအောင်ခံသည်။ အနည်းငယ် ကျပ်နေရုံသာဖြစ်သည်။


အစပိုင်း၌ အဆင်ပြေသော်လည်း အထက်တန်းတက်ချိန်တွင် သူမ၏ရင်သားများက မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးလာကာ ခန္ဓာကိုယ်က ဘုတ်ပြားမှ အကွေ့အကောက်နှင့် ဖြစ်လာခဲဲ့သည်။


‘အဖွားကို‌ေခါ် ပြီး ကျောင်းလာတက်တယ်’ ဆိုသည့် သတင်းကို ပြန်စဉ်းစားကြည့်လိုက်ရာ ထိုအချိန်တွင် အန်းနဉ်၏အဖေက စီးပွားပျက်သွားပြီး သူမအလယ်တန်းကျောင်းရောက်ချိန်၌ အိမ်မှထွက်သွားသည်ကို ဝမ်ယွီ သတိပြုမိလိုက်သည်။


အန်းနဉ်၏အမူအရာအရ ၎င်းကိုစိတ်ထဲမထားသည့်ပုံပင်။ သူမခွင့်ပြုချက်မရှိဘဲ ထိနေ၍သာ စိတ်ရှုပ်နေပုံရသည်။


အန်းနဉ်မှာ စိတ်သဘောထားပွင့်လင်းပြီး အေးအေးဆေးဆေး ရင်ဆိုင်နိုင်သည့်အတွက် ကံကောင်းသည်ဟု ဝမ်ယွီ ခံစားမိသည်။ သို့သော်ငြားလည်း လွန်ခဲ့သည့်နှစ်နှစ်လုံး သူမကြုံတွေ့ခဲ့သည်များကို စဉ်းစားလိုက်လျှင် သူ့ရင်ကွဲသွားသလိုပင်။


ကျောင်းပထမရက်တွင် ကျောင်းအုပ်ကြီးက သူမကို စင်ပေါ်တက်ခိုင်းပြီး ပထမနှစ် အားလုံးကို မိန့်ခွန်းပြောခိုင်းသည့်အကြောင်း အတင်းအဖျင်းအချို့ကို ချန်းဟောင်ထံမှကြားဖူးသည်။


သေစမ်းကွာ…


ဝမ်ယွီ့ဘက်က တခုခုပြောလာမည်ကိုမြင်၍ အန်းနဉ်က မြန်မြန်ပြောလိုက်သည်။


“နောက်ဆို ကျွန်မကို အဝတ်တွေဝယ်ပေးဖို့မလိုဘူးလို့… ကျွန်မဘာသာဝယ်ပါမယ်…”  


အန်းနဉ်က အလုပ်မျိုးစုံလုပ်ခဲ့၍ အစားအသောက်ဖိုး၊ အဝတ်အစားဖိုး မတတ်နိုင်သည်အထိ မဆင်းရဲချေ။ ငွေနှင့်ပတ်သတ်ပြီး ခြိုးခြံချွေတာတတ်သည့် အကျင့်ရှိနေရုံသာဖြစ်သည်။


သုံးစွဲရခြင်းထက် ငွေစုရခြင်းကို ပိုနှစ်သက်သည်။ ငွေသုံးခြင်းက သူမကို အထိတ်တလန့်ဖြစ်စေပြီး ငွေစုခြင်းက သူမကို စိတ်အေးချမ်းစေသည်။


အတိတ်ဘဝက microwaveပင် မဝယ်ခဲ့ချေ။


ထိုအကျင့်ကို သူမလည်း မပြင်နိုင်ချေ။ အဖေဖြစ်သူက ရှိသမျှ ပိုက်ဆံအကုန်ယူကာ ထွက်ပြေးသွားသဖြင့် သူမနှင့်သူမအဖွားတို့က အိမ်မှ ဖိအားပေးနှင်ထုတ်ခြင်းခံရပြီး ရေစိမ့်ကာ ပျက်ဆီးယိုယွင်းနေသည့် တင်းကုပ်လေးမှာသာ ငှားနေခဲ့ရသည်။ မပူမပန်နေရသည့်ဘဝမှ ခိုကိုးရာမဲ့သည့် အခြေအနေအထိ ရုတ်တရက်ကြီး ပြောင်းလဲသွားခဲ့ရသည်။ ထိုအချိန်မှစ၍ ပိုက်ဆံသုံးရန် တွန့်တိုလာရခြင်း ဖြစ်သည်။ 


ထို့နောက် ပိုဆိုးသည်က အဖွား၏ စိတ်အခြေအနေမှာ တစ်နေ့တစ်ခြား ယိုယွင်းလာသဖြင့် သူမအနေနှင့် လူနှစ်ယောက်စာ ထောက်ပံ့ရမည့်တာဝန်ကို ထမ်းလာရခြင်းပင်ဖြစ်သည်။ သုံးစွဲခြင်းထက် ဖြစ်နိုင်သမျှ စုဆောင်းရန်  စိတ်ဝင်စားလာသည်။


အဝတ်အစားတွေက ဝတ်လို့ရသေးတာကို ဘာလို့အသစ်တွေ ဝယ်နေရဦးမှာလဲ…


အမှန်မှာမူ အစားအသောက်ဖြစ်စေ အဝတ်အစားဖြစ်စေ အရည်အသွေးကွာခြားချက်ဆိုသည်က ရှိနေသေးသည်။ ဈေးကြီးသည့်အရာကို မဝယ်ချင်လျှင် ဈေးသက်သာသည်မျိုးကို  သူမဝယ်နိုင်သေးသည်။


ကုန်တိုက်က ယွမ်ရာနှင့်ချီသည့် တီရှပ်များ ဝယ်မည့်အစား မနက်ခင်းဈေးကို သွားပြီး oversize ရှပ်မျိုးကို 18ယွမ်နှင့် ဝယ်၍ရသည်။


အန်းနဉ်က ထိုသို့လုပ်ခြင်းမျိုး မရှိချေ။ သူမက အဖွားအတွက်သာ ပိုက်ဆံသုံးစွဲရန် ဆန္ဒရှိပြီး သူမကိုယ်သူမအတွက် မစဉ်းစားခဲ့ချေ။


အတိတ်ဘဝတွင် သူမ မသေမီအထိ ၎င်းကို မှားသည်ဟု မထင်ခဲ့ချေ။


သူမအပင်ပန်းခံပြီး စုထားသည့်ငွေများအား ဘဏ်ကတ်ထဲ ထည့်ထားသည်။ သို့ရာတွင် သူမသေသွားသည်အထိ မည်သူမှ မသိခဲ့ကြချေ။ ဝမ်ယွီက သူမအဖွားကို ဘိုးဘွားရိပ်သာ ပို့ပေးစဉ်က အိမ်မှ မည်သည့်အရာမှ မယူခဲ့ချေ။ 


သူမကိုယ်သူမ တင်းတင်းကြပ်ကြပ် ခြွေတာသုံးစွဲလိုက်ခြင်းက အဆုံးတွင် အဓိပ္ပာယ်မရှိခဲ့ချေ။


ဝမ်ယွီဝယ်ခဲ့သည့် ဝတ်စုံများက သူမကို လက်ရှိဘဝ၌ ပြောင်းလဲနေထိုင်ရန် သတိပေးနေသယောင်ပင်။


နောက်ဆုံးတွင် ဝမ်ယွီက အန်းနဉ်ကို  သူမအတွက် ထပ်မဝယ်တော့ရန် သဘောတူလိုက်လိုက်ရသော်ငြားလည်း အိမ်ကိုထမင်းလိုက်စားမည့်ကိစ္စအတွက် အဖြေကို ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ခဲ့ချေ။ 


အန်းနဉ်က အိမ်ပြန်ချက်ပြုတ်ကာ သန့်ရှင်းရေးလုပ်ပြီး အဖွားအား တရေးတမောအိပ်စေသည်။ ထို့နောက် တံခါးသော့ခတ်ကာ ကော်ဖီဆိုင်သို့ ထွက်လာခဲ့သည်။


ပုံမှန်အရဆိုလျှင် သူမက နေ့ခင်းဘက်ထက် ညနေဆိုင်းသာ အလုပ်လုပ်သည်။ ယခုက Golden Weekအားလပ်ရက်ဖြစ်၍ ဆိုင်က လူကျနေသဖြင့် နေ့လည်မှ ညနေအထိ အလုပ်ဆင်းပေးရန် ဆုံးဖြတ်လိုက်သည်။


အမှန်ပင် အားလပ်ရက်လူရှုပ်နေ၍ အန်းနဉ်မှာ တစ်နေ့လုံး မနားရသေးပေ။ ညစာစားချိန်ရောက်မှသာ အသက်ကောင်းကောင်း ရှူနိုင်တော့သည်။


"ပင်ပန်းနေပြီလား…" 


ရှုချန်းက မေးလိုက်သည်။


သူက နောက်ဖေးမီးဖိုချောင်ထဲတွင် အန်းနဉ်နှင့်အတူ ညစာစားနေခြင်းဖြစ်သည်။ သူက အလွန်ပင်ပန်းနေသော်လည်း ထိုပင်ပန်းမှုမျိုးကို ကျေကျေနပ်နပ်ကြီး လက်ခံလိုက်သည်။ သူက သူဌေးဖြစ်သဖြင့် သူပိုပင်ပန်းလေလေ ငွေများများဝင်လေလေပင်ဖြစ်သည်။


"အဆင်ပြေပါတယ်…" 


သူမက ထိုသို့ပြောပြီး မြန်မြန်စားလိုက်သည်။


သူမအနေနှင့် အလုပ်ပြင်းပြင်းထန်ထန် လုပ်ရသည်မျိုးကို အချိန်အကြာကြီး ကျင့်သားရနေခဲ့သည်။ ပုံမှန်နေ့များ၌ သူမက အခြားသူများထက် ပို၍ လုံ့လဝီရိယရှိကာ အလုပ်တွင် ပိုမိုလုပ်ဆောင်နိုင်သဖြင့် ရှုချန်းက ရတနာတစ်ခုရှာတွေ့ခဲ့သည်ဟု ခံစားလိုက်ရသည်။


အန်းနဉ်က စားပြီးသည်နှင့် အလုပ်ပြန်ဝင်ခဲ့သည်။ ရှုချန်းက သူမအတွက် စိတ်မကောင်းဖြစ်ကာ ပြောလိုက်သည်။


“ခဏလောက်နားပါဦးလား…”  


ယနေ့တစ်နေ့လုံး အန်းနဉ်က အလုပ်အများဆုံးလုပ်ခဲ့ရ၍ အပင်ပန်းဆုံးဖြစ်သည်။ ထိုအကြောင်းကို ရှုချန်းက ကောင်းကောင်း သတိထားမိခဲ့သည်။


သူဌေးက နားခိုင်းသည်ဖြစ်၍ သူမသေချာအနားယူလိုက်သည်။ ထို့နောက် ရှုချန်းအား မေးရန်သတိရသွားသည်။


“မန်နေဂျာအစ်ကို မိန်းကလေးတွေနဲ့ သင့်တော်မယ့် အခြားအလုပ်မျိုးကို သိလားဟင်…”


"ညီမက ဘယ်သူ့အတွက်ရှာနေတာလဲ…" 


ရှုချန်းက မေးလိုက်သည်။


“ကျွန်မအတွက်ပါ…”


ရှုချန်းက အံ့အားသင့်သွားကာ မေးလိုက်သည်။


"မင်းမှာ အချိန်ရှိသေးလို့လား…"


ရှုချန်းက အန်းနဉ်၏ အလုပ်ချိန်ကို အကြမ်းဖျင်းနားလည်ထား၍ သူမမှာ အချိန်မရှိမှန်းသိသည်။ ပိတ်ရက်တိုင်း သူမက ဘားတစ်ခု၌ အချိန်ပိုင်းလုပ်ကာ အိမ်ကိုနောက်ကျမှပြန်ရလေ့ရှိသည်။


ထို့ကြောင့် သူမကို အမြဲတမ်း စိတ်ပူနေခဲ့ရသည်။


သူက ခဏလောက်စဉ်းစားလိုက်သည်။


“တခြားစာပြရမယ့်အလုပ်မျိုး ရှိမရှိ အစ်ကို့အမေကိုမေးပေးမယ်နော်…”


အမှန်တွင် တက္ကသိုလ်ကျောင်းသားများအတွက် စာပြရသည့်အလုပ်က ဝင်ငွေနည်းသည်။ နာမည်ကြီးဆရာများနှင့်ယှဉ်လျှင် အလွန်ပင်ကွာသည်။ ထို့အပြင် သင်ရသည့်အချိန်ကလည်း ကုန်ဦးမည်။  သူမလုပ်ဖူးသမျှထဲတွင် NLက လစာအကောင်းဆုံးပင်။ NLက ဝင်ငွေမရှိတော့သဖြင့် သူမအနေနှင့် မည်သည့်အလုပ်က အချိန်နှင့် ဝင်ငွေ အချိုးညီသည်ကို သေချာစဉ်းစားဆုံးဖြတ်ရလိမ့်မည်ပင်။


သုံးလိုက်ရသည့် အချိန်နှင့် အင်အားထက် လစာကပိုနည်းနေပါက သူမအတွက် အဆင်မပြေပေ။


မနေ့ညက ဝမ်ယွီပြောခဲ့သည့်စကားများမှာ သေချာစဉ်းစားကြည့်လျှင် အဓိပ္ပာယ်ရှိသည်။


သူမကို လမ်းပြ‌ေပးသည့်သူ၊ အကြံဉာဏ်ပေးသည့်သူမျိုး မရှိခဲ့ဘဲ လက်ရှိအခြေအနေအထိ သူမဘာသာ ရုန်းကန်ခဲ့ရသည်။


ကလေးဘဝမှ အသက်အရွယ်တစ်ခုရောက်လာသည့်အခါ အရာရာကို အလိုလိုနားလည်ပြီး လုပ်ဆောင်နိုင်လိမ့်မည်ဟု လူအများစုက တွေးကြသည်။ သို့သော် အမှန်တွင်မူ ‘အလိုလိုတတ်ကျွမ်းသည်’ ဆိုသည့် အရာမျိုး မရှိချေ။ လူကြီးများ၏ လမ်းညွှန်မှု၊ ပဲ့ပြင်ဆုံးမမှု မရှိလျှင် မဖြစ်ချေ။


အန်းနဉ်တွင် ထိုကဲ့သို့ ဆုံးမလမ်းညွှန်မှုမျိုး မရှိဘဲ အရာရာကို သူမကိုယ်သူမအားကိုးပြီး ရှေ့ဆက်လျှောက်နေခဲ့ရသည်။


အထက်တန်းတွင် ဘဝနှင့်တွေးခေါ်ပုံများက ရိုးရှင်းသည်။ သူမတို့ကျောင်းက စစ်တပ်အုပ်ချုပ်မှုပုံစံမျိုးရှိကာ လူတိုင်းက တက္ကသိုလ်ဝင်ခွင့်တစ်ခုတည်းအတွက် အာရုံစိုက်ကြသည်။ ကျောင်းကလည်း ငယ်ငယ်ရွယ်ရွယ်နှင့် ချစ်ကြိုက်ခြင်းကို တားမြစ်ထားသည်။ ထိုကဲ့သို့ကျောင်းပတ်ဝန်းကျင်တွင် သူမ လုံလုံခြုံခြုံနှင့် ဖြတ်သန်းခဲ့ရသည်။


တက္ကသိုလ်တွင် စည်းမျဉ်းများကအားနည်းပြီး လူတိုင်း၏စိတ်က သန့်စင်နိုင်မည် မဟုတ်ပေ။ လူ့အဖွဲ့အစည်းငယ်လေးထဲ ဝင်ရောက်လာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။


ယမန်နေ့ညက ဝမ်ယွီ့စကားများမှ သူမအား ပိုမိုသတိရှိလာအောင် လှုံ့ဆော်ပေးခဲ့သည်။


ပထမဆုံးအနေနှင့် အလုပ်လုပ်ချိန်နှင့် စာကျက်ချိန်ကို မည်ကဲ့သို့အကျိုးရှိရှိသုံးရမည်ကို အရင်ကြည့်ရမည်။


လိုအပ်လာလျှင် ဝမ်ယွီပေးထားသည့် ဘဏ်ကတ်ကို သုံးရန်အထိ ဆုံးဖြတ်လိုက်သည်။


သူမ၏အတိတ်နှင့် အနာဂတ်အကြောင်း သေချာတွေးကြည့်လိုက်လျှင် သူ့အပေါ် အကြွေးများစွာ တင်နေခဲ့ပြီဖြစ်သည်။ သို့သော် အကြွေးနှင့်ပတ်သတ်၍ စိုးရိမ်ပူပန်နေခြင်းမျိုး မရှိခဲ့ချေ။


ထိုအကြွေးများကို ဖြေးဖြေးချင်း ပြန်ဆပ်မည်ဖြစ်သည်။


ဝမ်ယွီက တစ်ယောက်တည်း နေ့လည်စာစားပြီး မိဘအိမ်သို့ ပြန်လာခဲ့သည်။


အားလပ်ရက်ဖြစ်၍ ဝမ်ကောအန်းနှင့် ချန်းလျန်တို့ နှစ်ဦးသားလည်း ရှိနေကြသည်။ အထူးရက်များ၌သာ သူတို့ပြန်ဆုံစည်းနိုင်ကြသည်။


“ဒီနေ့က အားလပ်ရက်ကို မင်းကခုမှပြန်လာတယ်… ဘယ်တွေကိုများ သွားနေတာတုန်း…”


ချန်းလျန်က ညည်းတွားလိုက်သည်။


 "ကျွန်တော် မနက်ပိုင်း အိပ်တယ်… နေ့လည်ဆိုထတယ်လေ…”


ဝမ်ကောအန်းက စိုးရိမ်စွာ ပြောလာသည်။


“အားလပ်ရက်မှာ သေချာအနားယူချေ… မဟုတ်ရင် ကျန်းမာရေးအတွက် မကောင်းဘူးနော်…”


ဝမ်ကောအန်းက အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးကို ပိုဂရုစိုက်လာသည်။ သူ့တွင် ပုံမှန်အချိန်ဇယားရှိပြီး လေ့ကျင့်ရေးကို အာရုံစိုက်သည်။ သဘာဝအော်ဂဲနစ် အစားအသောက်များကိုသာ စားသုံးပြီး အစားအသောက် အရည်အသွေးကို သေချာစေရန်အတွက် တောင်ပိုင်းတွင် စိုက်ပျိုးထားသည့် လယ်ကွင်းတစ်ခုပင် ရှိသည်။


သို့သော်ငြားလည်း ထိုအရာများက အိုမင်းရင့်ရော်လာခြင်းကို မတားဆီးနိုင်ချေ။ 


ဝမ်ကောအန်းက ကိုယ့်ကိုယ်ကို ပြင်ပြင်ဆင်ဆင်နေတတ်သည့် ချန်းလျန်ထက် အသက်နှစ်ဆယ်နီးပါးကြီးသည်။ သူတို့သုံးယောက်စုဝေးတိုင်း အဖေတစ်ယောက်နှင့် သူ့၏ သားသမီးနှစ်ယောက် စုဝေးနေသည်ဟု ထူးဆန်းစွာ ခံစားရသည်။


ဝမ်ကောအန်းက ဝမ်ယွီ၏ ပညာရေးနှင့် ကျန်းမာရေးအပေါ် တင်းကျပ်ကာ အလိုမလိုက်ခဲ့ပေ။


အန်းနဉ်၏မျက်လုံးထဲတွင် ဝမ်ယွီက ပေါ့ပျက်ပျက်နှင့် ပွေရှုပ်တတ်သည့် ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက် ဖြစ်သော်လည်း အမှန်စင်စစ်တွင် သူက တစ်ကြိမ်မှ အတန်းမပြေးဖူးပေ။ ထို့အပြင် ကုမ္ပဏီတွင် ရင့်ကျက်ပြီး တည်ငြိမ်သည်။ ဝမ်ကောအန်းနောက်ကို ဆယ်စုနှစ်များစွာ လိုက်ခဲ့သည့်လူများက ဝမ်ယွီ့ကို များစွာ မျှော်လင့်ထားကြသည်။


ချိန်းတွေ့ခြင်း ရန်ဖြစ်ခြင်းကဲ့သို့ ကိုယ်ရေးကိုယ်တာကိစ္စများကမူ ငယ်ရွယ်ချိန်၌ မရူးမိုက်ဖူးသူ မရှိပေ။


ထို့ကြောင့် ဝမ်ယွီက အန်းနဉ်အား ဘဝအတွက် ရေတိုသာ မစဉ်းစားရန်နှင့် အစီအစဉ်သေချာဆွဲရန် အကြံပေးခဲ့ခြင်းဖြစ်သည်။


တစ်မိသားစုလုံး ညစာအတူစားကြသည်မှာ နွေးထွေးလှသည်။


“ဒီအားလပ်ရက်အတွက် ဘာအစီအစဉ်ရှိလဲ…”


ဝမ်ကောအန်းက မေးလိုက်သည်။ 


“သိပ်ထူးထူးခြားခြား မရှိပါဘူး…”


သူပြောသည့်စကားအဓိပ္ပာယ်မှာ အခြားနိုင်ငံများသို့ ခရီးထွက်ရန် အစီအစဉ်မရှိဟု ဆိုလိုသည်ပင်။ အကြောင်းရင်းမှာ သူက အန်းနဉ်ကို ယခုရက်ပိုင်းအတွင်း လေ့ကျင့်ပေးမည်ဟု သဘောတူထားခြင်း ဖြစ်သည်။


“ဒါဆို အဖေနဲ့ ကျွန်းကိုလိုက်ခဲ့…”


ဝမ်ကောအန်းက ပြောလိုက်သည်။


ဝမ်ကောအန်းက တောင်တရုတ်ပင်လယ်တွင် ကျွန်းငယ်လေးတစ်ကျွန်း ဝယ်ထားပြီး ထိုကျွန်းကို ကျန်းမာရေးနှင့် အပန်းဖြေကျွန်းအဖြစ် တည်ဆောက်ခဲ့သည်။ ကျွန်းရှိ လေနှင့်ရေက လတ်ဆတ်ပြီး ကောင်းမွန်သည့်အတွက် ပုံမှန်သွားကာ အနားယူလေ့ရှိသည်။ တစ်ခါတစ်ရံ သူငယ်ချင်းများနှင့် လုပ်ငန်းပါတနာများကို ဖိတ်ကြားလေ့ရှိသည်။


“ဒီတစ်ခေါက်တော့ ဒါရိုက်တာဝမ်၊ ဒါရိုက်တာကောင်း၊ ဒါရိုက်တာကျူးနဲ့ ဒါရိုက်တာလီတို့ကို ဖိတ်ထားတယ်… သူတို့နဲ့ ရင်းနှီးအောင် လိုက်ခဲ့…”


ဝမ်မိသားစု၏ စီးပွားရေးက လူသိရှင်ကြားစာရင်းမသွင်းထားဘဲ အဓိကကဏ္ဍကြီးသုံးခုကို ဖြန့်ကျက်ထားသည် ။ အပြင်လူများက ဝမ်မိသားစုကို ဩဇာကြီးသည်ဟု သိထားကြသည်။ အမှန်‌တွင် ယင်းမှာ အပေါ်ယံမျှသာဖြစ်သည်။


ရာနှုန်းပြည့်ပိုင်ဆိုင်သည့် လုပ်ငန်းခွဲများအပြင်၊ ကုမ္ပဏီ၌ သွေးသားတော်စပ်သူများနောက်ကွယ်တွင် လျှို့ဝှက်ထားသည့် အစုရှယ်ယာအမျိုးမျိုး ရှိသေးသည်။ ဖွဲ့စည်းပုံတစ်ခုလုံးက အတွင်းပိုင်းငွေကြေးစီးဆင်းမှုများနှင့် ရှုပ်ထွေးသည်။ ဝမ်ယွီပင် ကုမ္ပဏီကို အမှန်တကယ် လက်လွှဲယူမည်ဆိုလျှင် တစ်ရက်နှစ်ရက်ဖြင့်မရနိုင်ပေ။ အများဆုံး တစ်နှစ်မှ နှစ်နှစ်အထိ ကြာနိုင်သည်။


လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက ဝမ်ကောအန်းမှာ သူ့အသက်ပိုကြီးလာသည်ကို နက်နက်ရှိုင်းရှိုင်း ခံစားမိသည်။ ဝမ်ယွီဘွဲ့ရသည်အထိ မစောင့်နိုင်၍ သူ့ကို တွန်းအားပေးရန်ကြံသည်။ 


ဝမ်ယွီက သူ့အဖေ၏ အတွေးများကို နားလည်သည်။ ထိုအရာများက နောင်တစ်ချိန် သူလုပ်ရမည်ဖြစ်၍ ရှောင်ရှားလိုစိတ်မရှိပေ။ သူ့စကားအတိုင်း စာလေ့လာသည်က အန်းနဉ် လုပ်ကိုလုပ်ရမယ့်အရာဆိုလျှင် မိသားစုစီးပွားရေးကို လွှဲပြောင်းယူရမည်က သူလုပ်ရမည့် အရာပင်။ 


ညစာစားပွဲတွင် ဝမ်ယွီက ချန်းလျန်ကို မေးလိုက်သည်။


"အမေကော ကျွန်တော်တို့နဲ့ လိုက်မှာလား…"  


"မလိုက်တော့ဘူး…သူတို့အားလုံးက အသိအကျွမ်းဟောင်းတွေပဲ… အမေ သွားမလား မသွားဘူးလားက အရေးမကြီးဘူး… မင်းသွားလိုက်နော်…"


ဝမ်ယွီက သူမ၏ အားလပ်ရက်အစီအစဉ်အား မေးခဲ့ရာ သူမက ပြင်သစ်ကို အလည်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။


ညစာစားပြီးနောက် ဝမ်ယွီက ချန်းလျန်နှင့် ခဏတာ စကားပြောကာ ဝမ်ကောအန်းနှင့် စစ်တုရင်ကစားပြီး သူ့အခန်းသို့ပြန်ခဲ့သည်။ ထို့နောက် အန်းနဉ်ကို ဖုန်းခေါ်လိုက်သော်လည်း ကိုင်မည့်သူမရှိပေ။ 


ကော်ဖီဆိုင်တွင် နှစ်ဆိုင်းလုပ်ရမည်ကို မှတ်မိသွားပြီး အလုပ်ချိန်အတွင်း သူမဖုန်းကိုင်နိုင်ရန် မဖြစ်နိုင်မှန်း သိလိုက်သည်။


သက်တောင့်သက်သာရှိသည့် ဇိမ်ခံအနှိပ်ရေချိုးကန်ထဲတွင် ရေစိမ်နေစဉ် အန်းနဉ်က ဖုန်းပြန်ခေါ်သည်။


"ဟဲလို…" 


နောက်ခံအသံက အနည်းငယ်ဆူညံနေသည်။


"အလုပ်ပြီးသွားပြီလား…" 


ဝမ်ယွီက မေးလိုက်သည်။


"အင်း..." 


နောက်ရပ်မည့်မှတ်တိုင် ကြေညာနေသည့် ဘတ်စ်ကားသံကို ကြားရာ သူမဘတ်စ်ကားပေါ် ရှိနေကြောင်း ခန့်မှန်းမိလိုက်သည်။


"ရှင် တစ်ခုခုလိုလို့လား..."


အန်းနဉ်က မေးလိုက်သည်။


သူမအသံက ပင်ပန်းနွမ်းနယ်နေရာ ခက်ခဲသည့်နေ့တစ်နေ့ကို ဖြတ်သန်းခဲ့ရမှန်း ထင်ရှားသည်။ 


ရေချိုးကန်ထဲ အနားယူနေသည့် ဝမ်ယွီက သူမ၏ ပင်ပန်းနေသော်လည်း အေးစက်ခြင်းမရှိသည့် အသံကိုနားထောင်ရင်း ကရုဏာသက်မိသွားသည်။



###