အပိုင်း၃၅
Viewers 7k


🤚Chapter 35





အန်းနဉ်က မနက်တွင် ဝမ်ယွီနှင့် လေ့ကျင့်ရေးဆင်းရကာ နေ့ခင်းမှ ညမိုးချုပ်သည်အထိ အလုပ်ဆင်းနေရခြင်းကြောင့် တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေခဲ့သည်။


မနက်ဖြန် ဝမ်ယွီနှင့် လေ့ကျင့်ရေးဆက်ဆင်းရန် အစီအစဉ်များက ရှိနေသေးသည်။


ကံကောင်းထောက်မစွာနှင့် ဝမ်ယွီက သူမကို ဖုန်းခေါ်လာခဲ့သည်။ 


“ဒီရက်ပိုင်း ကိုယ်အရေးတကြီး သွားစရာရှိတယ်… တကယ်လို့ လေ့ကျင့်ရေးကွင်းကို သုံးချင်ရင် ချန်းဟောင်ကိုရှာလိုက်နော်… သူ ဒီအားလပ်ရက် အိမ်ပြန်ဖြစ်မှာမဟုတ်ဘူးလို့ ပြောတယ်… ကျောင်းမှာပဲ ရှိနေလိမ့်မယ်…” 


အန်းနဉ် စိတ်သက်သာရာရသွားသည်။


“ကျွန်မ သိပါပြီ…” 


ထိုစကားများပြောပြီးနောက် ဝမ်ယွီက နောင်တရစပြုလာသည်။ 


“ဒါမှမဟုတ် ကိုယ်ပြန်လာတာကို စောင့်လေ… ဒီရက်အတွင်း မင်းနဲ့ ကိုက်မယ့် နည်းစနစ်ကို ကိုယ်စဉ်းစားနိုင်မှာပါ…”


သူမ၏ သင်ယူလိုစိတ်နှင့် ပတ်သတ်ပြီး စိတ်ပူနေပုံပင်။ အနည်းဆုံး လက်ရှိအခြေအနေကို သူ့ကိုယ်ကျိုးအတွက် အခွင့်ကောင်းမယူလောက်ဟု တွေးလိုက်သည်။


တဖြည်းဖြည်းနှင့် သူ့အပေါ်သတိထားမှုများ လျော့လာသည်ကို သူမသတိမထားမိခဲ့ချေ။ ဝမ်ယွီက လူသတ်ခြင်း၊ မီးရှို့ခြင်းစသည့် ရက်စက်ကြမ်းကြုတ်သည့် အရာမျိုးကိုသာ မကျူးလွန်သရွေ့ သူမဘဝတလျှောက်လုံး သူ့ကို လူကောင်းဟု သတ်မှတ်မည်ဖြစ်သည်။


သူမက “အင်း” ဟု တိုးတိုးလေး တုံ့ပြန်လာသည်။


“ဒါဆို ရှင်ပြန်လာတာကို စောင့်နေမယ်…”


အေးစက်စက်နိုင်သည့် အလှလေးက မဖြစ်စဖူး နူးညံ့လာသဖြင့် ဝမ်ယွီမှာ ကြက်သီးမွှေးညှင်းထလာပြီး ရေနွေးနွေးထဲ စိမ်ထားသည့် ခန္ဓာကိုယ်ကပါ တုံ့ပြန်လာသည်။


ဝမ်ယွီက ဤဘ၀တွင် မည်သည့်အရာများ ပြောင်းလဲသွားပါစေ သူ၏ လူယုတ်မာဆန်သည့် သဘောသဘာဝက ပြောင်းလဲလာမည် မဟုတ်ချေ။ 


၎င်းက ဖုန်းတစ်ဖက်မှ အန်းနဉ်၏ ‘ဝမ်ယွီ’ ဟု ခေါ်သံကို မကြားမီအထိပင်။ သူက ချောင်းဟမ့်ကာ ရယ်လိုက်သည်။


“ကောင်းပြီ… ဒါဆို ကိုယ့်ကို စောင့်နေနော်…”


ဝမ်ယွီ့ ရယ်သံက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည်။ ဖုန်းကျသွားသည်အထိ အန်းနဉ်က ဖုန်းကိုကြည့်ကာ ပဟေဠိဖြစ်နေခဲ့သည်။


အားလပ်ရက်များ၌ အမှန်ပင် ပင်ပန်းသော်လည်း ယင်းက အချည်းနှီး မဖြစ်ချေ။ အန်းနဉ်၏ အပိုဆိုင်းကို အချိန်ပိုအဖြစ်သတ်မှတ်ပေးသဖြင့် အားလပ်ရက်လုပ်အားခက နှစ်ဆတိုးလာမည်ဖြစ်သည်။ ဝင်ငွေများသည့် NLမှ အလုပ်ကို ဆုံးရှုံးလိုက်ရသော်လည်း ငွေပိုတချို့ ရှာနိုင်သည့်အတွက် သူမ ပျော်နေပါသေးသည်။


ဝမ်ယွီနှင့် ပြောဆိုပြီးနောက် အန်းနဉ်တွင် မနက်ခင်းလေ့ကျင့်ရေး မရှိသည့်အတွက် အင်တာနက်သုံးရန် ကျောင်း၏ ကွန်ပျူတာခန်းသို့ သွားသည်။


သူမတွင် ကိုယ်ပိုင်ကွန်ပျူတာမရှိပေ။ ယခင်က အိမ်၌ရှိသည့် ကွန်ပျူတာကလည်း အကြွေးရှင်များ သိမ်းသွားပြီဖြစ်၏။


လွန်ခဲ့သည့်နှစ်အနည်းငယ်က ကျောင်းမှာတက်ခဲ့ရသည့် ကွန်ပျူတာသင်တန်းများမှလွဲလျှင် အန်းနဉ်အတွက် ကွန်ပျူတာတစ်လုံးကို ထိတွေ့နိုင်ရန် ခဲယဉ်းသည်။ ရံဖန်ရံခါ သုံးရန်လိုအပ်လာချိန်တွင် အင်တာနက်ကဖေးဆိုင်သို့ သွားလိုက်သည်။ ယခု တက္ကသိုလ်၌ ကွန်ပျူတာခန်းရှိ၍ အထက်တန်းကျောင်းကထက် ပိုအဆင်ပြေလာသည်။


နေ့စဉ်သတင်းအချက်အလက်များအတွက် ဖုန်းကို အများဆုံး အသုံးပြုသော်လည်း ကွန်ပျူတာသုံးရသကဲ့သို့ အဆင်မပြေပေ။


NLမှ အလုပ်ထွက်ပြီးကတည်းက လိုင်းပေါ်မှတဆင့် အလုပ်ရှာကာ အားလပ်ရက်ပြီးသည်နှင့် ဆက်သွယ်ရန် ဖုန်းထဲ မှတ်ထားသည်။


သူမကကျောင်းကြော်ငြာဘုတ်ကိုလည်း အလွတ်မပေးခဲ့ချေ။ အလုပ်ခေါ်စာများတွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးထားသော်လည်း ပြိုင်ဖက်နည်းစေရန် တစ်ယောက်ယောက်က စာရွက်ဖြဲပစ်သည်မျိုး ရှိလာနိုင်သည်။


အချို့စီနီယာများဆိုလျှင် သူတို့၏ ကောင်းမွန်သည့် အသိပညာကြောင့် လုပ်ခနည်းပြီး ကာယသုံးရမည့် အလုပ်များထက် ပရော်ဖက်ရှင်နယ်အလုပ်များကို လုပ်ဆောင်နိုင်သည်ဟု မုန့်ရှင်းယွီထံမှ ကြားဖူးသည်။


အန်းနဉ် အမှန်ပင် မနာလိုဖြစ်မိသည်။ ဝမ်ယွီပြောသည့်စကားအတိုင်း သူမက စာလေ့လာသည့်အပေါ်မှာသာ အာရုံစိုက်သင့်ပေသည်။


ဤတစ်ခါတွင်လည်း ရှုချန်းက သူမအား အကူအညီပေးလာနိုင်မည်ဟု မမျှော်လင့်မိခဲ့ချေ။


Golden Week နောက်ဆုံးရက်တွင် ရှုချန်းက သူမကို မေးလာသည်။


 “ညီမ မော်ဒယ်လုပ်ဖို့ စဉ်းစားဖူးလား…” 


အန်းနဉ်က စိတ်ရှုပ်ထွေးသွားသည်။


"မော်ဒယ်လား…မော်ဒယ်တွေက အရပ် 1.8မီတာအထက် ရှည်ရမှာ မဟုတ်ဘူးလား… ကျွန်မက 1.63 မီတာပဲ ရှိတယ်…"


“runway လျှောက်ရမှာမျိုး မဟုတ်ပါဘူး… ဓာတ်ပုံမော်ဒယ်သဘောမျိုးပါပဲ… မဂ္ဂဇင်းတွေထဲက ကြော်ငြာတွေလိုမျိုးဆိုပေမဲ့ တကယ်တော့ အစ်ကိုပြောတဲ့အလုပ်က online shopအတွက် မော်ဒယ်လုပ်ရမှာ…” 


"အစ်ကို့မှာ Animeအဖွဲ့တစ်ဖွဲ့ရှိတယ်... အဟမ်း အဟမ်း…. အဖွဲ့ထဲက မိန်းကလေးတစ်ယောက်က X Baoဆိုတဲ့online shopမှာ အဝတ်အစားကြော်ငြာဖို့ မော်ဒယ်လုပ်နေတယ်ပြောလို့… ပြီးတော့ သူက မင်းထက်တောင် ပုသေးတယ်… 1.61မီတာပဲ ရှိတယ်လေ…”


အန်းနဉ် နားမလည်နိုင်တော့ပေ။


အကြောင်းရင်းမှာ လက်ရှိအချိန်တွင် X Bao၏ X Girls ပလက်ဖောင်းက သူတို့online shopအတွက် မော်ဒယ်ခေါ်ခြင်းမရှိသေးသည့်အပြင် live stream လွှင့်သည်ကလည်း အင်တာနက်အသုံးများသည့် သူများသာ သိနိုင်သည်။ နောက်နာမည်ကြီးလာမည့် live stream websiteနှစ်ခုကလည်း တစ်ခုက short videoများသာ တင်နေသေးပြီး ကျန်တစ်ခုက နောက်လာမည့်သုံးနှစ်အထိ တရားဝင်ထွက်လာဦးမည် မဟုတ်ချေ။


ယခုကိစ္စအရ သူမမှာ အကန့်အသတ်အချို့ ရှိနေသည်ကို ပေါ်လွင်စေသည်။ ကွန်ပျူတာတစ်လုံးမျှ မရှိသည့်အပြင် ယခင်ဘဝ၌လည်း တစ်ယောက်ထဲ အဖော်မဲ့ကာ အများနှင့်လည်း ပေါင်းသင်းဆက်ဆံခဲ့ခြင်းမရှိချေ။ သူမ သိနိုင်သည့် အချက်အလက်များများစားစား မရှိပေ။


လူများက ‘တက္ကသိုလ်ကျောင်းသားတွေ ပြန်ပေးဆွဲခံလိုက်ရလို့တဲ့ ဒါမှမဟုတ် ငွေလိမ်ခံလိုက်ရလို့တဲ့…’ ဟူသည့် သတင်းကြားလျှင် “သူတို့က တက္ကသိုလ်ကျောင်းသားပဲဖြစ်နေပြီ ဘာလို့ဒီလောက်နုံအရတာလဲ…” ဟု ပြောကြသည်။ စာကို ကြိုးကြိုးစားစား လေ့လာခြင်းက တက္ကသိုလ်တက်နိုင်စေသော်လည်း လူ့အသိုင်းအဝိုင်းအတွင်းရှိ သတင်းအချက်အလက်နှင့် ဘဝအတွေ့အကြုံများကို ပေးစွမ်းနိုင်ခြင်း မရှိချေ။ 


အန်းနဉ်က အင်တာနက်ပေါ်ရှိ ပိုပိုသာသာရေးသားထားသည့် သတင်းများ၊ trendဖြစ်နေသည်များကို စိတ်မဝင်စားခဲ့ပေ။


တခြားတစ်ဖက်တွင် ရှုချန်းက သူ့ဘဝတလျှောက်လုံး အင်တာနက်ပေါ်မှာသာ ကုန်ခဲ့ရသော်ငြားလည်း ဓာတ်ပုံမော်ဒယ်ကဲ့သို့ ကိစ္စရပ်များက သူစိတ်ဝင်စားသည့်နယ်ပယ် မဟုတ်၍ မသိခဲ့ချေ။


ယမန်နေ့ညက အဖွဲ့ထဲတွင် မိန်းကလေးနှစ်ယောက် စကားပြောနေကြသည်ကို တွေ့လိုက်ရပြီး အန်းနဉ်အလုပ်ရှာနေသည်ကို သတိရသွားသည်။ ထို့ကြောင့် ထိုမိန်းကလေးများမှ တစ်ယောက်ကို သီးသန့်စာပို့ပြီး မေးလိုက်ရသည်။


"ဒါက မင်းအတွက် အသုံးတည့်မလား မသိဘူး…"


ရှုချန်းက သူသိထားသမျှ အချက်အလက်အကုန် ပေးလိုက်သည်။


ဤဘဝတွင် သူမအား ပိုးပမ်းရန် လက်လျှော့လိုက်သော်လည်း ရှုချန်းက နူးညံ့သိမ်မွေ့ကာ စိတ်အားထက်သန်သည့်သူ ဖြစ်နေဆဲပင်။  


သူ့စကားများက မရှင်းလင်းမည်ဆိုး၍ အဖွဲ့ထဲကသူငယ်ချင်းနှင့် အန်းနဉ်ကို မိတ်ဆက်ပေးကာ သူတို့ချင်း friend add စေလိုက်သည်။ 


အလုပ်ပြီးသွားမှ အန်းနဉ်က ဆိုင်၏wifiကိုသုံးကာ အစောပိုင်းက သူငယ်ချင်းနှင့် စကားပြောဆိုခဲ့သည်။


“တော်တော်တော့ပင်ပန်းတယ်… စစချင်းဆို တစ်ပိုင်းကို အနည်းဆုံး ယွမ်နှစ်ဆယ်ကနေ လေးဆယ်အထိ ရနိုင်တယ်… ဒါပေမဲ့ အလုပ်လုပ်တာ ကျွမ်းလာရင်တော့ ဖြေးဖြေးချင်း တိုးပေးတယ်… အစ်မကြားတာတော့ တချို့ဆို တစ်ရက်ကို သောင်းဂဏန်းအထိဝင်တယ်တဲ့…”


အန်းနဉ်က အမှန်ပင် လှုံ့ဆော်ခံလိုက်ရသည်။


ရှုချန်းက လူတစ်ယောက်အား ပြုံးပြပြီး ခေါင်းညိမ့်နှုတ်ဆက်ကာ သူမကို ခေါ်လိုက်သည်။


“အန်းနဉ် ညီမကောင်လေး လာကြိုနေပြီလေ…”


အန်းနဉ်က တစ်ခဏမျှ အံ့အားသင့်သွားပြီး တုံ့ပြန်လိုက်သည်။ သူမက အိတ်ကို ကိုင်ပြီး အပြင်ထွက်လာရာ အရပ်ရှည်ရှည်နှင့် ချောမောသည့် အမျိုးသားတစ်ဦး ကောင်တာဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ယင်းမှာ ဝမ်ယွီမှလွဲ၍ မည်သူမှ မဖြစ်နိုင်ချေ။


"အန်းနဉ် နင့်ကောင်လေးက တကယ်ချောတာပဲ…"


အလုပ်ဆင်းလာသည့် နောက်ထပ်မိန်းကလေးတစ်ဦးက ချီးကျူးလာသည်။


အန်းနဉ်က ဝမ်ယွီမှာ သူ့ကောင်လေးမဟုတ်ကြောင်း ပြောချင်သော်လည်း ရှုချန်းကို တမင်တကာ လှည့်စားခဲ့သည်ကို မှတ်မိသွားသည်။ သူမပါးစပ်ကို ပိတ်ကာ ပြုံးပြလိုက်သည်။


"ကိုယ်တို့သွားကြတော့မလား…"


အန်းနဉ်က သူ့အနားရောက်လာသည်နှင့် ဝမ်ယွီက မေးလိုက်သည်။


ရှုချန်းက အနီးအနားတွင် ရှိနေ၍ သူ့ရှေ့တွင် အန်းနဉ်က မငြင်းနိုင်ချေ။ 


“သွားကြတာပေါ့…”  


ဝမ်ယွီက ဆိုင်တံခါးကို ဖွင့်ပေးလိုက်သည်။ ထို့အပြင် သူက မသိလျှင် ရှုချန်းနှင့် ရင်းနှီးနေသည်အလား လက်ပြနှုတ်ဆက်လိုက်သည်။ ပိုဆိုးသည်က ရှုချန်းကလည်း ဝမ်ယွီကို ပျော်ပျော်ရွှင်ရွှင်ကြီး ပြုံးပြနှုတ်ဆက်နေသည့် ကိစ္စပင်။


မတူသည့်အရာမှာ ယခင်ဘဝတွင် ရှုချန်းက ဝမ်ယွီကို အထူးကြောက်ရွံ့နေခဲ့သည်။ ဝမ်ယွီဟုပြောလိုက်သည်နှင့် ရှုချန်းက ချက်ချင်းအမူအရာ ပြောင်းသွားသည်။


သို့ပေမဲ့ တစ်ခုတော့ မပြောင်းလဲချေ။ နှစ်ဘဝလုံး ရှုချန်းက ဝမ်ယွီနှင့် သူမကို စုံတွဲဟု ထင်နေခဲ့သည်။ သူ့အတွေးများက အံ့ဩစရာပင်။


အတွေးလွန်နေရင်း အန်းနဉ်က ဝမ်ယွီ့နောက်သို့ ဘုမသိဘမသိနှင့် လိုက်လာမိသည်။ အပြင်ကိုထွက်လာသည်နှင့် တစ်ပြိုင်နက် လေအေးက သူမမျက်နှာကို ရိုက်ခတ်လာ၍ အသိစိတ်ဝင်လာသည်။


“ဘယ်တုန်းက ပြန်ရောက်တာလဲ…” 


"ဒီနေ့လယ်က…"


ဝမ်ယွီက ကျီစယ်လိုက်သည်။


"ဘာလဲ ကိုယ့်ကို လွမ်းနေတာလား…"


အန်းနဉ်က သူ့၏ နောက်ပြောင်သည့်စကားများကို အလိုအလျောက် လျစ်လျူရှုကာ စိုက်ကြည့်လိုက်သည်။ 


“ဘာလို့ ဒီလောက်တောင်အသားညိုလာရတာလဲ…”


"တောင်ဘက်ပိုင်းမှာ နေက တအားပြင်းတယ်… ပင်လယ်ထဲပါ ရေကူးလိုက်တော့ ပိုညိုလာတာပေါ့.. စိတ်မပူပါနဲ့… နောက်နှစ်ပတ်နေရင် ပုံမှန်အသားအရောင်ပဲ ပြန်ဖြစ်မှာ…” 


ညဘက်လေက ချမ်းစိမ့်ကာ ယနေ့အပူချိန်က သိသိသာသာ ကျဆင်းနေသည်။ နေ့လည် အန်းနဉ် အိမ်မှထွက်လာစဉ် အပူချိန်မြင့်နေသေးသဖြင့် ထူထူထဲထဲဝတ်မလာပေ။ ယခုတော့ သူမက ခိုက်ခိုက်တုန်နေကာ လည်ပင်းကို ကာနိုင်ရန် အပေါ်ဇစ်ကို အဆုံးထိ အမြန်ဆွဲတင်လိုက်သည်။ 


၎င်းကို ဝမ်ယွီ သတိထားမိသွားသည်။ သူ့ကားကို ကော်ဖီဆိုင်ရှေ့ ရပ်ထားသဖြင့် နှစ်လှမ်းစာမျှသာ ဝေးသည်ဖြစ်၍ ကံကောင်းသည်ဟု ဆိုရမည်။


"မြန်မြန် ကားထဲဝင်လိုက်…” 


သူ့လက်မောင်းနှင့် ပွေ့ဖက်ကာ ပြောသည်။


အန်းနဉ်၏ပခုံးက‌ တောင့်တင်းသွားသည်။ သူ့လက်မှ လွတ်ရန် ပခုံးကိုခါ၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။


ဝမ်ယွီက မျက်ခုံးပင့်ကာ သူမအတွက် ကားတံခါးကိုဖွင့်ပေးလိုက်သည်။ ထို့နောက်  သူပါ ကားပေါ်သို့ တက်လိုက်သည်။


ကားပေါ်ရောက်သည်နှင့် အန်းနဉ်က ထိုင်ခုံခါးပတ်ပတ်လိုက်သည်။ ဝမ်ယွီက သူမကို ဘေးတိုက်ကြည့်နေသည်။


“ကိုယ်တို့က နမ်းတောင်နမ်းပြီးပြီလေကွာ… အားလပ်ရက်လေးပဲ မတွေ့လိုက်ရတာကို ဘာလို့ကိုယ်နဲ့ ဝေးဝေးနေချင်ရတာလဲ…”


သူမ၏လက် တုန်လှုပ်သွားကာ ထိုင်ခုံခါးပတ်က နေရာမကျတော့ချေ။ ထို့ကြောင့် နောက်တစ်ဖန် ခါးပတ်ပြန်ပတ်သည်။


“ကျွန်မတို့ကြား ရှင်းရှင်းလင်းလင်းပြောပြီးသားထင်တယ်…” 


"ယောက်ျားနဲ့မိန်းမကြားမှာ ဘယ်တော့မှ ‘ရှင်းရှင်းလင်းလင်း’ဆိုတာမျိုး မရှိဘူး…" 


ဝမ်ယွီက အဓိပ္ပါယ်ရှိရှိ ပြုံးပြီး ကားစက်နှိုးလိုက်သည်။


"ဒီရက်ပိုင်း မင်းဘာတွေလုပ်နေတာလဲ"


ဝမ်ယွီက လမ်းတွင် စကားစပြောလာသည်။


"သိပ်မရှိပါဘူး… မနက်ဆို နည်းနည်းကြာကြာ ပိုအိပ်ရတယ်… အိမ်အလုပ်လုပ်တယ် အဖွားနဲ့ လမ်းလျှောက်ထွက်တယ်…" 


အန်းနဉ်က အမှန်အတိုင်းဖြေသည်။


"နေ့လည်နဲ့ ညနေဆို အစ်ကိုရှုချန်းရဲ့ဆိုင်မှာ…ဒီရက်ပိုင်း လူတအားကျတော့ တော်တော် ပင်ပန်းတယ်…”


Golden Weekနောက်ဆုံးရက်ဖြစ်၍ လမ်းက သိသိသာသာ တိတ်ဆိတ်နေကာ လမ်းမီးရောင်ပင် ထိုင်းမှိုင်းနေသည်။ မနက်ဖြန်ရောက်လျှင် အလုပ်နှင့်ကျောင်းများ ပုံမှန်အတိုင်း ပြန်လည်စတင်မည်ဖြစ်သည်။ 


ကားက ကွမ်းမင်လမ်းမှ ချင်းဟွာတက္ကသိုလ် အိမ်ရာဝင်းသို့ မြန်မြန်ဆန်ဆန် ရောက်သွားသည်။ ဝမ်ယွီအတွက် ဤအကွာအဝေးက တိုတောင်းလှသည်။ သူတို့ချင်းပင် စကားကြာကြာ မပြောရသေးပေ။


အန်းနဉ်က စိတ်အေးလက်အေးဖြစ်သွားကာ ခါးပတ်ကို ချွတ်လိုက်ပြီး ကျေးဇူးတင်လိုက်သည်။


“ကျေးဇူးတင်ပါတယ်… ရှင်လည်း အိမ်ကို စောစောပြန်သင့်တယ်…” 


ထို့နောက် ကားတံခါးကို ဖွင့်လိုက်ချိန်တွင် ဝမ်ယွီက ခလုတ်ကို မြန်မြန်နှိပ်ကာ လော့ချလိုက်သည်။


အန်းနဉ်က သူ့ကိုလှည့်ကြည့်ကာ မေးလိုက်သည်။


"ဘာကိစ္စရှိသေးလို့လဲ…" 


သူမမျက်လုံးများက ကြည်လင်ပြီး ကြောက်စိတ်မရှိဘဲ သိချင်စိတ်များဖြင့်သာ ကြီးစိုးနေသည်။


ဉာဉ့်နက်ချိန်မှာ ကားထဲအတူတူရှိနေကြတဲ့ လူနှစ်ယောက်… ကောင်လေးက ကောင်မလေးကို ကားထဲလော့ချထားတာလေ… ဒါကို သူက မကြောက်ဘူးလား…


သို့ရာတွင် သူမက ကျောင်းချန်ကို ကြောက်နေမှန်း သိသာသည်။ သူမ၏ အကြောက်တရားများကို မဖုံးကွယ်ထားနိုင်ပေ။ 


ဝမ်ယွီက သူသာအန်းနဉ်ကို တိုက်ရိုက်မထိတွေ့သရွေ့ သူမက သူ့တည်ရှိမှုကို လက်ခံနိုင်လာနိုင်မည်ကို သဘောပေါက်လာသည်။


မှုန်ဝါးနေသည့် ပတ်ဝန်းကျင်တွင် နှစ်ဦးအကြားရှိ လေထုမှာ ဒွိဟဖြစ်နေပြီး ကောင်လေး၏ ကြီးစိုးခြယ်လှယ်လိုစိတ်က ထင်ထင်ရှားရှားပင်။ တစ်ဖက်ကောင်မလေးက ထိုအခြေအနေအား မျက်မှောင်ကြုံ့လာခြင်းမရှိဘဲ နူးညံ့သည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။


တစ်ချိန်တုန်းက သူ့ကို ကြောက်ခဲ့ဖူးတယ် ဒါပေမဲ့ အခုတော့… 


သူ့ကို အရမ်းယုံနေမိပြီလား…



###