🤚Chapter 36
ဝမ်ယွီ့စိတ်ထဲရှိ မငြိမ်သက်နိုင်သည့် အတွေးများ၊ ဒုက္ခကို နှိုးဆော်နေသည့် ဆန္ဒများအားလုံးက အန်းနဉ်၏ ကြည်လင်သန့်ရှင်းသည့် အကြည့်အောက်မှာ ကျဆုံးသွားရသည်။
စကားဖြင့် ပုံဖော်ရမည်ဆိုလျှင် ၎င်းတို့က လျော့ပါးလွင့်ပျောက်သွားသည့်ပုံပင်။
သူက ခါးသီးသည့် ခံစားချက်များဖြင့် အံကြိတ်ကာပြောသည်။
“ဒီရက်ပိုင်း မင်းအကြောင်းပဲ တွေးနေတာ… ကိုယ့်မှာတော့ နေ့ဆို လူမှုဆက်ဆံရေးကောင်းဖို့ ကြိုးစားရတယ်… ညကျပြန်တော့ မင်းအတွက် လေ့ကျင့်ရေးအစီအစဉ် ဆွဲရတယ်… မင်းကတော့ ကိုယ်ဖုန်းခေါ်တာ မကိုင်သလို စာလည်း မပြန်ဘူး… တကယ့်ကို တရားတာပဲ…”
အန်းနဉ်က သူမကိုယ်သူမ ခုခံကာကွယ်သည်။
“အလုပ်ချိန်မှာ ဖုန်းကိုင်လို့မရဘူးလေ… အလုပ်ချိန်ပြီးလို့ မြင်တဲ့အချိန်ကျတော့ တအားနောက်ကျနေပြီ… ရှင့်စာတွေလည်း ပြန်ပါတယ်…”
“စာပြန်တယ်ဟုတ်လား...”
ဝမ်ယွီက နှာမှုတ်လိုက်သည်။
“နောက်ရက်ရောက်မှ ပြန်တဲ့စာကို ပြောနေတာလား…”
အန်းနဉ်က ပြန်ရှင်းပြသည်။
“ကျွန်မက ပုံမှန်ဆို အင်တာနက်ဖွင့်ထားလေ့မရှိဘူး… wifiရှိတဲ့နေရာမှ စာဝင်မှန်းသိရတာ...”
“….” ဝမ်ယွီ ရုတ်တရက် ငြိမ်ကျသွားသည်။
ထိုအကြောင်းပြချက်ကြောင့်ဟု သူ မထင်ထားခဲ့ချေ။
“အခုတံခါးဖွင့်လို့ရမလား…”
အန်းနဉ်က မေးလိုက်သည်။
ဝမ်ယွီက ‘အင်း’ဟု အသံပြုကာ ကားတံခါးကို ဖွင့်ပေးပြီး အပြင်သို့ ထွက်လိုက်သည်။ သူနှင့်အတူ အန်းနဉ်လည်း ကားပေါ်မှ ဆင်းလိုက်ရာ အေးစက်စက်လေများနှင့် မိတ်ဆက်လိုက်ရသည်။ နောက်အပေါ်ဝတ်ရုံတစ်ထပ် ဝတ်မလာမိသည်ကို ချက်ချင်းပင် နောင်တရသွားသည်။
သူမအဖွား ရောဂါခံစားရပြီးကတည်းက အပြင်ထွက်လျှင် အပေါ်ထပ် ဝတ်သွားရန် သူမအား သတိပေးမည့်သူ မရှိခဲ့ချေ။
ခိုက်ခိုက်တုန်နေသည့် သူမကိုယ်ပေါ်ကို အဝတ်တစ်ထည်ရောက်လာကာ ပခုံးအား လွှမ်းခြုံထားသည်။ လှည့်ကြည့်လိုက်ချိန်တွင် လက်တိုတစ်ထည်သာ ဝတ်ထားသည့် ဝမ်ယွီကို တွေ့လိုက်ရသည်။
“ရှင်ဝတ်ထားတာ နည်းလွန်းတယ်…”
အန်းနဉ်က သူ့အဝတ်ကို ပြန်ပေးလိုက်သည်။
ဝမ်ယွီက အဝတ်၏အစွန်းနှစ်ဖက်ကိုယူကာ သူမအား ခြုံပေးလေသည်။
“ဝတ်ထားလိုက်… ကိုယ်က ဆောင်းတွင်းလည်း လက်တိုနဲ့နေနေကျ… ဒီအပူချိန်လောက်ကတော့ ကိစ္စမရှိဘူး…”
ဝမ်ယွီ့လက်များက ပူနွေးနေပြီး သူမအနားကိုကပ်လာသည်နှင့် သူ့ခန္ဓာကိုယ်၏ အပူချိန်ကို ခံစားမိသည်။
သူမက အဝတ်ကို တင်းနေအောင် ခြုံလိုက်သည်။ သူမမြန်မြန်ပြန်သွားမှ ဝမ်ယွီ ထိုအအေးဒဏ်က မြန်မြန်လွတ်မြောက်မည်ဖြစ်သည်။
“ဒါဆို ကျွန်မပြန်တော့မယ်…”
သို့ရာတွင် ဝမ်ယွီက သူမကို အိမ်တံခါးဝအထိ လိုက်ပို့ခွင့်ပြုရန် တောင်းဆိုလိုက်သည်။
သူတို့နှစ်ဦး၏ ခန္ဓာကိုယ်တည်ဆောက်ပုံက အမှန်ပင် ကွာခြားလှသည်။ သူမအနေနှင့် ဝမ်ယွီ့အင်္ကျီကိုဝတ်မှသာ ခံနိုင်သည့် အအေးဒဏ်က ဝမ်ယွီ့အတွက် မည်သို့မှ မနေချေ။ သူ့ကြည့်ရသည်မှာ လုံးဝမချမ်းသည့်အတိုင်းပင်။
အဆောက်အဦးထဲ ဝင်လိုက်သည်နှင့် အပြင်ကထက် ပိုနွေးလာသည်။
“ရှင်စောစောပြန်သင့်နေပြီ...”
ထိုသို့ပြောပြီးနောက် အပေါ်ဝတ်ကို ချွတ်ကာ ပြန်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်...”
ဝမ်ယွီက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အဝတ်ကို မယူဘဲ ကျီစယ်သည့်အပြုံးနှင့် သူမလက်ကိုဆုပ်ကိုင်လိုက်သည်။
အန်းနဉ် ထိတ်လန့်သွားသည်။
ဝမ်ယွီက သူမမျက်လုံးကို လက်ဖြင့်အုပ်လိုက်သဖြင့် သူမအရှေ့ရှိ အရာရာတိုင်း အမှောင်ကျသွားသည်။
ထို့နောက် စီးကရက်နံ့သင်းနေသည့် ပူနွေးနွေး နှုတ်ခမ်းတစုံကို ခံစားမိသည်။
ထိုနှုတ်ခမ်းအား အပြည့်အဝ မမြည်းစမ်းနိုင်မီ ဝမ်ယွီက သူမအား လွှတ်ပေးလိုက်ပြီး မတ်မတ်ရပ်ကာ မျက်ခုံးကိုပင့်လိုက်ပြီး ပြန်ဖြေသည်။
“ရပါတယ်ကွာ…”
အန်းနဉ်က နှစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းကိုက်ကာဆိုသည်။
“ရပ်လိုက်တော့… ဒီလိုမျိုး ထပ်လုပ်လို့မရဘူးလို့ ကျွန်မပြောပြီးပြီလေ…”
ဝမ်ယွီက ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
“ဘာကိုလုပ်တာလဲ…”
အန်းနဉ်က သူ့ကို စိုက်ကြည့်လိုက်သည်။
“ကျွန်မတို့က အတွဲတွေမဟုတ်ဘူး…”
ဝမ်ယွီက အရှက်မရှိသည့် အမူအရာနှင့် ပြန်ပြောသည်။
“ကိုယ်သိတယ်လေ… ကိုယ်တို့က သူငယ်ချင်းတွေပဲဆိုတာ…”
“ဒါပေမဲ့…ကိုယ့်သူငယ်ချင်းတွေနဲ့ဆို ကိုယ်တို့က ကိုယ်လုံးတီးကြီးနဲ့လည်း ရေတူတူချိုးကြတာနော်… တကယ်လို့ ဒီလိုသူငယ်ချင်းမျိုးဖြစ်ချင်တယ်ဆိုရင်တော့ ဘာလို့ရေတူတူမချိုးဘဲ နေရမှာလဲ…”
ဝမ်ယွီက ကားထဲ၌ မစခဲ့လိုက်ရသည့် နှာဘူးဇာတ်လမ်းကို တစ်ဖန် ပြန်ခင်းနေလေသည်။
အန်းနဉ် စိတ်ပျက်သွားကာ မျက်နှာထားတင်းတင်းနှင့် ပြောသည်။
“ရှင်ဒီလိုဆက်လုပ်နေမယ်ဆိုရင် ကျွန်မစိတ်ဆိုးရလိမ့်မယ်…”
ဝမ်ယွီက အကြောက်တရားမရှိဘဲ ဆက်ပြောသည်။
“မင်းမှာ စိတ်ဆိုးဖို့ ဘာအခွင့်အရေးရှိလို့လဲ… ဒီကိစ္စကို ဘယ်သူက စတာလဲ ပြောလေ… ဟမ်…”
သူ၏’ဟမ်’ဟူသည့် လေယူလေသိမ်းက စနောက်သည့်ပုံ ပေါက်နေသည်ကို မငြင်းဆန်နိုင်ပေ။ အပြည့်အဝမပြုံးလျှင်ပင် လူကို ရှက်သွေးဖြာစေနိုင်သည်။
ကော်ရစ်တာက မှိန်ဖျော့ဖျော့မီးရောင်သည် ပို၍ပင် စိတ်မသက်မသာ ဖြစ်စေသည်။
ထိုမသက်မသာဖြစ်လာသည့် ခံစားချက်မျိုးကို သူမ တစ်ကြိမ်တစ်ခါမှ မခံစားဖူးပေ။
သူမနားထဲ တောက်လောင်နေသော အပူကိုထိန်းကာ ဝမ်ယွီကို လေးနက်သည့် အမူအရာဖြင့်ပြောသည်။
“ကျွန်မ ရှင့်ကို တစ်ခုတောင်းဆိုခဲ့ပေမဲ့ ငြင်းခဲ့တယ်… ဒီကိစ္စက အဆုံးသတ်သင့်နေပြီ… တကယ်လို့ အဆုံးမသတ်သေးဘူး ဆိုရင်တောင် အခုပြန်နမ်းလိုက်တာနဲ့ဆို ကျေသွားပြီ… အခုကစပြီး ဒီလိုမျိုးထပ်မလုပ်ပါနဲ့…”
အန်းနဉ်ဘက်က တင်းမာလာသည်နှင့်အမျှ ဝမ်ယွီက သူ၏ယခင်ဘဝကကဲ့သို့ ပြန်လည်တုန့်ပြန်လာသည်။
သူ့ရယ်သံက ကြောက်မက်ဖွယ်ကောင်းလာပြီး သူမကို တိုက်ရိုက်ပဲမေးလိုက်သည်။
“ကျိအန်းနဉ် မင်းကိုယ့်ကို အရံအဖြစ်ထားချင်နေတာလား…”
“ကိုယ်ပြောထားမယ် ဘယ်မိန်းကလေးကမှ ကိုယ့်ကို အရံလို သဘောမထားရဲဘူး…”
လက်ရှိပုံစံက သူမအမှန်တကယ် သိကျွမ်းခဲ့သည့် ဝမ်ယွီပင်။ သူ့အကြည့်များက ရက်စက်ကြမ်းကြုတ်လာသော်ငြားလည်း သူမအား ထူးထူးဆန်းဆန်း အေးချမ်းလာစေကာ စိတ်ကြည်လင်လာသည်ကို ခံစားမိသည်။
“အရံတစ်ယောက်ထားဖို့ ကျွန်မအားနေတယ်လို့များ ထင်လား…”
သူမက ပြန်လည်တုံ့ပြန်သည်။
ထိုစကားတစ်ခွန်းက ဝမ်ယွီ၏သံသယများကို ဖယ်ရှားပစ်လိုက်သည်။
အိုး အဓိပ္ပာယ်ရှိသားပဲ…
ဝမ်ယွီက ‘အမ်း’ဟု အသံပြန်ပြုလိုက်သည်။
“ကိုယ်မင်းကို နားမလည်တော့ဘူး… မင်းကိုယ့်ကို မကြိုက်တာ မဟုတ်မှန်း ရှင်းနေတာပဲကို…”
အန်းနဉ်မှ ဝမ်ယွီအား နမ်းဖူးသည်။ ဝမ်ယွီကလည်း ထိုနည်းလည်းေကာင်းပင် အန်းနဉ်အား ပြန်နမ်းဖူးသည်။ နှုတ်ခမ်းချင်း ထိလိုက်ချိန်တိုင်း အန်းနဉ် သူ့ကို မကြိုက်သည်မှာ မဟုတ်မှန်း ပိုသေချာစေသည်။
ဝမ်ယွီ၏ ‘မကြိုက်ဘူး’အပေါ် ဆိုလိုရင်းမှာ ‘လိင်ပိုင်းဆိုင်ရာ မနှစ်သက်ခြင်း’ကို ဖော်ညွှန်းသည်။ တစ်စုံတစ်ယောက်ကို လိင်ဆက်ဆံသည့်အဆင့်အထိ လက်မခံနိုင်ခြင်းဖြစ်သည်။
ဥပမာအနေနှင့် blind dateတွေ့ရာတွင် တစ်ဖက်လူက အရည်အချင်းရှိပြီး ရုပ်ရည် မဆိုးသော်လည်း အချင်းချင်း လိုက်ဖက်သည်ဟု မထင်ကြပေ။ ၎င်းက လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှု ကင်းမဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုကဲ့သို့ ယောက်ျားနှင့်မိန်းမကြား လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုမရှိသည့် အခြေအနေတွင် သူတို့ကိုယ်သူတို့ အတင်းအကြပ် ဖိအားပေးကာ တွဲရန်ကြိုးစားခြင်းက အရမ်းစိတ်မသက်မသာဖြစ်လာရပြီး နောက်ဆုံး၌ နာကျင်စရာများနှင့် အဆုံးသတ်ရမည်ဖြစ်သည်။
ဝမ်ယွီက သူနှင့် အန်းနဉ်ကြား လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုရှိသည်ကို အသေအချာ အာမခံနိုင်သည်။
သူ၏ ဆွဲဆောင်နိုင်စွမ်းက သူမ၏ သူ့အပေါ်ဆွဲဆောင်နိုင်စွမ်းထက် ပိုနည်းနေကောင်း နည်းနေမည်။ သို့ရာတွင် အချင်းချင်း ဆွဲဆောင်နိုင်စွမ်းရှိနေသည်မှာ သံသယဖြစ်စရာမလိုပင်။
၎င်းကြောင့် အန်းနဉ်အား ဝမ်ယွီနားမလည်နိုင်တော့ခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက လက်မထပ်ထားရသေးသည့်အပြင် ရည်းစားလည်း မရှိ၊ အချင်းချင်းလည်း ဆွဲဆောင်နိုင်သေးသည်။ ထို့အပြင် တစ်ယောက်ကိုတစ်ယောက် အရံလူအဖြစ်ကစားနေသည်လည်း မဟုတ်ပေ။ အဘယ်ကြောင့် အန်းနဉ်က သူ့အား ငြင်းမြဲငြင်းနေရသည်ကို မသိနိုင်တော့ချေ။
အန်းနဉ်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။
"မင်းက ဘာလို့ သက်ပြင်းချနေတာလဲ…"
ဝမ်ယွီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
အန်းနဉ်က သူ့ကိုကြည့်ကာ ပြန်ဖြေသည်။
“ကျွန်မသာ ရှင်နဲ့ရင်းနှီးနေရင် လူတွေက ဘယ်လိုတွေးကြမလဲ သိလား…”
ဝမ်ယွီက မထီမဲ့မြင်ပြုသည့်အသံဖြင့် ဆိုသည်။
"သူများတွေ မင်းကို ဘယ်လိုတွေးလဲဆိုတာ ဘာလို့များဂရုစိုက်နေရတာလဲ… မင်းက သူတို့အတွက် ရှင်သန်နေတာမှ မဟုတ်တာ…”
အန်းနဉ်က ဝမ်ယွီမျက်လုံးထဲမှ ယုံကြည်မှုများအား ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။
"ကျွန်မတို့က မတူဘူး…"
"ကျွန်မလည်း ဘာကိုမှ ချုပ်တည်းမထားဘဲ သူများတွေ ဘယ်လိုမြင်လဲဆိုတာ ဂရုစိုက်စရာမလိုဘဲ နေကြည့်ချင်တယ်…ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ဘူး…"
အန်းနဉ်၏အသံက နူးညံ့နေသည်။
သူမမျက်လုံးများတွင် အားကိုးရာမဲ့မှုများနှင့်အတူ ကိုယ့်ကိုယ်ကို သရော်သည့် ခါးသီးမှုအပြည့်နှင့် အပြုံးတစ်ခုရှိနေသည်။
ဝမ်ယွီကို အမြဲတမ်း ခေါင်းမာခဲ့သည့် အန်းနဉ်နှင့်ယှဉ်လျှင် လက်ရှိ နူးညံ့သည့်ဘက်ခြမ်းက သူ့နှလုံးသားကို လှိုင်းဂယက်များ ထလာစေသည်။
ဝမ်ယွီ၏မျက်လုံးများ အေးစက်သွားသည်။
"အတန်းထဲမှာ တစ်ယောက်ယောက်က မင်းကို ဝမ်းနည်းအောင်လုပ်တာလား… ဘယ်သူလဲ… ကိုယ့်ကို နာမည် ပြော…"
"အဲ့ဒီတော့ ရှင်သူ့ကို သွားရိုက်မလို့လား… ဒါမှမဟုတ် မိသားစုပါဝါနဲ့ သူ့ကို ကျောင်းထုတ်ခံရတဲ့အထိ အပြစ်ပေးမှာလား…”
အိုး… အန်းနဉ်က သူ့အကြောင်း ကောင်းကောင်းသိနေတာပဲ…
ဝမ်ယွီက ဖြေလိုက်သည်။
“မင်းကြိုက်တဲ့နည်း ရွေးလိုက်လေ…”
အန်းနဉ် ပြောစရာစကားမဲ့သွားသည်။
သူမက ရွဲ့ပြောနေခြင်းသာ ဖြစ်သော်လည်း ဝမ်ယွီက ၎င်းကို လက်တွေ့အဖြစ် ပြောင်းလဲနိုင်သည်။
သူ၏တွေးခေါ်ပုံများက သူမနှင့်လုံးလုံး မတူပေ။
အန်းနဉ်က သူမတွင် အင်အားမရှိသည်ကို ခံစားလိုက်ရသည်။
သူမမျက်လုံးထဲတွင် ဝမ်ယွီက သူမစကားကို မည်သည့်အခါမှ နားထောင်လိမ့်မည် မဟုတ်ချေ။ ယခင်ဘဝက သူမဘာပြောပြော အသုံးဝင်ခြင်းမရှိခဲ့ပေ။ သူမ၏ခံစားချက်နှင့် သူမဘက်ကအခြေအနေကို ဂရုစိုက်ခဲ့ခြင်းမရှိ သူစိတ်တိုင်းကျသာ လုပ်တတ်သည်။
“ဒီတိုင်းထားလိုက်ပါနော်…”
သူမစိတ်ထဲ ယခင်ဘဝကကဲ့သို့ တူညီသည့် ပင်ပန်းနွမ်းနယ်မှုမျိုး ခံစားလိုက်ရသည်။
“ကျွန်မဘက်ကို နည်းနည်းလေးတွေးပေးလို့ရမလား… ကျွန်မက ဆင်းရဲတဲ့နောက်ခံကလာတာ… ရှင်ကချမ်းသာတဲ့ သခင်လေးတစ်ယောက်… လူတွေက ဘယ်လို ပြောကြမလဲသိလား… ရှင့်အကြောင်းပြောနေတာမဟုတ်လို့ ဂရုမစိုက်ဘူးဆိုရင်တောင် ကျွန်မအတွက်ကျတော့ကော… ကျွန်မခံစားချက်တွေကို တွေးပေးဖူးရဲ့လား…”
“ကျွန်မ ဘယ်လိုကြိုးစားရှင်သန်နေရလဲဆိုတာ မသိကြဘဲနဲ့ ရှင့်ဘက်က ပန်းတွေ၊ လက်ဆောင်တွေ ပေးတာ၊ ကားနဲ့ လာကြိုတာတွေပဲ မြင်ကြမှာ… သူတို့က ရှင့်ကိုပဲ မြင်ကြတာ…”
“ဘယ်လောက်ပဲ ကိုယ့်အားကိုကိုးဖို့ ကြိုးစားနေပါစေ…ဒါကို သူတို့သိကြမှာ မဟုတ်ဘူး…”
“အန်းနဉ်က ချမ်းသာတဲ့ သူဌေးသားနဲ့ တွဲနေတာလေ…”
“အန်းနဉ်က သိုက်တူးသမားပေါ့…”
"ဝမ်ယွီ ကျွန်မ ဒီလိုအပြောမခံချင်ဘူး..."
သူမအသံက နူးညံ့နေသော်လည်း သူမ၏စကားများတွင် နာကြည်းသည့် အရိပ်အမြွက်ရှိနေသည်။ ထိုနာကြည်းမှုများမှာ ယခင်ဘဝက ဖြစ်ရပ်များကြောင့် စုလာခဲ့ခြင်းဖြစ်ကာ သူမအနေနှင့် ဝမ်ယွီအား ထိုအကြောင်းသိစေရန် အခွင့်အရေးမရခဲ့ချေ။
သူတို့၏အတိတ်ဘဝတွင် သူမက အမြဲတမ်းတင်းမာနေကာ သူမ၏ အားနည်းချက် တစ်စုံတစ်ရာကိုမျှ ဝမ်ယွီ့ကိုသိခွင့် မပေးခဲ့ခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် လက်ရှိဘဝတွင် သူမအား ငွေသုံးပြီး မနှောင့်ယှက်ရန် စောစောစီးစီး တားမြစ်ခဲ့ခြင်းပင်…
အတိတ်တွင် ချမ်းသာသည့် ဒုတိယမျိုးဆက်များ၏ ဒုက္ခပေးခံရသည်ကပင် လုံလောက်နေလေပြီ…
ဘယ်လိုအရူးမျိုးကများ အန်းနဉ်ကို မကျေမနပ်ဖြစ်စေခဲ့တာလဲ… ဒီလိုမိန်းကလေးကို ပိုးပမ်းတဲ့နည်းမျိုး တခါမှ မတွေ့ဖူးဘူး…
အဲ့ဒီအရူး အငြင်းခံကိုခံသင့်တာ…
ဝမ်ယွီက နာမည်မသိသည့် အရူးတစ်ယောက်ကြောင့် ဒေါသဖြစ်ကာ ခေါင်းကိုက်ရသည့်အပြင် တိတ်တိတ်လေး ကြည်နူးနေသည့် ခံစားချက်များ ရောပြွန်းကာ ခံစားလိုက်ရသည်။
သူက နူးညံ့သည့်လေသံဖြင့် ပြောသည်။
“မင်းက ဒီလိုပြောလာမှတော့ ကိုယ်ဘယ်လိုလုပ် ဆက်လုပ်နိုင်တော့မှာလဲ… ကိုယ်က အရူးမဟုတ်ဘူး…”
“ဒါပေမဲ့…”
သူက စကားခဏရပ်လိုက်သည်။
“မင်းဘေးကလူတွေက ဘယ်သူတွေလဲ… သူများကိစ္စဝင်စွက်ဖက်ဖို့ အဲ့ဒီလောက်ပဲ အားနေကြတာလား… အိမ်စာမရှိကြလို့လား…”
အန်းနဉ်က ခါးခါးသီးသီးပြုံးလိုက်သည်။
သူမမျက်နှာပေါ်ရှိ အမူအရာမှာ သူမအနိုင်ကျင့်ခံရကြောင်း၊ ဆိုးဆိုးဝါးဝါးဆက်ဆံခံရကြောင်း ရှင်းလင်းစွာ ပြသနေသည်။ ၎င်းကပဲ ဝမ်ယွီကို စိတ်မသက်မသာဖြစ်စေသည်။ ထွက်လာသည့် ဒေါသများကို ဖြေလျှော့ရန် အန်းနဉ်အား ဒုက္ခဖြစ်စေသည့် အကောင်ကိုသာ ရိုက်နှက်လိုက်ချင်တော့သည်။
“ကောင်းပါပြီ… ကိုယ်နားလည်ပါတယ်…”
သူ့အသံက နူးညံ့လာကာ အန်းနဉ်၏ခေါင်းကို ညင်ညင်သာသာ ပုတ်လိုက်သည်။ သူ၏အပြုအမူများတွင် နူးညံ့မှုတို့ ကပ်ပါလာသည်။
“မစိုးရိမ်ပါနဲ့… ကိုယ့်ကန့်သတ်ချက်ကို ကိုယ်သိပါတယ်… ကိုယ် မင်းကို သူများ အတင်းပြောခံရတာမျိုး ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး…”
ဝမ်ယွီ၏ နူးညံ့သိမ်မွေ့နေသည့် ပုံစံက အန်းနဉ်ကို စိတ်ရှုပ်ထွေးစေသည်။
သူမက သူ့ကို ဗြောင်ကျကျ စိုက်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ…"
ဝမ်ယွီက မျက်ခုံးပင့်ကာ မေးလိုက်သည်။
အန်းနဉ်က အသိပြန်ဝင်လာသည်။
"ဝမ်ယွီ တကယ်တော့ ရှင်က တော်တော်ကောင်းပါတယ်…"
"သေစမ်း…"
ဝမ်ယွီက ပြုံးလိုက်မိသည်။
"မင်းကကိုယ့်ကို လူကောင်းကတ်ပေးဖို့ ကြိုးစားနေတာလား…"
လူကောင်းကတ်ရထားသည့် ဝမ်ယွီက သူ့အိမ်သို့ ပြန်လာခဲ့သည်။
အပေါ်ဝတ်ကို ချွတ်ပြီးချိတ်လိုက်ချိန်တွင် ယနေ့ည အန်းနဉ်က သူ့အပေါ်ထည် ဝတ်ထားသည်ကို သတိရသွားသည်။ အေးမှာကြောက်သည့် သူမက အပေါ်ထည်ကို တင်းတင်းကြပ်ကြပ် ဝတ်ထားသည်မှာ သူ့အပေါ်ထည်က သူမနှင့်ယှဉ်လျှင် အကြီးကြီးဖြစ်နေသည်။
သူ့နှုတ်ခမ်းက မတတ်နိုင်ဘဲ ပြုံးလိုက်သည်။
ရေနွေးနှင့် ရေချိုးပြီး အိပ်ရာဝင်ကာ မြန်မြန် အိပ်မောကျသွားသည်။
အိပ်မက်ထဲ အန်းနဉ်ကိုတွေ့ချင်ခဲ့ရာ သူမျှော်လင့်ထားသည့်အတိုင်း တွေ့လိုက်ရသည်။
သူဖြစ်စေချင်ခဲ့သည်က အချစ်အိပ်မက်ဆိုသော်ငြားလည်း သူလိုချင်သည့်အတိုင်း ဖြစ်မလာခဲ့ချေ။
"တစ်ညကို ယွမ်သုံးထောင်… သူနဲ့ တန်လို့လား…"
ထိုစကားပြောလိုက်သည့် ကောင်မလေးအား သူမြင်ဖူးသည်။
အဲ့ဒီမိန်းကလေးက အန်းနဉ်တို့ အခန်းထဲက ငါ့ကိုပရောပရီလာလုပ်တဲ့ မိန်းမ မဟုတ်လား… နာမည်က စွန်းဘာဆိုလားပဲ…
"တန်ပါတယ်ဟ… ငါ့မှာသာ ပိုက်ဆံရှိလို့ကတော့ ယွမ်သုံးထောင်ကို ပျော်ပျော်ကြီး ပေးလိုက်မှာ… ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူးလေ…"
လူတိုင်း ရယ်မောနေကြသည်။
…
F**k!!!
ဝမ်ယွီ အမျက်ချောင်းချောင်း ထွက်လာသည်။
သူ့စိတ်အရဆိုလျှင် ထိုစကားကို ပြောနေသည့်လူအား ကန်ပစ်လိုက်ချင်သည်။
သို့သော် အိပ်မက်ထဲ မည်သည့်အရာကိုမှ မထိန်းချုပ်နိုင်၍ ထိုလူများအား ဘာမှ မလုပ်နိုင်သဖြင့် ဒေါသများ ပိုတိုးလာသည်။
ထို့နောက် အန်းနဉ်ကို တွေ့လိုက်ရသည်။
တံခါးအပြင်ဘက်တွင် အန်းနဉ်က ငြိမ်ငြိမ်လေး ရပ်နေကာ သူမကြည့်ရသည်မှာ အားလုံး ကြားသွားပုံပင်။
သူမ၏ ဖွေးဥနေသည့် ပါးပြင်များက အရောင်ကင်းမဲ့ကာ အမူအရာက ထုံထိုင်းနေခဲ့သည်။
အန်းနဉ်၏ပုံစံက သူ့ကို ပြုံးပြတတ်သည့် ဆူတတ်သည့် အန်းနဉ်နှင့် မတူဘဲ ကျောင်းတက်ခါစက သူပထမဆုံးတွေ့ခဲ့ရသည့် အေးစက်ကာ အလှမ်းကွာသည့် အန်းနဉ်နှင့် ပိုတူသည်။
xxxxx