အပိုင်း၃၇
Viewers 7k

🤚Chapter 37



မနက်ခင်း ၀မ်ယွီနိုးလာသည့်အခါ စိတ်ရှုပ်ထွေးနေမှုကိုခံစားလိုက်ရသည်။


သူ၏အိမ်မက်ထဲမှ ပုံရိပ်များက မှုန်၀ါး၀ါးဖြစ်နေသည်။ သို့သော် သူ၏နှလုံးသားထဲတွင် နာကျင်မှုနှင့် မသက်မသာခံစားနေရမှုက ကျန်ရှိနေဆဲဖြစ်သည်။ သူ့ခေါင်းကိုနှိပ်လိုက်သည့်အခါ အနည်းငယ်သက်သာသလို ခံစားလာရသည်။ ထို့နောက် စောင်ကိုမကာ အိပ်ရာထဲမှ ထွက်လိုက်သည်။


အားလပ်ရက်ပြီးနောက် ပထမဆုံးအလုပ်နှင့် ကျောင်းပြန်သွားရသောနေ့တွင် လူတိုင်းက နုံးခွေနေပုံပေါ်နေသည်။ ဆရာ၏အသံပင် အားအင်ကင်းမဲ့နေသည်။


၀မ်ယွီကမူ အတော်ပင်တက်ကြွနေသည်။ သူက အားလပ်ရက်အားလုံးကို ၀မ်ကောအန်းနှင့် ကုန်ဆုံးခဲ့ရသည်။ ကျန်းမာရေးထိန်းသိမ်းရန်ဆို၍ လူအိုကြီးအုပ်စုနှင့် ကျွန်းတစ်ခုပေါ်သို့လိုက်ပါသွားရပြီး သူ့အားလပ်ရက်အားလုံးကို ကျန်းမာရေးညီညွတ်သည့်နေထိုင်မှုနှင့် နေထိုင်ရန် ဆွဲဆောင်ထားခဲ့ကြသည်။


ယမန်နေ့ညက ကျိအန်းနဉ်ကို အိမ်ပြန်ပို့ပြီးနောက် သူအိပ်ရာစောစော၀င်ခဲ့သည်။ ထို့ကြောင့် သူ ယနေ့လန်းဆန်းနေသည်။


ချန်းဟောင်က တစ်မနက်လုံး စာရေးခုံပေါ်မှောက်နေကာ လုံး၀ညှိုးရော်နေသည်။ နေ့လည်စာစားချိန်ရောက်သည့်အခါ ၀မ်ယွီက သူ့ကိုကန်ပြီး ပြောလိုက်သည်။


"သွားစားကြစို့..."


ချန်းဟောင် မူးနောက်နောက်ဖြစ်နေပြီး မျက်လုံးပွင့်လာသည်။


"မင်းဘာတွေဖြစ်နေတာလဲ... အငွေ့ပျံသွားတာလား... မင်းမနေ့ညက ဘာတွေများ လုပ်နေခဲ့တာလဲ..." 

၀မ်ယွီကမေးပြီး သူ့ကိုကော်လံမှ ဆွဲခေါ်သွားသည်။


ချန်းဟောင် ကျယ်လောင်စွာသမ်း‌ဝေပြီးပြောလိုက်သည်။


"ငါ အားလပ်ရက်တစ်ခုလုံး ညတိုင်းဂိမ်းဆော့နေခဲ့တာ... အဲဒါ တော်တော်ကောင်းတာပဲ..."


"မင်းကိုယ်မင်း ပြန်ကြည့်စမ်းပါဦး..." 


၀မ်ယွီ မှင်သက်မိသွားပြီးပြောလိုက်သည်။


" မင်းပုံစံက စီးကရက်စွဲနေတဲ့ လူတစ်ယောက်ပုံပေါက်နေပြီ..."


အင်္ဂါနေ့မနက် နောက်ဆုံးနှစ်ချိန်ဆိုလျှင် သူတို့ကကျိအန်းနဉ်၏အတန်းနှင့် အဆောက်အဦးတစ်ခုတည်းဖြစ်သည်။ ကျိအန်းနဉ် အစောကတည်းကထွက်သွားကြောင်းကို သိသော်လည်း သူမအတန်းဘက်ကို တစ်ချက်လောက်မကြည့်ဘဲမနေနိုင်ပေ။


ဆာလောင်မှုက တွန်းအားတစ်ခုဖြစ်ပြီး ငယ်ရွယ်၍ အားအင်ပြည့်၀နေသည့် လူငယ်တစ်စုက စာသင်ခန်းမှ စင်္ကြံလမ်းဆီသို့ ပြေးထွက်လာကြသည်။ ၀မ်ယွီက သူ့ခြေလှမ်းကို နှေးလိုက်သည့်အခါ တစ်ယောက်ယောက်ကသူ့ကို တိုက်မိသွားသည်။


၀မ်ယွီကိုတိုက်မိသည့် လူငယ်လေးက ၀မ်ယွီထက်ပုပြီးအားနည်းသည့် ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ သူက လျင်လျင်မြန်မြန် လမ်းလျှောက်လာနေပြီး ၀မ်ယွီကို မတော်တဆတိုက်မိသွားခြင်းဖြစ်သည်။ သူကတွန့်တွန့်ဆုတ်ဆုတ်နှင့် "တောင်းပန်ပါတယ်"ဟုပြောပြီး အမြန်ပြန်ပြေးထွက်သွားသည်။ ဤအခိုက်အတန့်တွင် ထမင်းစားရန်ထက် မည်သည့်အရာမှ အရေးကြီးမနေပေ။


"ကြည့်ဦး...မင်းဘယ်လိုသွားနေတာလဲ..." 


ချန်းဟောင်က ညည်းညူလိုက်သည်။


၀မ်ယွီက သူ့ခေါင်းကိုလှည့်ပြီး ထွက်သွားသည့် လူငယ်၏ပုံရိပ်ကို စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။ 


"သွားရအောင်..." 


ချန်းဟောင်ကပြောလာသည်။


"ငါတို့အခုချိန် သွားမတန်းစီရင် နောက်ကျတော့မှာ..."


သို့ရာတွင် ၀မ်ယွီက သူ့ကိုနောက်ပြန်ဆွဲထားပြီး မေးလာသည်။


"မင်း သူ့ကိုသိလား..."


"ဟမ် ဘယ်သူ..."


ချန်းဟောင် ကြောင်သွားသည်။


"ငါ့ကို တိုက်သွားတဲ့လူလေ..."


၀မ်ယွီက ချန်းဟောင်ကို စိုက်ကြည့်ပြီးမေးလာသည်။


"ငါတို့ သူ့ကို အရင်ကတွေ့ဖူးလား..."


ချန်းဟောင်က ထိုလူမည်သည့်ပုံစံမှန်းပင် မမှတ်မိလိုက်ပေ။ သူက လှပသည့်ကောင်မလေး မဟုတ်ဘဲ ကောင်ငယ်လေးတစ်ယောက်သာဖြစ်သည်။ သူ့မျက်နှာက သာမန်ဖြစ်ပြီး တစ်ခါတွေ့ပြီးသည်နှင့် သူ့မျက်နှာကိုမေ့သွားနိုင်သည်။ 


သို့ရာတွင် ၀မ်ယွီ၏အမူအရာက မဲမှောင်လာသည်။


"ဘာဖြစ်လို့လဲ... တစ်ယောက်ယောက်ကမင်းဆီမှာပိုက်ချေးထားလို့လား... ဒါမှမဟုတ် တစ်ခုခုဖြစ်လို့လား... "

 ချန်းဟောင် မမေးဘဲ မနေနိုင်တော့ပေ။


ချန်းဟောင်မေးပြီးသည့်နောက် ၀မ်ယွီကဘာမှပြန်မဖြေလာဘဲသူ့ စိတ်အခြေအနေကဆိုး၀ါးနေဆဲ ဖြစ်နေသေးသည်။


သူ့တို့စား သောက်ပြီးသည့်အခါ ချန်းဟောင်က ကျောင်းအိပ်ဆောင်ကို ပြန်သွားလိုက်ဦးမည်ဟု ပြောလာသည်။ ၀မ်ယွီက ပြန်ပြောလိုက်သည်။


"မင်းအရင်သွားနှင့်... ငါနောက်မှလိုက်လာခဲ့မယ်..."


ချန်းဟောင်က သူ ကျိအန်းနဉ်ကို စောင့်နေသည်အားသိသောကြောင့် တစ်ယောက်တည်းထွက်သွားသည်။


၀မ်ယွီက စားပွဲတွင် မလှုပ်မယှက်ထိုင်နေခဲ့သည်။


သူ့ကိုတိုက်မိသွားသည့် ကောင်ငယ်လေးက ကျိအန်းနဥ်ရှိသည့်စာသင်ခန်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်။ သူကကျိအန်းနဉ်၏ အတန်းဖော်ဖြစ်နိုင်သည်။


၀မ်ယွီက သူ့ကို ယခင်က လုံး၀မတွေ့ဖူးကြောင်း သေချာသည်။ သို့ရာတွင် ကောင်ငယ်လေး၏မျက်နှာကို သူရှင်းရှင်းလင်းလင်းမြင်လိုက်သည့်အခါ ယမန်နေ့ညအိပ်မက်ထဲမှ မြင်ကွင်းတစ်ခုက သူ့စိတ်ထဲပေါ်လာသည်။


"တန်ပါတယ်ဟာ… ငါ့မှာသာ ပိုက်ဆံရှိလို့ကတော့ ယွမ်သုံးထောင်ကို ပျော်ပျော်ကြီး ပေးလိုက်မှာ… ဒါပေမဲ့ ငါ့မှာ ပိုက်ဆံမရှိဘူးလေ…"


သူ ထိုကောင်လေးကို မြင်လိုက်သည့်အခါ အိပ်မက်ကမှုန်၀ါးနေရာမှ စတင်ပြတ်သားလာသည်။ သူ၏အိပ်မက်ထဲတွင်  ထိုကောင်လေးက စွန်းယာရှန့်နှင့်အတန်းထဲ၌ ပရော်ပရည်လုပ်နေကြခြင်းဖြစ်သည်။


ဘာဖြစ်နေတာလဲ... ဒါက အိပ်မက်ပဲမဟုတ်ဘူးလား...


၀မ်ယွီက ရောထွေးနေမှုကို ခံစားနေရသည်။ သို့ရာတွင် သူ့နှလုံးသားထဲမှ ပုန်းကွယ်နေသည့်ဒေါသက စိတ်ရှုပ်နေခြင်းထက် ပိုအားကောင်းနေသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုရင် ဤစိတ်ရှုပ်ထွေးနေမှုက အရေးမကြီးပေ။


သူ့ခေါင်းမော့လိုက်သည့်အခါ ကျိအန်းနဉ် ၀င်ပေါက်မှတစ်ဆင့် ကန်တင်းထဲသို့ ၀င်လာသည်ကို မြင်လိုက်ရသည်။


ကျိအန်းနဉ်က ၀မ်ယွီရှိနေသည်ကို သတိမပြုမိပေ။ သူမက  ထမင်း၀ယ်ရန်သာ ဖြောင့်ဖြောင့်တန်းတန်းသွားနေသည်။ အကျင့်ဖြစ်နေသလိုပင် စျေးပေါသည့်ဟင်းလျာကိုသာ ၀ယ်လိုက်သည်။ အဒေါ်လီကမေးလာသည်။


" တခြား ဘာမှထပ်မယူတော့ဘူးလား..."


ကျိအန်းနဉ်က သူမ၏အစားအသောက်ကတ်ကို ကိုင်ထားပြီး ခဏကြာအောင်တုံ့ဆိုင်းနေခဲ့သည်။


သူမ ပြောင်းလဲချင်သည်။


ဤဘ၀တွင်တော့ သူမပြောင်းလဲရမည်။


သူမ ကိုယ့်ကိုယ်ကို ပိုကောင်းကောင်း ဂရုစိုက်ရမည်။


ကျိအန်းနဉ် အသက်ပြင်းပြင်းရှုပြီး ပြောလာသည်။


"ဒီဟာလည်း ယူမယ်..."


အဒေါ်လီက ဟင်းပွဲကိုပြင်ပေးရင်းတတွတ်တွတ်ပြောနေသည်။ 


"ကောင်းလိုက်တာ... ထမင်းတစ်နပ်မှာဟင်းတစ်ခွက်နဲ့ မင်းဘယ်လို စားနိုင်တာလဲ...အာဟာရကမညီမျှတော့ဘူးလေ... မင်း ဘယ်လောက်တောင်ပိန်နေလဲကြည့်ပါလား ငါပြောပါရစေဦး မင်းခန္ဓာကိုယ်ကို တော်လှန်ရေးအတွက်ရင်းနှီးမလို့လား... မင်းသာ အစာငတ်ခံနေမယ်ဆိုရင် ဘာရမှာမို့လို့လဲ... မင်း ဒီသဘောတရားကို နားမလည်ပါဘူး... ငါမြင်တာတော့ မင်းက ကောလိပ်လာပြီး အချိန်ကိုဖြုန်းနေတာပဲ..."


ကျိအန်းနဉ်ကဗန်းကိုယူကာခေါင်းညိတ်ပြီးပြောလိုက်သည်။ 


"အဒေါ် ပြောတာ မှန်ပါတယ်..."


အဒေါ်လီ ကျေနပ်သွားသည်။ သက်လတ်ပိုင်းနှင့်လူကြီးများက စကားနားထောင်သည့်ကလေးများကို နှစ်သက်ကြသည်။


၀မ်ယွီ အနားရောက်လာသည့်အခါ ကျိအန်းနဉ်က ထမင်းအနည်းငယ်စားနေပြီဖြစ်သည်။


"ဟေး ဒီနေ့မဆိုးဘူးပဲ... ဟင်းနှစ်ပွဲတောင်..." 


၀မ်ယွီက ကျီစယ်လာသည်။


ကျိအန်းနဉ်က သူ့ကိုကြည့်ပြီး ပြောလာသည်။


" ရှင် ကျွန်မကတ်ထဲကို ကလပ်ရဲ့ အကျိုးခံစားခွင့်အတွက်ဆိုပြီး ယွမ်တစ်ထောင်ထည့်ထားတာလေ... ကျွန်မလည်း  ကိုယ့်ကိုယ်ကို မနှိပ်စက်ချင်ဘူး..."


၀မ်ယွီက ရယ်လိုက်ပြီး သူမ ဒရမ်မာခင်းနေခြင်းမဟုတ်ဟု ခံစားမိလိုက်သည်။


သူမတွင် ပွင့်လင်းသည့်စိတ်ထားရှိခြင်းကို သူနှစ်သက်သည်။


ဒရမ်မာခင်းနေတာထက်စာရင် ဒါကပိုကောင်းတယ်လေ...


တိုက်စစ်ကစားသမားတစ်ယောက်အနေနှင့် ၀မ်ယွီကရှေ့တစ်လှမ်းတိုးနေပြီး ကျိအန်းနဉ်ကအမြဲတမ်းဆုတ်ခွာနေရသည်။ သူ ပြောလိုက်သည်။


" အစားအသောက်ပို့တဲ့အလုပ်ကို ရပ်လိုက်တော့လေ ...အဲဒါက မင်းကို ဗိုက်ဆာအောင်လည်းလုပ်တယ်... မင်းရဲ့အတန်းတွေလည်း နောက်ကျတယ်လေ... ဒီလိုမျိုးသန့်သန့်ရှင်းရှင်းအလုပ်မျိုးက ကောင်းကျိုးတွေကြီးပဲ ရှိနေတာမျိုးမဟုတ်ဘူး...  မင်း အဲဒီလိုဆက်လုပ်နေရင် နေမကောင်းဖြစ်လာလိမ့်မယ် အစာအိမ်ရောဂါ ဒါမှမဟုတ် တစ်ခုခုလည်း ဖြစ်လာနိုင်သေးတယ်... ပိုက်ဆံရတာနဲ့ အဲဒါကမကာမိတော့ဘူး...မင်း နေ့တိုင်းထမင်းကောင်းကောင်းစားရတာကပိုကောင်းတယ်လေ..."


၀မ်ယွီက ဤကိစ္စနှင့်ပတ်သက်ပြီး အချိန်ကြာမြင့်စွာ စိတ်မကောင်းဖြစ်နေခဲ့သည်။ ၎င်းက ပိုက်ဆံများစွာ မရသည့်အပြင် သူနှင့်ကျိအန်းနဉ် ထမင်းအတူစားခြင်းကို နှောင့်ယှက်နေသည်။


ကျိအန်းနဉ်ငြင်းလိမ့်မည် သို့မဟုတ် သူတို့ ထိုအကြောင်းနှင့်ပတ်သက်ပြီး ငြင်းခုံရလိမ့်မည်ဟု ၀မ်ယွီထင်ထားခဲ့သည်။


ကျိအန်းနဉ်က တူကိုကိုင်ပြီးနှစ်စက္ကန့်ကြာအောင် စဉ်းစားနေပြီးမှ ခေါင်းငုံကာပြောလာသည်။


" ရှင်ပြောတာ မှန်ပါတယ်..."


"......."၀မ်ယွီ အနည်းငယ် စိတ်ထင့်သွားသည်။


"မင်း ဘာဖြစ်နေလို့လဲ..."


၀မ်ယွီ ကျိအန်းနဉ်၏နဖူးကိုထိရန် လက်ဆန့်ထုတ်လာသည်။


ကျိအန်းနဉ်က သူ့လက်ကို အဝေးသို့ရိုက်ထုတ်ပြီးမေးလာသည်။


" ရှင် ဘာလုပ်တာလဲ..."


"မင်းမှာအဖျားရှိလား စမ်းကြည့်နေတာ ဒီနေ့ မင်းဘာလို့ သဘောထားကြီးနေတာလဲ..." 


၀မ်ယွီ သူ့လျှာကိုချက်ခနဲမြည်အောင် လုပ်လိုက်သည်။


ကျိအန်းနဉ် ရပ်တန့်သွားပြီးမေးလာသည်။


"ကျွန်မက အမြဲလိုလို စကားပြောရခက်လို့လား..."


"ကောင်းပြီ၊ မင်းကကိုယ်လုံးကိုယ်ပေါက်သေးပြီး နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့လေး နည်းနည်းလေးတောင် ပုန်ကန်တတ်တဲ့ပုံမပေါ်ဘူး..."


၀မ်ယွီ ခဏစဉ်းစားပြီး ဆက်ပြောလာသည်။


" ဒါပေမဲ့ မင်းရဲ့ အကျင့်စရိုက်ကတော့ ပြောင်းပြန်ဖြစ်နေတယ်..."


ရုတ်တရက် သူသတိရသွားပြီး ကျိအန်းနဉ်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။


" မင်း လူတိုင်းကိုဒီလိုတုံ့ပြန်နေတာလား... ဒါမှမဟုတ် ကိုယ့်ကိုပဲလား..."


"ရှင့်ကိုပဲ ဖြစ်နိုင်တာပေါ့..." 


ကျိအန်းနဉ်က သူ့ကိုကြည့်လာသည်။


" တခြားလူတွေကပိုက်ဆံရှိပေမဲ့ ကျွန်မက သူတို့ကောင်မလေးဖြစ်သင့်တယ်လို့ ဘယ်သူမှ မတွေးဘူးလေ..."


၀မ်ယွီက သူဘာမှမကြားလိုက်သလို ခပ်တည်တည်စိုက်ကြည့်လာသည်။


ကျိအန်းနဉ် သူ့ကိုလျစ်လျူရှုလိုက်ပြီး ထမင်းဆက်စားရန် ခေါင်းငုံ့လိုက်သည်။


၀မ်ယွီ ရုတ်တရက် မေးလာသည်။


"ထိုမိန်းကလေးက မင်းနဲ့တစ်ခန်းထဲလား..."


ကျိအန်းနဉ်လန့်သွားပြီး သူလက်ညှိုးထိုးပြသည့်နေရာကို ကြည့်ပြီးပြောလာသည်။


"ဘယ်တစ်ယောက်လဲ..."


သို့ရာတွင် သူမ စကားပြောပြီးပြီးချင်း စွန်းယာရှန့်ကိုတွေ့လိုက်ရသည်။


"ဟိုတစ်ယောက်လေ တော်တော်ပိန်တဲ့တစ်ယောက်... သူ့နာမည်ကဘာလဲ..."


၀မ်ယွီ မေးလိုက်သည်။


ကျိအန်းနဉ်က ပြန်ဖြေလာသည်။


"စွန်းယာရှန့်လား..."


၀မ်ယွီက ပြောလာသည်။


"ဟုတ်တယ် အဲ့ဒီမိန်းကလေးပဲ..."


ကျိအန်းနဉ်ခဏကြာအောင်တိတ်သွားပြီး ပြန်မေးလာသည်။


" ဘာလို့ သူ့အကြောင်းမေးတာလဲ..."


၀မ်ယွီက  သူမလေသံမာနေသည်ကို သတိထားမိသွားပြီးသူမကို လှည့်ကြည့်လာကာ သူ့မျက်လုံးများကတောက်ပနေသည်။


"အိုး... မင်းသ၀န်တိုနေတာလား..."


ကျိအန်းနဉ် သူ့ကိုတစ်ချက်ကြည့်လာပြီး ခေါင်းငုံ့ကာပန်းကန်ပြားကို တူနှင့် တို့ကနန်းဆိတ်ကနန်း လုပ်နေသည်။ 


" သူ ကိုယ်ခံပညာကလပ်ကိုလာပြီး ရှင်နဲ့ စကားပြောဖူးတယ်မလား..."


"သူက တော်တော်လေးစိတ်ရှုပ်ဖို့ကောင်းတယ်... ကိုယ် သူ့ကို ဂရုမစိုက်ပါဘူး..."


၀မ်ယွီက သူ့မျက်ခုံးကို ပင့်လိုက်သည်။


"မင်းသူနဲ့ မတည့်ဘူးလား..."


ကျိအန်းနဉ်ကနူးနူးညံ့ညံ့ပင် "အင်း"ဟု တုံ့ပြန်လာပြီး ၀န်ခံလိုက်သည်။


"သူမက အတန်းထဲ၀င်လာပြီး ကိုယ်ခံပညာကလပ်ကအမျိုးသမီးအဖွဲ့၀င် လက်မခံဘူးလို့ပြောပြီး  ရှင် ကျွန်မကိုလက်ခံခဲ့တာကို ဖြေရှင်းချက်တောင်းနေတာလေ... ကျွန်မက ရှင့်ကို ကြိုးရှည်ရှည်နဲ့လှန်ထားပြီး ဒွိဟဖြစ်အောင်ကစားနေတာတဲ့..."


၀မ်ယွီ သဘောကျစွာရယ်လိုက်သည်။


"ကိုယ့်ကို ကြိုးရှည်ရှည်နဲ့လှန်ထားပြီး ကစားနိုင်တဲ့သူက မမွေးသေးဘူး..."


ဒီလူက  မာနကြီးပြီး အထက်စီးဆန်လိုက်တာ...


သို့သော် ၀မ်ယွီက သူ့မျက်လုံးကိုမှေးပြီး ခပ်ဝေးဝေးမှ စွန်းယာရှန့်ကို ကြည့်နေသည်။ သူမထံမှ သဘောမကျစရာအချက်ကိုမူ ရှာမတွေ့ခဲ့ပေ။


"  မင်း ဒေါသဖြေလို့ရအောင် ကိုယ်ကူညီရမလား..."


သူ မေးလာသည်။


"မလိုတော့ပါဘူး..."


ကျိအန်းနဥ် သူမနှုတ်ခမ်းကိုကွေးလိုက်သည်။


"ကျွန်မ ပြန်လက်စားချေပြီးပြီ..."


သူမမျက်လုံးများက ကွေးညွတ်နေပြီး စဉ်းလဲသည့်အရိပ်အယောင်များ ထွက်နေသည်။


၀မ်ယွီ ရယ်လိုက်သည်။


ကျိအန်းနဉ်က နူးညံ့ပြီး အနိုင်ကျင့်ရလွယ်ကူသည့်ပုံပေါ်သော်လည်း နှာဘူးများကို သူမ မည်သို့ရင်ဆိုင်ခဲ့သည်ကို သူ မြင်တွေ့ခဲ့ဖူးသည်။ ကိစ္စများစွာကို ကောင်းမွန်စွာကိုင်တွယ်နိုင်သည့်လူတစ်ယောက်ကို တွေ့ရန်က မလွယ်ကူလှပေ။ 


ထိုသို့သော အညှာအတာကင်းမဲ့မှုများကြောင့် ကျိအန်းနဉ်က လောကဓံကို ခံနိုင်ရည်ရှိသူတစ်ယောက် ဖြစ်လာခဲ့သည်။


သူ၏ လက်ရှိပုံစံက ဝမ်ယွီ၏အိမ်မက်ထဲရှိ အခန်းပြင်တွင်ရပ်ပြီး အတန်းဖော်များ သူမကိုမကောင်းပြောနေသည်အား တောင့်တင်းစွာဖြင့် ကြည့်နေခဲ့သော ကျိအန်းနဉ်နှင့် လုံးဝကွဲပြားပေသည်။


သူ့အိပ်မက်ထဲမှ ကျိအန်းနဉ် ‌အကြောင်းကို တွေးမိသွားသောအခါ သူ့နှလုံးသားထဲတွင် နာကျင်လာသည်။


၀မ်ယွီက သူ့ကိုယ်သူ ထိုအရာကအိပ်မက်တစ်ခုဟု ပြောနေသော်လည်း သူမ စွန်းယာရှန့်ကိုစိုက်ကြည့်လိုက်သည့်အခါ နာကြည်းမှုက ကြီးမားလာသည်ကို ခံစားမိနေသည်။


ကျိအန်းနဉ် အစာကိုမျိုချပြီး ခေါင်းမော့လိုက်ချိန်၌  ၀မ်ယွီ၏မျက်လုံးများက အသူရာချောက်နက်သဖွယ် နက်မှောင်လာသည်ကို တွေ့လိုက်ရသည်။


သူမ နှလုံးခုန်နှုန်းများ မြန်ဆန်လာပြီး သူ့ကိုစိုက်ကြည့်ကာ မေးလိုက်သည်။


 "ရှင် ဘာဖြစ်နေတာလဲ..."


၀မ်ယွီ အတော်အတန်ပင် အံ့သြသွားသည်။ ကျိအန်းနဉ်က သူ၏စိတ်ခံစားချက် အတက်အကျကိုပါ အာရုံခံနိုင်နေသည်။ သူ့စိတ်ထဲတွင်မူ သူ့ကိုယ်သူ ကောင်းကောင်းထိန်းချုပ်ထားနိုင်သည်ဟု ထင်နေခဲ့မိသည်။ 

 ကျောင်းမှာဆို စိတ်အေးလက်အေး နေနေမိလို့များလား...


အမှန်တွင်လည်း သူကကျောင်းတွင် သူ့ကိုယ်သူ မထိန်းချုပ်ထားတတ်ပေ။ 


"ဘာမှမဟုတ်ပါဘူး..." 


၀မ်ယွီကပြုံးပြပြီး ငြင်းပယ်လာသည်။


ကျိအန်းနဉ်က စွန်းယာရှန့်ကို တစ်ချက်ကြည့်ပြီး ၀မ်ယွီကိုပြောလိုက်သည်။


" ရှင် ကျွန်မကိစ္စတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ဖို့မလိုပါဘူး... ကျွန်မကိုယ့်ဘာသာ ကိုင်တွယ်နိုင်ပါတယ်..."


ဤဘဝတွင်မူ သူမ အစတည်းက လက်တစ်ကမ်းသာနေပြီး သူမဘေးမှ လူများ၏အမြင်ကိုပါ ထိန်းချုပ်ထားနိုင်သည်။


ဘေးလူတွေရဲ့အမြင်ဆိုတာ ဘယ်လိုဟာမျိုးလဲ...


ကျိအန်းနဉ်ကမူ ထိုအရာက မရှိမဖြစ်လိုအပ်သည့် မရည်ရွယ်သောတွန်းအားတစ်ခုဟု သဘောပေါက်ထားသည်။ 


ယခုချိန်၌ စွန်းယာရှန့်ကို သရော်နေသည့်လူများက ယခင်ဘဝတွင် သူမကို အသရေဖျက်ခဲ့သည့် တူညီသည့်လူများပင် ဖြစ်သည်။ သို့သော် ဤဘဝ၌ သူတို့အားလုံး သူမဘေးတွင် ရပ်နေကြသည်။


အမှန်တွင်မူ ယခင်ဘဝ၌ သူမကို မည်သူမှ ရန်ငြှိုးမထားခဲ့ကြသကဲ့သို့ မည်သူကမှလည်း သိက္ခာမချခဲ့ဖူးပေ။ သို့ရာတွင် စွန်းယာရှန့်က မဟုတ်မမှန်သောကိစ္စတစ်ခုကို စပြောလိုက်ပြီး သူမကလည်း ထိုအကြောင်းများကို ပြန်လည်မဖြေရှင်းဘဲ တိတ်ဆိတ်စွာသာနေခဲ့သောကြောင့် စကားများက တဖြည်းဖြည်းပျံ့ပြီး အားလုံးထံသို့ရောက်လာခြင်းပင်။


ဤဘဝတွင်မူ ကျိအန်းနဉ်က ဘေးလူများ၏ အမြင်နှင့် ဦးတည်ချက်ကို ဦးဆောင်ပေးသည့်လူဖြစ်ချင်သည်။


ဤ ကိစ္စကို သူမတစ်ယောက်တည်းလုပ်နိုင်၍ ၀မ်ယွီကို ကြား၀င်နှောင့်ယှက်စရာ မလိုပေ။ 


ကျိအန်းနဉ်၏ မျက်လုံးများက တက်ကြွမှုနှင့် ပြည့်နေကာ ဆုံးဖြတ်ချက်ခိုင်မာခြင်းနေသည်။ သူမက လုံး၀ကိုသူ၏အိပ်မက်ထဲမှ မိန်းကလေးနှင့် ကွာခြားနေသည်။ ၀မ်ယွီ သူမကိုကြည့်ပြီး အနည်းငယ်စိုးရိမ်ပူပန်မှု ၊ကသိကအောက်ဖြစ်နေမှုများမှ သူ့နှလုံးသားလေးတည်ငြိမ်သွားမှုကို ခံစားလိုက်ရသည်။


"ကြည့်ပါဦး မင်းက တော်လိုက်တာ..." 


သူ သူမကိုရယ်နေသည်။


၀မ်ယွီက ကျိအန်းနဉ်ဘေးမှ စွန်းယာရှန့်ကို သတိထားမိပြီး ကျိအန်းနဉ်ကလည်း ၀မ်ယွီဘေးမှ ယန်ပေါ်ကို သတိထားမိသည်။


အမှန်တွင် ဤရက်ပိုင်း သူမယန်ပေါ်အကြောင်းတွေးနေမိသည်။ သို့သော် သူမ ၀မ်ယွီနှင့် ထိုအကြောင်းဆွေးနွေးရန် အကြောင်းပြချက်ကောင်းကောင်း ရှာမတွေ့ပေ။


သူမနှုတ်ခမ်းက တဖြည််းဖြည်းချင်းပွင့်လာသော်လည်း ၀မ်ယွီနှင့် ဆွေးနွေးရန် အခွင့်အရေးရှာမရ ဖြစ်နေသည်။


သူမ ယန်ပေါ်အကြောင်းသိရရန်အတွက် ဝမ်ယွီနှင့် ဤထက်ပို ရင်းနှီးရဦးမည့်ပုံပေါ်သည်။ သူမ ထိုအကြောင်းတွေးမိပြီး ခေါင်းငုံ့သွားသည်။


မလှမ်းမကမ်းမှ စွန်းယာရှန့်က သူမအခန်းဖော်များကို ဒေါသတကြီးပြောလိုက်သည်။


" ကြည့်၊ သူ့ကိုယ်သူ မြင့်မြတ်သလိုလုပ်နေတာ... ဒါပေမဲ့ သူတို့ ထမင်းအတူ စားနေကြတယ်မလား..."


အခန်းဖော်များက တစ်ယောက်နှင့်တစ်ယာက် ကြည့်ပြီး သူတို့ထဲမှတစ်ယောက်က ပြောလိုက်သည်။


" မဟုတ်ပါဘူး ငါမြင်တာတော့ ကျိအန်းနဉ် စားစရာတွေ သွားပို့ပြီးတော့ ထမင်းစားဖို့ထိုင်နေတုန်းမှ ဝမ်ယွီက သူ့ဘေးကို ရောက်လာတာပါ..."


ဝမ်ယွီက ကျိအန်းနဉ်ကို လိုက်နေသည်မှာသိသာပေသည်။


ထို့အပြင် မလှမ်းမကမ်းမှကြည့်လျှင်ပင် ဝမ်ယွီနှင့် ကျိအန်းနဉ်က လိုက်ဖက်ညီလှပေသည်။


" ဒါပေမဲ့ သူတို့တွေရဲ့ရောင်ဝါကမှ မတူတာ..."


သူတို့အတန်းထဲတွင် မိန်းမလှလေးနှစ်ယောက်ရှိသော်လည်း ကျိအန်းနဉ်က အေးအေးဆေးဆေးနှင့်သိမ်မွေ့ကာ စွန်းယာရှန့်ကမူ အာရုံစိုက်မှုယူတတ်သည့်လူမျိုးဖြစ်သည်။ သို့ရာတွင် စွန်းယာရှန့်က သူတို့၏အခန်းဖော်ဖြစ်ပြီး သူမနှင့်တစ်နေကုန် တွေ့နေရခြင်းဖြစ်၍ သူတို့ ကျိအန်းနဉ်ဘက်မှ လိုက်မပြောပေးကြပေ။


အခြားအခန်းဖော်တစ်ယောက်က စကားလမ်းကြောင်းပြောင်းပြီး ပြောလိုက်သည်။


" နင် ဒီနေ့ဝတ်လာတဲ့ ဝတ်စုံလေးလှတယ်..."


" အာ ဒါလေးလား... တကယ်တော့ ငါလည်း အဲဒါကိုလှတယ်လို့ထင်တယ်..."


စွန်းယာရှန့်၏မျက်နှာက နီရဲသွားသည်။


ကန်တင်းမှ အပူချိန်က အနည်းငယ်မြင့်နေ၍ စွန်းယာရှန့်က အပေါ်ဝတ်ရုံကိုချွတ်ပြီး အတွင်းဝတ်ကိုယ်ကြပ်တစ်ထည်နှင့် နေနေသည်။ ထိုအင်္ကျီက သူမခန္ဓာကိုယ်ကို တင်းကြပ်စွာရစ်ပတ်ထားသော်လည်း စွန်းယာရှန့်ပုံမှန်အချိန်တွင်ဝတ်သည့် အဝတ်အစားများက ပို၍ sexy ကျပေသည်။


အခန်းဖော်အားလုံးက ပြုံးလိုက်ပြီး အကြည့်ချင်းဖလှယ်လိုက်သည်။


ဒါ ကျိအန်းနဉ်ရဲ့ ဝတ်ပုံစားပုံကို အတုခိုးပြီးများ တမင်ဝတ်လာတာလား...



###