🤚Chapter 38
စိတ်၀င်စားစရာကောင်းသည်မှာ ကျိအန်းနဉ်က ယနေ့ သူမ၏အ၀တ်အစားစတိုင်ကိုပါ ပြောင်းထားပြီး အ၀တ်ကိုခပ်ပွပွ၀တ်ထားသည်။
အားလပ်ရက်အတောအတွင်း စီရင်စုမြို့တော်မှာရှိသည့် အ၀တ်အစားအတွက် ကျော်ကြားသည့်စျေးတစ်ခုကို သူမ သွားခဲ့သည်။ စျေးကကြီးပြီး လူအတော်တော်များများသိကြသည်။ အခြားမြို့မှ လူများကလည်း စီရင်စုမြို့တော်ကိုလာသည့်အချိန် ထိုစျေးသို့သာသွားပြီး အ၀တ်အစား၀ယ်ကြသည်။
ထိုနေရာက စျေးချိုသည်ဟု လူသိများသည်။
သူမ၏ယခင်ဘဝတွင်မူ ကျိအန်းနဉ်က အ၀တ်အစားကို တသတ်မှတ်တည်း ၀တ်ဆင်ခဲ့သည်။ ဤဘ၀တွင်မူ သူမပြောင်းလဲရန် ဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် အ၀တ်အစားအချို့ကို၀ယ်ယူခဲ့သည်။
စျေးပေါသည့်အဝတ်အစားများက ပုံမှန်အားဖြင့်အရည်အသွေးမကောင်းပါပေ။ အညံ့စားအရည်အသွေးနှင့် ကြမ်းတမ်းသည့်ချုပ်ပုံကို ပကတိမျက်လုံးဖြင့်ပင်မြင်နိုင်သည်။ သို့ရာတွင် လှပသည့်မိန်းမလှလေးတစ်ယောက်က Burlapအိတ် လွယ်ထားမည်ဆိုလျှင်ပင် ၎င်းကဖက်ရှင်တစ်ခုဖြစ်လာလိမ့်မည်။ ရုပ်ရည်သာ လုံလောက်အောင် လှပကောင်းမွန်မည်ဆိုပါက လူများမှာ မိန်းမလှလေးမှလွဲ၍ အခြားအရာအားလုံးကို အလိုအလျောက်လျစ်လျူရှုလိုက်မည်ဖြစ်သည်။
" ကျွန်မ ခဏနေရင် ဒါရိုက်တာရွှီကိုသွားရှာမလို့..."
ကျိအန်းနဥ်က သူမတူကိုကိုက်ထားလျက် ပြောလာသည်။
"ဟမ်... ကိုယ်တို့ဌာနကဒါရိုက်တာရွှီလား...ဘာလို့လဲ..."
၀မ်ယွီက မေးလိုက်သည်။
"မဟုတ်ဘူး... သူက ထောက်ပံ့ပို့ဆောင်ရေးဒါရိုက်တာရွှီ...ကန်တင်းမှာက work-study အခြေအနေရတယ်လေ... ဒါပေမဲ့ အနည်းနဲ့အများတော့ ရှာနေရတုန်းပဲ... ဒီပညာသင်ကာလအစပိုင်းတုန်းက ကျွန်မရဲ့အဖွားက ပတ်၀န်းကျင်အသစ်နဲ့ လိုက်လျောညီထွေ မဖြစ်သေးဘူးလေ... ဒါကြောင့် သူ့ကိုဂရုစိုက်နေရတာ... ကျွန်မ သွားရှာတုန်းကလည်း အကုန်လူပြည့်သွားပြီလေ... ဒါကြောင့်မို့ သူ့ကိုသွားရှာပြီး နေရာတစ်ခုလောက်ထည့်ပေးလို့ရမလား မေးမလို့..."
ကျိအန်းနဉ် ပြန်ဖြေလိုက်သည်။
ပြန်လည်မွေးဖွားလာပြီး ကျိအန်းနဉ်ပြန်ရောက်လာသည့်အခါ ထိုအချိန်ကပြီးသွားပြီးဖြစ်သည်။ ထို့နောက် သူမက အစားအသောက်ပို့ရသည့် အလုပ်ကို လုပ်နှင့်နေပြီးဖြစ်သည်။
၀မ်ယွီ၏ မျက်လုံးများကတဖျတ်ဖျတ်လက်သွားသည်။
တကယ်လို့ သူ့ကို စားစရာတွေပို့တဲ့အလုပ် မလုပ်နဲ့လို့ပြောရင် သူ လက်ခံလောက်လား...
၀မ်ယွီက စိတ်အခြေအနေကောင်းသွားသည်။
"ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်..."
၀မ်ယွီက ထောက်ပံ့ပို့ဆောင်းရေးဌာနမှ ဒါရိုက်တာရွှီကိုသိသည်။ ၀မ်ကောအန်း ချင်းဟွာတက္ကသိုလ်ကို အဆောက်အဦးအသစ်ဆောက်လုပ်ရန်အတွက် လှုဒါန်းခဲ့စဥ်က ထိုဒါရိုက်တာရွှီနှင့် ဆက်သွယ်ခဲ့သည်။
"၀င်လာပါ..."
ဒါရိုက်တာရွှီက နေ့လည်စာစားပြီး တစ်ရေးအိပ်ရန် ပြင်နေစဉ် တစ်ယောက်ယောက်က တံခါးလာခေါက်၍ သူအနည်းငယ် မကျေမနပ်ဖြစ်သွားသည်။
အထဲကို၀င်လာသူက သူနှင့် အတော်လေးရင်းနှီးနေသည့် 'ကျိအန်းနဉ်'ဖြစ်သည်။ သူမအဖွားအတွက် အစီရင်ခံစာတင်ခဲ့သည့် မိန်းကလေးဖြစ်သည်။ သူက သူမအတွက် နေရာထိုင်ခင်းအဆင်ပြေအောင် ပြုလုပ်ပေးခဲ့သည်။
"ဘာကိစ္စများလဲ..."
သူ မေးလိုက်သည်။
ဒါရိုက်တာရွှီက ကျောင်းဆရာတစ်ယောက်မဟုတ်ဘဲ စီမံခန့်ခွဲရေးဆိုင်ရာမှ ၀န်ထမ်းတစ်ယောက်သာဖြစ်သည်။ထောက်ပံ့ပို့ဆောင်ရေးအလုပ်နှင့်ဆက်နွယ်နေပြီး ပရော်ဖက်ဆာများနှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူကလုပ်ငန်းရှင်တစ်ယောက်နှင့်တူနေသည်။ သူကကျောင်းသားများထက်လုပ်ငန်းရှင်သူဌေးများနှင့် ပိုမိုဆက်သွယ်ရသည်။ ထို့ကြောင့် သူ၏စကားပြောသံက စာသံပေသံနည်းကာ ပိုမိုချောမွေ့ပြီး လုပ်ငန်းရှင်များကဲ့သို့ စွမ်းရည်များရှိသည်။
ကျိအန်းနဉ်၏ ရှင်းပြချက်ကိုကြားပြီး သူမျက်မှောင်ကြုတ်လိုက်မိသည်။
"ဒီကိစ္စက ဆရာတစ်ယောက်ရဲ့အကူအညီ မပါရင်မရဘူး... အစကတည်းက နေရာတွေ သတ်မှတ်ထားပြီးသားဖြစ်နေပြီ... တကယ်လို့ မင်းသာ စောစောတောင်းဆိုခဲ့မယ်ဆိုရင် ငါလည်းလုပ်ပေးနိုင်ပါတယ်... ငါလည်းမင်းရဲ့အခက်အခဲကိုသိတယ်... ဒါပေမဲ့ ကျောင်းမှာလည်းမင်းလို ခက်ခဲနေတဲ့သူတွေ ရှိသေးတယ်လေ... မိသားစုအခက်အခဲရှိတဲ့ကျောင်းသားတိုင်း ငါ့ကို လာပြီးတောင်းဆိုကြတယ်..."
သူက ဖြေးဖြေးမှန်မှန်အသံနှင့် ပြောနေသည်။ ကျိအန်းနဉ်ကူရာမဲ့သွားပြီး သူ့ကိုမေးရုံသာ တတ်နိုင်တော့သည်။
"တကယ်လို့ တစ်ယောက်ယောက်ကထွက်မယ်ဆိုရင် သူ့နေရာမှာ ကျွန်မကိုထည့်ပေးနိုင်မလား..."
ဒါရိုက်တာရွှီက အလုပ်များသည့်လူတစ်ယောက်ဖြစ်၍ ဤကိစ္စနှင့်ပတ်သက်ပြီး အာရုံများ၍ မရပေ။ သူ ငြင်းဆိုပြီးပြောလိုက်သည်။
"ကန်တင်းက သူ့ခေါ်ချိန်ရောက်ရင်ကြေညာချက်ထုတ်လိမ့်မယ်... မင်းကိုယ်တိုင် ဂရုစိုက်မှရမှာ...တကယ်လို့ လူတိုင်းက အလုပ်ခေါ်တိုင်း သူတို့ကိုဦးစားပေးထားဖို့ လာပြောနေမယ်ဆိုရင် ငါကဘယ်သူ့ကို ဦးစားပေးရတော့မှာလဲ..."
ကျိအန်းနဉ်က အခြားလူများ၏ အမူအရာကို မဖတ်တတ်ခြင်းမဟုတ်ဘဲ တစ်ခါတစ်ရံတွင် ထိုအမူအရာများကို ဂရုမစိုက်ခြင်းသာဖြစ်သည်။ အကူအညီရရန်ကြိုးပမ်းချိန်တိုင်း သူမကို အေးစက်စက်သာ ဆက်ဆံသည့် အခြေအနေမျိုးများနှင့် သူမ တွေ့ကြုံရပြီးပြီဖြစ်သည်။
သူမ ဤသို့ပြောရုံသာ ပြောနိုင်တော့သည်။
"ဒါရိုက်တာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်..."
ရုတ်တရက် ၀မ်ယွီ၏အသံက ထွက်ပေါ်လာသည်။
"ဒါရိုက်တာရွှီ ကျွန်တော်တို့ကိုကူညီပေးပါ..."
သူတို့နှစ်ယောက် တစ်ပြိုင်နက်တည်း တံခါးဝကို ကြည့်လိုက်ကြသည်။ ၀မ်ယွီက တံခါးကိုမှီထားပြီး ရွှင်ပျစွာပြုံးနေသည်။
"အိုး... ၀မ်ယွီပါလား..."
ဒါရိုက်တာရွှီက အလွန်အံ့အားသင့်သွားသည်။
"မင်း ဒီမှာဘာလုပ်နေတာလဲ... ရိုးရိုးသားသားပြောစမ်းပါ... မင်း ငါ့ကိုလာမတွေ့တာတောင်တော်တော်ကြာပြီ..."
"အခု ကျွန်တော် ဒီမှာရှိနေပြီလေ..."
၀မ်ယွီက တက်ကြွစွာပြုံးပြီး ပြောလိုက်သည်။
ဒါရိုက်တာရွှီက ကျိအန်းနဉ်ကိုတစ်လှည့်၊ ၀မ်ယွီကိုတစ်လှည့်ကြည့်ပြီး ရုတ်တရက်တုံ့ပြန်လာသည်။
"မင်းတို့နှစ်ယောက်က ဘယ်လိုပတ်သက်တာလဲ..."
၀မ်ယွီက ဒါရိုက်တာရွှီကို "ဒါကျွန်တော့်ကောင်မလေး"ဟုပြောချင်ခြင်းဖြစ်သည်။ သို့ရာတွင် သူက ခေါင်းမာနေသည့် ကျိအန်းနဉ်ကိုကြည့်ပြီး မပြောလိုက်တော့ပေ။ သူကလမ်းလျှောက်လာပြီး ဒါရိုက်တာရွှီကိုပြောလိုက်သည်။
"သူက ကျွန်တော့်ကလပ်က ဂျူနီယာညီမလေးပါ..."
သူက'ချစ်သူကောင်မလေး'ဟု မပြောခဲ့သော်လည်း ကျိအန်းနဥ်၏ပခုံးပေါ်ကို ပြုံးဖြဲဖြဲနှင့်လက်မတင်ဘဲ မနေနိုင်ခဲ့ပေ။
ကျိအန်းနဉ်"......"
"အိုး...ငါသိပြီ..."
ဒါရိုက်တာရွှီက ချက်ချင်းနားလည်သွားပြီး သဘောထားကြီးစွာ ပြောလာသည်။
"ငါ ကန်တင်းကို နောက်မှပြောလိုက်မယ်... မင်းတို့နှစ်ယောက် အခုပြန်လိုက်ကြပါဦး... ငါနောက်မှ အကြောင်းကြားလိုက်မယ်..."
၎င်းက ကျိအန်းနဉ်၏ကိစ္စဖြစ်သော်လည်း ဒါရိုက်တာရွှီက ၀မ်ယွီကို"ငါအကြောင်းကြားမယ်"ဟု ပြောခဲ့သည်။
၀မ်ယွီက တက်တက်ကြွကြွပြုံးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်..."
ဒါရိုက်တာရွှီ၏ရုံးခန်းမှ ပထမထပ်ကိုဆင်းလာပြီးနောက် ကျိအန်းနဥ်ကမေးလိုက်သည်။
" ဒါရိုက်တာရွှီက ရှင်နဲ့ ရင်းနှီးတာလား..."
"မဟုတ်ပါဘူး..."
၀မ်ယွီက ပြန်ဖြေလာသည်။
" ကိုယ့်မိသားစုက ကျောင်းမှာအဆောက်အဦးအသစ်ဆောက်ဖို့ လှူခဲ့လို့လေ..."
"........"
ကျိအန်းနဉ် သက်ပြင်းချလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
"အခုပြဿနာက ဖြေရှင်းပြီးသွားပြီလေ... မင်း ဘာလို့ သက်ပြင်းချနေရတာလဲ..."
၀မ်ယွီက သူမ နောက်ကလိုက်လာသည်။
စကားပြန်မပြောမီ ကျိအန်းနဉ်က နှုတ်ခမ်းစူပြီး သူမနဖူးပေါ်၀ဲကျနေသည့်ဆံစလေးကို လေမှုတ်လိုက်သည်။
"အခု ရုံးခန်းကနေထွက်လာတုန်းက ကျွန်မဘာတွေးနေလဲဆိုတာ သိလား..."
"ဘာလဲ..."
၀မ်ယွီမေးလိုက်သည်။
" ကျွန်မတွေးနေတာက..."
ကျိအန်းနဥ် သက်ပြင်းချလိုက်သည်။
"ပိုက်ဆံရှိတာအရမ်းကောင်းတာပဲ... လူတိုင်းက ရှင့်ကိုအပြုံးလေးနဲ့ နှုတ်ဆက်ကြမယ်... ပြီးတော့စကားတစ်ခွန်းလေးနဲ့ အားလုံးပြီးမြောက်သွားအောင်လုပ်လို့ရတယ်... ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲ... လူတွေရဲ့စိတ်ကို ပိုက်ဆံက လွယ်လွယ်လေးအကျင့်ပျက်အောင် လုပ်နိုင်တယ်... ကျွန်မ ဒီလိုတွေးမိလိုက်တာကို မယုံနိုင်သေးဘူး..."
"မင်း အကျင့်ပျက်နေပြီဆိုရင် ဘာလို့ ကိုယ့်ကောင်မလေး မလုပ်တာလဲ...ကိုယ်က တခြားလူတွေကို ပိုက်ဆံနဲ့ အကျင့်ပျက်အောင်လုပ်တဲ့နေရာမှာ အရမ်းကျွမ်းတာနော်..."
၀မ်ယွီက ကျီစယ်ပြုံးပြုံးနေသည်။
သူက ဟာသပြောသည့်အခါ ပင်ကိုယ်စွမ်းရည်မရှိပေ။
ကျိအန်းနဉ်က သူ့ကိုစိတ်လေသလိုတစ်ချက်ကြည့်ပြီး အဝေးကိုထွက်သွားသည်။
ဝမ်ယွီက နောက်တစ်ကြိမ် ငြင်းဆိုခံလိုက်ရသော်လည်း ပို၍ ပျော်ရွှင်လာသည့်ပုံဖြစ်လာသည်။ သူမ သက်ဝင်တက်ကြွနေသည်ကို သူနှစ်သက်နေမိသည်။ သူက ၀မ်းနည်းဖွယ်ရာဇာတ်ကြောင်းကို စနေပြီးပြီဆိုသည်ကို သူအမှန်တကယ် မသိခဲ့ပေ။ ကျိအန်းနဉ်၏ စိတ်မရှည်သလိုကြည့်သည့်အကြည့်က သူ့နှလုံးသားကို ယားယံစေသည်။ ထို့နောက် သူမနောက်ကို လိုက်သွားပြီး ပြုံးကာပြောလိုက်သည်။
" ဟေး ကိုယ့်ကိုစောင့်ပါဦး... ဒီနေ့ကအားလပ်ရက်ပြီးလို့ပြန်ဖွင့်တဲ့ ပထမဆုံးနေ့လေ... မင်းရှုချန်းရဲ့နေရာကို သွားဦးမလို့လား... ဒီနေ့ည ကိုယ်ခံပညာကလပ်ကို လာမှာလား..."
နေ့လည်ခဏနားပြီးသည့်နောက် ကျိအန်းနဉ်က ၀မ်ယွီထံမှ ဖုန်းလက်ခံရရှိခဲ့သည်။
"လုပ်ပြီးသွားပြီ... ကန်တင်းကိုသွားပြီး မန်နေဂျာဟူကို ရှာလိုက်... မင်းရဲ့အချိန်ဇယားကို စီစဉ်ပေးလိမ့်မယ်... သွားပြောပြီးရင် ကိုယ့်ကိုပြန်ပြောဦးနော်..."
"ကောင်းပါပြီ ကျွန်မ အတန်းပြီးတဲ့ အချိန်ကျရင်သွားလိုက်မယ်..."
ကျိအန်းနဥ် ပြန်ဖြေလိုက်သည်။
"အိုး...ပြီးတော့ ကိုယ်မင်းကို ပြောစရာရှိသေးတယ်..."
၀မ်ယွီက မည်သည့်အခါကမှ ကိစ္စတစ်ခုခုကို အလကားမလုပ်ပေးချေ။
" ကိုယ်မင်းကို အခုကူညီလိုက်တာနော် ဒါကြောင့်မို့ ဆုအနေနဲ့ မင်းနောက်ဆိုရင် ကိုယ်နဲ့အတူနေ့လည်စာ စားပေးရမယ်..."
ထို့ကြောင့် ကျိအန်းနဉ်က ယခု ၀မ်ယွီနှင့်ထမင်းအတူစားရမည်ကို ရှောင်၍မရတော့ပေ။ ၎င်းက သူမအတွက်ခြားနားသွားခြင်းလည်းမရှိချေ။ ထို့အပြင် သူမက ၀မ်ယွီနှင့် အနာဂတ်တွင် ပိုမိုဆက်ဆံရန် စိတ်ဆုံးဖြတ်ထားသည်။
သူမ၏ယခင်ဘဝတွင် ၀မ်ယွီနှင့်ယန်ပေါ်ကြားမှ ပြဿနာကို တိတိကျကျမသိခဲ့ပေ။ သို့ရာတွင် ပြန်လည်မွေးဖွားလာခြင်းနှင့် ကြိုသိခြင်းအကျိုးကျေးဇူးနှင့်အတူ သူ့ကိုသူမသတိပေးရန် ကြိုးစားရမည်။
"ကောင်းပါပြီ..."
သူမ သဘောတူလိုက်သည်။
ဖုန်းချလိုက်ပြီးနောက် ကျိအန်းနဉ်နောက်ထပ်ကိစ္စတစ်ခုကို သတိရသွားသည်။
"ရှင်းယွီ ရှင်းယွီ..."
ကျိအန်းနဉ်က မုန့်ရှင်းယွီကိုခေါ်ပြီး မေးလိုက်သည်။
"နင့်ဖုန်းက ကင်မရာကွာလတီကောင်းလား... ငါ့ကိုဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးလို့ရမလား... ငါအလုပ်လျှောက်လွှာအတွက် လိုနေလို့ပါ..."
သူမဖုန်းကင်မရာ၏ အရည်အသွေးမှာ ကြောက်စရာကောင်းလောက်အောင်ပင် ဆိုးရွားသည်။
မုန့်ရှင်းယွီ၏ဖုန်းကလည်း ကျိအန်းနဉ်၏ဖုန်းနှင့်မထူးခြားနားပင်။
"ငါ နင့်ကိုရိုက်ပေးမယ်..."
မုန့်ရှင်းယွီ၏အခန်းဖော်များထဲမှ ပိုင်လုဟုခေါ်သည့် တစ်ယောက်က သူမဖုန်းကိုထုတ်လိုက်သည်။
ပိုင်လုထံတွင် iPhoneရှိ၍ သူမရိုက်သည့်ဓာတ်ပုံကပိုကောင်းသည်။
"နင်က အရမ်းဓာတ်ပုံစားတာပဲ..."
သူမ ကျိအန်းနဉ်ကို ဓာတ်ပုံပို့ပေးပြီး ပြောလိုက်သည်။ထို့နောက် သူမက သာမန်ကာလျှံကာမေးလိုက်သည်။
" ဘယ်လိုအလုပ်မျိုးမို့ နင့်ဓာတ်ပုံကို ပို့ပေးဖို့လိုတာလဲ... လုပ်ထုံးလုပ်နည်းတွေနဲ့ ဆက်နွယ်နေလို့လား..."
"မဟုတ်ပါဘူး ငါက ဖက်ရှင်မော်ဒယ်အလုပ် လျှောက်မလို့ပါ..."
ကျိအန်းနဉ် ပြန်ဖြေလိုက်သည်။
မုန့်ရှင်းယွီနှင့်ပိုင်လုတို့နှစ်ယောက်လုံး အံ့သြသွားပြီးစိတ်လှုပ်ရှားသွားကြသည်။
"မော်ဒယ်လား... လျှောက်လမ်းပေါ်မှာ လျှောက်ပြရတာမျိုးလား..."
ထိုမိန်းကလေးများက မော်ဒယ်ဖြစ်ရန် တောင့်တနေပုံပေါ်သည်။ ကျိအန်းနဉ်ပြုံးပြီး သူတို့ကို သူမ သိသည့်အရာကို ပြောလိုက်သည်။
"အဲဒါက အ၀တ်စား၀တ်... ပို့စ်ပေးပြီးအွန်လိုင်းဆိုင်တွေပေါ်မှာ တင်ရတာမျိူးလေ..."
မုန့်ရှင်းယွီက ပြောလိုက်သည်။
"ငါက အဲ့ဒီအလုပ်အတွက် ပရော်ဖက်ရှင်နယ် မော်ဒယ်တွေကို မော်ဒယ်အေဂျင်စီတွေက ငှားထားကြလို့ထင်နေတာ..."
"အဲ့ဒီလောက်အထိ မဟုတ်ဘူး... ကိုယ်တိုင်လုပ်လို့ရတယ်... အဖွဲ့တစ်ခုက နင့်ကိုသင့်တော်တယ်လို့ထင်ရင် သူတို့ ရှုတင်ပြင်ပေးလိမ့်မယ်..."
ကျိအန်းနဉ်က ရှင်းပြလိုက်သည်။
"အရင်လုပ်ခဲ့ဖူးတဲ့တစ်ယောက်က ငါ့ကိုပြောပြပေးခဲ့တာ... ငါအရွေးခံရမလား... မခံရလားတော့ မသိဘူး..."
" နင် စိုးရိမ်နေတာလား..."
ပိုင်လုက သူမရင်ဘတ်ကိုပုတ်ပြီး ပြောလာသည်။
"ငါရဲ့ဓာတ်ပုံရိုက်စကေးနဲ့ နင့်ကိုလှအောင် လုပ်ပေးမယ်... တစ်ယောက်ယောက်ရဲ့မျက်စိကို မဖမ်းစားနိုင်မှာ စိတ်ပူစရာမလိုပါဘူး..."
" စိုးရိမ်မနေပါနဲ့တော့... နင်က ပင်ကိုကိုကလှနေလို့လေ..."
မုန့်ရှင်းယွီကရယ်ပြီး ပိုင်လုခေါင်းကို ပုတ်လိုက်သည်။ ထို့နောက် ကျိအန်းနဉ်ကိုမေးလိုက်သည်။
" နင် နောက်ထပ်အလုပ်အသစ်ရှာနေတာလား... နင့်မှာ အလုပ်ဘယ်နှခုတောင် ရှိနေပြီလဲ..."
မုန့်ရှင်းယွီက အချိန်ကိုက်မေးလာခြင်းဖြစ်၍ ကျိအန်းနဉ်ကလည်း သူတို့ကိုပြောပြရန် အခွင့်ရေးရသွားပြီဖြစ်သည်။
" ငါ ဘားကအချိန်ပိုင်းအလုပ်ကို ထွက်ခဲ့လိုက်ပြီ..."
"အိုး ထွက်ခဲ့ပြီလား... နင်ပြောတော့ အဲ့ဒီကနေ ပိုက်ဆံအများကြီး၀င်တယ်ဆို..."
မုန့်ရှင်းယွီက အံ့အားသင့်သွားသည်။
"အဲ့ဒီက မကောင်းတဲ့ပတ်၀န်းကျင်ဆိုတော့ ငါ စိတ်မချမ်းမသာဖြစ်တာနဲ့ ထွက်ခဲ့လိုက်တာ..."
ကျိအန်းနဥ် ပြောလိုက်သည်။
"ဟုတ်တယ်၊ အဲ့ဒီနေရာကဖရိုဖရဲကြီးပါ ငါတို့နင့်ကို တော်တော်လေးစိုးရိမ်နေခဲ့တာ..."
ပိုင်လုက ပြောလာသည်။ပိုင်လု၏ စကားပြောသံက သဘာ၀ကျပြီး နှလုံးသားထဲမှစိတ်ရင်းမှန်နှင့် ပြောပုံပေါ်၍ ကျိအန်းနဉ်ကို ခဏတာခန့် ရပ်တန့်သွားစေသည်။
ကျိအန်းနဉ်၏မှတ်ဉာဏ်ထဲတွင်မူ ယခင်ဘဝ၌ ပိုင်လုကတက်တက်ကြွကြွဖြင့် အတင်းအဖျင်းများကို မပျံ့နှံ့စေခဲ့သော်လည်း သူမက အခြားသူများ ထိုအကြောင်းပြောသည်ကိုကြားသည်နှင့် သူတို့နှင့်အတူ ထိုအကြောင်းအရာကို ပြောခဲ့သည်။ သို့ရာတွင် ယခုပိုင်လု သူမကိုကြည့်သည့်အကြည့်က စစ်မှန်ပြီးရိုးသားပုံပေါ် ကာအတန်းဖော်တစ်ယောက်ကို စိတ်ရင်းနှင့် စိုးရိမ်နေပုံပေါ်နေသည်။
ပြောင်းလဲသွားကြပြီပဲ... ဒီဘ၀မှာတော့ အရာအားလုံးပြောင်းလဲသွားကြပြီ...
"ငါ့မျက်နှာပေါ်မှာ တစ်ခုခုရှိနေလို့လား..."
ပိုင်လုက ကျိအန်းနဉ် သူမမျက်နှာကို စိုက်ကြည့်နေသည့်အတွက် သူ့မျက်နှာသူ ထိကြည့်လိုက်သည်။
ကျိအန်းနဉ်ကပြုံးပြီး သူမအတွေးများကို ဖုံးကွယ်လိုက်သည်။ ခဏကြာသည်အထိ စဉ်းစားချင့်ချိန်နေပြီးနောက်တွင် ကျောင်းချန်အကြောင်းက်ို သူမပြောပြလိုက်သည်။
" တကယ်တော့ ငါ့အလုပ်ကမထွက်ခင် ငါတို့ကျောင်းက ကျောင်းသားတစ်ယောက်က ငါအလုပ်လုပ်တဲ့နေရာကို လာခဲ့တယ်လေ... ပြီးတော့ သူက အရမ်းစိတ်ရှုပ်စရာကောင်းတယ်..."
"ဘယ်သူလဲ... နင် သူ့ကိုသိတာလား..."
မုန့်ရှင်းယွီက အံ့အားသင့်ပြီး မေးလိုက်သည်။
"သူက သူ့ကိုယ်သူ ဒုတိယနှစ်ကျောင်းသား ကျောင်းချန်လို့ပြောတာပဲ... ငါ့ဖုန်းနံပါတ်ရဖို့ လာနှောင့်ယှက်နေတာနေ... ငါ အဲ့ဒီလိုလူမျိုးကို တကယ်သဘောမကျဘူး..."
ကျိအန်းနဥ် ပြောလိုက်ပြီး သူမကိုယ်သူမ မသိလိုက်ပဲ လက်မောင်းကို ပွတ်လိုက်မိသည်။
မိန်းကလေးတစ်ယောက်က မနှစ်မြို့ပြီးမုန်းတီးစက်ဆုပ်ဖွယ်ရာအခြေအနေကို ပြန်အမှတ်ရမိလျှင် ထိုအပြုအမူမျိုး ပြုလုပ်တတ်ပေသည်။
မုန့်ရှင်းယွီနှင့် ပိုင်လုသည်လည်း ကျိအန်းနဉ်၏ စိတ်အခြေအနေကို အာရုံခံနိုင်သည်။
"ပြီးတော့ ဘာဆက်ဖြစ်သွားတာလဲ..."
သူတို့မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
"ပြီးတော့ ငါလည်း ဒီကိစ္စက လွယ်လွယ်မပြီးလောက်ဘူးလို့ ခံစားမိလိုက်တယ်... ပြီးတော့ သူကလည်း သောက်ထားသေးတယ်လေ .....ဒါကြောင့် ငါ ၀မ်ယွီကို ခေါ်လိုက်တယ်..."
ကျိအန်းနဥ်က ပြောလာသည်။
စိုးရိမ်ပူပန်နေသည့် မိန်းကလေးနှစ်ယောက်က အားကျမှုများနှင့် ပြည့်သွားပြီး စိတ်သက်သာရာရသွားသည်။
"၀ိုး....."
သူတို့ စိတ်လှုပ်ရှားသွားကြပြီး ဆက်မေးလိုက်သည်။
"ပြီးတော့ရော ပြီးတော့ရော... သူကအလှလေးကိုကယ်ဖို့လာခဲ့လား..."
ဇာတ်လမ်း၏အဆက်ကိုသိပြီးနောက် သူတို့နှစ်ယောက်လုံးအလွန်၀မ်းသာသွားကာ ပြောနေကြသည်။
"သူလာခဲ့တယ်ပေါ့ ၀ိုး......."
ဇာတ်လမ်းထဲနစ်မြှုပ်နေပြီးနောက် ပိုင်လုက သူမကိုအကြံပေးလာသည်။
"အန်းနဉ်... အစ်ကို၀မ်ယွီက တော်တော်ကောင်းတဲ့သူနော်... နင် သူ့ကိုဖမ်းဆုပ်ထားရမယ်... တစ်ယောက်ယောက်က နင့်ကိုကောင်းကောင်းဆက်ဆံနေတဲ့အချိန် အတွေးမမှားစေနဲ့..."
မုန့်ရှင်းယွီတွင်က မတူညီသည့်အမြင်ရှိသည်။ သူမပြောလိုက်သည်။
" လူ့အဖွဲ့အစည်းထဲမှာ မကောင်းတဲ့လူတွေအများကြီး ရှိနေတုန်းပဲ... ကျောင်းက နှောင့်ယှက်တဲ့လူလိုမျိုးလေ... ငါနဲ့နယ်တူတဲ့အဖော်ကိုရော အဲ့ဒီမှာ အလုပ်မလုပ်ဖို့ ပြောပြသင့်လား... သူတို့မိသားစုအခြေအနေက အရမ်းကြီးမဆိုးပါဘူး... သူအများကြီးသုံးလို့သာ..."
သူမက ယွီရှားကိုပြောနေခြင်း ဖြစ်သည်။ ကျိအန်းနဉ်၏အကြည့်များကလည်း တစ်ဖန်အေးခဲသွားသည်။
###