🤚Chapter 39
စွန်းယာရှန့်က မာနထောင်လွှားပြီး လေးလေးနက်နက်မရှိသည့်အပြင် သူမ အစတည်းက ၀မ်ယွီ ကျိအန်းနဉ်ကိုလိုက်နေသည်အား မနာလိုဖြစ်နေခဲ့သည်။ ဤမနာလိုမှုကြောင့် ကျိအန်းနဉ်အကြောင်းမကောင်းပြောခဲ့ကာ အတင်းအဖျင်းများ ပျံ့နှံ့စေခဲ့ခြင်းဖြစ်သည်။
ကျောင်းချန်က ကိုယ််ကျင့်တရားပျက်ပြားနေသူတစ်ယောက်ဖြစ်သည်မှာ ရှင်းလင်းလှသည်။ သူ့မိသားစုချမ်းသာမှုကိုအသုံးချပြီး စည်းမျဉ်းဘောင်များကိုလည်းမသိဘဲ အရှက်မဲ့ကာ စက်ဆုပ်ဖွယ်ကောင်းသည်။
ကျိအန်းနဉ်က သူတို့နှစ်ယောက်နှင့်ယှဉ်ပါက ယွီရှားကို ပိုမိုမုန်းတီးသည်။
အဘယ့်ကြောင့်ဆိုသော် သူမ၏ယခင်ဘ၀တွင် လူများစွာရှိသည့်အနက်မှ ကျိအန်းနဉ်က ယွီရှားနှင့် အချိန်ပိုမိုကုန်ဆုံးခဲ့သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကူညီကြ၍ သူငယ်ချင်းကောင်းများဟုပင် ခေါ်နိုင်ပေသည်။
ကျိအန်းနဉ်ကဲ့သို့ သူငယ်ချင်းမရှိသူအတွက် ဤအရာက အတော်ပင် အံ့သြစရာကောင်းသည်ဟု ဆိုရပေမည်။
ရလဒ်အနေနှင့် ထိုမိန်းကလေးက သူမကိုယ်ရေးကိုယ်တာအတွက် ကျိအန်းနဉ်ကိုဆေးခပ်ခဲ့သည်။
ထိုအချိန်ကို ကျိအန်းနဉ်ပြန်မြင်ကြည့်သောအခါ အေးစိမ့်မှုက သူမကျောရိုးတစ်လျှောက်ပျံ့နှံ့သွားသည်။
ယွီရှားက ယာယီအိပ်ဆောင်တွင် နေနေဆဲဖြစ်ပြီးနောက်ထပ်တစ်လနှစ်လကြာသည်အထိ အတွင်းအိပ်ဆောင်ကိုရွှေ့ဦးမည်မဟုတ်ပေ။ ကျိအန်းနဉ်ပြန်လည်မွေးဖွားလာစဥ်ကတည်းက သူမ ယွီရှားကိုမမြင်ရသေးပေ။
သူမကို မမြင်ရသည်ကပိုကောင်းသည်။ ကျိအန်းနဉ် ယွီရှားကိုမြင်သည့်အခါ သူမစိတ်ခံစားချက်ကိထိန်းချုပ်နိုင်မည်ဟု မထင်ပေ။
"ရှင့်မှာ ရန်သူတွေရှိလား..."
ကျိအန်းနဉ် ပြေးစက်ပေါ်က ဆင်းလာပြီးသည့်နောက် ၀မ်ယွီကို မေးလိုက်သည်။
၀မ်ယွီက မေးလာသည်။
"ဒါကို ဘာလို့ ရုတ်တရက်ကြီးမေးတာလဲ..."
"ဒီတိုင်း သိချင်ရုံတင်ပါ... တကယ်လို့ ရှင့်မှာရန်သူတွေရှိခဲ့ပြီး သူတို့က တစ်ခုခု အန္တရာယ်ပေးခဲ့ဖူးတယ်ဆိုရင် အရင်က ဘယ်လိုများ လက်တုံ့ပြန်ခဲ့လဲ..."
ကျိအန်းနဉ်က ပြောလိုက်သည်။
" ကိုယ့်ကို အန္တရာယ်ပေးတယ်တဲ့လား... တကယ်လို့တစ်ယောက်ယောက်က ကိုယ့်ကိုအန္တရာယ်ဖြစ်စေပြီးတော့ သူလည်း အသက်ရှင်နေတုန်းပဲဆိုရင် ဒါကတကယ်အံ့သြဖွယ်ရာပဲ..."
၀မ်ယွီ ရယ်လိုက်သည်။
"ဒါကလုံး၀မဖြစ်နိုင်လောက်စရာပဲ... ကိုယ့်ကို အန္တရာယ်ဖြစ်စေတဲ့လူတိုင်းအခုချိန်ဆို သေနေလောက်ပြီ..."
၀မ်ယွီက ယခုဟာသပြောနေကြောင်း ကျိအန်းနဉ်သိသည်။သူက လူတစ်ယောက်ယောက်ကို သတ်ပစ်မည်ဟု မည်သည့်အခါမှ တွေးနေမည့်လူ မဟုတ်ချေ။
နောက်ဆုံးတွင်မူ လူမှုအဖွဲ့အစည်းက ဥပဒေအောက်တွင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံ သူတို့နှင့်ထိုက်တန်သည့်ပြစ်မှုအတွက် အပြစ်ပေးခြင်းကို လက်မခံရန်အတွက် ဥပဒေကိုလက်တစ်လုံးခြားလုပ်ပြီး အသုံးချနေကြဆဲပင်။
"မင်း တစ်ယောက်ယောက်နဲ့များ ရန်ငြှိုးရှိနေတာလား... မင်းတို့အတန်းထဲကမိန်းကလေး စွန်းယာရှန့်များလား..."
၀မ်ယွီက ယခုအချိန်တွင် စွန်းယာရှန့်၏နာမည်ကို မှတ်မိနေခဲ့သည်။
"မဟုတ်ပါဘူး သူကအနှောင့်အယှက်တစ်ခုသာသာပါပဲ..."
ကျိအန်းနဥ် ငြင်းဆိုလိုက်သည်။
စွန်းယာရှန့်က မုန်းဖို့ကောင်းသော်လည်း သူမကတစ်ယောက်ယောက်ကို တရားမ၀င်ဆေးခတ်ရန် သတ္တိမရှိပေ။ ယွီရှား အဘယ့်ကြောင့် ထိုလုပ်ရပ်မျိုး လုပ်ခဲ့သည်ကို ကျိအန်းနဉ် ယခုထိ ရှာမတွေ့သေးပေ။
သူ ဘာကြောင့် အဲဒီလို့လုပ်ခဲ့တာလဲ... အဲဒီလိုလုပ်လိုက်တော့ ဘာအကျိုးတွေများ ရလို့လဲ...
ကျိအန်းနဉ်က ထိုသို့ပြောသော်လည်း ၀မ်ယွီက စွန်းယာရှန့်ကို သူ့စိတ်ထဲတွင် မှတ်ထားဆဲဖြစ်သည်။
သူက ၎င်းကိုထုတ်မပြဘဲ မေးလိုက်သည်။
" ကန်တင်းမှာ အားလုံးအဆင်ပြေတယ်မလား..."
" ကျွန်မ ဒီနေ့နေ့လည်သွားခဲ့ပြီးပြီ... ပြီးတော့ အားလုံးလည်း အခြေတကျဖြစ်သွားပြီ..."
ကျိအန်းနဉ်က ပြန်ဖြေလိုက်သည်။
ကန်တင်းတွင်မူ နေ့တိုင်းအလုပ်လုပ်စရာမလိုသည့်အပြင် ကျောင်းသားများက သူတို့၏ ကိုယ်ပိုင်အတန်းချိန်နှင့်လည်း ချိန်ညှိနိုင်သည်။ ကျိအန်းနဉ်အတွက် နေ့လည်ခင်းအားလပ်ချိန်များစွာရှိလာသည်။ ထို့အပြင် လူစားထိုးလုပ်ပေးစရာမလိုပါက စောစီးစွာသွားရန် မလိုအပ်ချေ။
သူမ စာလေ့လာသည့်ကိစ္စတစ်ခုတည်း အပေါ်တွင် အာရုံစိုက်ထား၍ရသည်။၀မ်ယွီက အလွန်ပျော်နေသည်။
"မင်း ကတိပေးထားတာကိုသတိရနော်... ကိုယ်
တို့ အခုကနေစပြီး ထမင်းအတူတူစားကြမယ်..."
"နေ့လည်စာပဲရမယ်...ညစာကတော့ မဖြစ်နိုင်ဘူး... ကျွန်မ အိမ်ပြန်ပြီး အဖွားအတွက် ထမင်းနွေးပေးရဦးမှာ..."
ကျိအန်းနဥ်က ပြောလာသည်။
သူမ တွေးမိသည်။ အကယ်၍ သူမထံ၌ အချိန်လုံလုံလောက်ရှိပါက သူမအဖွားအတွက် ညစာချက်ပေးနိုင်သည်။ လတ်ဆတ်သည့်အစားအစာများက ကျန်းမာရေးနှင့်ညီညွတ်သည်။
၀မ်ယွီက ကျစ်ခနဲ အသံမြည်အောင်လုပ်ပြီးပြောလာသည်။
"ဒီမှာထိုင်ချလိုက်... ဒီဟာကို မင်းဒီလိုသုံးရမယ်..."
ကလပ်လေ့ကျင့်ခန်းထဲတွင် ၀မ်ယွီက ကျိအန်းနဉ်ကို ကြံ့ခိုင်ရေးပစ္စည်းများ အသုံးပြုပုံကို သင်ပြပေးနေသည်။
ဤတစ်ပတ် အားလပ်ရက်အတောအတွင်း ၀မ်ယွီက ကျိအန်းနဉ်အတွက် လေ့ကျင့်ရေးအစီစဉ်ကို ပြင်ဆင်ခဲ့သည်။ ကြွက်သားလေ့ကျင့်ခန်းကို သူမအား လေ့ကျင့်ပေးနေလျက် ပြောလာသည်။
"ကိုယ်တွေးထားတာရှိတယ်... မင်းအချိန်ပိုင်းအလုပ်တွေရှာနေမယ့်အစား ကိုယ်မင်းအတွက်အလုပ်တစ်ခုပေးမယ်ဆိုရင်ရော..."
ကျိအန်းနဉ် သူ့ကိုတစ်ချက်ကြည့်ပြီး မေးလာသည်။
"ရှင် ဘာများ စီစဉ်ထားတာလဲ..."
၀မ်ယွီက ချမ်းသာသည့်မိသားစုကလာပြီး ကိုယ်ပိုင်ကုမ္ပဏီအများအပြားရှိသည်ကို ကျိအန်းနဉ်သိသည်။ သို့ရာတွင် ကုမ္ပဏီများ၏ အလုပ်လုပ်ချိန်က မနက် ၉နာရီမှ ညနေ၅နာရီဖြစ်သည်။ သူမက ကျောင်းသူဖြစ်၍ အားသည့်အချိန် အချိန်ပိုင်းသာလုပ်နိုင်သည်။
ဝမ်ယွိီ၏ကိုယ်ပိုင် ကုမ္ပဏီတွင် အချိန်ပိုင်းအလုပ်ရှိသည်ကို ကျိအန်းနဥ် မသိချေ။ သို့ရာတွင် တက္ကသိုလ်ကျောင်းသားတစ်ယောက် ကုမ္ပဏီတွင် အချိန်ပိုင်းအလုပ်လုပ်ခြင်းက အပြင်တွင် သူမကိုယ်တိုင် အချိန်ပိုင်းအလုပ်ရှာခြင်းနှင့် မခြားနားပေ။
သို့သော် ကျိအန်းနဉ်ထံတွင် လုပ်စရာများများစားစားမရှိပေ။ သူမက လွန်ခဲ့သည့်တစ်လကမှ အထက်တန်းကျောင်းမှ တက္ကသိုလ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမထံတွင် ပရော်ဖက်ရှင်နယ်ဗဟုသုတ သို့မဟုတ် အထူးစွမ်းရည်မျိုးမရှိပေ။
"အင်း... ကိုယ်ကတစ်ပတ်ကို နှစ်ကြိမ်၊သုံးကြိမ်လောက် ကုမ္ပဏီကိုသွားတယ်... မင်းကို ကိုယ့်ရဲ့အတွင်းရေးမှုး အဖြစ် စီစဉ်ပေးမယ်ဆိုရင် ရောဘယ်လိုလဲ...လစာကိုတော့ မစိုးရိမ်ပါနဲ့..."
"ထားလိုက်ပါတော့ ကျွန်မ ရိုးရိုးသားသားပဲပိုက်ဆံရှာချင်တယ်..."
ကျိအန်းနဉ် သူ့ကိုတစ်ချက်ကြည့်ပြီး ပြောလာသည်။
ဘယ်လို အတွင်းရေးမှုးမျိုး လုပ်ရမှာလဲ ၉နာရီကနေ ၅နာရီအထိလည်း သူ့နောက်ကို မလိုက်နိုင်ဘူးလေ...
၎င်းက သူမကို ပိုက်ဆံပေးရန်အတွက် နည်းလမ်းတစ်ခုသာ ဖြစ်နိုင်သည်။
၀မ်ယွီက တစ်ယောက်ယောက်အတွက် အလုပ်တစ်ခုကို
မည်သည့်အခါမှ အလကား မလုပ်ပေးချေ။ သူမကန်တင်းမှာအလုပ်လုပ်ရန်အတွက် သူ့ထံမှ ထောက်ခံမှုရယူထားသည့်အတွက် သူက သူမကို နေ့တိုင်းထမင်းအတူစားရန်ပြောလာသည်။ အကယ်၍ သူမသာ အတွင်းရေးမှုးဆိုသည့်ခေါင်းစဥ်နှင့် သူပေးသောလစာကို လက်ခံလိုက်မည်ဆိုလျှင် မည်သို့ခက်ခက်ခဲခဲအရာများ တောင်းဆိုလာမည်ကို မသိနိုင်ပေ။
ကျိအန်းနဉ် သူ့ကိုကြည့်ပြီး သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်း လင်းလင်းမြင်နိုင်သည်။ ၀မ်ယွီ သူ့နှာခေါင်းကိုပွတ်ပြီး ကိုးရိုးကားရားနိုင်စွာရယ်လာသည်။
၀မ်ယွီက ကျိအန်းနဉ်အတွက် လေ့ကျင့်ရေးပရိုဂရမ်ကို ဂရုတစိုက်ဆွဲခဲ့ခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာနှင့် ကြွက်သားလေ့ကျင့်ရေးများကို ထည့်ပေါင်းပြီး သူမအတွက် အတိုက်အခိုက်စကေး၃ခုကို ရွေးချယ်ခဲ့သည်။ ၎င်းမှာ ပြိုင်ဘက်၏မျက်လုံး၊ လည်ချောင်းနှင့်ပေါင်ခြံကို ပစ်မှတ်ထားခြင်းဖြစ်သည်။
"မင်းရဲ့အသက်အရွယ်မှာ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ အခြေခံလည်းမရှိတော့ လေ့ကျင့်ရေးကနေအများကြီးသင်လို့ရမှာမဟုတ်ဘူး...ဒါပေမဲ့ မင်းရဲ့ပန်းတိုင်ကကိုယ့်ကိုယ်ကိုကာကွယ်ဖို့ပဲဆိုတော့ ဒီလှုပ်ရှားမှု၃ခုကိုပဲအာရုံစိုက်ရအောင်... သူတို့ကရိုးရှင်းပေမဲ့ အကျိုးသက်ရောက်မှုရှိတယ်..."
သူက အမှန်တရားကို ပြောပြလာသည်။
ဤလုပ်ရှားမှု(၃)ခုက အနည်းငယ်ရက်စက်သည်။ ကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်နိုင်သည့်အခါ အားကစားနယ်ပယ်တွင် ယှဉ်ပြိုင်သည်ထက်ကိုကျော်လွန်ပြီး ပြိုင်ဘက်ကို ထိထိရောက်ရောက်နာကျင်သွားအောင် ပြုလုပ်နိုင်သည်။
သို့သော် ၎င်းက ကျိအန်းနဉ်လိုချင်သည့်အရာဖြစ်သည်။
ကျိအန်းနဉ်က ယနေ့ “ပေါင်ခြံကန်ချက်”လှုပ်ရှားမှုကို ပထမဆုံးလေ့လာခဲ့သည်။ ထို့နောက်သဲအိတ်ကိုခြေထောက်နှင့်ကန်ပြီး ထပ်ကာထပ်ကာ လေ့ကျင့်နေသည်။
သဲအိတ်က သူမကို ရန်ငြိုးထားပုံရပြီး ကျိအန်းနဉ် သူမ၏ တိုက်ခိုက်မှုကို မထိန်းနိုင်ဘဲ ဖြစ်နေသည်။
ကိုယ်ခံပညာကလပ်၏ အဖွဲ့၀င်များက ထိုလှပသည့်မိန်းကလေးကိုကြည့်နေလျက် သူမ၏ခက်ထန်သည့် အမူအရာကို တွေ့ရှိသွားကြသည်။ ထို့နောက် စိတ်မအေးနိုင်ဘဲ သူတို့ခြေထောက်များကို စုလိုက်မိကြသည်။
( ပေါင်ကြားကို အကန်ခံရမှာစိုးလို့ပါ🥲 )
၀မ်ယွီက ဘေးနားတွင် မတ်တပ်ရပ်နေပြီး လက်ပိုက်ကာတိတ်တိတ်လေးရပ်ကြည့်နေသည်။
ထိုအချိန်တွင် သူကပျော်နေခြင်းလည်းမရှိသလို အံ့သြနေတာခြင်းလည်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်နေသည်။
ကျိအန်းနဉ်ကို ဒုက္ခတစ်ခုခုရောက်စေသည့်လူများကို သူသိပါက သူတို့ကိုသတ်ပစ်မည်ဟု ၀မ်ယွီက တွေးထားတာဖြစ်သည်။ သို့သော်လည်း ကျိအန်းနဉ်က ထိုခေါင်းစဉ်ကိုရှောင်ရှားပြီး မပြောပြချင်နေသည့်အတွက် သူလည်း သူမကို တွန်းအားမပေးချင်တော့ပေ။
ရုတ်တရက် သူမအစောပိုင်းက ဖော်ပြခဲ့သည့် “ရန်သူ”ဟူသည့်အရာကို သူ သတိရသွားသည်။
အဲဒီတိုက်ဆိုင်တာနဲ့ ဆက်စပ်နေတာဖြစ်နိုင်လောက်လား...
၀မ်ယွီ၏ မျက်လုံးများက နက်မှောင်နေပြီး ပြောမပြနိုင်သည့်အမူအရာကို ထုတ်ပြထားသည်။
လေ့ကျင့်ရေးကပြီးဆုံးသည့်အခါ ကလပ်အဖွဲ့၀င်များက နှစ်ယောက် သို့မဟုတ် သုံးယောက်စုပြီး ထွက်သွားကြသည်။
ကျိအန်းနဉ်က ချွေးများဖြင့်ရွှဲရွှဲနေပြီး သူမ၏ကြွက်သားများကလည်း နာကျင်နေသည်။ ၀မ်ယွီက “ဒီနေ့အတွက်လုံလောက်ပြီ”ဟု ပြောလာသည့်အခါ သူမ အ၀တ်အစားကိုလဲရန်အတွက် ထွက်သွားလိုက်သည်။
အ၀တ်စားလဲပြီးနောက် သူမလှည့်ပတ်ကြည့်လိုက်သည့် အခါ လူအများစုက ထွက်သွားကြပြီးပြီဖြစ်ကြောင်းသိလိုက်ရသည်။ ၀မ်ယွီကလည်း အ၀တ်အစားလဲပြီး ချန်းဟောင်နှင့် စကားပြောနေသည်။ ယောက်ျားလေးများက အမြဲတမ်း အ၀တ်လဲသည့်နေရာတွင် မြန်ဆန်ကြသည်။
သူမထွက်လာသည်ကို မြင်သောအခါ သူကပြောလာသည်။
“ငါကချန်းဟောင်ကို ကိုယ့်ကိုယ်ကာကွယ် ကာကွယ်တဲ့အကြောင်းပြောနေတာ... မင်းတို့မိန်းကလေးတွေက ပိုသွက်တော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ချွန်ထက်တဲ့ ဒါမှမဟုတ် မာကျောတဲ့ပစ္စည်းတွေကို လက်နက်အဖြစ် သုံးလို့ရတယ် ... ကောင်းကောင်းသုံးနိုင်မယ်ဆိုရင် ဒေါက်ဖိနပ်အချွန်ကတောင် သေစေနိုင်တယ် မင်း...”
သူ အောက်ကိုငုံ့ကြည့်လိုက်သည့်အခါ ကျိအန်းနဉ်က ဖိနပ်အပါးလေးကိုသာ စီးထားသည်ကို သတိပြုမိလိုက်သည်။
"..."၀မ်ယွီက သူပြောမည့်စကားလုံးများကို ပြန်မြိုချလိုက်ပြီး စကားပြန်ပြောင်းပြောလိုက်သည်။
“မင်းကိုယ်ပေါ်မှာ တစ်ခုခုရှိလား ရှာကြည့်လိုက်ဦး...ကိုယ် လက်တွေ့ပြပေးမယ်...”
ကျိအန်းနဉ်က သူ့ကျောပိုးအိတ်ထဲ နှိုက်လိုက်ပြီး ဘောပင်တစ်ချောင်းကို ထုတ်လာရင်း ပြောလိုက်သည်။
“ ကျွန်မ ဒါကို ဘတ်စ်ကားပေါ်က လူဆိုးကိုတွေ့ရင်သုံးလိုက်မယ်... သူ့လက်ကိုထိုးပြီး သွေးထွက်အောင်လုပ်လိုက်မယ်လေ...”
“မဆိုးပါဘူး... ချွန်ထက်တဲ့ ပစ္စည်းတွေကို လက်နက်အဖြစ်သုံးလို့ရတယ်...”
၀မ်ယွီကပြောပြီး သူမလက်ထဲမှ ဘောပင်ကိုယူကာ သူ့လက်ထဲချိန်ဆနေသည်။
ချိန်ဆပြီးနောက် လက်ထဲတင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့လက်ကိုပြောင်းပြန်လှန်လိုက်သည်။
တစ်ခုခုကို ထိုးဖောက်လိုက်သည့်အသံက ကျိအန်းနဉ်ကိုခိုက်ခိုက်တုန်သွားစေသည်။
သူမ ထပ်မံကြည့်လိုက်သည့်အခါ ဘောပင်က သဲအိတ်ကို ထိုးဖောက်ထားပြီဖြစ်သည်။ ဘောပင်တစ်၀က်သာ အပြင်မှာရှိနေပြီး သဲအိတ်ကလည်း အနည်းငယ်လှုပ်ယမ်းနေသည်။
ကျိအန်းနဉ်နှင့် ချန်းဟောင်နှစ်ယောက်စလုံး ကြက်သေသေသွားသည်။
၀မ်ယွီက ပြောလာသည်။
“ကြည့်ပါရစေဦး... မင်းမှာတခြားဘာရှိသေးလဲဆိုတာ...”
သူပြောသလိုပင် သူက ကျိအန်းနဉ်၏အိတ်ထဲ မွှေနှောက်ရှာ နေသည်။ ကျိအန်းနဉ်၏ အမူအရာက အသိစိတ်မကပ်နေသည့်ပုံနှင့်တူသည်။
ကျိအန်းနဉ်က သူ့အပြုအမူကိုရှော့ခ်ရသွားပြီး အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။ သူမသတိ၀င်လာသည့်အချိန် ၀မ်ယွီက သူမဖုန်းကို ထုတ်ပြီးနေပြီဖြစ်သည်။
“ဒီဖုန်းကိုလည်း လက်နက်အဖြစ် သုံးလို့ရတယ်...”
၀မ်ယွီက သူမကသူ့ကို ရပ်တန့်ရန် မပြောနိုင်သေးမီပြောလိုက်ပြီး သူမဖုန်းကို အုတ်ခဲတစ်လုံးသဖွယ် ကောက်ကိုင်လိုက်သည်။ ထို့နောက် ၎င်းကို သဲအိတ်ဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်သည်။
ကျယ်လောင်သည့်အသံ ပေါ်ထွက်လာသည်နှင့်အတူသူ၏အားမည်မျှပင် အသုံးပြုလိုက်သည်ကို ပြနေသည်။
ကျိအန်းနဉ် ကြက်သေသေနေမိသည်။
ကံအားလျော်စွာ သဲအိတ်က မာကျောသော်လည်း ပျော့ပျောင်းမှု အနည်းငယ်ရှိသည်။ ပြည်တွင်းထုတ်ခေါက်ဖုန်းလေးက ၎င်း၏ပုံပန်းသွင်ပြင်ကို ထည့်မတွက်လျှင်ပင်မူ အုတ်ခဲတစ်လုံးကဲ့သို့ အသုံးမပြုနိုင်ပေ။
ထိုးစိုက်မှုနှင့်အတူ သဲအိတ်က လှုပ်ယမ်းနေသည်။ သို့သော်သူမ၏ခေါက်ဖုန်းက နဂိုအတိုင်း ကျန်ရှိနေသေးသည်။
၀မ်ယွီ"..."
ချန်းဟောင်"..."
၀မ်ယွီက မတုန်မလှုပ်အနေနှင့်ပင် ပြောလိုက်သည်။
“မင်းမြင်တဲ့အတိုင်းပဲ ပြည်တွင်းထုတ်ဖုန်းတွေက တော်တော်လေးခိုင်ခံ့တယ်... သူ့ကိုအုတ်ခဲတစ်လုံးကိုသုံးပြီး ရန်ဘက်ရဲ့ခေါင်းကိုထုချလိုက်...ဒီလိုမျိုး....."
စကားပြောနေလျက် သူ့ခြေဖ၀ါးကို စတင်ရွေ့လိုက်သည်။
ကျိအန်းနဉ်က ရုတ်တရက် သူပြုလုပ်ချင်သည့်ရည်ရွယ်ချက်ကိုသိသွားသည်။
“မလုပ်နဲ့...”
သူမက လက်ဆန့်ထုတ်လိုက်သည်။
၀မ်ယွီက ၎င်းကိုပြုလုပ်ရန် ရည်ရွယ်ထားပြီးပြီဖြစ်၍ သူမ သူ့ကိုရပ်တန့်ရန် အခွင့်အရေးမပေးပေ။
သူပြောသည့်စကား“ဒီလိုမျိုး...”ဟု မဆုံးသေးခင် သူကကျိအန်းနဉ်၏ခေါက်ဖုန်းကို ဆတ်ခနဲဆွဲယူပြီး အားကစားလုပ်သည့်ကိရိယာအပေါ် အားအပြည့်နှင့် တမင်တကာရိုက်ချိုးလိုက်သည်။
ဘန်း...ခရက်...
နောက်ဆုံးတွင် ဖုန်းမျက်နှာပြင်က မျှော်လင့်ထားသည့်အတိုင်း အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။
ဟူး...
၀မ်ယွီ စိတ်သက်သာရာရသွားသည်။ ကျိအန်းနဉ်၏ ခေါက်ဖုန်းက သူ့ကိုအချိန်အတန်ကြာအောင် စိတ်ရှုပ်စေခဲ့ခြင်းဖြစ်သည်။
“အို့စ်... ငါမင်းဖုန်းကို ခွဲလိုက်မိပြီ...တောင်းပန်ပါတယ်...”
သူ မရိုးမသားနှင့်တောင်းပန်လိုက်သည်။ ထို့နောက် သူကချန်းဟောင်ဘက်ကိုလှည့်လိုက်ပြီး မေးလိုက်သည်။
“ငါတို့ကလပ်မှာ ဖုန်းအပိုရှိတယ်မလား... အဲ့ဒါ ဘယ်နေရာမှာလဲ... အန်းနဉ်အတွက်ယူလာပေးလိုက်လေ...”
ချန်းဟောင်ကလည်း ဟန်ဆောင်လိုက်သည်။
“ငါထင်တာတော့ အံဆွဲထဲမှာရှိသလိုပဲ... ငါ ရှာကြည့်လိုက်ဦးမယ်..."
အမျိုးမျိုးသော ပစ္စည်းများကို သိမ်းဆည်းထားသည့် နံရံဘေးရှိ ဗီရိုဆီသို့ သူသွားကာ အမြန်ရှာဖွေပြီးနောက် အံ့သြဟန်ဆောင်ကာ ပြောလာသည်။
"ဒီမှတွေ့ပြီ..."
သူက ဘူးသေးသေးလေးတစ်လုံးနှင့်အတူ ပြန်လာသည်။
“ဒီမှာ အန်းနဉ် ဒီဖုန်းကိုသုံးလိုက်ပါ... အစ်ကို၀မ်ရဲ့လက်တွေ ဘယ်လောက်တောင်ယုတ်မာလဲဆိုတာ ကြည့်လိုက်... မင်းရဲ့ဖုန်းက အခု သုံးမရတော့ဘူး..."
ကျိအန်းနဉ်က ချန်းဟောင်လက်ထဲမှ ဘူးလေးကို စိုက်ကြည့်နေသည်။
၎င်းသည် အဖြူရောင်အသစ်စက်စက်ဖြစ်ပြီး ယခုထွက်ရှိထားသော သစ်သီးပုံစံဖုန်း၏ နောက်ဆုံးမော်ဒယ်ဖြစ်ဖွယ်ရှိသည်။
ဇာတ်ကွက်က စုတ်ချာနေပြီး မင်းသားနှစ်ယောက်၏ သရုပ်ဆောင်စွမ်းရည်လည်း ညံ့ဖျင်းသည်။
ကျိအန်းနဉ် မျက်နှာတစ်ဝက်ကို လက်ဖြင့်အုပ်ကာ ဘာပြန်ပြောရမည်မသိတော့ပေ။
သူမ ပါးစပ်ကိုပိတ်ထားလိုက်သော်လည်း မထိန်းနိုင်ဘဲ ရယ်မောမိကာ ဤလူနှစ်ယောက်၏ မိုက်မဲမှုကြောင့် သူမ အမှန်တကယ် ကြည်နူးနေမိသည်။
ချန်းဟောင်သည်လည်း သူ၏ရယ်မောခြင်းကို ထိန်းထားရန် ရုန်းကန်နေရဆဲဖြစ်ပြီး၊ ၀မ်ယွီက သူ့ပါးပြင်ကို လျှာဖြင့်ထိုးထားကာ သူ့အကြည့်များက မျက်နှာကြက်ဆီသို့ လွင့်ပျံသွားခဲ့သည်။ သူ့ပါးစပ်က တွန့်လိမ်နေပြီး သူ၏ ဟန်ဆောင်မှုမှာ ပျက်ယွင်းလုနီးပါး ဖြစ်နေသည်။
ဝမ်ယွီ၏ အပြုအမူကို ကြည့်ပြီး ကျိအန်းနဉ် သူမ၏ ရင်ခုန်သံများ တုန်ခါသွားသလို ခံစားလိုက်ရသည်။
သူမ၏ဖုန်းက ဝမ်ယွီ၏လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး သူ၏သွယ်လျသောလက်ချောင်းများကြားတွင် အထပ်ထပ် လှန်နေသည်။ ကျိအန်းနဉ် ဝမ်ယွီကို စိုက်ကြည့်ကာ သူ့လက်ထဲမှ ဖုန်းကို ပြန်ယူပြီး လှည့်ထွက်ပြေးသွားခဲ့သည်။
ဝမ်ယွီက နောက်ဆုံးတွင် ဟန်ဆောင်နေသည်ကို ချိုးဖျက်ကာ ရယ်မောလိုက်သည်။
ချန်းဟောင်၏လက်ထဲမှ ဖုန်းကို လုယူလိုက်ပြီး "မနက်ဖြန် သဲအိတ်အသစ် လဲလိုက်" ဟူသော မှတ်ချက်ဖြင့် ကျိအန်းနဉ်နောက်ကို လိုက်သွားလေသည်။
ချန်းဟောင်သည်သာ အဆောက်အဦးငယ်တွင်ကျန်ခဲ့သည်။ သူက သဲအိတ်ထဲမှ ထွက်လာသော ဘောပင်၏ တစ်ဝက်ကို လက်နှစ်ဖက်ပိုက်၍ ထိုနေရာတွင် ရပ်နေကာ အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် လက်ဖြင့် ဘောပင်ကို အတင်းဆွဲထုတ်လိုက်သည်။
သူ မျှော်လင့်ထားသည့်အတိုင်း သဲများက ရေတံခွန်ကဲ့သို့ လျှံထွက်လာပြီး ကြမ်းပြင်ကို ဖုံးအုပ်သွားသည်။
ဘုရားရေ... ဇာတ်ညွှန်းထဲမှာ သဲအိတ်ပျက်စီးသွားမယ်ဆိုတာ မပါဘူးလေ...
သဲအိတ်အသစ်ဝယ်ပြီး ပြန်ချိတ်ထားဖို့က ဒုဥက္ကဌဆိုတဲ့ ငါ့တာဝန်ပါပဲလေ...
အစ်ကိုကြီး၀မ်ကတော့ ကောင်မလေး နောက်ကိုလိုက်ဖို့ပဲလိုတာ...
###