🤚Chapter 40
အရပ်မြင့်မြင့်နှင့် ရှည်လျားသော ခြေတံရှည်များဖြင့် ဝမ်ယွီက ခြေလှမ်းအနည်းငယ်အတွင်းပင် ကျိအန်းနဉ်ကို ဖမ်းမိလိုက်သည်။
“ခဏစောင့်ပါဦး...မင်း စိတ်ဆိုးသွားတာလား..."
သူက သူမကို လှမ်းဆွဲလိုက်သည်။
ကျိအန်းနဉ်က ဝမ်ယွီကို ကြည့်ရန်လှည့်လာသည်။ သူမ၏ နှုတ်ခမ်းများက ပြုံးနေသေးသော်လည်း အားကိုးရာမဲ့သည့် ခံစားမှုမျိုးလည်း ရှိနေသေးသည်။ သို့သော် သူမ စိတ်ဆိုးခဲ့သည်မှာ သေချာသည်။
ဝမ်ယွီ စိတ်သက်သာရာ ရသွားသည်။
“မင်းဖုန်းကို မေ့သွားတယ်...”
သူက အရှက်မရှိ ကြွားလုံးထုတ်ရင်း လက်ထဲတွင်ရှိသော
ဘူးလေးကို ဝှေ့ယမ်းလိုက်သည်။
ကျိအန်းနဉ်က သူ့ကို ရယ်မောလုနီးပါး ဖြစ်သွားပြန်သည်။ကူကယ်ရာမဲ့စွာနှင့် မျက်နှာကို ပွတ်သပ်ရင်း ခဏတွေးပြီး ပြောလိုက်သည်။
"ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
"ဟင်..."
၀မ်ယွီ နားမလည်ပေ။
"ကျေးဇူးတင်ပါတယ်..."
ကျိအန်းနဉ် နူးနူးညံ့ညံ့လေးပြောလိုက်သည်။
"ကျွန်မရဲ့ သေးသိမ်တဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုလေးကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပေးတဲ့အတွက်ပါ..."
သူမ၏ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုအတွက် အရေးမစိုက် မထီမဲ့မြင်ပြုတတ်သည့် ငယ်ရွယ်သည့်သခင်လေးက ဤကဲ့သို့ သနားစရာကောင်းလောက်အောင် ဒုက္ခခံသရုပ်ဆောင်ပေးခဲ့သည်။
“သေးသိမ်တဲ့ကိုယ်ကိုယ်ကိုတန်ဖိုးထားမှု ” ဤစကားလေးလုံးလေးက ခါးသက်မှုအရိပ်အမြွက်လေးကို သယ်ဆောင်နေသည်။ ၀မ်ယွီက ထိုစကားလုံးများကိုကြားသည့်အခါ ချက်ချင်း ၀မ်းနည်းသွားသည်။ ယုံကြည်မှုဖြင့် အမြဲတမ်းပြည့်နေသည့် လူတစ်ယောက်ဖြစ်သောဝမ်ယွီက ထိုစကားကို နေသားတကျမဖြစ်သေးပေ။
သူ့ကို စိတ်မကောင်းဖြစ်သွားအောင် လုပ်လိုက်မိတာလား...
ကျိအန်းနဉ်က သူမ၏ဆံပင်ကိုထိပြီး ကူကယ်ရာမဲ့သောအပြုံးနှင့် ပြုံး၍မေးလိုက်သည်။
“ ကျွန်မ အရမ်းများကြောင်သူတော်ဆန်သွားလား..."
“မဟုတ်ပါဘူး...”
၀မ်ယွီ တွန့်ဆုတ်နေပြီးမှပြောလိုက်သည်။
“သာမန်ပါပဲ...”
သူ၏ ရှေ့နောက်မညီသော အဖြေကိုကြည့်ပြီး ကျိအန်းနဉ် သဘောပေါက်စွာပြုံးလိုက်သည်။
သူမက အမှန်တကယ်ပင် ဒေါသလည်းမထွက်သလို
စိတ်မကောင်းလည်းမဖြစ်ပေ။ အတွေ့အကြုံများစွာရှိထားခဲ့ပြီး သေခြင်းတရားနှင့်ပင် ရင်ဆိုင်ရပြီးသည့်နောက် သူမ၏မိမိကိုယ်ကိုယ်ကို တန်ဖိုးထားမှုအတွက် ယခင်ဘဝကကဲ့သို့ အလွန်အမင်းဆတ်ဆတ်ထိမခံ မဖြစ်တော့ပေ။
သူမ ယနေ့တွင် ဤကိစ္စကြောင့် ပိုပြီးစိတ်လှုပ်ရှားခဲ့သည်။သူမ ၀မ်ယွီ၏ မတူညီအခြားတစ်ဖက်ခြမ်းကို မြင်ခဲ့ရသည်။
ကျိအန်းနဉ်၏ နှလုံးသားထဲတွင် ဝမ်ယွီက အခြားသူများ၏ ခံစားချက်ကို ဂရုမစိုက်၊ နှစ်သက်သည့်အတိုင်းလုပ်ကာ မဆင်မခြင် ပြုကျင့်သူဖြစ်သည်။ သူမ၏ ပျက်စီးလွယ်သော မိမိကိုယ်ကို လေးစားမှုကို ဤမျှသတိထားပြီး ကာကွယ်နေလိမ့်မည်ဟု သူမ မျှော်လင့်ခဲ့ပေ။
ဖြစ်စဉ်က ကိုးရိုးကားရားနိုင်ပြီး ရယ်မောရသော်လည်း ထိန်းချုပ်၍မရနိုင်သည့် ခါးသီးမှုအရိပ်အမြွက်က သူမနှလုံးသားထဲတွင် ထွက်ပေါ်လာသည်။
ထို့ကြောင့် သူမ အသက်ရှုရန်နေရာနှင့် အချိန်ရရန်အတွက် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ကျိအန်းနဥ်က ၀မ်ယွီ၏ ထူထဲသော မျက်ခုံးမွှေးနှင့် ချောမောသော မျက်လုံးများကို စိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများက မြူမှုန်များ ဖုံးလွှမ်းထားသည့်သဖွယ် ဖြစ်နေပြီး နားမလည်နိုင်သော ခံစားချက်များကို အောက်ဘက်တွင် ဖုံးကွယ်ထားသည်။
ဤညင်သာသောအကြည့်ကြောင့် ဝမ်ယွီမှာ အချိန်များ နှေးကွေးသွားသည်ကို ခံစားလိုက်ရသည်။ သူ့နှလုံးခုန်သံကလည်း ထူးထူးခြားခြား နှေးကွေးလာသည်။ သူမအပေါ်ထားသည့် သူ့ခံစားချက်များကို သူမလက်ခံထားပြီဖြစ်ကြောင်း သူသိသည်။
လေက ကျိအန်းနဉ်၏နဖူးကို တိုက်ခတ်လာကာ သူမအကြည့်များက သူ့ကို သူမအား နမ်းချင်လာအောင် ပြုလုပ်နေသည်။
သို့သော် ဝမ်ယွီက မဝံ့မရဲဖြစ်နေပြီး ဤအခိုက်အတန့်တွင် ငြိမ်သက်မှုကို မနှောင့်ယှက်လိုပေ။ ထူးထူးခြားခြား ပျော့ပျောင်းနေပုံရသည့် မိန်းကလေးကို သူ အရိုင်းဆန်စွာ မဆက်ဆံချင်ပေ။
သူမ သန်မာနေချိန်၌မူ သူက သူမအား အနိုင်ယူရန်၊ ဖျက်ဆီးရန်၊ ပိုင်ဆိုင်ရန်၊ သူမ၏ မျက်နှာဖုံးများ အားလုံးကို ထုတ်ဖော်ပြသချင်ခဲ့သည်။
သို့သော် သူမဘက်မှ အလွန်ပျော့ပျောင်းလာသောအခါတွင်မူ မဆင်မခြင် ပြုမူဝံ့ခြင်းမရှိဘဲ သတိကြီးစွာ ပြုမူခဲ့သည်။
နူးညံ့လှသော ဤအကြည့်က ရုတ်တရတ်တိုက်ခတ်လာသော ညလေပြင်းနှင့် အဆုံးသတ်သွားသည်။
သူတို့ နှစ်ယောက်လုံး လေ့ကျင့်ခန်းပြီးသွား၍ ဆံပင်အမြစ်များမှာ ချွေးများဖြင့် စိုစွတ်နေသေးပြီး လေအေးများ တိုက်လာသောကြောင့် ၀မ်ယွီနှင့်ကျိအန်းနဥ်က
သူတို့၏ခေါင်းကိုလှည့်ပြီး တစ်ချိန်တည်း နှာချေလိုက်ကြသည်။
ကျိအန်းနဉ်မှာ ယမန်နေ့ညက အေးစက်သွားသောကြောင့် ယနေ့တွင် ဂျာကင်အင်္ကျီကို တမင်တကာ ပို၀တ်ခဲ့သည် ။ သူမ ဦးထုပ်ကို အမြန်ဆွဲယူရန် လှမ်းဆွဲလိုက်သော်လည်း ၎င်းကို သူမလက်ဖြင့် မထိမိမှာပင် ၀မ်ယွီက သူ့လက်ကိုမြှောက်လိုက်ပြီး ဦးထုပ်ကို သူမ ခေါင်းပေါ်တင်ပေးခဲ့သည်။
“မင်းရဲ့ အင်္ကျီကို မြန်မြန်ဇစ်ဆွဲ...”
သူ ပြောလိုက်သည်။ကျိအန်းနဉ်က ဇစ်ကို ဆွဲတင်လိုက်ပြီး သူမ ငုံ့ကြည့်နေစဉ် ၀မ်ယွီက စိုးရိမ်ပူပန်မှုမရှိဘဲ ဖုန်းအသစ်ကို သူမ၏ တစ်ဝက်ပွင့်နေသော ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။
ကျိအန်းနဉ်က သူ့ကို မော့ကြည့်လိုက်သည်။
ဝမ်ယွီက အသံလွင်လွင်ဖြင့် ရယ်နေကာ သူ့မျက်လုံးများက အောင်ပွဲခံမှု ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
“သူတော်ကောင်းဖြစ်ချင်ရင် ကြောင်သူတော်ဖြစ်ပါ... ကိုယ် စိတ်မဆိုးပါဘူး...”
ထိုစကားများပြောနေလျက် သူ့မျက်လုံးများက အမှောင်ထဲတွင် စူးစူးရဲရဲ တောက်ပနေသည်။ သူ့နှုတ်ခမ်းပေါ်ရှိ အပြုံးက ယုံကြည်မှုအပြည့်ဖြစ်နေသည်။
“မင်း က်ြိုက်သလောက် ကြောင်သူတော် ဖြစ်နိုင်တယ်... မင်းရဲ့ အယောင်ဆောင်တဲ့ဘက်ခြမ်းကို ကိုယ် တကယ်ကြိုက်တယ်..."
"မင်းသိလား... မင်းစိတ်လှုပ်ရှားနေရင် ငါ သဘောကျတာကိုလေ..."
သူ၏ ကံံကောင်းမှုကို အရှက်မဲ့စွာ တွန်းထုတ်နေပြန်သည်။
"ဒါဆို အခု ကိုယ့်ရည်းစားဖြစ်ပေးရင်ရော ဘယ်လိုလဲ..."
ကျိအန်းနဉ်က သူ၏ နောက်တီးနောက်တောက်အမူအရာကို မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ၏အပြုံးက လရောင်ကဲ့သို့ ဖြူစင်ပြီး လှပနေသဖြင့် ဝမ်ယွီ၏ နှလုံးသားကို ရင်ခုန်သံမှားယွင်းသွားစေသည်။
ကျိအန်းနဉ်က အမှန်တကယ် ရင်ထဲထိမိသွားသော်လည်း သူမက ပြုံးကာ ငြင်းဆိုခဲ့သည်။
“မလုပ်ဘူး...”
၀မ်ယွီ "..."
ဝမ်ယွီ နင်သွားသလို ခံစားရသည်။
သို့သော်လည်း ကျိအန်းနဉ်က လက်ကိုလှမ်းလိုက်ပြီး ဝမ်ယွီ၏အဝတ်ကော်လံကို ဆွဲယူကာ သူ့အတွက် ပိတ်ပေးလိုက်သည်။
"ရှင့်အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ပါ..."
ဝမ်ယွီ၏အဝတ်အစားများက ဟနေဆဲဖြစ်ပြီး
အောက်ခံရှပ်အင်္ကျီလက်တိုတစ်ထည်သာ ရှိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အပူချိန်ကသိသိသာသာ ကျဆင်းသွားသော်လည်း သူက အ၀တ်များများမ၀တ်ထားဘဲ ပေါ့ပေါ့ပါးပါး ဝတ်ထားဆဲဖြစ်သည်။။
ဝမ်ယွီက သူမ စိတ်ပူနေသည်ကို တန်ဖိုးထားမိသွားသော်လည်း ယခုမှ ပူပူနွေးနွေး အငြင်းဆန်ခံထားရခြင်းဖြစ်၍ သခင်လေးတစ်ယောက်၏မာနကို ထိခိုက်သွားခဲ့သည်။ သူက နှာမှုတ်၍ သူ့ဦးထုပ်ကို ဆွဲချလိုက်ပြီး မကျေမချမ်းအသံနှင့်ပြောလိုက်သည်။
“မင်းရဲ့ အပြုအမူတွေကို သတိထားပါ... ကိုယ်က မင်းအတွက် အရေးပါတဲ့လူတစ်ယောက်လည်း မဟုတ်ဘူး..."
ယခင်ဘဝတွင်မူ ဤလူက သူမ၏ရှေ့တွင် အမြဲလိုလို မိုက်မဲပြီး ရက်စက်တတ်သူဖြစ်ကာ ဤကဲ့သို့ခေါင်းမာ၍ ကလေးဆန်သောဘက်ခြမ်းကိုလည်း မည်သို့သောအခါမှ မပြသခဲ့ပေ။ ကျိအန်းနဉ်က သူ၏ အနည်းငယ် ချစ်စဖွယ်ကောင်းသည့်အမူအရာကြောင့် ရယ်မောချင်စိတ်ကို ဖိနှိပ်ထားလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူက ကိုယ်လုံးကိုယ်ပေါက်ကြီးပြီး အတော်အတန်ပင် ကြောက်စရာကောင်းသည်။ ကျိအန်းနဉ်၏ နှုတ်ခမ်းများ တွန့်ကွေးသွားကာ သူ့ကို ဘေးတိုက်ကြည့်နေသည်။
" ရှင် ကြိုက်သလိုလုပ်လေ..."
သူမ၏စကားများက ဝမ်ယွီ၏နှလုံးသားကို တိုက်ရိုက်ထိမှန်ကာ တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
ဝမ်ယွီက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီးနှင့် ပြောလိုက်သည်။
" မင်းက ကိုယ့်ကို အမြဲတမ်း လာဆွနေတာပဲ..."
သူ စကားပြောနေစဉ်တွင် သူမ၏ ချောမွေ့သောလက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ အလွန်နူးညံ့သိမ်မွေ့မှုကြောင့် သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။
"မဟုတ်ဘူး... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့..."
ကျိအန်းနဉ်က ငြင်းဆိုသည်။ဝမ်ယွီက တုန်လှုပ်ခြောက်ခြားကာ ပြောလိုက်သည်။
“အဲဒီလိုဆိုရင် ကိုယ်နဲ့ဝေးဝေးနေပါ... စကားလည်း လာမပြောနဲ့... စိတ်အနှောင့်အယှက်လည်းမပေးနဲ့... ကိုယ့်အတွက် ဘာမျှော်လင့်ချက်မှလည်း မပေးနဲ့..."
ကျိအန်းနဉ် စကားမပြောနိုင်တော့ပေ။
သူမ ဤသို့ အမှန်တကယ်မလုပ်နိုင်ပေ။ သူမက သူနှင့်ဝေးရာတွင် မနေနိုင်ရုံသာမက ဝမ်ယွီနှင့် ပိုမိုနီးကပ်လာပြီး သူ့အကြောင်း၊ သူ့ပတ်ဝန်းကျင်ရှိလူများနှင့် သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့်အရာများကို ပိုမိုသိရှိလိုသည်။ ယခင်ဘဝက သူ ကျောင်းမှ ရုတ်တရက်ပျောက်ကွယ်သွားရခြင်းအကြောင်း၊ သူ မည်သည့်နေရာသို့သွား၍ မည်သို့ဖြစ်ခဲ့ကြောင်း သူမ သိချင်သည်။ ယန်ပေါ်နှင့် သူကြားက ဇာတ်လမ်းတွင် ရန်ငြိုးထားမှု သို့မဟုတ် ပဋိပက္ခများရှိခဲ့သည်လားကိုပါ သိချင်နေသေးသည်။
သူမ အမှန်တရားကိုကြိုတင်သိမြင်နိုင်စေရန် အရိပ်အမြွက်များနှင့် သဲလွန်စများကိုပင် ရှာဖွေတွေ့ရှိလိုပြီး သူ့ကိုသတိပေးကာ ရှောင်ရှားနိုင်သည့်အရာများကို ရှောင်ရှားနိုင်စေရန် ကူညီပေးချင်နေသည်။ ဤဘ၀တွင်မူ သူ့ကို ပျော်ရွှင်စေချင်သည်။
ဒီလိုလုပ်ဖို့ သူနဲ့ ဝေးဝေးနေလို့မရဘူး...
"တွေ့လား မင်း ဝေးဝေးမှာနေဖို့ အာမ မခံနိုင်ဘူး..."
ဝမ်ယွီ၏ မျက်လုံးများ တောက်ပလာပြီး သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ဖြစ်လာသည်။
" မင်း ကိုယ့်ကို သဘောကျတယ်ဆိုတာ ကိုယ်သိပါတယ်..."
သူ့ကိုယ်သူ အမွန်းတင်မှုက ကျိအန်းနဉ်ကို ခေါင်းကိုက်စေသည်။
ကျိအန်းနဉ် ပြောစရာစကားမဲ့သွား၍ သူမ၏လက်ကိုပြန်ဆွဲထုတ်ပြီး “ ရှင်က စိတ်ကူးယဉ်ဆန်လွန်းတယ်” ဟု ပြောပြီး ရှေ့ကိုလျှောက်သွားလိုက်သည်။ သူမ၏ဦးထုပ်ကို ချိန်ညှိလိုက်သောအခါ ၎င်း၏အစွန်းသည် လမ်းမီးတိုင်မှ အလင်းရောင်ဖျော့ဖျော့ကို ပိတ်ဆို့ကာ သူမ၏ လက်ဖဝါးအရွယ် မျက်နှာကို အရိပ်ထဲတွင် ဝှက်ထားသည်။
“ဟား...မင်းလက်မခံနိုင်ဘူးဆိုတာ ကိုယ်သိတယ်..."
ဝမ်ယွီက ပြောသည်။သူက မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေခြင်းမဟုတ်ပေ။ ကျိအန်းနဉ်က သူ့ကိုမုန်းတီးနေခြင်းမဟုတ်ကြောင်းကို အာရုံခံမိနေသည် အဘယ့်ကြောင့် သူ့ကိုဆန့်ကျင်နေရသည်ကို နားမလည်နိုင်ပေ။
သူမတွင် မရေမတွက်နိုင်သော လျှို့ဝှက်ချက်အချို့ ရှိနေသလို ခံစားရသည်။
၀မ်ယွီက မကြာခဏ ကြမ်းတမ်းစွာ ပြုမူတတ်သော်လည်း တစ်စုံတစ်ဦးအား ၎င်းတို့၏ ခံစားချက်အစစ်အမှန်ကို ထုတ်ပြရန် အတင်းအကျပ် ခိုင်းစေခြင်း မပြုနိုင်ကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်သည်။ သူတို့ အမှန်တကယ်ပြောပြချင်သည့်နေ့အထိ သူ စောင့်နေနိုင်သည် ။
ထို့ကြောင့် သူ ကျိအန်းနဥ်ကို ဖိအားမပေးခဲ့ပေ။သို့သော် သူမှတ်မိသလောက်ဆိုရလျှင် ဤနှစ်များတစ်လျှောက် အခြားမိန်းကလေးများနှင့် ဤသည်းခံမှုအဆင့်ကို တစ်ခါမျှ မပြသခဲ့ပေ။
၎င်းက သူမနှင့်ပတ်သက်သည့် မတူညီသော အရာတစ်ခုဖြစ်သည်။
ကျိအန်းနဉ်က သူမ၏ဦးထုပ်ကိုဆွဲချကာ လမ်းမီးရောင်အောက်တွင် ခေါင်းငုံ့ပြီး လမ်းလျှောက်ခဲ့သည်။ သူမ၏ခြေဖဝါးအောက်ရှိ အရိပ်က တစ်ခါတစ်ရံ ရှည်လျားကာတစ်ခါတစ်ရံ တိုနေတတ်သည်။ သူမ၏ ခံစားချက်က ရွေ့လျားနေသကဲ့သို့ပင်။
အကယ်၍ မသိသေးသော မြူမှုန်ကဲ့သို့ အခြေအနေများကြောင့်သာ မဟုတ်ပါက ဤတစ်သက်တာတွင်
ဝမ်ယွီကို လက်ခံရန် မဖြစ်နိုင်ပေ။
သို့သော် ဝမ်ယွီက နောက်နှစ်တွင် ကျောင်းမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ပိုဆိုးသည်မှာ ကျိအန်းနဉ်က ၀မ်ယွီ မည်သည့်အချိန်ပြန်ပေါ်လာမည်ကို မသိခြင်းဖြစ်သည်။
သူမ ဝိညာဉ်အဖြစ်ရှိနေစဉ်က အချိန်ကို အာရုံမခံစားနိုင်တော့ဘဲ နိုးထလာသောအခါ အခြားအချိန်များတွင် အိပ်မက်တစ်ဝက်တစ်ပျက်၌ ရှိနေသကဲ့သို့ ဖြစ််နေသည်။
၀မ်ယွီက သူမ၏ အဖွားကို ခေါ်သွားရန် ပေါ်လာသောအခါ မှသာ သူမ သိလိုက်ရသည်။ သို့ရာတွင် သူက သူမ၏အဖွားအတွက် ပစ္စည်းများစီစဉ်ပြီးသည်နှင့် ချက်ချင်းထွက်သွားခဲ့သည်။
သူမ သိလိုက်ရသည့်အချိန်တွင် သူမ၏အဖွားက သူမ၏နာမည်ကို ရံဖန်ရံခါ ခေါ်နေခဲ့သည်။ သို့ရာတွင် အချိန်ကြာလာတာနှင့်အမျှ သူမ၏အဖွား၏ ခေါ်ယူမှုကနည်းပါးလာသည်။ သူမ ဤလောကမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့မည်ဟု ထင်ခဲ့မိသည်။
သူမ သူ့ကို ပြန်တွေ့လိုက်ရသည်မှာ ဟိုတယ်ခေါင်းမိုးပေါ်တွင် သူမကို မတော်တဆသေစေခဲ့သည့်
ကျောင်းချန်ကို ရင်ဆိုင်ရင်း ၀မ်ယွီက သူမ၏နာမည်ကို ခေါ်သောကြောင့်ဖြစ်သည်။
ကြားထဲမှာ အချိန်ဘယ်လောက်ကုန်သွားလဲ... တစ်လလား... တစ်နှစ် သုံးနှစ် ငါးနှစ်လား...
ကျိအန်းနဉ် မသိပေ။
ထို့နောက် ဝမ်ယွီက အရာအားလုံးကို စီစဉ်ပြီး ဘေးကင်းစွာ လွတ်မြောက်ခဲ့သင့်သော်လည်း သူ့ကို ဖမ်းဆီးထောင်ချကာ နောက်ဆုံးတွင် ကွပ်မျက်ခဲ့သည်။ ဝိညာဉ်တစ်ခုကအချိန်၏ခံစားချက်က်ု မရေတွက်နိုင်သောကြောင့် ကြားထဲတွင် အချိန်မည်မျှကြာသွားသည်ကို ကျိအန်းနဉ်လည်း မသိပေ။
မသိရသေးသော အချက်များပေါင်းများစွာရှိနေသေး၍ ကျိအန်းနဉ်၏ နှလုံးသားမှာ ကမောက်ကမ ဖြစ်နေသည်။ ဝမ်ယွီကို သူမ လက်မခံနိုင်သော်လည်း ယခု သူနှင့်အတူရှိနေပြီဖြစ်သည်။
ဝမ်ယွီက ကျိအန်းနဉ်ကိုမှီရန် ခြေလှမ်းနှစ်လှမ်းမျှလှမ်းလိုက်ကာ သူမ၏လက်ကိုဆုပ်ကိုင်ရန် လက်ဆန့်ထုတ်လိုက်သည်။ ကျိအန်းနဉ် ခဏတာမျှရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။
သူက သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။
"ခဏလောက် လက်ကို ကိုင်ထားလိုက်ပါ... ဒီလမ်းဆုံကို ရောက်တဲ့အထိပဲ... ဒီလမ်းမှာ မှောင်နေတယ် ကိုယ် အမှောင်ကြောက်တယ်..."
ဝမ်ယွီက ပြောလာသည်။ကိုယ်ခံပညာကလပ်၏ သေးငယ်သောအဆောက်အဦး၏ တည်နေရာက ဝေးလံခေါင်သီပြီး ဤလမ်းပေါ်ရှိ သစ်ပင်များမှာ နှစ်ပေါင်းများစွာ ရှိနေပုံရပြီး ထူထပ်သော သစ်ကိုင်းများက လမ်းမီးတိုင်များမှ အလင်းရောင်ကို ဖုံးကွယ်နေပုံပေါ်နေသည်။ ညက မှောင်နေသည်မှာ အမှန်ဖြစ်သည်။
သို့သော် ဝမ်ယွီ၏ စကားများက အရှက်မရှိပေ။
အရပ်မြင့်ပြီး သန်မာတဲ့ယောကျာ်းတစ်ယောက်က အမှောင်ကို ဘာလို့ကြောက်တာလဲ... အမှောင်ကတောင် သူ့ကို ကြောက်သင့်ဝာာလေ...
သို့သော် သူက ကျိအန်းနဉ်၏လက်ကို ခိုင်မာစွာဆုပ်ကိုင်ထားသည်။ ၎င်းက သူမအား လွတ်မြောက်ရန် တားဆီးထားသော်လည်း မည်သည့်နာကျင်မှုမှ မဖြစ်စေခဲ့ပေ။
သူ၏ခွန်အားကို ဂရုတစိုက်နှင့်ထိန်းသိမ်းထားပုံရသည်။
ကျိအန်းနဉ်သည် တစ်ချိန်က သူမ၏ လက်ကောက်ဝတ်ကို ကိုင်ခဲ့သည့် ယခင်ဘဝဟောင်းကို သတိမရဘဲ မနေနိုင်တော့ပေ။ သူ့မျက်လုံးများက ပြတ်ပြတ်သားသား
နောင်တရနေကာ မာနကို မစွန့်လွှတ်နိုင်ဘဲ တောင်းပန်စကားများ ပြောနေလေသည်။
ကျိအန်းနဉ် ထိုအချိန်က သူမခံစားခဲ့ရသော ဒေါသများ လုံးဝပျောက်ကွယ်သွားသော ဤမြင်ကွင်းကို
သတိရမိသည်။ ဝမ်ယွီ၏ ရယ်မောဖွယ်အပြုအမူကိုပင် သူမတွေ့ရှိခဲ့သည်။
သူက သူမနှင့်ဆက်ဆံရန် ရွှတ်နောက်နောက်နှင့်
အရှက်မဲ့သောနည်းလမ်းများ ရှိသည့်သူတစ်ယောက် ဖြစ်နိုင်သည်။
မျက်ခုံးပင့်ကာ ရက်စက်သောအပြုံးက ရေအိုင်ကဲ့သို့ သူမ၏ နှလုံးသားကို ပျော့ပျောင်းစေသည်။
“လမ်းဆုံအထိပဲ…”ဟု သူမ တိုးတိုးလေးပြောလိုက်သည်။
ဝမ်ယွီ၏ မျက်နှာက တောက်ပလာသည်။ဝမ်ယွီက ကျိအန်းနဉ်ကို အိမ်သို့ပြန်ပို့ကာ အဆောက်အဦးထဲသို့ သူမဝင်ပြီးမှ ပြန်လာခဲ့သည်။ သူက လမ်းတစ်လျှောက်လုံး စိတ်အခြေအနေ ကောင်းနေခဲ့သည်။
သူ ကျောင်းတံခါးအနီးတွင် ကားကို ရပ်ထားလေ့ရှိပြီး ခါတိုင်းကဲ့သို့ပင် ကားပေါ်သို့ ပြန်လာသည့်အခါ စီးကရက်ကို မီးညှိလိုက်သည်။ သူ ဂီယာပြောင်းကာ မော့ကြည့်လိုက်ချိန်၌ နောက်ကြည့်မှန်ထဲတွင် ပုံတစ်ပုံကို တွေ့လိုက်ရသည်။
ကျောင်းတံခါး၏ မီးရောင်များက သေးသွယ်ပြီး လှပသော အလှများဖြင့် လူတစ်ယောက်ကို ထင်းလင်းနေသည်။ သူမ၏ စတိုင်လ်ခံစားမှုက ကျိအန်းနဉ်ကို အဆင့်များစွာ ကျော်တက်နေပြီး ယောက်ျားလေး မိန်းကလေးများတွင် တွေ့ရလေ့ရှိသော အဆင်မပြေမှု လုံးဝမရှိပေ။
သို့သော် သူမ၏မျက်လုံးများက မယုံနိုင်လောက်အောင် အသက်ဝင်သည် သို့မဟုတ် တက်ကြွလွန်းကာ သေးငယ်သော တွေးခေါ်မှုများနှင့် တွက်ချက်မှုများကို ဖော်ပြနေသည်။ အကယ််၍ တစ်ယောက်ယောက်က သူမကို တစ်ချက်ကြည့်လိုက်သည်နှင့် လှောင်ပြောင်ရယ်မောခြင်းကို ခံနိုင်ရည်ရှိစေသည်။
ဝမ်ယွီက သူ၏ကားနောက်ကြည့်မှန်ကို စိုက်ကြည့်နေသည်။ သူကြည့်လိုက်သည့်အခါ KFC အိတ်ကို ကိုင်ဆောင်ထားသောသူမက သူ၏ကားအနားတွင် ရှေ့နောက်လျှောက်နေသည်။ သူမ တုံ့ဆိုင်းနေပြီး တဝဲလည်လည်နှင့် သူ့နားလာချင်သော်လည်း ရှက်ရွံ့နေသလို ခံစားရသည်။ သူမက တုံ့ဆိုင်းသွားသော်လည်း သည်းမခံနိုင်တော့ပေ။
ဤမိန်းကလေးက ကျိအန်းနဉ်ကို အိပ်မက်ထဲတွင် မဟုတ်မမှန်များ စွပ်စွဲပြောဆိုသူဖြစ်ကြောင်း ဝမ်ယွီ သတိရမိလိုက်သည်။
အိပ်မက်တစ်ခုပဲ ဘာမှမဟုတ်လောက်ပါဘူး...
ဝမ်ယွီက သူ့ကိုယ်သူ သတိိပေးလိုက်ပြီး စီးကရက်တစ်လိပ်ကိုသောက်ကာ မောင်းထွက်သွားချင်သည်။
သို့သော် သူ့မျက်လုံးများက နောက်ကြည့်မှန်ကို
မစိုက်ကြည့်ဘဲ မနေနိုင်တော့ပေ။ ဤတစ်ကြိမ်တွင် သူသည် စွန်းယာရှန့်ကို မြင်ရုံသာမက သူ့ကိုယ်ပိုင်မျက်လုံးများကိုပါ မြင်လိုက်ရသည်။
သူ့မျက်လုံးများက မှင်ကဲ့သို့ နက်ရှိုင်းစွာ နက်မှောင်နေပြီး နက်နဲသော ဒေါသကို ဖုံးကွယ်ထားသည်။ ဤမျက်လုံးများကို ဝမ်ယွီကိုယ်တိုင်ပင် ထိတ်လန့်သွား၍ သူ့အလိုလို
ခေါင်းလှည့်ကာ မျက်လုံးများကိုမှိတ်ထားသည်။
သူ့စိတ်ထဲတွင် မြင်ကွင်းတစ်ခု ပေါ်လာသည်။
ကျိအန်းနဉ်၏ မျက်ရည်ကျနေသော မျက်နှာ။
“နောက်ဘဝရှိရင်…” ဟု သူမပြောခဲ့သည်။
ဝမ်ယွီက သူ၏မျက်လုံးများကို ဆတ်ခနဲ ဖွင့်လိုက်သည်။
ကျိအန်းနဉ်အကြောင်း နောက်ထပ်အိပ်မက်တစ်ခု...
နိုးလာသည့်အခါ အလျင်အမြန်ပျောက်ကွယ်သွားမည့်
အိပ်မက်တစ်ခု ဖြစ်ခဲ့သော်လည်း ယခု သူသတိရသွားသည်။
ဝမ်ယွီက နောက်ကြည့်မှန်ထဲတွင် သူ့ကိုယ်သူ ပြန်ကြည့်သည်။
ဤတစ်ကြိမ်တွင် သူ့မျက်လုံများက ပုံမှန်ပြန်ဖြစ်သွားသည်။ သို့သော်လည်း သူ့စိတ်ထဲမှ ရန်လိုမှုကို မည်သို့မျှ မထိန်းထားနိုင်တော့ပေ။
ဝမ်ယွီသည် မှန်ထဲတွင် ရောင်ပြန်ဟပ်နေသည့်သူ့ပုံကို စိုက်ကြည့်ကာ ဂီယာကို နေရာပြန်ထားရန် လက်ဆန့်ထုတ်လိုက်ပြီး ကားတံခါးကိုဖွင့်ကာ ထွက်လာခဲ့သည်။
ဘန်းခနဲ ကားတံခါးပိတ်သံကြောင့် ကားပတ်ပတ်လည်တွင် ရစ်သီရစ်သီလုပ်နေသည့် လှပသော မိန်းကလေးကို ထိတ်လန့်သွားစေသည်။
“ဝမ်...စီနီယာအစ်ကိုဝမ်…”
စွန်းယာရှန့်က မဝံ့မရဲနဲ့ ပြောလိုက်သည်။
သူမ၏ သိမ်မွေ့ပြီးရှက်ရွံ့နေသည့် အသွင်အပြင်က အမှန်တကယ်ပင် ချစ်စရာကောင်းသည်။
###