အပိုင်း၄၁
Viewers 7k

🤚Chapter 41




“စွန်းယာရှန့်ကရူးနေတာလား... သူ့မျက်လုံးထဲက အကြည့်က ဘာလို့ထူးဆန်းနေရတာလဲ...” 


ပိုင်လုက လှည့်လာပြီး ကျိအန်းနဉ်နှင့်မုန့်ရှင်းယွီကို တီးတိုးပြောလိုက်သည်။


ယနေ့မနက်တွင် စွန်းယာရှန့်၏ ထူးဆန်းသည့်အပြုအမူကို မုန့်ရှင်းယွီနှင့်ကျိအန်းနဉ်လည်း သတိထားမိသည်။ သူမက ကျိအန်းနဉ်ဘေးမှ ဖြတ်လျှောက်သွားချိန်တိုင်း ကျိအန်းနဉ်ကို အပြုံးနှင့်စိုက်ကြည့်သွားလေ့ရှိသည်။


ကျိအန်းနဉ် သူမကို အတန်းကိုကျော်ပြီး ခဏကြာအောင်ကြည့်နေလိုက်သည်။ မိနစ်အနည်းကြာသည့်အခါ စွန်းယာရှန့်က သူမဆံပင်ကို ဆတ်ခနဲခါပြီး ခိုးကြောင်ခိုး၀ှက် ပြန်ကြည့်လာသည်ကို သူမတွေ့လိုက်ရ၏။


သူမမျက်လုံးများက ကောက်ကျစ်ပြီးအောင်ပွဲခံနေပုံပေါ်သည်။ 


ကျိအန်းနဉ် သူမမျက်ခုံးများကို အနည်းငယ်တွန့်လိုက်သည်။


ပိုင်လုက စွန်းယာရှန့်၏မျက်လုံးကိုကြောက်စရာကောင်းသည်ဟုပြောသည်မှာ မမှားပေ။ 


စွန်းယာရှန့်၏ပြောင်းလဲမှုများက ၀မ်ယွီနှင့်ဆက်စပ်နေမည်ဟု ကျိအန်းနဉ် ခံစားမိသည်။ သို့ရာတွင် အတွေးအချို့တွေးမိပြီးနောက် သူမဆံပင်ကိုနားနောက်သို့ သပ်ပြီး တိုးတိုးလေးပြောလာသည်။


“ဘယ်သူသိမှာလဲ...သူ့ကိုလွတ်ထားလိုက်...”


စွန်းယာရှန့်က တုံးအသော အလကားလူတစ်ယောက်ဖြစ်သည်။ သူမ၏ တစ်ခုတည်းသောစွမ်းရည်မှာ လူအများနောက်ကွယ်တွင် အတင်းအဖျင်းပြောခြင်းနှင့် ကောလာဟလများကိုဖြန့်ခြင်း ဖြစ်သည်။ သူမ ဤဘဝတွင် ၀မ်ယွီကိုသာမက ကျိအန်းနဉ်ကိုလည်း ဒုက္ခမပေးနိုင်တော့ပေ။


သူမကို ကျိအန်းနဉ်မကြောက်ပေ။


စွန်းယာရှန့် သူမဆံပင်ကိုခါပြီး ကျိအန်းနဉ်ကိုကြည့်နေသည်။ ကျိအန်းနဉ်ကို သူမစိတ်ထဲတွင် ကဲ့ရဲ့နေသည်အား တစ်ဖက်က သိပုံမပေါ်ပေ။


ဒီကမ္ဘာမှာ မဖြစ်နိုင်တဲ့ပန်းတိုင်ဆိုတာ မရှိဘူး...


သူမအပေါ်မှာ ၀မ်ယွီစိတ်မ၀င်စားသည်ကို မယုံကြည်နိုင်ပေ။ သူမကို သူဤသို့ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေသည်မှာ ယခင်တစ်ခေါက်က အချိန်ကောင်းဖြစ်မနေခြင်း သို့မဟုတ် သူ့ကို သူမဒေါသထွက်စေသည့်တစ်ခုခုပြုလုပ်ထားသောကြောင့်လည်း ဖြစ်နိုင်သည်။


ယမန်နေ့ညက သူမ KFCမှ လမ်းလျှောက်ထွက်လာချင်း ၀မ်ယွီက ကျိအန်းနဉ်ကို အိမ်ပြန်ပို့ပေးနေသည်ကို မြင်လိုက်ရသည်။ ၀မ်ယွီ၏အာရုံကို ဖမ်းစားရန်အတွက် သူမတမင်တကာကျောင်းဂိတ်နားကို လျှောက်လာခဲ့ခြင်းဖြစ်သည်။


ထိုအချိန်တွင် သူမအပေါ် သူ၏သဘောထားက ယခင်နှင့် လုံး၀မတူဖြစ်နေသည်။


( ဒီအောက်ကစာပ်ိုဒ်က မနေ့ညက အကြောင်းပြန်တွေးတာပါ)


“မင်းက...” 


၀မ်ယွီ ရုတ်တရက် သတိရသွားသကဲ့သို့ ဟန်ဆောင်လိုက်ရင်း ပြောလာသည်။


“အိုး မင်းက ဟိုတစ်ခါတုန်းကတစ်ယောက်...”


သူ ကားကိုပေါ့ပေါ့ပါးပါးဖွင့်၍ သတ္တုရေပုလင်းကိုထုတ်ယူလိုက်ကာ အဖုံးဖွင့်ပြီးတစ်ကျိုက်သောက်နေပြီးမှ မေးလိုက်သည်။


“ ဒီလောက်နောက်ကျတဲ့အထိ မင်း ဒီမှာဘာလုပ်နေတာလဲ...”


ကိုယ်ခံပညာကလပ်တွင် သူတို့တွေ့စဥ်ကထက် သူ့အသံကပိုမိုပျော့ပျောင်းနေသည်။ စွန်းယာရှန့်၏ မျက်လုံးများကအနည်းငယ် တုန်လှုပ်သွားသည်။ သူမ ရှေ့ကိုခြေလှမ်းလှမ်းလိုက်ပြီး သူ့ကားနောက်တွင်ရပ်ကာ ပြောလိုက်သည်။


“ညီမ KFC ကို စာလုပ်ဖို့သွားတာ...အခုတော့ပြန်တော့မလို့ပါ...”


ကျောင်း၏လမ်းတစ်ဖက်တွင် KFCဆိုင်ရှိပြီး ကျိအန်းနဉ်က နေ့တိုင်းဖြတ်သွားလေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆိုင်က ကျောင်းနှင့်နီးပြီး ကျောင်းသားအများစုက ကိုယ်ပိုင်စာကြည့်ချိန်ကို အတန်းထဲတွင် စာကြည့်မည့်အစား ထိုဆိုင်သို့သွားလေ့ရှိကြသည်။


“အရမ်းကို လုံ့လ၀ီရိယရှိတာပဲဟမ်...” 


၀မ်ယွီက ပုလင်းအဖုံးကို အားထည့်ပိတ်ရင်း ပြုံးပြီးပြောလိုက်သည်။


နောက်ဆုံးအကြိမ်တွေ့စဉ်က သူမကိုသူ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့သောကြောင့် စွန်းယာရှန့်၏ စိတ်ထဲတွင် ကြောက်ရွံ့မှုက စွဲကျန်နေဆဲရှိသေးသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမကို ညင်ညင်သာသာဆက်ဆံပြီး စစ်မှန်စွာ ပြုံးပြနေသည်ဟု ထင်လိုက်သည်။ ထို့ကြောင့် သူမသတိထားပြီးပြောလိုက်သည်။


“ဟုတ်တယ် ညီမစာကြိုးစားနေတာ...နောက်ဆုံးစာမေးပွဲမှာ ပညာသင်ဆုရအောင်လို့လေ...”


၀မ်ယွီ ပုလင်းအဖုံးကို ပို၍တင်းတင်းကြပ်ကြပ်ဖြစ်အောင် ပိတ်လိုက်သည်။


အနည်းဆုံး သူမက ပညာသင်ရန်သာ ကျောင်းသို့လာခြင်းဖြစ်ကြောင်းရှင်းလင်းနေသည်။ နှိုင်းယှဉ်ရမည်ဆိုလျှင် ကျိအန်းနဉ်၏ ဘဝက သူမထက် အနည်းငယ်ရှုပ်ထွေးသည်။


၀မ်ယွီ စွန်းယာရှန့်ကို ခဏကြာအောင်ကြည့်နေလိုက်သည်။ သူမကခေတ်ရေစီးကြောင်းနှင့်လိုက်ဖက်သော ဖက်ရှင်ပုံစံ၀တ်ထားပြီး မိတ်ကပ်လိမ်းထားသည်။ သူမကို ချမ်းသာသည်ဟု မဆိုနိုင်သလို ဆင်းရဲသည်ဟုလည်း မပြောနိုင်ပေ။


အနည်းဆုံး သူမတွင် မိဘများရှိသေးသည်။ မိဘများက သူတို့ထံတွင် အားနည်းချက်များနှင့် အပြစ်အနာအဆာများရှိလျှင်ပင် သူတို့ကလေးကို ရှင်းလင်းသည့်ဘ၀လမ်းခရီးရစေရန် ကြည့်ရှု့စောင့်ရှောက်ကြသေးသည်။


ကျိအန်းနဉ်ထံတွင် သူတို့ကဲ့သို့ မိဘမရှိပေ။


သူမက သီးသန့်ဆန်ပြီး တိတ်ဆိတ်ကာ နွားထီးအိုတစ် ကောင်နှင့်တူသည်။ သူမခေါင်းကို အောက်စိုက်ပြီး မိမိဘ၀လမ်းခရီး ဆုံးရှုံးနေသည်ကို မသိဘဲ အလုပ်ကို မည်သို့လုပ်ရမည်က်ိုသာ တွေးနေသည်။ သူမဘ၀ကို ရှုပ်ယှက်ခက်စွာပင် နေထိုင်နေခဲ့သည်။


၀မ်ယွီ စွန်းယာရှန့်ကို ကြည့်ပြီး ကျိအန်းနဉ်ကို ကရုဏာသက်သည့်ခံစားမှုတစ်ခု သူ့နှလုံးသားထဲပေါ်လာသည်။


ကံကောင်းထောက်မစွာဖြင့် ကျိအန်းနဉ်ကသူနှင့်တွေ့ဆုံခဲ့သည်။


“ငါ တောင်ဘက်လမ်းမကြီးမှာသွားထိုင်မလို့... အတူလိုက်မလား...” 


သူ ခလုပ်နှိပ်ပြီး ကားအဖုံး အလိုအလျောက်ပိတ်သွားသည်ကို ကြည့်နေပြီး စွန်းယာရှန့်ကို သာမန်ကာလျှံကာမေးလိုက်သည်။


“ဘားကိုလား...” 


စွန်းယာရှန့်က မေးလာသည်။


“ဟုတ်တယ် ငါနဲ့လိုက်မလား...”


၀မ်ယွီ ပြန်ဖြေလိုက်သည်။


စွန်းယာရှန့်၏ နှလုံးခုန်သံ မြန်ဆန်သွားသည်။ ထို့နောက်သူမ ယနေ့ သာမန်သာ၀တ်ထားပြီး သူမဆံပင်ကိုလည်း မလျှော်ရသေးကြောင်း သတိရသွားသည်။


“တော်ပါပြီ...နောက်တစ်ခေါက်မှပေါ့... ညီမဒီနေ့ပြန်ပြီးစာလုပ်ရဦးမှာမို့ပါ...”


သူမ ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်သည်။


စွန်းယာရှန့်က သူ့ကိုယ်သူ  ကြော့ရှင်းရည်မွန်ပြီး တည်တည်ငြိမ်ငြိမ်ရှိသည်ဟု ထင်နေခြင်းဖြစ်သည်။ သူမ မသိလိုက်သည်မှာ သူမမျက်နှာပေါ်မှ ပြောင်းလဲသွားသည့်အမူအရာတစ်ချက်စီတိုင်းကို၀မ်ယွီက သတိထားမိနေခြင်းဖြစ်သည်။


စွန်းယာရှန့်က သူ့ကို လှည့်စားနေသည်ဟု ၀မ်ယွီကစွပ်စွဲနေသော်လည်း အမှန်တွင် သူကိုယ်တိုင်က အခြားသူများအပေါ်မှာလှည့်စားခြင်းကို အကျွမ်းကျင်ဆုံးဖြစ်သည်။


သူက ကြိတ်ရယ်လိုက်ပြီး ဘာမှဆက်မပြောတော့ဘဲ ခေါင်းညိတ်ပြီးသာ ပြောလိုက်သည်။


“အိုး ဒါဆိုလည်း နှုတ်ဆက်ပါတယ်...”


သူပြောပြီးပြီးချင်း ကားထဲသို့၀င်လိုက်သည်။


“.....”


စွန်းယာရှန့် တားလိုက်သည်။


" စီနီယာအစ်ကို စီနီယာအစ်ကို..."


၀မ်ယွီက ကားတံခါးကို “ဘန်းခနဲ” မြည်အောင်ပိတ်ပြီးကားထဲတွင် ထိုင်ပြီးပြီဖြစ်သည်။ သူက မှန်ကိုချလိုက်ပြီး အမှုမထားသလို ခပ်တည်တည်ပြောလိုက်သည်။


“ တခြားပြောစရာ ရှိသေးလို့လား...”


မျှော်လင့်ထားသည့်အတိုင်း ဝမ်ယွီဘက်မှ အေးတိအေးစက်ဖြစ်နေသောကြောင့် စွန်းယာရှန့်ဘက်က လက်ဦးမှုယူလာသည်။ သူမ ဖုန်းကိုထုတ်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။


 “ညီမ ဒီနေ့ တကယ်မအားလို့ပါ... နောက်နေ့ချိန်းရအောင်လေ စီနီယာ... အရင်ဆုံး Wechat အပ်ကြမလား...”


ဖျော့တော့သည့်အပြုံးတစ်ခု ၀မ်ယွီ၏နှုတ်ခမ်းထောင့်တွင် ပေါ်လာသည်။


*


စွန်းယာရှန့် သူမဆံပင်ကိုသပ်ပြီး ကျိအန်းနဉ်ကို စိတ်ထဲမှာလှောင်ပြောင်ပြီး တစ်ချက်ကြည့်လိုက်သည်။


၀မ်ယွီက ကျိအန်းနဉ်ကို လိုက်နေတယ်ဆိုရင်ရော ဘာဖြစ်လဲ... မနေ့ညက ငါ သူ့ဖုန်းနံပါတ်က်ိုရခဲ့ပြီး Wechatမှာတောင် အပ်ခဲ့ပြီးပြီ... သူက နောက်တစ်ခါ အတူအပြင်သွားဖို့တောင် ချိန်းလိုက်သေးတယ်...


သူမနှုတ်ခမ်းကို ဖြည်းဖြည်းချင်းကွေးပြီး ခေါင်းကိုတစ်ဖက်သို့ လှည့်လိုက်သည်။ 


စွန်းယာရှန့်ကိုအာရုံစိုက်နေရန် ကျိအန်းနဉ်ထံတွင် အချိန်မရှိပေ။ သူမ မုန့်ရှင်းယွီထံမှ မှတ်စုစာအုပ်ကိုငှားပြီး လွတ်သွားသည့်သင်ခန်းစာကို ပြန်ကူးပြီး အမှီလိုက်နေရသည်။


သူမ၏ယခင်ဘဝတွင် အတန်းဖော်များနှင့် မရင်းနှိီးခဲ့‌ပေ။ထို့ကြောင့် သူမမှတ်စုစာအုပ်ထဲမှ လစ်လပ်သွားသည်များကို အိမ်တွင်သာ သူမကိုယ်တိုင် ပြန်ဖြည့်ရသည်။


ဤတစ်ကြိမ် မုန့်ရှင်းယွီ၏မှတ်စုကို ငှားလိုက်သည့်အခါ မချီးကျူးဘဲ မနေနိုင်တော့ပေ။


" ရှင်းယွီ နင် မှတ်စုတွေကို သေချာရေးထားတာပဲ... အကုန်လုံးကို အသေးစိတ်မှတ်ထားပြီး ရှင်းလင်းနေတာ..."


မုန့်ရှင်းယွီက ဂုဏ်ယူစွာဖြင့် ပြုံးနေသည်။ ပိုင်လုကလည်းစကား၀ိုင်းထဲ၀င်လာသည်။ 


 “ သေချာပေါက်ပေါ့... ရှင်းယွီကထိပ်တန်းကျောင်းသူလေ သူက ပညာသင်ဆုရဖို့ကြိုးစားနေတာ...”


ကျိအန်းနဉ် အော်လိုက်မိသည်။


“၀ိုးးးး”


မုန့်ရှင်းယွီက ပြောပြလာသည်။


“ငါ့အဖေက သူရှိနေသေးလို့ မိသားစုကိစ္စကို စိတ်မပူပါနဲ့လို့ ပြောထားတာ... အဆင်ပြေတဲ့ အချိန်ပိုင်းအလုပ်ရှိရင်တော့ လုပ်တဲ့ မရှိရင်တော့ စာမှာပဲအာရုံစိုက်တဲ့... သူကငါ့ကို ပညာသင်ဆုရစေချင်တာ...တစ်ချိန်ထဲမှာပဲ စာကိုအာရုံစိုက်လို့ရသလို ပိုက်ဆံလည်းရမယ်လေ...win-win အခြေအနေပဲလေ... ”


“နင့်အဖေက တစ်ကယ်ကိုကောင်းတာပဲ... ” 


ကျိအန်းနဉ်က သူမ၏မနာလိုမှုနှင့် စိတ်ထိခိုက်မှုကိုဖော်ပြလိုက်သည်။


"ဟေး နင်အခု ကန်တင်းမှာ အလုပ်လုပ်နေပြီဆိုတော့ ထမင်းထုပ်ပို့တဲ့အလုပ်ကို ထပ်မလုပ်တော့ဘူးမလား...”


မုန့်ရှင်းယွီက မေးလာသည်။


သူတို့ ယနေ့မနက်ကန်တင်းကို ထမင်းစားရန် သွားချိန်၌ မမျှော်လင့်ဘဲ ကျိအန်းနဉ်ကို ပြတင်းပေါက်အနောက်မှာ‌ေတွ့လိုက်ရသည်။ နောက်မှ သူတို့က ကျိအန်းနဉ် work-study ပရိုဂရမ်တွင် နေရာတစ်ခုရသွားသည်ကိုသိရှိသွားကြသည်။


“ဒီလိုဆိုရင် နင့်ရဲ့အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲရမယ်... ငါ နင့်ကိုပြောပြမယ် ပညာသင်ဆုက အများကြီးရှိတယ် ကောင်းကောင်းစာလုပ်ဖို့ပဲလိုတာ... ”


“ငါ.....”


ကျိအန်းနဉ်က ယုံကြည်ချက်မရှိချေ။အတန်းထဲတွင် သူမအဆင့်များက ပျမ်းမျှသာဖြစ်၍ သတိပြုမိစရာ မဟုတ်ပေ။ ထို့အပြင် လွန်ခဲ့သည့်တစ်လကမှ သူမ ကျောင်းစတက်ခြင်းဖြစ်၍ ကျိအန်းနဉ် သူမကိုယ်ကိုကောင်းကောင်းသိသည်။ သူမ၏အဆင့်များက သာမန်သာဖြစ်ပြီး သူမ မည်သည့်ဘာသာမှမကျရန်အတွက် ကြိုးစားနေရသည်။


မုန့်ရှင်းယွီကဲ့သို့ ထိပ်တန်းကျောင်းသူမျိုးနှင့် သူမ မယှဉ်၀ံ့ပေ။ ထို့အပြင် မုန့်ရှင်းယွီက ဤပညာသင်ကာလတွင် ပညာသင်ဆုရမည်ကို သူမသိထားသည်။


ကျိအန်းနဉ်က သူမအထက်တန်းတတိယနှစ်တွင်  သူကိုယ်သူ သဘောပေါက်သွားခဲ့သည်။ အချိန်ပိုင်းအလုပ် ထပ်မံ မလုပ်ရရန်အတွက် ချင်းဟွာတက္ကသိုလ်၀င်ရန် စာကြိုးစားရမည်။ ၀င်ခွင့်ရပြီးနောက် သူမ၏ခိုင်မာသည့်ဆုံးဖြတ်ချက်ကပျောက်သွားပြီး ငွေရေးကြေးရေးအခက်အခဲဖိအားနှင့်သာ လုံးပန်းနေခဲ့သည်။ စာလေ့လာသည့်အပေါ်တွင် ထပ်မံ၍ အာရုံမစိုက်နိုင်တော့ပေ။


အရာအားလုံးတွေးကြည့်ပြီးနောက် ၀မ်ယွီက သူမကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရန် ကူညီပေးခဲ့သည်ကိုသဘောပေါက် သွားသည်။ သူမ စိတ်ပြောင်းလိုက်ပြီး မုန့်ရှင်းယွီကို ပြောလိုက်သည်။


“ငါ ပညာသင်ဆုရဖို့ကြိုးစားတော့မယ်... ရဖို့အခွင့်အရေးက နည်းပေမဲ့ အနည်းဆုံးတော့ ငါ့အတွက် တွန်းအားတစ်ခုဖြစ်တာပေါ့... ”


ဤဘ၀တွင် သူမ “ပိုမိုကောင်းမွန်”မလာနိုင်လျှင်ပင် “ပိုမိုကောင်းမွန်”လာရန် သူကြိုးပမ်းရမည်။


နေ့လည်ခင်း သူတို့ကန်တင်းသွားသည့်လမ်းတွင် ချန်းဟာင်က သူတို့ကိုကြားဖြတ်ပြီး လှမ်းခေါ်သည်။


“အန်းနဉ်၊အန်းနဥ်... ”


၀မ်ယွီက သူမကို အစောကတည်းကခေါ်ရန် ပြင်နေသော်လည်း သူငယ်ချင်းများနှင့် ပျော်ပျော်ရွှင်ရွှင်စကားပြောနေသည်ကို မြင်လိုက်ရ၍  သူမအကြောင်းအတင်းအဖျင်း မပျံ့စေရန် သူကတိပေးထားသည်ကို ရုတ်တရက် သတိရသွားသည်။ သူက ကျောင်းတွင်နာမည်ကြီးပြီး လူသိများသည့်အတွက် ချန်းဟောင်ကိုသာ တံတောင်ဖြင့်တွက်ပြီး ကျိအန်းနဉ်ကိုခေါ်ခိုင်းလိုက်တာဖြစ်သည်။


ချန်းဟောင်လည်း တာ၀န်ကိုထမ်းဆောင်ပြီး မေးလိုက်သည်။


“ သွားကြမယ်လေ... ထမင်းအတူသွားစားကြရအောင်... မင်း အကို၀မ်နဲ့ အစီအစဉ်ဆွဲထားတယ်မလား...” 


သူက ကျိအန်းနဉ်ကိုမျက်စိမှိတ်ပြီး သူမနှင့်၀မ်ယွီကြားမှ သဘောတူညီချက်ကို သတိပေးလာသည်။


ကျိအန်းနဉ် တုံ့ဆိုင်းနေမိသည်။ သူမက၀မ်ယွီနှင့် ထမင်းစားရန် သဘောတူထားပြီဖြစ်သော်လည်း မုန့်ရှင်းယွီနှင့် အခြားသူများနှင့်လည်း အတူစားချင်သေးသည်။ သူမ၏ ယခင်ဘဝတွင် ဤသို့သော အဖြစ်အပျက်မျိုး တစ်ကြိမ်မှ မကြုံတွေ့ခဲ့ဖူး၍ တစ်ယောက်တည်း နေရသည်ကို ကျင့်သားရနေပြီဖြစ်သည်။ ယနေ့ မုန့်ရှင််းယွီနှင့် ပိုင်လုကသူမကိုရှာပြီး အလုပ်မရှိပါက သူတို့နှင့် ထမင်းအတူစားရန်ဖိတ်လာသည်။ သူမကလည်း သူတို့နှင့် ထမင်းအတူစားချင်ခဲ့သည်။


၀မ်ယွီဘက်က ကျိအန်းနဉ်၏တုံ့ဆိုင်းနေမှုကို သတိပြုမိသည်။ သူက ပြုံးပြီး မုန့်ရှင်းယွီနှင့်ပိုင်လုကို မေးလိုက်သည်။


“ငါတို့ ထမင်းအတူတူစားကြမလား...”


၀မ်ယွီ မေးနေစရာပင် မလိုချေ။ ချန်းဟောင်ကလည်း ချောမာပြီး ကိုယ်ခံပညာကလပ်၏အဖွဲ့၀င်တစ်ယောက် ဖြစ်သည့်အလျောက် ကောင်းမွန်သည့် ရုပ်ရည်သွင်ပြင်ရှိသည်။ သူ၏ရုပ်ရည်သာမက ကိုယ်လုံးကိုယ်ပေါက်ကလည်း သဘောကျစရာကောင်းသည်။


ကျိအန်းနဉ် မဖြေရသေးမီ မုန့်ရှင်းယွီက ချောင်းဟန့်ပြီး ပိုင်လုက ကျိအန်းနဉ်ကို အနောက်မှ တံတောင်နှင့်ထိုးလိုက်သည်။


ကျိအန်းနဉ်က သူတို့နှစ်ယောက်လုံး သဘောတူကြသည်ကိုမြင်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။


"ဒါဆို အားလုံး အတူတူစားကြတာပေါ့... ”


သူမက ယခုအခါ နှစ်ဖက်လုံးကို အဆင်ပြေပြေတုံ့ပြန်နိုင်ပြီဖြစ်သည်။


စွန်းယာရှန့်က ကန်တင်းတွင်ရှိနေပြီး ကျိအန်းနဉ်နှင့်၀မ်ယွီ တို့ ထမင်းအတူစားနေသည်ကို မြင်သောအခါ ကဲ့ရဲ့ပြီးထွက်သွားသည်။


မုန့်ရှင်းယွီနှင့် သူမသူငယ်ချင်းများကလည်း သတိပြုမိကြသည်။ သူတို့ထမင်းစားပြီးသည့်နောက် ချန်းဟောင်နှင့်စကားစမြည်ပြောနေကြပြီး ထွက်သွားကြသည်။ မည်သူကမှ တတိယဘီး မဖြစ်လိုပေ။


၀မ်ယွီက ကျိအန်းနဥ်ကို ချီးကျူးလိုက်သည်။


“ မင်းရဲ့အတန်းဖော်တွေနဲ့ ပိုပြီးအဆင်ပြေလာတဲ့ပုံပဲ...”


ထမင်းအတူစားချိန်၌ သူတို့ကြားမှ ဆက်ဆံရေးကိုကြည့်ရုံနှင့်ပင် သူတို့ဆက်ဆံရေးကောင်းကြသည်မှာ ထင်ရှားလှသည်။ကျိအန်းနဉ်၏ မျက်လုံးများကကွေးသွားပြီး ပြောလာသည်။


“ဒါက ကျွန်မ သူတို့နဲ့ ပထမဆုံးထမင်းအတူစားဖူးတာပဲ...”


သူမ ပျော်နေ၍ အပြုံးများကချိုနေပြီး မျက်နှာက၀င်းပနေသည်။


သူမက ကျောင်းစတက်စဥ်အချိန်ကနှင့် ကွဲပြားသွားပြီကို ၀မ်ယွီ တွေးမိသွားသည်။ သူမက သူ့အိမ်မက်ထဲပေါ်လာသည့် ကျိအန်းနဉ်နှင့်လည်း မတူပေ။


၀မ်ယွီ၏နှုတ်ခမ်းများ တွန့်ကွေးသွားပြီး အပြုံးတစ်ခုဖြစ်လာသည်။ သို့ရာတွင် သူ့အကြည့်ကရွေ့လျားသွားပြီး  မနီးမဝေးတွင်ထိုင်နေသည့် စွန်းယာရှန့်အပေါ်ကို ရောက်သွားသည်။


စွန်းယာရှန့်က သူ့ကိုကြည့်နေသည်။  ဝမ်ယွီ သူမကိုသတိပြုမိသည်ကို မြင်သောအခါ တည်တည်ငြိမ်ငြိမ်နှင့် ထရပ်ပြီး သူ့ကိုအကြည့်တစ်ချက်ပေးကာ ထွက်သွားသည်။


သူ့ မျက်ခုံးကိုပင့်လိုက်သည်။ ထို့နောက်သူ့ဖုန်းကရုတ်တရက် မြည်လာသည်။


“ဟယ်လို...”


ထိုဖုန်းခေါ်ဆိုမှုက သူငယ်ချင်းတစ်ယောက်ထံမှ ဖြစ်နိုင်ပြီ ပိတ်ရက်တွင် သူ့ကိုတစ်ခုခုလုပ်ရန် ခေါ်ခြင်းဖြစ်နိုင်သည်။ ကျိအန်းနဉ်က  “ယန်ပေါ် ” ဟူသည့်အသံကို မကြားမချင်း ဂရုမစိုက်မိလိုက်ချေ။ ခဏအကြာတွင် သူမမော့ကြည့်လာသည်။


“မင်း သူ့ကိုသိတာလား... ”


၀မ်ယွီက မေးနေသည်။


“ငါလည်း သူ့ကိုနည်းနည်းတော့သိတယ်... ထမင်းတစ်ခေါက်အတူစားဖူးတယ်... ဟုတ်ပြီလေ ဒါဆို စနေနေ့မှာတွေ့ကြမယ်...”


ဖုန်းချလိုက်သည့်အခါ ကျိအန်းနဉ်က သူ့ကိုကြည့်နေသည်ကို မြင်၍မေးလိုက်သည်။


“ဘာဖြစ်လို့လဲ...” 


ကျိအန်းနဥ်က မေးလာသည်။


“စနေနေ့ကျရင် ဘယ်သွားကြမှာလဲ...”


“အားကစားတစ်ခုခု ကစားမလို့ပါ...squash ဆော့ကြမှာလေ... ကိုယ့်သူငယ်ချင်းတွေနဲ့...”

 

ကျိအန်းနဉ်က ခဏခန့်တွန့်ဆုတ်နေခဲ့သည်။ အကယ်၍ သူမ ၀မ်ယွီကို ယန်ပေါ်အကြောင်း တိုက်ရိုက်မေးလိုက်မည်ဆိုလျှင် သူကပြင်းပြင်းထန်ထန်တုံ့ပြန်လိမ့်မည်။ ယခင်တစ်ခေါက် သူမ ယန်ပေါ်ကိုကြည့်ကောင်းသည်ဟု ပြောခဲ့စဉ်ကလည်း သူကချက်ချင်းပင် အကြည့်စူးစူးများဖြင့် ကြည့်လာသည်။


သူမက စကားလုံးများကို ဂရုတစိုက်ရွေးချယ်ပြီး မေးလိုက်သည်။


“အပျော်တမ်း squash လား...”


၀မ်ယွီ အနည်းငယ်အံ့အားသင့်သွားသည်။


ကျိအန်းနဉ်၏ ဂရုမစိုက်သည့် အကျင့်ကိုသိထားသည့်အလျောက် သူမစိတ်မ၀င်စားဟု သူတွေးထားခြင်းဖြစ်သည်။ သို့ဖြစ်၍ သူမကိုသူ ချက်ချင်းမတုံ့ပြန်နိုင်ခဲ့ချေ။ 


“အပျော်တမ်းပါပဲ...” 


သူ ပြောလိုက်ပြီးနောက် သူ့အကြည့်ကို နေရာရွှေ့ပြီး ၀ံပုလွေပြုံးနှင့်တူသည့်အပြုံးကိုပြုံးရင်း မေးလိုက်သည်။


“စနေနေ့ကျရင် မင်းအချိန်ရလား... ကိုယ်နဲ့အတူလိုက်ပြီးမကစားချင်ဘူးလား...”



###