အပိုင်း ၆၂
Viewers 12k


🐍Chapter 62


စာရေးသူက ပြောစရာရှိသည်:

အသေးစားပြဇာတ်ရုံ-

ကလေးများသည် သူတို့၏ ဥထဲ၌ ရှိနေဆဲဖြစ်သဖြင့် ယင်ရှောင်ရှောင်း မှာ ကလေးများဥပေါက်ရန် မြန်မြန်လုပ်ရမည်။

ယင်ရှောင်ရှောင်း : တဟေးတန်... ကျွန်တော်တို့ကလေးတွေကို ဘာနာမည်ပေးရမလဲ...

မော့လောင်တ သေသေချာချာ တွေးနေပုံပေါ်သည် - သူတို့ကို မော့တာယင်.. မော့အာယင်... မော့ရှောင်ယင် လို့ နာမည်ပေးမယ်လေ မကောင်းဘူးလား... ယင်မြွေဆိုရင်တော့ အနောက်ကနေ ပြန်ပေးလိုက်မှာပေါ့..

ယင်ရှောင်ရှောင်း : မကောင်းဘူး...

မော့လောင်တ : ဒါဆို မင်းကနာမည်ဘယ်လိုပေးချင်တာလဲ...

ယင်ရှောင်ရှောင်း စိတ်လှုပ်ရှားနေပုံပေါ်သည် - မော့တာထန်၊ မော့အာထန်…မော့ရှောင်ထန် လို့ခေါ်မယ်လေ... ယင်မြွေတစ်ကောင်ဆိုရင်တော့ ယင်တာချီ ၊ ယင်အာချီ...ယင်ရှောင်ချီ လို့ခေါ်မယ်...

မော့လောင်တ - …

မှတ်ချက်: ဟေး... ဒီအသေးစားပြဇာတ်ရုံကို အလေးအနက်မထားပါနဲ့... အလေးအနက်ထားရင် မင်းရှုံးလိမ့်မယ်...

မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ တစ်ကောင်နှင့်တစ်ကောင် ကြည့်လိုက်ကြသည်။ ယင်ရှောင်ရှောင်း၏ မျက်လုံးများထဲတွင် မော့လောင်တမှာ ထိတ်လန့်နေပုံရသည်။ မော့လောင်တ၏ မျက်လုံးများထဲတွင် ယင်ရှောင်ရှောင်းမှာ ငြိမ်သက်နေပုံရသည်။ သို့သော် ခြွင်းချက်မရှိ၊ တူညီသော စိတ်နေစိတ်ထားကို မြွေနှစ်ကောင်၏ မျက်လုံးများတွင် ထင်ဟပ်စေခဲ့သည်။ ထိုစိတ်၏အခြေအနေကို သန်မာသည်ဟု ခေါ်နိုင်သည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့သည် အချင်းချင်း ပြုံးပြပြီးနောက် တူညီသော ရည်ရွယ်ချက်ဖြင့် ရှေ့သို့ ဆက်သွားကြသည်။

မော့လောင်စန်းမှာ ဂူဝတွင် နေ့စဉ်နေ့တိုင်း စောင့်ကြည့်နေခဲ့ခြင်းများလား သို့တည်းမဟုတ် ယနေ့တွင်မှ ကံကောင်းခဲ့သလား မသိရသော်လည်း မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့ ဂူနှင့် မီတာရာဂဏန်းမျှသာ ဝေးတော့သည့်အချိန်တွင် မော့လောင်စန်း ဂူထဲမှ ထွက်လာခဲ့သည်။


လိုဏ်ဂူထဲမှ ထွက်လာသော မော့လောင်စန်းသည် မော့လောင်တကို မြင်လိုက်ရသောအခါ ပထမဆုံး အံ့အားသင့်သွားမိသည်။ ထို့နောက်တွင် သူသည် မသိစိတ်ဖြင့် မော့လောင်တပတ်ပတ်လည်ကို ကြည့်လိုက်ရာ ယင်ရှောင်ရှောင်းကို မော့လောင်တဘေးတွင် တွေ့လိုက်ရသည်။ မော့လောင်စန်း၏ အမူအရာမှာ အလွန်အကျည်းတန်လာသည်။ သို့သော် မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သော မော့လောင်စန်းသည် မော့လောင်တအတွက် ဝမ်းနည်းပူဆွေးမှု မဖြစ်စေခဲ့ပေ။ သူသည် ဂူထဲသို့ နောက်ထပ်တစ်ကြိမ်မဝင်မီ တစ်ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။ ယင်ရှောင်ရှောင်းသည် သူ့ဘေးနားရှိ မော့လောင်တကို တစ်ချက်ကြည့်လိုက်ပြီး မော့လောင်တမှာ အမူအရာကင်းမဲ့လျက် ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

များမကြာမီတွင် သူတို့သည် မီတာရာနှင့်ချီ အကွာအဝေးအား ဖြတ်ကျော်ခဲ့ပြီးလေပြီ။ မော့လောင်တသည် ဂူထဲသို့ မဝင်ဘဲနှင့် ဂူပေါက်ဝရှေ့တွင်သာ ရပ်နေခဲ့သည်။

"မဝင်ဘူးလား..."

ယင်ရှောင်ရှောင်း က အံ့ဩစွာ မေးလိုက်သည်။

မော့လောင်တ ဂူထဲကို ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“မလိုပါဘူး... သူတို့ မကြာခင် ထွက်လာတော့မှာပါ...”

အမှန်တကယ်ကိုပင် မော့လောင်တ၏ စကားမဆုံးခင်မှာပင် ဂူထဲမှ မော့မြွေအချို့ ထွက်လာကြသည်။

ယင်ရှောင်ရှောင်း တစ်ခါမှမမြင်ဖူးသော မော့ မြွေနှစ်ကောင် ရှေ့တွင် လျှောတိုက်၍ ထွက်လာနေသည်။ သို့သော်လည်း ၎င်းတို့သည် မော့လောင်တ၏ အဖေနှင့်အမေ ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုမော့မြွေနှစ်ကောင်၏နောက်တွင် အရွယ်အစားအနည်းငယ်သေးငယ်သော အခြားမော့မြွေနှစ်ကောင် လိုက်ပါလာသည်။ ယင်ရှောင်ရှောင်း သည် ထိုမော့မြွေနှစ်ကောင်ကို သိသည်။ တစ်ကောင်က မော့လောင်အာ၊ နောက်တစ်ကောင်က မော့လောင်စန်း ဖြစ်သည်။

“ဖေဖေ ... မေမေ....”

မော့လောင်တ ခေါ်လိုက်သည်။

ယင်ရှောင်ရှောင်း သည်မော့လောင်တကို ကြည့်လိုက်သည်။

အဟွတ်.. အဟွတ်.. ဒီကောင်က သူ့ကိုယ်သူ ဘယ်လိုရည်ညွှန်းရပါ့မလဲနော်..

မော့လောင်တ၏ အဓိပ္ပါယ်ရှိရှိ အကြည့်မှာ ယင်ရှောင်ရှောင်ထံသို့ ငှက်မွေးသဖွယ် ပေါ့ပါးစွာ ကျရောက်လာသည်။ ယင်ရှောင်ရှောင်း တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ သူသည် မော့လောင်တကဲ့သို အလျင်စလို ခေါ်လိုက်သည်။

“ဖေဖေ... မေမေ...”

ကံမကောင်းစွာပင် ယင်ရှောင်ရှောင်း ၏ "အဖေ" နှင့် "အမေ" ဟူသော ပြင်းထန်သောစကားလုံးနှစ်လုံးမှာ ဖေဖေမော့နှင့် မေမေမော့၏ သိသိသာသာ လျစ်လျူရှုခြင်း ခံလိုက်ရသည်။ တစ်ချိန်တည်းတွင်ပင် မော့လောင်အာ နှင့် မော့လောင်စန်းတို့ မျက်စိလှိမ့်သွားသည်ကို တွေ့လိုက်ရသည်။ ယင်ရှောင်ရှောင်း က သူ့မျက်နှာကို အမြီးဖြင့်ပွတ်လိုက်ပြီး အမှားလုပ်မိသွားသလို ခံစားရသည့်အတွက် မော့လောင်တနောက်တွင် ဝင်ပုန်းလိုက်သည် - ဒါက သူ့ကိုယ်သူ ပိုဒုက္ခပေးလိုက်ခြင်း သက်သက်ပင်ဖြစ်သည်။

မော့မြွေလေးကောင်မှာ မော့လောင်တရှေ့တွင် ရပ်တန့်သွားသည်။ မော့လောင်တ၏ အရှေ့တွင်ရှိနေသည့် မော့မြွေမှ ပထမဆုံး အကဲခတ်သည့် စကားပြောလာသည်။

“ပြီးခဲ့တဲ့နှစ်တွေမှာ မင်းကိုငါ မတွေ့ခဲ့ရဘူး.. မင်းအမေနဲ့ ငါ့ထက် ပိုထွားလာလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဖူးဘူး.. မင်းက မျိုးနွယ်စုခေါင်းဆောင်နေရာအတွက် ‌ရွေးချယ်ခံတွေထဲကတစ်ကောင် ဖြစ်ထိုက်တာပဲ..”

ထိုအကြောင်းကိုပြောနေစဉ် ဖေဖေမော့၏ အသံနေအသံထားမှာ မော့လောင်တအား အသိအမှတ်ပြုမှုနဲ့ စိတ်ကျေနပ်မှုတို့ ပါဝင်နေသည်။

ဖေဖေမော့ စကားမဆုံးခင်မှာပင် မေမေမော့ ကြားဖြတ်ပြောလေသည်။

“လောင်တ.. မင်းအမြဲတမ်း မော့တာယိ.. မော့တာအာတို့နဲ့ အတူလိုက်ပြီး ကစားခဲ့ကြတယ် မဟုတ်လား.. အဲဒီကောင်မလေး မော့တာအာနဲ့လည်း မေမေတွေ့ခဲ့ပြီးပြီ.. သူက အတော်‌လေးကောင်းပုံရတယ်.. ဒီနှစ်မှာ သူမက အရွယ်ရောက်ပြီလေ.. အဲဒီလိုဆို မင်းအရွယ်ရောက်လာတဲ့ အချိန်ကျရင် မော့တာအာနဲ့ မိတ်ဖက်လို့ရပြီ.. ဒါဆိုရင် ဒီကိစ္စက ပြေလည်သွားပြီနော်..”

မော့လောင်တနောက်တွင် ပုန်းကွယ်နေသည့် ယင်ရှောင်ရှောင်း ရုတ်တရက် အေးစက်သွားလေသည်။ သူ့အနေနှင့် တုန်လှုပ်ရုံမှတပါး မတတ်နိုင်ချေ။ ယင်ရှောင်ရှောင်းမှာ နားမလည်နိုင်စွာဖြင့် ကောင်းကင်အား မော့ကြည့်လိုက်သည်။ မွန်းတည့်ချိန်ပင် မရှိသေးသော်လည်း ဤမျှလောက်အထိ အေးစက်မနေသင့်ပင်။ တိမ်လည်းထူမနေသလို မိုးလည်းရွာမနေပါ။

ဒါဆို အပူချိန်က ရုတ်တရက်ကြီး ဘာလို့အရမ်းကျသွားရတာလဲ...

တကယ့် အကြောင်းရင်းမှာ မော့လောင်တပင် ဖြစ်သည်။ နောက်ဆုံးတွင် ယင်ရှောင်ရှောင်းသည် မော့လောင်တ၏ ခန္ဓာကိုယ်မှ လေအေးများထွက်လာသည်ကို သိလိုက်ရသဖြင့် လည်ပင်းဆန့်ကာ မော့လောင်တ၏ မျက်နှာကို ကြည့်လိုက်မိသည်။ ကြည့်လိုက်ပြီးနောက် အနည်းငယ်တုန်လှုပ်သွားပြီး မော့လောင်တနောက်တွင် ချက်ချင်းပုန်းလိုက်ပြန်သည်။

“ဘုရားရေ... မော့လောင်တရဲ့ မျက်နှာမှာ ဒီလောက်ရုပ်ဆိုးတဲ့အကြည့်မျိုးကို ငါပထမဆုံးမြင်ဖူးတာဘဲ... မေမေမော့ တခြားဘာမှမပြောရင် မော့လောင်တရဲ့မျက်နှာကနေ မိုးသီးတွေ ကျလာမှာတောင် ကြောက်ရတယ်...”

ယင်ရှောင်ရှောင်းက မော့လောင်တကို အမြီးနှင့် ပုတ်လိုက်သည်။

“တဟေးတန်.. ခင်ဗျားက ကျွန်တော့်ကို အေးအောင်လုပ်နေတာ သိရဲ့လား.. ချမ်းနေပြီလို့..”

မော့လောင်တ ခေါင်းလှည့်ကာဖြင့် ယင်ရှောင်ရှောင်းအား တောင်းပန်ပြုံး ပြုံးပြလိုက်သည်။ မော့လောင်တ ပြန်လှည့်သွားသည့်အခါ အပူချိန်မှာ ပုံမှန်ပြန်ဖြစ်သွားသည်ကို ယင်ရှောင်ရှောင်း တွေ့လိုက်ရသည်။ မော့လောင်တအရှေ့သို့ အမြီးဆန့်ကြည့်လိုက်သည်။ ဟုတ်သည်၊ လေအေးများ တိုက်နေဆဲပင်။

ဖေဖေ မော့၊ မေမေ မော့၊ မော့လောင်အာ နဲ့မော့လောင်စန်း : “……”

ဖေဖေမော့ နှစ်ကြိမ်မျှ ချောင်းဟန့်လိုက်သည်။

“မင်းမေမေပြောတာ မှန်တယ် လောင်တ.. အဲဒီကလေးမ မော့တာအာကို ဖေဖေလည်းတွေ့ဖူးတယ်.. သူမက တကယ်ကို ထူးချွန်ပြီး မော့တာအာ ကိုယ်တိုင်ကလည်း မင်းကိုသဘောကျနေတယ်.. အဲဒီတော့...”

မော့လောင်တ စိတ်မရှည်စွာဖြင့် ဖေဖေမော့၏ စကားကို ဖြတ်ပြောလိုက်သည်။

“ဖေဖေတို့အားလုံး နားလည်ပြီးသားဆိုရင်လည်း ရှင်းပြစရာ မလိုတော့ဘူးပေါ့..”

“ဒါက….”

ဖေဖေမော့ တုံ့ဆိုင်းသွားသည်။

သို့သော်လည်း မေမေမော့မှာ သူမ၏ပါးစပ်ကို မဖွင့်ဘဲ မနေနိုင်ပေ။

“လောင်အာနဲ့ လောင်စန်း ပြောပြပြီးပြီ.. ဒါကို မေမေ သဘောမတူနိုင်ဘူး..”

"ငါတို့လည်း သဘောမတူဘူး..."

မော့လောင်အာ နှင့် မော့လောင်စန်း တို့က တညီတညွတ်တည်း ပြောဆိုကြသည်။

"ငါ့ကိစ္စအတွက် မင်းတို့ရဲ့ခွင့်ပြုချက်ကို မလိုဘူး..."

မော့လောင်တ ၏ လေသံမှာ မထူးခြားပေ။

သို့သော် နားထောင်နေကြသော မြွေများသည် ထိုသို့ ငြိမ်သက်တဲ့ သဘောထားမျိုး မရှိကြပေ။မော့လောင်အာ ကပြောလိုက်သည်။

“တာ့ကော.. နင်အဲလောက် သဘောကျနေတဲ့ ယင်မြွေကို ဘယ်မှာတွေ့ခဲ့တာလဲ.. မော့တာအာနဲ့ ငါက သူငယ်ချင်းကောင်းတွေမို့လို့ သူနင့်ကို ဘယ်လောက်သဘောကျလဲဆိုတာ ငါအသိဆုံးပဲ.. နင်နဲ့ အတူရှိသင့်တဲ့သူက မော့တာအာပဲ..”

မော့လောင်အာမှာ မော့မြွေမျိုးနွယ်စုတွင် အဖိုးတန်ပြီး ရှားပါးသည့် မြွေမလေးဖြစ်သည်။ မြွေပွေးမျိုးနွယ်များတွင် ဖို-မ အတွဲတွင်သာ မျိုးပွားနိုင်ခြင်း မဟုတ်ဘဲ ဖို-ဖို အတွဲများသည်လည်း မျိုးပွားနိုင်စွမ်းရှိကြသည့်တိုင် သားရဲနှင့်တူသည့် လက္ခဏာများအား သုတ်သင်ရခြင်း မရှိသေးသည့် မြွေပွေးမျိုးရိုးများတွင် မြွေမများမှာ အဖိုးတန်လှသည်။ ဖို-ဖို စုံတွဲများမှ မွေးဖွားလာသည့် မြွေဖိုများမှာ စွမ်းရည်များ ချို့ယွင်းတတ်ကြသဖြင့် အာဏာဆုပ်ကိုင်ရန် အခွင့်အရေး နည်းပါးကြသည်။ ဖို-မ စုံတွဲများမှာမူ မြွေဖိုနှင့် မြွေမ နှစ်မျိုးစလုံး မွေးဖွားနိုင်ကြပြီး ဖို-ဖို စုံတွဲများနှင့် နှိုင်းယှဉ်ပါက မိဘများ၏ စွမ်းရည်များနှင့် ကောင်းမွန်သည့် မျိုးရိုးဗီဇများအား လက်ခံရရှိကြသဖြင့် အာဏာရရှိဖို့ အခွင့်အရေး ကြီးမားသည်။ ထို့ကြောင့် ထပ်ဆောင်းပြောရမည်ဆိုလျှင် မော့လောင်တ၏ မိဘများမှာ အလွန်အစွမ်းထက်ကြသည် _ ထိုသည်ကို မော့လောင်တ၏ မိသားစုသည် စုဝေးရာအနီးတွင် နေထိုင်ကြသည်ကို ကြည့်ခြင်းဖြင့် သိနိုင်လေသည်။ မော့လောင်အာတွင် ချစ်ရေးဆိုသူ များစွာရှိသည်။ မော့လောင်အာကဲ့သို့ပင် မြွေမလေး မော့တာအာအတွက်လည်း အတူတူပင် ဖြစ်သည်။

ဤနေရာတွင် မော့မြွေမျိုးနွယ်စုသည် အခြားမြွေပွေးမျိုးနွယ်များနှင့် ကွဲပြားရသည့်အကြောင်းအရင်းအား အခြားနည်းလမ်းတစ်ခုနှင့် ရှင်းပြရန်မှတပါး ရွေးချယ်ရန် မရှိတော့ပေ။ အခြားသော မြွေပွေးများသည် သူတို့အချင်းချင်း သဘောကျနှစ်သက်ကြသောကြောင့် လက်တွဲဖော်များ ဖြစ်လာကြသည်။ မော့မြွေများ မိတ်ဖက်ရသည့် အကြီးမားဆုံးသော အကြောင်းအရင်းမှာ မျိုးနွယ်စုခေါင်းဆောင်ရာထူးကို ယှဉ်ပြိုင်ရန်အတွက် ပိုမိုအစွမ်းထက်သည့် ကလေးများ မွေးဖွားဖို့ရန် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မြွေမလေးများသည် မြွေဖိုများစွာ၏ ပိုးပန်းမှုခံရသည်မှာ သဘာဝပင်ဖြစ်သည်။ မော့မျိုးနွယ်စုတွင် မြွေမများသည် မြွေဖိုများအား ရွေးချယ်သည့်အတွက် ထိုမြွေဖိုအနေဖြင့် အပြင်မြွေတစ်ကောင်အတွက်နှင့် မည်သို့ငြင်းနိုင်မည်နည်း။ မော့လောင်အာအတွက်မူ သူတို့မိသားစု၏ တာ့ကောမှာ မော့တာအာ၏ သဘောကျခံသဖြင့် မော့လောင်တအဖို့ ဂုဏ်ယူစရာပင် ဖြစ်သည်။ ထို့ကြောင့် မော့လောင်အာ၏ အမြင်အရ မော့လောင်တသည် မော့တာအာနှင့် မိတ်ဖက် ဖြစ်ကိုဖြစ်ရမည်ပင်။

မော့လောင်တသည် မော့လောင်အာအား ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်သည်။ ထိုမှတပါး ဆိတ်ဆိတ်သာ နေနေသည်။

မော့လောင်အာ အလွန်ဒေါသထွက်လာသည်ကြောင့် သူမ၏ မည်းနေသည့်မျက်နှာမှာ စိမ်းပြာရောင် ဖြစ်လာသည်။ တစ်စုံတစ်ခုပြောရန်အတွက် အရှေ့သို့ နှစ်လှမ်းတိုးလာသော်လည်း မော့လောင်တ၏ အမြီးဖြင့် ရိုက်ထုတ်ခြင်း ခံလိုက်ရသည်ကြောင့် ဂူအပြင်ဘက်ရှိ ကမ်းပါးနံရံကို ထိမှန်ကာ ရက်ရက်စက်စက် လဲကျသွားသည်။

မော့လောင်တ၏ အသံသည် အေးစက်၊ ကြမ်းတမ်းပြီး ရက်စက်သည်။

"ငါ့ကို ချဉ်းကပ်ဖို့ မင်းကို ဘယ်သူက ခွင့်ပြုခဲ့တာလဲ..."

"လောင်တ... မင်းဘယ်လိုလုပ်နိုင်ရတာလဲ...”

မေမေမော့ ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်လိုက်သည်။ သူမသည် မော့လောင်အာထံသို့ အပြေးအလွှား သွားပြီးနောက် ဒဏ်ရာတစ်စုံတစ်ခု ရှိမရှိအား ကြည့်လိုက်သည်။ ထိခိုက်ဒဏ်ရာ မရှိသည်ကို သိရမှာသာ သက်ပြင်းချကာဖြင့် မော့လောင်တဘက်သို့လှည့်ပြီး ဟိန်းဟောက်တော့သည်။

“ဒါက မင်းရဲ့ညီမလေး.. မင်းက နိမ့်ကျတဲ့ မြွေတစ်ကောင်ကြောင့် မင်းရဲ့ညီမကို ရိုက်လိုက်တာပေါ့..”

ထို့နောက်တွင် မြွေများကြားမှ အလွန်လျင်မြန်သည့် အရိပ်တစ်ခု ထွက်ပေါ်လာသည်။ မော့လောင်တသည် နားရွက်အုပ်ရန်ပင် အချိန်ရလောက်အောင် ရုတ်တရက်ဆန်လှသည့် မိုးခြိမ်းသံကဲ့သို့ အလွန်မြန်ဆန်စွာ မေမေမော့ထံသို့ ပြေးသွားပြီး သူ့အမြီး၏ ခုနစ်လက်မကို သုံးကာ မေမေမော့အား ဖျစ်ညှစ်လိုက်သည်။ တင်းတင်းကြပ်ကြပ် ချုပ်နှောင်ပြီးနောက် နက်မှောင်ပြင်းထန်သည့် လေသံဖြင့် ပြောသည်။

“မေမေက ကျွန်တော့အမေဖြစ်ရင်တောင် ကျွန်တော့်ဆုံးဖြတ်ချက်တွေကို အနှောင့်အယှက်ပေးဖို့ မစဉ်းစားပါနဲ့...”

ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် (အိုး၊ မြွေတွေက မျက်တောင်မခတ်ဘူး) မော့လောင်တ သည် သူ့အရင် အနေအထားကို တစ်ဖန်ပြန်သွားခဲ့သည်။ မော့လောင်တ၏နောက်တွင် ယင်ရှောင်ရှောင်းသည် လုံးလုံး မရှိခဲ့သည် ချွေးအေးများကို အမြီးဖြင့် သုတ်ဖယ်လိုက်ပြီး လျှာထုတ်လိုက်သည်။

“ဟူးဟူး.. နောက်ဆို တဟေးတန်ကို လုံးဝ စိတ်မဆိုးစေရဘူး..”

ယင်ရှောင်ရှောင်း လျှာထုတ်လိုက်ချိန်တွင် မတော်တဆ ကြည့်လိုက်မိသည့်အခါ မော့လောင်စန်းမှာ သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ၏လျှာကို ပြန်သိမ်းလိုက်ပြီးနောက် ‘အခု ငါဘာမှမလုပ်ဘူးနော်’ ဟူသည့် အမူအရာသို့ ဖြစ်သွားလေသည်။

မေမေမော့သည် မော့လောင်တ၏ ဤကဲ့သို့သော ပုံစံမျိုးအား တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ။ မေမေမော့၏ အမြင်တွင် မော့လောင်တမှာ အမြဲလိုလို အထီးကျန်ဆန်ပြီး စကားနည်းကာ ဒေါသထွက်လွယ်သူလည်း မဟုတ်ခဲ့ဘဲ သူမနှင့် ဖေဖေမော့ အပေါ်တွင်လည်း အလွန်နာခံမှုရှိသည်။ ရလဒ်အနေဖြင့် မော့လောင်တအား ယင်မြွေတစ်ကောင်နှင့် အတူရှိနေသည်ကို တွေ့ခဲ့ရကြောင်း မော့လောင်အာနှင့် မော့လောင်စန်းတို့ ပြောလာသည့်တိုင် ဖေဖေမော့နှင့် မေမေမော့တို့ များစွာဂရုမစိုက်ခဲ့ကြပေ။ မေမေမော့နှင့် ဖေဖေမော့တို့ ယုံကြည်ထားသည်မှာ သူတို့ပြောလိုက်သည်နှင့် မော့လောင်တသည် ယင်မြွေအား စွန့်ပစ်ကာ သူ့အတွက် သူတို့ရွေးချယ်ထားသည့် လက်တွဲဖော်အား လက်ခံလိမ့်မည် ဟူ၍ဖြစ်သည်။